← Chapters

အခန်း (၄၁၃)

Vol. 42 Ch. 413

အခန်း (၄၁၃)

Vol. 42 Ch. 413

နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် အရှိန်ပြင်းစွာဖြင့် တိုးထွက်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းဝူရှင်းနှင့် ကျန်းရှဲ့တို့ နှစ်ယောက်သား လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။ တုံ့ဆိုင်းမနေဘဲ ချက်ချင်း လှည့်ပြေးကြပြီး သူတို့၏ ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံးလိုက်လေသည်။

သို့သော် သူတို့ မည်မျှပင် မြန်ဆန်ပါစေ၊ နှစ်တစ်ထောင် အသက်ရှင်သန်လာသည့် မြွေမိစ္ဆာကြီးကို ကျော်လွန်နိုင်ပါမည်မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြွေမိစ္ဆာက အမီလိုက်လာနိုင်သွား၏။

ကျန်းဝူရှင်း ထိတ်လန့်သွားပြီး လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်ကာ ကျန်းရှဲ့ကို ဆွဲယူပြီး နှစ်တစ်ထောင်မြွေမိစ္ဆာကြီးဆီသို့ ပစ်ကျွေးလိုက်သည်။ ထို့နောက် သူတစ်ယောက်တည်း လွတ်ရာသို့ ထွက်ပြေးလေသည်။

ကျန်းရှဲ့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “အဖေ... ကျွန်တော်က အဖေ့ရဲ့ သွေးသားရင်းချာ သားအရင်းလေ”

တျန်ဂျီကျွန်းသခင်က ကျန်းရှဲ့ကို မြင်တိုင်းလိုလို သတ်ချင်နေတာ အံ့သြစရာ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းဝူရှင်းက တျန်ဂျီကျွန်သခင်အား ဦး​ထုပ်စိမ်းခြင်းဖြစ်စဥ်မှ မွေးဖွားလာသော အယုတ်တမာလေးဖြစ်သောကြောင့်ပင်။ တျန်ဂျီကျွန်းသခင်က ကျန်းရှဲ့ကို အချိန်တိုင်း သေစေချင်နေတာ ဆန်းတော့မဆန်းပေ။

သို့သော် ကျန်းဝူရှင်း (နှလုံးသားမရှိသောသူ) ဆိုသော နာမည်နှင့် လိုက်ဖက်ညီစွာပင် အရေးကြီးချိန်၌ အသက်လွတ်မြောက်ရန်အတွက် သွေးသားရင်းချာကိုပင် စတေးပြစ်လိုက်လေ၏။ တကယ်ကို အစွန်းရောက်အောင် ရက်စက်ပြီး တရားမျှတမှု ကင်းမဲ့လှသည်။

ကျန်းရှဲ့၏ ခန္ဓာကိုယ်က သူ့ဆီသို့ ပျံဝဲလာသည်ကို မြင်လိုက်ရသောအခါ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး ရုတ်တရက် ပါးစပ်ဟလိုက်သည်။

ကျန်းရှဲ့ အကြီးအကျယ် ထိတ်လန့်သွားသည်။ ထို့နောက် သူသည် အတွင်းအားရှိသမျှ အကုန်ထုတ်သုံးပြီး ဝှက်ထားသော လက်နက်များအားလုံးကို ထုတ်လွှတ်တိုက်ခိုက်လိုက်သည်။

“ဝုန်းးး”

သူသည် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဝှက်ထားသော လက်နက်များအားလုံးသည် မုန်တိုင်းကဲ့သို့ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးဆီသို့ ပျံသန်းသွားကြသည်။

“ဝေါင်းးးး”

