မိုးကြိုးကျောက်တုံး
Vol. 47 Ch. 653
ခွမ်း
ခြံဝင်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် မျက်နှာချွန်ချွန် ပါးရိုးချောင်ချောင်ဖြင့် လူရွယ်တစ်ဦးက ဝင်လာလေ၏။ သူ၏နဖူးပေါ်တွင်လည်း ကျန်းရီကဲ့သို့ပင် ကျွန်ဟုသော စကားလုံးက အထင်အရှား ရှိနေသည်။ သူ၏ခွန်အားက သိပ်မမြင့်ဘဲ ဗာဂျရာနယ်ပယ် ပထမအဆင့်တွင်သာရှိသည်။ အထဲသို့ ဝင်လာချိန်၌ ဘေးဘီကို လျှောက်ကြည့်မနေဘဲ လက်သီးနှစ်ဖက်ဆုပ်လျက် ကျန်းရီရှေ့သွားကာ နှုတ်ဆက်လိုက်လေ၏။
“ဟူစန်းက သခင်လေးကို နှုတ်ဆက်ပါတယ်။ သခင်လေးရဲ့ မျိုးရိုးနာမည်ကို သိခွင့်ရမလား”
ကျန်းရီက လက်ယမ်းလျက် ချမ်ဝမ်ကွမ်းကို ခုံနှစ်လုံး ထုတ်လာခိုင်းပြီး ပင်မခန်းမထဲမှ စားပွဲတစ်လုံး ထုတ်လာခိုင်းလိုက်၏။ သူက ဟူစန်းကို ထိုင်ဖို့အထဲမဝင်ခိုင်းဘဲ ဖုန်းလန်ကို အချက်ပြလိုက်၏။ တစ်ဖက်လူက ခြံဝင်းထဲသို့ အမြန်ဝင်လာပြီးနောက် အရံအတားကို အမြန်အသက်သွင်းလိုက်ရာ ကောင်းကင်စိတ်အာရုံ အချို့က စူးစမ်းလာတော့သည်။
“ကျုပ်ရဲ့နာမည်က တစ်ကိုယ်တော် ဝံပုလွေပါ ကျေးဇူးပြုပြီး ထိုင်ပါ”
ကိစ္စကြီးငယ်များစွာကို တွေ့ကြုံခဲ့ပြီးနောက် ကျန်းရီ၌ အထင်ကြီးဖွယ်ကောင်းသည့် တည်ရှိမှုမျိုး ရှိလာသည်။ သူက အသန်မာဆုံး မဟုတ်သော်ငြား အဖွဲ့ခေါင်းဆောင်ဆိုတာ သေချာ၏။
ဟူစန်းက ထိုင်လိုက်ပြီးနောက် ညင်သာသော လေသံဖြင့် မေးလိုက်သည်။
“ဟူစန်း မင်းမှာငါလိုချင်တဲ့ အချက်အလက် အားလုံးရှိတယ်လို့ ပြောခဲ့တယ်နော်”
ဟူစန်းက ခေါင်းညိတ်ပြီးနောက် မကောင်းဆိုးဝါးဆန်ဆန် ရယ်မောကာ လက်ဆန့်ထုတ်လျက် ပြောလိုက်သည်။
“သတင်းတစ်ခုအတွက် ကောင်းကင်ဘုံကျောက်တုံးတစ်ရာ။ ကောင်းကင်မိုးကြိုးမြို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ အများကြီးသိတယ်။ ပြီးတော့ ရှန်းစီ လူမျိုးစုအကြောင်းလည်းသိတယ်။ ကြိုက်တာမေးလို့ရတယ်။ မဖြေနိုင်ရင် ကောင်းကင်ဘုံကျောက်တုံး ယူမှာမဟုတ်ဘူး”
“ကောင်းကင်ဘုံကျောက်တုံးတစ်ရာ”
ကျန်းရီ၏ ပါးစပ်က မဲ့ရွဲ့သွားတော့သည်။ ဒီလိုသေးသိမ်တဲ့နေရာက တကယ်ကို အနိုင်ကျင့်နိုင်တာပဲ။ သတင်းအချက်အလက်အတွက်တောင် ပေးချေရတယ်လား။
