အခန်း (၄၁၄-၄၁၅)
Vol. 42 Ch. 414-415
“ဝူ...”
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးမှာ အာရုံခံစားမှု အလွန်ကောင်းမွန်လှရာ တုပိုင်၏ အဆုံးမရှိသော နာကျင်မှုကို ခံစားမိနေသည်။ သူသည်လည်း နာကျင်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။
သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်သည် မိဘများ ငိုကြွေးနေသည်ကို မြင်လိုက်ရလျှင် ဘာလုပ်ရမှန်းမသိဘဲ လိုက်လံငိုကြွေးသကဲ့သို့ပင် ဖြစ်သည်။
သူ၏ ဧရာမခန္ဓာကိုယ်ကြီးသည် တုပိုင်နှင့် လီတောက်ယွဲ့ကို ညင်သာစွာသော်လည်း မြဲမြံစွာ ရစ်ပတ်ထားလိုက်၏။
“ဝူး...”
တုပိုင်က ငိုကြွေးနေသလို သူသည်လည်း ဆက်လက် ငိုကြွေးနေပြီး မျက်ရည်များ တသွင်သွင် စီးကျလာသည်။ တုပိုင်ကို မထိခိုက်စေရန် သူ၏ချစ်စဖွယ်ဧရာမ မြွေခေါင်းကြီးဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေလေ၏။ ယခုအချိန်တွင်မူ မြွေမိစ္ဆာကြီးသည် သူ၏ အင်အားကို ကောင်းစွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
တုပိုင်သည် လက်ကို ဆန့်ထုတ်၍ သူ့ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ရုတ်တရက် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် တုပိုင်ဘက်သို့ ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခုကို အသည်းအသန် အော့အန် ထုတ်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် တောက်ပသော အလင်းရောင်တစ်ခုသည် ဂူတစ်ခုလုံးကို လင်းထိန်သွားစေလေသည်။ တစ်ချိန်တည်းတွင် ချိုးဥအရွယ်ခန့်သာ ရှိသော်ငြား အလွန်အစွမ်းထက်သော စွမ်းအင်များ ပါဝင်သည့် ကြည်လင်တောက်ပသော စွမ်းအင်အမြုတေတစ်ခုသည် နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ လျှာပေါ်တွင် ပေါ်လာ၏။
ဤသည်မှာ မြွေမိစ္ဆာကြီး နှစ်တစ်ထောင်တိုင်အောင် ကျင့်ကြံထားသော စွမ်းအင်အမြုတေပင် ဖြစ်လေသည်။
မြွေမိစ္ဆာကြီး၏အဆင့်ရှိသော သားရဲဆန်းတစ်ကောင်သည် အများဆုံး စွမ်းအင်အမြုတေ သုံးခုသာ ပိုင်ဆိုင်နိုင်သည်။ မြွေမိစ္ဆာကြီး၏မိခင် ရေနဂါးမသည် အဘယ်ကြောင့် ဆွေမျိုးနီးစပ် ခင်ပွန်းသည်ကို သတ်ဖြတ်ခဲ့ရသနည်း။ ဤစွမ်းအင်အမြုတေကို လုယူပြီး မျိုချချင်သောကြောင့်သာ ဖြစ်၏။
