အခန်း (၄၁၀-၄၁၁)
Vol. 42 Ch. 410-411
အမှန်စင်စစ်တွင်မူ ဤနှစ်တစ်ထောင် မြွေမိစ္ဆာကြီးသည် လူများကို တမင်သက်သက် ရန်လို၍ အန္တရာယ်ပြုလိုစိတ် မရှိပေ။
ဆိုရလျှင် ယင်းသည် အန်ချိုကျွန်းရှိ သားရဲများထဲမှ တစ်ကောင်ဖြစ်သည်။ ဆွေမျိုးနီးစပ်ချင်း ပေါင်းဖက်ခြင်း၏ အကျိုးဆက်ကြောင့် နှစ်ပေါင်းတစ်ထောင်နီးပါး အသက်ရှင် နေထိုင်ခဲ့သော်လည်း ဉာဏ်ရည်မှာ အလွန်နိမ့်ကျရှာပြီး ဝေခွဲပိုင်းခြားနိုင်စွမ်း နည်းပါးလှသည်။
အခြားသော သားရဲများသည် နှစ်ရာချီ ကျင့်ကြံပြီးပါက လူတစ်ယောက်ကဲ့သို့ ဉာဏ်ပညာ ပွင့်လင်းလာကြပြီး သာမန်လူများထက်ပင် ပို၍ ဉာဏ်ကောင်းတတ်ကြသည်။
သို့သော် ဤမြွေမိစ္ဆာကြီးမှာမူ နှစ်တစ်ထောင်နီးပါး ကျင့်ကြံခဲ့သော်လည်း စိတ်အခြေအနေက ရှုပ်ထွေးဝေဝါးနေဆဲ ဖြစ်သည်။ သို့သော် ထိုအချက်ကြောင့်ပင် အခြားသားရဲများ နှစ်ရာချီလျှင် သေဆုံးသွားကြသော်လည်း သူကမူ မသေဆုံးဘဲ အရွယ်ကောင်းလျက်ပင် ရှိသေးသည်။
တစ်ချက်ရှိသည်မှာ သူသည် သူ၏မိခင်ကဲ့သို့ ကျောင်းအဖြစ် အသွင်မပြောင်းနိုင်ပေ။ ခန္ဓာကိုယ်သာ ပိုကြီးလာပြီး ပို၍သန်မာလာခြင်းသာ ဖြစ်သည်။
မိစ္ဆာမ မိုချိုသည် မူလက ပေမင်ဓားဂိုဏ်းမှ ထွက်ပြေးရန် ကြံစည်ခဲ့သော်လည်း စိတ်မကျေနပ်နိုင် ဖြစ်နေခဲ့ရာမှ အန်ချိုကျွန်းသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ ထို့နောက် ပင်လယ်ကြမ်းပြင်ရှိ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ လိုဏ်ဂူသို့ သွားရောက်ကာ စိတ်ယောင်မှား၍ ရူးသွပ်စေတတ်သော ဆေးများကို တိုက်ကျွေးခဲ့လေသည်။
ဤနှစ်တစ်ထောင် မြွေမိစ္ဆာကြီး၏ ဉာဏ်ရည်မှာ အလွန်နိမ့်ပါးသော်လည်း အချိန်အများစုတွင် ကလေးတစ်ယောက်ကဲ့သို့ လိမ္မာရေးခြား ရှိတတ်သည်။ သို့သော် မိုချို၏ ဆေးအရှိန်ကြောင့် ယင်းသည် ချက်ချင်းပင် ရူးသွပ်သွားပြီး ခက်ထန်လာသည်။
ပင်လယ်ကြမ်းပြင် လိုဏ်ဂူရှိ ကျောက်တံခါးများ ၊ သံတံခါးများနှင့် လျှို့ဝှက်ရွှေတံခါးများသည် သူ့ကို မတားဆီးနိုင်ခဲ့ပေ။ သူသည် အရာအားလုံးကို ကြေမွအောင် ဖျက်ဆီးပစ်ကာ ရူးသွပ်စွာဖြင့် မိခင်ဖြစ်သူကို ရှာဖွေရန် ပင်လယ်ထဲမှထွက်ပြီး အန်ချိုကျွန်း နဂါးဂူသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
သူ၏မိခင်နှင့် ပတ်သက်သော မှတ်ဉာဏ်များမှာ အလွန်ဝေဝါးနေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်စွာ ကြာမြင့်နေပြီ ဖြစ်သောကြောင့်ပင်။ ထို့အပြင် သူ၏မိခင်မှာ ရေနဂါးအဖြစ် အသွင်ပြောင်းလိုစိတ်သာရှိပြီး သူ့ကို ငယ်စဉ်ကတည်းက စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် အန်ချိုကျွန်းသခင်က မရက်စက်နိုင်သဖြင့် သူ့ကို နှစ်အနည်းငယ်ကြာ မွေးမြူထားခဲ့ပြီး ပေအနည်းငယ် ရှည်လာသောအခါ ပင်လယ်ကြမ်းပြင်ရှိ စွမ်းအင်များ စုဝေးရာ မြေအောက်လိုဏ်ဂူအချို့တွင် နေထိုင်စေခဲ့သည်။
