အခန်း (၁၃၄၂-၁၃၄၄)
Vol. 90 Ch. 1342-1344
အခန်း (၁၃၄၂)
အသက်ရှင်နေသေးသော သေလူ
ဘရာမာပင်လယ် ကြယ်နယ်မြေအတွင်းမှ ချီဇွန်းနှင့် ကျန်နှစ်ဦးမှာ ထွက်ပြေးလာကြပြီးနောက် ၎င်းတို့၏ စိတ်အာရုံကို အသုံးပြု၍ နောက်ကွယ်ရှိ အခြေအနေကို အခါအားလျော်စွာ စစ်ဆေးခဲ့ကြသည်။ သို့သော် ထျန်းဟုန် ဧကရီ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့သဖြင့် သူတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
ထိုအခိုက်အတန့်တွင် နာကျည်းချက်များ ပြည့်နှက်နေသည့် မျက်နှာဖြင့် ချီရှီက
“ယဲ့ အကြီးအကဲချုပ်... ခင်ဗျား ကျုပ်တို့ကို တစ်ခုခု ရှင်းပြသင့်တယ်လို့ မထင်ဘူးလား”
“ရှနိုင်ငံမှာ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဧကရာဇ်တစ်ပါး ရှိနေတာကို ဘာလို့ ကျုပ်တို့ကို မပြောခဲ့တာလဲ။ ခင်ဗျားတို့ ယဲ့မိသားစုက ရှနိုင်ငံနဲ့ လက်ဝါးချင်းရိုက်ပြီး ကျုပ်တို့ ချင်းယွမ်နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား။”
ချီရှီ၏ မေးခွန်းများကြောင့် ယဲ့ဟုန်ယွမ်လည်း စိတ်ပျက်သွားမိသည်။ ရှနိုင်ငံအတွင်း သတ်ဖြတ်ခြင်းစွမ်းအားကို ကျွမ်းကျင်သော ဧကရာဇ်တစ်ပါး ရှိနေသည့် အကြောင်းကို သူကိုယ်တိုင်လည်း တကယ် မသိခဲ့ပေ။
အကယ်၍ ရှနိုင်ငံအတွင်း ထိုကဲ့သို့ သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါး ရှိနေမှန်းသာ သိခဲ့ပါက သူသည်လည်း ယဲ့မိသားစုကို ခေါ်ဆောင်၍ စောစောစီးစီး ထွက်ပြေးသွားမှာ ဧကန်မုချ ဖြစ်၏။ ရှနိုင်ငံကို တိုက်ခိုက်ရန်အတွက် လူများကို အဘယ့်ကြောင့် ခေါ်ဆောင်လာရမည်နည်း။
ရှနိုင်ငံအတွင်း ဝှက်ဖဲအချို့ ရှိနိုင်သည်ဟု သူ အစကတည်းက ခပ်ရေးရေး ခံစားခဲ့ရခြင်းက အံ့သြစရာ မဟုတ်တော့ပေ။ သို့သော်လည်း ၎င်းတို့၏ ဝှက်ဖဲက ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုး ဖြစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ယဲ့ဟုန်ယွမ် ဘာမှမပြောနိုင်သေးမီမှာပင် ချီဇွန်းက ဘေးမှ ဝင်ပြောလိုက်သည်။
“ယဲ့ အကြီးအကဲချုပ်... ဒီတစ်ခေါက်တော့ ခင်ဗျားတို့ ယဲ့မိသားစုကြောင့် ကျုပ်တို့ ချင်းယွမ်နိုင်ငံ တော်တော် အထိနာသွားပြီ။”
ယဲ့ဟုန်ယွမ်က သက်ပြင်းချကာ
“စိတ်ချပါ ချီ အကြီးအကဲချုပ်... ကျုပ် ယဲ့မိသားစုကို ပြန်ရောက်တာနဲ့ ချင်းယွမ်နိုင်ငံအတွက် လျော်ကြေးပေးဖို့ နည်းလမ်းတစ်ခုခု ရှာပါ့မယ်။”
“ရှနိုင်ငံမှာ အဲ့ဒီလို လူမျိုးရှိနေတာကို ကျုပ်လည်း တကယ်ပဲ ကြိုမသိခဲ့တာပါ။ သိခဲ့ရင် ရှနိုင်ငံကို တိုက်ခိုက်ဖို့ ခင်ဗျားတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။”
ယဲ့ရှင်းတန်က ဆက်လက်၍ ညည်းတွားလိုက်သည်။
“ဒီလို အရိုင်းအစိုင်း ကြယ်နယ်မြေထဲမှာ သတ်ဖြတ်ခြင်းလမ်းစဉ်နဲ့ ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့သူ ရှိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။”
ချီဇွန်းကလည်း
“တစ်ဖက်လူက ဒီအတိုင်း ပြီးသွားတာလည်း ဖြစ်နိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကတော့ သူတို့ကို သွားပြီး ရန်စမိသွားပြီ။”
ထိုသို့ပြောပြီးနောက် ချီဇွန်းက သူတို့၏ အနောက်ကို စိတ်အာရုံဖြင့် ထပ်မံ စစ်ဆေးကြည့်လိုက်ရာ ထျန်းဟုန် ဧကရီ တကယ်လိုက်မလာတော့ကြောင်း တွေ့လိုက်ရသည်။ ထိုအခါမှ သူ သက်ပြင်းချနိုင်သွားပြီး
“တော်သေးတာပေါ့... အဲ့ဒီမိန်းမ လိုက်မလာလို့”
သို့သော်လည်း ချီဇွန်း၏ အသံအဆုံးမှာပင် သူတို့၏ စိတ်ထဲ မရဏ အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ၎င်းတို့၏ ရှေ့မှောက်၌ ဓားစွမ်းအားတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
အန္တရာယ်ကို အာရုံခံမိလိုက်သည်နှင့် သူတို့သုံးဦးလုံး ချက်ချင်း ရှောင်တိမ်းလိုက်ကြသည်။
ထိုအခါ သူတို့ရှိနေခဲ့သော နေရာသို့ ဓားစွမ်းအား ဖြတ်သန်းသွားပြီး အနောက်ရှိ နတ်လှေများကို ဓားစွမ်းအားက ချက်ချင်းပင် နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။ ချင်းယွမ်နိုင်ငံနှင့် ယဲ့မိသားစုမှ ပါလာသည့် ကျင့်ကြံသူ အမြောက်အမြားမှာလည်း ထိုတိုက်ခိုက်မှုတစ်ချက်တည်းဖြင့် သေဆုံးသွားကြ တော့သည်။
ကံကောင်းထောက်မသဖြင့် အသက်ရှင်ကျန်ရစ်သူများပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။
ထိုအခိုက်အတန့်တွင် ဓားစွမ်းအား ထွက်ပေါ်လာသည့် နေရာ၌ ကြီးမားသော အာကာသ အက်ကြောင်းကြီးတစ်ခု ပေါ် ပေါက်လာသည်။ ထို့ပြင် ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည့် အနီရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး အာကာသ အက်ကြောင်းထဲမှ ထွက်ပေါ်လာသည်။
