တကယ့် အဆင့်မြင့်တဲ့ လယ်ဗယ်တွေ
Vol. 155 Ch. 2272
“ ကျုပ်ကို အရေးကြီး ပုဂ္ဂိုလ်လိုမျိုး တရေးတယူ ပြုနေဖို့ မလိုပါဘူးဗျာ …. ကျုပ်ကို တအား မြောက်အောင် မလုပ်နဲ့ … မဟုတ်ရင် ကျုပ် အပေါ် မြောက်တက်သွားလိမ့်မယ် …” လင်းရီ တစ်ချက် ရယ်ပြီး ပြောလိုက်သည်။
“ မြောက်သွားရင်လည်း အခြေခိုင်ခိုင်နဲ့ နေနိုင်တဲ့ အစွမ်းအစ မင်းမှာ ရှိပါတယ်ကွာ ….” ဝူကျောင်းယိုက ဖိတ်မန္တက ပြုသည့် လက်ဟန်ဖြင့် ပြောလိုက်ပြီး “ ကဲ … ဒီမှာပဲ ရပ်မနေနဲ့ … အပေါ်တက်ပြီး စကားပြောကြစို့ … ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး …”
“ သွားစို့ …”
ဝူကျောင်းယို၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်မှာ အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။
ဤမြင်ကွင်းကို အခြားသူများ မြင်သော် သူတို့ စိတ်အတွင်းတွင် မနေနိုင်ဘဲ စူးစမ်းချင်စိတ် မီးဖွားတို့ ပေါ်ဖွားလာခဲ့ရ၏။
ခေါင်းဆောင်ဝူ ခေါ်သွားခဲ့တဲ့ အဲ့ဒီ လူငယ်လေး နှစ်ယောက်က တကယ်ပဲ ဘယ်သူတွေများလဲ …
သူတို့က တကယ်ရော အဲ့လို အလေးပေးဆက်ဆံမှုမျိုးနဲ့ ထိုက်တန်နေလို့လား …
သို့သော် မည်သူ တစ်ဦးတစ်ယောက်ကမျှ ရှေ့သို့ တက်လာပြီး မနှုတ်ဆက်ဝံ့ကြပေ။ ခပ်လှမ်းလှမ်းမှ နေပြီးပဲ ကြည့်နေခဲ့ကြ၏။
မကြာမီ သုံးဦးသား အပေါ်ထပ်သို့ ရောက်လာခဲ့ကြပြီး အပြင်အဆင်တို့က အင်မတန် စတိုင်ကျနနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။ အစွန်ဘက် အကျဆုံး အခန်းတစ်ခန်းသို့ ဦးတည်ရင်း ဝူကျောင်းယိုက တံခါးကို တွန်းဖွင့်လိုက်၏။ အတွင်းတွေ စကားပြောနေသည့် လေသံတို့က ရုတ်ချည်း ရပ်တန့်သွားခဲ့ကြပြီး လူတိုင်း၏ မျက်လုံးများက လင်းရီထံသို့ ကျရောက်လာခဲ့ကြသည်။
“ လာကြ … မင်းတို့ကို မိတ်ဆက်ပေးရဦးမယ် ….” ဝူကျောင်းယိုက ပြုံးလျက် ပြောဆိုလိုက်ပြီး “ ဒါက လင်းယွင်အုပ်စုရဲ့ ဒါရိုက်တာလင်းပဲ …. သူနဲ့ အတူ ပါလာတဲ့သူက သူ့ယောက်ဖ ၊ ရွှမ့်ဟော် …. သူလည်း ရန်မြို့ကပဲ ….”