သို့သော် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်နှင့် ချက်ချင်းပင် ထွက်ပေါ်လာသော အစွမ်းထက်သည့် စွမ်းအင်လှိုင်းသည် ယမ်းပေါက်ကွဲမှုလှိုင်း ကဲ့သို့ပင် ဝှက်ထားသော လက်နက်များအားလုံးကို လွင့်စဉ်ထွက်သွားစေပြီး ကျန်းရှဲ့၏ ခန္ဓာကိုယ်ကိုလည်း ကောက်ရိုးမျှင်ကဲ့သို့ မီတာဆယ်ပေါင်းများစွာ အဝေးသို့ လွင့်စဉ်သွားစေသည်။

“ဖောက် ဖောက် ဖောက် ဖောက် ဖောက်”

ထို့နောက် သူပစ်လွှတ်လိုက်သော မရေမတွက်နိုင်သည့် ဝှက်ထားသော လက်နက်များသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ပြန်လည် စိုက်ဝင်ကုန်ကြသည်။ ချက်ချင်းပင် ကျန်းရှဲ့ သွေးများ အဆက်မပြတ် အန်ထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သေမည်လား ရှင်မည်လား မသေချာတော့ချေ။

သို့သော် ကျန်းဝူရှင်းကမူ အခွင့်ကောင်းယူပြီး မီတာရာပေါင်းများစွာ အဝေးသို့ ပျံသန်းထွက်ပြေးသွားသည်။ သို်သော်လည်း နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် လျှပ်စီးလက်သကဲ့သို့ လိုက်ဖမ်းပြီး စက္ကန့်ပိုင်းအတွင်း အမီလိုက်နိုင်လိုက်လေ၏။

ယွီမဟာဆရာသခင်အဆင့်၏ အမြန်နှုန်းသည်ပင် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ယှဉ်နိုင်ရန် များစွာ အလှမ်းဝေးကွာလွန်းလှလေသည်။ ကျန်းဝူရှင်း အလွန်အမင်း ထိတ်လန့်သွား၏။ ထွက်ပြေး၍ မလွတ်နိုင်တော့မှန်း သိလိုက်သဖြင့် အသက်စွန့် တိုက်ခိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

သူသည် ယွီမဟာဆရာသခင်တစ်ဦး ဖြစ်သည်။ ထို့အပြင် ဤနှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ဆွေမျိုးနီးစပ်ချင်း ပေါင်းဖက်ထားသည့် အကောင်ဖြစ်၍ ဦးနှောက်မကောင်းဘဲ အလွန်တုံးအသည်။ တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။

“အားးးးး”

ကျန်းဝူရှင်း ရုတ်တရက် အော်ဟစ်လိုက်ပြီး ဓားကို ကိုင်ဆောင်ကာ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ အသက်ရှူပေါက်သို့ တိုးဝင်တိုက်ခိုက်လိုက်လေ၏။

တစ်ချိန်တည်းတွင် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကလည်း သူ၏ အလွန်တရာမှ ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။

“ရွှပ်”

ထိုအခိုက် ကျန်းဝူရှင်းသည် လျှပ်စီးလက်သကဲ့သို့ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ရှောင်ကွင်းသွားပြီး အမြန်ဆုံး အရှိန်ဖြင့် တုပိုင်ရှိရာသို့ ပြေးဝင်သွားလေသည်။

ဤကောက်ကျစ်စဉ်းလဲသော အဘိုးကြီးသည် ဟန်ပြတိုက်ခိုက်လိုက်ခြင်းသာဖြစ်ပြီး အမှန်တကယ် ပစ်မှတ်မှာ တုပိုင် ဖြစ်နေသည်။ သူသည် တုပိုင်ကို ဖမ်းဆီးပြီး ဓားစာခံ လုပ်ချင်နေခြင်း ဖြစ်လေ၏။

နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်သော်လည်း ခန္ဓာကိုယ် ကြီးမားလွန်းသဖြင့် အကွေ့အကောက်များတွင် လှည့်ပတ်ရန် အလွန်ခက်ခဲသည်။

