← Chapters

ရွှမ်ကျောက်စိမ်း

Vol. 1 Ch. 9

ရွှမ်ကျောက်စိမ်း

Vol. 1 Ch. 9

ချီရွှမ်းစုရှာနေသောအရာသည် ရွှမ်ကျောက်စိမ်းဟုခေါ်သည့် ထူးခြားသော ကျောက်စိမ်းတစ်မျိုးဖြစ်သည်။ ချင်းဖျင်အသင်းတော်မှာ သူနှင့် ဆက်သွယ်ခဲ့သောလူသည် ရွှမ်ကျောက်စိမ်းအနားကို ချဉ်းကပ်မိသည်နှင့် ၎င်းကို အာရုံခံနိုင်မည့် ထူးခြားသည့် သံလိုက်အိမ်မြှောင်တစ်ခုကို သူ့အား ပေးထားခဲ့သည်။ သူသည် အတိုင်းအတာတစ်ခုအတွင်း ရွှမ်ကျောက်စိမ်း၏ အကြမ်းဖျင်းဦးတည်ဘက်ကို ရှာဖွေဖို့အတွက် သံလိုက်အိမ်မြှောင်ကို အသုံးချနိုင်သည်။

ချီရွှမ်းစုသည် ယခင်အခန်းများကို ဝင်ရောက်ခဲ့စဉ်က သံလိုက်အိမ်မြှောင်က မည်သည့်ထူးခြားမှုကိုမှ မပြသခဲ့ပေ။ ချီရွှမ်းစုသည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသည့်အခါမှသာ သံလိုက်အိမ်မြှောင်သည် တစ်စုံတစ်ရာကို ရုတ်တရက်အာရုံခံမိသွားပြီး အနည်းငယ်တုန်ခါလာသည်။

ချီရွှမ်းစုက သူ၏ သားရေအိတ်ထဲကနေ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။

ဤလောကမှာ မည်သည့်အရာကိုမဆို ဝင်ဆံ့စေနိုင်သော ထူးဆန်းသည့် ထည့်စရာမှော်ပစ္စည်းတစ်မျိုးရှိသည်။ ထိုထည့်စရာပစ္စည်းသည် ပုံသဏ္ဍာန်အရ ပြောင်းလဲနိုင်ပြီး ၎င်းဖုံးကွယ်ပေးထားသည့် ပစ္စည်းကလည်း အရွယ်အစားပြောင်းလဲနိုင်သည်။ တာအိုဂိုဏ်းများမှာ တတိယအဆင့် ယိုရီတာအိုဆရာများသာ ဤကဲ့သို့သောရတနာမျိူးကို ပိုင်ဆိုင်နိုင်ကြသည်။

ချီရွှမ်းစုလို အဆင့်-၇ တာအိုဆရာတစ်ဦးမျှက ထိုကဲ့သို့သော မှော်ပစ္စည်းမျိုးကို မပိုင်ဆိုင်နိုင်ပေ။ ထို့ကြောင့် သူသည် ဘေးသိုင်းကြိုးပါသည့် သားရေအိတ်တစ်လုံးကိုသာ ပခုံးမှာ သိုင်းလွယ်ထားပြီး ထိုသို့ဖြင့် သူ၏ လှုပ်ရှားမှုကို အနှောင့်အယှက် မဖြစ်စေပေ။ သူသည် အလွယ်တကူ ထုတ်ယူအသုံးပြုရန် သားရေအိတ်ကို သူ၏ညာဘက်ခါးမှာ ထားသည်။

သူသည် လက်တစ်ဖက်ဖြင့် သံလိုက်အိမ်မြှောင်ကို ကိုင်စဉ် ၎င်း၏ လက်တံက လျင်မြန်စွာလည်နေသည်ကို တွေ့မြင်လိုက်ရ၏။ ထို့နောက် ၎င်းသည် တဖြည်းဖြည်းနှေးကွေးသွားပြီး နောက်ဆုံးမှာ စားပွဲခုံပေါ်ရှိ စက္ကူဖိတုံးကို ညွှန်ပြနေ၏။

လူအများစုသည် စာရေးသားသည့်အခါ သို့မဟုတ် ပန်းချီဆွဲသည့်အခါ စက္ကူကို ပြန့်ပြူးစေရန် စက္ကူဖိတုံးကို အသုံးပြုတတ်ကြသည်။ ၎င်းသည် များသောအားဖြင့် ရှည်မျောမျောအတုံးတစ်တုံးဖြစ်သည်။

