← Chapters

အင်အားစုသုံးစု

Vol. 1 Ch. 10

အင်အားစုသုံးစု

Vol. 1 Ch. 10

ပုံမှန်အားဖြင့် ဒေါသူပုန်ထနေသော မုန်တိုင်းတစ်ခုက သိပ်မကြာတတ်ပေ။ ညအချိန်ကို ရောက်လာသည်နှင့် မိုးက စဲလာသည်။ ၎င်းသည် လုံးလုံးလျားလျား ရပ်တန့်မသွားသော်လည်း သည်းထန်သောမိုးသည် မိုးဖွဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ညအချိန်မှာ လူအိုကြီးတစ်ဦးသည် မြို့ရိုးကို ဖြတ်ကျော်ပြီး ဖုန်ထိုက်ခရိုင်သို့ ဝင်ရောက်လာ၏။ သူသည် ရွှံ့ဗွက်များထနေသည့် လမ်းကြားလေးများကို ဖြတ်ကျော်ပြီး ခရိုင်အုပ်ချုပ်ရေးရုံး၏ ရှေ့ လမ်းမရှည်သို့ ရောက်ရှိလာ၏။

ဤအချိန်မှာ လမ်းမရှည်က တိတ်ဆိတ်ငြိမ်သက်နေသည်။ လမ်း၏ တစ်ဘက်တစ်ချက်စီမှာရှိသော အိမ်များက တံခါးများကို တင်းကျပ်စွာပိတ်ထားကြသည်။ မီးအိမ်များချိတ်ဆွဲထားခြင်းမရှိဘဲ ပတ်ဝန်းကျင်က မှောင်မိုက်နေသည်။ ခရိုင်ရုံးသည် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပြီဖြစ်ပြီး ဖွင့်ထားသောဂိတ်တံခါးသည် ညအချိန်မှာ ပါးစပ်ဖြဲထားသည့် ကြောက်စရာကောင်းသော တောကောင်တစ်ကောင်နှင့်တူနေသည်။

ဆံဖြူလူအိုကြီးသည် လမ်းမအတိုင်းလျှောက်လှမ်းပြီး ခရိုင်ရုံး၏ ရှေ့ ကွင်းပြင်ကျယ်သို့ ရောက်ရှိလာ၏။ သူသည် လက်ထဲမှာ အဖြူရောင်စက္ကူမီးအိမ်တစ်လုံးကို ကိုင်ထားပြီး မီးအိမ်ထဲမှာရှိသော ဖယောင်းတိုင်က ညင်သာစွာယိမ်းနွဲ့နေ၏။

သူ့အရိပ်ကလည်း ၎င်းနှင့်အတူ လိုက်ပါယိမ်းနွဲ့နေ၏။

မီးအိမ်မှဖြာထွက်နေသောအလင်းရောင်ဖြင့် လူအိုကြီးသည် ဖြည်းဖြည်းချင်းလျှောက်လှမ်းပြီး ရံဖန်ရံခါမှာ ရပ်တန့်၍ မြေပြင်ကို ကြည့်ရှုနေတတ်သည်။

ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲ၏ အငွေ့အသက်များကို သည်းထန်သောမိုးရေများက ဆေးကြောပေးသွားခဲ့ပြီဖြစ်သည်။ ဖီးနစ်စိမ်းတပ်သားများက အလောင်းများကိုလည်း ပြန်သိမ်းသွားခဲ့ကြသည်။ သို့သော်လည်း လူအိုကြီးသည် ခရိုင်ရုံး၏ ဂိတ်တံခါးသို့ လာရာလမ်းမှာ ရုပ်အလောင်းများရှိနေခဲ့သည့် တိကျသောနေရာများတွင် သူ၏ ခြေလှမ်းက ရပ်တန့်သွားတတ်သည်။

နောက်ဆုံးမှာ သူသည် ဂိတ်တံခါးသို့ ရောက်ရှိလာပြီး တံခါးခုံမှ အပေါက်နှစ်ပေါက်ကို တစ်ချက်ကြည့်ပြီးနောက် ဖြတ်ကျော်လာ၏။ သူသည် ရှေ့ဘက်ခန်းမသို့ မဝင်ရောက်ခင် ပြိုကျနေပြီဖြစ်သော ပုဏ္ဏားကွယ်နံရံရှေ့မှာ ခဏမျှရပ်တန့်လိုက်သည်။

