← Chapters

အခန်း (၁၃၄၈-၁၃၅၀)

Vol. 90 Ch. 1348-1350

အခန်း (၁၃၄၈-၁၃၅၀)

Vol. 90 Ch. 1348-1350

အခန်း (၁၃၄၈ )

ရှစစ်တပ် ချီလာခြင်း

ဖန်ထန်းဖေးကို သွားရောက်ခေါ်ယူရန် ပေဝမ်ဖုက ကိုယ်ရံတော်တစ်ဦးကို စေလွှတ်လိုက်ပြီး ချက်ချင်းပင် အခြားကိုယ်ရံတော်တစ်ဦးပေါ်လာပြီး

“မင်းကြီး... အလွန်ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ”

ဟု အော်ဟစ်ကာ ခန်းမထဲသို့ အပြေးအလွှား ရောက်ရှိလာသည်။

ကိုယ်ရံတော်၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို မြင်လျှင် ပေဝမ်ဖု အလွန် တုန်လှုပ်သွားကာ

“အမြန်ပြောစမ်း... ဘာကိစ္စလဲ”

ကိုယ်ရံတော်က

“ပိုင်ရန် ကြယ်နယ်မြေထဲမှာ နတ်လှေ အမြောက်အမြား ပေါ်လာပါတယ်။”

ထိုအရာကို ကြားလိုက်လျှင် ပေဝမ်ဖု၏ မျက်နှာ ချက်ချင်း ဖြူလျော်သွားပြီး

“ပြီးသွားပြီပဲ... ယဲ့မိသားစုက အင်အားကြီးတဲ့ ရန်သူကို တကယ်ပဲ စော်ကားခဲ့တာပဲ”

ဟု တွေးလိုက်သည်။

ဤရန်သူသည် ယဲ့မိသားစုကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး ချီယွဲ့နိုင်ငံနှင့် သိပ်မပတ်သက်ကြောင်း ပေဝမ်ဖုက လျင်မြန်စွာ သဘောပေါက်လိုက်သည်။ သူ အလျှော့ပေးလိုက်လျှင် ဤအကျပ်အတည်းကို ကျော်လွှားနိုင်မည်လားဟု စဉ်းစားလိုက်သည်။

ထို့ပြင် သူ့နောက်တွင် ချင်းယွမ်နိုင်ငံလည်း ရှိနေသေးသည်။ ယဲ့မိသားစု၏ ရန်သူများသည် ယဲ့မိသားစုကို အကြောင်းပြကာ ချီယွဲ့နိုင်ငံကို တကယ် တိုက်ခိုက်လိုလျှင်ပင် ချင်းယွမ်နိုင်ငံ၏ သဘောတူညီချက်ကို ရယူရန် မလိုအပ်ပေဘူးလားဟု သူ တွေးလိုက်ပြန်သည်။

ထိုအတွေးနှင့်အတူ ချင်းယွမ်နိုင်ငံထံမှ အကူအညီတောင်းခံပေးရန် ဖန်ထန်းဖေးအား ပြောဖို့ သူ၏နေအိမ်သို့ ပေဝမ်ဖု ကိုယ်တိုင် သွားရောက်လိုက်တော့သည်။

ဖန်ထန်းဖေး၏ နေအိမ်သို့ ရောက်ရှိလျှင် “သံတမန် ဖန် ဘယ်မှာလဲ... ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိလို့ပါ”

ဟု ပေဝမ်ဖုက အိမ်စေအား ချက်ချင်း ပြောလိုက်သည်။

“မင်းကြီး... သံတမန် ဖန်က နေပြည်တော်ကနေ ထွက်သွားပါပြီ။”

ထိုအဖြေကို ကြားလျှင် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ပေဝမ်ဖု ခံစားလိုက်ရသည်။ အချိန်အခါကောင်းမှ ဖန်ထန်းဖေးက ထွက်သွား‌တော့ သူ အခက်တွေ့ရ‌တော့မည်။

ဖန်ထန်းဖေး မရှိပဲ ချင်းယွမ်နိုင်ငံနှင့် သူ မည်သို့ ဆက်သွယ်ရမည်နည်း။

“သံတမန် ဖန်က မထွက်သွားခင်မှာ ဘာများ မှာခဲ့သေးလဲ”

ဟု ပေဝမ်ဖုက ထပ်မေးလိုက်သည်။

အစေခံက ခဏခန့် စဉ်းစားပြီးနောက်

“သံတမန် ဖန်က မကြာခင် ပြန်လာမယ်လို့ ပြောသွားပါတယ်။”

ပေဝမ်ဖု ချက်ချင်း အတွေးထဲ နစ်မြောသွားသည်။ ချီယွဲ့နိုင်ငံ ရင်ဆိုင်ရတော့မည့် အကျပ်အတည်းကို ဖန်ထန်းဖေးက ကြိုတင် သိနေခဲ့ခြင်း ဖြစ်နိုင်သလားဟုလည်း သံသယဝင်လာသည်။

ပေဝမ်ဖု ငေးမှိုင်နေစဉ် သူ၏ ယုံကြည်ရသော လက်ထောက်တစ်ဦးက သူ့ထံသို့ အပြေးအလွှား ရောက်လာပြ

“မင်းကြီး... မကောင်းတော့ပါဘူး... ရှနိုင်ငံက ကျွန်တော်တို့ကို တိုက်ခိုက်လာပါပြီ။ ပိုင်ရန် ကြယ်နယ်မြေ ပတ်ဝန်းကျင်က ကြယ်နယ်မြေ အမြောက်အမြားကို ရှနိုင်ငံ စစ်တပ်က သိမ်းပိုက်လိုက်ပါပြီ။”

ပေဝမ်ဖု အလွန်အမင်း ထိတ်လန့်သွား တော့သည်။

ဘယ်လိုဖြစ်လို့ ဒီလောက်မြန်ရတာလဲ။

သတိပြန်ဝင်လာပြီး

“ရှနိုင်ငံမှာ ဧကရာဇ်အဆင့် ဘယ်နှစ်ယောက် ပါလာလဲ”

ပိုင်ရန် ကြယ်နယ်မြေနှင့် ပတ်ဝန်းကျင် နယ်မြေများကို ရှနိုင်ငံက ဤမျှ မြန်ဆန်စွာ သိမ်းပိုက်နိုင်ခြင်းတွင် သူတို့၏ ဧကရာဇ်အဆင့် ကျင့်ကြံသူများကို အသုံးပြုရမည်ဟု ပေဝမ်ဖုက တွက်ဆကြည့်လိုက်သည်။

ဧကရာဇ်အဆင့် မပါပါက ပိုင်ရန် ကြယ်နယ်မြေအနီးရှိ ဧကရာဇ်လောင်းများ၏ အင်အားအရ သူတို့ အချိန်အတော်ကြာ ခုခံထားနိုင်သင့်သည်။

သို့သော်

“မင်းကြီး... ရှနိုင်ငံက... ဘယ်... ဘယ်ဧကရာဇ်အဆင့်ကိုမှ အသုံးမပြုခဲ့ပါဘူး”

လက်ထောက်၏ အဖြေကို ကြားလျှင် ပေဝမ်ဖု လုံးဝ ကြက်သေသေသွားတော့သည်။

ရှနိုင်ငံက ဧကရာဇ်အဆင့်ကိုပင် အသုံးမပြုရသေးပဲ ချီယွဲ့နိုင်ငံ၏ ကြယ်နယ်မြေ အမြောက်အမြား ဆုံးရှုံးသွားရသလား။

