ယုတ္တိမတန်သော
Vol. 155 Ch. 2274
ထမင်းစားနေသည့် ကျီချင်းရန်မှာ ‘ ကားအက်စီးဒင့်’ဆိုသည့် စကားကိုကြားတော့ သူမစိတ်ထဲ လေးပင်လာမိသည်။
အခန်းထဲရှိ ကျန်သူများလည်း ထပ်တူညီစွာ ခံစားလိုက်ကြရ၏။ အကြောင်းမူကား ကားအက်စီးဒင့်ဆိုသည်က သေးသေးမွှားမွှား ကိစ္စလေး မဟုတ်သောကြောင့်ပင်။
“ ကားအက်စီးဒင့် ဖြစ်တာ ဘယ်သူလဲတဲ့ ရီ…”
“ စခန်းက ငါ့အစ်ကိုကြီး တစ်ယောက် …” လင်းရီ ပြောလိုက်ပြီး “ နောက်မှ စားကြစို့ … ငါနဲ့ ပြန်လိုက်ခဲ့ …”
“ အွန်း …”
ကျီချင်းရန် သူမ၏ ထမင်းစားတူကို ပစ်ချထားပြီး လင်းရီနှင့်အတူ အဆင်သင့်ဖြစ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် ဝူဖေးယွဲ့က သူတို့ကို လေဆိပ်သို့ လိုက်ပို့လေသည်။
လမ်းတွင် မြောင်ကော်ဖုန်းထံသို့ လင်းရီ ဖုန်းဆက်လိုက်သည်။
သို့ပေမယ့် ရရှိလိုက်သည့် သတင်းကား သူ၏ နှလုံးသားအနက်ပိုင်းသို့တိုင် အေးစိမ့်သွားစေခဲ့၏။
ယခုအချိန်ထိတိုင် လီရှန်းဟွေ့က အန္တရာယ်တွင်းထဲမှ မလွှတ်မြောက်နိုင်သေးပေ။ ဆေးရုံရှိ ဒေါက်တာများအားလုံး စုဝေးပြီး ကုသရေးနည်းလမ်းကို တိုင်ပင်ကြပါသော်လည်း သူတို့တွေ ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ မသေချာပေ။
ညွှန်ကြားချက် တစ်ချို့ ပေးပြီးနောက် လင်းရီ ဖုန်းချကာ အတွေးနက်သွားခဲ့သည်။
ဤ မတော်တဆမှုကို မတော်တဆမှု သပ်သပ်ဟုသာ ယူဆလိုက်ချင်သည်။ သို့ပေမယ့်လည်း ဤဖြစ်ရပ်တွင် နောက်ကွယ်၌ ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိနေရမည်ဟု အလိုလို သိစိတ်က အမြဲတမ်း ခံစားမိနေခဲ့သည်။
သို့ပေမယ့်လည်း မာတဲ့ဟုန် ပါဝင်ပတ်သက်နေသည့် အမှုဖြစ်သဖြင့် ဟုန်မန်ဂိုဏ်းနှင့် ဟောင်ကောင်တို့ကိုသာ ဆက်စပ်ကြည့်နိုင်သည်။ ဤနေရာတွင် ပြောစရာရှိသည်က ဟုန်မန်ဂိုဏ်းသည်လည်း အခွံသာ ကျန်ရစ်သည့် နေရာတစ်ခု ဖြစ်၏။ ယခုလို ကိစ္စရပ်တစ်ခုအား စီစဉ်ဆောင်ရွက်နိုင်မှာ မဟုတ်ချေ။
ထို့ကြောင့် … သံသယများ အားလုံးက လူတစ်ဦးတစ်ယောက်ထံသို့သာ ညွှန်ပြနေလျက် ရှိသည်။
ယင်းကတော့ မာတဲ့ဟုန်ကို အမှန်တကယ် သတ်ဖြတ်သွားခဲ့သူတည်း။
တစ်နည်းဆိုရသော် ရဲစခန်းရှိ အတွင်းသူလျှိုကိုပဲ ဖြစ်၏။
