စိတ်ကူးတို့ ပရမ်းပတာ ဆန်သွားခြင်း
Vol. 155 Ch. 2271
“ သူတို့အခု ဘယ်မှာလဲတဲ့ … ကျွန်တော်တို့ တွေ့လို့ရအောင် ခေါ်သွားပေးလေ …” ရွှီကျန်းချူက ပြောလိုက်သည်။
ချွီရွှမ့်ဟော်ကဲ့သို့သော ပါမွှားလေးကို များများစားစား မစဉ်းစားသော်လည်းပဲ လင်းရီကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့်တော့ သိကျွမ်းထားဖို့ ရွှီကျန်းချူ အင်မတန် ဆန္ဒရှိသည်။ ဘာကြောင့်ဆိုတော့ လင်းရီကဲ့သို့သော လူစားမျိုးက သူတို့ မိသားစု အကျိုးစီးပွားအတွက် အတော်လေး အကျိုးရှိနိုင်သောကြောင့်ပင်။ တစ်ခုတည်းသော ပြဿနာက ဘာတွေ ဖြစ်နေလဲဆိုတာ အခုထိ မရှင်းလင်းသေးခြင်း ဖြစ်၏။
“ ဒါရိုက်တာလင်းက သိပ်ကိုဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးပဲ … သာမန်လူတွေက သူ့ကို တစ်ခါမှ မမြင်ဖူးကြဘူး … ပြီးတော့ အဖေတို့လည်း သူ ဘယ်သူလဲဆိုတာ မသိဘူး … ဒါပေမယ့် ခေါင်းဆောင်ဝူက သိပ်မကြာခင် ရောက်လာတော့မှာ … အဲ့ခါကျရင် အဖေတို့နဲ့ မိတ်ဆက်ပေးဖို့ သူ့ကို တောင်းဆိုလို့ရတယ် …. ဒီလိုမျိုး ဩဇာကြီးတဲ့ လူတစ်ယောက်နဲ့ တွေ့နိုင်တယ်ဆိုတာက မင်းတို့အတွက်လည်း အခွင့်အရေးကောင်းပဲ ….”
“ ဟုတ် အဖေ …”
“ ဒါဆို အတည်ဖြစ်ပြီ … မင်းတို့ကောင်တွေ ဒီမှာနေနေကြ … အဖေတို့ ဟိုနားဒီနား ခဏသွားလိုက်ဦးမယ် …” ရွှီကျောင်းရန်က ပြောလိုက်ပြီး “ လျှောက်ပြီးလည်း သွားမနေနဲ့ဦးနော်… မင်းတို့ကို လိုက်ရှာနေရတာ အလုပ်ရှုပ်တယ် ...”
“ ဟုတ်ကဲ့ပါ … သိပါတယ် …ဗျ “
ရွှီကျောင်းရန်နှင့် အခြားသော သက်လတ်ပိုင်း လူကြီးများ ထွက်ခွာသွားခဲ့ကြသည်။ ရွှီကျန်းချူနှင့် ကျန်သူတို့က မူလနေရာတွင် ရှိနေကြရင်း သူတို့၏ စကားဝိုင်းက လင်းရီ၏ အကြောင်းအရာဘက်သို့ စကားဦးသမ်းသွားခဲ့၏။
“ မင်းတို့ ဘယ်လိုထင်ကြလဲ … လင်းယွင်အုပ်စုရဲ့ ဒါရိုက်တာလင်းက ဘယ်လိုလူစားမျိုး ဖြစ်မယ်လို့ ထင်လဲ …. လူတစ်ယောက်က ဒီလောက် ငယ်ငယ်လေးနဲ့ အဲ့လို ဧရာမ ကုမ္ပဏီကြီးကို တည်ထောင်နိုင်နေတယ်ဆိုတာ တကယ့်ကို စိတ်ကူးယဉ်ကြည့်လို့တောင် မရနိုင်တဲ့ အရာပဲ ….” ရွှီကျန်းချူက မနာလို အားကျစွာ ပြောလိုက်သည်။
“ ပြောဖို့ခက်တယ် …” ဆံပင်အတိုနှင့် မိန်းကလေးက ခွန်းတုံ့ပြန်လိုက်ပြီး “ နင်ပြောသလိုမျိုးပဲ … အသက်ငယ်ငယ်လေးနဲ့ ဒီလောက်ထိ ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတယ်ဆိုတော့ သူများနဲ့မတူဘဲ တမူထူးခြားတဲ့လူ ဖြစ်နေမှာ ကျိန်းသေတယ် …. “
“ သူက တမူထူးခြားနေတဲ့ ဖြစ်ရင်တောင် ငါကတော့ သူနဲ့ အသိအကျွမ်းလုပ်ဖို့ ဆန္ဒရှိတယ် …. သူ့လိုလူစားမျိုးနဲ့ ဆက်သွယ်နိုင်ရင် ငါတို့ရဲ့ လူမှုရေး အဆင့်အတန်းကလည်း နောက်လယ်ဗယ်တစ်ခုကို မြင့်တက်သွားမှာ ကျိန်းသေတယ် ….”