ထို့ကြောင့် ကျန်းဝူရှင်း၏ အရှိန်က ပိုမိုမြန်ဆန်လာသည်။ သူ၏ လက်ထဲမှ ထက်မြက်သော ဓားဖြင့် လီတောက်ယွဲ့ကို တိုက်ရိုက် ထိုးသတ်ပြီးနောက် တုပိုင်၏ သိုင်းပညာသွေးကြောများကို ဖျက်ဆီးပစ်လိုက်မည်။ ပြီးလျှင် တုပိုင်၏ အသက်ကို အသုံးပြုပြီး နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို သူ့အား လွှတ်ပေးရန် ဖိအားပေးမည်။ ပိုမိုကြီးမားသော တောင်းဆိုမှုများကိုပင် ပြုလုပ်နိုင်သည်။

ဤနှစ်တစ်ထောင်မြွေမိစ္ဆာကြီးနှင့် တုပိုင်တို့ အလွန် ရင်းနှီးနေကြောင်း သူ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

တုပိုင်ကို ဖမ်းမိလိုက်သည်နှင့် သူ ကြိုက်သလို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ယင်း၏ စွမ်းအင်အမြုတေကို အန်ထုတ်ခိုင်း၍ပင် ရနိုင်သည်။ အကယ်၍ ထိုသို့သာ ဖြစ်လာပါက ကျန်းဝူရှင်း၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်သို့ ထိုးတက်သွားပေလိမ့်မည်။

သို့သော် ကျန်းဝူရှင်း၏ အစီအစဥ်များသည် အတွေးလွန်နေခြင်းသာဖြစ်လေ၏။ ရုတ်တရက် နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ ကျောဘက်တွင် အပေါက်ငယ်အချို့ ပွင့်အက်သွားပြီး အစိမ်းရောင် အဆိပ်မြူများ ပန်းထွက်လာကာ ကျန်းဝူရှင်းကို ချက်ချင်း လွှမ်းခြုံသွားလေသည်။

“အားးးးး”

ချက်ချင်းပင် ကျန်းဝူရှင်း သနားစဖွယ် အော်ဟစ်လိုက်ရသည်။ သူက မြေပြင်ပေါ်တွင် လူးလိမ့်ကာ အသည်းအသန် ရုန်းကန်နေပြီး ခန္ဓာကိုယ်တွင်းမှ အဆိပ်များကို ထုတ်ပစ်ရန် အတွင်းအား ရွှမ်းချီများကို အကုန်ထုတ်သုံးနေရလေသည်။ သို့သော် မြွေမိစ္ဆာကြီး၏ အဆိပ်ပြင်းများသည် အဆက်မပြတ် ဝင်ရောက်လာပြီး သူ၏ သွေးကြောများကို ရူးသွပ်စွာ ဖျက်ဆီးပစ်နေသည်။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တောင့်တင်းလာပြီး လှုပ်ရှား၍ မရနိုင်တော့ချေ။

တုပိုင်သည် လီတောက်ယွဲ့၏ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီး သူမကို မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ ချထားလိုက်သည်။ ထိုအချိန်တွင် သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီ ဖြစ်သည်။ သူသည် ကျန်းရှဲ့ထံသို့ လျှောက်သွားပြီး အေးစက်စွာ ကြည့်လိုက်၏။

“မလုပ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့... တုပိုင် ငါ့ကို မသတ်ပါနဲ့... တျန်ဂျီကျွန်းသခင် ရာထူးက မင်းဟာပါ... ပြီးတော့ တျန်ဂျီကျွန်းပေါ်က ရတနာတွေအားလုံးလည်း မင်းပိုင်ပါတယ်” ကျန်းရှဲ့ တုန်ရီစွာ ပြောလိုက်သည်။

တုပိုင်က တစ်ခွန်းမှမပြောဘဲ ဓားကိုသာ ဆွဲထုတ်လိုက်လေ၏။

“ရွှပ်... ရွှပ်... ရွှပ်...”