ယခုအချိန်မှ စတင်၍ အမှုကို သူကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ရတော့မည်။ မဟုတ်ဘဲ အခြားလူတစ်ဦး လက်ထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက ပြဿနာ ပိုရှုပ်လာနိုင်သည်။
နှစ်နာရီကျော် ကြာပြီးနောက် လေယာဉ်က ကျိုးဟိုင်လေဆိပ်သို့ ဆင်သက်လာပြီး ကျန်းချောင်ယွဲ့က သူတို့ကို အသင့်စောင့်ဆိုင်းနေလျက် ရှိ၏။
“ ဆေးရုံက အခြေအနေ ဘယ်လိုရှိလဲ …”
အလာတွင်တုန်းက လင်းရီသည် ကျန်းချောင်ယွဲ့ကို ဆေးရုံ၌ လီရှန်းဟွေ့အား မျက်ခြေမပြတ် စောင့်ကြည့်ထားဖို့ အသိပေးထားခဲ့၏။
“ ဆေးရုံတင်ထားတာ နှစ်နာရီကျော်ကြာပြီ … ဒါပေမယ့် အခြေအနေကတော့ သိပ်မကောင်းဘူး … ဒေါက်တာ ပြောတာကတော့ အခုထိ စိတ်မချရသေးဘူး … ပြီးတော့ သူ့အသက်က ကံကြမ္မာလက်ထဲမှာပဲ ရှိသေးတယ်တဲ့ …”
“ သူ ဘယ်နေရာလဲ ဒဏ်ရာရသွားခဲ့တာ …”
“ ဦးခေါင်းခွံ၊ နံရိုး ၊ အဆုတ်၊ သွေးထွက်လည်း လွန်တယ် … အတော်လေး ပြင်းထန်တဲ့ ကားအက်စီးဒင့်ပဲ …..” ကျန်းချောင်ယွဲ့ ပြောလိုက်သည်။
“ ဒါရိုက်တာမြောင်က အစ်ကိုရီကို မြန်မြန်လာပြီး ခွဲစိတ်ပေးဖို့ ညီမကို ပြောခိုင်းလိုက်တယ် … အဲ့လိုမှပဲ အသက်ရှင်နိုင်ချေ အခွင့်အလမ်းက များမှာ …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ လင်းဟန်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ …”
“ သူကတော့ မထိခိုက်သလောက်ပါပဲ … လက်မောင်းမှာ ဒဏ်ရာအသေးလေး ရသွားခဲ့တယ် … ပတ်တီးစည်းပြီး အိမ်မှာ ခဏလောက်နားလိုက်တာနဲ့ အဆင်ပြေသွားမှာ …” ကျန်းချောင်ယွဲ့က ကားမောင်းနေရင်း ပြောလိုက်သည်။
“ ဒါပေမယ့် ညီမတို့ကတော့ ဒီကိစ္စက နည်းနည်း ထူးဆန်းတယ်လို့ ခံစားရတယ် … အခုဟာကြီးက ယုတ္တိမရှိသလိုကြီး …”
“ ဘာက ထူးဆန်းလို့ ….”
“ ကားအက်စီးဒင့်က အတော်လေး ပြင်းထန်တယ် … ဒရိုက်ဘာဘက်ခြမ်းက အတော်လေး ထိခိုက်ပျက်စီးသွားတယ် …. အဲ့လောက် အတိုင်းအတာနဲ့ဆိုရင် တစ်ဖက် တိုက်သွားတဲ့ ယာဉ်ကလည်း မချောင်လောက်ဘူး … တကယ်လို့ သာမန် ကားသာဆိုရင် ပြန်ပြီး မောင်းပြေးသွားနိုင်မလားဆိုတာ မေးခွန်းထုတ်ချင်စရာပဲ …. ဒါပေမယ့် စောင့်ကြည့်ကင်မရာ မြင်ကွင်းမှာ မြင်လိုက်ရတာကျတော့ ယာဉ်နှစ်စင်း တိုက်ပြီးတဲ့နောက်မှာ တိုက်မောင်းပြေးတဲ့ ဒရိုင်ဘာက ချက်ချင်းပဲ အခင်းဖြစ်တဲ့နေရာကနေ ပြေးထွက်သွားခဲ့တယ် ….”