လီဟုန်ဝမ်၏ စက္ကူဖိတုံးက သာမန်သာဖြစ်သည်။ ၎င်းကို ကျောက်စိမ်း သို့မဟုတ် သစ်သားမဟုတ်ဘဲ ရိုးရိုးသာမန်ကျောက်သားဖြင့် ပြုလုပ်ထားပြီး တန်ဖိုးများစွာမရှိပေ။

ချီရွှမ်းစုသည် သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းပြီး စက္ကူဖိတုံးကို ကောက်ယူကာ သူ၏ လက်ဖဝါးကနေ ချီတချို့ကို ဖြည်းဖြည်းချင်း ပို့လွှတ်လိုက်၏။ စက္ကူဖိတုံး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာပြီးနောက် အပိုင်းအစတချို့ကွာကျကာ အထဲမှာရှိသော အစိမ်းရောင်ပစ္စည်းက ဖြည်းဖြည်းချင်းပေါ်ထွက်လာသည်။

ကျောက်တုံးထဲမှာ ကျောက်စိမ်းကို ကွယ်ဝှက်ထားသည်။

လီဟုန်ဝမ်သည် ရွှမ်ကျောက်စိမ်းကို စက္ကူဖိတုံးထဲမှာ အမှန်တကယ်ပင် ကွယ်ဝှက်ပြီး သူ၏ စားပွဲခုံပေါ်မှာ ပေါ်ပေါ်ထင်ထင် တင်ထားခဲ့သည်။ လီဟုန်ဝမ်သည် ရွှမ်ကျောက်စိမ်းကို ပေါ်ပေါ်ထင်ထင်နေရာတွင် ထားမည်မဟုတ်ဘဲ လျှို့ဝှက်ခန်းတစ်ခုခုထဲမှာ ကွယ်ဝှက်ထားမည်ဟု ဖီးနစ်စိမ်းတပ်သားများက တွေးခဲ့ပေလိမ့်မည်။

ချီရွှမ်းစုသည် အစအနများအားလုံးကို ခွာထုတ်ပြီးနောက် ရွှမ်ကျောက်စိမ်း၏ အစစ်အမှန်ပုံသဏ္ဍာန်က ပေါ်ထွက်လာ၏။ ၎င်းသည် လခြမ်းကွေးပုံသဏ္ဍာန်ရှိပြီး ရှေးခေတ်များက ဓားအသပြာနှင့် ဆင်တူသည်။ ၎င်းသည် အစိမ်းရင့်ရောင်ဖြစ်ပြီး အလင်းရောင်မဖောက်တဖောက် အရောင်လဲ့နေ၏။ အထဲမှာ ပါးလွှာသော သွေးကြောမျှင်များကဲ့သို့ အရာများစွာရှိနေ၏။

သူသည် ရွှမ်ကျောက်စိမ်းကို ခဏမျှစစ်ဆေးကြည့်ရှုပြီးနောက် ၎င်းနှင့်ပတ်သက်သည့် မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ပေ။ ၎င်းသည် သာမန်ကျောက်စိမ်းများနှင့် ကွာခြားသည့်ပုံမရှိပေ။ ထိုသည်မှာ သူ၏ ကျင့်ကြံမှုလိုအပ်ချက်ကြောင့် သို့မဟုတ် သူ၏ ဗဟုသုတချို့တဲ့မှုကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ ချီရွှမ်းစုသည် ယင်းနှင့် ဆက်လက်၍ အချိန်ဖြုန်းမနေတော့ဘဲ ရွှမ်ကျောက်စိမ်းကို သူ၏ သားရေအိတ်ထဲသို့ ထည့်ကာ ခရိုင်ရုံးကနေ ထွက်ခွာသွားလေသည်။

. . . . . .

မိုးက ရွာသွန်းကျဆင်းနေဆဲဖြစ်သည်။ ဖုန်ထိုက်ခရိုင်၏ အပြင်ဘက် မြစ်ထဲမှာ မိုးကာစဖြင့် ပေါင်းမိုးပြုလုပ်ထားသည့် လှေတစ်စင်းက ရေစီးကြောင်းနှင့်အတူ မျောနေသည်။

တောက်ပြောင်သားနားသည့်အဝတ်အစားများကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက လှေဝမ်းအခန်းငယ်ထဲမှာ ထိုင်နေ၏။ သူ၏ မုတ်ဆိတ်ရှည်က ရင်ဘတ်ထိရောက်ပြီး သူ၏ တစ်ခေါင်းလုံးမှာရှိသော ဆံပင်များကို ကျောက်စိမ်းဆံထိုးတစ်ချောင်းဖြင့် ဆံထုံးထုံးထားသည်။ သူသည် တစ်မူထူးခြားစွာ ကြည့်ကောင်းသည့်ပုံရှိနေသည်။