ထျန်းဟုန် ဧကရီ ဤမျှ မြန်မြန် လိုက်လာသည်ကို တွေ့လျှင် ချီဇွန်းနှင့် ကျန်နှစ်ဦး ထိတ်လန့်သွားကြပြန်သည်။ သတ်ဖြတ်ခြင်းစွမ်းအားကို ကျွမ်းကျင်သည့် ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း သူတို့ ကောင်းစွာသိထားကြသည်။
ချီဇွန်း သတိပြန်ဝင်လာသည်နှင့် ချီရှီနှင့် ယဲ့ဟုန်ယွမ်တို့ကို အမြန် အော်ဟစ် သတိပေးလိုက်သည်။
“သူက ကျုပ်တို့ကို လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။ ကျုပ်တို့ အသက်ရှင်ချင်ရင်
အသေအကြေ တိုက်ရမယ်။ ဘာမှ ချန်မထားနဲ့... တိုက်ကွက်အကုန်ထုတ်သုံးကြ။”
ထိုစကားများနှင့်အတူ ချီဇွန်းက သူ၏ နိယာမ ပုံရိပ်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ယဲ့ဟုန်ယွမ်နှင့် ချီရှီတို့ကလည်း ၎င်းတို့၏ ဧကရာဇ် နိယာမ ပုံရိပ်များကို ထုတ်ဖော်လိုက်ကြသည်။
ထိုသုံးဦးမှာ ထွက်ပြေးရန် အစီအစဉ်မရှိတော့ကြောင်း တွေ့လျှင် ထျန်းဟုန် ဧကရီထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းစွမ်းအားက ပတ်ဝန်းကျင် အာကာသတစ်ခုလုံးကို ချက်ချင်း ချိပ်ပိတ်လိုက်သည်။ သူမသည် သူမ၏ နိယာမ ပုံရိပ်ကိုပင် အသုံးမပြုပဲ ချီဇွန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။
ချီဇွန်းက
“တောင်ဖြိုလက်သီး”
ဟု အလန့်တကြား ကြွေးကြော်လိုက်သည်။
ထျန်းဟုန် ဧကရီသည် မည်သည့် ခံစားချက်မှ မရှိသော မျက်နှာဖြင့် ကောင်းကင်မှ နိယာမ ပုံရိပ်ကို ကြည့်လိုက်၏။ ထို့နောက် သူမ ဧကရာဇ်ဓားကို ဝှေ့ယမ်း၍ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုကို လုပ်လိုက်သည်နှင့် နိယာမ ပုံရိပ်လည်း သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေသည့် ဓားစွမ်းအားကြောင့် တိုက်ရိုက် ချေဖျက်ခံလိုက်ရသည်။
၎င်းကို မြင်လျှင် ချီဇွန်း တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာတော့သည်။ သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် ဧကရာဇ်ဖြစ်လာသူထံ၌ ဤမျှ ကြောက်စရာကောင်းသည့် အင်အား ရှိနေပါလားဟု သူ တွေးလိုက်မိသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုးနှင့် တွေ့ဆုံရခြင်းက မည်သို့သော ကံဆိုးမှုမျိုးနည်း။
သို့သော်လည်း ယခုအချိန်တွင် ဘာမှပြောနေ၍ မရတော့ပေ။ သူတို့ ထိုအမျိုးသမီးကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်မှသာလျှင် အသက်ရှင်မည် ဖြစ်၏။ မဟုတ်ပါက သူမ၏ လက်ချက်ဖြင့် အသက်ပျောက်ကိန်း ဆိုက်သွားရလိမ့်မည်။
ထို့နောက် ချီဇွန်းနှင့် ကျန်နှစ်ဦးလည်း ထျန်းဟုန် ဧကရီနှင့် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။ ဤတိုက်ပွဲတွင် သူတို့သုံးဦးစလုံး အလွန် ဖိနှိပ်ခံနေရကာ အသေအလဲ ခု ခံနေရသည်။ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများက လမ်းတစ်လျှောက်ရှိ ကမ္ဘာများကို တစ်ခုပြီးတစ်ခု ပျက်စီးသွားစေတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် စကြဝဠာ၏ အစွန်းပိုင်းသို့ ရောက်နေကြပြီး ထိုနေရာရှိ ကြယ်နယ်မြေများသည် သက်မဲ့နယ်မြေများ ဖြစ်ကြသည်။ မဟုတ်ပါက ထျန်းဟုန် ဧကရီလည်း သတ်ဖြတ်မှုများကို လုပ်ဆောင်မိပြီး သူမ၏ မိစ္ဆာအငွေ့အသက်များကို ပိုမို ပြင်းထန်လာစေမည်ဖြစ်သည်။
……
ရက်အနည်းငယ်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
လုချန်းသည် ဖေးဟုန် နတ်လှေ၏ ကုန်းပတ်ပေါ်တွင်ထိုင်ကာ အလင်းနှစ်ပေါင်းများစွာ ကွာဝေးသည့် နေရာတွင် ဖြစ်ပွားနေသည့် ပြင်းထန်သော တိုက်ပွဲကို ကြည့်နေသည်။
ပြင်းထန်သော တိုက်ပွဲအောက်တွင် ပေါက်ကွဲသွားသည့် ကမ္ဘာတစ်ခုစီတိုင်းသည် တောက်ပသည့် မီးရှူးမီးပန်းများကဲ့သို့ ဖြစ်နေသည်။
ဧကရာဇ်တစ်ပါး၏ အသက်စွမ်းအားက အလွန်ပင် ခိုင်မာလှပေသည်။ ထျန်းဟုန် ဧကရီသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျွမ်းကျင်သော်လည်း ဧကရာဇ်တစ်ပါးကို အပြီးသတ် သတ်ဖြတ်ရန် အချိန်ယူရမည်ဖြစ်သည်။ အထူးသဖြင့် ဧကရာဇ် သုံးဦးရှိနေသည့် ယခုလို အခြေအနေတွင် ဖြစ်၏။
လုချန်း လုံးဝ မလောပေ။ သူသည် ဤကြယ်နယ်မြေတွင် လဝက်ခန့် နေထိုင်ရန် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူက ပေထျန်းလုဘက်သို့ ခေါင်းအသာလှည့်ကာ
“အကြီးအကဲပေ... ဒီတိုက်ပွဲက ဘယ်လောက်အထိ ကြာမယ်လို့ ထင်သလဲ။”
ပေထျန်းလုက အလင်းနှစ် အနည်းငယ် အကွာတွင် ပေါက်ကွဲနေသည့် သက်ရှိကမ္ဘာများကို လှမ်းကြည့်ကာ
“ဧကရီရဲ့ အင်အားနဲ့ဆိုရင် ချီဇွန်းတို့ သုံးယောက် အင်အားကုန်ပြီး သေဆုံးသွားဖို့ တစ်လထက် ပိုမကြာနိုင်ပါဘူး”
ဟု တုံ့ပြန်လိုက်သည်။
လုချန်းက
“တစ်လလား... ဒါဆို သိပ်တော့ မကြာပါဘူး”
ထိုအချိန်တွင် အလင်းတန်းတစ်ခု ဖေးဟုန် နတ်လှေထံသို့ တိုက်ရိုက် ပြေးဝင်လာသည်။ ၎င်းကို မြင်လျှင် လုချန်း အံ့အားသင့်သွားမိသည်။