ရှနိုင်ငံက တကယ်ပဲ ဒီလောက် အင်အားကြီးသလား။

ရှနိုင်ငံသည် အသစ်တည်ထောင်ထားသော နိုင်ငံတစ်ခုမျှသာ ဖြစ်ကြောင်း ဖော်ပြထားသည့် ထောက်လှမ်းရေး အစီရင်ခံစာကို သူ ပြန်လည်အမှတ်ရလိုက်သည်။

အသစ်တည်ထောင်ထားသော နိုင်ငံတစ်ခုက ဧကရာဇ်အဆင့်ကို အသုံးမပြုပဲ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

ပေဝမ်ဖု၏ မျက်နှာအမူအရာကို မြင်လျှင် လက်ထောက်လည်း ဆက်ပြောရန် ချီတုံချတုံ ဖြစ်နေသည်။ ထိုစဉ် တိုက်ပွဲသတင်းကို တင်ပြနေသော ကိုယ်ရံတော်၏ မျက်နှာကို ပေဝမ်ဖုက စူးစူးဝါးဝါး ကြည့်လိုက်သည်။

လက်ထောက်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားဆဲ ဖြစ်နိုင်ကြောင်းမြင်လျှင် ပေဝမ်ဖုက ခပ်အေးအေး လေသံဖြင့်

“နောက်ထပ် မကောင်းတဲ့ သတင်းတွေ ရှိသေးလား... ပြောစမ်းပါဦး။”

“ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး သတင်းတွေအရ အဲဒီကြယ်နယ်မြေတွေက နယ်ပယ်သခင်တွေနဲ့ ကမ္ဘာသခင်တွေက ဘာခုခံမှုမှ မလုပ်ခဲ့ကြပါဘူး... သူတို့က... တိုက်ရိုက် လက်နက်ချခဲ့ကြတာပါ”

ဟု လက်ထောက်က ထစ်ထစ်ငေါ့ငေါ့ တုံ့ပြန်ဖြေကြားလိုက်သည်။

ပထမတွင် ပေဝမ်ဖု ထပ်မံ မှင်တက်သွားပြီးနောက် ဒေါသများ ပေါက်ကွဲလာကာ သူ၏ မျက်နှာလည်း သိသိသာသာ နီရဲသွားသည်။

“သစ္စာဖောက်တွေ... သစ္စာဖောက်တစ်သိုက်ပဲ”

ဧကရာဇ်အဆင့်ကို အသုံးမပြုပဲ ရှနိုင်ငံက မည်သို့ ဤမျှ မြန်ဆန်စွာ ရှေ့တိုးလာနိုင်တာလဲ ဆိုတာ သူ သိသွားပြီ ဖြစ်သည်။ သူ၏ လူများက တိုက်ရိုက် လက်နက်ချခဲ့ကြခြင်း ဖြစ်ပေသည်။

“သူတို့ ကြယ်နယ်မြေတွေမှာ သူတို့ စိတ်ကြိုက် လုပ်ဆောင်နိုင်အောင် ကျုပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့တာပဲ။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျုပ်ကို သစ္စာဖောက်ဖို့ သူတို့မှာ ဘာတွေ မကျေနပ်စရာ ရှိနေလို့လဲ”

ထို့နောက် ဓားကို ဆွဲထုတ်ကာဖန်ထန်းဖေး၏ အဆောင်အတွင်းရှိ ပစ္စည်းများကို ပေဝမ်ဖု စတင်ခုတ်ပိုင်းလိုက်တော့သည်။

သို့သော် ထိုအခိုက်အတန့်တွင်

“မင်းကြီးကို ဘယ်သူက ဒီလောက် ဒေါသထွက်အောင် လုပ်လိုက်တာလဲ”

ဟု ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလျှင် ပေဝမ်ဖု ချက်ချင်း ရပ်လိုက်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ဖန်ထန်းဖေး ပြန်ရောက်လာသည်ကို မြင်လျှင် ပေဝမ်ဖုလည်း ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားပြီး

“သံတမန် ဖန်... ခင်ဗျား နောက်ဆုံးတော့ ပြန်လာပြီပဲ။ ချင်းယွမ်နိုင်ငံက ချီယွဲ့နိုင်ငံကို စွန့်ပစ်တော့မယ်လို့ ကျုပ် ထင်နေတာ။”

ဖန်ထန်းဖေးက

“မင်းကြီး ဘာတွေ ပြောနေတာလဲ။ ချီယွဲ့နိုင်ငံက ချင်းယွမ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်တဲ့အတွက် ချီယွဲ့နိုင်ငံမှာ ဘာပဲဖြစ်ဖြစ် ချင်းယွမ်နိုင်ငံက ကူညီမှာပါ”

“ကျွန်တော် မရှိတုန်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး။”

“ရှနိုင်ငံက ချီယွဲ့နိုင်ငံကို စတင် တိုက်ခိုက်လာပြီ။ ပိုင်ရန် ကြယ်နယ်မြေနဲ့ အနီးနားက ကြယ်နယ်မြေ အမြောက်အမြားကို သူတို့ သိမ်းပိုက်ပြီးပြီ။ အခု သူတို့က ချီယွဲ့နိုင်ငံဘက်ကို ဦးတည်လာနေပုံရတယ်။”

ဖန်ထန်းဖေး ခဏခန့် မှင်တက်သွားပြီး သူ၏ တည်ကြည်သော မျက်နှာလည်း ပို၍ လေးနက်သွားသည်။

ရှနိုင်ငံက ဒီလောက်တောင် မြန်မြန် ရှေ့တိုးလာတာလား။

ထို့နောက် ဖန်ထန်းဖေးက

“မင်းကြီး... ကျွန်တော် ယွမ်ဧကရာဇ်ဆီကို ချက်ချင်း အစီရင်ခံရပါမယ်။ ကျန်တာကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့။”

ထိုသို့ ပြောပြီးနောက် ဖန်ထန်းဖေး၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး သူ၏ တံခါးပိတ်ကျင့်စဉ်ဆောင်သို့ အလျင်အမြန် ဝင်ရောက်ကာ ချီဟုန်ကွမ်း၏ တံဆိပ်ကို အသက်သွင်းလိုက်သည်။

ချီဟုန်ကွမ်း၏ ပုံရိပ် အဆောင်အတွင်း ပေါ်လာသည်နှင့် ထန်းဖေးက ချက်ချင်း တင်ပြလိုက်သည်။

“မင်းကြီး... ရှနိုင်ငံက ချီယွဲ့နိုင်ငံကို ရုတ်တရက် တိုက်ခိုက်လာပါတယ်။ ချီယွဲ့နိုင်ငံ လက်အောက်က ကြယ်နယ်မြေ အမြောက်အမြား သိမ်းပိုက်ခံလိုက်ရပါပြီ။”

ဖန်ထန်းဖေးကဲ့သို့ပင် ချီဟုန်ကွမ်းသည်လည်း ထိုသတင်းကို ကြားလျှင် ချက်ချင်း မှင်တက်သွား၏။

သို့သော် ချက်ချင်း သတိပြန်ဝင်လာပြီး

“ယဲ့မိသားစု တစ်မိသားစုလုံး ပြောင်းရွှေ့သွားတဲ့ အကြောင်းရင်းကိုရော ရှာတွေ့ပြီလား။”