သူ့ရှေ့ စားပွဲငယ်ပေါ်ရှိ အမွှေးနံ့သာအိုးထဲကနေ ခရမ်းရောင်မီးခိုးများ ထွက်နေသည်။ အမျိုးသားသည် သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏ လက်ဖဝါးမှာ ရစ်သိုင်းလာသည့် မီးခိုးများကို ငေးကြည့်နေ၏။ သူက ပယင်းနံ့ကို ညင်သာစွာရှူရှိုက်လိုက်သည့်အခါ ကြွေသားလိုချောမွတ်နေသော သူ၏ အရေပြားက တောက်ပလာပုံရသည်။ ဤသည်မှာ မှော်ဆန်ပြီး ထူးခြားသည့် ရှုစားစရာ မြင်ကွင်းတစ်ခုဖြစ်နေသည်။

သည်းထန်သောမိုးရေထဲတွင် လီစန်ရှင်းသည် လှေဦးစွန်းမှာ ဒူးထောက်ပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။

လီစန်ရှင်းမှာ သရုပ်သကန်နှစ်ခုရှိထားသည်။ သူ၏ ပထမသရုပ်သကန်မှာ ဖီးနစ်စိမ်းတပ်ဖွဲ့၏ ကနဦးအဆင့်-၆ လက်ထောက်တပ်မှူးဖြစ်ပြီး သူ၏ ဒုတိယသရုပ်သကန်မှာ တာအိုဂိုဏ်းတော်တွင် ထိုက်ဖျင်ဂိုဏ်း၏ တပည့်ဂိုဏ်းသားတစ်ဦးဖြစ်သည်။

တာအိုဂိုဏ်းတော်အတွင်းမှာ ကျန်းယီဂိုဏ်း၊ ချွမ်ကျန်းဂိုဏ်းနှင့် ထိုက်ဖျင်ဂိုဏ်းဟူ၍ ဂိုဏ်းကြီးသုံးဂိုဏ်းရှိသည်။

ကျန်းယီဂိုဏ်းမှ တပည့်ဂိုဏ်းသားများသည် အသားငါးများကို စားခွင့်နှင့် လက်ထပ်ထိမ်းမြားခွင့် ရှိကြသည်။ သူတို့သည် နာမည်ပွားတစ်ခုသုံးမည့်အစား သူတို့၏ နာမည်အရင်းများကိုသာ အသုံးပြုလေ့ရှိသည်။

ချွမ်ကျန်းဂိုဏ်းက ရှေးရိုးအစွဲဆုံးဂိုဏ်းဖြစ်လေသည်။ သူတို့အများစုသည် သက်သတ်လွတ်သမားများဖြစ်ပြီး အများစုက လက်ထပ်ထိမ်းမြားခွင့်မရှိပေ။ သူတို့ထဲမှ တချို့သည် သူတို့၏ နာမည်အရင်းများကိုပင် စွန့်ပယ်ပြီး တာအိုအမည်များကိုသာ အသုံးပြုလေ့ရှိကြသည်။ သို့သော်လည်း သူတို့၏ အမည်အရင်းများကို ဆက်သုံးသည့်သူတချို့လည်း ရှိကြသည်။

ထိုက်ဖျင်ဂိုဏ်းမှာ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ လောကီဘုံနှင့် အနီးစပ်ဆုံးဖြစ်သည်။

သူတို့၏ မူလတည်ထောင်သူခေါင်းချရာ ဘိုးဘေးကျောင်းတော်ကို မျှဝေသုံးစွဲခြင်းအပြင် တာအိုဂိုဏ်းတော်၏ အဖွဲ့အစည်းသုံးခုမှာ သူတို့ကိုယ်ပိုင်အထွတ်အမြတ်ကုန်းမြေများရှိကြသည်။ ကျန်းယီဂိုဏ်းအတွက် မွန်မြတ်သန့်စင်သောနေရာမှာ တာ့ကျန်းစံအိမ်၊ ချွမ်ကျန်းဂိုဏ်းအတွက် မွန်မြတ်သန့်စင်သောနယ်မြေမှာ ထာဝရချုံးယန်နန်းတော်နှင့် ထိုက်ဖျင်ဂိုဏ်း၏ မွန်မြတ်သန့်စင်သောနယ်မြေမှာ ကျန်းကျင်ပရဝဏ်ဖြစ်သည်။