ဖုန်းလန်နှင့် ကျန်သည့်သူများကလည်း မျက်မှောင်ကြုတ်သွား၏။ သူတော်စင် အသုံးအဆောင်တစ်ခုကို ကောင်းကင်ဘုံကျောက်တုံး ငါးရာဖြင့် ရောင်းချသည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် သူတို့သည် မေးခွန်းငါးခုအတွက် သူတော်စင် လက်နက်တစ်ခုကို ပေးရမည် မဟုတ်ပါလော။ ယင်းက မမှန်ကန်ရာ ကျလွန်းနေသည် မဟုတ်ပါလော။
“ဈေးနည်းနည်းလျော့ပေး ငါတို့နောင်ကျလည်း စီးပွားရေး လုပ်ရအုံးမှာမလား”
ကျန်းရီက မေးနေစဉ် ရွှင်ပြသွာ ပြောလိုက်သော်ငြား ဟူစန်းက ချက်ချင်းပင် ခေါင်းခါကာ ပြောလိုက်တော့၏။
“ဒီလမ်းထဲမှာ ကျုပ်တစ်ယောက်ပဲ အချက်အလက် ရောင်းတဲ့လူ၊ သခင်လေး တစ်ကိုယ်တော် ဝံပုလွေက ကျွန်တော်ကို မယုံရင် အပြင်ထွက်ပြီး အချက်အလက် ရှာနိုင်မလားဆိုတာ မေးကြည့်လိုက်။ သတင်းတစ်စ ရလာခဲ့မယ်ဆိုရင်တောင် ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်ပေးလိုက်မယ် ဟီး ဟီး တစ်ခြားလမ်းတွေကို ထွက်ပြီးမေးရင်တောင် သတင်းရောင်းခအတွက် လူတစ်ယောက်ပဲ ရှိနေမှာ သေချာတယ်။ သတင်းရချင်တယ်ဆိုရင် ကောင်းကင်ဘုံကျောက်တုံး လိုအပ်သေးတာပဲ”
“အမ်”
ကျန်းရီက သံသယဖြစ်စွာ မျက်တောင်ခတ်လိုက်ပြီး မေးလိုက်၏။
“ဘာကြောင့်ဒါမျိုး ဖြစ်တာလဲ”
ဟူစန်းက ထပ်မပြောတော့ဘဲ လက်ကိုဆန့်ထုတ်လိုက်၏။ ဆိုလိုသည်က ထိုမေးခွန်းအတွက် ကောင်းကင်ဘုံကျောက်တုံး တစ်ရာလိုအပ်သည်။ ကျန်းရီက အံ့ကြိတ်လျက် ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲက ကောင်းကင်ဘုံကျောက်တုံး တစ်ရာကျော်ကို ထုတ်ပေးပြီး မေးလိုက်တော့၏။
“ဒါဆိုပြော”
“သိပ်ကိုရိုးရှင်းပါတယ်”
ဟူစန်းက ကောင်းကင်ဘုံကျောက်တုံး ရသည်နှင့် သူကချက်ချင်း ပြုံးလိုက်ကာ ပြောလိုက်တော့သည်။
“ဘာလို့လည်းဆိုတော့ ကျွန်တော်က အဖွဲ့မှူးလီညွှန်ပြပေးထားတဲ့ သတင်းအချက်အလက် ရောင်းတဲ့လူလေ။ သတင်းအချက်အလက် ရောင်းရဲတဲ့လူ မည်သူမဆို သေခြင်းတရားက စောင့်ကြိုနေမှာ”
“အမ် အဖွဲ့မှူးလီက ဘယ်သူလဲ”
ကျန်းရီက ထိတ်လန့်သွားပြီး ဤကောင်းကင်မိုးကြိုးမြို့သည် ထင်ထားသကဲ့သို့ မရိုးရှင်းကြောင်း သဘောပေါက်သွားသည်။ ဟူစန်းက ပြန်မပြောခဲ့ဘဲ လက်ဆန့်ထုတ်လိုက်ရာ ကျန်းရီနှင့် ကျန်သည့်သူများက မျက်စိလည်သွားကြသည်။ ထိုလူက အမှန်တကယ် ရက်စက်ပြီး လောဘကြီးသည့်သူ ဖြစ်၏။ ဤအတိုင်း ဆက်မေးနေလျှင် အသုံးဝင်သည့် အချက်အလက်မရခင် ကောင်းကင်ဘုံကျောက်တုံးအားလုံး ပေးလိုက်ရနိုင်သည်။