ထို့ကြောင့် ဤနှစ်တစ်ထောင်မြွေမိစ္ဆာကြီးတွင် မိခင်နှင့်ပတ်သက်သော မှတ်ဉာဏ်တစ်ခုသာ ရှိတော့သည်။ ယင်းမှာ အနံ့ပင်ဖြစ်သည်။ ထူးခြားသော အနံ့တစ်ခု။
မည်သို့ပင်ဖြစ်စေကာမူ သူ့အား မိခင်ဖြစ်သူက မွေးဖွားပေးခဲ့သည် မဟုတ်ပါလော။ မိခင်နှင့်အတူ ဆယ်စုနှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ဖူးသဖြင့် မိခင်၏ ကိုယ်သင်းနံ့ကို မည်သည့်အခါမျှ မေ့ပျောက်မည် မဟုတ်ပေ။
နောက်ပိုင်းနှစ်များတွင် သူသည် မိခင်ကိုတွေ့ရန် ပင်လယ်ကြမ်းပြင်မှတစ်ဆင့် နဂါးဂူအတွင်းသို့ အကြိမ်ကြိမ် ခိုးဝင်ခဲ့ဖူးသည်။ သို့သော် မကြာမီမှာပင် ပင်လယ်ကြမ်းပြင် လမ်းကြောင်း ပျက်စီးသွားခဲ့သည်။
ယခုတစ်ကြိမ် ကလေးဘဝက တစ်ခုတည်းသော မှတ်ဉာဏ်ကို အခြေခံပြီး နဂါးဂူထဲသို့ ဝင်ရောက်လာရာတွင်မူ မိခင်ဖြစ်သူ မရှိတော့သည်ကို တွေ့လိုက်ရသည်။ ဆေးမိထားသောကြောင့် သူသည် လုံးဝ ရူးသွပ်သွားလေတော့သည်။
သူ့အမြင်တွင်မူ ဤအပြုအမူများမှာ ကလေးကစားခြင်း သဖွယ်သာ ဖြစ်သည်။ မြေပြင်ပေါ်တွင် အလူးအလဲ လှိမ့်နေပြီး အားကုန်အော်ဟစ် ညည်းညူနေသည်။ မြွေပြီးအတွက်မူ ကစားနေ့ခြင်းဖြစ်သော်လည်းလဲ အလွန်စွမ်းအားကြီးသဖြင့် သူ၏ လှုပ်ရှားမှု အရှိန်အဟုန်က အံ့မခန်းပင်။
ယင်း၏ လူးလိမ့်လိုက်မှုကြောင့် နဂါးဂူတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရသည်။ ယင်း၏ ဟိန်းဟောက်သံက သက်ရှိများ၏ နားစည်များကို ကွဲထွက်မတတ် ဖြစ်စေသည်။
ယင်းသည် ငိုကြွေးပြီး ဟိန်းဟောက်လိုက်ရာ ထွက်ပေါ်လာသော လေလှိုင်းများက ပေါက်ကွဲမှုလှိုင်းကဲ့သို့ပင်ဖြစ်ပြီး ရိုက်ခတ်ခံရသော အန်ချိုကျွန်း တပည့်များသည် ကိုယ်တွင်းကလီစာများ ကြေမွကာ သေဆုံးကုန်ကြရသည်။
နှစ်တစ်ထောင်မြွေမိစ္ဆာကြီး ရူးသွပ်လာသည်နှင့်အမျှ အန်ချိုကျွန်းမှ တပည့်အများအပြား သေဆုံးလာရသည်။
မြွေမိစ္ဆာကြီးက ပို၍ ရူးသွပ်လာပြီး လူတစ်ထောင်ကျော်ကို ပိတ်လှောင်ကာ သူ၏မိခင်ကို ပြန်ပေးရန် အတင်းအကြပ် တောင်းဆိုနေသကဲ့သို့ ပြုမူနေသည်။
သူ့၏ စိတ်က အလွန်ရိုးရှင်းသည်။
'အမေ... ဒီမှာ ရှိရမယ်။ အခု မရှိတော့ဘူး။ မင်းတို့... မင်းတို့ အမေ့ကို ဖွက်ထားတာပဲ ဖြစ်မယ်'
သူ၏ ရူးသွပ်မှုကြောင့် အန်ချိုကျွန်းမှ တပည့်တစ်ထောင်ကျော်မှာ ကြောက်လန့်တကြား ဖြစ်နေကြသည်။ နဂါးဂူ၏ အောက်ခြေရှိ လိုဏ်ဂူသည် အလွန်ကြီးမားပြီး စတုရန်းမီတာ တစ်သိန်းနီးပါး ကျယ်ဝန်းသည်။ သို့သော် လူတစ်ထောင်ကျော်သည် ထောင့်တစ်နေရာတွင် ကျီးလန့်စာစား စုရုံးနေကြရပြီး အမျိုးသမီးတပည့် အများစုမှာ အော်ဟစ်ငိုယို နေကြသည်။