ဖန်ထန်းဖေးက ချက်ချင်း ဒူးထောက်ကာ

“မင်းကြီး... ခွင့်လွှတ်ပေးပါ။ ကျွန်တော် ယဲ့မိသားစု ပြောင်းရွှေ့သွားတဲ့ဘက်ကို အမြန်ဆုံး လိုက်သွားခဲ့ပေမဲ့ သူတို့ရဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့ပါဘူး။ ချီယွဲ့နိုင်ငံကို အချိန်အတော်ကြာ ပစ်ထားခဲ့ရမှာ စိုးရိမ်တာကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပွားကိုပဲ ယဲ့မိသားစုကို ဆက်ရှာခိုင်းပြီး ကျွန်တော်ကတော့ ချီယွဲ့နိုင်ငံကို ပြန်လာခဲ့တာပါ။”

ချီဟုန်ကွမ်း ဖန်ထန်းဖေးကို အပြစ်မတင်ပေ။ ယဲ့မိသားစုသည် ကာလရှည်ကြာ တည်ရှိခဲ့သော မျိုးနွယ်စု ဖြစ်ရာ ခြေရာဖျောက်နိုင်သည့် နည်းလမ်းများ ရှိနေခြင်းက ပုံမှန်သာ ဖြစ်သည်။ ယဲ့မိသားစု၏ နတ်လှေများကို ဖန်ထန်းဖေး အလွယ်တကူ ရှာမတွေ့နိုင်လောက်တာ သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။

ယဲ့မိသားစု ပြောင်းရွှေ့ရသည့် အကြောင်းရင်းကို ဖန်ထန်းဖေး ရှာမတွေ့နိုင်တာကလည်း ချီဟုန်ကွမ်းအတွက် မထူးဆန်းပေ။ သူ၏ ထောက်လှမ်းရေးများ တော်ဝင်အကြီးအကဲချုပ်၏ သတင်းအချက်အလက်များနှင့်အတူ မကြာမီ ပြန်လာကြလိမ့်မည်ဟုသာ သူက မျှော်လင့်ထားသည်။

သူ၏ လူများ ပြန်မလာသေးလျှင်ပင် အကြီးအကဲများ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သူ သဘောပေါက်ထားပြီး ဖြစ်သည်။

အစောပိုင်းတွင် ယဲ့မိသားစုသည် ချင်းယွမ်နိုင်ငံနှင့် ပူးပေါင်းကာ ရှနိုင်ငံကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ယခုအခါ သူတို့၏ အကြီးအကဲများနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ယဲ့မိသားစုလည်း ထွက်ပြေးသွား၏။ ထို့ပြင် ရှနိုင်ငံ စစ်တပ်က ချီယွဲ့နိုင်ငံကို တိုက်ခိုက်ရန် ဦးတည်လာနေသည်။

ထိုအချက်များ ဆက်စပ်ကြည့်ပါက သူတို့၏ အကြီးအကဲ ရှုံးနိမ့်သွားခဲ့တာ ထင်ရှားသည်။ မဟုတ်ပါက ဤအချိန်တွင် ချီယွဲ့နိုင်ငံကို တိုက်ခိုက်ရန် ရှနိုင်ငံက မည်သို့ အင်အား စုဆောင်းနိုင်မည်နည်း။

ချီဟုန်ကွမ်း ခဏခန့် တိတ်ဆိတ်သွားသည်။ နန်းဆောင်အတွင်း အေးစက်ပြီး တိတ်ဆိတ်သွားရာ ဖန်ထန်းဖေး၏ ကျောပြင်ပေါ်တွင် ချွေးများ စီးကျလာသည်။

ခဏအကြာတွင် ချီဟုန်ကွမ်းက

“တော်ပြီ... ခင်ဗျား သွားလို့ရပြီ”

“မင်းကြီး... ယွဲ့ဧကရာဇ်ကိုရော ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ”

ဟု ဖန်ထန်းဖေးက အမြန် မေးလိုက်သည်။

ချီဟုန်ကွမ်းက တည်ငြိမ်သော မျက်နှာအမူအရာနှင့်

“သူ့ကံကြမ္မာ အတိုင်းပဲပေါ့”

အကယ်၍ သူ၏ သံသယများ မှန်ကန်နေပါက ချင်းယွမ်နိုင်ငံပင်လျှင် မိမိကိုယ်ကိုယ် ကာကွယ်ရန် ရုန်းကန်ရတော့မည် ဖြစ်သည်။ ချီယွဲ့နိုင်ငံကို ကူညီရန် သူတို့၌ အင်အား ရှိတော့မည် မဟုတ်ပေ။

ရှနိုင်ငံ၏ ရည်မှန်းချက်သည် ချင်းယွမ်နိုင်ငံကို ဦးစွာ တိုက်ခိုက်ရန် ဖြစ်နေသောကြောင့် ရှနိုင်ငံနှင့် ချီယွဲ့နိုင်ငံတို့ တိုက်ခိုက်နေစဉ်အတွင်း ချင်းယွမ်နိုင်ငံက ထိုအချိန်ကို အသုံးချကာ လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားရလိမ့်မည်။

မင်းဆက်ကံစွမ်းအား၏ အကူအညီနှင့် ရှနိုင်ငံ မည်မျှပင် အင်အားကြီးစေကာမူ ခုခံမှုအချို့တော့ ရှိနေပါဦးမည်။

…………..

အခန်း (၁၃၄၉ )

စစ်ပြေငြိမ်းရန် ကြိုးပမ်းမှု

အိမ်တော်ဝင်းထဲတွင် ပေဝမ်ဖုတစ်ယောက် နားမလည်စွာ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ဖန်ထန်းဖေးသည် ချီဟုန်ကွမ်း၏ အမိန့်ကို ရသည်နှင့် ပေဝမ်ဖုကိုပင် အသိမပေးတော့ပဲ ချီယွဲ့နိုင်ငံမှ ချက်ချင်း ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ မိမိ အစွန့်ပစ်ခံလိုက်ရပြီ ဖြစ်ကြောင်း ပေဝမ်ဖုတစ်ယောက် အခုထိ မသိသေးပေ။

ညမှောင်လာခဲ့ပြီ ဖြစ်သော်လည်း ဖန်ထန်းဖေး ပေါ်မလာသေးပေ။ ပေဝမ်ဖုလည်း သတိထားမိလာပြီး စတင် ထိတ်လန့်လာ တော့သည်။ သူက ဖန်ထန်းဖေး၏ နေအိမ်ရှိ အစေခံများအား

“သံတမန် ဖန် ဘယ်မှာလဲ။ ဘာလို့ အခုထိ ထွက်မလာသေးတာလဲ။ သံတမန် ဖန် ဘာလုပ်နေလဲဆိုတာ သွားကြည့်ကြစမ်း။”

တစ်ခုခုတော့ မှားယွင်းနေပြီဟု ပေဝမ်ဖု ခံစားနေရသည်။ ဖန်ထန်းဖေးသည် ယွမ်ဧကရာဇ်ထံ ကိစ္စအချို့ တင်ပြရုံမျှသာ ဖြစ်ရာ ဤမျှလောက် မကြာသင့်ဟု သူ ယူဆသည်။

ပေဝမ်ဖုက အမိန့်ပေးလိုက်သော်လည်း ဖန်ထန်းဖေး၏ အစေခံများက လှုပ်ရှားခြင်း မရှိကြပေ။ အဆုံးတွင် ဖန်ထန်းဖေးသည် ချင်းယွမ်နိုင်ငံမှ စေလွှတ်ထားသော သံတမန် ဖြစ်သည်။ ဧကရာဇ်ဖြစ်သူ ပေဝမ်ဖုပင်လျှင် သူ့ကို ပေါ့ပေါ့ဆဆ နှောင့်ယှက်ရန် မဝံ့ရဲပေ။