ရှေ့ဘက်ခန်းမမှာ တိုက်ပွဲ၏ အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သည်။ လူအိုကြီးသည် ခြေရာလက်ရာများကို အတန်ကြာအောင် စစ်ဆေးကြည့်ရှုပြီးနောက် တာအိုတပည့်ဂိုဏ်းသားများ၏ လက်ချက်ဖြစ်နိုင်သည်ဟု ခံစားမိလိုက်၏။

သို့သော်လည်း လူအိုကြီးသည် တပ်အပ်သေချာ မပြောနိုင်သေးပေ။ ထို့ကြောင့် သူသည် နောက်ဘက်ခြမ်းအဆောင်ရှိရာသို့ ဆက်လျှောက်လာပြီး ချီရွှမ်းစုနှင့် လီစန်ရှင်းတိုက်ခိုက်ခဲ့သော ခြံဝန်းထဲသို့ ရောက်ရှိလာသည်။ သူက ဖြည်းဖြည်းချင်းဆောင့်ကြောင့်ထိုင်ချပြီး အဖြူရောင်စက္ကူမီးအိမ်ကို ဘေးမှာချကာ သူ၏ လက်ဖဝါးနှစ်ဖက်ကို မြေပြင်ပေါ်သို့ဖိကပ်၍ သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းမှိတ်လိုက်၏။

နောက်ခဏ၌ ချီရွှမ်းစုနှင့်လီစန်ရှင်း တိုက်ခိုက်ခဲ့သည့် ပုံရိပ်များက သူ၏ စိတ်ထဲမှာ ခဏမျှ တဖျပ်ဖျပ်ပေါ်ထွက်လာ၏။ သို့သော်လည်း သူတို့၏ မျက်နှာများက ဝေဝါးနေသည်။

နာရီဝက်ခန့်ကြာပြီးနောက် လူအိုကြီးက သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။ သူသည် တာအိုတပည့်ဂိုဏ်းသားများကြား အချင်းချင်းတိုက်ခိုက်ခြင်းဖြစ်သည်ကို နောက်ဆုံးမှာ တပ်အပ်သေချာကောက်ချက်ချနိုင်ပြီးနောက် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

လူအိုကြီးသည် အဖြူရောင်စက္ကူမီးအိမ်ကိုယူပြီး မတ်တတ်ပြန်ထရပ်လိုက်၏။ အိုမင်းလာသော အသက်အရွယ်ကြောင့် မတ်တတ်ပြန်ရပ်လိုက်စဉ် သူ၏ ဒူးများကနေ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာ၏။

သို့သော်လည်း ရှန်းထျန်သက်ရှိတစ်ဦးသည် ဤလူအိုကြီးကို သေခါနီးဆဲဆဲ သာမန်သက်ကြီးပိုင်းတစ်ဦးအဖြစ် သတ်မှတ်လိမ့်မည် မဟုတ်ပေ။ စောစောက မြေစွမ်းအင်ကိုသုံးပြီး နေရာတစ်ခုမှာ ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်ဖတ်နိုင်သည့် လူအိုကြီး၏ မှော်စွမ်းရည်က တစ်မူထူးခြားသည့် မြေဖတ်အကြားအမြင်ပညာရပ်ဖြစ်နေသောကြောင့်ပင်။

ထိုလူအိုကြီးသည် အိပ်မက်နယ်ပယ်မှ ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်သည်။ သူသည် ရှန်းထျန်သက်ရှိများ၏ ယွီရှုအဆင့်မှာ ရှိနေသည်ဟု ဆိုလိုသည်။

သူ့အမည်အတိုင်းပင် အိပ်မက်နယ်ပယ်ဆိုသောအရာသည် အခြားသူများ၏ အိပ်မက်များထဲမှာ စိတ်ဝိညာဉ်တစ်ခုအဖြစ် လှည့်ပတ်သွားလာနိုင်သော စွမ်းရည်ဖြစ်သည်။