ဤစွမ်းအင်အမြုတေကို ထွေးထုတ်လိုက်ပြီးနောက် နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ မျက်လုံးများနှင့် ကြေးခွံများ၏ အရောင်အဝါမှာ ချက်ချင်း မှေးမှိန်သွားပြီး အလွန် မောပန်းနွမ်းနယ်သွားပုံရသည်။ မြွေမိစ္ဆာကြီးသည် စွမ်းအင်အမြုတေကို တုပိုင်၏ လက်ဖဝါးပေါ်သို့ ညင်သာစွာ တင်ပေးလိုက်၏။
ထူးဆန်းသော အလင်းရိပ်သည် ပြောလိုက်သည်။ “မြန်မြန်... မြန်မြန်... ဒီနှစ်တစ်ထောင်မြွေမိစ္ဆာကြီးရဲ့ စွမ်းအင်အမြုတေကို စွမ်းအင်ထိန်း ကျောက်စိမ်းသေတ္တာနဲ့ အမြန်ဆုံး ချိတ်ပိတ်လိုက်ပါ။ စွမ်းအင်တွေ လွင့်ပါးမသွားအောင် တတ်နိုင်သမျှ လုပ်ပါ။ မင်း မဟာဆရာသခင်အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်တဲ့အချိန်ထိ စောင့်ပြီးမှ သောက်သုံးပါ။ သူ့ရဲ့ စွမ်းအင်က အရမ်း ပြင်းထန်လွန်းတယ်။ အခု မင်း သောက်လိုက်ရင် ရလဒ်တစ်ခုပဲ ရှိမယ်။ မင်း ပေါက်ကွဲပြီး သေသွားလိမ့်မယ်။ မဟာဆရာသခင်အဆင့် ရောက်မှ သောက်သုံးမယ်ဆိုရင်တော့ အကျိုးကျေးဇူးက အဆုံးမရှိဘူး”
တုပိုင်က ပြောလိုက်သည်။ “ဒါက လီတောက်ယွဲ့ကို ကယ်နိုင်လား။ ရမလား”
ထူးဆန်းသော အလင်းရိပ်က ပြန်ပြောလိုက်သည်။ “ဒီလောက် တန်ဖိုးရှိတဲ့ စွမ်းအင်အမြုတေကို မင်းက လီတောက်ယွဲ့အတွက် ဖြုန်းတီးပစ်မလို့လား။ သူက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ဘယ်မှာရှိလဲဆိုတာ မင်းကို ပြောပြပြီးပြီပဲ။ သူက မင်းအတွက် အသုံးမဝင်တော့ဘူးလေ”
“ပါးစပ်ပိတ်ထားစမ်း” တုပိုင်သည် စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ “ငါ့ကို ပြောစမ်း။ ဒီနှစ်တစ်ထောင်မြွေမိစ္ဆာကြီးရဲ့ စွမ်းအင်အမြုတေက လီတောက်ယွဲ့ကို ကယ်နိုင်လား”
ထူးဆန်းသော အလင်းရိပ်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “ကယ်နိုင်တယ်။ သေချာပေါက် ကယ်နိုင်တာပေါ့။ ဒါ့အပြင် လအနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံပြီး ဒီစွမ်းအင်အမြုတေကို အပြည့်အဝ ချေဖျက်ပြီးသွားရင် သူက ယွီမဟာဆရာသခင်အဆင့်ကို တိုက်ရိုက် ချိုးဖောက်ဝင်ရောက်နိုင်လိမ့်မယ်။ မဟုတ်ရင် လီတောက်ယွဲ့က ဒီတစ်သက် မဟာဆရာသခင် မဖြစ်နိုင်တော့ဘူး”
တုပိုင်သည် ဘာမျှ ဆက်မပြောတော့ဘဲ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ စွမ်းအင်အမြုတေကို လီတောက်ယွဲ့၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။ ထိုအချိန်တွင် သူမသည် လုံးဝ သတိလစ်မေ့မြောနေပြီး သေလုမျောပါး ဖြစ်နေပြီဖြစ်သည်။