“ ဒီတော့ ကားကို ပြုပြင်ထားတယ်လို့ မင်းက သံသယ ရှိနေတာလား ….”
ကျန်းချောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
“ အဲ့တာက Subaru black … 2016 မော်ဒယ် … မွမ်းမံပြင်ဆင်လို့ အတော်လေး ကောင်းတဲ့ကားပေါ့ …. ကျွန်မတောင် ကိုယ့်ဘာကိုယ် နည်းနည်းပါးပါး ပြင်ဆင်မွမ်းမံထားသေးတယ် ….”
“ ယာဉ်ထိန်းရဲဘက်ကရော ဘာသတင်းမှ မရှိဘူးလား ….”
“ သူတို့သတင်းကတော့ သိပ်မရှင်းလင်းဘူး …. ကျွန်မတို့တွေ အသေးစိတ် စုံစမ်းဖို့ လိုအပ်နေတုန်းပဲ ….”
လင်းရီ ထိုင်ခုံနောက်သို့ မှီလိုက်ပြီး အနားယူရန် မျက်လုံးမှိတ်လိုက်သည်။
“ မြန်မြန်လေးမောင်း …”
မီးနီတစ်ချို့ ဖြတ်မောင်းပြီးနောက် ကျန်းချောင်ယွဲ့သည် ဆေးရုံသို့ နာရီဝက်အတွင်း ရောက်ရှိလာသည်။
“ ငါ နင်နဲ့ လိုက်ခဲ့ပေးရဦးမလား …” ကားထဲက မထွက်မီ ကျီချင်းရန် မေးလိုက်၏။
“ ချောင်ယွဲ့ မင်းကို အိမ်ပြန်ပို့ပေးလိမ့်မယ် .. ဟိုမှာက ပရမ်းပတာတွေ ဖြစ်နေလောက်ပြီ … မင်းကို ကြည့်ပေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး ….”
“ ဒါဆိုလည်း ငါ ပြန်သွားလိုက်တော့မယ် …” ကျီချင်းရန်က သူမ၏ နားသို့ လက်ဟန်ပြလိုက်သည်။
“ တကယ်လို့ တစ်ခုခုဆိုရင် ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့ ….”
“ အင်းပါ ….”
ကားထဲက ထွက်ပြီးနောက် လင်းရီက ချက်ချင်းပဲ တတိယမြောက် အတွင်းလူနာဌာန၏ ခွဲစိတ်ခန်းသို့ ဦးတည်လိုက်သည်။
ထိုနေရာ၌ လူအုပ်ကြီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
ရှင်းရှန်း ရဲစခန်းက လုပ်ဖော်ကိုင်ဖက်အချို့နှင့် အထက်အကြီးအကဲများအပြင် လီရှန်းဟွေ့၏ မိသားစုဝင်များလည်း ရှိနေကြသည်။
“ အစ်ကိုဟွေ့ အခြေအနေ ဘယ်လိုရှိလဲ …” လင်းရီ ကျန်းဟွေ့အား မေးမြန်းလိုက်၏။
“ ဆေးရုံက ဒေါက်တာတွေ အကုန်လုံး ဒီမှာပဲ…. ဒါပေမယ့် အသေးစိတ် အတိအကျတော့ မရှင်းလင်းသေးဘူး … ငါတို့ အခုထိ သတင်းစောင့်နေတုန်းပဲ ….”
ကျန်းဟွေ့က ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို ညွှန်ပြလိုက်သည်။
“ အဲ့တာက မရီးပဲ … မင်း အခုမှ မြင်ဖူးတာမလား …. သွားနှုတ်ဆက်လိုက်ဦး ….”