တစ်ခဏချင်းပင် ကျန်းရှဲ့၏ ခန္ဓာကိုယ် အသားတစ်ခြား အရိုးတစ်ခြား အပိုင်းပိုင်းပြတ်သွားလေသည်။ ထို့နောက် သူသည် ကျန်းဝူရှင်း၏ ရှေ့သို့ ခက်ထန်စွာဖြင့် လျှောက်သွားလာသည်။

ထိုအချိန်တွင် ကျန်းဝူရှင်းသည် အဆိပ်မိနေပြီး သွေးကြောများ တောင့်တင်းကာ မလှုပ်ရှားနိုင်သလောက် ဖြစ်နေလေ၏။ တုပိုင်က မျက်နှာသေကြီးဖြင့် ဓားကို သူ့လည်ပင်းပေါ် တင်လိုက်သည်။ ကျန်းဝူရှင်းသည်တော့ ကြောက်ရွံ့ခြင်း မရှိဘဲ မျက်နှာထား တည်ငြိမ်နေလေ၏။

“ဒီနားလာ... တုပိုင်... ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... ပေမင်ဓားဂိုဏ်းကြီးနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုလေ” ကျန်းဝူရှင်းက ပြောလိုက်သည်။ “ပေမင်မဟာအတတ်က နှစ်ပိုင်း ကွဲနေတယ်။ တစ်ပိုင်းကတော့ ကြယ်တာရာစုပ်ယူခြင်းမဟာအတတ်ပဲ။ နောက်တစ်ပိုင်းက ဘယ်မှာ ရှိလဲဆိုတာ မင်း သိလား”

ရုတ်တရက် တုပိုင်က ဓားကို ဖယ်လိုက်သည်။ ကျန်းဝူရှင်း၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး ဆက်ပြောသည်။ “ငါ့ပါးစပ်က တောင့်တင်းနေပြီ... စကားကောင်းကောင်း ပြောလို့ မရတော့ဘူး။ မင်း နည်းနည်း တိုးလာခဲ့... တိုးလာခဲ့... ငါ ပေမင်မဟာအတတ်ရဲ့ နောက်တစ်ပိုင်း ဘယ်မှာရှိလဲဆိုတာ ပြောပြမယ်။ ငါကသေတော့မှာပဲလေ... မင်းကြောက်စရာမလိုဘူး... ငါ့နားကို နည်းနည်း တိုးလာခဲ့...”

တုပိုင် အနားသို့ မသွားဘဲ ဓားကို သိမ်းလိုက်ကာ တောက်ပသော သွေးနီရောင်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် ကျောက်တုံးကြီးတစ်တုံးကို တွေ့လိုက်ရ၏။

ရုတ်တရက် ကျန်းဝူရှင်း၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး တုန်ရီစွာ ပြောလိုက်သည်။ “တုပိုင်... မင်း ဘာလုပ်မလို့လဲ။ မင်း ဘာလုပ်မလို့လဲ။ ပေမင်မဟာအတတ် ဘယ်မှာရှိလဲဆိုတာ မင်း မသိချင်ဘူးလား”

“ခင်ဗျားလို လူမျိုးပြောတာကို ယုံစရာအကြောင်းမရှိဘူး” တုပိုင် ပြောလိုက်ပြီး ကျောက်တုံးကြီးကို မကာ သူ့ခေါင်းပေါ်သို့ ထုချလိုက်သည်။

“ဝုန်းးး”

ချက်ချင်းပင် ကျန်းဝူရှင်း၏ ဦးခေါင်းကြီး ကြေမွသွားလေ၏။ ယွီမဟာဆရာသခင်အဆင့် သိုင်းပညာရှင် ၊ မဟာအန်ချိုကျွန်း၏ အကြီးအကဲ ကျန်းဝူရှင်း လုံးဝ သေဆုံးသွားလေသည်။