ယခုအချိန်တွင် တစ်စုံတစ်ယောက်က ဤဘက်သို့ အဘယ်ကြောင့် လာနေရတာလဲဟုလည်း သူ တွေးတောလိုက်သည်။
လုချန်း အတွေးလွန်နေစဉ်မှာပင် ဖေးဟုန် နတ်လှေ၏ ရှေ့သို့ ချီရှီ၏ နိယာမ ပုံရိပ်က ရောက်ရှိလာကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရက်အနည်းငယ်ကြာ တိုက်ခိုက်ပြီးနောက် သူတို့ ဧကရာဇ်သုံးပါး၏ အင်အားဖြင့် ထျန်းဟုန် ဧကရီကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း ချီဇွန်းနှင့် ကျန်သူများ ကောင်းစွာ သိသွားကြသည်။ ထို့ကြောင့် အခြား အစီအစဉ်တစ်ခုကို စဉ်းစားရတော့မည် ဖြစ်သည်။
ထျန်းဟုန် ဧကရီသည် ရှနိုင်ငံအတွင်း ပေါ်လာခြင်း ဖြစ်သောကြောင့် သူမနှင့် ရှနိုင်ငံ တည်ထောင်သူကြားတွင် ပတ်သက်မှု တစ်ခုခု ရှိကြောင်းသက်သေပြနေသည်။ အကယ်၍ သူတို့သာ ရှနိုင်ငံ တည်ထောင်သူကို တိုက်ရိုက် ထိန်းချုပ်နိုင်ပါက ထျန်းဟုန် ဧကရီကို ရပ်တန့်ရန် ဖိအားပေးနိုင်လိမ့်မည်။
ထို့ကြောင့် ချီဇွန်းနှင့် ယဲ့ဟုန်ယွမ်တို့က ထျန်းဟုန် ဧကရီကို အစွမ်းကုန် ဟန့်တားထားကြပြီး ချီရှီကတော့ လုချန်းထံသို့ ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။
ချီရှီက လုချန်းကို တိုက်ခိုက်ရန် ပြင်နေသည်ကို တွေ့လျှင် ပေထျန်းလုလည်း ဖေးဟုန် နတ်လှေမှ အမြန် ထွက်လာလိုက်သည်။ ထို့နောက် သူ၏ နိယာမ ပုံရိပ်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး လက်ဝါးဖြင့် ပြန်လည် ရိုက်ထုတ်လိုက်သည်။
လက်ဝါးရိုက်ချက် နှစ်ခု ဟင်းလင်းပြင်ထဲတွင် ထိတွေ့မိသွားချိန် ဖြစ်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအား လှိုင်းများက ဖေးဟုန် နတ်လှေကို ကီလိုမီတာ အနည်းငယ် အကွာသို့ တွန်းထုတ်လိုက်သည်။
သို့သော်လည်း ဖေးဟုန် နတ်လှေသည် ဧကရာဇ်အဆင့် နတ်လှေ ဖြစ်၏။ တိုက်ပွဲ၏ အရှိန်ကြောင့် ထိခိုက်ရန် ဝေးစွ ချီရှီ၏ တိုက်ရိုက် လက်ဝါးချက်ကပင် ၎င်းကို ပျက်စီးစေနိုင်မည် မဟုတ်ပေ။
သူ၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သူက ပေထျန်းလု ဖြစ်နေကြောာင်းတွေ့လျှင် ချီရှီ အံ့သြမှင်တက်သွားတော့သည်။
ဤနေရာတွင် ပေထျန်းလုကို တွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထို့ပြင် ပေထျန်းလုသည် သူ၏ အင်အားများကို ပြန်လည် ရရှိထားသည့် ပုံပေါ်နေပြီး သူ၏ ကိုယ်ပေါ်ရှိ သေမင်းအငွေ့အသက်များလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ပေထျန်းလုသည် သေခါနီး လူတစ်ယောက် ဖြစ်၏။ မည်သူက သူ့ကို ကုသပေးနိုင်ပါမည်နည်း။
ချီရှီက မယုံကြည်နိုင်စွာဖြင့်
“ခင်ဗျား... ဘယ်လိုဖြစ်လို့ အသက်ရှင်နေနိုင်သေးတာလဲ”
ပေထျန်းလုသည် အလွန် အစွမ်းထက်သောကြောင့် ချင်းယွမ်နိုင်ငံက အစကတည်းက ချီယွဲ့နိုင်ငံကို မတိုက်ခိုက်ပဲ နေခဲ့ခြင်း ဖြစ်သည်။ ပေထျန်းလု တစ်ယောက်တည်းကပင် ချင်းယွမ်နိုင်ငံမှ ဧကရာဇ်သုံးပါးကို ယှဉ်ပြိုင်ရန် လုံလောက်သည်။
ပေထျန်းလုသာ သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်မနေပါက ချီယွဲ့နိုင်ငံကို တိုက်ခိုက်ရန် သူတို့ ကြိုးစားမည် မဟုတ်ပေ။ ယခုတော့ ပေထျန်းလုသည် သေဆုံးသွားခြင်း မရှိရုံသာမက သေမင်းအငွေ့အသက်များကိုပါ ဖယ်ရှားနိုင်ခဲ့ကာ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျွမ်းကျင်သည့် ဧကရာဇ်တစ်ပါးနှင့် ပေထျန်းလုတို့ ရှိနေသည့် အခြေအနေတွင် သူတို့၌ မည်သည့် အခွင့်အရေးများ ကျန်ရှိပါဦးမည်နည်း။
ထိုအခိုက်အတန့်တွင် ချီရှီ၏ စိတ်နှလုံးထဲ၌ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွား တော့သည်။ ရှနိုင်ငံ တည်ထောင်သူကို ထိန်းချုပ်ခြင်းဖြင့် ထျန်းဟုန် ဧကရီကို ရပ်တန့်ရန် ဖိအားပေးနိုင်မည်ဟု အစက ထင်ခဲ့ကြသော်လည်း ထိုအရာက သူတို့၏ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ကြောင်း ထင်ရှားနေပေသည်။
အခန်း (၁၃၄၃)
ယဲ့ဟုန်ယွမ်၏ နောက်ထပ် နတ်စွမ်းရည်တစ်ခု
ချီရှီက သူ့ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လျှင် ပေထျန်းလုက ပြုံးလိုက်ပြီး
“ဘာလဲ... ဒီအဘိုးကြီး အသက်ရှင်နေတာကို တွေ့တော့ မင်း မပျော်သွားဘူးလား။”
ချီရှီလည်း သတိပြန်ဝင်လာပြီး တွန့်ဆုတ်မနေပဲ သူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် လောင်မြိုက်စေလိုက်သည်။ သူတို့သည် ရှနိုင်ငံ တည်ထောင်သူကို မဖမ်းဆီးနိုင်ပါက ဤနေရာ၌ အားလုံး သေကြရမည် ဖြစ်သည်။ သို့သော် ထိုသို့ မဖြစ်မီ ပေထျန်းလုကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းကို သူ ရှာရပေမည်။