ဤအစေခံများက သူ၏ အမိန့်ကို ဖီဆန်ဝံ့‌နေကြပါလား ပေဝမ်ဖု မခံမရပ်နိုင်စွာ တွေးလိုက်သည်။

အစေခံများ ဆက်လက် ငြိမ်သက်နေသည်ကို မြင်လျှင် ပေဝမ်ဖု ဒေါသပုန်ထသွားကာ

“ဘာလဲ... သံတမန် ဖန်ရဲ့ အစေခံတွေ ဖြစ်သွားတော့ ငါ့ကို မကြောက်ကြတော့ဘူးလား။ ငါ့အမိန့်ကို နားမထောင်ကြတော့ဘူးလား။”

ထိုစကားကို ကြားလျှင် အစေခံများ ချက်ချင်း ဒူးထောက်လိုက်ကြသည်။ သို့သော်လည်း ဖန်ထန်းဖေးကို သွားရောက်ရှာဖွေမည့်သူ တစ်ဦးမှ မရှိပေ။

အစေခံများ၏ မျက်နှာပေါ်မှ ကြောက်ရွံ့နေသော အမူအရာများကို မြင်လျှင် ပေဝမ်ဖု၏ ဒေါသစိတ်က ငယ်ထိပ်အထိ ရောက်လာခဲ့သည်။ သို့သော် သူတို့သည် ဖန်ထန်းဖေးကို အလုပ်အကျွေးပြုနေသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အပေါ် တစ်စုံတစ်ခု လုပ်ဆောင်ရန် သူ တကယ် မဝံ့ရဲပေ။

ပေဝမ်ဖု နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အစေခံများကို ထပ်မံ အနှောင့်အယှက် မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဖန်ထန်းဖေး နေအိမ်၏ ပင်မဆောင်သို့ တိုက်ရိုက် လျှောက်လှမ်းသွားပြီး

“သံတမန် ဖန်... အထဲ့မှာ ရှိပါသလား”

ဟု ကျယ်လောင်စွာ ခေါ်လိုက်လေသည်။သို့သော် မည့်သည့်တုံ့ပြန်သံမှ မကြားရသဖြင့်

“သံတမန် ဖန်...”

ဟု သူက ထပ်ခေါ်ပြန်သည်။

ခေါ်လေလေ ပေဝမ်ဖု ပို၍ စိုးရိမ်လာလေလေ ဖြစ်နေသည်။ ဖန်ထန်းဖေးသည် သူတော်စင်တစ်ဦး အဆင့်ရှိသူ ဖြစ်၏။ ပေဝမ်ဖု ခေါ်နေသည်ကို ကြားသင့်သည်။

ဘာကြောင့် တုံ့ပြန်မှု မရှိရသနည်း။

ထို့နောက် ပေဝမ်ဖုက သူ၏ လူယုံလက်ထောက်အား

“သံတမန် ဖန်ကို ချက်ချင်း ရှာဖို့ လူလွှတ်လိုက်”

“ကောင်းပါပြီ မင်းကြီး”

မကြာမီတွင် ပေဝမ်ဖုနှင့် သူ၏ လက်ထောက်များသည် ဖန်ထန်းဖေး၏ နေအိမ်တစ်ခုလုံးကို လိုက်လံရှာဖွေခဲ့ကြသော်လည်း သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

သူတို့သည် ဖန်ထန်းဖေး၏ တံခါးပိတ်ကျင့်စဉ်ဆောင်ကိုပင် ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ဘာမှ မတွေ့ရှိခဲ့ပေ။

…….

ညဥ့်သန်းခေါင်အချိန်။

ကျင့်စဉ်ဆောင် တံခါးဝ၌ ရပ်နေသော ပေဝမ်ဖု၏ မျက်နှာ အလွန်ပျက်ယွင်းလျက်ရှိသည်။ ချင်းယွမ်နိုင်ငံသည် ချီယွဲ့နိုင်ငံကို စွန့်ပစ်လိုက်ပြီ ဖြစ်ကြောင်း သူ ယခု သဘောပေါက်သွားပြီ ဖြစ်သည်။

ပေဝမ်ဖုက နာကျည်းမှုများဖြင့်

“တောက်... အဲ့ဒီ ဖန် မျိုးနွယ် ထွက်ပြေးသွားတာ ဖြစ်ရမယ်”

ဟု ရေရွတ်လိုက်သည်။

“ငါ ဒီအတိုင်း ထိုင်စောင့်ပြီး အသေမခံနိုင်ဘူး။”

ချင်းယွမ်နိုင်ငံကို အားကိုး၍ မရတော့သည့်အတွက် ကိုယ့်ကိုယ်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။

ပေဝမ်ဖုက သူ၏ လက်ထောက်ဘက်သို့ လှည့်ကာ

“ဝန်ကြီးတွေ အားလုံးကို ချက်ချင်း စုရုံးခိုင်းလိုက်။”

ပေဝမ်ဖု၏ စိတ်ထဲတွင်မူ သူ၏ သစ္စာခံမှုကို ပြောင်းလဲလိုက်ရုံမျှသာဟု တွေးထားသည်။ သူသာ လုံလောက်သော ရိုးသားမှုကို ပြသနိုင်ပါက ချင်းယွမ်နိုင်ငံက လက်ခံသကဲ့သို့ ရှနိုင်ငံကလည်း သူ၏ သစ္စာခံမှုကို လက်ခံလိမ့်မည်ဟု ယုံကြည်ထားသည်။

အဆုံးတွင် နိုင်ငံတစ်ခု၏ ပြည့်စုံသော မင်းဆက်ကံစွမ်းအားကို ဆွဲထုတ်ယူရန်က မလွယ်ကူလှပေ။ မင်းဆက်ကံစွမ်းအားသည် နိုင်ငံသားများနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသည်။ ပြည်သူအများစု၏ သဘောတူညီချက် မပါပဲ ရရှိလာသော ကံစွမ်းအားက များစွာ လျော့နည်းသွားပေလိမ့်မည်။ ထို့ကြောင့်ပင် ချင်းယွမ်နိုင်ငံသည် ချီယွဲ့နိုင်ငံကို ချက်ချင်း အမြစ်ပြတ် မချေမှုန်းခဲ့ခြင်း ဖြစ်သည်။

ချီယွဲ့နိုင်ငံတွင် သစ္စာခံသူများနှင့် လက်နက်ချရန် ငြင်းဆန်သူများ ရှိနေသရွေ့ အခြားနိုင်ငံများအနေနှင့် ၎င်း၏ ကံစွမ်းအားကို လုံးဝ ဆွဲထုတ်၍ မရနိုင်ပေ။

ချင်းယွမ်နိုင်ငံက ပေဝမ်ဖုကို ဧကရာဇ်အဖြစ် ဆက်လက်ထားရှိခဲ့ခြင်း အကြောင်းမှာ သူ့ကို မိုက်မဲသော အုပ်ချုပ်သူတစ်ဦး ဖြစ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ပြည်သူများက ချီယွဲ့နိုင်ငံအပေါ် သံယောဇဉ် လုံးဝ ပြတ်တောက်သွားစေရန်လည်း ဖြစ်သည်။ ဤနည်းနှင့် ချင်းယွမ်နိုင်ငံသည် ချီယွဲ့နိုင်ငံ၏ မင်းဆက်ကံစွမ်းအားကို အလွယ်တကူ ဆွဲထုတ်ယူနိုင်မည်ဖြစ်သည်။

