ဒိတ်ဒိတ်ကျဲကြီး တစ်ယောက် လာနေပြီ
Vol. 155 Ch. 2270
ပြောလိုက်သူက အနက်ရောင် ဝတ်စုံ၊ အဖြူရောင် အောက်ခံရှပ်နှင့် လက်ကောက်ဝတ်တွင် Royal Oak နာရီကို ဝတ်ဆင်ထားသူ တစ်ဦး ဖြစ်သည်။ သာမန် ရပ်နေရုံမျှနှင့် အထက်တန်းလွှာဆန်သည့် အရှိန်အဝါတို့က သူ့အနီးနားတစ်ဝိုက်တွင် ပျံ့လွင့်နေလေသည်။
အမျိုးသား၏ နာမည်က ရွှီကျန်းချူ ဖြစ်ပြီး သူ့မိသားစုက စားသောက်ကုန်လုပ်ငန်းကြီးကို လုပ်ကိုင်သည်။ ရန်မြို့တွင်သာမက ဟွာရှအနှံ့အပြားတွင်လည်း ဖြန့်ကျက်ထားသေး၏။
ယွမ် ဆယ်ဘီလီယမ် အနည်းငယ်မျှရှိသည့် မိသားစု၏ ပိုင်ဆိုင်ကြွယ်ဝမှုက သူ့ကို လူအုပ်ကြီးထဲတွင် ယုံကြည်ချက် အပြည့်နှင့် မားမားမတ်မတ် ရပ်တည်နိုင်သည့် စွမ်းအင်တို့အား ပေးစွမ်းသည်။
ရှောင်ယွီဟု သူ ညွှန်းဆိုနေသည့် မိန်းကလေး၏ နာမည်က ဖန်းယွီ ဖြစ်၏။ သူ့မိသားစုက စမတ်ပစ္စည်းများ ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ကာ ကြွယ်ဝမှုကလည်း ဘီလီယမ် ဆယ်ချီသည်။ သို့မှမဟုတ် သူတို့ အသိုင်းအဝိုင်း သေးသေးလေးတွင် ပါဝင်သူတိုင်းက တူညီသည့် ကြွယ်ဝမှုတို့ ပိုင်ဆိုင်ထားသူသည်ဟူ၍ ပြော၍ရသည်။
ယနေ့ခေတ်ကဲ့သို့ လူမှုရေး အဆင့်အတန်းက အရာရာ ဖြစ်နေချိန်တွင် သူတို့တွေသည် အခြားသူများထက် သာလွန်မှုဟူသော အရာကို အမြဲတစေ ထိန်းသိမ်းထားပြီး သူတို့၏ အသိုင်းအဝိုင်းအတွင်းသို့ အခြားသူများ ရောက်လာမည်ကို တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည်။ ထိုကဲ့သို့သော အရာမျိုး ဖြစ်ပေါ်လာမည်ကို မည်သို့မျှ ခွင့်မပြုနိုင်ချေ။
သူတို့အမြင်တွင် အနှီ ချမ်းသာသည့် သာမန် ဒုတိယမျိုးဆက် သခင်လေးတို့နှင့် ရောရောနှောနှော နေသည်က မိမိတို့၏ အဆင့်အတန်းကို နှိမ့်ကျသွားစေလိမ့်မည်။
ထို့ကြောင့် … အချိန်အတော်ကြာသည်ထိအောင် သူတို့အုပ်စုက ရန်မြို့တွင် အထက်တန်းလွှာအဆန်ဆုံး အသိုင်းအဝိုင်းတစ်ခုအဖြစ် ရပ်တည်နေခဲ့၏။
ယင်းက ကျိုးဟိုင်ရှိ ချင်းဟန်နှင့် အခြားသူများကဲ့သို့ပင်။
ဆံပင်အတိုနှင့် မိန်းကလေးက ပြောလိုက်၏။ “ နင် ပြောသလောက်ကြီးလည်း မဆိုးနိုင်လောက်ပါဘူးနော်… ဒီနေ့ည ဒီပွဲကို လာနိုင်တဲ့လူတွေက ပေါ့သေးသေးမှ မဟုတ်တာ … အကုန်လုံးက ရန်မြို့ရဲ့ အကောင်ကြီးကြီးတွေကိုပဲ ….”