ပေထျန်းလုကို ထိပ်တိုက်ရင်ဆိုင်ရန် သူ ရည်ရွယ်မထားပေ။ ပေထျန်းလုသည် သူ၏ အကောင်းဆုံး အချိန်များတွင် ချင်းယွမ်နိုင်ငံမှ ဧကရာဇ်သုံးပါးကို ယှဉ်ပြိုင်နိုင်ခဲ့သူ ဖြစ်သည်။ ယခု ပေထျန်းလုထံမှ သေမင်းအငွေ့အသက်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ၏ အင်အား အပြည့်အဝ ပြန်မရသေးသော်လည်း ချီရှီ တစ်ယောက်တည်းနှင့်တော့ သူ့ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ချီရှီ၏ ကိုယ်ပေါ်တွင် ခရမ်းရောင် မီးလျှံများ လောင်မြိုက်နေသည်ကို မြင်လျှင် ချီရှီသည် သေရေးရှင်ရေး အခြေအနေကြောင့် သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေနေခြင်း ဖြစ်ကြောင်း ပေထျန်းလု ချက်ချင်း သိလိုက်သည်။ ပေထျန်းလုလည်း စဉ်းစားမနေတော့ပဲ လက်သီးတစ်လုံး ပစ်လွှတ်လိုက်တော့သည်။
“ကြယ်စင်မြစ်ဖြတ် လက်သီးချက်”
ပေထျန်းလု၏ လက်သီးချက်နှင့်အတူ ကြီးမားသော လက်သီးကြီး တစ်ခု ထွက်ပေါ်လာ၏။ ထိုလက်သီးကြီးသည် ရှေ့သို့ သွားလေလေ ပို၍ ကြီးမားလာလေလေ ဖြစ်၏။ ချီရှီလည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အသေဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှား၍ မရတော့ပေ။
လက်သီးချက်က သူ့ကို ရိုက်မိတော့မည့် ဆဲဆဲတွင်မှ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားမှ ချီရှီ ရုန်းထွက်နိုင်ခဲ့သည်။ ချက်ချင်းပင် သူ၏ လက်ဝါးဖြင့် ပြန်လည် ရိုက်ထုတ်ကာကွယ်လိုက်ရသည်။
လက်သီးချက်နှင့် လက်ဝါးရိုက်ချက်တို့ ထိတွေ့မိလျှင် သူ၏ နိယာမ ပုံရိပ်ကို ချီရှီ ရုတ်တရက် ရုတ်သိမ်းလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးရှိ ဖေးဟုန် နတ်လှေထံသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
သူ၏ ရည်မှန်းချက်က ရှနိုင်ငံ တည်ထောင်သူကို ထိန်းချုပ်ရန် ဖြစ်သည်။ ပေထျန်းလုနှင့် အင်အား ဖြုန်းတီးမနေနိုင်ပေ။
ချီရှီ၏ လှည့်ကွက်ကို ပေထျန်းလု ချက်ချင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူလည်း သူ၏ နိယာမ ပုံရိပ်ကို အမြန်ရုပ်သိမ်း၍ နောက်မှ လိုက်သွားလိုက်သည်။
ဧကရာဇ်တစ်ပါးအတွက် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ သွားခြင်းက မျက်စိတစ်မှိတ်စာမျှသာ ဖြစ်၏။ ထို့နောက် ဖေးဟုန် နတ်လှေ၏ ရှေ့တွင် ချီရှီ ချက်ချင်း ပေါ်လာပြီး သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေကာ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
ခရမ်းရောင် မီးလျှံများ လောင်မြိုက်နေသည့် ကြီးမားသော လက်ဝါးကြီးက ဖေးဟုန် နတ်လှေထံသို့ ရိုက်ချလိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ အာကာသလည်း ထိုကြီးမားသော စွမ်းအင်ကို မခံနိုင်တော့ပဲ အက်ကွဲသံများ ထွက်ပေါ်လာသည်။
ကြီးမားသော လက်ဝါးကြီး သူ့ထံသို့ လာနေသည်ကို မြင်သော်လည်း လုချန်းက အသာအယာ ပြုံးလိုက်ကာ ဖေးဟုန် နတ်လှေ၏ အာကာသ လွတ်မြောက်ခြင်း နည်းဗျူဟာကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။ နောက်တစ်ခဏတွင် ဖေးဟုန် နတ်လှေ ထိုနေရာ၌ပင် ပျောက်ကွယ်သွားတော့သည်။
ဖေးဟုန် နတ်လှေ ဤသို့ ပျောက်ကွယ်သွားသည်ကို မြင်လျှင် ချီရှီမှာ မှင်တက်သွားရပြန်သည်။
“ဒီနတ်လှေက ဘယ်လိုလုပ် ပျောက်သွားတာလဲ”
ဟု သူ တွေးလိုက်၏။
ဤကြယ်နယ်မြေရှိ အာကာသကို ထိုအမျိုးသမီး၏ သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ချိပ်ပိတ်ထားတာ မဟုတ်ပါလား။ သူကိုယ်တိုင်လည်း အာကာသကို ချိပ်ပိတ်ရန် စွမ်းအားကို အသုံးပြုခဲ့သည်။ နှစ်ထပ်ကွမ်း ချိပ်ပိတ်ထားသည့် ကြားမှ တစ်ဖက်လူက အာကာသကို ဖြတ်ကျော်သွားနိုင်စွမ်းရှိနေသေးသဖြင့် သူ မယုံနိုင်အောင် ဖြစ်နေသည်။
ဖေးဟုန် နတ်လှေသည် ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခု ဖြစ်ကြောင်း ချီရှီ မသိခဲ့ပေ။ ဧကရာဇ်တစ်ပါး၏ အာကာသ ချိပ်ပိတ်မှုကို ဖောက်ထွက်ရန်က ၎င်းအတွက် သေးငယ်သော ကိစ္စရပ်မျှသာ ဖြစ်သည်။ ချီရှီ၏ လက်ဝါးရိုက်ချက် အချည်းနှီး ဖြစ်သွားပြီးနောက် ပေထျန်းလုလည်း သူ၏ နောက်တွင် ပြန်ပေါ်လာတော့သည်။
ချက်ချင်းဆိုသလိုပင် ပေထျန်းလုက လက်သီးနှင့် ထိုးနှက်လိုက်ပြန်၏။
အနောက်မှ အန္တရာယ်ကို အာရုံခံမိလျှင် ချီရှီ သတိပြန်ဝင်လာပြီး ပေထျန်းလု၏ တိုက်ကွက်ကို အမြန် ရှောင်လိုက်သည်။ သီသီလေး ရှောင်နိုင်ခဲ့သော်လည်း ပေထျန်းလု၏ တားဆီးမှုကို ချီရှီ ထပ်မံ ခံလိုက်ရပြီး နှစ်ဦးသား ဆက်လက် တိုက်ခိုက်နေကြပြန် တော့သည်။
……
တစ်ဖက်တွင်။
အလင်းနှစ်တစ်နှစ်ခန့် အကွာ။
ဖေးဟုန် နတ်လှေပေါ်၌ ဖြစ်၏။
လုချန်းသည် ထိုင်ခုံပေါ်တွင် ထိုင်ကာ အဝေးရှိ ဟင်းလင်းပြင်ထဲမှ တိုက်ပွဲများကို ငြိမ်သက်စွာ ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် ပိုင်ချင်းချင်း လုချန်း၏ နောက်မှ ချဉ်းကပ်လာကာ သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် လုချန်း၏ ပခုံးများကို နှိပ်နယ်ပေးနေ၏။