ပြည်သူများ၏ ဆန္ဒသည် နိုင်ငံ၏ ကံစွမ်းအားအတွက် အဓိက သော့ချက်ဖြစ်ကြောင်း ပေဝမ်ဖု ကောင်းစွာ နားလည်ထား၏။ သူသာ ရှနိုင်ငံကို ချီယွဲ့နိုင်ငံ ပြည်သူများ၏ စိတ်နှလုံး ပြောင်းလဲအောင် ကူညီပေးနိုင်ပါက ရှနိုင်ငံသည် သူ့ကို ရုပ်သေးဧကရာဇ်အဖြစ် ထားရှိပြီး ထောက်ပံ့ပေးလိမ့်မည်ဟု သူ ယူဆထားသည်။

သူ၏ သားစဉ်မြေးဆက်များအတွက်တော့ သူ ဂရုမစိုက်ပေ။ သူ၏ သက်တမ်းတစ်လျှောက် ဧကရာဇ်အဖြစ် ဆက်ရှိနေနိုင်လျှင်ပင် လုံလောက်ပေပြီ။

……..

ညဥ့်နက်ပိုင်း။

ရွှမ်ကျန်းဆောင် အတွင်း၌။

ခန်းမအတွင်းရှိ ဝန်ကြီးများသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ ပေဝမ်ဖုက သူတို့ကို ဤမျှ ညဥ့်နက်မှ ဆင့်ခေါ်ရကြောင်းကိုလည်း ဝန်ကြီးအများစု သိထားကြပြီး ဖြစ်သည်။

ရှနိုင်ငံသည် တိုတောင်းသော အချိန်အတွင်း၌ ကြယ်နယ်မြေ အမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့သည်။ ပေဝမ်ဖု အနေနှင့် ဤကိစ္စကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

မကြာမီ မိန်းမစိုး၏ အသံ ထွက်ပေါ်လာလေသည်။

“မင်းကြီး ကြွလာပါပြီ”

ဟူ‌သောအသံနှင့်အတူ ချက်ချင်းပင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံး၏ အကြည့်များက နဂါးပလ္လင်ဆီသို့ ရောက်သွားသည်။

ပေဝမ်ဖုသည် ဘေးဘက်ရှိ လျှောက်လမ်းမှ လျှောက်လာပြီး နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် ချက်ချင်းပင်

“ချစ်လှစွာသော ဝန်ကြီးတို့... ခင်ဗျားတို့ကို ဒီလောက် ညဉ့်နက်တဲ့အချိန်မှာ ခေါ်လိုက်ရတာက ချီယွဲ့နိုင်ငံဟာ သေရေးရှင်ရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရလို့ပဲ။ ပိုင်ရန် ကြယ်နယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို တချို့လည်း ကြားထားကြမှာပါ။”

ထိုအခိုက်အတန့်တွင် ပိုင်ရန် ကြယ်နယ်မြေ၌ ဖြစ်ပျက်နေသည့်အရာများကို မသိသေးသော ဝန်ကြီးတစ်ဦးက

“မင်းကြီး... ပိုင်ရန် ကြယ်နယ်မြေမှာ ဘာဖြစ်လို့လဲ။”

ပေဝမ်ဖုက

“ယဲ့မိသားစုက ရှနိုင်ငံကို စော်ကားမိတာကြောင့် ရှနိုင်ငံက ချီယွဲ့နိုင်ငံကို တိုက်ခိုက်လာတယ်။ အခု ရှနိုင်ငံရဲ့ စစ်တပ်က ပိုင်ရန် ကြယ်နယ်မြေနဲ့ အနီးနားက နယ်မြေတွေကို သိမ်းပိုက်လိုက်ပြီ။”

ပေဝမ်ဖု ပြောပြီးသည်နှင့် ခန်းမတစ်ခုလုံးရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

“ဘာ... ပိုင်ရန် ကြယ်နယ်မြေ ကျသွားပြီလား”

“ဘယ်လိုလုပ် ဒီလောက် မြန်မြန် ကျသွားရတာလဲ။ ပိုင်ရန် ကြယ်နယ်မြေ နားမှာ အနည်းဆုံး ဧကရာဇ်လောင်း ဆယ်ယောက်လောက် ရှိတာပဲ။ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ကျသွားရတာလဲ။ ရှနိုင်ငံဘက်မှာ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ပါလို့များလား။”

“အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ”

စသည့် မေးခွန်းများဖြင့် ဆူညံသွားတော့သည်။

ခန်းမအတွင်း ဖရိုဖရဲ ဖြစ်နေသည်ကို မြင်သဖြင့် ပေဝမ်ဖု စကားပြောရန် ပြင်လိုက်စဉ် ဝန်ကြီးတစ်ဦးက ထရပ်ကာ

“မင်းကြီး... ကျွန်တော်တို့ သံတမန် ဖန်ကို ချက်ချင်း အကြောင်းကြားပြီး ချင်းယွမ်နိုင်ငံကနေ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် စေလွှတ်ပေးဖို့ တောင်းဆိုရပါမယ်။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ အခု အင်အားနဲ့ ဧကရာဇ်အဆင့် ရှိတဲ့ အင်အားစုကို မယှဉ်နိုင်ပါဘူး။”

ပေဝမ်ဖုက ထိုသူကို ကြည့်ကာ မည်သည့် အမူအရာမှ မပြပဲ

“ကျုပ် ဖန်ထန်းဖေးကို ဒီသတင်း ချက်ချင်း ပြောခဲ့တယ်။ ဒါပေမဲ့ သတင်းကို ကြားတာနဲ့ သူက ချီယွဲ့နိုင်ငံကနေ ချက်ချင်း ထွက်သွားပြီး အခုတော့ ပျောက်နေပြီ။”

ထိုစကားများကို ကြားလျှင် နန်းရင်ပြင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။ ဖန်ထန်းဖေးသည် ချီယွဲ့နိုင်ငံ တော်ဝင်မိသားစုကို စောင့်ကြည့်ရန် ချင်းယွမ်နိုင်ငံမှ စေလွှတ်ထားသော စောင့်ကြည့်အကဲခတ်သူ ဖြစ်သည်။ ယခု ရှနိုင်ငံ၏ တိုက်ခိုက်မှုကို ကြားသည်နှင့် သူက ကူညီရန် ဝေးစွ ချက်ချင်းပင် ထွက်ပြေးသွားခဲ့လေပြီ။

ဤအချက်က ဘာကို ဆိုလိုသနည်းဟု အားလုံး တွေးသွားကြသည်။ ဖန်ထန်းဖေးသည် ရှနိုင်ငံနှင့် ပတ်သက်သည့် ထောက်လှမ်းရေး သတင်းအချို့ကို သိထားပုံရပြီး ရှနိုင်ငံ၏ အင်အားက ချင်းယွမ်နိုင်ငံပင်လျှင် မစော်ကားဝံ့သည့် အဆင့်သို့ ရောက်နေသည်ဟု ဆိုလိုပေသည်။

မဟုတ်ပါက ချင်းယွမ်နိုင်ငံ၏ သံတမန် ဖြစ်သော ဖန်ထန်းဖေးက ဘာကြောင့် ဤမျှ မြန်ဆန်စွာ ထွက်ပြေးရမည်နည်း။