“ နင် အဲ့လို ပြောတာကတော့ မှားသွားပြီ ….” ရွှီကျန်းချူက ပြန်လည် ချေပလိုက်ပြီး “ ပုံမှန်ဆို အဲ့ဒီနှစ်ယောက်က ဒီထဲတောင် ဝင်ခွင့်ရမှာ မဟုတ်ဘူး… သူတို့က ဒီလို အဆင့်အတန်းမြင့်တဲ့ လူမှုရေးပွဲတွေ တက်ရောက်ဖို့ အရည်အချင်း မပြည့်မီဘူး …”
ရွှီကျန်းချူ၏ စကားဆုံးတော့ လူတိုင်း၏ အကြည့်က သူ့ထံသို့ ရောက်လာခဲ့ကြသည်။
“ နင်က ဘာကို ပြောချင်နေတာ … နင် သူတို့နဲ့ သိလို့လား ….”
“ ငါ မသိဘူး … ဒါပေမယ့် အဲ့တစ်ယောက်ကိုတော့ တစ်ခါ မြင်ဖူးတယ် ….” ရွှီကျန်းချူက ချွီရွှမ့်ဟော်ကို လက်ညှိုးညွှန်လိုက်ပြီး “ ငါ ကားပြိုင်ပွဲကွင်းကို သွားတုန်းက တစ်ခါမြင်ဖူးတယ် … သူက တစ်ဖက် အသင်းက … သူ့မိသားစု ပိုင်ဆိုင်မှု ဆိုတာလည်း သန်းအနည်းငယ်လောက်လေးပဲ ရှိတယ် … ငါတို့မိသားစု ကြွယ်ဝတာရဲ့ ခြေဖျားလေးတောင် မမီဘူး …. ပုံမှန်ဆို အဲ့လိုလူစားမျိုးတွေနဲ့ တွေ့ရင် နှစ်ခါပြန် လှည့်ကြည့်မိမှာတောင် မဟုတ်ဘူး ….”
“ တကယ် …. ၊ ဒါဆိုရင် သူတို့က ဒီထဲကို ဘယ်လိုလုပ်ပြီး ဝင်လာခဲ့ကြတာလဲတဲ့ ….”
လူတိုင်းမှာ တစ်မျိုးတစ်ဖုံ အံ့အားသင့်သွားခဲ့ကြသည်။ အကြောင်းမူကား ယနေ့ နှစ်ကုန်တွေ့ဆုံပွဲကို တက်ရောက်ဖို့ လိုအပ်ချက်က အင်မတန် မြင့်မားနေသောကြောင့်ပင်။ ဤနေရာသို့ လာရောက်ကြသူတိုင်းက ဘီလီယမ်နာသူဌေးကြီး ဖြစ်သည်ဟု ပြောနိုင်လေသည်။
ယွမ် သန်းဂဏန်းလောက်လေးသာ ပိုင်ဆိုင်သည့် လူတစ်ယောက်က ဤနေရာနှင့် မသက်ဆိုင်ချေ။
“ ဘယ်လိုလုပ်သိမှာ … တခြားတစ်ယောက်ရဲ့ အဆက်အသွယ်ကို အသုံးချပြီး ခိုးဝင်လာလားမှ မသိဘဲ ….. “ ရွှီကျန်းချူက ပခုံးတွန့်လိုက်ပြီး “ ဘာပဲဆိုဆို လူတွေကို သူတို့နဲ့ နီးစပ်ရာတွေ ခေါ်ခဲ့ဖို့ ခွင့်ပြုထားတာပဲလေ ….”
“ အဲ့တာဆိုရင်တော့ ယုတ္တိရှိတယ် ….” ဆံပင်အတိုနှင့် မိန်းကလေးက လျစ်လျူရှုသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဒီနေရာရဲ့ စီမံခန့်ခွဲမှုကလည်း တစ်နှစ်ထက်နှစ် ပိုပိုပြီး လျော့ရဲလာနေတော့တာပဲ …. အဆင့်နိမ့်တဲ့လူတွေကတောင် ဒီလိုပွဲမျိုးကို လာနိုင်နေပြီ ….”
“ အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ငါတို့လည်း ဘာမှမတ်နိုင်ဘူး … ဒီလိုအမှိုက်မျိုးတွေ ငါတို့ အသိုင်းအဝိုင်းထဲ ဝင်မလာသရွေ့ အဆင်ပြေတယ် … အဲ့တာက အဓိကပဲ ….”
“ ပြောနေစရာတောင် လိုသေးလို့လားဟယ် … ဘယ်သူကရော သူတို့လို အဆင့်နိမ့်တဲ့ အောက်တန်းစားတွေနဲ့ အတူ တွဲသွားတွဲလာ လုပ်ချင်မှာလဲ … ငါတို့ကို ဘာမှ မကူညီပေးနိုင်တဲ့အပြင် တုံ့နှေးစေတာပဲရှိမယ်….”
သူမ ပြောဆိုပြီးနောက် ဆံပင် အတိုနှင့် မိန်းကလေးက ဖန်းယွီကို ကြည့်ပြီး “ ရှောင်ယွီ … နင်တစ်ချက်ကြည့်ပြီးရင် တော်ပြီပေါ့ …. ငါတို့က အသိုင်းအဝိုင်းချင်း တူတာ မဟုတ်ဘူး…. ကိုယ့်အဆင့်ကို နှိမ့်ပြီး သူတို့လို လူတွေနဲ့ စကားသွားပြောမနေစမ်းပါနဲ့ ….”
ဖန်းယွီ ခေါင်းညိတ်လိုက်ပြီး ဘာမျှ ပြန်မပြောချေ။ သွားပြီး စကားပြောမယ့် အကြံဉာဏ်ကိုတော့ လက်လျှော့လိုက်ပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေ သူမ သူငယ်ချင်း ပြောဆိုသည်ကလည်း အများအပြား အဓိပ္ပာယ် ရှိလေသည်။ သူတို့လို လူထံမှနေပြီး သူမ၏ မိသားစု လိုအပ်နေသည့်အရာကား မရှိပေ။
ဖန်းယွီ စိတ်ထဲကြိတ်ပြီး သက်ပြင်းချလိုက်၏။ သူမ၏ အဆင့်အတန်းနှင့် ကိုက်ညီသည့် အမျိုးသားတစ်ယောက်ကို ရှာဖွေရတာက ဘာကြောင့် ဒီလောက်ထိ ခဲယဉ်းနေရလဲဆိုပြီး သိချင်နေမိသည်။
သူတို့တွေ စကားပြောနေစဉ်မှာပဲ သက်လတ်ပိုင်း လူကြီး အများအပြားက အချင်းချင်း တီးတိုးပြောရင်း တစ်စုံတစ်ရာကို ဆွေးနွေးလျက် ခန်းမထဲသို့ ရောက်လာခဲ့ကြသည်။
ဆင်းလာသည့် သက်လတ်ပိုင်း အမျိုးသားကို မြင်တော့ ရွှီကျန်းချူမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ရှေ့သို့တက်လာ မေးမြန်း၏။
“ အဖေပြောတော့ အပေါ်ထပ်မှာ စီးပွားရေး ကိစ္စ ဆွေးနွေးနေမယ်ဆို… ဘာလို့ အစောကြီး ဆင်းလာခဲ့တာလဲ …”
“ ခေါင်းဆောင်ဝူက အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ကို ဖိတ်ကြားထားမှန်း အဖေတို့လည်း အခုလေးတင်မှ သိလို့ … ဒါကြောင့်မို့ စောစီး ဆင်းလာပြီး အဆင့်သင့် လုပ်ထားတာ …” ရွှီကျန်းချူ၏ ဖခင် ရွှီကျောင်းရန်က ဆိုလိုက်သည်။
“ အရေးကြီး ပုဂ္ဂိုလ် ဟုတ်လား ….”
ရွှီကျန်းချူနှင့် ကျန်သူများ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိလိုက်ကြ၏။ ရန်မြို့ အသိုင်းအဝိုင်းတွင် သူ့အဖေနှင့် ဦးလေးတို့က ထိပ်တန်း ဒိတ်ဒိတ်ကျဲကြီးများ ဖြစ်ပြီး ပြိုင်ဘက်ကင်းသလောက် ရှိသည်။
ဆိုတော့ … အရေးကြီး ဧည့်သည်က ဘယ်သူ ဖြစ်နိုင်မလဲ ….