လူများသည် အိပ်မက်တစ်ခုထဲမှာ သူတို့ကိုအကြံပေးသော သို့မဟုတ် မှော်ပညာများသင်ကြားပေးသော ဆရာသခင်တစ်ဦး သို့မဟုတ် နတ်တစ်ပါးနှင့် တွေ့ဆုံမိသည်ဟူသော ဇာတ်လမ်းများစွာရှိကြသည်။ ဤဇာတ်လမ်းများသည် စိတ်ကူးပေါက်ရာ လျှောက်ပြောနေခြင်းမျိုးမဟုတ်ဘဲ သူတို့သည် အိပ်မက်ထဲမှာ လှည့်ပတ်သွားလာနေသော ဂမ္ဘီရဝိဇ္ဇာတစ်ဦးနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်ဖို့များသည်။

ဤနယ်ပယ်ကိုရောက်ရှိလာပြီးနောက် စိတ်ဓာတ်မကောင်းသော ဂမ္ဘီရဝိဇ္ဇာတချို့သည် အမျိုးသမီးများ၏ အိပ်မက်များထဲသို့ ဝင်ရောက်ပြီး သူတို့နှင့်‌ မေထုန်မှုကျူးလွန်ကြလေသည်။ ထိုအမျိုးသမီးနိုးလာသည့်အခါ ၎င်းသည် ချောက်ချားစရာကောင်းသော အိပ်မက်တစ်ခုမျှသာဖြစ်သည်ဟု တွေးပြီး သူမအိပ်ပျော်နေစဉ်အတွင်း တစ်ယောက်ယောက်က သူမကို အနိုင်ကျင့်ခဲ့လိမ့်မည်ဟု သံသယဝင်လိမ့်မည်မဟုတ်ပေ။

ဤကဲ့သို့သောဖြစ်ရပ်များနှင့်ပတ်သက်၍ တာအိုဂိုဏ်းတော်က သတိပေးချက်များကို ထပ်တလဲလဲထုတ်ပြန်ထားခဲ့သည်။ သို့သော်လည်း အမျိုးသမီးတပည့်ဂိုဏ်းသားများသည် တာအိုဘုရားကျောင်းများမှာ အမွှေးနံ့သာပူဇော်ပြီးနောက် သူတို့၏ အိပ်မက်များထဲမှာ ရုပ်ရည်ချောမောသော အမျိုးသားများနှင့် ကြုံတွေ့ရသည်ဟူသော စကားများက မကြာခဏပျံ့နှံ့လာဆဲဖြစ်သည်။

တကယ်တော့ ယွီရှုအဆင့် ဂမ္ဘီရဝိဇ္ဇာတစ်ဦး ဖုန်ထိုက်ခရိုင်သို့ ရောက်ရှိလာခြင်းသည် အဆင့်-၇ ခရိုင်ဝန်တစ်ဦး၏ သေဆုံးမှုကြောင့်မဟုတ်ဘဲ ရွှမ်ကျောက်စိမ်းကြောင့်ဖြစ်သည်။

တကယ်တော့ ကျန်းပျဲယွင်၏ ထင်မြင်ယူဆချက်က မှန်ကန်ခဲ့သည်။ ဤတစ်ခေါက်မှာ တာအိုဂိုဏ်းကြီးသုံးဂိုဏ်းသည် ရွှမ်ကျောက်စိမ်းကို ရယူဖို့အတွက် သူတို့၏ တပည့်များကို စေလွှတ်ခဲ့ကြပြီး ဤလူအိုကြီးသည် ကျန်းယီဂိုဏ်းမှလာခြင်းဖြစ်သည်။

ထိုအချိန်မှာ ရွှမ်ကျန်းဂိုဏ်းမှ အခြားသောတပည့်တစ်ဦးသည် အကျိုးအမြတ်ကိုရိတ်သိမ်းရန် မြို့တော်၏ အပြင်ဘက်မှာရှိသော မောင်ရှန်တောင်မှာ စောင့်ဆိုင်းနေလေသည်။

ချီရွှမ်းစုသည် သည်းထန်သောမိုးကို မမှုဘဲ ဖုန်ထိုက်ခရိုင်ကနေ ထွက်ခွာလာခဲ့၏။ သူသည် မြို့ပြင်သို့ ရောက်ရှိလာပြီးနောက် မောင်ရှန်တောင်ပေါ်ရှိ ဘုရားကျောင်းပျက်တစ်ခုရှေ့မှာ ရပ်တန့်လိုက်သည်။