ထူးဆန်းသော အလင်းရိပ်သည် စိုးရိမ်တကြီး ပြောလိုက်သည်။ “စနစ်ရှင်... စိတ်လျော့ပါ... စိတ်လျော့ပါ။ ဒီနှစ်တစ်ထောင်မြွေမိစ္ဆာကြီးရဲ့ စွမ်းအင်အမြုတေက တကယ့်ကို တန်ဖိုးဖြတ်မရပါဘူး။ မင်း မဟာဆရာသခင် ဖြစ်ပြီးတဲ့နောက် ကိုယ်တိုင် သောက်သုံးလိုက်ရင် မဟာဆရာသခင်အဆင့်ကို ကျော်ဖြတ်တဲ့အခါ ကြာမြင့်ချိန်ကို ၈၀ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်လိမ့်မယ်။ မဟာဆရာသခင်တစ်ယောက်က ယွီမဟာဆရာသခင်အဖြစ် ချိုးဖောက်ဝင်ရောက်ဖို့ဆိုတာ တကယ့်ကို ခက်ခဲပြီး အရေးကြီးတဲ့ အဆင့်ပါ။ ကြီးမားတဲ့ အခွင့်အရေး မရှိဘဲနဲ့ ချိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး။ ဘယ်လောက်ပဲ ပါရမီပါပါ ခက်ခဲတယ်”
တုပိုင်က ပြန်ပြောလိုက်သည်။ “ငါ့ရဲ့ အခွင့်အရေးက ဒီမှာတင် မဆုံးသေးပါဘူး။ ငါက ကံကောင်းခြင်းတွေ အများကြီး ရှိတဲ့လူလေ။ ပြီးတော့ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ငါ့ကို အမေလို သဘောထားတာ။ ဒီစွမ်းအင်အမြုတေက သူ့ရဲ့ အသက်ကို စုစည်းပြီး ဖြစ်ပေါ်လာတာနဲ့ တူတူပဲ။ ငါက ဒါကို လူကယ်ဖို့ အသုံးပြုပြီး ပြန်ပေးဆပ်လိုက်တာပါ။ ငါသာ ဒါကိုသုံးပြီး ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့ လုပ်လိုက်ရင် သူ့အသက်ကို ဝါးမျိုလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့။ ဒါဆို ငါက တိရစ္ဆာန်နဲ့ ဘာကွာတော့မှာလဲ”
ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “သူက ဦးနှောက်မကောင်းဘဲ မင်းကို အမေလို့ ထင်နေတာလေ။ တကယ်တော့ မင်းနဲ့ ဘာမှ မဆိုင်ပါဘူး”
တုပိုင်က ပြောလိုက်သည်။ “စနစ်... ဒါကလည်း အခွင့်အလမ်းတစ်မျိုးပဲ။ ကံတရားတစ်မျိုးပဲ”
ထို့နောက် တုပိုင်သည် မိမိ၏ အတွင်းအားကို ညင်သာစွာ ထုတ်လွှတ်ပြီး နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ စွမ်းအင်အမြုတေကို လီတောက်ယွဲ့၏ ဝမ်းဗိုက်ထဲသို့ ဖြည်းညှင်းစွာ တွန်းပို့ပေးလိုက်သည်။ ရုတ်တရက် လီတောက်ယွဲ့၏ ဝမ်းဗိုက်ထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာပြီး တဖြည်းဖြည်း ပိုမို လင်းလက်လာသည်။
အစွမ်းထက်သော စွမ်းအင်များသည် သူမ၏ ကြေမွသွားသော အတွင်းကလီစာများကို လျင်မြန်စွာ ကုသပေးနေလေ၏။
တုပိုင်သည် နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ ခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။ “တကယ် လိမ္မာတာပဲ... တကယ် လိမ္မာတယ်။ ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်”
“အွန်း...”
