← Chapters

ကျရောက်လာတော့မည့်မုန်တိုင်း

Vol. 1 Ch. 3

ကျရောက်လာတော့မည့်မုန်တိုင်း

Vol. 1 Ch. 3

ချီရွှမ်းစုသည် ဖုန်ထိုက်ခရိုင်သို့ ဦးတည်ကာ မိုင်ပေါင်းရာချီ ခရီးနှင်လာသည်။ ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ထိုက်တန်သော အလုပ်ကိစ္စအတွက် မဟုတ်သလို သူသည် အင်ပါယာနန်းတော်၏ ရှုပ်ထွေးသောနိုင်ငံရေးမှာ ပါဝင်ပတ်သက်လိုသောကြောင့်လည်း မဟုတ်ပေ။ တကယ်တော့ သူသည် လီဟုန်ဝမ်ထံမှ တစ်စုံတစ်ရာကို ပြန်လည်ရယူဖို့ အမိန့်အတိုင်း ပြုမူလှုပ်ရှားနေခြင်းသာဖြစ်သည်။

သူ၏ အစစ်အမှန်ရည်ရွယ်ချက်ကို ဖုံးကွယ်ရန်နှင့် သတင်းအချက်အလက်နှိုက်ယူရန် တည်းခိုခန်းကို အယောင်ပြအဖြစ်အသုံးချခဲ့ပြီး ခြေထော့နင်းအမျိုးသားနှင့် ချုပ်ဆိုသော သူ၏ စာချုပ်ကနေ လီဟုန်ဝမ်၏ တည်နေရာကို ရရှိသည်အထိ သူက တည်းခိုခန်းမှာ နေထိုင်ခဲ့သည်။ ဖီးနစ်စိမ်းတပ်ဖွဲ့သည် လီဟုန်ဝမ်ကို ဖုန်ထိုက်ခရိုင်အုပ်ချုပ်ရေးရုံးမှာ တိုက်ခိုက်ခဲ့သည်ကို ခြေထော့နင်းအမျိုးသားထံမှ ချီရွှမ်းစု သိရှိခဲ့ရ၏။ သူတို့သည် လီဟုန်ဝမ်ကို ဖမ်းဆီးပြီး သူ၏ မိသားစုကို မြို့နယ်အကျဉ်းထောင်သို့ လွှဲပြောင်းပေးခြင်းမရှိဘဲ နေရာမှာပင် ထိန်းသိမ်းထားသည်။

ဖီးနစ်စိမ်းအစောင့်တပ်သားသည် အခြားသောကြံရာပါများကို ဖမ်းဆီးဖို့အတွက် ငါးစာအဖြစ် ခြေထော့နင်းအမျိုးသားကို တမင်သက်သက်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ချီရွှမ်းစုက ခန့်မှန်းမိသော်လည်း သူသည် ထိုအလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ဆဲဖြစ်သည်။

ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေသောကြောင့်ပင်။

လက်ရှိနိုင်ငံရေးအခြေအနေမှာ အင်ပါယာနန်းတော်နှင့် တာအိုဂိုဏ်းတော်သည် ထဲထဲဝင်ဝင်ပတ်သက်နေကြသည်။ ယင်ယန်းစက်ဝန်းတစ်ခုကဲ့သို့ အင်ပါယာနန်းတော်နှင့် တာအိုဂိုဏ်းတော်သည် နေရာတစ်ခုတည်းကို ရှေ့နောက်လှည့်ပတ်နေကြသည်။

ချင်းဖျင်အသင်းတော်သည် အင်ပါယာနန်းတော် သို့မဟုတ် တာအိုဂိုဏ်းတော်၏ အစိတ်အပိုင်းတစ်ခု မဟုတ်‌ပေ။ အဲဒါထက် ၎င်းသည် အဖွဲ့အစည်းနှစ်ခုကြားမှာ လှည့်ပတ်လှုပ်ရှားနေသော လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ချင်းဖျင်အသင်းတော်မှ အဖွဲ့ဝင်များသည် အလွှာပေါင်းစုံမှဖြစ်ပြီး သီးခြားသရုပ်သကန်များကို ရယူထားတတ်ကြသည်။ အပေါ်ယံမှာကြည့်လျှင် သူတို့သည် အင်ပါယာနန်းတော် သို့မဟုတ် တာအိုဂိုဏ်းများ၏ အဖွဲ့ဝင်များဖြစ်နေတတ်၏။ သို့သော်လည်း နောက်ကွယ်မှာတော့ သူတို့သည် ချင်းဖျင်အသင်းတော်၏ အဖွဲ့ဝင်များဖြစ်ကြသည်။