ကျန်းကျင်ပရဝဏ်သည် အရှေ့ပင်လယ်၏ ဖန်းလိုင်ကျွန်းမှာ တည်ရှိသည်။ သို့သော်လည်း သူတို့သည် ဘယ်ဂိုဏ်းမှာဝင်ထားသည်ဖြစ်စေ သူတို့အားလုံးသည် အဆင့်ကိုးဆင့်ဖြင့် ခွဲခြားသတ်မှတ်ခံထားရသော တာအိုဆရာများဖြစ်ကြသည်။ အဆင့်-၉ သည် အနိမ့်ဆုံးအဆင့်ဖြစ်ပြီး သာမန်တာအိုယုံကြည်သူများထက် အဆင့်အတန်းအရ အနည်းငယ်သာသာလွန်သည်။ ပထမအဆင့် တာအိုဆရာများက အဆင့်အတန်းအမြင့်မားဆုံးဖြစ်ပြီး တာအိုဂိုဏ်းတော်၏ မဟာအကြီးအကဲထက် တစ်ဆင့်သာနိမ့်သည်။

လီစန်ရှင်းသည် အဆင့်-၇ တာအိုဆရာတစ်ဦးဖြစ်ပြီး ချီရွှမ်းစုနှင့် ယှဉ်နိုင်သောအနေအထားမှာရှိသည်။

လှေဝမ်းအခန်းထဲမှ အမျိုးသားသည် လီစန်ရှင်း၏ ဆရာများထဲမှတစ်ဦး အဆင့်-၄ တာအိုဆရာ ကျန်းပျဲယွင်ဖြစ်သည်။

အဆင့်-၄ တာအိုဆရာနှင့် အဆင့်-၅ တာအိုဆရာကြားမှာ ဝန်ကြီးများနှင့် သာမန်အရာရှိများကြား ကွာခြားချက်ကဲ့သို့ ကြီးမားသည့် ကွာဟချက်ရှိနေသည်။

အဆင့်-၉ ကနေ အဆင့်-၅ အတွင်းမှာရှိသော တာအိုဆရာများကို တာအိုအကြီးအကဲများ၏ ဩဝါဒကို ခံယူဖို့ အရည်အချင်းမပြည့်မီသေးသည့် သာမန်တပည့်ဂိုဏ်းသားများဟုသာ ဆိုနိုင်သည်။

အဆင့်-၄ တာအိုဆရာများကိုတော့ တာအိုအကြီးအကဲများ သို့မဟုတ် တာအိုပညာရှင်များဟုလည်း ခေါ်ဆိုကြသည်။

ဤတာအိုအကြီးအကဲများသည် တပည့်များလက်ခံဖို့နှင့် တာအိုဝါဒကို သင်ကြားပို့ချဖို့ အဆင့်မီကြသည်။ သူတို့သည် ဒေသဆိုင်ရာ တာအိုကျောင်းတော်များမှာ အမွှေးနံ့သာထွန်းညှိဖို့ကို တာဝန်ယူထားကြသည်။ သူတို့ထဲမှအချို့သည် အနောက်ဘက်ခွန်လွင်ရှိ ဘိုးဘေးကျောင်းတော်မှာပင် အရေးပါသောရာထူးများကို ရယူထားကြပြီး သူတို့ထိန်းချုပ်ထားသည့် ဩဇာအာဏာက အတော်လေးကြီးမားလှလေသည်။ တကယ်တော့ အဆင့်-၄ တာအိုဆရာတစ်ဦးအဖြစ် တိုးမြှင့်ခံရဖို့အတွက် သတ်မှတ်အရည်အချင်းများနှင့် ကျင့်ကြံမှုနယ်ပယ်ကိုလည်း လိုအပ်လေသည်။ တောင့်တင်းသော နောက်ခံတစ်ခု သို့မဟုတ် မြင့်မားသော အကျိုးဆောင်မှုတစ်ခုမရှိဘဲ လူတစ်ယောက်သည် အဆင့်-၄ တာအိုဆရာတစ်ဦးအဖြစ် တိုးမြှင့်ခံရဖို့အတွက် ကွေ့ကျန်းကျင့်ကြံမှုအဆင့်ကို ရောက်ရှိနေရပေမည်။

တစ်နည်းအားဖြင့်ဆိုသော် ကျန်းပျဲယွင်သည် ကွေ့ကျန်းအဆင့်မှာရှိသော ရှန်းထျန်သက်ရှိတစ်ဦးဖြစ်သည်။ သူသည် ဝိဇ္ဇာချီနယ်ပယ်မှာ ချီသန့်စင်သူတစ်ဦးလည်းဖြစ်သည်။

ဤတစ်ခေါက်မှာ ကျန်းပျဲယွင်၏ မျက်နှာက သုန်မှုန်နေပြီး သူ၏ မျက်လုံးများကို မှေးကျဉ်းထား၏။