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ခေါင်းငုံ့လိုက်ပြီး အနည်းငယ် ပို၍ အားစိုက်ကာ တုပိုင်နှင့် လီတောက်ယွဲ့ကို သူ၏ ခန္ဓာကိုယ်ဖြင့် ပိုမို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
နှစ်ပေါင်းရာချီ ထောင်ချီကြာမြင့်အောင် မြွေမိစ္ဆာကြီးသည် အထီးကျန်ဆန်လျက် ဝမ်းနည်းနေခဲ့ရသည်။ ဤကဲ့သို့ နွေးထွေးပြီး ပျော်ရွှင်ရသော အခိုက်အတန့်သည် သူ အိပ်မက်မက်ခဲ့ရသော အရာဖြစ်သည်။
သူသည် အလွန်အမင်း စွမ်းအားကြီးသော်ငြား နှလုံးသားနှင့် ဉာဏ်ရည်မှာ သုံးလေးနှစ်အရွယ် ကလေးငယ်ပမာသာ ဖြစ်ပြီး မိခင်မေတ္တာနှင့် ပျော်ရွှင်မှုကို အဆုံးမရှိ တောင့်တနေခြင်း ဖြစ်သည်။
တစ်နာရီကြာပြီးနောက် လီတောက်ယွဲ့၏ မျက်နှာသည် သွေးရောင်လွှမ်းကာ ပြန်လည် နီရဲလာပြီး အသက်ရှူသံများလည်း တဖြည်းဖြည်း ပိုမို အားကောင်းလာသည်။
နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ စွမ်းအင်အမြုတေ အာနိသင်ကြောင့် သူမ၏ အတွင်းဒဏ်ရာများ အားလုံး ပျောက်ကင်းသွားပြီ ဖြစ်သည်။ သို့သော် သူမသည် သတိမရလာသေးပေ။ အချိန်အတော်ကြာမှသာ သတိပြန်ရလာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဒန်တျန်နှင့် သွေးကြောများသည် သူမ၏ ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ စွမ်းအင်အမြုတေသည် စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေမည် ဖြစ်ပြီး လီတောက်ယွဲ့၏ ဒန်တျန်နှင့် သွေးကြောများသည် ထိုစွမ်းအင်များကို အသည်းအသန် စုပ်ယူနေမည် ဖြစ်သည်။
စွမ်းအင်အများစုသည် လေထဲသို့ ပျံ့လွင့်သွားမည် ဖြစ်သော်လည်း အနည်းငယ်သော အစိတ်အပိုင်းကပင် လီတောက်ယွဲ့ကို ယွီမဟာဆရာသခင်အဆင့်သို့ တိုက်ရိုက် ချိုးဖောက်ဝင်ရောက်နိုင်စေမည် ဖြစ်သည်။
ထိုမျှမကသေးပေ။ စွမ်းအင်အမြုတေ၏ လွှမ်းမိုးမှုအောက်တွင် လီတောက်ယွဲ့၏ လှပသော မျက်နှာသည် ပိုမို လှပလာပြီး ပိုမို ဆွဲဆောင်မှုရှိကာ အနှိုင်းမဲ့ ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် လောကတွင် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင် နတ်မိမယ်လေးတစ်ပါးအသွင် ပြောင်းလဲလာလေသည်။
တုပိုင်သည် လီတောက်ယွဲ့ကို ဖြည်းညှင်းစွာ ပွေ့ချီလိုက်ပြီးနောက် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ညင်သာစွာ ပြောလိုက်သည်။ “လိမ္မာတယ်... ငါတို့ အိမ်ပြန်ကြမလား”
“ဟင့်အင်း...” နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ဝန်လေးစွာဖြင့် ခေါင်းခါလိုက်သည်။
“ငါ ကတိပေးပါတယ်။ နောက်ဆိုရင် နှစ်နှစ် တစ်ခါ မင်းကို လာတွေ့ပါ့မယ်။ မင်းအတွက် စားစရာကောင်းကောင်းတွေ ယူလာခဲ့မယ်။ မင်းနဲ့ လာကစားမယ်လေ။ ဟုတ်ပြီလား” တုပိုင်က နှစ်သိမ့်လိုက်သည်။
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် တုပိုင်၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ နားလည်သလိုလို ရှိသော်လည်း တုပိုင်က သူ့ကို ကတိပေးနေသည်ကို ဝေဝါးဝါး ခံစားမိသည်။
နှစ်နှစ် ၊ သုံးနှစ်ဆိုသည်မှာ တုပိုင်အတွက် အလွန် ကြာရှည်နိုင်သော်လည်း နှစ်တစ်ထောင်မြွေမိစ္ဆာကြီးအတွက်မူ အလွန် တိုတောင်းလှပေသည်။
“ငါ ကတိပေးပါတယ်။ နောက်ဆို မင်းကို မကြာခဏ လာတွေ့ပါ့မယ်။ ဆယ်ခါ ၊ ၁၅ ခါ... မဟုတ်ဘူး... အခါ ၂၀ လောက်ထိ လာတွေ့မယ်နော်။ ဟုတ်ပြီလား” တုပိုင်က ချိုသာစွာပြုံး၍ ဆိုလိုက်၏။
ယခုအကြိမ်တွင် နှစ်တစ်ထောင်မြွေမိစ္ဆာကြီး နားလည်သွားသည်။ ဆယ်ခါ၊ ၁၅ ခါ၊ အခါ ၂၀ ဆိုသည်မှာ မည်မျှပမာဏရှိသည်ကို မြွေမိစ္ဆာကြီး သိပ်နားမလည်သော်လည်း အကြိမ်ပေါင်းများစွာ ဖြစ်ကြောင်းကိုမူ သိလေသည်။
“အွန်း... အွန်း... အွန်း...”