ထို့ကြောင့် ချင်းဖျင်းအသင်းတော်အဖွဲ့ဝင်များသည် သူတို့၏ နာမည်အရင်းများကို ဘယ်တော့မှမထုတ်ဖော်ဘဲ နာမည်ဝှက်များကိုသာ အသုံးပြုလေ့ရှိသည်။

ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်မှာ နှစ်နှစ်ရှိသွားခဲ့ပြီဖြစ်ပြီး ရွှေသွန်းဓားဟူသော နာမည်တုဖြင့် လှုပ်ရှားသွားလာသည်။

ဤနာမည်တုသည် အဖိုးတန်သောလက်နက်တစ်မျိုးကို ရည်ညွှန်းခြင်းဖြစ်သည်ဟု လူတချို့က အမှတ်မှားတတ်ကြသည်။ တကယ်တမ်းမှာတော့ ၎င်းသည် ရှေးခေတ်တုန်းက အသုံးပြုခဲ့သော ဓားပုံသဏ္ဍာန်အသုံးအဆောင် ငွေကြေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဓားအသပြာဟုလည်း ကျော်ကြားခဲ့သည်။ အသုံးအဆောင်ပစ္စည်းပေါ်မှာ သွန်းလုပ်ထားသောရွှေက ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုလေသည်။

ချီရွှမ်းစုသည် ချမ်းသာကြွယ်ဝသောလူတစ်ဦး မဟုတ်သောကြောင့် ဤနာမည်တုသည် သူနှင့်လိုက်ဖက်မှုမရှိလျှင်တောင် ချီရွှမ်းစုသည် ဤနာမည်တုကို ရွေးချယ်ခဲ့သည်မှာ သူ့မှာတင်ရှိနေသော ကြွေးမြီများကို သတိရနေစေဖို့ဖြစ်သည်။

ချင်းဖျင်အသင်းတော်၏ အဖွဲ့အဝင်တစ်ဦးဖြစ်သည့်အပြင် ချီရွှမ်းစုမှာ အဆင့်-၇ တာအိုဆရာတစ်ဦးဟူသော နောက်ထပ်သရုပ်သကန်တစ်ခုလည်းရှိသည်။ နှိုင်းယှဉ်မှုအရ သူတော်စင်တန်ဟွားသည် အဆင့်အတန်းမြင့်မားသော အဆင့်-၂ တာအိုဆရာတစ်ဦးဖြစ်သည်။ ချီရွှမ်းစုနှင့် အရှင်မြတ်တန်ဟွားအကြား အဆင့်အတန်းကွာခြားချက်သည် မြို့ဝန်တစ်ဦးနှင့် အဆင့်မြင့်အစိုးရဝန်ကြီးတစ်ဦးကြား ကွာဟချက်နှင့် တူညီသည်။ ဤကဲ့သို့ အဆင့်အတန်းကွာဟသူများက တစ်ယောက်နှင့်တစ်ယောက် ထိတွေ့ဆက်ဆံပြောဆိုလေ့မရှိပေ။

သူတော်စင်တန်ဟွားသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ အရှင်စေသေနာပတိထံ ဆုတောင်းမေတ္တာပို့သသည်ဟူသောစကား စားပွဲထိုးကို သူပြောခဲ့သည်မှာ တကယ်တမ်းတော့ အလိမ်အညာတစ်ခုသာဖြစ်သည်။ ချီရွှမ်းစုသည် စုံစမ်းစစ်ဆေးမှုကို ရှုပ်ထွေးသွားစေဖို့ ဤကဲ့သို့ပြောဆိုခဲ့ခြင်းသာဖြစ်သည်။

. . . . . .

တစ်ဘက်မှာတော့ ခြေထော့နင်းအမျိုးသားသည် တည်းခိုခန်း၏ ဧည့်ခန်းမှာ အရက်မူးရင်း ကွယ်လွန်သွားခဲ့သည်။ သူ နောက်ဆုံးသိသွားခဲ့သည်မှာ ၎င်းသည် သူ့ဘဝ၏ နောက်ဆုံးသောက်ရသောအရက် ဖြစ်ခဲ့သည်ဆိုတာကိုပင်။ သူသည် ဘယ်တော့မှ ပြန်လည်နိုးထလာတော့မည် မဟုတ်ပေ။

တည်းခိုခန်းဆိုင်ပိုင်ရှင်သည် ခြေထော့နင်းအမျိုးသား၏ စားပွဲရှိရာသို့ လျှောက်လှမ်းလာပြီး တစ်ဝက်လျော့နေသော ဝိုင်အိုးကို တစ်ချက်ကြည့်လိုက်၏။ သူက သက်ပြင်းချပြီး ရေရွတ်ပြောဆိုလိုက်၏။