လင်းရီ၏ အထောက်အထားကို သိလိုက်ရတော့ ရွှီကျန်းချူနှင့် အခြားသူများမှာ ကြက်သေသေသွားခဲ့ကြသည်။ သူတို့တွေ ဘာကောင်မျှ မဟုတ်ဟု ထင်ထားခဲ့သူက လူတိုင်း ပြောစမှတ်ပြုနေကြသည့် ဒါရိုက်တာလင်း ဖြစ်နေလိမ့်မည်ဟု မည်သူကရော ထင်ထားလိမ့်မည်နည်း။
“ ဒါရိုက်တာလင်းက အသက်ငယ်ငယ်လေးနဲ့ လင်းယွင်အုပ်စုကို ဒီနေ့လို အတိုင်းအတာ အထိ ရောက်အောင် ဦးဆောင်နိုင်တာက ငါတို့လို အိုကြီးအိုမတွေကို အရှက်ရအောင် လုပ်နေတာပဲ …” ရွှီကျောင်းရန်က ချီးကျူးလိုက်၏။
ရွှီကျောင်းရန်သည် ဝူကျောင်းယိုထံမှ လင်းရီသည် အင်မတန် အသက် ငယ်ရွယ်ပြီး သူ့သားနှင့် ရွယ်တူခန့် ရှိသည်ဟု ပြောဆိုသည်ကို ကြားဖူးသော်လည်းပဲ လူကိုယ်တိုင် တွေ့ဆုံလိုက်ရသည့် အခါ၌ သူ့မှာ အံ့အားသင့်သွားဆဲပင်။
သူက အင်မတန် တတ်နိုင်စွမ်း ရှိသူ ဖြစ်ပြီး ဤမျှ ရုပ်ရည်ချောမောနေသည်က အတော်လေး မယုံကြည်နိုင်စရာ ကောင်းလှသည်။
လက်သင့်ခံဖို့ ခက်ခဲနေဆုံးကတော့ ရွှီကျန်းချူနှင့် သူ့သူငယ်ချင်းများ ဖြစ်၏။
သူတို့မှာ လုံးလုံးလျားလျား လောင်းရိပ်မိသွားခဲ့ကြလေသည်။
အထူးသဖြင့် ဖန်းယွီပင်။ သူမ၏ အသည်းနှလုံးမှာ ဖော်မပြတတ်လောက်အောင်ကို ရှော့ခ်ရနေခဲ့မိ၏။
အကယ်၍ သူမသည်သာ လင်းရီ၏ အဆင့်အတန်းကို စောစီးစွာ သိခဲ့မည်ဆိုပါက အောက်ထပ်တွင်တုန်းက သွားပြီး နှုတ်ဆက်ခဲ့ပါသည်။
ဤအကြောင်း တွေးတောမိတော့ ဖန်းယွီ သူမ၏ လက်သီးကို တင်းကြပ်နေအောင် ဆုပ်မိလိုက်သည်။
နှုတ်ဆက်နိုင်မည့် အခွင့်အရေးကို စောနတုန်းက လက်လွှတ်ခဲ့ရသော်လည်းပဲ သူမတွင် အခွင့်အရေး တစ်ခု ရှိနေဆဲဖြစ်၏။
စကားပြောဆိုလို့ ပြီးသည်နှင့် သူမဘက်က လှုပ်ရှားပြီး သူ့ထံသို့ ချဉ်းကပ်မည်။ သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ကို စဉ်းစားမိတော့ အခွင့်အရေး ကြီးကြီးမားမား ရှိသေးသည်ဟု ယုံကြည်သည်။
“ ခင်များတို့က ယဉ်ကျေးလွန်းနေပါပြီ …” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ကျုပ်တို့အားလုံးက စီးပွားရေး သမားတွေပဲလေ … တကယ်လို့ အခွင့်အရေး ရှိခဲ့ရင် နောင်ကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ် ….”
“ အိုက်ယိုး ဒါရိုက်တာလင်းရာ … မင်း အဲ့လို ပြောမယ်ဆိုရင် ငါတို့ကို ချီးမွမ်းလွန်းနေပါပြီ …” ရွှီကျောင်းရန်က ပြောလိုက်ပြီး “ စီးပွားရေး လောကမှာ မင်းရဲ့ အဆင့်အတန်းနဲ့ တကယ်တမ်း ပြောကြေးဆို မင်းကတောင် ငါတို့ကို ပြန်စောင့်ရှောက်ပေးနေရဦးမယ် … တကယ်လို့ မင်းလက်ထဲမှာ ပရောဂျက် တစ်ခုခု ရှိခဲ့ရင် ငါတို့ကိုလည်း သတိရပေးပါဦးကွာ… ငါတို့လည်း တစ်စိတ်တစ်ပိုင်းလောက်လေးပဲ ဖြစ်ဖြစ် ပါဝင်ချင်တယ် ….”