ခဏခန့်အတွင်း ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရအောင် တိတ်ဆိတ်သွား၏။ ယဲ့မိသားစုက အစောကတည်းက ထွက်ပြေးသွားခဲ့ပြီ ဖြစ်ရာ ယခု ယဲ့မိသားစု မရှိတော့သည့်အတွက် ရှနိုင်ငံသည် ၎င်း၏ ဒေါသကို ချီယွဲ့နိုင်ငံအပေါ်တွင်သာ ပုံချလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။

ရှနိုင်ငံသည် ပိုင်ရန် ကြယ်နယ်မြေနှင့် အနီးနား နယ်မြေများကို ဤမျှ လျင်မြန်စွာ သိမ်းပိုက်နိုင်ခြင်းက သူတို့တွင် ချီယွဲ့နိုင်ငံတစ်ခုလုံးကို အောင်နိုင်ရန် လုံလောက်သော အင်အား ရှိကြောင်း သက်သေပြနေလေသည်။

တိတ်ဆိတ်နေသော ဝန်ကြီးများကို ကြည့်ကာ ပေဝမ်ဖုက

“ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ဘယ်သူ့မှာ အစီအစဉ် ရှိသလဲ။”

ထိုအခါ အစောပိုင်းက စကားပြောခဲ့သော ဝန်ကြီးကပင်

“မင်းကြီး... ဒီကိစ္စက ယဲ့မိသားစုကြောင့် ဖြစ်တာပါ။ သူတို့လည်း ထွက်ပြေးသွားပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်တော့ပါဘူး။ ကျွန်တော်တို့ဘက်က အစပြုပြီး စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းပြီး ရှနိုင်ငံကို တောင်းပန်သင့်ပါတယ်။ ကျွန်တော်တို့ဘက်က လုံလောက်တဲ့ ရိုးသားမှု ရှိရင် ရှနိုင်ငံက သဘောတူလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

သူ စကားပြောပြီးသည်နှင့် ဆံပင်ဖြူဖြူနှင့် အသက်ကြီးပိုင်းတစ်ဦးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ

“စစ်ပြေငြိမ်းမယ် ဟုတ်လား။ ရယ်စရာပဲ။ လီအုပ်ချုပ်ရေးမှူး... ကျွန်တော်တို့ကို ရှနိုင်ငံရဲ့ လက်ပါးစေ လုပ်ဖို့ တိုက်ရိုက်ပဲ အကြံပေးလိုက်ပါတော့လား။”

………….

အခန်း( ၁၃၅၀ )

တော်ဝင်မိသားစု၏ ဆုံးဖြတ်ချက်

ခန်းမဆောင်အတွင်းရှိ အကြီးအကဲ၏ ထူးဆန်းသော လေသံကို ကြားလျှင် ပေဝမ်ဖု၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွား၏။ ထိုအဖိုးကြီးက သူ့ကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း သူ ဘာကြောင့် သတိမထားမိပဲ နေမည်နည်း။

ပေဝမ်ဖုက ထိုအကြီးအကဲကို ကြည့်လိုက်၏။

“ဝန်ကြီးပေမှာ ဘယ်လို အကြံကောင်းတွေ ရှိနေလဲဆိုတာ ကျွန်တော် သိပါရစေ”

ဟု သူက ခပ်အေးအေး မေးလိုက်သည်။

ပေနီယန်က တည်ငြိမ်စွာဖြင့်

“ရှနိုင်ငံတော်က အင်အားအလုံးအရင်းနဲ့ လာနေတာပါ။ အချိန်တိုအတွင်းမှာ ပိုင်ရန်ကြယ်နယ်မြေကို သိမ်းပိုက်လိုက်တာဟာ ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ ရည်ရွယ်ထားတာ ထင်ရှားပါတယ်။”

“မင်းကြီးက စေ့စပ်ညှိနှိုင်းဖို့ ကမ်းလှမ်းရင်တောင် တစ်ဖက်က သဘောတူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စိတ်ကူးယဉ်နေတာတွေကို လက်လွှတ်သင့်ပါတယ်။ ချင်းယွမ်နိုင်ငံတုန်းကလိုမျိုး နောက်တစ်ကြိမ် အလျှော့ပေးဖို့ မစဉ်းစားသင့်တော့ပါဘူး။”

ပေနီယန်သည် ပေရှုဟွာ၏ နောက်လိုက်တစ်ဦးဖြစ်ပြီး တော်ဝင်မိသားစုဝင်တစ်ဦးလည်း ဖြစ်သည်။ ပေရှုဟွာ၏ အာဏာသိမ်းမှု ရှုံးနိမ့်သွားပြီးနောက် ပေဝမ်ဖုသည် ပေရှုဟွာ၏ အပေါင်းအပါ အမြောက်အမြားကို ရှင်းလင်းခဲ့သော်လည်း အချို့ကို‌တော့ ချန်ထားခဲ့၏။

တော်ဝင်မိသားစုဝင် အများစုက ပေရှုဟွာဘက်တွင် ရှိနေခဲ့ကြသည်။ အကယ်၍ ပေဝမ်ဖုက သူတို့အားလုံးကို ရှင်းလင်းလိုက်ပါက တော်ဝင်မိသားစုတွင် မည်သူမှ ကျန်တော့မည် မဟုတ်ပေ။

ပေဝမ်ဖုက အချို့ကို ချန်ထားခဲ့သောကြောင့် ထိုတော်ဝင်မိသားစုဝင်များသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် တစ်ခါတစ်ရံတွင် ထွက်ပေါ်လာတတ်၏။ ထို့ကြောင့် ယင်းက ပေဝမ်ဖုကို အလွန် စိတ်ပျက်စေသည်။

သူသည် တော်ဝင်မိသားစုဝင် အမြောက်အမြားကို သတ်ဖြတ်ခဲ့သော်လည်း သေရမှာကို မကြောက်သောသူများက အမြဲတမ်း ရှိနေတတ်စမြဲဖြစ်သည်။

ပေဝမ်ဖု၏ မျက်နှာ အလွန် ပျက်ယွင်းသွားသည်ကို မြင်လျှင် အစောပိုင်းက ပေနီယန်၏ ကြိမ်းမောင်းခြင်း ခံထားရသောသူက

“ပေနီယန်..... ခင်ဗျား ဒါဘာကို ဆိုလိုတာလဲ။ ခင်ဗျားက မင်းကြီးရဲ့ လုပ်ပိုင်ခွင့်ကို မေးခွန်းထုတ်နေတာလား။”

“အဲဒီတုန်းက မင်းကြီးရဲ့ ကရုဏာကြောင့်သာ မဟုတ်ရင် ခင်ဗျား အစောကတည်းက သေနေပြီးပြီ။ အခု ဒီနေရာမှာ ဒီလို အဓိပ္ပာယ်မရှိတာတွေကို ပြောရဲသေးတယ်ပေါ့။”

ထိုသို့ပြောပြီးနောက် ထိုသူက နဂါးပလ္လင်ပေါ်ရှိ ပေဝမ်ဖုကို ဂါရဝပြုလိုက်ကာ

“မင်းကြီး... ပေနီယန်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။ ပေနီယန်ကို သေချာ စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။”

သူ့စကားအဆုံးတွင် ခန်းမအတွင်းရှိ ဝန်ကြီးများစွာကလည်း

“ပေနီယန်ကို သေချာ စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”

ဟု လိုက်လံ ပြောဆိုကြသည်။

ပေနီယန်က သူ့အပေါ် စွပ်စွဲချက်များကို ဂရုမစိုက်ပဲ ထိုဝန်ကြီးကို အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက် ပေဝမ်ဖုက ပေနီယန်ကို ကြည့်ပြီး ခံစားချက်မပါပဲ