လီစန်ရှင်း ပြန်ပြောပြပုံအရ နောက်ထပ်တာအိုဂိုဏ်းသားတစ်ဦးသည် ခရိုင်ရုံးသို့ ရောက်ရှိလာပြီး ထင်တိုင်းကျဲသတ်ဖြတ်ခဲ့သည်။ သူသည် ကျိုးဖေးလုံကို သတ်ဖြတ်ပြီး လီစန်ရှင်း၏ ဓားပျံကိုချိုးဖျက်ခဲ့သည်။ လီစန်ရှင်းကိုယ်တိုင်ပင် သူ၏ အသက်ကို ဆုံးရှုံးရလုမတတ်ဖြစ်ခဲ့ရသည်။

ကျန်းပျဲယွင်သည် လီစန်ရှင်း၏ သေခြင်းရှင်ခြင်းကို သိပ်ပြီးဂရုမစိုက်ပေ။ ထိုသူသည် ထိုက်ဖျင်ဂိုဏ်း၏ တပည့်ဂိုဏ်းသားတစ်ဦးဖြစ်သော်လည်း သူသည် အရေးပါအရာရောက်သော ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေ။

လီစန်ရှင်းသည် ဖုန်ထိုက်ခရိုင်မှာ သေဆုံးသွားမည်ဆိုလျှင် သူ၏ ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းမှုအတွက် သူ့ကိုယ်သူသာ အပြစ်တင်ရပေလိမ့်မည်။

ကျန်းပျဲယွင်၏ စိတ်အာရုံကို ဖမ်းဆွဲထားသည့်အရာမှာ လျှို့ဝှက်ဆန်းကြယ်သော ထိုတာအိုတပည့်ဂိုဏ်းသားဖြစ်သည်။

ဆဋ္ဌမမျိုးဆက်၏ မဟာအကြီးအကဲသည် ကောင်းကင်ဘုံသို့ တက်လှမ်းသွားပြီးကတည်းက မဟာအကြီးအကဲ၏ နေရာက လစ်လပ်နေခဲ့သည်။

အပေါ်ယံမှာကြည့်လျှင် လက်ထောက်မဟာအကြီးအကဲသုံးဦးသည် ပူးပေါင်းထားသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ သူတို့တွင် ကိုယ့်အကြံနှင့်ကိုယ် ကိုယ်စီရှိနေကြသည်။ လီစန်ရှင်းရင်ဆိုင်ခဲ့ရသည့် လျှို့ဝှက်ဆန်းကြယ်သော တပည့်ဂိုဏ်းသားသည် အခြားသော အဖွဲ့အစည်းနှစ်ခုထဲ တစ်ခုမှ ဖြစ်မည်ဆိုလျှင် ကျန်းပျဲယွင်သည် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပေလိမ့်မည်။

ဤတစ်ခေါက်မှာ ထိုက်ဖျင်ဂိုဏ်းတွင် သူတော်စင်တစ်ပါးသည် ရွှမ်ကျောက်စိမ်းကို ရှာဖွေဖို့အတွက် ကျန်ပျဲယွင်ကို တာဝန်ပေးခဲ့သည်။ သို့သော်လည်း ကျောက်စိမ်းကို ရှာဖွေစုဆောင်းရသည့် အကြောင်းအရင်းကို ကျန်းပျဲယွင်က ထင်မြင်ယူဆဖို့ မဝံ့ရဲပေ။ ၎င်းသည် သူတော်စင်၏ ဉာဏ်အလင်းဖွင့်လမ်းစဉ်နှင့် ပတ်သက်ဆက်စပ်နေသည်ဟုသာ သူက ခပ်ရေးရေးသိရှိထားသည်။ ထိုသို့ဖြင့် သူတို့သည် ယင်းပစ္စည်းကို ပေါ်ပေါ်ထင်ထင် ရှာဖွေ၍မရနိုင်ပေ။

ဤအကြောင်းကြောင့် ကျန်းပျဲယွင်သည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ လက်ထောက်စစ်ကဲတစ်ဦးကို လာဘ်ထိုးပြီး လီစန်ရှင်းကို တာဝန်နှင့်အတူ ပို့လွှတ်ခဲ့သည်။

အမှန်တကယ်ဖြစ်ပျက်နေသည့်အရာကို ကျန်းပျဲယွင်ကိုယ်တိုင်သာ သိရှိထားသည်။ လီစန်ရှင်းပင်လျှင် အမှောင်ထဲကလူ ဖြစ်လေသည်။