“ အဖေ ပြောတဲ့လူက ဘယ်သူလဲ … ကျွန်တော်တို့ရော သူနဲ့ သိလား ….”
“ မင်း ကြားတော့ ကြားဖူးလောက်မယ် … ဒါပေမယ့် သူ့ကို မသိဘူး … အဖေတို့တစ်ယောက်မှလည်း သူနဲ့ မတွေ့ဖူးဘူး … ဒါကြောင့်မို့ စောစီး တွေ့ရအောင် ဆင်းလာခဲ့လိုက်တာ …” ရွှီကျောင်းရန်က ပြောလိုက်သည်။
“ ရန်မြို့မှာ ကျွန်တော်တို့ မသိတဲ့လူတွေ ရှိသေးတယ်ပေါ့ …”
“ သူက ကျိုးဟိုင်က … မင်း လင်းယွင်အုပ်စုကို သိတယ်မလား ….”
“ ဒါပေါ့ … သိတာပေါ့ဗျ … ကျိုးဟိုင်ရဲ့ ထိပ်တန်း စီးပွားရေးကုမ္ပဏီကြီးနဲ့ ဟွာရှ Semiconductor ရဲ့ ဦးဆောင်သူကြီးပဲဟာ … ကျွန်တော်တို့ မသိမှဘဲ ထူးဆန်းနေလိမ့်ဦးမယ် ….”
“ ဟမ် … ဘယ်ဆိုးလို့လဲ ကောင်လေး …. မင်းက ဒါတွေ သိနေတယ်ဆိုတော့ …..” ရွှီကျောင်းရန်က ပြုံးလျက် ဆိုလိုက်ပြီး “ ကြည့်ရတာ စာလုပ်ထားတယ်နဲ့တူတယ် ….”
“ သေချာပေါက်ပဲပေါ့ဗျာ ….” ရွှီကျန်းချူက ဘဝင်လေဟပ်စွာ ခွန်းတုံ့ပြန်လိုက်ပြီး “ ဒါတင်ပဲ မကဘူး … လင်းယွင်အုပ်စုရဲ့ သူဌေးကြီးက ချီရှန်းကျောက်ဆိုတာလည်း သိတယ် … မဟုတ်မှလွဲရော ဒီနေ့ လာမယ့်လူက သူများလား ….”
ရွှီကျန်းချူ၏ စကားကို ကြားတော့ ရွှီကျန်းရန်နှင့် မိတ်ဆွေများက ရယ်မောလိုက်ကြသည်။
“ မင်းကတော့ ချီးကျူးလိုက်တာနဲ့ တလွဲတွေ လုပ်တော့တာပဲ ….”
“ ဟင် … ဒါဆို လာမယ့်သူက ချီရှန်းကျောက် မဟုတ်ဘူးပေါ့နော်….” ရွှီကျန်းချူက အံ့အားတကြီး မေးလိုက်မိ၏။
“ ချီရှန်းကျောက်က လင်းယွင်အုပ်စုရဲ့ တာဝန်ခံဆိုပေမယ့် သူက တကယ့် တည်ထောင်သူတော့ မဟုတ်သေးဘူး …”
ဤစကားကြားတော့ ရွှီကျန်းချူနှင့် အခြားသူများမှာ ရှော့ခ်ရသွားခဲ့ကြသည်။
လင်းယွင်အုပ်စု၏ ကြီးမားလှသည့် အောင်မြင်မှုတို့ကြောင့် ယခင်က သူတို့ချင်း သီးသန့် ဆွေးနွေးဖူးကြသည်။ ချီရှန်းကျောက်က လင်းယွင်အုပ်စု၏ တည်ထောင်သူ ဖြစ်သည်ဟု သူတို့အားလုံး သဘောတူညီကြ၏။ သို့ပေမယ့် အခြားသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့တွေ မျှော်လင့်မထားခဲ့ကြပေ။
“ အဖေ မင်းကို အမှန်တရား တစ်ခု ပြောပြမယ် … လင်းယွင်အုပ်စုရဲ့ တကယ့် တည်ထောင်သူက ဒါရိုက်တာ လင်းရီ …. သူက မင်းတို့နဲ့ ရွယ်တူလောက်ပဲ ရှိဦးမယ် …” ရွှီကျောင်းရန် ပြောလိုက်သည်။ “ နောင်ကျရင် မင်း သူ့ဆီကနေ သေချာသင်ယူသင့်တယ် … သူကမှ မင်း တကယ် စံထားသင့်တဲ့လူပဲ ….”