သိုင်းပညာအရ ဆိုရလျှင် ဤနေရာရှိ လူအများစုသည် တုပိုင်ထက် သိုင်းပညာအဆင့် မြင့်ကြသည်။ သို့သော် နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက အလွန်စွမ်းအားကြီးပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ မြွေမိစ္ဆာကြီး၏ရှေ့တွင် စတုတ္ထအဆင့် ၊ တတိယအဆင့် သိုင်းပညာရှင်များမှာ အလွန်အားနည်းလွန်းလှသည်။
ထိုအချိန်၌ပင် တုပိုင် ဝင်ရောက်လာသည်။
ပိတ်လှောင်ခံထားရသော တပည့်တစ်ထောင်ကျော်သည် ကောက်ရိုးတစ်မျှင်ကို တွေ့လိုက်ရသကဲ့သို့ အော်ဟစ်လိုက်ကြသည်။
"ကယ်ကြပါဦး... အား... ကယ်ပါဦး"
အမှန်စင်စစ် သူတို့သည် ဗီဇအရ အော်ဟစ်လိုက်ခြင်းသာဖြစ်ပြီး တုပိုင် ကယ်နိုင်မည်ဟု မယုံကြည်ကြပေ။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီး၏ ကိုယ်ပေါ်ရှိ ဖန်းချင်းယီမှာမူ ကြောက်လွန်းသဖြင့် တုပိုင်ရောက်လာသည်ကိုပင် သတိမထားမိပေ။
"ဝူး... ဝါး..."
လူသားများက သူ့မိခင်ကို ပြန်မပေးမှန်း သိလိုက်သောအခါ မြွေမိစ္ဆာကြီးသည် လုံးဝ ဒေါသထွက်သွားပြီး အမှန်တကယ်ပင် အမျက်ဒေါသကြီးသွားလေသည်။ ပါးစပ်ဟလိုက်သည်နှင့် အဆိပ်များ မှုတ်ထုတ်တော့မည့်ဟန် ပြင်လိုက်သည်။
အဆိပ်မိပါက လူတစ်ထောင်ကျော်လုံး တစ်ယောက်မကျန်အကုန် သေချာပေါက် သေဆုံးရတော့မည်ဖြစ်ပြီး လေးငါးမိနစ်ထက်ပို၍ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"ရှူး... ရှူး..."
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ဆယ်မီတာကျော်ကျယ်သော ပါးစပ်ကြီးကို ဖြဲလိုက်ရာ နှစ်မီတာကျော်ရှည်သော အစွယ်ကြီးများကို မြင်လိုက်ရသည်။ အဆိပ်အိတ်များ စတင်လှုပ်ရှားလာပြီး အဆိပ်များ စုစည်းလာသည်။
နောက်ထပ် တစ်စက္ကန့်ခန့်ဆိုလျှင် လူတစ်ထောင်ကျော်လုံး အကုန်အဆိပ်သင့်ပြီး သေဆုံးရတော့ပေမည်။
"ရပ်လိုက်စမ်း"
တုပိုင်က အားကုန်အော်ဟစ်လိုက်သည်။ ထို့နောက် ဒန်တျန်အတွင်းရှိ နဂါးသွေး ရွှေရောင်စွမ်းအင်များကို အတွင်းအားနှင့်အတူ အကုန်ထုတ်လွှတ်လိုက်သည်။
ရုတ်တရက် မြွေမိစ္ဆာကြီးရင်းနှီးသော အနံ့တစ်ခု ထွက်ပေါ်လာသည်။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီး ချက်ချင်း ငြိမ်သက်သွားသည်။
သူက ပါးစပ်ကြီးကို ပိတ်လိုက်ပြီး မြွေခေါင်းကြီးကို လှည့်ကြည့်လိုက်သည်။ သူက မိခင်ဖြစ်သူကို တွေ့ရမည်ဟု ထင်မှတ်ထားသော်လည်း လူသားတစ်ယောက်ကိုသာ မြင်လိုက်ရသဖြင့် မျှော်လင့်ချက်တို့ ပျက်သုဉ်းသွားရသည်။
ရုတ်တရက် မြွေမိစ္ဆာကြီး၏ မျက်လုံးအကြီးကြီးများဖြင့် ကြောင်ငေးသွားတော့သည်။
'ဟေ... ဘာလို့လဲ။ ဒီအကောင်သေးသေးလေးဆီက... ဘာလို့ အမေ့အနံ့ ရနေတာလဲ။ ဒါပေမဲ့ ကြည့်ရတာ အမေနဲ့လည်း မတူပါဘူး။ ပြီးတော့ အမေက အကောင်အကြီးကြီးလေ...'
