အမှန်တရားသို့ ချဉ်းကပ်ခြင်း
Vol. 155 Ch. 2275
နာရီဝက်ခန့် ကြာပြီးနောက် လင်းရီလည်း သူ့ခွန်အားများအားလုံး ပြန်ရရှိလာပြီဟု ခံစားမိတော့ လီချူးဟန်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။
လင်းရီ၏ အဆက်အသွယ်ကြောင့် ဆေးရုံက လီရှန်းဟွေ့အတွက် အထူးလူနာခန်း တစ်ခုကို စီစဉ်ပေးထားသည်။ ယင်းက ကျယ်ဝန်းသပ်ရပ်သည့် သီးသန့်ခန်း တစ်ခု ဖြစ်၏။ မိသားစုဝင်များအားလုံး စုဝေးနေလင့်ကစား လူများ ကြပ်သိပ်နေသည်ဟု မခံစားရချေ။
ညဉ့်နက်၍ မနက်မိုးလင်း အချိန်သို့ပင် ရောက်ခါနီးပြီး ဖြစ်သော်လည်းပဲ မည်သူကမျှ အိမ်မပြန်သွားကြသေးပေ။
လီရှန်းဟွေ့က သူ့ စခန်းတွင် ကြင်နာတတ်သူတစ်ဦးအဖြစ် နာမည်ကြီးပြီး ယခုကဲ့သို့သော မတော်တဆမှုဖြစ်လာချိန်တွင် သူ့ လုပ်ဖော်ကိုင်ဖက်များကလည်း ထွက်မသွားလိုကြပေ။
သို့ပေမယ့် လင်းရီကို အံ့အားသင့်သွားစေသည်မှာတော့ အခြားတစ်ယောက်ကလည်း ယခုအချိန်ထိတိုင် မပြန်သေးခြင်းကိုပင်။
ထိုသူကတော့ လင်းဟန်။
လင်းရီ ရောက်လာသည်ကို မြင်တော့ လူတိုင်းက သူ့အနားတွင် စုဝေးလာကြသည်။
“ လင်းရီ …. ဘာတွေလဲဟ …. ငါ နာ့စ်ဆီကကြားတာ အစ်ကိုလီကို မင်းပဲ ခွဲစိတ်ပေးခဲ့တာဆို ….” ကျန်းဟွေ့က မေးလိုက်သည်။
“ ကျုပ် အရင်က ဟွာရှန်းဆေးရုံမှာ ဆရာဝန် လုပ်ခဲ့ဖူးတယ်လေ … ဒီလိုတွေ နည်းနည်းပါးပါး လုပ်တတ်တယ် … ဒါကြောင့်မို့ ဝင်ပြီး ကူညီပေးလိုက်တာ …” လင်းရီက နွမ်းနယ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
“ မင်းကတော့ တကယ်ပါကွာ … တစ်ခုခုတော့ တစ်ခုခုပဲ ….”
“ ကျုပ်အကြောင်း လောလောဆယ် မပြောကြစို့ …. ခင်များတို့တွေ အစ်ကိုလီအကြောင်း စိတ်ပူစရာ မလိုတော့ဘူး … ရက်နည်းနည်းလောက် စောင့်ကြည့်ပြီးရင် သူ့ကို ခေါ်ထုတ်သွားလို့ရပြီ … အခုက ကောင်းကောင်းနားဖို့ပဲ လိုတော့တယ် …”
“ အဲ့လိုကြားရတော့ ငါတို့လည်း စိတ်ချပါပြီ ….”
လင်းရီ ခေါင်းညိတ်လိုက်ပြီး ထို့နောက် လင်းဟန်ကို ကြည့်လိုက်သည်။
“ မင်းလည်း ဒဏ်ရာရထားတာပဲဟာ ဘာလို့ ဒီရောက်နေတာတုန်း … အိမ်ပြန်ပြီး နားနားနေနေ နေလေ …”
“ ဒဏ်ရာက မပြင်းထန်ပါဘူး …. ကိုယ့်ဘာကိုယ် အတင်းအကြပ် မခိုင်းရင်ရပြီ …” လင်းဟန် ပြောလိုက်ပြီး “ အစ်ကိုလီက ဒီလောက်ကြီးတဲ့ အက်စီးဒင့် ဖြစ်ထားတာ ငါလည်း စိတ်ပူတယ်လေဟာ … အခု သူ အဆင်ပြေသွားပြီဆိုတာ သိလိုက်ရတော့ ငါလည်း စိတ်အေးလက်အေးနဲ့ နားလို့ ရသွားပြီ …”
“ အခု ဘာကြီးကြီးမားမား ပြဿနာမှ မရှိတော့ဘူး … အိမ်ပြန်ပြီး နားတော့ … ဒီမှာနေဖို့ မလိုဘူး ….”