ကြက်သေသေသွားခြင်း …
ရွှီကျန်းချူနှင့် ကျန်သူများအားလုံး အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။ လင်းယွင်အုပ်စု၏ တကယ့် တည်ထောင်သူက သူတို့နဲ့ ရွယ်တူ လူငယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
ဤသတင်းက စိတ်ကူးယဉ်ကြည့်ဖို့တောင် ခဲယဉ်းလှသည်။
သူတို့ချင်း သီးသန့်ဆွေးနွေးစဉ်တွင် အကယ်၍ လင်းယွင်အုပ်စုကသာ အများပိုင် ကုမ္ပဏီအဖြစ် စာရင်းဝင် လိုက်မည်ဆိုပါက ထရီလီယမ် ပမာဏ အထိကို ရောက်ရှိပြီး အကြီးဆုံးသော ငွေကြေးယူနီကွန်းကြီး ဖြစ်လာမည်ဟု ယုံကြည်ထားကြသည်။ ဟွာရှ၏ အချမ်းသာဆုံးဟူသော ပလ္လင်ကို ရယူဖို့ပင် ပြဿနာ မရှိလောက်ချေ။
သို့ပေမယ့် တစ်ဖက်သူက သူတို့ကဲ့သို့ လူငယ် တစ်ဦး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ ဒါ မဖြစ်နိုင်လောက်ပါဘူး … ဟုတ်တယ်မလား… ဒီလောက် ငယ်တဲ့ လူတစ်ယောက်က အဲ့လောက်ထိ ကြီးမားတဲ့ ငွေကြေးအရင်းအမြစ် ရှိဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
“ သူ့ကို သာမန်လူလို့ မထင်လိုက်နဲ့ … ခေါင်းဆောင်ဝူလို လူစားမျိုးကတောင် သူ့ကို ပါရမီရှင်ဆိုပြီး ဝန်ခံထားတာ … ဒီတော့ သူ့ရဲ့ လုပ်ရည်ကိုင်ရည်က သံသယ ရှိစရာ မလိုဘူး … ဒီမှာ ရှိနေတဲ့ လူအားလုံးကို ကျော်ဖြတ်သွားမှာ ကျိန်းသေတယ် .. သူ့ရှေ့ရောက်ရင် အဖေတို့တောင်မှ သိမ်ငယ်ချင် သိမ်ငယ်သွားရလိမ့်ဦးမယ် …”
ရွှီကျောင်းရန် ပြောဆိုနေစဉ်မှာပဲ ဘေးတွင် တိတ်တဆိတ် မတ်တပ်ရပ်နေသည့် ဖန်းယွီ၏ ရင်ခုန်သံတို့ အမည်မသိ အကြောင်းအရင်းတို့ကြောင့် မြန်ဆန်လာသည်။
အချိန်အတော်ကြာသည်ထိတိုင်အောင် သူမက ကိုယ်နှင့် လိုက်ဖက်ညီမည့် တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေခဲ့သည်။
ဤအသိုင်းဝိုင်းရှိ လူတို့က သူမမိသားစုနှင့် ကြွယ်ဝမှုခြင်း တူညီသော်လည်း အလိုလိုက်ခံထားရသည့် ကလေးများနှင့် မခြားနားပေ။ ထူးချွန်ပြောင်မြောက်သည်ဆိုသည့် စကားလုံးက သူတို့နှင့် အပ်စပ်ခြင်း မရှိပေ။
ထိုကဲ့သို့သော သူများနှင့် သူငယ်ချင်း ဖြစ်သည်က သင့်လျော်သော်လည်း ဘဝလက်တွဲဖော်အဖြစ် စဉ်းစားဖို့ကတော့ သေချာပေါက် မဖြစ်နိုင်ပေ။
သို့သော် ယနေ့ … လင်းယွင်အုပ်စု၏ ဒါရိုက်တာလင်းကတော့ သူမအတွက် ကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်ပုံရ၏။