“တည်းခိုခန်းက ယုံကြည်စိတ်ချရတယ်… ဒါပေမဲ့ ငါတို့မှာ ထုတ်ဖော်ပြောဆိုမထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုရှိတယ်… တည်းခိုခန်းရဲ့အခွဲတွေအားလုံးကို အင်ပါယာနန်းတော်ရဲ့ အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခွင့်ပေးမထားဘူး… နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ချင်တယ်ဆိုရင် မင်းက ဌာနချုပ်ကိုသွားရလိမ့်မယ်… မင်းက ဒီနေ့စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့တယ်၊ အဲဒါက မင်းသေကြေပျက်စီးရတဲ့အကြောင်းရင်းပဲ။”

သူသည် ခြေထော့နင်းအမျိုးသား၏ ရုပ်အလောင်းကို ဆွဲလှန်ချလိုက်၏။ ထို့နောက် သူသည် အလောင်း၏ ရင်ဘတ်ကို စမ်းပြီး သဘောတူညီချက်စာချုပ်ကို ပြန်ယူလိုက်လေသည်။ ၎င်းသည် သူရှာနေသည့် သဘောတူစာချုပ် ဟုတ်၊ မဟုတ် အတည်ပြုပြီးနောက် ဆိုင်ပိုင်ရှင်သည် ၎င်းကို သူ့မှာရှိသောတစ်ခုနှင့် အတူထပ်ပြီး လက်ဖျောက်တစ်ချက်တီးကာ မီးရှို့ပြာချလိုက်၏။ စာရွက်နှစ်ရွက်က ချက်ချင်းပင် လောင်ကျွမ်းပြာကျပြီး လေနှင့်အတူ လွင့်ပြယ်သွားသည်။

တည်းခိုခန်းဆိုင်ပိုင်ရှင်က လက်ခုပ်သုံးချက်တီးလိုက်ပြီးနောက် လျှို့ဝှက်တံခါးတစ်ပေါက်ကနေ ဗလတောင့်တောင့်အစေခံနှစ်ဦး ထွက်လာသည်။

ဆိုင်ပိုင်ရှင်သည် ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ထိုက်တန်သော ငွေထုတ်လက်မှတ်ကို အပိုင်းပိုင်းဆုတ်ဖြဲပြီး အသက်မဲ့နေသောအလောင်းပေါ် ဖြန့်ချ၍ အမိန့်ပေးလိုက်လေသည်။

“မင်းတို့တွေ လုပ်ရိုးလုပ်စဉ်ကို သိတယ်မလား… နိုးနိုးကြားကြားနေကြ”

အစေခံနှစ်ဦးသည် အလောင်းကိုမယူပြီး အသံတစ်ချက်မထွက်ဘဲ လျှို့ဝှက်တံခါးကနေတစ်ဆင့် နောက်တစ်ဖန်ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ဖြစ်စဉ်တစ်လျှောက်လုံးမှာ တည်းခိုခန်း၏ ဧည့်ခန်းက တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတချို့က တုန်လှုပ်နေခြင်းမရှိဘဲ မသိချင်ယောင်ဆောင်ထားကာ တချို့ကတော့ ကြောက်ရွံ့ထိတ်လန့်၍ အကြည့်ချင်းမဆုံရဲကြပေ။ ဆိုင်ပိုင်ရှင်သည် ကောင်တာ၏ နောက်ဘက် သူ့နေရာသို့ ပြန်လည်ရောက်ရှိလာပြီး သူ၏အမှတ်သင်္ကေတ ဖော်ရွေသောအပြုံးကို ပြန်ထုတ်ဖော်ကာ ရိုးသားသည့် စီးပွားရေးသမားတစ်ဦးပုံစံ ပြန်ဖမ်းထားသည်။ တကယ်တမ်းမှာ သူက တရားမဝင်အသက်မွေးဝမ်းကျောင်းပြုသူတစ်ဦးဖြစ်သည်ကို သူ့အကြောင်း မသိသူများက ခန့်မှန်းမိမည် မဟုတ်ပေ။