ရွှမ်ကျောက်စိမ်းကို ရှာဖွေခြင်းသည် အလျဉ်းသင့်၍ပေးထားသော တာဝန်တစ်ခုမျှသာဖြစ်ပြီး လီဟုန်ဝမ်ကို သတ်ဖြတ်ဖို့ကသာ အစစ်အမှန်တာဝန်ဖြစ်သည်ဟု လီစန်ရှင်းက သိရှိထားခဲ့သည်။

ဤကိစ္စသည် တကယ်တမ်းမှာတော့ လီစန်ရှင်းတွေးထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ရွှမ်ကျောက်စိမ်းကို ရှာဖွေဖို့သည် အဓိကတာဝန်ဖြစ်ပြီး လီဟုန်ဝမ်ကို သတ်ဖြတ်ခြင်းက အယောင်ပြသက်သက်မျှသာဖြစ်သည်။

ယခင်က လီစန်ရှင်းသည် ကျိုးဖေးလုံကို စွန့်ပယ်ခံ ပွန်းရုပ်တစ်ရုပ်အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော်လည်း ကျန်းပျဲယွင်အတွက် လီစန်ရှင်းသည်လည်း အချိန်မရွေးစွန့်လွှတ်နိုင်သည့် စစ်တုရင်အရုပ်တစ်ရုပ်ဖြစ်လေသည်။ လီစန်ရှင်းနှင့် ကျိုးဖေးလုံသည် မည်သို့ပင်ဆို ကွာခြားမှုများစွာမရှိပေ။

ကျန်းပျဲယွင်သည် လီစန်ရှင်းကို အစစ်အမှန်တာဝန်အကြောင်း ပြောပြမထားသည်မှာ သူ့တွင် အကြောင်းအရင်းရှိနေသည်။ ရွှမ်ကျောက်စိမ်းသည် အခြားသော အဖွဲ့အစည်းများမှ တာအိုဂိုဏ်းသားများ၏ လက်ထဲသို့ ကျဆင်းသွားပြီဖြစ်သောကြောင့် အခြေအနေက ပို၍ပင် ရှုပ်ထွေးလာသည်။

ကျန်းပျဲယွင်သည် လီစန်ရှင်းကို နောက်ခံပေးထားသည်။ ထိုသို့ဆိုလျှင် အခြားသော အဖွဲ့အစည်းနှစ်ခု၏ တပည့်ဂိုဏ်းသားများမှာလည်း သူတို့ကို နောက်ခံပေးထားသည့်သူများ ရှိနေနိုင်သည်ဟု ဆိုလိုသည်။ နောက်ခံပေးထားသည့် ထိုလူများသည် ကျန်းပျဲယွင်၏ အသိအကျွမ်းဟောင်းများပင် ဖြစ်နေနိုင်သည်။

ဤသည်ကို စဉ်းစားရင်း လှေဝမ်းအခန်းထဲမှာ ထိုင်နေဆဲဖြစ်သော ကျန်းပျဲယွင်က အော်ပြောလိုက်၏။

“ဝင်လာခဲ့”

လီစန်ရှင်းသည် မိုးရေထဲကနေ ထပြီးနောက် သူ၏ မျက်နှာကို သုတ်ကာ လှေဝမ်းအခန်းထဲသို့ ဝင်ရောက်လာ၏။ သူက ကျန်းပျဲယွင်ကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်လေသည်။

ကျန်းပျဲယွင်က သူ၏ ဖြူဖွေးသောလက်ဖဝါးကို ရုတ်ပြီး လီစန်ရှင်းကို မေးလိုက်၏။

“မင်း တခြားဘာရှာတွေ့ခဲ့သေးလဲ”

လီစန်ရှင်းက ညင်သာစွာ ပြန်ဖြေလိုက်၏။

“ဆရာ… တည်းခိုခန်းကို စုံစမ်းစစ်ဆေးဖို့သွားတဲ့ ကျုပ်ရဲ့ညီကိုတွေ ပြောပုံအရဆိုရင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းသားက ကျုပ်တို့ရဲ့သတင်းပေးကို သူ့ရဲ့သရုပ်သကန် ထုတ်ဖော်ပြောဆိုခဲ့တယ်… သူပြောတာက…”

လီစန်ရှင်း၏ ရွံ့တွန့်တွန့်ဖြစ်နေသော မျက်နှာကိုကြည့်ပြီး ကျန်းပျဲယွင်က မျက်ခုံးပင့်ကာ တင်းမာသောအသံဖြင့် ပြောလိုက်၏။

“ဘာတဲ့လဲ… ပြောစရာရှိတာ မြန်မြန်ပြောစမ်း”