“ဝန်ကြီးပေ...ခင်ဗျားရဲ့ နေ့ရက်တွေက ရေတွက်လို့ ရနေပါပြီ။ အိမ်မှာပဲနေပြီး ခင်ဗျားရဲ့ ကျန်ရှိနေတဲ့ နှစ်တွေမှာ အနားယူတာ အကောင်းဆုံးပဲ။ နိုင်ငံတော်ရဲ့ ကိစ္စတွေကို စိတ်ပူနေဖို့ မလိုပါဘူး။”

ထိုစကားကို ကြားလျှင် ပေနီယန်က ငြင်းခုံခြင်း မပြုပဲ

“မင်းကြီးရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်။ ခွင့်ပြုပါဦး။”

ထိုသို့ပြောပြီးနောက် ပေနီယန် လှည့်ထွက်သွားတော့သည်။

ထိုသူ ထွက်သွားသည်ကို မြင်လျှင် ကျန်ရှိနေသော ဝန်ကြီးများလည်း ဧကရာဇ်၏ လက်ရှိသဘောထားကို နားလည်သွားကြ၏။ မကြာမီတွင် ချီယွဲ့နိုင်ငံ အနေနှင့် ရှနိုင်ငံတော်ထံ အညံ့ခံရန် ပေဝမ်ဖုနှင့် ဝန်ကြီးများ သဘောတူညီမှု ရရှိသွားသည်။

နန်းတွင်း အစည်းအဝေးအပြီးတွင် တော်ဝင်မိသားစုဝင် အချို့ ပေနီယန်၏ စံအိမ်သို့ ရောက်လာကြ၏။ မိသားစုဝင်တစ်ဦးက ခါးသီးသော အမူအရာဖြင့်

“ဦးလေး။ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ။ မင်းကြီးက ရှနိုင်ငံတော်ဆီ အညံ့ခံဖို့ ဆုံးဖြတ်လိုက်ပြီ။”

ရှနိုင်ငံတော်က ချီယွဲ့နိုင်ငံကို ဖျက်ဆီးရန် ရည်ရွယ်ထားသည်ကို မည်သူမဆို မြင်နိုင်သော်လည်း ထိုမိုက်မဲသော ဧကရာဇ်က ကိုယ်ကျိုးအတွက် တိုင်းပြည်ကို ရောင်းစားရန် စဉ်းစားနေဆဲ ဖြစ်သည်။

ပေနီယန်က သက်ပြင်းအရှည်ကြီး ချလိုက်ကာ

“သူ့ရဲ့ ဆုံးဖြတ်ချက်တွေက ကျုပ်တို့ ထိန်းချုပ်လို့ မရတဲ့ အရာတွေပါ။ ရှနိုင်ငံတော်က ဘာရည်ရွယ်လဲဆိုတာ သူက တခြားသူတွေထက် ပိုသိပါတယ်။ စေ့စပ်ညှိနှိုင်းတယ်ဆိုတာက သူ့ရဲ့ ပလ္လင်ကို ထိန်းသိမ်းဖို့ မင်းဆက်ကံစွမ်းအားကို အသုံးချတဲ့ လှည့်ကွက်တစ်ခုပဲ။”

တော်ဝင်မိသားစုဝင်တစ်ဦးက

“မင်းကြီးက ရှနိုင်ငံတော်ဆီ တကယ်ပဲ အညံ့ခံလိုက်ရင် ချီယွဲ့နိုင်ငံဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကို လုံးဝ ဆုံးရှုံးသွားလိမ့်မယ်။ သူ့ရဲ့ လုပ်ရပ်က ချီယွဲ့နိုင်ငံ ကျဆုံးမှုကို ပိုမြန်စေပါလိမ့်မယ်။”

တော်ဝင်မိသားစုဝင်များ အနေနှင့် ချီယွဲ့နိုင်ငံ၏ ကံစွမ်းအား လျင်မြန်စွာ ကျဆင်းလာသည်ကို သူတို့ ခံစားမိကြ၏။ ပြည်သူများသည် နိုင်ငံနှင့် တော်ဝင်မိသားစုအပေါ် ပို၍ စိတ်ပျက်လာကြသည်။

စိတ်ပျက်မှုက စိတ်ပျက်အားငယ်မှုအဖြစ် ပြောင်းလဲသွားပြီး ချီယွဲ့နိုင်ငံ ပြည်သူများ၏

နှလုံးသားကို ဆုံးရှုံးသွားလျှင် မင်းဆက်၏ ကံစွမ်းအားကို အခြားနိုင်ငံများက အလွယ်တကူ သိမ်းယူသွားနိုင်သည်။ မင်းဆက်ကံစွမ်းအား မရှိပါက ချီယွဲ့နိုင်ငံလည်း ပြိုလဲသွားပေလိမ့်မည်။

ဧကရာဇ်အဆင့် မရှိသော နိုင်ငံတစ်ခုသည် ဧကရာဇ်အဆင့်ရှိသော အင်အားစု၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန် ခဲယဉ်းကြောင်း သူတို့ သိသော်လည်း ချီယွဲ့နိုင်ငံ ပျက်စီးသွားသည်ကို သူတို့ မမြင်လိုကြပေ။

မျှော်လင့်ချက် အနည်းငယ် ရှိနေလျှင်ပင် သူတို့ ကြိုးစားလိုကြ၏။ သူတို့သည် တော်ဝင်မိသားစုဝင်များ ဖြစ်သောကြောင့် သူတို့၏ ကံကြမ္မာက မင်းဆက်ကံစွမ်းအားနှင့် ဆက်နွှယ်နေသည်။

ချီယွဲ့နိုင်ငံ ပျက်သုဉ်းပြီး မင်းဆက်ကံစွမ်းအား ကွယ်ပျောက်သွားလျှင် သူတို့၏ ကံကြမ္မာသည်လည်း လျင်မြန်စွာ မှေးမှိန်သွားပေလိမ့်မည်။ ကံစွမ်းအား မရှိပဲနှင့် ပေမိသားစု အသက်ရှင်ကျန်ရစ်လျှင်ပင် သူတို့၏ အနာဂတ် ပို၍ ခက်ခဲလာမည် ဖြစ်၏။ ထို့ကြောင့် ကျဆုံးသွားသော နိုင်ငံအများစု၏ မျိုးဆက်များသည် ဝမ်းနည်းဖွယ် ကံကြမ္မာများနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။

ခဏခန့် အတွေးထဲနစ်မြောပြီးနောက် ပေနီယန်က

“မဖြစ်ဘူး။ မင်းကြီးကို အောင်မြင်ခွင့် မပေးနိုင်ဘူး။ ရှနိုင်ငံတော်ရဲ့ ကျူးကျော်မှုကို ခုခံဖို့ ရှေ့တန်းကို ကျုပ်တို့ကိုယ်တိုင် သွားရမယ်။”

ပေဝမ်ဖုက ရှနိုင်ငံတော်နှင့် စစ်မတိုက်ရဲသောကြောင့် တော်ဝင်မိသားစုက ရှေ့တက်ရမည် ဖြစ်သည်။ သူတို့သည် အခြားနိုင်ငံတစ်နိုင်ငံထံ နောက်တစ်ကြိမ် ဦးညွှတ်၍ မရပေ။ ချီယွဲ့နိုင်ငံ၏ စိတ်ဓာတ်ကို စုစည်းပြီး မင်းဆက်ကံစွမ်းအားကို တည်ငြိမ်အောင် လုပ်ရမည် ဖြစ်၏။