ဤဧကရာဇ်များ တိုက်ပွဲတွင် ပေထျန်းလု ပါဝင်လာပြီ ဖြစ်သဖြင့် မကြာမီ ပြီးဆုံးတော့မည်ဟု လုချန်း ယုံကြည်ထားသည်။ တကယ်တော့ ထျန်းဟုန် ဧကရီသာ အစွမ်းကုန် တိုက်ခိုက်ပါက ချီဇွန်းနှင့် ကျန်သူများ ကြာရှည်ခံမည် မဟုတ်ပေ။
ထျန်းဟုန် ဧကရီက တိုက်ပွဲကို အရသာခံ ဆင်နွှဲနေချင်၍ အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။ ထိုတိုက်ပွဲ သူမ မြန်မြန် မပြီးဆုံးသွားစေလိုပေ။
ယခုအချိန်တွင် ချီဇွန်းနှင့် သူ၏ အပေါင်းအပါများ အလွန် စိတ်ပျက်အားငယ်နေကြပြီ ဖြစ်သည်။ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သော်လည်း ထျန်းဟုန် ဧကရီ၏ လက်ထဲမှ သူတို့ မလွတ်မြောက်နိုင်ကြပေ။ ထို့ပြင် သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားက ပတ်ဝန်းကျင် ကြယ်နယ်မြေကို ချိပ်ပိတ်ထားပြီး ယခု သူတို့သူမ၏ သတ်ဖြတ်ခြင်း နယ်ပယ်ထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သတ်ဖြတ်ခြင်းစွမ်းအားကို ထိန်းချုပ်ထားသည့် ဧကရာဇ်တစ်ပါး၏ ပစ်မှတ်ထားခြင်းကို ခံရလျှင် တစ်ဖက်လူထက် အင်အား အဆပေါင်းများစွာ သာလွန်မှသာလျှင် လွတ်မြောက်ရန် အခွင့်အရေး ရှိပေမည်။
ဤအချိန်တွင် ယဲ့ဟုန်ယွမ်လည်း ဆက်လက် မတောင့်ခံနိုင်တော့ပဲ ယဲ့မိသားစု၏ ဝှက်ဖဲကို အသုံးပြုရတော့သည်။ အခြား နည်းလမ်းမရှိတော့သည့် အခြေအနေမျိုးမှလွဲ၍ သူတို့ မိသားစု၏ ဝှက်ဖဲကို သူ မသုံးလိုပေ။
သို့သော် ယခုက တကယ်ပင် နောက်ဆုံး အခြေအနေ ဖြစ်နေပြီ ဖြစ်၏။ သူ ဤနေရာတွင် လုံးဝ အသေမခံနိုင်ပေ။ တစ်နေ့တွင် ပင်မမိသားစုထံ ပြန်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။
သူသည် နောက်ဆုံးတွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ပြီ မဟုတ်ပါလား။
ပင်မမိသားစုထံ ပြန်တော့မည့် ဆဲဆဲတွင် ဤနေရာ၌ မည်သို့ အသေခံနိုင်ပါမည်နည်း။
ထိုအခိုက်အတန့်တွင် ကြီးမားသော ရွှေရောင် ရတနာအိုးကြီးတစ်ခု ဟင်းလင်းပြင်၌ ပေါ်လာကာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ ထို့နောက် ဟင်းလင်းပြင်ထဲမှ မရေမတွက်နိုင်သော ရွှေဒင်္ဂါးများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများက ရတနာအိုးထဲသို့ ပျံဝင်သွားကြသည်။
ဤအံ့အားသင့်ဖွယ် နတ်စွမ်းရည်ကို မြင်လျှင် ထျန်းဟုန် ဧကရီပင်လျှင် ချီဇွန်းကို လိုက်လံ တိုက်ခိုက်နေခြင်းမှ ရပ်တန့်လိုက်သည်။ ယဲ့ဟုန်ယွမ်က နောက်ထပ် မည်သို့သော နတ်စွမ်းရည်ကို အသုံးပြုမလဲ ဆိုတာကို သူမ အလွန် သိချင်နေသည်။ ထို့ပြင် သူမ ကိုယ်တိုင် မြင်တွေ့လိုလှသည်။
ထို့အတူပင် အလင်းနှစ် အနည်းငယ် အကွာရှိ လုချန်းကလည်း ထိုကြီးမားသော ရတနာအိုးကြီးကို အာရုံစိုက်ကာ ကြည့်နေသည်။
ထိုစဉ် ယဲ့ဟုန်ယွမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“ချမ်းသာကြွယ်ဝမှုနဲ့ အသက်ကို လဲလှယ်မယ်”
ထိုစကားများ အဆုံးတွင် ရတနာအိုးသည် အနက်ရောင် ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ယဲ့ဟုန်ယွမ်ကို ချက်ချင်းပင် စုပ်ယူသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဟုန်ယွမ် လုံးဝ ပျောက်ကွယ်သွားတော့၏။ သူ၏ အငွေ့အသက်များပင် မကျန်တော့ပေ။ ဤကြယ်နယ်မြေထဲတွင် သူ လုံးဝ မရှိခဲ့ဖူးသည့်အတိုင်းပင် ဖြစ်သည်။
ဒါက...
ထိုအချင်းအရာကို မြင်လျှင် အားလုံး အံ့အားသင့်သွားကြသည်။ ထျန်းဟုန် ဧကရီပင်လျှင် ခဏခန့် ကြောင်အသွား၏။ ယဲ့ဟုန်ယွမ်က ပြင်းထန်သော တိုက်ခိုက်ရေး နတ်စွမ်းရည် တစ်ခု အသုံးပြုတော့မည်ဟု အားလုံးက ထင်ခဲ့ကြသည်။
သို့သော် ယဲ့ဟုန်ယွမ်က ထွက်ပြေးသွားခြင်းသာ ဖြစ်၏။
ယဲ့ဟုန်ယွမ် ထွက်ပြေးသွားသည်ကို မြင်လျှင် ချီဇွန်း ဒေါသထွက်အလွန်သွားသည်။
“ဒီလူက ငါတို့ကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးသွားတာပဲ”
ဟု သူ တွေးလိုက်သည်။
အနည်းဆုံးတော့ သူ့ကိုပါ ခေါ်သွားသင့်သည် မဟုတ်ပါလား။ သူတို့ ယဲ့မိသားစု၏ လှည့်စားခြင်းကို ခံလိုက်ရသည်ဟု ချီဇွန်း ပို၍ ခံစားလာရသည်။
ကုန်သည် မိသားစုဖြစ်သည့် ယဲ့မိသားစုတွင် ကျယ်ပြန့်သော သတင်းအချက်အလက် ကွန်ယက်များ ရှိသည်။ ရှနိုင်ငံတွင် သတ်ဖြတ်ခြင်းစွမ်းအားကို ကျွမ်းကျင်သည့် ဧကရာဇ်တစ်ပါး ရှိနေတာကို သူတို့ လုံးဝ မသိနိုင်ဟု သူ မယုံကြည်ပေ။
ယဲ့မိသားစု၏ လှည့်စားမှုကို ခံလိုက်ရသည်ဟူသော အတွေးက ချီဇွန်းကို ပို၍ ဒေါသထွက်လာစေသည်။ သို့သော် ယခုအချိန်တွင် သူ့အတွက် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။
ချီဇွန်း ရုတ်တရက် အော်ဟစ်လိုက်သည်။
“ဒါကို သည်းမခံနိုင်တော့ဘူး”
ထိုစကားနှင့်အတူ ချီဇွန်း၏ အကြည့်က ထျန်းဟုန် ဧကရီထံသို့ ကျရောက်သွားကာ သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေလိုက်၏။