လင်းရီ၏ အလျှော့မပေးသည့် လေသံကို ကြားတော့ လင်းဟန်လည်း ခေါင်းမမာရက်တော့ပေ။
မည်သို့ပင်ဆိုစေ ကျန်ရစ်နေသူများအားလုံးက ရှင်းရှန်း ရဲစခန်းသားများ ဖြစ်ပြီး သူမလို အပြင်လူတစ်ယောက်က ဤနေရာတွင် ရှိနေဖို့ မသင့်တော်ချေ။
လင်းဟန် ထွက်ခွာသွားပြီးနောက် လင်းရီ ဘေးဘက်ခြမ်းတွင် မတ်တပ်ရပ်လိုက်ပြီး “ မရီးလည်း စိတ်မပူနဲ့တော့ … အစ်ကိုလီရဲ့ အခြေအနေက အတော်လေး ကောင်းလာနေပြီ … သူ့ကို ICU မှာ ထားထားတယ်ဆိုပေမယ့် ခင်များ ထင်သလို မဟုတ်ဘူး … ဒီတိုင်း စိတ်ချရအောင်လို့ပဲ …” သူ နှစ်သိမ့်ပေးလိုက်သည်။
“ ငါ့မောင်ကို ကျေးဇူးတင်ပါတယ်ကွယ် …” လီရှန်းဟွေ့၏ ဇနီးဖြစ်သူ ကျန်းဝန်လီက မျက်ရည်တွဲလဲနှင့် ပြောလိုက်သည်။
“ နင်တို့လို လုပ်ဖော်ကိုင်ဖက်တွေကြောင့်သာ မဟုတ်ရင် အစ်မတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် သိမှာ မဟုတ်ဘူး ….”
“ ဒါ ကျုပ်တို့ လုပ်ပေးသင့်တာပါဗျာ … အစ်ကိုလီကလည်း ကျုပ်တို့အပေါ် အမြဲကောင်းပေးပါတယ် ….”
လင်းရီ သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ နောက်တောင် ကျနေပြီ …. မရီးလည်း အခန်းထဲမှာ နားလို့ရတယ် … တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် အပြင်က နာ့စ်ကို ပြောလိုက် …. ကျုပ် သူတို့ကို မှာထားခဲ့မယ် … ဒီတော့ ဘာမှ မပူနဲ့ ….”
“ အေးပါ အေးပါ … ငါ့မောင် ပြောလာပြီ ဆိုမှတော့ အစ်မလည်း စိုးရိမ်စရာ မရှိတော့ပါဘူး …”
လင်းရီ ခေါင်းညိတ်ပြီး ကျန်းဟွေ့နှင့် အခြားသူများကို အကြည့်တစ်ချက်ပေးလိုက်သည်။
“ အစ်ကိုဟွေ့ … အစ်ကိုချီ … အပြင်သွားကြစို့ … မရီး အနားယူတာကို မနှောင့်ယှက်ကြစို့ ….”
လေးယောက်သား လူနာခန်းထဲက ထွက်လာပြီး လှေကားဘက်သို့ ရောက်လာကြသည်။
ကျန်းဟွေ့က စီးကရက်ကို လင်းရီနှင့် ကျူးကျွင်းချီထံသို့ ကမ်းပေးလိုက်ပြီး သုံးယေဦက်သား တစ်ယောက်တစ်လိပ်စီယူကာ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ကြသည်။
ကူရိရန်က ဆေးလိပ်နံ့ကို မကြိုက်သဖြင့် သူမဘာသူမ ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။
“ ယာဉ်ထိန်းရဲဘက်က သံသယ ဖြစ်စရာ တစ်ခုခုများ တွေ့မိသေးလား …” လင်းရီက စီးကရက် လက်ကြားညှပ်ထားရင်း မေးလိုက်သည်။
“ မတွေ့သေးဘူး …” ကျူးကျွင်းညီက အသံနိမ့်၍ ပြောလိုက်သည်။
“ ကျိုးဟိုင်ရဲ့ ယာဉ်ထိန်းရဲ အဆင့်က အဲ့လောက်ပဲလား … အချိန်ဒီလောက်ကြာပြီကိုတောင် ဘာသဲလွန်စမှ မတွေ့သေးဘူးတဲ့လား ….”