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက နားလည်သွားသည့်ဟန်ဖြင့် သူ၏ ကြီးမားသော ခေါင်းကြီးကို လှိုင်ဂူကြီးပင် တုန်ခါသွားအောင် ချစ်စဖွယ်ဆက်တိုက် ညိတ်ပြရှာသည်။
“ကဲ... အိမ်ပြန်ကြစို့” တုပိုင်က ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူသည် လမ်းပြရန် ပြင်လိုက်သည်။ သို့သော် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ပါးစပ်ကြီးကို ဟလိုက်ပြီး တုပိုင်နှင့် လီတောက်ယွဲ့ကို ညင်သာစွာ ကိုက်ချီကာ သူ၏ ကျောပေါ်သို့ တိုက်ရိုက် တင်ပေးလိုက်သည်။ ထို့နောက် နဂါးဂူအပြင်ဘက်သို့ လျင်မြန်စွာ ကူးခတ်သွားလေသည်။
မြွေမိစ္ဆာကြီး၏ ခန္ဓာကိုယ်အချင်းသည် လေးငါးမီတာခန့် ရှိသဖြင့် ကျောပြင်သည် အမှန်တကယ် ပြန့်ပြူးကာ ငြိမ်သက်နေသည်။ တစ်သမတ်တည်း အရှိန်ဖြင့် သွားနေသဖြင့် မြေပြင်ညီတွင် ထိုင်နေရသကဲ့သို့ ငြိမ်သက်နေပေသည်။
ခဏအကြာတွင် နဂါးဂူထဲမှ ကူးခတ် ထွက်လာခဲ့သည်။
အပြင်ဘက်တွင် မဟာအန်ချိုကျွန်းသခင်နှင့် တောင်ပေါ်ရှိ မဟာဆရာသခင်အဆင့်အထက် ဒါဇင်ပေါင်းများစွာသော ပညာရှင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝ မှင်သက်သွားကြသည်။
တုပိုင်နှင့် လီတောက်ယွဲ့သည် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို စီးနင်းကာ ထွက်လာကြသည်လား။ မည်သည်တို့ဖြစ်ပျက်နေသည်နည်း။ နေမင်းကြီး အနောက်ဘက်မှ ထွက်ပေါ်လာပြီလော။ သောက်ကျိုးနည်း။
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် မဟာအန်ချိုကျွန်းသခင်နှင့် အခြားသူများကို ဂရုမစိုက်ဘဲ ကမ်းခြေဘက်သို့ တိုက်ရိုက် ကူးခတ်သွားသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့က ကမ်းခြေသို့ ရောက်ရှိလာသည်။
ထိုနေရာ၌ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး ရပ်တန့်လိုက်သည်။ တုပိုင်သည်လည်ယ လီတောက်ယွဲ့ကို ပွေ့ချီကာ ဆင်းလိုက်၏။
“အိမ်ပြန်တော့လေ... မင်း သိတယ်မလား” တုပိုင်က ပြောလိုက်သည်။
“ဝူး...” နှစ်တစ်ထောင်မြွေမိစ္ဆာကြီး၏ ခန္ဓာကိုယ်သည် ကမ်းခြေပေါ်တွင် လူးလိမ့်နေပြီး ပြန်မသွားချင်ဘဲ ဖြစ်နေသည်။
တုပိုင်သည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်လိုက်ပြီး မြွေမိစ္ဆာကြီး၏ ခေါင်းပေါ်သို့ လက်တင်ကာ နဂါးသွေး ရွှေရောင်စွမ်းအင်များကို ထည့်သွင်းပေးလိုက်သည်။