ဆွေမျိုးနီးစပ်ချင်း ပေါင်းဖက်ထားသည့် အကျိုးဆက်ကြောင့် ယင်း၏ဦးနှောက်က အလွန်ရိုးရှင်းသော်လည်း မိခင်၏ ပုံပန်းသဏ္ဍာန်ကိုမူ မှတ်မိနေသေးပုံရသည်။ ယင်း၏မိခင်မှာ အလွန်ဖြူဖွေးသော မြွေကြီးတစ်ကောင် ဖြစ်သည်။
တုပိုင်က ဒန်တျန်အတွင်းရှိ နဂါးသွေး ရွှေရောင်စွမ်းအင်များကို အတွင်းအား ရွှမ်းချီများနှင့်အတူ အဆက်မပြတ် ထုတ်လွှတ်နေသည်။
အမှန်စင်စစ် ဤနဂါးသွေး ရွှေရောင်စွမ်းအင်များသည် ကုန်ခမ်းသွားမည် မဟုတ်ပေ။ ယင်းသည် စွမ်းအင်အမြစ်တစ်ခုနှင့် တူသည်။ ကုန်သွားသည်ဟု ထင်ရသော်ငြား ပုံမှန်အတိုင်း အသက်ရှူလိုက်ပြီး ရွှမ်းချီအတွင်းအားများ ပြည့်ဝလာသည်နှင့် ရွှေရောင်စွမ်းအင်များလည်း ပြန်လည်ပြည့်ဝလာမည် ဖြစ်သည်။
ထို့ကြောင့် တုပိုင်ထံမှ ရွှေရောင်စွမ်းအင် အငွေ့အသက်များက ပိုမိုအားကောင်းလာသည်။ ရင်းနှီးသော စွမ်းအင်အငွေ့အသက်များက မြွေမိစ္ဆာကြီး၏ ရိုးရှင်းသော ဦးနှောက်ကို အသည်းအသန် ရိုက်ခတ်နေသည်။ ယင်း၏ ဦးနှောက်မှတ်ဉာဏ်ထဲတွင် ဤစွမ်းအင်အနံ့တစ်ခုတည်းသာ ကျန်ရှိတော့သည်အထိ လွှမ်းမိုးသွားလေသည်။
မူလမိခင်၏ ပုံပန်းသဏ္ဍာန်ကိုမူ အချိန်ကြာမြင့်စွာ မတွေ့ရတော့သဖြင့် ကောင်းကောင်း မမှတ်မိတော့ပေ။
'ဖြစ်နိုင်တာက... အမေ့ရုပ်သွင် ပြောင်းသွားတာများလား...' (မြွေမေမေဖြစ်သွားသူလေး တုပိုင်။ 🤣🤣🤣)
အမှန်စင်စစ်တွင်မူ ဤသည်မှာ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ မိမိကိုယ်ကို လှည့်စားမှုသာဖြစ်သည်။
သူးသည် ဆွေမျိုးနီးစပ်ချင်း ပေါင်းဖက်ရာမှ မွေးဖွားလာသည့် ရလဒ်ဖြစ်သောကြောင့် ဉာဏ်ရည်မမီသည့်အပြင် ငယ်စဉ်ကတည်းက စွန့်ပစ်ခံခဲ့ရရှာသည်။ ထို့ကြောင့် မိခင်ဖြစ်သူကို ရှာဖွေလိုစိတ် ဗီဇအလျောက် ပြင်းပြနေသဖြင့် တူညီသော စွမ်းအင်အငွေ့အသက်ကို တွေ့ရှိလိုက်ရသည့်အခါ သံသယဟူသမျှကို လွှတ်ချလိုက်ခြင်း ဖြစ်သည်။
မိဘမဲ့ဂေဟာမှ ကလေးတစ်ယောက်ကဲ့သို့ပင် သဘောထားပြည့်ဝသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည့်အခါ မိခင်ဟု ခေါ်ဝေါ်လိုစိတ် ဖြစ်ပေါ်လာပြီး ထိုအမျိုးသမီးက သူ့ကို အိမ်ခေါ်သွားမည်ကို လိုလားတောင့်တနေသကဲ့သို့ ဖြစ်သည်။
"ဝူး... ဝူး..."