“ အဲ့လောက်ကြီးလည်း ဒေါသထွက်မနေနဲ့ … အခြေအနေက လူတိုင်းအတွက်ကို ခက်ခဲနေတာ ….” ကျူးကျွင်းချီက ပြောလိုက်ပြီး “ ငါတို့သုံးယောက်လည်း ဆွေးနွေးနေကြတာ ဒီဖြစ်ရပ်ကြီး တစ်ခုလုံးကိုက တစ်ခုခု လွဲမှားနေသလိုပဲ ….”
“ တိုက်ပြေးတဲ့ ကိစ္စကို ပြောနေတာလား ….”
“ အဲ့တာက တစ်ကဏ္ဍ … ပုံမှန်ဆို ဒီလောက် ပြင်းထန်တဲ့ အက်စီးဒင့် ဖြစ်ပြီးရင် ယာဉ်က မောင်းပြေးနိုင်စရာ အကြောင်းမရှိဘူး …. ပြီးတော့ ယာဉ်မောင်းသွားတဲ့ လမ်းကြောင်းကလည်း စောင့်ကြည့်ရေး ကင်မရာတွေ အားလုံးကို ရှောင်တိမ်းသွားတယ် ….” ကျူးကျွင်းချီ ပြောလိုက်ပြီး “ ငါ ခုနလေးတင် ယာဉ်ထိန်းရဲဌာနဆီကနေ အတည်ပြုထားပြီပြီ … ကျိုးဟိုင်မှာ ကင်မရာ အပြည့်မရှိတဲ့ လမ်းကြောင်းက သုံးခုတည်းရှိတယ် … သူ ပြေးသွားတာက အဲ့ထဲက တစ်ခုပဲ ….”
ဤစကားကြားတော့ လင်းရီသည် သူ့သံသယအပေါ် ပို၍ပင် ခိုင်မာသွားခဲ့သည်။
ယင်းက တိုက်ဆိုင်မှု လုံးဝ မဖြစ်နိုင်ပေ။ အရာအားလုံးကို အချိန်အတော်ကြာကတည်းက စီစဉ်ခဲ့တာပဲ ဖြစ်ရမည်။
“ ကိစ္စက ကျုပ်တို့ တွေးထားတာထက်တောင် ရှုပ်ထွေးနေတာပဲ …” လင်းရီက ပြာတစ်ချက် တောက်လိုက်ပြီး “ အခင်းဖြစ်တဲ့နေရာက ဒေတာတွေ တစ်ချက် ကြည့်လို့ရလား …”
“ ငါတို့မှာ တစ်စိတ်တစ်ပိုင်းပဲ ရှိတယ် ….”
“ ရတယ် .. ကျုပ်ကြည့်မယ် ….”
“ ကူရိရန်ဆီမှာ ….”
ကူရိရန် ရောက်လာပြီး တစ်ချိန်တည်းတွင် သူမဖုန်းကို ကမ်းပေးလာခဲ့သ်ည။
ဒေတာက များများစားစား သိပ်မရှိပေ။ အများစုက ဓာတ်ပုံတွေဖြစ်၏။ အခြေအနေက သူထင်ထားတာထက်ပင် မြင်မကောင်းအောင် ဖြစ်နေသည်။ လမ်းမြေပြင်တွင် သွေးတို့ ဖုံးလွှမ်းနေပြီး မှန်ကွဲစတို့ကလည်း နေရာအနှံ့ ပျံ့နှံ့နေလျက်ရှိ၏။
လင်းရီ စခရင်ကို အာရုံစူးစိုက်စွာ ကြည့်ရှုနေရင်း စီးကရက်ကလည်း တဖြည်းဖြည်းချင်း တိုလာခဲ့သည်။
“ ဒီပုံစံကို ကြည့်ရသလောက်တော့ တိုက်မောင်းပြေးသွားတဲ့ ဒရိုင်ဘာလည်း အခြေအနေမဟန်လောက်ဘူး … ပြီးတော့ သူ့သွေးတွေလည်း အခင်းဖြစ်တဲ့နေရာမှာ ကျန်နေနိုင်လောက်တယ် …”
“ ငါတို့လည်း စဉ်းစားမိတယ် …” ကျန်းဟွေ့ ပြောလိုက်ပြီး “ ငါတို့ကောင်တွေ လမ်းပေါ်က သွေးနမူနာ နှစ်ရာကျော် စုဆောင်းပြီး စစ်ဆေးနေတာ တစ်ရက်နှစ်ရက်လောက်နဲ့တော့ အဖြေထွက်ဦးမှာ မဟုတ်ဘူး ….”