“ဟေး... သူတို့ကို စားလိုက်” တုပိုင် အေးစက်စက်ဖြင့် ပြောလိုက်သည်။

ချက်ချင်းပင် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ပါးစပ်ကြီးကို ဟကာ ကျန်းဝူရှင်းနှင့် ကျန်းရှဲ့တို့ကို တစ်လုပ်တည်း မျိုချလိုက်လေသည်။ သူတို့နှစ်ယောက်သည့် ဤလောကကြီးထဲမှ အငွေ့ပျံသွားသကဲ့သို့ မြုပ်စရာအလောင်းပင် မကျန်တော့ချေ။

တုပိုင်သည် လီတောက်ယွဲ့ထံသို့ ပြန်သွားပြီး သူမကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ မျက်ရည်များ စီးကျလာပြီး တစ်ခွန်းမျှ မပြောနိုင်ဘဲ သူမ၏ ပါးပြင်ကို သူ၏ မျက်နှာဖြင့် ပွတ်သပ်နေမိသည်။

လီတောက်ယွဲ့၏ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး တုပိုင်ကို ကြည့်နေသော မျက်လုံးများမှာ ပိုမို နူးညံ့လာကာ ပိုမို ငယ်ရွယ်လာပြီး နောက်ဆုံးတွင် ကလေးတစ်ယောက်ကဲ့သို့ စွဲလမ်းတွယ်တာမှုများ ဖြစ်ပေါ်လာသည်။

“ကျေးဇူးပြုပြီး... မသေပါနဲ့... မသေပါနဲ့...” တုပိုင် သူမကို တင်းကျပ်စွာ ဖက်ထားရင်း နောက်ဆုံးတွင် အော်ဟစ်ငိုကြွေးလိုက်သည်။

“မင်း တခြားမိန်းမတွေအတွက် ငိုဖူးလား” လီတောက်ယွဲ့က အားနည်းစွာ မေးလိုက်သည်။

“မငိုဖူးဘူး...” တုပိုင် ခေါင်းခါလိုက်သည်။

လီတောက်ယွဲ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောသည်။ “ငါတို့လို... ငါတို့အရွယ် အမျိုးသမီးတစ်ယောက်က လူငယ်လေးတစ်ယောက်ကို တွေ့တဲ့အခါ... ညဘက် ကုတင်ပေါ်ရောက်ရင် သူ့ကို ဘုရင်တစ်ပါးလို ဆက်ဆံပြီး ငါတို့က ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးတွေ ၊ အစေခံကျွန်မလေးတွေ ဖြစ်သွားကြတယ်။ သူ့ကို နည်းလမ်းပေါင်းစုံနဲ့ ပြုစုမယ်။ သားတစ်ယောက်လို ဂရုစိုက်မယ်။ နှစ်ဝက်မကြာခင်မှာပဲ သူက တခြားမိန်းမတွေကို အရသာမရှိဘူးလို့ ခံစားလာရလိမ့်မယ်။ ဒါ... ဒါက စီနီယာအစ်မတစ်ယောက် ငါ့ကို သင်ပေးခဲ့တာ။ သူ... သူ့ရဲ့ ယောကျာ်းက သူ့ထက် အများကြီး ငယ်တယ်လေ”

တုပိုင် ခေါင်းကို အသည်းအသန် ညိတ်ပြီး ပြောလိုက်သည်။ “ကျွန်တော် ခံစားမိပြီးသားပါ။ ခင်ဗျားက ပိုက်ကွန်တစ်ခုလို ကျွန်တော့်ကို ဖမ်းထားတာ။ ကျွန်တော် ထွက်ပြေးဖို့ အရမ်း ခက်ခဲပါတယ်”

“ငါ သေတော့မယ်...” လီတောက်ယွဲ့ ငိုကြွေးလိုက်သည်။ “ကျန်းဝူရှင်းနဲ့ ကျန်းရှဲ့... ဒီခွေးကောင်နှစ်ကောင်က အရမ်း ရက်စက်တယ်။ သူတို့ ငါ့ရဲ့ အတွင်းကလီစာတွေကို ဖျက်စီးလိုက်ပြီ။ ကုလို့ မရတော့ဘူး။ ငါ့ကို ကယ်လို့ မရတော့ဘူး... ငါ တကယ် မသေချင်ဘူး... ငါ တကယ် မသေချင်ဘူး...”