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ငိုကြွေးနေပြီး ယင်း၏ ဧရာမခန္ဓာကိုယ်ကြီးက မြေကြီးပေါ်တွင် လုံးဝ ဝပ်ဆင်းကာ တွားသွား လာရောက်ပြီး ကြီးမားသော မြွေခေါင်းကြီးဖြင့် တုပိုင်၏ ရင်ဘတ်ကို အတင်း တိုးဝှေ့လိုက်သည်။
သို့သော် ယင်းက အလွန်အင်အားကြီးမားလွန်းလှသည်။
တုပိုင်မှာ တိုက်ရိုက် လွင့်စဉ်သွားလုမတတ် ဖြစ်သွားပြီး သွေးအန်လုမတတ် ဖြစ်သွားရသည်။
သို့သော် သူသည် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ လက်ကိုဆန့်ထုတ်ပြီး မြွေခေါင်းကြီးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် နဂါးသွေး ရွှေရောင်စွမ်းအင်များကို အတွင်းအားနှင့်အတူ မြွေခေါင်းကြီးထဲသို့ အဆက်မပြတ် ထည့်သွင်းပေးနေလိုက်သည်။
ချက်ချင်းပင် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် မကြုံစဖူး ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူသည် သူ့ကို အမြဲတမ်း မနှစ်မြို့ခဲ့ဘဲ တစ်ခါမျှ ကြင်နာစွာ မဆက်ဆံခဲ့သည့်အပြင် နောက်ဆုံးတွင် စွန့်ပစ်ခဲ့သောကြောင့် ဖြစ်သည်။
ဆိုရလျှင် ထိုအသွင်ပြောင်းရေနဂါးသည် သွေးသားရင်းချာ ကလေးကို စွန့်ပစ်ရုံသာ မဟုတ်ခဲ့ပေ။ သူမ၏ ဆွေမျိုးနီးစပ်ဖြစ်သော မြွေအစ်ကိုနှင့် ပေါင်းဖက်ပြီးနောက် ယင်းကို တိုက်ရိုက် သတ်ဖြတ်ကာ မြွေအတွင်းအားအမြုတေကို မျိုချပြီး နှစ်ထောင်ချီ ကျင့်ကြံခြင်းအခြေခံကို သူမပိုင်ဆိုင်မှုအဖြစ် သိမ်းပိုက်ခဲ့သည်။ (ကျောင်းက ဘာလဲလို့ google ခေါက်ကြည့်တာ ရေနဂါးဆိုလို့ ရေနဂါးဆိုပြီးသုံးပါမယ်။ - ဘာသာပြန်သူအချောကြီး)
သိူသည် ရေနဂါးအဖြစ် အသွင်ပြောင်းနိုင်ရန်အတွက် ဤမျှထိ ယုတ်မာခဲ့သည်။ သို့သော် ဤမျှ အစွမ်းထက်ပြီး ကောက်ကျစ်စဉ်းလဲသော သူမသည် နောက်ဆုံးတွင် တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ ပူးပေါင်းကြံစည်မှုအောက်တွင် သေဆုံးရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
မိခင်မေတ္တာကို တစ်ခါမျှ မခံစားခဲ့ရဖူးသော နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ယခုအချိန်တွင် ရင်းနှီးသော စွမ်းအင်၏ ထိတွေ့မှုကို ခံစားလိုက်ရသည်။ ကောင်းကလေး တကယ့်ကို မယုံနိုင်လောက်အောင် ပျော်ရွှင်သွားရှာသည်။
ရုတ်တရက် ယင်းသည် ကလေးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်ပြီး ဧရာမခန္ဓာကိုယ်ကြီးက ပျော်ရွှင်စွာ လူးလိမ့်နေတော့သည်။ ဤသို့ လူးလိမ့်လိုက်သဖြင့် နဂါးဂူတစ်ခုလုံး ထပ်မံ တုန်ခါသွားပြန်သည်။
မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားတစ်ထောင်ကျော်မှာ ထပ်မံ အော်ဟစ်ကုန်ကြသည်။
"ငြိမ်ငြိမ်နေ... ငြိမ်ငြိမ်နေ... ငြိမ်ငြိမ်နေ..." တုပိုင်က စိတ်စွမ်းအား အချက်ပြမှုတစ်ခု ပို့လွှတ်လိုက်သည်။
ထင်မှတ်ထားသည့်အတိုင်းပင် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် အလွန် လိမ္မာစွာဖြင့် ငြိမ်သက်သွားသည်။
"ဟေး... အိပ်တော့နော်... အိပ်တော့..." တုပိုင်သည် မြွေဘာသာစကားကို နားမလည်သော်လည်း သူ ပို့လွှတ်လိုက်သည်မှာ ယင်းကို အိပ်စက်စေလိုသော စိတ်ဆန္ဒအကြံဉာဏ် ဖြစ်သည်။