တည်းခိုခန်းသို့ ပုံမှန်လာနေကျ ဖောက်သည်များကသာ ဆိုင်ပိုင်ရှင်က သာမန်လူတစ်ဦးမဟုတ်ဘူးဆိုတာကို သိရှိထားကြသည်။ ဆိုင်ပိုင်ရှင်သည် အရင်တုန်းက သတ်ဖြတ်ခြင်းများနှင့် ကောင်းကောင်းအကျွမ်းဝင်ခဲ့သည်။ မဟုတ်ပါက သူသည် တည်းခိုခန်းဆိုင်ပိုင်ရှင်အဖြစ် သူ၏ နေရာကို ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် အသက်အရွယ်ရ၍ မြင့်မားသောအဆင့်အတန်းတစ်ခုကို ရရှိလာစဉ် သူသည် အသတ်အဖြတ်များကို ရပ်နားပြီး ကွန်ရက်ဖြန့်ကြက်ခြင်းနှင့် ဥစ္စာဓနစုဆောင်းခြင်းအပေါ်မှာသာ အာရုံစိုက်လာခဲ့သည်။ သူ၏ ရှင်သန်နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပြီး သူက ကြင်နာတတ်သောလူတစ်ယောက်ဖြစ်သည်ဟူသော ထင်မြင်ချက်ကို အခြားသူများထံ ထုတ်ပေးထားသည်။

သို့သော်လည်း ဤကြင်နာမှုသည် အပေါ်ယံမျှသာဖြစ်သည်။ ဒုစရိုက်လောကမှာ ကျင်လည်ခဲ့ဖူးသော မည်သူ့ကိုမဆို ဘယ်တော့မှ လူကောင်းဟု မသတ်မှတ်နိုင်ပေ။

ဆိုင်ပိုင်ရှင်သည် လက်ရှိအခြားသူများကို နမူနာပြသည့်အနေဖြင့် ဧည့်ခန်းထဲမှာ ထိုအလုပ်ကို ပေါ်ပေါ်တင်တင် လုပ်ခဲ့သည်။ ခြေထော့နင်းအမျိုးသား၏ ခြေရာအတိုင်း လိုက်ပါလိုသည့် မည်သူ့ကိုမဆို ကြောက်လန့်သွားစေဖို့ရည်ရွယ်သည်။

ခြေထော့နင်းအမျိုးသားသည် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့ပြီး သေခြင်းတရားဖြင့် အဆုံးသတ်သွားခဲ့သည်။ ထိုအလုပ်ကိုလက်ခံခဲ့သည့် လောဘကြီးသော လူငယ်အမျိုးသားသည် တည်းခိုခန်းဆိုင်ပိုင်ရှင်၏ အကြံပေးချက်ကို မလိုက်နာခဲ့သည့်အတွက် သူသည်လည်းပဲ တူညီသောအဆုံးသတ်နှင့် ကြုံတွေ့ရပေလိမ့်မည်။ ဤခေါင်းမာသော လူငယ်က သူ့ကံကြမ္မာကိုယ်သူ ရွေးချယ်သွားခြင်းဖြစ်ပြီး သူ၏ အရွယ်မတိုင်ခင် သေဆုံးမှုအတွက် ဆိုင်ပိုင်ရှင်ကို အပြစ်တင်နိုင်မည် မဟုတ်ပေ။

. . . . .

အစိမ်းရောင်ပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်အမျိုးသားတစ်ဦးသည် ဖုန်ထိုက်ခရိုင်အုပ်ချုပ်ရေးရုံး၏ ပင်မခန်းမထဲမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။ လူသေရုံတွင် ချီရွှမ်းစု သတ်ဖြတ်ခဲ့သော ဖီးနစ်စိမ်းအကြပ်ခေါင်းဆောင်နှင့်ယှဉ်လျှင် ဤအမျိုးသားသည် ပိုမိုအထက်တန်းကျသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ကျောက်စိမ်းခါးပတ်နှင့် ကြမ်းကြုတ်ခက်ထန်သည့်ပုံပေါ်သော ကျားခေါင်းခါးပတ်ခေါင်းက သက်သေပြပေးနေ၏။

ဖီးနစ်စိမ်းတပ်ဖွဲ့၏ ရာထူးဂုဏ်သိမ်အဆင့်ဆင့်အရ အကြပ်ခေါင်းဆောင်တစ်ဦးသည် ကနဦးအဆင့်-၇ မှာ ရှိပြီး သွေးသောက်ခေါင်းဆောင်တစ်ဦးက ပကတိအဆင့်-၇ မှာရှိလေသည်။

ကျောက်စိမ်းခါးပတ်ပတ်ထားသည့် ဤအမျိုးသားသည် ကနဦးအဆင့်-၆ လက်ထောက်တပ်မှူးတစ်ဦးဖြစ်ပြီး ဤမြို့နယ်မှာ ဩဇာညောင်းသည့် ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။