ရင်းနှီးသော ခံစားမှုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ထပ်မံ ပျံ့နှံ့သွားပြီး အနှိုင်းမဲ့ ပျော်ရွှင်မှုကလည်း ခန္ဓာကိုယ်တစ်ခုလုံးကို ထပ်မံ လွှမ်းခြုံသွားသည်။
“အိမ်ပြန်တော့... ငါ မကြာခင် ပြန်လာတွေ့မယ်” တုပိုင်က ပြောလိုက်သည်။
နှစ်တစ်ထောင်မြွေမိစ္ဆာကြီး မျက်လုံးမှိတ်လိုက်ပြီး တုပိုင်၏ နှစ်သိမ့်မှုကို ခံယူနေသည်။ ထို့နောက် မျက်လုံးဖွင့်ပြီး ပင်လယ်ထဲသို့ ထိုးဆင်းသွားလေသည်။
“ဖူးးး” “ဝူးးး ဝေါင်းးး ငူးးးး”
ထို့နောက် ပင်လယ်ရေပြင်ပေါ်သို့ ပြန်တက်လာပြီး နှာခေါင်းမှ ရေပန်းများကို ဆော့ကစားသလို မှုတ်ထုတ်လိုက်ရာ တုပိုင်တစ်ကိုယ်လုံး စိုရွှဲသွားလေသည်။
တုပိုင် ပြုံးပြီး ကြည့်နေကာ လက်ပြလိုက်သည်။ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် တုပိုင်ကို ဝန်လေးစွာဖြင့် ခဏကြာ စိုက်ကြည့်နေပြီးနောက် ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားကာ ပင်လယ်ကြမ်းပြင်ရှိ သူ၏ စွမ်းအင်အိမ်တော်သို့ ပြန်သွားလေသည်။ အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားလေသည်။
ထိုသို့ဖြင့် အစွမ်းထက်လှပါသည့် မြွေမိစ္ဆာကြီး အိမ်ပြန်သွားလေ၏။
**--**--**--**--**--**--**--**
မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းသည် တုပိုင်အနီးသို့ ချဉ်းကပ်လာကာ ပြောလိုက်သည်။ “မဟာအန်ချိုကျွန်းက ဂျူနီယာညီလေးတုရဲ့ ကြီးမားတဲ့ ကျေးဇူးတရားနဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
တုပိုင်က ပြန်ပြောလိုက်သည်။ “မဟာကျွန်းသခင်... ဒီနှစ်တစ်ထောင်မြွေမိစ္ဆာကြီးက မတော်တဆ လူတွေကို ထိခိုက်မိတာပါ။ ပုံမှန်ဆိုရင် သူက အရမ်း လိမ္မာပါတယ်။ မိစ္ဆာမ မိုချိုက ဆေးခပ်လိုက်လို့သာ ရူးသွပ်သွားတာပါ။ ဒါကြောင့် ကျေးဇူးပြုပြီး သူ့ကို မထိခိုက်ပါနဲ့”
မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “မလုပ်ပါဘူး။ ဒါက မတော်တဆမှုတစ်ခုပါ။ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးနဲ့ မဆိုင်ပါဘူး။ ပြီးတော့ သူက ကျွန်တော်တို့ မဟာအန်ချိုကျွန်းရဲ့ အခြေခံ သားရဲဆန်းကြီးလေ။ သူသာ မရှိရင် တခြားသားရဲဆန်းတွေ ဘယ်လောက်များများ ကျွန်တော်တို့ မဟာအန်ချိုကျွန်းကို လာတိုက်ခိုက်မလဲ မသိနိုင်ဘူး။ ဘယ်လိုလုပ် သူ့ကို ထိခိုက်စေရက်မှာလဲ”