မမျှော်လင့်ဘဲ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ဉာဏ်ရည်နိမ့်သော်လည်း တိုက်ရိုက်ပေးပို့သော စိတ်ဆန္ဒများအပေါ် အလွန် အာရုံခံစားလွယ်သည်။
ယင်းက မျက်လုံးများကိုမှိတ်ကာ စတင် အိပ်စက်လေတော့သည်။ တကယ်တော့ သူ အိပ်မပျော်ပေ။ သို့သော် မိခင်ဖြစ်သူ သဘောကျစေရန်အတွက် သူသည် တမင်သက်သက် ကြိုးစားပြီး အိပ်စက်နေခြင်း ဖြစ်သည်။
တုပိုင်က ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေး ဖြစ်နေကြသော မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားတစ်ထောင်ကျော်ကို ပြောလိုက်သည်။ "သွားကြတော့... သွားကြတော့... ဘယ်ဘက်လမ်းက မသွားနဲ့ ၊ အဲဒီမှာ အဆိပ်မြူတွေ ရှိတယ်။ ညာဘက်လမ်းက သွားကြ"
မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားတစ်ထောင်ကျော်သည် တုပိုင်ကြောင့် လုံးဝ မှင်သက်သွားကြသည်။
တကယ့်ကို အံ့သြစရာ ကောင်းလွန်းလှသည်။ မျက်မြင်ကိုယ်တွေ့သာ မမြင်ခဲ့ရလျှင် သူတို့ရှေ့မှ မြင်ကွင်းကို ယုံကြည်နိုင်မည် မဟုတ်ပေ။
ဤမျှ အစွမ်းထက်ပြီး ရူးသွပ်နေသော နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက တုပိုင်ရှေ့တွင် ဤမျှ လိမ္မာရေးခြားရှိပြီး နာခံနေသည် မဟုတ်ပါလော။
ဤသည်မှာ အလွန် အံ့သြဖွယ်ကောင်းလွန်းလှသည်။
နောက်ဆုံးတွင် မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားတစ်ဦး ထွက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ "အသက်ဘေးက ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးရဲ့ နာမည်ကို သိခွင့်ပြုပါ"
တုပိုင်က ပြောလိုက်သည်။ "ငါက တုပိုင်... တျန်ဂျီကျွန်းသခင်အသစ်ပဲ"
ဤစကား ထွက်ပေါ်လာသည်နှင့် လူတိုင်း အာမေဋိတ်သံများ ထွက်ပေါ်လာပြီး တုပိုင်ကို ကြည့်သော အကြည့်များတွင် ကြောက်ရွံ့လေးစားမှုများ ပြည့်နှက်သွားသည်။
တျန်ဂျီကျွန်းသခင်အသစ် ဖြစ်နေသည်ကိုး။ ဤမျှ စွမ်းအားကြီးပြီး မြွေမိစ္ဆာကြီးကို ထိန်းချုပ်နိုင်သည်မှာ မထူးဆန်းတော့ပေ။
မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားအားလုံး၏ မျက်လုံးထဲတွင် အကြောက်မက်ဖွယ်အကောင်းဆုံးလူမှာ မဟာကျွန်းသခင် ဟယ်ကျင်း မဟုတ်ဘဲ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းသာ ဖြစ်သည်။
သူ့အကြောင်း ဒဏ္ဍာရီများက တကယ်ကို အံ့သြဖွယ်ကောင်းလှသည်။ လူတိုင်း၏ စိတ်ထဲတွင် သူသည် နတ်ဘုရားတစ်ပါး ၊ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်သည်။
တုပိုင်က သူသည် တျန်ဂျီကျွန်းသခင်အသစ်ဟု ပြောလိုက်ရာ ဤလူများက ချက်ချင်း ယုံကြည်သွားကြသည်။ တျန်ဂျီကျွန်းသခင်အသစ်သာ မဟုတ်လျှင် ဤမျှ အစွမ်းထက်သော နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ယဉ်ပါးအောင် မည်သို့ လုပ်နိုင်ပါမည်နည်း။
"သွားကြတော့... ညာဘက်က သွား... ဘယ်ဘက်ကို မသွားနဲ့" တုပိုင် ပြောလိုက်သည်။
ချက်ချင်းပင် ဂိုဏ်းသားတစ်ထောင်ကျော်သည် သံပြိုင်ညီညာစွာ ဦးညွှတ်ပြီး ပြောလိုက်ကြသည်။ "အသက်ဘေးက ကယ်တင်ပေးတဲ့ ကျွန်းသခင်တုကို ကျေးဇူးတင်ပါတယ်"