ခရီးသွားလာနေကျသူများကြားမှာ အတိအလင်းထုတ်ဖော်ပြောဆိုမထားသည့် စည်းမျဉ်းတစ်ခုရှိလေသည်။ သူတို့သည် ဘုရားကျောင်းပျက်များထဲမှာ ညဘက်အချိန်ကုန်ဆုံးဖို့ထက် သုသာန်တစ်ခုထဲမှာ အိပ်စက်ဖို့ကိုသာ ပိုမိုလိုလားကြသည်။

သုသာန်များက ချောက်ချားစရာကောင်းသော်လည်း ထိုနေရာသို့ ရောက်ရှိလာသောလူအများစုသည် သူတို့၏ ဘိုးဘေးများကို ပူဇော်ပသဖို့လာရောက်ကြသည့် မျိုးဆက်များဖြစ်တတ်ကြသည်။ များသောအားဖြင့် သူတို့သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ အကျိုးသင့်အကြောင်းသင့်ရှိသောလူများဖြစ်ပြီး အမှားအယွင်းတစ်စုံတစ်ရာရှိလာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဘုရားကျောင်းပျက်များ အထူးသဖြင့် အချိန်အတော်အတန်ကြာ ပြုပြင်ထိန်သိမ်းမှုမရှိသည့် ထိုနေရာများကို များသောအားဖြင့် ဆိုးယုတ်စိတ်ဝိညာဉ်များနှင့် မိစ္ဆာများက သိမ်းပိုက်ထားတတ်သည်။ ညအချိန်မှာ ဘုရားကျောင်းပျက်ထဲသို့ ဝင်ရောက်တည်းခိုသောသူများသည် မိစ္ဆာများ၏ စားသောက်ခြင်း သို့မဟုတ် ယန်စွမ်းအင်ခန်းခြောက်သည်အထိ တစ္ဆေသရဲများ၏ စုပ်ယူဝါးမျိုခြင်း ခံရခြင်းဖြင့် အဆုံးသတ်သွားရဖို့ရှိသည်။

မှတ်တမ်းတင်ထားသည့် ဤကဲ့သို့သောဇာတ်လမ်းများစွာလည်း ရှိနေသည်။ တစ်ခါက စာမေးပွဲဖြေဆိုဖို့ မြို့တော်သို့ ခရီးထွက်သွားသော စာပေပညာရှင်တစ်ဦးသည် တည်းခိုခန်းမှာ ငှားရမ်းတည်းခိုဖို့အတွက် ငွေကြေးမလုံလောက်ဘဲ ဘုရားကျောင်းပျက်တစ်ခုထဲသို့ သွားရောက်တည်းခိုခဲ့သည်။ သူသည် ညနက်သန်းခေါင်မှာ စာလေ့လာနေစဉ် ချောမောလှပသောအမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး သူတို့က ချစ်ကျွမ်းဝင်သွားခဲ့ကြသည်။

ထိုအချိန်မှစ၍ စာပေပညာရှင်သည် သူ၏ ကာမစိတ်ဆန္ဒများမှာ ယစ်မူးသွားပြီး သူ၏ စိတ်နှင့်ခန္ဓာက လေးလံထိုင်းမှိုင်းလာခဲ့သည်။ နောက်ဆုံးမှာ သူ၏ ဝိညာဉ်နှင့်အသိစိတ်ကို ဆုံးရှုံးသွားပြီး အကြောများတုံ့ဆိုင်းသွားခဲ့သည်။ သူ့ကိုရှာဖွေတွေ့ရှိပြီး ကယ်တင်ပေးသည့်အချိန်မှာ သူ၏ချီက အားနည်းနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးနေလေပြီ။ သူသည် ကယ်တင်ခံရပြီးနောက် ရက်အနည်းငယ်သာ အသက်ဆက်ရှင်နိုင်ခဲ့သည်။