“ အဲ့တာကတော့ ယုတ္တိရှိတယ် …” ဆံပင်အတိုနှင့် မိန်းကလေးက သဘောတူလိုက်သည်။
“ ဟဲ့ … ရှောင်ယွီ … နင် ဘာတွေ ငိုင်နေတာ ….”
“ ဟင် … ငါ မဟုတ်ပါဘူး ….”
ဆံပင်အတိုနှင့် မိန်းကလေးက ဖန်းယွီကို သိနေပါတယ် ဟူသော အကြည့်မျိုးဖြင့် သူမကို တံတောင်တွတ်လိုက်သည်။ “ နင် ဒါရိုက်တာလင်းအကြောင်း စဉ်းစားနေတာမလား ….”
“ ငါက သူ့ကို တော်တော်လေး အထင်ကြီးဖို့ကောင်းတဲ့လူလို့ ထင်မိရုံပါပဲ …” ဖန်းယွီ ပြောလိုက်ပြီး “ ဒီလောက် ငယ်ငယ်လေးနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတဲ့လူဆိုတော့ သာမန်လူ မဟုတ်တာတော့ ကျိန်းသေတယ် … သူနဲ့ ရွယ်တူ ဘယ်လောက်များများကများ သူနဲ့ နှိုင်းယှဉ်နိုင်မှာမို့လို့ …”
“ နင်အဲ့လို ပြောရင် သူနဲ့ ရွယ်တူတွေကို ချီးကျူးလွန်းရာ ကျသွားပြီ ….” ဆံပင်အတိုနှင့် မိန်းကလေးက စကားထောက်လိုက်ပြီး “ သူက လင်းယွင်အုပ်စုရဲ့ တည်ထောင်သူကြီးလေ … တကယ်လို့ ကုမ္ပဏီသာ အများပိုင် ကုမ္ပဏီ ဖြစ်သွားခဲ့ရင် ဈေးကွက်တန်ဖိုးက အနည်းဆုံး ထရီလီယမ် တန်ဖိုးပဲ … တကယ့်ကို စစ်မှန်တဲ့ ငွေကြေး ယူနီကွန်းကြီး …. ငါတို့လို ရွယ်တူတွေတင်မကဘူး …. သူ့ထက် ကြီးတဲ့ စီနီယာတွေတောင် သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး ….”
“ အဲ့တာတော့ ဟုတ်တယ် ….”
“ အဲ့ဒီတော့ …. ၊ နင် မစဉ်းစားချင်ဘူးလား …..”
“ ငါ နည်းနည်း စိုးရိမ်နေလို့ ….”
“ စိုးရိမ်နေတယ် ဟုတ်လား ….” ရွှီကျန်းချူက စကားဖြတ်ပြောလိုက်ပြီး “ ဘာစိုးရိမ်စရာရှိလို့ …. ဒါ တကယ့်ကို premium stock ကြီးနော်…. ဟွာရှ တစ်ပြည်လုံးမှာမှ တစ်ခုတည်းရှိတာရယ် ….”
“ ဒါပေမယ့် တကယ်လို့ သူက ဆွဲဆောင်မှု မရှိတဲ့ ပုံဆိုးပန်းဆိုးကြီး ဖြစ်နေရင် ဘယ်လိုလုပ်မှာလဲ ….”