လီတောက်ယွဲ့၏ လှပသော မျက်ဝန်းအလင်းရောင်များ မှေးမှိန်လာပြီး အသက်ရှူရန် ပိုမို ခက်ခဲလာသည်။ အသက်တစ်ခါရှူတိုင်း သွေးတစ်လုပ် အန်ထွက်လာသည်။

“ငါ တကယ် မသေချင်ဘူး... ငါ တကယ် မသေချင်ဘူး။ ငါ့ဘဝက အခုမှ စတာပါ။ ခုနက လမ်းလျှောက်လာတုန်းကတောင် ငါ အိပ်မက်မက်ပြီး စိတ်ကူးယဉ်နေတုန်းပဲ။ မင်း ယောကျာ်းတစ်ယောက်အဖြစ် ပြန်ကောင်းလာရင် ငါ ကလေးယူလို့ ရသေးတယ် ၊ အနည်းဆုံး နှစ်ယောက်ပေါ့။ ငါက ၃၉ နှစ်ပဲ ရှိပါသေးတယ်။ အလှအပ ထိန်းသိမ်းတာ ကောင်းတယ်။ ချီကွန်း လေ့ကျင့်တယ်။ နောက် ၁၀ နှစ်လောက်အထိ ကလေးယူနိုင်ဦးမှာပါ...”

“ငါ မသေချင်ဘူး... ငါ မသေချင်ဘူး... တုရှန်... ငါ မသေချင်ဘူး...”

“အား... အား... အား...” တုပိုင် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ “စနစ်... စနစ်... သူ့ကို ကယ်... သူ့ကို ကယ်ပေးပါ...”

သို့သော် အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရိပ်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

“ဒီလို မလုပ်ပါနဲ့... ဘုရားသခင်... ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့...” တုပိုင် တောင်းပန်လိုက်သည်။ သူသည် သည်းထန်စွာ ငိုကြွေးနေသဖြင့် လည်ချောင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး သွေးစများ အန်ထွက်လာသည်။

သူ့ကို ဤသို့ မြင်လိုက်ရသောအခါ လီတောက်ယွဲ့သည် ပြန်လည် တည်ငြိမ်သွားပြီး သူမ၏ လှပသော မျက်ဝန်းများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။

“ဒီဇာတ်သိမ်းက မကောင်းပေမဲ့... ဒါပေမဲ့... အရမ်းကြီးတော့ မဆိုးပါဘူး...” လီတောက်ယွဲ့က တုပိုင်ကို နူးညံ့ဆွေးမြေ့စွာ ပြုံးပြလိုက်သည်။

တုပိုင်လည်း တဖြည်းဖြည်း တည်ငြိမ်သွားပြီး လီတောက်ယွဲ့၏ မျက်နှာကို ကပ်ထားကာ သူမကို တင်းကျပ်စွာ ဖက်ထားရင်း နောက်ဆုံးအချိန်များကို ကုန်ဆုံးစေလိုက်သည်။

သူ မငိုတော့ပေ။ သို့သော် ဝမ်းနည်းမှုများက အဆုံးမရှိ ဝင်ရောက်လာပြီး မျှော်လင့်ချက်မဲ့ခြင်းနှင့် အမှောင်ထုတို့နှင့်အတူ တုပိုင်၏ နှလုံးသားကို အတိုင်းအဆမဲ့ ကျူးကျော်ဝင်ရောက်လာသည်။

အပိုင်း (၄၁၃) ပြီး၏။

All Chapters