ဆိုးယုတ်စိတ်ဝိညာဉ်များနှင့် မိစ္ဆာများအပြင် လူဆိုးလူမိုက်များနှင့် ဓားပြများကလည်း ခရီးသွားများထံမှ ပစ္စည်းများကို လုယက်ရန် ဘုရားကျောင်းပျက်များထဲမှာ ခိုအောင်းနေတတ်သည်။ ခရီးသွားတချို့သည် ပစ္စည်းဥစ္စာအပြင် သူတို့၏ အသက်များကိုပါ ဆုံးရှုံးရတတ်သည်။

သို့သော်လည်း ချီရွှမ်းစုသည် အပေါ်တွင်ပြောခဲ့သော မည်သည့်အရာကိုမှ ကြောက်လန့်မနေပေ။ ရှန်းထျန်သက်ရှိတစ်ဦးအနေဖြင့် သူသည် သာမန်လူသားများနှင့် ဆိုးယုတ်စိတ်ဝိညာဉ်များကို အလွယ်တကူသတ်ဖြတ်နိုင်သည်။ သူ့မှာ သန်မာသောအော်ရာရှိပြီး တစ္ဆေသရဲများသည် သူ၏ ယန်စွမ်းအင်ကို စုပ်ယူဝါးမျိုးဖို့နေနေသာ သူ့အနားကိုပင် ချဉ်းကပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဓားပြများနှင့် လူဆိုးလူမိုက်များကတော့ သူတို့သည် ဖီးနစ်စိမ်းတပ်ဖွဲ့လောက်ပင်မစွမ်းဘဲ ချီရွှမ်းစုက သူတို့ကို ကြောက်ရွံ့မနေပေ။

တကယ်တော့ ချီရွှမ်းစုသည် မိုးရေထဲမှာ ခရီးဆက်နိုင်သေးသည်။ သို့သော်လည်း လီစန်ရှင်းနှင့်တိုက်ခိုက်ခဲ့စဉ်က သူသည် ဒဏ်ရာတချို့ရရှိထားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ဒဏ်မဖြစ်စေလိုပေ။ အေးစက်၍ သည်းထန်သောမိုးရေထဲမှာ ခရီးဆက်ခြင်းသည် သူ၏ ဒဏ်ရာများကို ပိုမိုဆိုးဝါးလာစေပြီး ရောဂါများပင် ဝင်လာစေနိုင်သည်။ ထို့ကြောင့် သူသည် လောလောဆယ်မှာ မိုးခိုနေဖို့ ဆုံးဖြတ်လိုက်သည်။

ချီရွှမ်းစုသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ဤဘုရားကျောင်းပျက်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် မည်သူကမှ ခြေမချခဲ့သည်မှာ သိသာထင်ရှားနေ၏။ မည်သို့ပင်ဆိုစေ ဤနေရာသည် ဖုန်ထိုက်ခရိုင်နှင့် သိပ်ပြီးမကွာဝေးပေ။ ရံဖန်ရံခါမှာ ရောက်ရှိလာတတ်သော ဖြတ်သွားဖြတ်လာများသည် ဤဘုရားကျောင်းပျက်ထဲမှာ တစ်ညတာကုန်ဆုံးဖို့ထက် နောက်ထပ်အနည်းငယ်ခရီးဆက်ပြီး မြို့သို့ရောက်အောင်သွားကြပေလိမ့်မည်။

ဤနေရာမှာ တစ္ဆေသရဲများနှင့် မိစ္ဆများကိုလည်း မတွေ့မြင်ရပေ။ သူတို့က ရှိမနေခြင်း သို့မဟုတ် ချီရွှမ်းစု၏ အော်ရာကြောင့် ကြောက်လန့်ကာ ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။

အနည်းဆုံးတော့ ဘုရားကျောင်းထဲသို့ ချီရွှမ်းစုဝင်လာသောအခါ နေရာက ရှင်းလင်းနေ၏။

တကယ်တော့ ရှင်းလင်းနေသည်ဆိုခြင်းမှာ ပရလောကသားများနှင့် ဆိုးယုတ်စိတ်ဝိညာဉ်များ ကင်းရှင်းနေခြင်းကိုသာ ဆိုလိုလေသည်။ ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များကတော့ နေရာတိုင်းမှာရှိနေဆဲဖြစ်သည်။