တုပိုင်က ပြောလိုက်သည်။ "မင်းတို့ အပြင်ရောက်ရင် မဟာအန်ချိုကျွန်းသခင်ကို ပြောလိုက်ပါ။ လူအားလုံးကို နဂါးဂူထဲကနေ ခေါ်ထုတ်သွားလိုက်ပါ။ ငါ့ကို အချိန်တစ်ခု ပေးပါ။ ဒီနှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ပင်လယ်ကြမ်းပြင်က သူ့အိမ်ပြန်ရောက်အောင် ငါ လမ်းပြပေးမယ်။ ဒီနှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို အန္တရာယ်မပြုပါနဲ့။ သူက ဆေးမိထားလို့ ရူးသွပ်သွားတာပါ။ ပုံမှန်ဆိုရင် သူက အရမ်း လိမ္မာပါတယ်"
"ဟုတ်ကဲ့ပါ"
ထို့နောက် မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားတစ်ထောင်ကျော်သည် ရုပ်အလောင်း ဒါဇင်ပေါင်းများစွာကို သယ်ဆောင်ပြီး ညာဘက်လမ်းမှတစ်ဆင့် သတိထားကာ ဆုတ်ခွာသွားကြသည်။
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် လှုပ်ရှားမှုကို အာရုံခံမိပြီး ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
တစ်ခဏချင်းပင် မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားတစ်ထောင်ကျော်မှာ ကြောက်လွန်းသဖြင့် ဆီးထွက်ကျမတတ် ဖြစ်ကုန်ကြသည်။
သို့သော် သူတို့ထက် ပို၍ စိတ်လှုပ်ရှားနေသူမှာ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး ဖြစ်သည်။ သူ မအိပ်ဘဲ နိုးနေသည်ကို တုပိုင် သိသွားမည်စိုးသဖြင့် မျက်လုံးဖွင့်ပြီးသည်နှင့် ချက်ချင်း ပြန်မှိတ်လိုက်သည်။ တကယ့်ကို ကလေးတစ်ယောက်ကဲ့သို့ပင်။ ဉာဏ်ရည်မှာ အလွန်ဆုံးမှ သုံးလေးနှစ်အရွယ်သာ ရှိသည်။ (ချစ်စရာကြီး 😔🤍)
ထိုသို့ဖြင့် မဟာအန်ချိုကျွန်းမှ ဂိုဏ်းသား ၁၀၀၀ ကျော်အားလုံး ဘေးကင်းစွာ လွတ်မြောက်သွားကြသည်။
ထိုအချိန်တွင် တုပိုင်၏ စေ့စပ်သူဟောင်း ဖန်းချင်းယီသည် မြွေကျောပေါ်တွင် ခွထိုင်လျက်သား ရှိနေသေးပြီး မလှုပ်ရဲဘဲ ဖြစ်နေသည်။ သူမသည်လည်း သူမရှေ့မှ မြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်နေသည်။ ပြောရမည်ဆိုလျှင် သူမသည် အတုန်လှုပ်ဆုံးသူ ဖြစ်သည်။
တုပိုင်၏ ကဗျာနှင့် စာပေစွမ်းရည်များကို မေ့ထားလိုက်ပါတော့။ ထိုဥမပါသည့် အကောင်က ဤမျှ အစွမ်းထက်သော မြွေမိစ္ဆာကြီးကိုပင် ထိန်းချုပ်နိုင်သည်လား။
ဤသည်မှာ အလွန် အံ့သြစရာ ကောင်းလွန်းသည်။ မည်သည်တို့ ဖြစ်ပျက်နေသနည်း။ သို့သော် တုပိုင် ပို၍ စွမ်းအားကြီးလာလေလေ သူမ ပို၍ မနာလိုလေလေ ဖြစ်ပြီး ပို၍ နေရခက်ကာ ရန်လိုမုန်းတီးလာလေလေ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရန်လိုမုန်းတီးမှုကို ခဏဘေးဖယ်ထားရပေမည်။ ဖန်းချင်းယီက အလွန် တင်းမာသော လေသံဖြင့် ပြောလိုက်သည်။ "တုပိုင်... နင်... နင် ငါ့ကို အောက်ချပေးစမ်း"
ဤအမျိုးသမီးသည် ဤအချိန်ရောက်သည်အထိ မောက်မာနေဆဲပင်။
တုပိုင်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဖန်းချင်းယီ... ငါသာ အခု မင်းကို သူ့ကို စားခိုင်းလိုက်ရင် ဘာဖြစ်သွားမယ်လို့ မင်း ထင်လဲ။ မင်း သတိမထားမိလိုက်ခင်မှာတင် သေသွားလောက်တယ်နော်။ ဟုတ်တယ်မလား"
ဤစကား ထွက်ပေါ်လာသည်နှင့် ဖန်းချင်းယီက အေးစက်စွာ ပြောလိုက်သည်။ "တုပိုင်... နင် လုပ်ရဲလို့လား ၊ ဟမ့်"
"ဝေါ..."