“ အခုလောလောဆယ် ငါတို့စုံစမ်းနိုင်တဲ့ အရာက သိပ်မရှိသေးဘူး … ရလဒ်က ဘယ်လိုထွက်လာမလဲပဲ တစ်ချက် အရင် ကြည့်ရမှာ …”
“ လောလောဆယ်တော့ ဒီတိုင်းထားလိုက်ကြတာပေါ့ … အားလုံးလည်း ပင်ပန်းနေပြီ … ကျန်တာ မနက်ဖြန်မှ ဆက်ပြောကြမယ် …” ကျူးကျွင်းချီ ပြောလိုက်သည်။
လင်းရီ ခေါင်းညိတ်လိုက်၏။ ထို့နောက် လီချူးဟန်ကို သွားရှာကာ ညကိုတော့ သူမ၏ နားနေခန်းထဲမှာပဲ အနားယူလိုက်၏။ နောက်တစ်နေ့ နေ့လည်ခင်း ရောက်သည့်တိုင်အောင် သူ အိပ်ရာနိုးမလာသေးချေ။
သူ နိုးလာသည့် အချိန်၌ လီချူးဟန် မရှိတော့ပြီကို မြင်တွေ့လိုက်ရလေသည်။
လုံ့လရှိသည့် သူမ၏ စိတ်ဓာတ်ဖြင့် ဆိုပါက ယခုအချိန်လောက်ဆိုလျှင်ပင် လူနာများအား သွားရောက်ကြည့်ရှုနေလောက်ပြီ။
အိပ်ရာထပြီးနောက် ကျီချင်းရန်ထံသို့ ဖုန်းဆက်ပြီး အခြေအနေအား သူမထံသို့ တင်ပြလိုက်သည်။ ထို့နောက် လီရှန်းဟွေ့၏ အခြေအနေကို စစ်ဆေးရန်အတွက် ICU သို့ ထွက်လာသည်။ အခြေအနေကတော့ အတော်လေး တည်ငြိမ်နေပြီ ဖြစ်၏။
အကယ်၍ ကံကောင်းမည်ဆိုပါက ယနေ့ပင် ICU လူနာဆောင်မှ ရွေ့ပြောင်း၍ ရနေချေပြီ။
ICU ထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ချိုးယွီလော့ထံသို့ ဖုန်းဆက်လိုက်သည်။
“ မင်းဘက်ခြမ်းက အခြေအနေ ဘယ်လိုလဲ … ကျိုးမိသားစုအကြောင်း သတင်းဘာထူးတုန်း ….”
“ သူတို့ကိုတော့ စုံစမ်းစစ်ဆေးနေပြီ … သူတို့တွေ အခု ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားဘက် လွှဲပြောင်းနေပြီ … သက်သေတွေ လုံလာက်တာနဲ့ ငါတို့ လှုပ်ရှားလို့ရပြီ ….”
“ ပြည်တွင်းဘက်ကရော အခြေအနေဘာထူးတုန်း … အထူးသဖြင့် ကျိုးဟိုင်ပေါ့ … မင်းဘာတွေ တွေ့ထားသေးလဲ ….”
“ ပြည်တွင်းလား ….”