ကျန်းရီက တိတ်ဆိတ်နေပြီး လက်စွပ်ထဲကနေ နောက်ထပ် ကောင်းကင်ဘုံကျောက်တုံး တစ်ရာကိုထုတ်လိုက်ပြီး လေးနက်တည်ကြည်သည့် လေသံဖြင့် မေးလိုက်တော့သည်။
“ခုနတုန်းက အချက်အလက်ကို ထည့်မတွက်ဘူး။ ဒီကောင်းကင်ဘုံကျောက်တုံး တစ်ရာနဲ့ ငါမေးချင်တာက ကောင်းကင်မိုးကြိုးမြို့ထဲမှာ ပိုကောင်းတဲ့ဘဝရအောင် ဘယ်လိုနေထိုင်ရမလဲ။ မင်းသေသေချာချာ ရှင်းပြဖို့ မျှော်လင့်တယ်။ မဟုတ်ရင် ဘာအချက်အလက်ကိုမှတောင် မကြားချင်ဘူး”
ဟူစန်းက ကောင်းကင်ဘုံကျောက်တုံးများကို လက်ခံပြီးနောက် အသိအမှတ်ပြုသည့် အနေဖြင့် လက်မထောင်ပြကာ ပြောလိုက်တော့သည်။
“သခင်လေး အဓိကကျတဲ့ မေးခွန်းကို မေးလိုက်တာပဲ။ ဘာကိုမှ ကွယ်ဝှက်ထားမှာ မဟုတ်ဘူး။ ကောင်းကင်မိုးကြိုးမြို့မှာ ကောင်းကောင်းမွန်မွန် နေချင်ပြီး မထွက်သွားခင် တစ်နှစ်ရှင်သန်ဖို့ ဒါမှမဟုတ် ဒီမှာမင်းကိုယ်မင်း တည်ဆောက်ဖို့ဆိုရင် အချက်သုံးချက်ကို မှတ်ထားရမယ်”
“ပထမအချက်က အင်အားစုတွေထဲက တစ်စုစီ သစ္စာခံရမယ်။ ဒီမြို့မှာ အဓိကအင်အားစု ဆယ်စုရှိပြီး သူတို့ထဲက တစ်စုကို သွားရှာလို့ရတယ်။ ဒုတိယအချက်က သိုသိုသိပ်သိပ်နေပြီး သည်းခံရမယ်။ တစ်ယောက်ယောက်က သခင်လေးကို အနိုင်ကျင့်ရင် ဒါမှမဟုတ် အရှက်ခွဲရင်တောင် သူတို့ကို ပြန်တိုက်ခိုက်ဖို့ ခွန်အားမရှိရင် သည်းခံရမယ်။ အစောတုန်းက သခင်လေး အလွန်ပါးနပ်တာပဲ။ ဝင်သွားတဲ့အချိန်မှာ မောက်မာထောင်လွှားတဲ့ ပုံစံမျိုး ပြုမူခဲ့ရင် ငါးရက်မပြည့်ခင် သေမှာသေချာတယ်။ တတိယအချက်က မင်းမှာ မိန်းမလှလေးတွေ များလွန်းနေတယ်။ သူတို့အားလုံးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ နှစ်ယောက်ကို ပေးလိုက်ဖို့ အကြံပေးမယ်”
ဝှစ် ဝှစ် ဝှစ်
ကျန်းရီနှင့် ကျန်သည့်သူများ၏ အမူအရာက သုန်မှုန်သွားကြသည်။ ပထမနှစ်ချက်က လက်ခံနိုင်သေးသော်ငြား တတိယအချက်ကမူ လူတိုင်းကို ဒေါသထွက်စေ၏။ ကျန်းရီက ဘာမှမပြောသောကြောင့် မည်သူမှ ဘာမှမပြောရဲချေ။