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ရုတ်တရက် ခေါင်းလှည့်လာပြီး ဖန်းချင်းယီကို ဟိန်းဟောက်လိုက်သည်။
ယင်း၏ တုံ့ပြန်မှုက မြန်ဆန်လွန်းလှသည်။ ဖန်းချင်းယီက တုပိုင်အပေါ် ရန်လိုနေသည်ကို ခံစားမိလိုက်သဖြင့် ချက်ချင်းပင် အစွမ်းပြလိုက်ခြင်း ဖြစ်သည်။ သနားစရာကောင်းသော ဖန်းချင်းယီသည် ကောက်ရိုးမျှင်တစ်မျှင်ကဲ့သို့ လွင့်စဉ်သွားပြီး ကျောက်နံရံနှင့် ပြင်းထန်စွာ ရိုက်မိကာ အကြီးအကျယ် ပြုတ်ကျပြီး သွေးတစ်လုပ် အန်လိုက်ရသည်။
ကံကောင်းစွာဖြင့် နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ ပါးစပ်မှ ထွက်ပေါ်လာသော လေလှိုင်းအဟုန်သည် ညှာတာလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဖန်းချင်းယီ၏ ကိုယ်တွင်းကလီစာများအားလုံး ရွှံ့ပျော်သလို ကြေမွသွားပြီး လုံးဝ သေဆုံးသွားပေလိမ့်မည်။
"လိမ္မာတယ်... လိမ္မာတယ်... ဆက်အိပ်နော်" တုပိုင်သည် နဂါးသွေး ရွှေရောင်စွမ်းအင်များကို ထုတ်လွှတ်ပြီး မြွေခေါင်းကြီးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ယင်းက အလွန်ကြီးမားလွန်းသဖြင့် တုပိုင်သည် ကျောက်တုံးပေါ်သို့ တက်ပြီးမှသာ ယင်း၏ ခေါင်းထိပ်ကို လှမ်းမီလေသည်။
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် လိမ္မာစွာဖြင့် မျက်လုံးပြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ တုပိုင်သည် ဖန်းချင်းယီထံသို့ လျှောက်သွားပြီး သူမကို အေးစက်စွာ ပြုံးပြလိုက်သည်။
"နင်... နင် ဘာလုပ်ချင်လို့လဲ" ဖန်းချင်းယီ တုန်ရီစွာ ပြောလိုက်သည်။ "ငါ့ရဲ့ ဖန်းမိသားစုက နင့်ကို သေရာပါမြေမရှိအောင် လုပ်ပစ်မှာကို သတိထားနော်"
"ဝေါင်းး..." နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ရုတ်တရက် မျက်လုံးဖွင့်ပြီး ဟိန်းဟောက်လိုက်ပြန်သည်။
ပြောရမည်ဆိုလျှင် ယင်း၏ ဉာဏ်ရည်မှာ အလွန်နိမ့်သော်လည်း အာရုံခံစားမှု ဗီဇက တကယ်ကို စူးရှလှသည်။ ရန်လိုမုန်းတီးမှုကို အနည်းငယ်မျှ ခံစားမိသည်နှင့် ချက်ချင်းပင် အစွမ်းပြလေတော့သည်။ ယင်းက မျက်လုံးဖွင့်ပြီး အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ရုံသာ ရှိသေးသည် ၊ ဖန်းချင်းယီမှာ ကြောက်လွန်းသဖြင့် ဆီးထွက်ကျလုမတတ် ဖြစ်သွားသည်။
"ဖာသည်မလေး... အဲဒီတုန်းက မင်းက ငါ့ကို သင်းကွပ်ထားတဲ့လူဆိုပြီး မနှစ်မြို့ခဲ့ဘူး။ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းတာက ထားလိုက်တော့ ၊ ဘာကိစ္စ တုမိသားစုကို ဖိအားပေးပြီး ငါ့ကို သတ်ခိုင်းတာလဲ" တုပိုင်က သူမ၏ မေးစေ့ကို အားဖြင့်ညှစ်ကိုင်ပြီး အေးစက်စွာ ပြောလိုက်သည်။
အပိုင်း (၄၁၀ + ၄၁၁) ပြီး၏။