“ တကယ်တော့ ကျုပ် စတင်ဖို့ အစီအစဉ်ဆွဲနေတဲ့ semiconductor chips ပရောဂျက် တစ်ခု ရှိတယ် …” လင်းရီ အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး “ တကယ်လို့ ခင်များတို့တွေ စိတ်ဝင်စားတယ်ဆိုရင် ပါဝင်လို့ ရတယ်….”
တကယ်တမ်း၌ လင်းရီသည် ကာဗွန်ဘေ့စ်ချစ်ပ် ပရောဂျက်တွင် မည်သူ့ကိုမျှ ပါဝင်ပတ်သက်ခွင့်ပြုဖို့ မစီစဉ်ထားပေ။
သူ့တွင် ရန်ပုံငွေ ၅၀ ဘီလီယမ် လိုအပ်နေသော်ငြားလည်း လျန်ရူရွှယ်ထံသို့ ဖုန်းတစ်ချက် ဆက်ရုံမျှဖြင့် ၅၀ ဘီလီယမ်ကို အတိုးနှုန်း အနည်းငယ်နှင့် မိနစ်ပိုင်းအတွင်း ရရှိနိုင်သည်။ ထို့ကြောင့် အခြားသူများ ပါဝင်ရင်းနှီးမြုပ်နှံဖို့ကို သူ့ဘက်က မလိုအပ်ပေ။
ယခုလို ကမ်းလှမ်းလိုက်သည်က ဝူကျောင်းယို၏ မျက်နှာကြောင့် ဖြစ်၏။
သူကိုယ်တိုင်က ဤနေရာသို့ ရောက်လာပြီ ဖြစ်ရာ ဘာမှမလုပ်ဘဲ ပြန်သွားလို့တော့ မဖြစ်ပေ။
မဟုတ်ဘူးဆိုပါက ဝူကျောင်းယို သူ့အပေါ် အလေးပေး ဆက်ဆံသည်က အလဟဿ ဖြစ်သွားပေမည်။ ထို့ပြင် ဤအဆက်အသွယ်ကိုလည်း ရေရှည်ထိန်းသိမ်းထားဖို့ လိုအပ်သေး၏။
လင်းရီ၏ စကားကိုကြားတော့ ရွှီကျောင်းရန်နှင့် အခြားသူများမှာ စိတ်အားထက်သန်သွားခဲ့ကြသည်။
လင်းယွင်အုပ်စုကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီး၏ ပရောဂျက်က အမြတ်အစွန်း ပေါများမှာ ကျိန်းသေသည်။ အထက်ပိုင်း၏ ပံ့ပိုးကူညီပေးမှုဖြင့် လင်းယွင်အုပ်စုကသာ ရူးနှမ်သည့်အရာတို့ လျှောက်မလုပ်သရွေ့ ကျရှုံးဖို့ မဖြစ်နိုင်ကြောင်းကိုလည်း ၎င်းတို့အားလုံး ကောင်းစွာ နားလည်ထားကြသည်။
ယခု … ထိုကဲ့သို့သော အခွင့်အရေးကြီးက သူတို့ အိမ်ပေါက်ဝသို့ ပိုက်ဆံ လာရောက်ပို့ပေးသည်နှင့် မခြားနားပေ။
“ ဒါဆိုရင် ဒါရိုက်တာလင်း …. ငါတို့ ဒီပရောဂျက်ထဲမှာ ပိုက်ဆံ ဘယ်လောက် ရင်းနှီးမြုပ်နှံဖို့ လိုမလဲ ….”