ချီရွှမ်းစုသည် အင်္ကျီလက်စနှစ်ဖက်ကို ဝေ့ယမ်းပြီး နေရာတစ်ခုမှ ဖုန်များကို ဖယ်ရှားရှင်းလင်းကာ သူ၏ အသက်ရှူသံကို ထိန်းညှိဖို့ ထိုင်ချလိုက်၏။

ချီရွှမ်းစုက ချီသန့်စင်သူတစ်ဦးမဟုတ်ပေ။ နောက်ခံအမျိုးမျိုးနှင့် အမျိုးမျိုးသော မျိုးနွယ်စုများကြားမှာ သူသည် အဆင့်အတန်းအတော်အတန်နိမ့်ကျသော လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော်လည်း ဒဏ်ရာများကိုကုသရန် ချီကိုအသုံးချသည့် စည်းမျဉ်းက အတူတူပင်ဖြစ်သည်။ ချီလှည့်ပတ်စီးဆင်းသွားရာနေရာများမှာ ပိတ်ဆို့နေသော မရီးဒါန်များက ပွင့်သွားမည်ဖြစ်ပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်လာစေပေလိမ့်မည်။ ထိုသို့ဖြင့် ပြင်ပဒဏ်ရာများကို ပို၍ မြန်မြန်ဆန်ဆန် ကုသနိုင်မည်ဖြစ်သည်။

မိုးက လျော့ကျပြီး ကောင်းကင်က မှောင်မိုက်လာ၏။ ညအချိန် တောတောင်ထဲမှာ ခရီးဆက်ခြင်းက ဉာဏ်ရှိရာမကျပေ။ ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ချီရွှမ်းစုသည် ဤညကို ဘုရားကျောင်းပျက်ထဲမှာ ကုန်ဆုံးစေဖို့ ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် သူ၏ ဒဏ်ရာများကိုလည်း ဆက်လက်၍ ကုသနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဖီးနစ်စိမ်းတပ်ဖွဲ့သည် မောင်ရှန်တစ်တောင်လုံးကို ညတွင်းချင်းလိုက်လံရှာဖွေနိုင်လောက်အောင် မစွမ်းပေ။

ညဘက်ရောက်လာပြီးနောက် ဘုရားကျောင်းပျက်က မှောင်မိုက်သွားသည်။ ချီရွှမ်းစုသည် ချီစီးဆင်းမှုကို ပတ်လမ်းငယ်သုံးဆယ့်ခြောက်ခု ပြီးမြောက်စေပြီးနောက် သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းလာသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် သူသည် လီစန်ရှင်း၏ ဓားပျံကိုထုတ်ယူပြီး ဓားသွားကို လက်ဖျားနှင့် ညင်သာစွာသပ်လိုက်၏။ ဓားသွားပေါ်မှာ ရေးထွင်းထားသောအရာက ‘မြွေစိမ်း’ ဟူ၍ဖြစ်၏။ ၎င်းသည် ဤဓား၏ အမည်ဖြစ်မည်ဟု သူက ထင်မြင်ယူဆလိုက်၏။ ဓားသွားပေါ်မှာ ရေးထွင်းထားသော အကွက်အပြောက်များအရ ဓားသည် ထိုက်ဖျင်ဂိုဏ်း၏ လုမျိုးနွယ်စုထံမှ ဖြစ်လောက်မည်ဟု သူက ထင်မြင်မိလိုက်သည်။

တာအိုဂိုဏ်းတော်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းရှိလေသည်။ ထိုအထဲမှ ထိုက်ဖျင်ဂိုဏ်းကို လီမျိုးနွယ်စု၊ ရှန်မျိုးနွယ်စုနှင့် လုမျိုးနွယ်စုဟူ၍ အဖွဲ့အစည်းသုံးခု ထပ်မံ၍ ခွဲခြားနိုင်သည်။ လီမျိုးနွယ်စုက စွမ်းအားအကြီးမားဆုံးဖြစ်ပြီး လုမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုက ဒုတိယနှင့် တတိယနေရာမှာရှိကြသည်။ လီစန်ရှင်းသည် လီမျိုးနွယ်စုမှ ဖြစ်နိုင်သည်။ တာအိုတပည့်ဂိုဏ်းသားတစ်ဦးအနေဖြင့် ချီရွှမ်းစုသည် လီမျိုးနွယ်စု၏ နည်းစနစ်များအကြောင်း နည်းနည်းပါးပါး သိရှိထားသည်။