သူမ ပြောရင်းဖြင့် ဖန်းယွီက အဝေးတစ်နေရာရှိ လင်းရီကို လှမ်းကြည့်လိုက်သည်။
“ တကယ်လို့များ ဒါရိုက်တာလင်းတာ သူ့လောက် ချောရင်တော့ဖြင့် …..”
“ ပြောလို့တော့ ဘယ်ရမှာ ….” ဆံပင်အတိုနှင့် မိန်းကလေးက ပြောလိုက်ပြီး “ ငါတော့ နင် အဲ့လောက်တွေ တွေးပူနေစရာ မလိုဘူးလို့ ထင်တာပဲ …. ငါးရော ဝက်ဝံလက်ရော နှစ်ခုလုံး လိုချင်လို့တော့ ဘယ်ရမှာ … နင် တစ်ခုတည်း ရွေးလို့ရမယ် …”
“ ငါ့ တစ်ကိုယ်ရေ အမြင်အရ ဆိုရင်တော့ ရုပ်ရည်က အဲ့လောက်ကြီး အရေးမပါဘူး … ပိုပြီး အဆင့်အတန်းမြင့်တဲ့ လူမှုရေး အသိုင်းအဝိုင်းထဲ ရောက်ဖို့ဆိုရင် လုပ်ရည်ကိုင်ရည်က အဓိကပဲ ….” ရွှီကျန်းချူက လူတတ်ကြီးနှယ် ပြောဆိုလိုက်ပြီး “ နင် ဒါရိုက်တာလင်းနဲ့ တွေ့တဲ့အချိန်ကျ သူနဲ့ နီးစပ်ဖို့ အကောင်းဆုံးကြိုးစား … အဲ့ဒီ ကလေကဝတွေကို ခေါင်းထဲထည့်မနေနဲ့ … သူတို့က နင့်အချိန်နဲ့ မတန်ဘူး ….”
ရွှီကျန်းချူ၏ စကားကို ကြားတော့ ဖန်းယွီလည်း အတော်လေး ယုတ္တိရှိသည်ဟု ခံစားမိပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ လင်းရီအကြောင်း ဆက်လက် မစဉ်းစားတော့ချေ။
သူတို့တွေ စကားပြောဆိုနေစဉ်မှာပဲ ပွဲခန်းမ ဝင်ပေါက်ဝဘက်မှ အသံဗလံတို့ ထွက်ပေါ်လာသည်။
လှည့်ကြည့်လိုက်တော့ သူတို့၏ စီနီယာများနှင့် ဝူကျောင်းယိုတို့က အတူ လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့အားလုံးက ပျော်ပွဲရွှင်ပွဲ ရောက်ရှိနေသည့်နှယ် ပြုံးပြုံးရွှင်ရွှင်နှင့် စကားပြောဆိုရင်း လှမ်းလာနေကြသည်။
“ မြန်မြန် .. မြန်မြန် … ခေါင်းဆောင်ဝူ ရောက်လာနေပြီ … သွားပြီး နှုတ်ဆက်ကြစို့ …”
ရွှီကျန်းချူ၏ လောဆော်တိုက်တွန်းမှု အောက်မှာပဲ လူတိုင်းက သူတို့၏ အင်္ကျီအဝတ်စားများကို သပ်ရပ်အောင် ပြုလုပ်ကာ ဝူကျောင်းယို ရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့ကြသည်။
“ အန်ကယ်ဝူ … ပျော်ရွှင်ဖွယ် နှစ်သစ်လေးပါဗျ ….”
ရွှီကျန်းချူနှင့် အခြားသူများက အပြုံးကိုယ်စီနှင့် ချဉ်းကပ်လာကြပြီး ဝူကျောင်းယိုကို နွေးထွေးစွာ နှုတ်ခွန်းဆက်လိုက်ကြသည်။
ဝူကျောင်းယိုလည်း ပြုံးလျက် ခေါင်းညိတ်ပြကာ ရွှီကျန်းချူကို ကြည့်ပြီး ပြောလိုက်၏။
“ ငါ ကြားတာ မင်း ဒီနှစ်ထဲ ရှယ်ယာပရောဂျက်တစ်ခုကို ကောင်းကောင်းလုပ်နေတယ်ဆို ….”