ချိုးယွီလေ့၏ အမူအရာက ခေတ္တ ရပ်တန့်သွားပြီး “ သူတို့တွေ နိုင်ငံထဲ ဆက်ပြီး ပေါ်မလာရဲကြတော့ဘူး …. ဒါပေမယ့် နင် အဲ့လို မေးနေတာဆိုတော့ နင်တွေ့ထားတာ ရှိလို့လား …”
လင်းရီ လည်းချောင်းသံ ပြုလိုက်သည်။(အွန်း) ထို့နောက် ကျိုးဟိုင်တွင် ဖြစ်ပျက်နေသည့် အရာများအား ချိုးယွီလော့ထံသို့ ပြောပြလိုက်၏။
“ နင် သုံးသပ်တာက ယုတ္တိရှိပါတယ် … ဒီရဲ့ ကားအက်စီးဒင့်ကို ညွှန်ကြားခဲ့တဲ့လူက ဟုန်မန်ဂိုဏ်းနဲ့ ကျိုးမိသားစုရဲ့ တခြား အပြင်ဘက်လူ ဖြစ်ရမယ် … သူတို့ရဲ့ အထောက်အထားက အတော်လေး ထူးခြားတယ်နော်… တကယ်လို့ နင်ဆက်ပြီး စုံစမ်းနေမယ်ဆိုရင် သူတို့ကို ဆွဲထုတ်မိသလို ဖြစ်သွားလိမ့်မယ် … ဒါကြောင့်မို့ သူတို့ရဲ့ ရည်မှန်းချက်က အမှု စုံစမ်းစစ်ဆေးနေတာကို ခရီးမရောက်အောင် ကာကွယ်ဖို့ပဲ …”
ချိုးယွီ့လော့က သူမ၏ အတွေးများကို ဝေမျှလိုက်သည်။
“ ဒါပေမယ့် ငါ့ အမြင်ကတော့ အက်စီးဒင့်ကို ကြည့်တာနဲ့တင် ကျိုးမိသားစုနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ပြောလို့ရတာ … တကယ်လို့ နင်သာ ဒီလမ်းကြောင်းအတိုင်း လိုက်သွားမယ်ဆိုရင် လမ်းပိတ်ကြီးနဲ့ တိုးမှာပဲ ….”
“ အခွင့်အရေးတွေက နည်းမယ်ဆိုတာ ငါသိတယ် … ဒီတိုင်း မေးကြည့်ဖို့ လှမ်းခေါ်လိုုက်တာ … မင်း ဘာမှ မတွေ့ဘူးဆိုလည်း အဆင်ပြေပါတယ် ….”
“ အဲ့လိုပြောလို့တော့ ဘယ်ရမှာ … အနည်းဆုံး သေချာတာ တစ်ခုတော့ ရှိပါတယ် ….”
စာစဉ် (၁၅၅) ပြီး၏။
ဒီကြားထဲ ဖုန်းပျက်သွားတာကြောင့် စာစဉ် ထွက်တာ ကြန့်ကြာသွားတယ်ဗျာ။
ဒါကြောင့် စာစဉ် (၁၅၅) ကို သုံးရက်တာ ဖရီးလုပ်ပေးထားပါတယ်ဗျ။ ဦးဦးဖျားဖျား စောင့်မျှော်အားပေးကြတဲ့ ရောင်းရင်းတွေအတွက်ပေါ့။ စောင့်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သေချာစိတ်နှစ်ပြီး ရေးပေးထားပါတယ်ဗျ။
ဖုန်းကတော့ လောလောဆယ် ပြင်မရသေးဘူးရယ်။ မန်းလေးတို့ ဘာတို့မှာ ဆိုရင်တော့ အဆင်ပြေတာပေါ့။ မိုးကုတ်မှာကျ ပစ္စည်းမစုံ၊ဘာမစုံနဲ့။ အခွင့်အရေးရမှပဲ ပြန်ပြင်ရတော့မယ်။ စာစဉ် အသစ် ဘာသာပြန်ထားတာတွေရော၊ အရေးကြီးတဲ့ဒေတာတွေရော အကုန် ဖုန်းထဲမှာ။ ၀မ်းနည်းစရာပါပဲ။ ဒေတာတွေ မပျက်ဘဲနဲ့ ပြန်ပြင်နိုင်ဖို့ မျှော်လင့်ရတာပဲ။
ဒါနဲ့ စာစဉ် (၁၅၆)လည်း တစ်ပတ်ကျော်လောက် ကြာပါမယ်ဗျ။ မြန်ရင်လည်း မြန်နိုင်ပါတယ်။ ဘာပဲဆိုဆို ချန်ယွီ့ စာစဉ်လည်း ရေးနေတာကြောင့်လေ။ သူလည်း စာစဉ် ၁၇ ထိပြီးပါပြီ။
ချန်ယွီ့ စာစဉ်ကိုတော့ Mmxianxia app မှာ ဖတ်ရှုလို့ရပါတယ်ဗျ။ စာစဉ်နာမည်က ‘’ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ’ ။