“ဒါဆို ကောင်းပါတယ်” တုပိုင်က ပြောလိုက်သည်။ “ဒါ့အပြင် ကျန်းဝူရှင်းနဲ့ ကျန်းရှဲ့က ကျွန်တော့်ကို တိုက်ခိုက်လို့ နှစ်တစ်ထောင်မြွေမိစ္ဆာကြီး စားတာ ခံလိုက်ရပါပြီ”
“ဘာ...” မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်း အံ့သြသွားသော်လည်း လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားသည်။
“သိပါပြီ” ဟယ်ကျင်းက ပြောလိုက်သည်။ “လီတောက်ယွဲ့က ဘာဖြစ်သွားတာလဲ”
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တုပိုင်က ပြောလိုက်သည်။ “ကျွန်တော့်ကို ကယ်ဖို့အတွက် လီတောက်ယွဲ့က ကျန်းဝူရှင်းနဲ့ ကျန်းရှဲ့ကို လက်ဝါးနဲ့ ဝင်ခံလိုက်တာပါ။ သူ့ရဲ့ အတွင်းကလီစာတွေ အကုန်လုံး စုတ်ပြတ်သွားတယ်။ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက သူ့ရဲ့ စွမ်းအင်အမြုတေကို ကျွန်တော့်ကို ထွေးထုတ်ပေးတယ်။ ကျွန်တော်က အဲဒီ စွမ်းအင်အမြုတေကို လီတောက်ယွဲ့ကို တိုက်ကျွေးလိုက်ပါတယ်”
စွမ်းအင်အမြုတေသည် လီတောက်ယွဲ့၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သဖြင့် ပြန်ထုတ်ယူ၍ မရနိုင်တော့ပေ။ မည်မျှပင် လိုချင်မက်မောနေပါစေ အချည်းနှီးသာ ဖြစ်ပေမည်။
“ဒါကြောင့် လီတောက်ယွဲ့က ပြန်ကောင်းလာရုံသာမကဘဲ လအနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံပြီးရင် မဟာအန်ချိုကျွန်းမှာ နောက်ထပ် ယွီမဟာဆရာသခင်တစ်ပါး ပေါ်ထွန်းလာတော့မှာပါ” တုပိုင်က ဆက်ပြောလိုက်သည်။
ဟယ်ကျင်းသည် လီတောက်ယွဲ့ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကံတရားဆိုတာ လုံးဝ ခန့်မှန်းလို့ မရနိုင်ပါလား။ ဘာပဲဖြစ်ဖြစ်လေ... နောင်ကျရင် သူ့ကို ကျန်းဝူရှင်းရဲ့ နေရာမှာ အစားထိုးပြီး ငါတို့ မဟာအန်ချိုကျွန်းရဲ့ အကြီးအကဲ ဖြစ်လာစေရမယ်”
‘ဒါပေမဲ့ သူ့ ကြည့်ရတာ အလွန်ဆုံးရှိမှ အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတယ်။ တကယ့်ကို အကြီးအကဲတစ်ယောက်နဲ့ မတူဘူး။ အချစ်ဆိုတာ လူတွေကို ဒီလိုမျိုး နုပျိုစေတာလား’
ထို့နောက် မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “ညီလေး မသိဘူးလား။ မဟာအန်ချိုကျွန်းသခင်က လက်ထပ်လို့ မရဘူး။ မိသားစုလည်း ရှိလို့ မရဘူးလေ။ ဒါကြောင့် မင်းအမေ ကျီမင်းကျစ်က မဟာအန်ချိုကျွန်းသခင် ရာထူးကို ယှဉ်ပြိုင်ဖို့အတွက် မကြာခင် တုဟွေးနဲ့ ပြန်လည် ပေါင်းဖက်ရတော့မှာလေ”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် သူ့အသက်ကို ကယ်ပြီး ကျေးဇူးဆပ်ခဲ့ပြီးပါပြီ။ ဒီနေ့ကစပြီး ဘာမှ မပတ်သက်တော့ပါဘူး”