သူ့ရာထူး၏ အထက်မှာ ပကတိအဆင့်-၆ တပ်မှူးနှင့် စဦးအဆင့်-၅ တပ်မှူးကြီးရှိသည်။ ပကတိအဆင့်-၅ လက်ထောက်စစ်ကဲကို ဖီးနစ်စိမ်းတပ်ဖွဲ့အတွင်းမှာ အဆင့်အတန်းမြင့်မားသော အရာရှိတစ်ဦးဟု ဆိုနိုင်သည်။ ဤကဲ့သို့သောရာထူးမျိုး အယောက်နှစ်ဆယ်စာသာ ရှိသောကြောင့်ဖြစ်သည်။

ကျိုးဖေးလုံသည် သူပြုမူနေကျအတိုင်း ခါးပတ်ခေါင်းကိုကိုင်ပြီး သူ့ခါးမှာ ချိတ်ဆွဲထားသော ကျားဆေဘာဓားရိုးကို လက်ဖြင့်စည်းချက်ညီညီခေါက်ကာ ခေါက်တုံ့ခေါက်ပြန်လျှောက်လှမ်းနေ၏။

ဖီးနစ်စိမ်းတပ်ဖွဲ့၏ လက်ထောက်တပ်မှူးတစ်ဦးပင်ဖြစ်သော သူ၏ လုပ်ဖော်ကိုင်ဖက် လီစန်ရှင်းသည် စားပွဲအနီးမှာ ထိုင်နေ၏။

ကျိုးဖေးလုံက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး လီစန်ရှင်းကို မသိမသာလှမ်းကြည့်လိုက်သည်။

လီစန်းချင်းသည် ယမန်နှစ်ကမှ လက်ထောက်တပ်မှူးတစ်ဦးအဖြစ် အသစ်စက်စက် ရာထူးတိုးမြှင့်ပေးခြင်းခံထားရသော်လည်း သူသည် သိပ်မကြာခင် ပကတိအဆင့်-၆ တပ်မှူးတစ်ဦးအဖြစ် တိုးမြှင့်ခံရလိမ့်မည်ဟူသော ကောလာဟလများထွက်နေသည်။ အဓိကအကြောင်းအရင်းမှာ သူသည် လက်ထောက်စစ်ကဲ၏ ယုံကြည်စိတ်ချရသော လူယုံတစ်ဦးဖြစ်နေသောကြောင့်ပင်။

လီစန်ရှင်းသည် ကျိုးဖေးလုံ၏ အကြည့်ကို သတိမထားမိပေ။ သူသည် ဘယ်ဘက်လက်ထဲမှာ ကိုင်ဝမ်ခွက်ကို ကိုင်ပြီး သူညာဘက်လက်ဖြင့် ခွက်အဖုံးကိုသုံးကာ အပေါ်ယံမှာတက်နေသာ အမြှုပ်များကို ဖြည်းဖြည်းချင်း ခပ်ထုတ်နေ၏။ ထို့နောက် သူသည် လက်ဖက်ရည်ကိုအေးသွားစေဖို့ ညင်သာစွာမှုတ်ပြီး တစ်ကျိုက်စာ စုပ်ယူသောက်လိုက်၏။

(ကိုင်ဝမ်ခွက် - အဖုံးပါသော ခွက်တစ်မျိုး။)

ကျိုးဖေးလုံသည် အနည်းငယ်မနှစ်မြို့ဟန်ဖြင့် အဝေးကို ငေးကြည့်နေ၏။

လီဟုန်ဝမ်၏ အရေးကိစ္စကို ဆောင်ရွက်ဖို့အတွက် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ကိုသာလျှင် လိုအပ်သည်။ သို့သော်လည်း လက်ထောက်စစ်ကဲသည် ဤကိစ္စအတွက် ဖုန်ထိုက်ခရိုင်သို့ လက်ထောက်တပ်မှူးနှစ်ဦးကို စေလွှတ်ပေးခဲ့သည်။ ဤစီစဉ်နေရာချပေးမှုမှာ အကြောင်းအရင်းနှစ်ခုသာလျှင် ရှိနိုင်သည်။ လက်ထောက်စစ်ကဲသည် ကျိုးဖေးလုံကို ယုံကြည်စိတ်ချမှုမရှိခြင်း သို့မဟုတ် လီစန်ရှင်းမှာ လျှို့ဝှက်တာဝန်တစ်ခုရှိနေခြင်းကြောင့်ပင်။