“မင်းက ငါ့ကို လွှတ်မပေးဘူးဆိုမှတော့ ငါသေရင်တောင် မင်းကို အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး။”
ချီဇွန်းက အသေခံ တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီ၏ သတ်ဖြတ်ခြင်းစွမ်းအားများ ပို၍ လှုပ်ရှားလာတော့သည်။ ချီဇွန်းက စိတ်ဝိညာဉ်ကို လောင်မြိုက်စေပြီး တိုက်ခိုက်လာမှာကို သူမ လုံးဝ စိတ်မပူပေ။
ဆန့်ကျင်ဘက်အားဖြင့် သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် ဧကရာဇ်ဖြစ်လာသူများအတွက် အကြောက်ရဆုံး ရန်သူမှာ အလွန် အင်အားနည်းသော ရန်သူသာ ဖြစ်သည်။
ရန်သူက ပို၍ အားကောင်းလေလေ သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်တစ်ပါးက သတ်ဖြတ်ခြင်းစွမ်းအားကို ပိုထုတ်လွှတ်နိုင်လေလေ ဖြစ်၏။
သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်များကို အဘယ်ကြောင့် ရူးသွပ်သူများဟု ခေါ်ကြသနည်း။
အဘယ်ကြောင့်ဆိုသော် သတ်ဖြတ်ခြင်းစွမ်းအားကို ထိန်းချုပ်ထားသူများသည် သတ်ဖြတ်ခြင်းကိုသာ လုပ်ဆောင်ရုံမက သတ်ဖြတ်ခြင်းဖြစ်စဉ်ကိုလည်း ပျော်မွေ့ကြသောကြောင့် ဖြစ်သည်။
အထူးသဖြင့် သူတို့၏ ရန်သူများ အသက်ရှင်ရန် ရုန်းကန်နေကြပုံကို မြင်ရလျှင် သူတို့ ပို၍ စိတ်လှုပ်ရှားလာတတ်ကြသည်။ ထျန်းဟုန် ဧကရီသည် လုချန်း၏ ဖိနှိပ်မှုကို နှစ်နှင့်ချိီ ခံခဲ့ရသည်။ နောက်ဆုံးအကြိမ် ပေထျန်းလုနှင့် တိုက်ခိုက်စဉ်ကလည်း ပေထျန်းလုသည် လုချန်း၏ လက်အောက်ခံ ဖြစ်နေတာကို ထည့်တွက်ကာ အစွမ်းကုန် မတိုက်ခိုက်ခဲ့ပေ။ ထို့ကြောင့် တိုက်ပွဲအရသာကို သူမ အပြည့်အဝ မခံစားခဲ့ရပေ။
သို့သော် ယခုတစ်ကြိမ်တွင်တော့ မတူတော့ပေ။ ယခုတစ်ကြိမ်တွင် သူမ ရင်ဆိုင်နေရသူများက လုချန်း၏ ရန်သူများ ဖြစ်ကြသည်။
သူမ အနေနှင့် ၎င်းတို့ကို စိတ်ကြိုက် နှိပ်စက်နိုင်၏။ လုချန်းကလည်း တစ်ခွန်းမှ ပြောမည် မဟုတ်ပေ။
ရုတ်တရက် ထျန်းဟုန် ဧကရီ၏ မျက်လုံးသူငယ်အိမ်များ သွေးကဲ့သို့ နီရဲသွားသည်။ သူမ၏ လက်ထဲမှ ဧကရာဇ်ဓားသည်လည်း မရေမတွက်နိုင်သော ဓားများအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲတွင် ပျံဝဲနေ၏။ ထိုနောက် ထိုဧကရီ ဓားပွားများက ချီဇွန်းကို လုံးဝ ဝိုင်းရံထားလိုက်ကြတော့သည်။
……………
အခန်း (၁၃၄၄)
ချီရှီ သစ္စာခံခြင်း
ချီဇွန်းက သူ၏ နိယာမ ပုံရိပ်ကို ထိန်းချုပ်၍ သူ့ကို ဝိုင်းရံထားသည့် ဓားများကို ခြေမှုန်းလိုက်၏။ ထို့နောက် သူ၏ ပင်မခန္ဓာက ထျန်းဟုန် ဧကရီထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
လွတ်မြောက်ရန် မဖြစ်နိုင်တော့သည့် အဆုံး ထွက်မပြေးရန် ချီဇွန်း ဆုံးဖြတ်လိုက်၏။ ထျန်းဟုန် ဧကရီနှင့်အတူ သူ့ကိုယ်သူ အဆုံးစီရင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
နှစ်ဦးစလုံး ဧကရာဇ်အဆင့်နှစ်တွင် ရှိနေကြသည်။ သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေပါက ထျန်းဟုန် ဧကရီကို တစ်ခုခု မလုပ်နိုင်ဟု သူ မယုံကြည်ပေ။
အသေအလဲ တိုက်ခိုက်နေပုံ ပေါ်သော်လည်း ကြီးမားသော ဘေးအန္တရာယ်ကြီး ဆိုက်ရောက်တော့မည့် အခြေအနေတွင် မည်သည့် ဧကရာဇ်မှ ဒဏ်ရာမရလိုကြဟု ချီဇွန်းယုံကြည်၏။ ထို့ကြောင့် သူ့တွင်မျှော်လင့်ချက် အနည်းရှိနေသေးသည်ဟု သူတွေးထားသည်။
အဆင့်နှစ် ဧကရာဇ်တစ်ပါး အနေနှင့် သူ၏ စိတ်ဝိညာဉ်ကို အဆုံးစီရင်လိုက်ပါက ထိုအမျိုးသမီးကို တစ်နည်းနည်းနှင့်တော့ ထိခိုက်မှု ဖြစ်စေမည် ဖြစ်၏။
ထိုရူးသွပ်နေသည့် အမျိုးသမီးက သူ အဆုံးစွန် အထိစိတ်ပိုင်းဖြတ်ထားတာကို မြင်လျှင် ကြောက်ရွံ့သွားကာ လိုက်လံမတိုက်ခိုက်တော့ပဲ ရပ်တန့်သွားနိုင်သည်။
ထင်ရှားတာတစ်ခုကတော့ ချီဇွန်း အလွန်ပင် ရိုးအ နေခြင်းဖြစ်၏။ တကယ်တော့ သူအဆုံးစီရင်မှာကို ထျန်းဟုန် ဧကရီ နည်းနည်းမှ စိုးရိမ်ခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေနှင့် ဧကရာဇ်တစ်ပါးကို အဆုံးစီရင်ရန် ဖိအားပေးခြင်းက သူမ အနှစ်သက်ဆုံး အရာ ဖြစ်ပေသည်။ သူမသည် ရန်သူများ၏ မျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုများကို ကြည့်ကာ ပျော်မွေ့နေတတ်သူဖြစ်သည်။
ထျန်းဟုန် ဧကရီသည် အနီရောင် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားကာ ချီဇွန်း၏ နိယာမ ပုံရိပ်ရှေ့တွင် ချက်ချင်း ပေါ်လာပြီး ဧကရီဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အကြိမ်များစွာ ခုတ်ပိုင်းလိုက်သည်။ သူမ၏ တိုက်ခိုက်မှုတိုင်းတွင် သတ်ဖြတ်ခြင်းစွမ်းအားများ ပြည့်နှက်နေလျက်ရှိသည်။
သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေထားသော်လည်း ထျန်းဟုန် ဧကရီ၏ မြန်ဆန်လှသော တိုက်ခိုက်မှုများကို ချီဇွန်း ခုခံရုံသာ တတ်နိုင်တော့သည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီက သူမ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ကာ ချက်ချင်းပင် လေထဲတွင် ပျံဝဲနေသည့် ဓားများထဲမှ တစ်လက်က သူမ၏ လက်ထဲသို့ ပျံဝင်လာ၏။ ထို့နောက် ထိုဓားကို ဆုပ်ကိုင်ကာ ဝှေ့ယမ်းလိုက်ပြန်သည်။
ထျန်းဟုန် ဧကရီသည် ဓားစွမ်းအား ထုတ်လွှတ်လိုက်ပြီးသည်၏ ဟင်းလင်းပြင်ထဲတွင် ထပ်မံ ပျံဝဲနေပြန်သည်။
ထို့နောက် အရင်နည်းအတိုင်းပင် ပျံဝဲနေသော ဓားများထဲမှ တစ်လက်ကို ဆုပ်ကိုင်ကာ ဝှေ့ယမ်း၍ ဓားစွမ်းအားကို ထုတ်လွှတ်နေ၏။
ဓားစွမ်းအား ထုတ်လွှတ်လိုက်သည့် ဓားပွားများသည် ထျန်းဟုန် ဧကရီ ထည့်သွင်းလိုက်သည့် သတ်ဖြတ်ခြင်းစွမ်းအားကို ခံနိုင်ပုံ မရပေ။ သူမ ပြန်လွှတ်လိုက်သည်နှင့် ထိုဓားပွား ပျောက်ကွယ်သွား၏။
ထျန်းဟုန် ဧကရီ အဘယ်ကြောင့် ဤသို့လုပ်ရသည်ကို အဝေးမှကြည့်နေသော လုချန်းလည်း ချက်ချင်းပင် နားလည်သွား၏။ သူမ ထည့်သွင်းလိုက်သည့် သတ်ဖြတ်ခြင်းစွမ်းအားသည် အလွန် ပြင်းထန်လှသဖြင့် ဧကရီ ဓားပင် တောင့်မခံနိုင်ပေ။
ထို့ကြောင့် ထျန်းဟုန် ဧကရီသည် အစကတည်းက ဟင်းလင်းပြင်ထဲတွင် ဧကရီ ဓားပွားများကို ဖန်တီးလိုက်ခြင်း ဖြစ်၏။ ထိုနည်းဖြင့် တိုက်ခိုက်နေစဉ်အတွင်း တစ်လက်ချင်း ဆုပ်ကိုင်ကာ ဓားစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
သို့သော် ထိုဓားများသည် ဓားပွားများ ဖြစ်သဖြင့် ထျန်းဟုန် ဧကရီ၏ စိတ်ဝိညာဉ်စွမ်းအားကြောင့် ပျက်စီးသွားသော်လည်း ဧကရီဓားကိုတော့ မထိခိုက်စေပေ။
ဧကရီဓားသည် ထျန်းဟုန် ဧကရီနှင့် တကယ်ပင် လိုက်ဖက်လှသည်။
ထျန်းဟုန် ဧကရီ ဓားစွမ်းအားကို ဝှေ့ယမ်းနေစဉ် သူမ ကိုယ်ပေါ်မှ မိစ္ဆာ အငွေ့အသက်များသည် သွေးနီရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွား၏။ သူမ၏ အနီရောင် ဝတ်စုံကလည်း တဖြည်းဖြည်း မှောင်လာသည်။
ထိုအချင်းအရာကို မြင်တွေ့ရသောအခါ ချီဇွန်း၏ စိတ်နှလုံးထဲ ကြောက်ရွံ့မှုများ အဆက်မပြတ် တိုးပွားလာ၏။
ထျန်းဟုန် ဧကရီ၏ ဓားစွမ်းအားကို သူ မတားဆီးနိုင်ပေ။ ဟင်းလင်းပြင်ထဲတွင် ဓားအမြောက်အမြား ရှိနေသဖြင့် သူမ အဆက်မပြတ်ထုတ်လွှတ်နေသော ဓားစွမ်းအားများကို ဆက်တိုက်ခုခံနေပါက သူ မည်သို့မှ အကောင်းအတိုင်း ရှိနေနိုင်တော့မည် မဟုတ်ကြောင်း သိနေသည်။
ချီဇွန်း စိတ်ထဲ နာကျည်းမှုများ ခံစားလိုက်ရ၏။ အဆင့်နယ်ပယ်တူတူတွင် ရှိနေပြီး စိတ်ဝိညာဉ်ကို လောင်မြိုက်စေထားသည့်တိုင် ထျန်းဟုန် ဧကရီ၏ ဓားစွမ်းအားငယ်များကိုပင် သူ ဘာကြောင့် မတောင့်ခံနိုင်ရသနည်း။
သတ်ဖြတ်ခြင်းစွမ်းအားရှိသော ဧကရာဇ်တစ်ပါးက တကယ်ပင် ဤမျှ အစွမ်းထက်သလား။
သူ အတွေးလွန်နေစဉ်အတွင်း ထျန်းဟုန် ဧကရီ၏ ဓားစွမ်းအားသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး ချီဇွန်း၏ နိယာမ ပုံရိပ်ပေါ်တွင်လည်း မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာ၏။
သို့သော် ထူးခြားသည်က ထျန်းဟုန် ဧကရီသည် ယခုအချိန်အထိ သူမ၏ နိယာမ ပုံရိပ်ကိုပင် ထုတ်မသုံးရသေးပေ။ သူမ၏ ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်သာ ချီဇွန်းကို အဆုံးစွန် အနေအထားအထိ တွန်းပို့ခဲ့ခြင်းဖြစ်သည်။
စိတ်ဝိညာဉ်ကို လောင်မြိုက်စေခြင်းကပင် ထျန်းဟုန် ဧကရီကို မယှဉ်နိုင်ကြောင်း သိမြင်လာသောအခါ ချီဇွန်း အလွန် စိတ်ပျက်အားငယ်သွားကာ အော်ဟစ်လိုက်သည်။
“ယဲ့မိသားစု... မင်းတို့ ငါ့ကို လှည့်စားခဲ့တယ်”
ထို့နောက် သူ၏ ကိုယ်တွင်းမှ စွမ်းအားများ စုစည်းသွားကာ အဝေးသို့ ပြေးထွက်သွားသည့် မရေမတွက်နိုင်သော သွေးမျိုးဆက်များ အဖြစ် ပြောင်းလဲသွားတော့၏။
နောက်တစ်ခဏတွင် ချီဇွန်း၏ တစ်ကိုယ်လုံး၌ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာပြီး အပြာရောင် အလင်းများ ထွက်ပေါ်လာသည်။
ချီဇွန်း သူ၏ စိတ်ဝိညာဉ်ကို အဆုံးစီရင်ရန် ကြိုးစားနေကြောင်း ထျန်းဟုန် ဧကရီ ချက်ချင်း သိလိုက်၏။ ဧကရာဇ်တစ်ပါး၏ အဆုံးစီရင်မှုမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားက ပတ်ဝန်းကျင် ကြယ်နယ်မြေတစ်ခုလုံးကို ပျက်စီးစေနိုင်သည်။ ဧကရာဇ်အဆင့်အောက်ရှိ မည်သည့် သက်ရှိမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ချီဇွန်းက အဆုံးစီရင်ရန် ပြင်နေသည်ကို မြင်လျှင် ဤတိုက်ပွဲ ပြီးဆုံးတော့မည် ဖြစ်ကြောင်း ထျန်းဟုန် ဧကရီ သိလိုက်၏။
ထို့နောက် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ်တစ်ပါးရှေ့တွင် အဆုံးစီရင်ရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ကြောင်း ထျန်းဟုန် ဧကရီက ချီဇွန်းကို သင်ခန်းစာ ပေးလိုက် တော့သည်။