လီစန်ရှင်းက ထို့နောက် ဆက်ပြောလိုက်၏။

“သူတော်စင်တန်ဟွားက အရှင်စစ်သေနာပတိထံ ဆုတောင်းမေတ္တာပို့သတယ်လို့… သူပြောခဲ့တယ်”

ကျန်းပျဲယွင်၏ အမူအရာက ပြောင်းလဲသွားပြီး သူက လိုက်ပါရေရွတ်လိုက်၏။

“သူတော်စင်တန်ဟွား…”

လီစန်ရှင်းက ရိုသေလေးစားစွာ ဖြေပေးလိုက်၏။

“ဟုတ်ပါတယ်ဆရာ”

ယခု သူတော်စင်တစ်ဦးက ပါဝင်ပတ်သတ်လာပြီး အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးဖြစ်သော ကျန်းပျဲယွင်ပင်လျှင် မဆင်မခြင်ပြုမူရဲခြင်းမရှိတော့ပေ။

သူတော်စင်ဆိုသည်မှာ ဒုတိယအဆင့် တာအိုဆရာတစ်ဦး သို့မဟုတ် ထိုက်ယီတာအိုအကြီးအကဲတစ်ဦး၏ နောက်ထပ်ဘွဲ့တစ်ခုဖြစ်လေသည်။ တာအိုဂိုဏ်းတော်မှာ သာလွန်မြင့်မြတ်သော အဆင့်အတန်းများနှင့် သူတော်စင် ၃၆ပါးရှိပြီး သူတော်စင်တန်ဟွားသည် သူတို့ကြား ထိပ်ဆုံးမှာရှိသော သူတချို့ထဲမှ တစ်ဦးဖြစ်သည်။

ဤကိစ္စသည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးနှင့် ပတ်သက်နေမည်ဆိုလျှင် ဤကိစ္စသည် ကျန်းပျဲယွင်ကဲ့သို့ အဆင့်-၄ တာအိုအကြီးအကဲတစ်ဦး ဝင်ရောက်စွက်ဖက်နိုင်သော တစ်စုံတစ်ရာမဟုတ်တော့ပေ။ ထို့ကြောင့် ကျန်းပျဲယွင်သည် ခဏမျှစဉ်းစားပြီနောက် လီစန်ရှင်းကို ပြောလိုက်၏။

“လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ရေးထားတဲ့စာတစ်စောင်ကို ငါ… သူတော်စင်တန်ဟွားဆီ ပို့လိုက်မယ်… အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ဂိုဏ်းသားကိုတော့ ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ ဘာမှမလုပ်နဲ့ဦး… သူက တကယ်ပဲ သူတော်စင်တန်ဟွားရဲ့ ပတ်သက်ရင်းနှီးတဲ့သူတစ်ယောက် ဒါမှမဟုတ် တပည့်တစ်ယောက်ဖြစ်နေမယ်ဆိုရင် ငါတို့ သူ့ကို သတ်လိုက်ရင် ပြဿနာတက်လိမ့်မယ်”

လီစန်ရှင်းက ရိုသေလေးစားစွာ ဦးညွှတ်၍ သင်္ဘောခန်းထဲကနေ တဖြည်းဖြည်းထွက်ခွာသွား၏။ ထို့နောက် သူက လှေပေါ်ကနေ ခုန်ချလိုက်သည်။ သို့သော်လည်း သူသည် ရေပြင်ပေါ်မှာ မတ်တတ်ရပ်နေဆဲဖြစ်သည်။ လီစန်ရှင်းသည် တလိပ်လိပ်တက်ကာ လှုပ်ရှားနေသော လှိုင်းလုံးများကို နင်းဖြတ်ပြီး ရွာသွန်းနေသော မိုးရေထဲမှာ မြစ်ကမ်းပါးရှိရာသို့ လျှောက်လှမ်းသွားလေသည်။

လီစန်ရှင်းထွက်ခွာသွားပြီးနောက် ကျန်းပျဲယွင်၏ ဘေးတွင် ချောမောလှပသော အမျိုးသမီးတစ်ဦး ရောက်ရှိလာ၏။ သူမမှာ ရှုပ်ထွေးသော သရုပ်သကန်တစ်ခုရှိထားသည်။ သူမသည် ကျန်းပျဲယွင်၏ တပည့်မတစ်ဦးတစ်ဖြစ်လဲ သူ၏ ကိုယ်လုပ်တော် အစေခံတစ်ဦးဖြစ်သည်။ ဤမတော်တရော်ကိစ္စကို အပြင်လူများကို အသိမခံပေ။