ကျုံးဖေးလုံသည် ဖီးနစ်စိမ်းတပ်ဖွဲ့သို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ယခင်က စီရင်စုဝန်တစ်ဦးကိုပင် ဖမ်းဆီးပေးခဲဖူးသည်။ သူသည် လီဟုန်ဝမ်ကဲ့သို့ ခရိုင်ဝန်တစ်ဦးကို လုံးဝမှုမနေပေ။

ကျိုးဖေးလုံသည် ဤအလုပ်ကို ဆောင်ရွက်ဖို့အတွက် ကောင်းကောင်းအဆင့်မီသောကြောင့် လီစန်ရှင်းသည် လျှို့ဝှက်တာဝန်တစ်ခုအတွက် ဤနေရာသို့ရောက်ရှိလာသည်ဟုသာ ဆိုရပေတော့မည်။

သို့သော်လည်း မည်ကဲ့သို့သော လျှို့ဝှက်တာဝန်ဖြစ်နိုင်သည်ကို ကျိုးဖေးလုံက အစရှာမရပေ။

ထိုအခိုက်အတန့်မှာ လီစန်ရှင်းသည် စားပွဲခုံပေါ်သို့ ကိုင်ဝမ်ခွက်ကိုပြန်ချပြီး ကျိုးဖေးလုံ၏ မထိရသေးသော လက်ဖက်ရည်ခွက်ကိုကြည့်ကာ မှတ်ချက်ပြုလိုက်သည်။

“ဒီလက်ဖက်ရည်က အတော်လေးကောင်းတယ်… အဲဒါကို ဆူပွက်နေတဲ့ စိမ့်စမ်းရည်နဲ့ ကျိုချက်ထားတာ… လက်ဖက်ဖူးလေးတွေက ဒေါင်လိုက်မျောနေတယ်… နှစ်တစ်နှစ်ရဲ့ပထမရာသီက အဖူးနုလေးတွေဖြစ်မယ်… ဒါက လက်ဖက်ဖူးလေးတွေဝေဆာနေတဲ့ ညဘက်မှာခူးယူထားသည့် လက်ဖက်မျိုးပဲ… ငါတို့ရဲ့မဖြစ်စလောက်လစာနဲ့ ဒီလိုလက်ဖက်ရည်မျိုးကို မကြာခဏသောက်နိုင်မှာမဟုတ်ဘူး… ညီကိုကျိုး အလဟဿဖြစ်မသွားအောင် မြည်းစမ်းကြည့်ပါဦး”

ကျိုးဖေးလုံ၏ မျက်နှာပေါ်တွင် ဟက်ဟက်ပက်ပက်မရှိသော အပြုံးတစ်ခုပေါ်ထွက်လာပြီး သူက သူ၏ ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။ ထို့နောက် သူသည် ကိုင်ဝမ်ခွက်ကို ကောက်ယူပြီး လက်ဖက်ရည်ကို တစ်ငုံသာစုပ်သောက်လိုက်၏။

“အင်း… တကယ့်လက်ဖက်ရည်ကောင်းပဲ”

ကျိုးဖေးလုံက ကိုင်ဝမ်ခွက်ကိုပြန်ချပြီး သဘောတူထောက်ခံလိုက်သည်။

လီစန်ရှင်းက ပြုံး၍မေးလိုက်၏။

“ညီကိုကျိုး… မင်းကိုကြည့်ရတာ စိတ်နည်းနည်းပျံ့လွင့်နေသလိုပဲ”

ကျိုးဖေးလုံက သူ၏ အမူအရာက ထိန်းပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ညီကိုလီ… မင်းအဲဒါကို သတိထားမိနေပြီဆိုမှတော့ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ်… လီဟုန်ဝမ်ကို ဖမ်းဆီးထားပေမယ့် သူ့ရဲ့ကြံရာပါတွေအများကြီး ကျန်နေတုန်းပဲ… ငါတို့က လီဟုန်ဝမ်ရဲ့ အပေါင်းအပါတွေကို မျှားခေါ်ထုတ်ဖို့အတွက် ငါးစားအဖြစ် သူ့ရဲ့လူယုံကို တမင်လွှတ်ပေးခဲ့တယ်… အဲလိုနဲ့ ငါတို့က သူတို့တွေအကုန်လုံးကို တစ်ခါတည်းသဲ့ယူနိုင်မယ်… ပြောရမယ်ဆိုရင် ဒါမျိုး ငါတို့နှစ်ပေါင်းများစွာလုပ်လာတဲ့အတွက် ဒီအစီအစဉ်မှာ အမှားအယွင်းရှိမှာ မဟုတ်ဘူး.. ဒါပေမဲ့ ငါဒီတစ်ခေါက် ဘာလို့ မအီမသာခံစားနေရတာလဲမသိဘူး”