ကျန်းရီသည် ဟူစန်းကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်ရာ ဟူစန်း၏ မျက်နှာထားကို သဘာဝမကျသည့်ပုံမျိုး ဖြစ်သွားစေသည်။ ပြီးနောက် ကျန်းရီက ခဏအကြာတွင် မေးလိုက်တော့သည်။
“သူတို့ကို ထုတ်မပေးရင်ရော”
ဟူစန်းက ပခုံးတွန့်ပြီး ဘာမှမပြောပေ။ ကျန်းရီသည် ဤအကြံဉာဏ်ကို နားထောင်သင့်သည်လား နားမထောင်သင့်သည်လား ရွေးချယ်ရမှာပဲဖြစ်သည်။ ကျန်းရီက သက်ပြင်းရှည်ချပြီးနောက် ကောင်းကင်ဘုံကျောက်တုံး တစ်ရာကိုထုတ်ကာ မေးလိုက်၏။
“အင်အားစုဆယ်စုမှာ ကောင်းကင်ဧကရာဇ် ဘယ်နှစ်ယောက်ဆီရှိလဲ။ သူတို့အဖွဲ့မှူး ဆယ်ယောက်ရဲ့ ကျင့်ကြံဆင့်ကရော”
ဟူစန်းသည် ကောင်းကင်ဘုံကျောက်တုံးများ လက်ခံလိုက်သော်ငြား ပြုံးကာပြောလိုက်တော့သည်။
“သခင်လေး တစ်ကိုယ်တော် ဝံပုလွေက မေးခွန်းနှစ်ခု မေးနေတာပဲ”
ကျန်းရီက အံ့ကြိတ်လိုက်ပြီး နောက်ထပ် ကောင်းကင်ဘုံကျောက်တုံး တစ်ရာကို ထုတ်ယူလိုက်သည်။ ပြီးနောက် ဟူစန်းက အားပါးတရပြုံးကာ ဖြေလိုက်လေ၏။
“ကောင်းကင်ဧကရာဇ် အားလုံးနီးပါးက အဓိကအင်အားစု ဆယ်စုဆီကို သစ္စာခံထားတယ်။ အင်အားစုတိုင်းမှာ အနည်းဆုံး ကောင်းကင်ဧကရာဇ် အယောက်နှစ်ဆယ်ရှိတယ်။ အဖွဲ့မှူးဆယ်ယောက်က ကောင်းကင်ဧကရာဇ်နယ်ပယ် အလယ်အဆင့်မှာရှိတယ်။ ဥပမာအနေနဲ့ ငါတို့အဖွဲ့မှူးလီပေါ့။ သူက အဖွဲ့မှူးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ခွန်အားက ကောင်းကင်မိုးကြိုးမြို့ထဲမှာ တတိယအဆင့်ပဲ။ မြို့ရဲ့အသန်မာဆုံး အင်အားစုကတော့ လုမျိုးနွယ်စုရဲ့ စစ်တပ်ပဲ။ ကျုပ်ရည်ညွှန်းပြောတာက ကောင်းကင်မိုးကြိုးမြို့ထဲမှာရှိတဲ့ ကျွန်တွေပဲလေ”
“အလယ်အဆင့် ကောင်းကင်ဧကရာဇ်တဲ့လား”
ကျန်းရီနှင့် ဖုန်းလန်က အသက်ရှုထုတ်လိုက်၏။ အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ မရှိသ၍ သူတို့၌ တိုက်ခိုက်ရန် အခွင့်အရေး ရှိသေးသည်။ အဆင့်မြင့် ကောင်းကင်ဧကရာဇ် ရှိနေလျှင် သူတို့က ကောင်းကင်မိုးကြိုးမြို့ထဲတွင် နေရန်အကြောင်း တွေးနေရန်တောင် မလိုချေ။
မေးခွန်းအချို့ သာမန်ကာလျှံကာ မေးပြီးနောက် ကျန်းရီသည် ကောင်းကင်ကျောက်တုံး ရာဂဏန်းခန့် သုံးလိုက်သည်။ သို့သော်သူက အသုံးဝင်သည့် အချက်အလက်များလည်း ရလိုက်လေ၏။