သူ့တွင် လက်ငင်းရနိုင်သည့် ရန်ပုံငွေက ခြောက်ဘီလီယမ် ရှိသည်။ အခြားသော ပရောဂျက်များထံမှ ငွေစုစည်းလိုက်မည်ဆိုပါက အနည်းဆုံး ဆယ်ဘီလီယမ်လောက်တော့ ရနိုင်သည်။ ထို့ကြောင့် အမြတ်ငွေ အမြောက်အများ ပြန်လည်ရရှိနိုင်ရေးအတွက် တတ်နိုင်သမျှ အများအပြား ရင်းနှီးမြုပ်နှံချင်နေတော့သည်။
သို့ပေမယ့်လည်း ၎င်းတို့အားလုံးကို ရင်းနှီးမြုပ်နှံဖို့ လိုအပ်မှာ မဟုတ်ကြောင်းကိုတော့ သူ နားလည်သည်။ မည်သည့် ပရောဂျက်ကမျှ ဤမျှ များပြားသည့် ငွေပမာဏ အမြောက်အများကို လိုအပ်နေမှာ မဟုတ်ချေ။
“ ကျုပ်တို့ ၅၀ ဘီလီယမ် လိုအပ်နေတုန်းပဲ …” လင်းရီ အပြုံးဖြင့် ပြောလိုက်ပြီး “ ကျုပ် အစကတော့ တခြားသူတွေကို ဝင်ပါခိုင်းဖို့ စီစဉ်မထားဘူး … ဒါပေမယ့် အတွင်းရေးမှူးဝူရဲ့ မျက်နှာကြောင့်ဖို့ ရန်မြို့ကို တံခါးတစ်ချပ် ဖွင့်ပေးလိုက်မယ် … ကျုပ်တို့အားလုံး စုပေါင်းပြီး အတူပိုက်ဆံရှာလို့ရတာပေါ့ဗျာ …. ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်တာပေါ့ ဟုတ်တယ်မလား ….”
“ ၅၀ ဘီလီယမ် ….”
ဤပမာဏကို ကြားတော့ လူတိုင်း တုန်လှုပ်သွားကြသည်။
ဘယ်လောက်တောင်ကြီးတဲ့ ပရောဂျက်မလို့ ဒီလောက်ငွေတွေ လိုအပ်နေတာလဲ …
ရွှီကျောင်းရန်မှာ ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သူ့စိတ်ကူးထဲတွင် ယွမ် ဆယ်ဘီလီယမ်က လုံလောက်သည်ထက်ပင် ပိုနေသည်ဟု ထင်ခဲ့၏။
သူ့လက်ထဲ ရှိသည့် ပမာဏက လိုအပ်ချက် သေးသေးလေးကို ဖြည့်ဆည်းပေးဖို့ရန်ပင် မစွမ်းသာချေ။
ရွှီကျန်းချူနှင့် အခြားသူများလည်း တုန်ယင်နေကြသည်။
သူတို့အားလုံး၏ ပိုင်ဆိုင်မှုများ စုပေါင်းလိုက်လျှင်ပင် ထိုပမာဏကို ရောက်ရှိနိုင်မှာ မဟုတ်ပေ။
ဤလူများထဲတွင် ဖန်းယွီတစ်ဦးတည်းကသာ စိတ်လှုပ်ရှားနေခြင်း ဖြစ်၏။
ပိုမိုမြင့်မားသည့် လူမှုရေး အသိုင်းအဝိုင်းသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို သူမ မြင်လိုက်ရလေပြီ။
“ ဒီပရောဂျက်ရဲ့ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏက ဘယ်လောက်လဲ သိလို့ရမလား ဒါရိုက်တာလင်း …” ရွှီကျောင်းရန်က တုန်လှုပ်နေသည့်ကြားက မနေနိုင်ဘဲ မေးမြန်းလိုက်မိသည်။
“ ယွမ် ၃၀၀ ဘီလီယမ်လောက်ပေါ့ … နောက်ပိုင်း လိုအပ်လာခဲ့ရင် ထပ်ထည့်သွားဦးမှာ …. ပမာဏ အတိအကျကိုတော့ ပြောလို့ မရသေးဘူးရယ် ….”