လီစန်ရှင်း၏ မျက်လုံးက ရုတ်တရက်ညိုမှောင်သွား၏။ သူက ကိုင်ဝမ်ခွက်ကို တစ်ဖန်ကောက်ယူပြီး လက်ဖက်ရည်အငွေ့က သူ့မျက်နှာကို လာရိုက်စဉ် ပြောလိုက်၏။

“ညီကိုကျိုး… မင်း စိုးရိမ်စိတ်လွန်ကဲနေတာပဲ”

ကျိုးဖေးလုံကလည်း သူ့ရှေ့မှာရှိသော ကိုင်ဝမ်ခွက်ကို ကောက်ယူလိုက်၏။ သူ၏ မျက်နှာကို လက်ဖက်ရည်အငွေ့က လာရိုက်စဉ် သူက ၎င်းကို တစ်ကျိုက်မော့သောက်လိုက်၏။ သူ၏ အကြည့်က လေးလံထိုင်းမှိုင်းနေပြီး ရေရွတ်ပြောဆိုလိုက်၏။

“ငါလည်း အဲလိုဖြစ်ဖို့မျှော်လင့်တာပဲ”

တစ်ယောက်ယောက်က မင်ရည်များကို ဖျန်းပက်လိုက်သည့်အလား သိသိသာသာ မှောင်ကျလာသောကောင်းကင်ကို လီစန်ရှင်းက မော့ကြည့်လိုက်၏။

ကျိုးဖေးလုံက မတ်တတ်ထရပ်၍ လက်နှစ်ဖက်ကို နောက်ပစ်ကာ တံခါးရှိရာသို့ လျှောက်လှမ်းသွား၏။

“တောင်ပိုင်းရဲ့ရာသီဥတုက တော်တော်လေးကြမ်းတမ်းတာပဲ”

ကျိုးဖေးလုံသည် မြောက်ပိုင်းကနေ ရောက်လာခြင်းဖြစ်သည့်အတွက် ဖုန်ထိုက်ခရိုင်၏ ရာသီဥတုနှင့် အသားမကျသေးပေ။

“မိုးသည်းတဲ့နေ့ရက်တွေက သတ်ဖြတ်ဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်တတ်တယ်”

မိုးသားတိမ်စိုင်များက ထူထပ်လာစဉ် အခန်းက မှောင်ကျသွားသည်။ လီစန်ရှင်းသည် အမှောင်ရိပ်အောက်မှာထိုင်နေပြီး ထိုစကားကိုပြောလိုက်သည့်အချိန်မှာ သူ၏ အမူအရာက မည်ကဲ့သို့ရှိသည်ကို ခန့်မှန်းဖို့ခက်သည်။ နောက်ဘက်ကနေလာသည့် လီစန်ရှင်း၏ ကျောချမ်းစရာအသံကိုကြားသောအခါ ကျိုးဖေးလုံက ကျောရိုးတစ်လျှောက်ချမ်းစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။

ကျိုးဖေးလုံသည် သူ၏ လုပ်ဖော်ကိုင်ဖက်ကို လှည့်ကြည့်လိုက်၏။

ဤအခိုက်အတန့်မှာ မိုးကြိုးလျှပ်စီးကြောင်းတစ်ခု ကောင်းကင်ထက်မှာ ဖြာလက်သွားပြီး မှေးမှိန်နေသော ပင်မခန်းမနှင့် သူတို့၏ ဘေးပတ်ဝန်းကျင်ကို လင်းထိန်သွားစေ၏။ ဖြူပြာရောင်အလင်းအောက်မှာ ကျိုးဖေးလုံသည် လီစန်ရှင်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။

လီစန်ရှင်းသည် ကျိုးဖေးလုံဘက်ကို အနည်းငယ်ပြုံးပြနေ၏။ မှေးမှိန်နေသောပတ်ဝန်းကျင်မှာ သူ၏ သွားဖြူဖြူများက မကောင်းဆိုးဝါးဆန်ဆန် ပြုံးဖြီးနေ၏။