ဤဓား၏ သွန်းလုပ်ခြင်းနည်းစနစ်နှင့် အသုံးပြုထားသော ပစ္စည်းများမှာ အတော်လေးကောင်းမွန်သည့် အရည်အသွေးရှိနေ၏။ ဤကဲ့သို့သောရတနာတစ်ခုက လီစန်ရှင်း၏ လက်ထဲသို့ ရောက်ရှိနေခဲ့သည်မှာ နှမြောဖို့ကောင်းသည်။ လီစန်ရှင်းသည် ခွန်လွင်အဆင့်မှာသာရှိပြီး ဓားပျံကို ကောင်းကောင်းမထိန်းချုပ်နိုင်ပေ။ ဒါ့အပြင် ဤကဲ့သို့ အရည်အသွေးမြင့်မားသော ဓားပျံတစ်လက်သည် ထိုလူ၏ လက်ထဲမှာ သက်သက် ဖြုန်းတီးရာကျနေ၏။

သို့သော်လည်း ပြောရမည်ဆိုလျှင် လီစန်ရှင်းသည် အတွေ့အကြုံနုသော လက်သင်တစ်ဦးဖြစ်နေသောကြောင့်သာ ချီရွှမ်းစုက ကံကောင်းသွားခြင်းလည်းဖြစ်သည်။ လီစန်ရှင်းသည် ယွီရှုကျင့်ကြံမှုအဆင့်မှာရှိနေပြီး ဤဓားပျံ၏ စွမ်းရည်ကို ကောင်းကောင်းအသုံးချနိုင်မည်ဆိုလျှင် ချီရွှမ်းစုသည် သူ့ကို အနိုင်ယူနိုင်ခဲ့လိမ့်မဟုတ်ပေ။

ချီရွှမ်းစုသည် မြွေစိမ်းဓားထဲသို့ ချီအနည်းငယ်ကို ထည့်သွင်းကြည့်လိုက်၏။ လီစန်ရှင်းသည် ဓားပျံကို ထိန်းချုပ်ရာမှာ မတော်သော်လည်း ထိုသူသည် ဓားကို ကောင်းကောင်းကျင့်ကြံထားသည်ကို တွေ့ရှိခဲ့ရ၏။ လီစန်ရှင်းသည် ဓားသန္ဓေလောင်းကို ကျင့်ကြံဖို့အတွက် ဤဓားပျံထဲသို့ သူ၏ ချီပမာဏများစွာကို ထည့်သွင်းလိုခဲ့သည်။

ဓားပျံတစ်လက်မှာ ကုန်ကြမ်းပစ္စည်းနှင့် သွန်းလုပ်ခြင်းနည်းစနစ်ကသာ အရေးပါခြင်းမဟုတ်ပေ။ ၎င်းသည် ဓားကျင့်ကြံမှုအပေါ် ကြိုးစားအားထုတ်မှုနှင့်လည်း အများကြီးသက်ဆိုင်နေ၏။ ၎င်းသည် ရေစီးကြောင်းကိုဆန်၍ ရွက်လွှင့်ရခြင်းနှင့်တူသည်။ ရှေ့ကိုဆက်မတက်နိုင်လျှင် နောက်သို့ မျောပါသွားပေလိမ့်မည်။ ချီရွှမ်းစုသည် ဤဓားကို တန်ဖိုးကောင်းတစ်ခုဖြင့် ရောင်းချဖို့ ရည်ရွယ်ထားသောကြောင့် သူသည် ဝယ်သူတစ်ဦးကို တတ်နိုင်သမျှမြန်မြန်ရှာဖွေရပေမည်။ မဟုတ်ပါက ၎င်း၏ တန်ဖိုးက လျော့ကျသွားပေလိမ့်မည်။

ဤကဲ့သို့သော ပြင်ပပစ္စည်းများကို မော်တယ်၊ စိတ်ဝိညာဉ်၊ ရတနာနှင့် အင်မော်တယ်ဟူ၍ အဆင့်လေးမျိုး ခွဲခြားထားသည်။