ကောင်းကင်မိုးကြိုးကျွန်းက အလုပ်အတွက် ရိုးရှင်းသည့် နေရာမဟုတ်ပေ။ နေထိုင်သည့်သူများက အဖွဲ့အစည်းနှင့် နေထိုင်ကြပြီး ပုန်းကွယ်နေသော သိုင်းပညာရှင် များစွာရှိသည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်များ ဤနေရာတွင် နေထိုင်ရသည့် အကြောင်းအရင်းကို နားမလည်သေးသော်ငြား ဤနေရာက အလွန်အန္တရာယ်များကြောင်း ရှင်းရှင်းလင်းလင်း သိနေ၏။ အကွက်တိုင်းကို ကရုတစိုက် မစီစဉ်ထားလျှင် ဤနေရာ၌ ပျောက်ကွယ်သွားနိုင်သည်။ အနည်းဆုံးတော့ သူတို့က အပြစ်သားကျွန်းပေါ်၌ ဆက်နေနိုင်တော့မှာမဟုတ်ပေ။
ကျန်းရီက လက်စွပ်ထဲတွင် ကောင်းကင်ဘုံကျောက်တုံး အနည်းငယ်ရှိသေးရာ တွေဝေနေပြီး နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်သည်။
“မြို့တွင်းက လုံခြုံလား”
“ဒါပေါ့”
ဟူစန်းက ပြောလိုက်သည်။
“မိုးကြိုးကျောက်တုံးတွေ လုံလုံလောက်လောက်ပေးပြီး အဆင်အခြင်မဲ့ မပြုမူသ၍ ကောင်းကင်မိုးကြိုးမြို့က အလွန်လုံခြုံတယ်။ နဂါးဖြူကျွန်းစုထဲမှာ လုမျိုးနွယ်စုက အရှင်သခင်ပဲ။ ဘယ်သူကမှ လုမျိုးနွယ်စုရဲ့ အာဏာကို စိန်မခေါ်ရဲဘူး”
ထိုအချက်ကို အတည်ပြုပြီးနောက် ကျန်းရီက အနည်းငယ် စိတ်အေးသွားသည်။ အနည်းဆုံးတော့ ကျန့်ဝူရှန်း ချမ်ဝမ်ကွမ်း ယွင်ဖေးနှင့် ကျန်သည့်သူများက မြို့ထဲတွင် သေချာပေါက် ဘေးကင်းစွာ သွားနိုင်မှာပဲဖြစ်သည်။ မိုးကြိုးကျောက်တုံးများ ရယူရန် တာဝန်အတွက်မူ သူဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးတို့ လုပ်ရုံသာ လိုသည်။ သူတို့ပေါင်းစည်းထားသည့် ခွန်အားက အသင့်အတင့်ရှိပြီး မိုးကြိုးကျောက်တုံး အနည်းငယ်မျှကို ရအောင်မယူနိုင်ဆိုတာ မယုံကြည်ပေ။
မိုးကြိုးကျောက်တုံးများအကြောင်း တွေးမိချိန်၌ သူက ကောင်းကင်ဘုံကျောက်တုံး တစ်ရာကိုပေးပြီးနောက် မေးလိုက်တော့၏။
“မိုးကြိုးကျောက်တုံးတွေကို ဘယ်လိုယူရမလဲ”
ဟူစန်းက ပြန်ပြောသည်။
“သိပ်ကိုရိုးရှင်းတယ်။ မိုးကြိုးကျောက်တုံးကိုရဖို့ နည်းလမ်းနှစ်ခုရှိတယ်။ ပထမနည်းလမ်းက မြို့အရှေ့ဘက်ဂိတ်ဆီသွားပြီး မိုးကြိုးဒေသထဲမှာ မိုးကြိုးကျောက်တုံးတွေတူး။ ဒီကောင်းကင်မိုးကြိုးကျွန်းက သဘာဝ မိုးကြိုးစုဝေးခြင်း အစီအရင်ပဲလေ။ မိုးကြိုးသွားတွေက ရံဖန်ရံခါ ပစ်ခတ်ပြီး မြို့ရိုးအပြင်ဘက်က ကျောက်တုံးတွေကို