ဤစကားကြားတော့ ဝူကျောင်းယိုအပါအဝင် ရှိနေကြသည့် လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။
သူတို့အားလုံးမှာ ဘီလီယမ်နာကြီးများ ဖြစ်ကြသော်လည်းပဲ ၃၀၀ ဘီလီယမ်ဟူသော ပမာဏကို ကြားသည့်အခါ၌ သူတို့နှလုံးသားများမှာ မတုန်ယင်ဘဲ မနေနိုင်ချေ။
ထိုအချိန်အခိုက်အတန့်၌ ရွှီကျောင်းရန်မှာ တစ်စုံတစ်ရာကို သတိပြုမိသွားခဲ့သည်။
တကယ့် စစ်မှန်သည့် တိုင်ကွန်းများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သူသည် အလှမ်းများစွာ ဝေးကွာနေရစ်ဆဲပင်။
သူ၏ လက်ရှိ အင်အားလေးက ၎င်းတို့ကို ကူညီရန်ပင် မစွမ်းသာချေ။
သူ ကုတ်ခြစ် စုဆောင်းပြီးမှ ရရှိနိုင်မည့် ဆယ်ဘီလီယမ်လေးမှာ ထိုသူများအတွက်တော့ မပြောပလောက်သည့် ပမာဏလေးတစ်ခု ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ အဆိုပါပမာဏကို မိနစ်ပိုင်းလေးအတွင်း၌ပင် စုစည်းနိုင်သည်။
“ ဒီပရောဂျက်ထဲမှာ တခြား ဘယ်သူတွေကရော ပါဝင်နေတာလဲတဲ့ …” ရွှီကျောင်းရန်က စကားအစ်ကြည့်လိုက်၏။
“ လောလောဆယ်တော့ သုံးယောက်တည်းပဲ ….” လင်းရီ ပြောလိုက်ပြီး “ ကိုးရီးယားက ဆမ်ဆောင်းအုပ်စုရယ်၊ ဂျပန်က မစ်ဆူ အုပ်စုရယ်၊ ကျုပ်တို့ ဒေသတွင်းက CITIC အုပ်စုရယ်၊ လောလောဆယ်တော့ ဒီလောက်ပဲ … ၊ ဒါပေမယ့် တကယ်လို့ ခင်များတို့မှာ ရန်ပုံငွေ လုံလောက်လို့ ပါဝင်ချင်တယ်ဆိုလည်း ရတယ်လေ … ကျုပ် သူတို့နဲ့ စကားပြောပြီး လျှော့ပြီး ရင်းနှီးမြုပ်နှံခိုင်းလိုက်မယ် ….”
လင်းရီ၏ စကားကိုကြားတော့ အခန်းထဲရှိ လေထုမှာ ပို၍ပင် ကိုးရို့ကားယားနိုင်လာခဲ့တော့သည်။
ဤပရောဂျက်ထဲတွင် ပါဝင်သူတိုင်းက ကမ္ဘာ့အသိအမှတ်ပြု စီးပွားရေး လုပ်ငန်းကြီးများပင်။
၎င်းတို့၏ စွမ်းပကားဖြင့်ဆိုပါက သူတို့လို ပြည်တွင်းက ကစားသမား အသေးစားလေးများ၏ ရင်းနှီးမြုပ်နှံမှုကိုပင် လိုအပ်မှာ မဟုတ်ချေ။
ယခုလို ၅၀ ဘီလီယမ် တစ်နေရာက တကယ့်ကို ရက်ရက်ရောရောနှင့် ပေးလာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့ပါသော်လည်း သူတို့ခမျာမှာ ထိုပေးလာသည့် အခွင့်အရေးလေးကိုပင် ဖမ်းဆုပ်မိရန် မတတ်နိုင်ကြချေ။