“ အန်ကယ်ဝူရဲ့ ပံ့ပိုးပေးမှုတွေကို ကျေးဇူးတင်ရမှာပဲ … အတော်လေးကို ကောင်းကောင်းမွန်မွန်နဲ့ တိုးတက်နေတာ … ကျွန်တော်တို့မှာ ရန်ပုံငွေက နှစ်ဘီလီယမ် အခိုင်အလုံရှိထားတယ် … တကယ်လို့ အခြေနေသာပေးရင် ဒီနှစ်ကုန်ပိုင်းလောက်မှာ အများပိုင် ကုမ္ပဏီအဖြစ် စာရင်းဝင်လို့ရနေပြီ ….”
“ ကြားရသလောက်တော့ မင်းကောင်းကောင်း လုပ်နေတဲ့ပုံပဲ …” ဝူကျောင်းယိုက စိတ်ကျေနပ်စွာဖြင့် သူ့ ပခုံးကို ပုတ်လိုက်ပြီး “ တကယ်လို့ မင်း အခက်အခဲ တစ်ခုခု ကြုံလာရင် ငါ့ဆီ အချိန်ကိုက် ပြောပြဖို့ မမေ့နဲ့ … ငါတို့ ရန်မြို့က ဒီနှစ်ထဲ ခြေလှမ်းကျဲကျဲလျှောက်ဖို့ မှန်းထားတာ … မင်းတို့ အားလုံးရဲ့ ကြိုးပမ်းပေးမှုတွေလည်း လိုအပ်တယ် ….”
“ စိတ်ချပါ အန်ကယ်ဝူ .. ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး အန်ကယ်ဝူကို ပံ့ပိုးပေးသွားမှာပါဗျ …” ရွှီကျန်းချူက ရွှင်မြူးတက်ကြွစွာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ ဒါနဲ့လေ အန်ကယ်ဝူ … ဒီနေ့ လင်းယွင်အုပ်စုရဲ့ ဒါရိုက်တာလင်းလည်း ရောက်လာမယ်ဆိုလို့ ကျွန်တော်တို့တွေ အတော်လေး သိချင်နေကြတာ … အဲ့တာ သူ ဘယ်မှာလဲ မသိဘူးဗျ …”
“ ငါ အခုလေးတင် သူနဲ့ ဆက်သွယ်ပြီးတာပဲ … ပြောတာတော့ လမ်းမှာရောက်နေပြီဆိုပဲ … အခုလောက်ဆို ရောက်နေလောက်ရောပေါ့ …” ဝူကျောင်းယို ရှင်းပြလိုက်ပြီး “ ခဏနေကျရင် သူ့ကို မင်းတို့နဲ့ မိတ်ဆက်ပေးမယ် … ဒါပေမယ့် မတိုင်ခင် ရှင်းအောင် အရင် ကြိုပြောထားမယ် ….”
“ ဟုတ် အန်ကယ်ဝူ … ကျေးဇူးပြုပြီး ပြောပါဗျ ….”
“ သူ့ကို ဒီနေ့ လာအောင်လို့ ငါ့ဘက်က အတော်လေး ကြိုးစားထားရတာကွ … ပြီးတော့ သူက လူမြင်ကွင်းမှာ ပေါ်လာမှာ မဟုတ်ဘူး … ခဏနေကျရင် သီးသန့်ခန်းထဲမှာ မင်းတို့ချင်း စကားပြောလို့ ရမယ် … စီးပွားရေး ကိစ္စ ဘာညာ ပြောကြပေါ့ကွာ …. ဒါပေမယ့် သူ့အထောက်အထားကိုတော့ သူများဆီ လျှောက်မပြောမိစေနဲ့နော်… ဒါရိုက်တာလင်းက သိုသိုသိပ်သိပ်နေရတာကြိုက်တဲ့လူ …. လူတွေရဲ့ အာရုံစိုက်ခံရတာကို သူ မနှစ်သက်ဘူး ….”
ဤစကားကြားတော့ လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဒါရိုက်တာလင်းက ထိုသို့သော လူစားမျိုး ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ ဟုတ်ကဲ့ပါ အန်ကယ်ဝူ … ကျွန်တော်တို့ နားလည်ပါတယ်ဗျာ … စကားကို လက်လွှတ်စပယ် လျှောက်မပြောပါဘူး ….”