လင်းရီ ခေါင်းညိတ်ပြီး နှုတ်ဆက်ရန်အတွက် သူမထံသို့ ရောက်လာခဲ့သည်။
“ မရီး … ဘာမှမပူနဲ့ … ကျုပ် ဆေးရုံကို ဖုန်းဆက်ထားတယ် … ခွဲစိတ်ဖို့ စရိတ်စကကိုလည်း ကျုပ်အားလုံး တာဝန်ယူတယ် … အစ်ကိုဟွေ့ အဆင်ပြေသွားမှာပါ …”
“ ကျေးဇူးပါပဲ …” အမျိုးသမီးက မျက်ရည်များအား သုတ်ပြီး ပြောလိုက်သည်။
“ခင်များတို့ ဒီမှာစောင့်နေကြဦး … ကျုပ် သွားပြီး အခြေအနေ တစ်ချက် ကြည့်လိုက်ဦးမယ် ….”
“ ခွဲစိတ်နေတုန်းကို နင်သွားလို့ ဖြစ်ပါ့မလား ….”
“ ကျုပ် ဒီက လူတွေနဲ့ သိတယ် … ဝင်သွားဖို့က ပြဿနာ မရှိဘူး …. ဒီမှာထိုင်ပြီး ကျုပ်ဆီက သတင်းကို စောင့်နေလိုက် ….”
လင်းရီ အခြားဘာမျှ မပြောတော့ဘဲ ခွဲစိတ်ခန်းတံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်သွားလိုက်သည်။
တစ်စုံတစ်ယောက်က ခွင့်ပြုချက်မဲ့ အတင်းအကြပ် ၀င်ရောက်လာတာကို မြင်တော့ အကူနာ့စ်များက မောင်းမဲဖို့ ဟန်ပြင်လိုက်ကြသော်လည်း လင်းရီကို မြင်တော့ သူမတို့အားလုံး မှတ်မိသွားကြပြီး အထဲသို့ ကြိုဆိုလိုက်ကြသည်။
“ ဒါရိုက်တာလင်း …. ရှင် ရောက်လာပြီပဲ ….”
“ ကျုပ်ဖို့ ခွဲစိတ်ခန်းဝတ်စုံ ယူခဲ့ပေးဦး ….”
“ အိုကေ …”
နာ့စ်က အလျင်အမြန် လှုပ်ရှားပြီး တစ်မိနစ် မပြည့်မီ အချိန်အတွင်းမှာပဲ ခွဲစိတ်ခန်း ဝတ်စုံက အဆင်သင့် ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် လင်းရီသည် လီချူးဟန်လည်း ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
သို့ပေမယ့် နှစ်ဦးက အကြည့်ချင်း ခေတ္တဖလှယ်ပြီး တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြ၏။
အခြေအနေက အရေးပေါ် ဖြစ်နေသဖြင့် ယခု အချိန်က စကားပြောရမည့် အချိန် မဟုတ်သေးပေ။
အားလုံး အဆင်သင့် ဖြစ်သည်နှင့် လင်းရီက လီရှန်းဟွေ့၏ အခြေအနေကို တစ်ချက် ကြည့်လိုက်ရာ စိုးရိမ်ကြောင့်ကြမှုဖြင့် မျက်မှောင်ကြုတ်မိသွားခဲ့၏။ အခြေအနေက သူ မျှော်လင့်ထားသည်ထက်ပင် ဆိုးရွားနေလေသည်။
သို့ပေမယ့် ယခုအချိန်သို့ ရောက်လာပြီးမှတော့ သူ့ဘက်က အစွမ်းရှိသမျှ အရာအားလုံး သွန်းလောင်း အသုံးချဖို့သာ တတ်နိုင်တော့သည်။
နာရီ ဒါဇင်ကျော်မျှ ကုန်ဆုံးသွားပြီးနောက် မနက် နှစ်နာရီလည်း ကျော်နေပြီ ဖြစ်၏။ လင်းရီ သူ၏ နောက်ဆုံး ချုပ်ချက်ကို လက်စသတ်လိုက်သည်။