အမျိုးသမီးသည် ကျန်းပျဲယွင်၏ ဘေးမှာ မျက်လွှာချကာ ဒူးထောက်နေ၏။ သူမသည် လက်ကိုင်ရိုးပါသော ဂေါ်ပြားငယ်ကို ကောက်ယူပြီး အမွှေးနံ့သာအိုးထဲရှိ ပယင်းတုံးကနေ ပယင်းအနည်းငယ်ကို ခြစ်ယူနေ၏။

လှေဝမ်းအခန်းက ရုတ်တရက်မီးခိုးများဖြင့် ပြည့်နှက်သွားလေသည်။

ကျန်းပျဲယွင်က သူ၏ ဒူးနှစ်ဖက်ပေါ် လက်တင်ပြီး ခြေချိတ်ထိုင်နေ၏။ သူ၏ မျက်နှာကို မီးခိုးများက လွှမ်းခြုံသွားပြီး သူ၏ အမူအရာကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရတော့ပေ။

သူက အမွှေးနံ့သာငွေ့ကို ရှူရှိုက်လိုက်ပြီး မီးခိုးငွေ့များက သိသိသာသာ လျော့ကျသွားသည်။ ထို့နောက် သူက မှင်သေသေဖြင့် ပြောလိုက်၏။

“ဖုန်ထိုက်ခရိုင်က ငါတို့ဂိုဏ်းရဲ့ ပိုင်နက်နယ်မြေထဲမှာ ရှိတယ်… ငါ့ရဲ့ရာထူးသင်္ကေတတံဆိပ်နဲ့ ဖိတ်စာကိုယူပြီး ဒေသခံ ကျိကျိုးတာအိုအကြီးအကဲနဲ့ သွားတွေ့လိုက်… ပြီးရင် သူ့ကို အခြေအနေကို စုံစမ်းစစ်ဆေးခိုင်းလိုက်… ဒီရက်ထဲ ချွမ်ကျန်းဂိုဏ်းက တပည့်ဂိုဏ်းသားတွေ ရောက်လာသလားဆိုတဲ့ မှတ်တမ်း ရှိမရှိကိုပါ စစ်ဆေးခိုင်းလိုက်”

အမွှေးနံ့သာထွန်းညှိနေသော အမျိုးသမီးက အမျိုးသားများ ကျလောက်စရာ နူးညံ့ပျော့ပျောင်းသောအသံဖြင့် တုံ့ပြန်လိုက်သည်။ သူမ၏ ငယ်ရွယ်နုပျိုသော ခန္ဓာကိုယ်ကောက်ကြောင်းနှင့်အတူ သူမသည် စွဲမက်ဖွယ်ရာကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။

ခါတိုင်းလိုဆို ကျန်းပျဲယွင်သည် တဏှာရာဂ ထကြွလာမည်ဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူ၏စိတ်ထဲတွင် သူတော်စင်တန်ဟွားသာလျှင်ရှိနေသည်။

သူတော်စင်တန်ဟွားသည် ဘိုးဘေးကျောင်းတော်မှာ တရားဝင်ရာထူးတစ်ခုကို ကိုင်ဆွဲထားပြီး ဒေသဆိုင်ရာ တာအိုကျောင်းတော်များကို တာဝန်ယူထားသည့် ခံ့ညားထည်ဝါသော ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးဖြစ်သည်။ သူက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မည်သူကမှ သူ့ကို မဆင်မခြင်ရန်စလိုမည် မဟုတ်ပေ။

ဒါ့အပြင် ဤတာဝန်သည် တရားဝင်အလုပ်ကိစ္စဖြစ်ပြီး သူ့တပည့်သည် စွမ်းအားကြီးမားသော လူတချို့ကို ဆန့်ကျင်မိထား၏။

ကျန်းပျဲယွင်သည် စဉ်းစားချင့်ချိန်ပြီးနောက် အခြေအနေကို လေ့လာအကဲခတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကိစ္စများက ရှင်းလင်းပြတ်သားလာမှသာ သူက လှုပ်ရှားမှုတစ်ခု ပြုလုပ်ပေလိမ့်မည်။ သူသည် ဆုလာဘ်များကို မျှော်ကိုးဖို့ထက် အမှားအယွင်းမရှိစေဖို့ကိုသာ ပိုမိုအာရုံစိုက်ထားချင်၏။ တစ်ခါတစ်ရံမှာ အမှားအယွင်းမရှိအောင် ပြုလုပ်ခြင်းသည် အကျိုးဆောင်မှုပုံစံတစ်ခုလည်း ဖြစ်တတ်သည်။

All Chapters