ဝူကျောင်းယို ခေါင်းညိတ်လိုက်သည်။ “ မင်းတို့ကောင်တွေ အပေါ်အရင် တက်နှင့် … ငါ သူ့ကို ရှာလိုက်ဦးမယ် … ပြီးရင် မင်းတို့နဲ့ တွေ့ဖို့ ခေါ်ခဲ့ပေးမယ် ….”
“ ဟုတ် ….”
လူတိုင်း အပေါ်ထပ်သို့ တက်သွားကြသည်။ ဝူကျောင်းယိုက ဘေးတစ်ဖက်ခြမ်းတွင် ရပ်၍ တစ်ချိန်တည်းတွင် အခြားသော စီးပွားရေး လုပ်ငန်းရှင်များကလည်း သူ့ထံသို့ လာရောက် နှုတ်ဆက်ကြလေသည်။
ရန်မြို့ စီးပွားရေး လောကတွင် သူတို့၏ အဆင့်အတန်းက ရွှီကျောင်းရန်နှင့် အခြားသူများကဲ့သို့ မမြင့်မားသော်လည်းပဲ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်နေဆဲပင်။ ဝူကျောင်းယိုက တစ်ယောက်ချင်းစီတိုင်းကို စိတ်အားတက်ကြွစွာဖြင့် ပြောဆိုဆက်ဆံခဲ့၏။
သူ့ရှေ့ရှိ လူများကို ကိုင်တွယ်ပြီးနောက် ဝူကျောင်းယိုက ဖုန်းထုတ်ပြီး လင်းရီ၏ နံပါတ်ကို နှိပ်လိုက်သည်။
“ ဟယ်လို ဒါရိုက်တာလင်း … မင်းအခု ဘယ်မှာလဲ … ငါ ပွဲခန်းမထဲ ရောက်နေပြီ ….”
“ အိုကေ အိုကေ … အဲ့မှာပဲနေ … ငါအခု လာခဲ့မယ် …”
လင်းရီ၏ တည်နေရာကို သိတော့ ဝူကျောင်းယိုက ဖုန်းချပြီး သူ့ထံသို့ လျှောက်လှမ်းလာခဲ့သည်။
လင်းရီနှင့် ချွီရွှမ့်ဟော်တို့က နေရာတွင် မတ်တပ်ရပ်၍ သူ့အလာကို စောင့်ဆိုင်းနေခဲ့ကြသည်။
“ ဒါရိုက်တာလင်း … မင်း ဒီလောက်ထိ ကြီးမားတဲ့ စီးပွားရေး အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့တာ မဆန်းတော့ပါဘူး …” ဝူကျောင်းယိုက ချီးမွမ်းလိုက်ပီး “ ဘီလီယမ်နာကြီး ဖြစ်နေတာတောင် အချိန်က မှန်တုန်းပဲ … အသစ်ဝင်လာသူတွေနဲ့ ယှဉ်လိုက်ရင် သူတို့က မင်းရဲ့ အနောက်မှာ အများကြီး ပြတ်ကျန်နေခဲ့ပြီ …”
“ ခေါင်းဆောင်ဝူက ယဉ်ကျေးလွန်းနေပါပြီဗျာ … အချင်းချင်းတွေကိုပဲ … ခင်များက ကိုယ်တိုင် ဖိတ်လာခဲ့မှတော့ ကျုပ်ဘက်ကလည်း အရေးတယူပြုရမှာပေါ့ ….”
“ ဟားဟား … မင်းစကားကို ငါ အတည်ယူလိုက်ပြီနော်….” ဝူကျောင်းယိုက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။ “ ဒီမှာက လူတွေ အများကြီးပဲ … လူကြည့်စရာ မလုပ်ကြစို့ … ငါ ရန်မြို့ရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို အပေါ်ထပ်မှာ စုထားခိုင်းတယ် … တက်သွားပြီး စကားသွားပြောကြမယ် … ပြီးတော့ မင်းက သိုသိုသိပ်သိပ် နေရတာ ကြိုက်တဲ့လူဆိုတာ ငါသိတယ် … ဒါကြောင့်မို့ မင်းရဲ့ အထောက်အထားကို လျှောက်မဖွဖို့လည်း သတိပေးထားပြီးပြီ … ဘာမှ ပူစရာ မလိုဘူး ….”