ထျန်းဟုန် ဧကရီက သူမ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သောအခါ ဟင်းလင်းပြင်ထဲတွင် ပျံဝဲနေသည့် ဧကရာဇ်ဓားပွားများ အားလုံးထံမှ သတ္တုသံများ ထွက်ပေါ်လာ၏။
ထို့နောက် သူမ၏ ဓားပွားများထဲသို့ သတ်ဖြတ်ခြင်းစွမ်းအားများ စီးဝင်သွား၏။ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားပွားများ အားလုံး ချီဇွန်းထံသို့ တိုးဝင်သွားကြသည်။
သူ၏ စိတ်ဝိညာဉ်ကို အဆုံးစီရင်ရန် ချီဇွန်းအတွက် အချိန်မရလိုက်ပေ။ သူ၏ နိယာမ ပုံရိပ်သည် ဓားပွားများ၏ ဝိုင်းရံဖြတ်တောက်မှုကို ခံလိုက်သောကြောင့်ဖြစ်၏။ ခဏခန့် အတွင်းမှာပင် သတ်ဖြတ်ခြင်းစွမ်းအား ပြည့်နှက်နေသည့် မရေမတွက်နိုင်သော ဧကရီဓားများ သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ သူ၏ စိတ်ဝိညာဉ်လည်း တိုက်စားခံရပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
ဟင်းလင်းပြင်ထဲတွင် အပြာရောင် မီးလျှံများ ထွက်ပေါ်လာပြီး ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှိုင်းများ ကြယ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
သို့သော် ချီဇွန်း၏ စိတ်ဝိညာဉ် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော စွမ်းအားများသည် စုစည်းထားခြင်း မရှိသဖြင့် စစ်မှန်သော အဆုံးစီရင်မှု မဟုတ်ပေ။ ထို့ကြောင့် ၎င်း၏ အဖျက်စွမ်းအားက ကန့်သတ်ချက် ရှိနေသည်။
ပေါက်ကွဲမှုကို ချီရှီ လျင်မြန်စွာ သတိပြုမိသွား၏။ ချီဇွန်း၏ အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားသည်ကို သိလိုက်ပြီးနောက် သူအလွန် ထိတ်လန့်သွားတော့သည်။
ပေထျန်းလုကိုပင် အနိုင်မယူနိုင်သည့် သူအဖို့ သတ်ဖြတ်ခြင်းစွမ်းအားရှိသော အမျိုးသမီးကို ရင်ဆိုင်ရန် မည်သို့မှ အခွင့်အရေး မရှိပေ။
၎င်းတို့၏ ခေါင်းဆောင် သေဆုံးသွားပြီ ဖြစ်သဖြင့် နောက်တစ်ယောက်က သူ ဖြစ်လာမည်မှန်း ချီရှီ သေချာသွားသည်။
နှစ်ပေါင်း သန်းချီ အသက်ရှည်နိုင်သည့် ကျင့်စဉ်ရှိထားသော သူတစ်ယောက်အနေနှင့် ယခုလို အရွယ်ကောင်းတွင် သူ မသေလိုပေ။ ထို့ကြောင့် ချီရှီက
“ရှနိုင်ငံတော်ရဲ့ သခင်... ကျွန်တော် အရှုံးပေးပါတယ်။ ကျွန်တော် သခင့်ကို သစ္စာခံပါ့မယ်။”
လုချန်းနှင့် ထျန်းဟုန် ဧကရီတို့အနက် မည်သူက ခေါင်းဆောင်ဖြစ်ကြောင်း ချီရှီ မသေချာပေ။ သို့သော် ယခုအချိန်တွင်မူ သူ အညံ့ခံကြောင်း ထုတ်ပြောရတော့မည်။
သူသည် တန်ဖိုးရှိသော ဧကရာဇ် အဆင့်တစ်ပါးဖြစ်၏။ မည်သူက ခေါင်းဆောင်ဖြစ်စေ သူ၏ ထုတ်ဖော် တောင်းပန်လာပါက ဧကရာဇ်အဆင့်တစ်ပါးဖြစ်သော သူ့ကို အသက်ချမ်းသာခွင့် ပေးနိုင်သည်။
ချီရှီက လုချန်းကို သစ္စာခံရန် ကမ်းလှမ်းလာသည်ကို မြင်လျှင် ပေထျန်းလု မျက်မှောင်ကြုတ်လိုက်၏။ ချီရှီ လုချန်းကို သစ္စာခံခြင်းအား သူ မလိုလားပေ။
ဘာပဲဖြစ်ဖြစ် ချင်းယွမ်နိုင်ငံသည် ချီယွဲ့နိုင်ငံအား ဝင်ရောက်စွက်ဖက်ခဲ့ပြီး သိမ်းပိုက်ရန်ပင် ကြိုးစားခဲ့၏။ ယခု လုချန်း၏ အစေခံ ဖြစ်နေသော်လည်း ပေထျန်းလုစိတ်ထဲ ချင်းယွမ်နိုင်ငံအပေါ် နာကျည်းချက် အနည်းငယ် ရှိနေသေးသည်။
သို့သော် လုချန်းသည် သခင်ဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို လုချန်းသာ ပိုင်ဆိုင်ကြောင်းလည်း သူ သိသည်။ နာကျည်းချက်များ ရှိနေသော်လည်း လုချန်း၏ အမိန့်ကို သူ လိုက်နာရမည် ဖြစ်၏။
ထို့နောက် လှုပ်ရှားမှုများကို ပေထျန်းလု ရပ်တန့်လိုက်၏။ သူသည် လုချန်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း အလင်းနှစ်တစ်နှစ် အကွာရှိ ဖေးဟုန် နတ်လှေထံသို့ လှမ်းကြည့်လိုက်သည်။
ဧကရာဇ်အဆင့် စွမ်းအားဖြင့် အော်ပြောလိုက်သော ချီရှီ၏ အသံသည် အလင်းနှစ်တစ်နှစ် အကွာရှိ လုချန်း၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ချီရှီ၏ သစ္စာခံရန် ကမ်းလှမ်းမှုကို စဉ်းစားရင်း လုချန်း အတွေးထဲ နစ်မြောသွား၏။ ရှနိုင်ငံတော်သည် မုချ နယ်မြေချဲ့ထွင်ရပေမည်။
နယ်မြေချဲ့ထွင်လာသည်နှင့်အမျှ သူတို့ ရင်ဆိုင်ရမည့် ရန်သူများမှာလည်း ပို၍များလာမည် ဖြစ်၏။
လက်ရှိတွင် သူတို့သည် ဧကရာဇ်သုံးပါးရှိသော နိုင်ငံနှင့်သာ ရင်ဆိုင်နေရခြင်း ဖြစ်၏။ ယခုပြိုင်ဘက်က အလွန် အင်အားကြီးမားခြင်း မရှိသော်လည်း နောင်လာမည့် တိုက်ပွဲများတွင် ဧကရာဇ် ဒါဇင်ပေါင်းများစွာ ရှိသည့် အင်အားကြီး အဖွဲ့အစည်းများနှင့် ရင်ဆိုင်ရနိုင်သည်။ ထိုအချိန်တွင် ရှနိုင်ငံတော်၏ လက်ရှိအင်အားက လုံလောက်မည် မဟုတ်ပေ။
ဧကရာဇ်တစ်ပါး ထပ်တိုးလာခြင်းက အင်အားတစ်ရပ် တိုးလာခြင်းဟု ဆိုလိုသည်။
ထို့ပြင် မကြာမီ ကာလအတွင်း ရှနိုင်ငံတော်နှင့် ရှန်ယွဲ့နိုင်ငံတို့ကြား၊ တစ်နည်းအားဖြင့် သူနှင့် ရှန်ဝူ ဧကရာဇ်တို့ကြား တိုက်ပွဲက ရှောင်လွှဲ၍ မရနိုင်ကြောင်း လုချန်း ခံစားမိ နေသည်။
…………..