မိုးကြိုးနဲ့လျှပ်စီးစွမ်းအင်တွေ စုစည်းလာစေပြီး မိုးကြိုးကျောက်တုံးအဖြစ် သိပ်သည်းသွားစေတာ။ ကံကောင်းရင် တစ်ရက်အတွင်း မိုးကြိုးကျောက်တုံးတွေ အများကြီး ရှာတွေ့လောက်တယ်။ ဒါပေမဲ့ ကံဆိုးရင်တော့ မိုးကြိုးကျောက်တုံး တစ်တုံးမှတောင် ရှာတွေ့မှာမဟုတ်ဘူး။ ဒုတိယနည်းလမ်းကတော့ ကောင်းကင်ဘုံ ကျောက်တုံးတွေနဲ့ ဝယ်ဖို့ပဲ။ အင်အားစုဆယ်စုရဲ့ အဖွဲ့ဝင်တွေဆီကနေ ဝယ်နိုင်တယ်။ ပြီးတော့ မိုးကြိုးကျောက်တုံး တစ်တုံးကို ကောင်းကင်ဘုံကျောက်တုံး ရှစ်ရာကျသင့်မယ်”
“သေစမ်း”
ကျန်းရီက မျက်ဆံလည်သွားတော့သည်။ မိုးကြိုးကျောက်တုံး တစ်တုံးအတွက် ကောင်းကင်ဘုံကျောက်တုံး ရှစ်ရာတဲ့လား။
သူသည် မီးတိမ်သံချပ်ကာကို ရောင်းချခဲ့လျှင်တောင် ရက်နှစ်ဆယ်ကျော် ခံနိုင်မှာမဟုတ်ပေ။ ခဏတစ်ဖြုတ် ရပ်တန့်ပြီးနောက် နှာခေါင်းရှုံ့လိုက်၏။
“ဟူစန်း မင်းအစောတုန်းက ငါ့ကိုလှည့်စားဖို့ ကြိုးစားနေတာမလား။ ငါအင်အားစုတွေထဲဝင်ပြီး မိန်းမလှလေးတွေကို ပေးပေး၊ မပေး ကိစ္စမရှိဘူးမလား။ ငါက မိုးကြိုးကျောက်တုံးတွေကို တူးဖို့မလိုတော့ဘူးလား။ ဒီလိုဆိုရင် ဒီအင်အားစုတွေကို ဝင်တာက ဘာအသုံးဝင်တော့မှာလဲ”
ဟူစန်းက ယခုအခေါက်တွင်မူ ကောင်းကင်ဘုံကျောက်တုံး မတောင်းဘဲ နှာခေါင်းရှုံ့ကာ ဖြေလိုက်လေ၏။
“သိပ်ကိုရိုးရှင်းတယ်။ မင်းသာ အင်အားစုတစ်စုကို ဝင်ခဲ့မယ်ဆိုရင် မိုးကြိုးကျောက်တုံးတွေကိုရှာဖို့ အခြားအင်အားစုတွေနဲ့အတူ စွန့်စားသွားလာနိုင်မယ်။ သူတို့အပြင်ထွက်တဲ့အချိန်တိုင်း ကောင်းကင်ဧကရာဇ်တစ်ယောက်က အဖွဲ့ကို ဦးဆောင်ပေးတော့ အသတ်ခံရနိုင်ချေ နည်းသွားတယ်။ မင်းတို့ကိုယ်တိုင် သွားမယ်ဆိုရင် အသတ်ခံရမှာ သေချာတယ်။ မင်းတို့ထဲမှာ ကောင်းကင်ဧကရာဇ်တစ်ယောက် ရှိနေခဲ့ရင်တောင် လူတစ်ရာ လူတစ်ထောင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာတဲ့လား။ အုပ်စုတစ်ချို့က မင်းတို့ကိုဝိုင်းပြီး တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။ အဖွဲ့မှူးဆယ်ယောက်က ကိုယ်တိုင်လှုပ်ရှားရင်ရော။ မင်းတို့က မြို့ထဲမှာပဲပုန်းပြီး တစ်သက်လုံး အပြင်မထွက်တော့ဘူးလား။ မိုးကြိုးကျောက်တုံးတွေ မရှိရင် မင်းတို့သေအုံးမှာပဲဆိုတာ သိထားရမယ်”
***