ဖိအားမြင့်မားလွန်းသည့် ခွဲစိတ်မှုက နောက်ဆုံး ချုပ်ချက်ကို လက်စသတ်ပြီးချိန်တွင် သူ့ ကိုယ်တွင်းရှိ ခွန်အားများအားလုံးကို ကုန်ခမ်းသွားစေခဲ့သည်။
ခွဲစိတ်မှု လုပ်ဆောင်နေစဉ်အတွင်း အခြားသော ဒေါက်တာများက အလှည့်ကျ အနားယူပြီး ခွန်အားဖြည့်ခြင်း ၊ အစာစားခြင်း စသည်တို့ကို လုပ်ဆောင်ကြသော်လည်းပဲ လင်းရီ တစ်ဦးတည်းကသာ မပြီးမချင်း အနားမယူဘဲ တောင့်ခံနေခဲ့သာ ဖြစ်သည်။
သူ မည်သို့မျှ တောင့်မခံနိုင်တော့သည့်အချိန်၌ သူ့ကိုယ်သူ ထိန်းသိမ်းရန်အတွက် ဂလူးကို့စ် တစ်ပုလင်းကိုသာလျှင် သုံးဆောင်ခဲ့သည်။ ထိုအတိုင်း မနက်ခင်း နှစ်နာရီကျော်အထိ တောင့်ခံနေခဲ့တာ ဖြစ်၏။
လီရှန်းဟွေ့ကို တွန်းထုတ်သွားသည့် အချိန်၌ လင်းရီ ကြမ်းပြင်သို့ ထိုင်ချလိုက်သည်။ သူ့ ကြွက်သားများ နာကျင်ကိုက်ခဲနေပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ ပြေးထားရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေသည်။
နာ့စ်တွေ အများကြီး ရောက်လာပြီး လင်းရီအား နှိပ်ပေးကြသည်။
သူတို့အဖို့ …. ဤမျှ အချိန်ကြာသည့် ခွဲစိတ်မှုကို အစမှအဆုံးထိတိုင် ပြီးဆုံးသည်အထိ အမှားအယွင်းမရှိဘဲ လုပ်ဆောင်နိုင်သည့်လူကို တစ်ခါလေးမျှ မမြင်တွေ့ဖူးခဲ့ချေ။ လင်းရီကဲ့သို့သော လူစားမျိုးက ကျိုးဟိုင်တွင်သာမက ဟွာရှ တစ်နိုင်ငံလုံးမှာ ဒုတိယ တစ်ယောက် ထပ်မရှိနိုင်ပေ။ ဒါရိုက်တာလင်း တစ်ဦးတည်းသာ စွမ်းဆောင်နိုင်သည့် အရာမျိုး ဖြစ်သည်။
မကြာမီ လီချူးဟန်က လျှောက်လှမ်းလာခဲ့ပြီး သူ့အနားသို့ ဝင်ထိုင်လိုက်သည်။
“ နင် ထနိုင်သေးလား … အနားယူလို့ရအောင် တစ်ယောက်ယောက် ခေါ်ပေးမယ်လေ …”
“ မလိုဘူး … ပြန်သက်သာလာနေပါပြီ…” လင်းရီ အတင်းအကြပ် လုပ်ယူပြီး ပြုံးလိုက်၏။
“ အခု သူ့ကို ICU ဆီ ပို့မှာပေါ့ …”
“ အွန်း... နှစ်ရက် သုံးရက်လောက် စောင့်ကြည့်ရဦးမှာ …. ငါကတော့ ပြဿနာ ထွေထွေထူးထူး မရှိတော့ဘူးလို့ ထင်တာပဲ ….” လီချူးဟန်က လင်းရီကို လက်မထောင်ပြပြီး ချီးကျူးလိုက်၏။ “ နင်က တကယ့်ကို အမေးဇင်းပဲ …”
လင်းရီလည်း ပြုံးလိုက်ပြီး လီချူးဟန်ကို နူးညံ့စွာ ကြည့်ရှုလိုက်သည်။
လီချူးဟန်လည်း ပင်ပန်းနယ်ပုံပေါ်ပြီး လင်းရီ ဘေးနားတွင် ထိုင်ရင်း ဘာစကားတို့မျှ မဆိုဘဲ သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။ အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် နွေးထွေးမှုပေးရင်း ခွန်အားတို့ မျှဝေနေကြလေသည်။