လျှပ်စီးလက်ပြီနောက် လေနှင့်မိုးခြိမ်းသံက တွဲဖက်၍ ရောက်ရှိလာတတ်သည်။

မိုးခြိမ်းသံနောက်ကနေ လေပြင်းများက တိုက်ခတ်လာပြီး မြို့၏ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်လိုက်လေသည်။ အိမ်ရှင်မများသည် အပြင်မှာလှမ်းထားသော အဝတ်များကို ကပျာကယာရုပ်သိမ်းရင်း အလုပ်များနေပြီး ကလေးငယ်များက ဆူညံစွာအော်ဟစ်နေကြ၏။ လမ်းဘေးဈေးသည်များသည် သူတို့၏ ဆိုင်ခန်းများကို အလျင်အမြန်ပိတ်သိမ်းပြီး လမ်းသွားလမ်းလာများက အိမ်ကိုအမြန်ပြန်နေကြသည်။ လူတိုင်းသည် မိုးရေမစိုချင်ဘဲ တတ်နိုင်သမျှမြန်မြန်ပြေးလွှားနေကြ၏။ သူတို့၏ ခြေသံများက ရှုပ်ထွေးနေပြီး လမ်းမက ကသုတ်ကရက်နိုင်နေသည်။

လမ်းမထက်မှ ဆူညံသံများသည် မြို့၏ တီးတိုးရေရွတ်သံနှင့် တူသည်။

ရုတ်တရက် သည်းထန်သောမိုးက ရွာသွန်းကျဆင်းလာ၏။

ပဲပုပ်ပဲစေ့အရွယ် မိုးပေါက်များက ခေါင်မိုးပေါ်သို့ တဖြောက်ဖြောက်ကျဆင်းလာသည်။ ချက်ချင်းပင် မိုးရေစက်များသည် တံစက်မြိက်ဆီသို့ စီးဆင်းပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားကြ၏။

ရုတ်တရက်ဖြစ်ပေါ်လာသော မိုးသက်မုန်တိုင်းသည် ခရိုင်အုပ်ချုပ်ရေးရုံး၏ ပင်မခန်းမထဲမှ လူနှစ်ဦးကို တုန်လှုပ်သွားစေခြင်း မရှိပေ။

ခန်းမ၏ အပြင်ဘက်မှာ စောင့်ကြပ်နေသော ဖီးနစ်စိမ်းတပ်သားများသည် လက်နက်များနှင့် ကာကွယ်ရေးပစ္စည်းများကို အပြည့်အစုံတပ်ဆင်ထားကြသည်။ မိုးရေစက်များက သူတို့၏ ချပ်ဝတ်ပေါ် ကျဆင်းလာချိန်မှာ သူတို့က လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။

ထိုစဉ် ဝါးခမောက်ဆောင်းပြီး ခြုံထည်တစ်ထည်ကို ဝတ်ဆင်ထားသည့် လူငယ်အမျိုးသားတစ်ဦးသည် မနှေးမမြန်ခြေလှမ်းဖြင့် လမ်းမထက်မှာ လျှောက်လှမ်းပြီး ခရိုင်အုပ်ချုပ်ရေးရုံးရှိရာသို့ ဦးတည်လာနေ၏။ သူသည် ဤမြို့ငယ်၏ ပျားပန်းခတ်လှုပ်ရှားမှုများနှင့် ကွဲလွဲနေသည့်ပုံပေါ်သည်။

လူငယ်အမျိုးသား၏ ခြုံထည်က မိုးရေများဖြင့် စိုရွှဲသွားပြီး ကိုယ်နှင့်ထိကပ်ကာ သူ့ခါးမှာချိတ်ဆွဲထားသော ဆေဘာနှင့် ဓားတိုကို ခပ်ရေးရေးပေါ်ထွက်လာစေ၏။

မိုးသည်းသောနေ့ရက်များသည် တကယ်ပင် သတ်ဖြတ်ဖို့အကောင်းဆုံးအချိန်ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့ မိုးသက်မုန်တိုင်းတစ်ခု ကျဆင်းနေချိန်မှာ ဖြစ်သည်။ မိုးရေသည် သွေးများကို ဆေးကြောပေးပြီး မိုးစဲ၍ ကောင်းကင်က ကြည်လင်လာသည့်အချိန်မှာ မည်သည့်ခြေရာလက်ရာမှ ကျန်ရှိတော့မည်မဟုတ်သောကြောင့်ပင်။

မိုးရေစက်များသည် လူငယ်အမျိုးသား၏ ဝါးခမောက်ပေါ်သို့ ကျဆင်းပြီး ဝါးခမောက်၏ ဘေးပတ်လည်ကနေ ရေစီးကြောင်းငယ်များ ကျဆင်းနေ၏။ ဝါးခမောက်ကနေ ကျဆင်းနေသော ရေလိုက်ကာသည် မျက်နှာဖုံးပါသော ခမောက်တစ်လုံးကို ဆောင်းထားသည်နှင့် တူနေစေလေသည်။

All Chapters