ဟောက်ထျန်သက်ရှိများကိုင်ဆောင်သည့် မော်တယ်ပစ္စည်းများကို သံဖြင့် သန့်စင်ပြုလုပ်ထားပြီး ရှန်းထျန်သက်ရှိများအတွက် တန်ဖိုးမရှိပေ။ ဖီးနစ်စိမ်းတပ်ဖွဲ့၏ သိုးဆေဘာနှင့် ရှဉ့်ပျံချပ်ဝတ်သည် မော်တယ်ပစ္စည်းများဖြစ်ပြီး ကျားဆေဘာနှင့် နွားရိုင်းနဂါးချပ်ဝတ်သည် မော်တယ်ပစ္စည်းများကြားမှာ ထိပ်တန်းအဆင့်တွင်ရှိလေသည်။

ထိုအထက်မှာ ရှန်းထျန်သက်ရှိများကိုင်ဆောင်သည့် စိတ်ဝိညာဉ်ပစ္စည်းများရှိသည်။ ဤပစ္စည်းအများစုကို ရှားရှားပါးပါးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး စိတ်ဝိညာဉ်စွမ်းအင်ပါဝင်ကြသည်။ သူတို့မှာ စိတ်ဝိညာဉ်ရှိပြီး အရမ်းကိုလျှို့ဝှက်ဆန်းကြယ်သည်။ ဤမြွေစိမ်းဓားပျံက ထိုကဲ့သို့သောစိတ်ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်သည်။

တာအိုတပည့်ဂိုဏ်းသားတစ်ဦးသည် ယွီရှုကျင့်ကြံမှုအဆင့်သို့ အောင်မြင်စွာရောက်ရှိမည်ဆိုလျှင် သူတို့သည် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုကို လက်ခံရရှိပေလိမ့်မည်။ သို့သော်လည်း မည်သည့်ဂိုဏ်းကိုမှဝင်မထားသည့်သူများက စိတ်ဝိညာဉ်ပစ္စည်းတစ်ခုကိုရရှိဖို့အတွက် အတော်လေးကြိုးစားအားထုတ်ရပေလိမ့်မည်။

ကောင်းကင်ဘုံသက်ရှိများကိုင်ဆွဲသည့် ရတနာပစ္စည်းများကတော့ သူ့အမည်အတိုင်းပင် အလွန်တရာတန်ဖိုးကြီးမားသည်။ ၎င်းမှာ စိတ်ဝိညာဉ်စွမ်းအင်နှင့် လျှို့ဝှက်နက်နဲသောတန်ခိုးများရှိနေ၏။

ရတနာများ၏ အထက်မှာ အင်မော်တယ်တစ်ပိုင်းပစ္စည်းများရှိနေ၏။ ချီရွှမ်းစုသည် ထိုကဲ့သို့သောပစ္စည်းမျိုးကို အရင် ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။ ကွေ့ကျန်းကျင့်ကြံမှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ပါရမီရှင်တစ်ဦးသည် ဘိုးဘေးကျောင်းတော်ထံမှ အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခု လက်ခံရရှိခဲ့သည်ဟုသာ သူကကြားဖူးထားခဲ့၏။ ထိုပါရမီရှင်သည် ကောင်းကင်ဘုံကိုတက်လှမ်းဖို့ ခြေတစ်လှမ်းသာလိုတော့လေသည်။

ထိုအထက်မှာ အင်မော်တယ်ပစ္စည်းများရှိနေပြီး သူတို့သည် သာမန်လူများ လက်လှမ်းမီနိုင်၊ သိရှိနိုင်သော အရာများ မဟုတ်တော့ပေ။ သူတော်စင် ၃၆ပါးမှာသာ ဤကဲ့သို့သောပစ္စည်းများရှိကောင်းရှိနိုင်သည်။

ချီရွှမ်းစုသည် ဓားပျံထိန်းချုပ်ခြင်းနည်းစနစ်နှင့်အတူ ဤဓားပျံကို ကျင့်ကြံဖို့ ကြိုးစားနေလေသည်။

All Chapters