ပေနီယန်အတွက် ယခုဘဝတွင် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့သလို သူ့အချိန်ကလည်း ကုန်ဆုံးလုနီးပြီ ဖြစ်သည်။ ထို့ကြောင့် စစ်မြေပြင်တွင် သေဆုံးရခြင်းက ပိုကောင်းသည်ဟု ပေနီယန် တွေးလိုက်၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပေဝမ်ဖုက ချင်းယွမ်နိုင်ငံ၏ ထောက်ခံမှုကို ရရှိထားသဖြင့် သူ့ကို တော်ဝင်မိသားစုက ဗြောင်ကျကျ မဆန့်ကျင် ရဲခဲ့ပေ။

သို့သော် ယခု ဖန်ထန်းဖေးပင် ထွက်ပြေးသွားပြီဖြစ်ရာ ချင်းယွမ်နိုင်ငံသည်လည်း ရှနိုင်ငံတော်ကို ရန်မစရဲကြောင်း ထင်ရှားသည်။ ပေဝမ်ဖု၏ နောက်ကွယ်တွင် မည်သူမှ မရှိတော့သဖြင့် ထိုကဲ့သို့ ဝါစဉ်ငယ်သော သူတော်စင်အဆင့်ကို သူ အဘယ်ကြောင့် ကြောက်နေရမည်နည်း။

ချက်ချင်းပင် ပေနီယန်သည် တော်ဝင်မိသားစုဝင် အုပ်စုကြီးကို စုစည်းကာ ညတွင်းချင်း ရှေ့တန်းသို့ထွက်ရန် စစ်တပ်ကို ဦးဆောင်သွား၏။ သူတို့အ‌င်အားနှင့် ရှနိုင်ငံတော်ကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း သိသော်လည်း ပေဝမ်ဖု၏ အစီအစဉ်ကိုတော့ အောင်မြင်ခွင့် မပေးနိုင်ပေ။ သူတို့ သေဆုံးသွားခြင်းက အရေးမကြီးပေ။

ထိုတော်ဝင်မိသားစုဝင်များ စစ်မြေပြင်တွင် ရှိနေသရွေ့ ချီယွဲ့နိုင်ငံမှ ပြည်သူများက သူတို့ကို မြင်တွေ့ရမည် ဖြစ်၏။ ထိုအခါမှသာ ပြည်သူ့ နှလုံးသား လုံးဝ ဆုံးရှုံးမသွားအောင် တားဆီးနိုင်လိမ့်မည်။ ပြည်သူ့ နှလုံးသား ရှိနေသရွေ့ မင်းဆက်ကံစွမ်းအား တည်ရှိနေမည်ဖြစ်ပြီး သူတို့၏ မျိုးဆက်များသည် ၎င်း၏ အကာအကွယ်ကို ဆက်လက် ရရှိနေမည် ဖြစ်ပေသည်။

……..

တစ်ချိန်တည်းမှာပင်။

ပိုင်ရန်ကြယ်နယ်မြေ၌။

ဖေးဟုန်နတ်လှေသည် လေပြင်းကြယ်ပင်လယ်ကမ္ဘာ၏ အထက်တွင် တိတ်ဆိတ်စွာ ပျံသန်းနေ၏။ ကုန်းပတ်ပေါ်ရှိ လုချန်းသည် သူ့ရှေ့ရှိ ဧကရာဇ်လောင်း ဆယ်ဦးကျော်ကို ကြည့်ပြီး ပြုံးလျက် မေးလိုက်သည်။

“ခင်ဗျားတို့က ချီယွဲ့နိုင်ငံကို သစ္စာဖောက်တဲ့အတွက် ချင်းယွမ်နိုင်ငံက အရေးယူမှာ မကြောက်ကြဘူးလား။”

ဧကရာဇ်လောင်းတစ်ဦးက တုံ့ပြန်လိုက်၏။

“ဘာကြောက်စရာ ရှိလို့လဲ။ နိုင်ငံရဲ့ အုပ်ချုပ်သူဖြစ်တဲ့ မင်းကြီး ပေဝမ်ဖုတောင် တခြားသူဆီ အညံ့ခံနိုင်ရင် ကျွန်တော်တို့ကရော ဘာလို့ မရရမှာလဲ။”

“ခင်ဗျားတို့ရဲ့ ရွေးချယ်မှုက အရမ်း မှန်ကန်ပါတယ်။ ခင်ဗျားတို့ရဲ့ သစ္စာခံမှုကို ကျွန်‌တော် လက်ခံတယ်။ ဒါနဲ့ ကျွန်တော့်မှာ ခင်ဗျားတို့နဲ့ တွေ့ပေးချင်တဲ့သူ တစ်ယောက် ရှိတယ်။”

ထိုသို့ပြောပြီးနောက် လုချန်းက လှည့်လိုက်ပြီး

“အကြီးအကဲပေ ...အပြင်ထွက်လာလို့ ရပါပြီ။”

လုချန်း၏ စကားအဆုံးတွင် ပေထျန်းလု၏ ပုံရိပ် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

ပေထျန်းလုကို မြင်လျှင် ထိုနေရာရှိ ဧကရာဇ်လောင်းများ မှင်တက်သွားကြ၏။ သူတို့ထဲမှ အများစုသည် ပေထျန်းလု ကိုယ်တိုင် လေ့ကျင့်ပေးခဲ့သူများ ဖြစ်သည်။ ပေရှုဟွာ၏ အာဏာသိမ်းမှု ရှုံးနိမ့်သွားပြီး‌နောက် ပေဝမ်ဖုက သူတို့ကို ချီယွဲ့နိုင်ငံ၏ အစွန်အဖျားဒေသများသို့ နယ်နှင်ဒဏ် ပေးခဲ့၏။

ပေထျန်းလု သေဆုံးသွားပြီဟု သူတို့အားလုံး ထင်မှတ်ထားကြသဖြင့် ယခု သူ့ကို ပြန်မြင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။ ထို့ပြင် ပေထျန်းလု၏ အနီးအနားရှိ သေမင်း အငွေ့အသက်များ ကွယ်ပျောက်သွားပြီ ဖြစ်ရာ သေဘေးကို သူ ကျော်လွှားနိုင်ခဲ့ကြောင်း ဖော်ပြနေသည်။

ဧကရာဇ်လောင်းတစ်ဦးက မယုံကြည်နိုင်စွာဖြင့်

“မင်းကြီး... ဒါ တကယ်ပဲ မင်းကြီးလား။ မင်းကြီး အသက်ရှင်နေတုန်းပဲလား။”

ထိုဧကရာဇ်လောင်းများကို မြင်လျှင် ပေထျန်းလု၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွား၏။ အများစုမှာ သူ လေ့ကျင့်ပေးခဲ့သူများ ဖြစ်သော်လည်း ယခု သူတို့က ချီယွဲ့နိုင်ငံကို သစ္စာဖောက်ခဲ့ကြသည်။ သို့သော် သူကိုယ်တိုင်လည်း နိုင်ငံကို သစ္စာဖောက်ခဲ့သောကြောင့် သူတို့အပေါ် မည်သို့ အပြစ်တင်နိုင်မည်နည်း။

ပေထျန်းလုက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး

“ကျုပ် မင်းတို့ကို မှားခဲ့ပါတယ်။ ချီယွဲ့နိုင်ငံက မင်းတို့ကို မှားခဲ့ပါတယ်။”

All Chapters