ဤကိစ္စအတွက် မဟာအန်ချိုကျွန်းသည် ဝေဖန်၍ မရနိုင်ပေ။
ခဏကြာသော် မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “ဂျူနီယာညီလေးတု... ဒီတစ်ခါ မင်းက ငါတို့ မဟာအန်ချိုကျွန်းက ဂိုဏ်းသား တစ်ထောင်ကျော်ကို ကယ်တင်ခဲ့တယ်။ ပြီးတော့ ငါ ဟယ်ကျင်းရဲ့ အနာဂတ်နဲ့ အသက်ကိုပါ ကယ်တင်ခဲ့တာပါ။ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တယ်။ သူ့ကို အိမ်ပြန်ပို့နိုင်ခဲ့တယ်။ ပြီးတော့ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက မင်းကို အမေလို သဘောထားတာတွေ... ဒါတွေအားလုံးက ကြီးမားတဲ့ အခွင့်အရေးတွေပါပဲ။ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီကို ငါ တင်ပြလိုက်ပါ့မယ်။ မင်းရဲ့ တျန်ဂျီကျွန်းသခင် ရာထူးက သေချာပေါက် အတည်ပြုခံရမှာပါ။ ပြီးတော့ တခြား ကြီးမားတဲ့ ဆုလာဘ်တွေလည်း ရှိလာမှာပါ။ မင်း လုပ်ဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေက အရမ်း ကြီးမားလွန်းတယ်။ မင်း ဒီမှာ နေဦး။ ငါ မဟာအန်ချိုကျွန်းမှာ ရက်အနည်းငယ်လောက် နေပြီး သတင်းပို့လိုက်ပါ့မယ်”
တုပိုင်က ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မဟာကျွန်းသခင်”
“ဂျူနီယာညီလေးတုရဲ့ ကျေးဇူးတရားကို ထပ်ပြီး ကျေးဇူးတင်ပါတယ်” မဟာကျွန်းသခင် ဟယ်ကျင်းက ထပ်မံ ဦးညွှတ်လိုက်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ချက်ချင်းပင် မြောက်ဘက် ပင်လယ်ပြင်ဆီသို့ ဦးတည်သွားလေသည်။ မဟာအန်ချိုကျွန်းနှင့် တုပိုင်အကြောင်း ကိစ္စရပ်များကို ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီသို့ သတင်းပို့ရန် အတွက်ပင်ဖြစ်လေ၏။
**--**--**--**--**--**--**--**
နောက်ရက်အနည်းငယ်တွင် တုပိုင်သည် လီတောက်ယွဲ့၏ အခန်းထဲတွင်သာ နေထိုင်ခဲ့သည်။ သူမသည် တင်ပျဉ်ခွေ ထိုင်လျက်သား ရှိနေပြီး လုံးဝ သတိမရလာသေးပေ။
နေ့တိုင်း သူမသည် ပိုမို လှပလာသည်ဟု ခံစားရသည်။ နေ့တိုင်း သူမ၏ ခန္ဓာကိုယ်မှ ရနံ့များသည် ပိုမို သင်းပျံ့လာသည်။ တုပိုင်သည် မူလက သူမကို ရေချိုးပေးရန် စီစဉ်ခဲ့သော်လည်း သူမ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်နှင့် ချွေးစက် တစ်စက်မျှပင် မရှိကြောင်း တွေ့လိုက်ရသည်။ အဖြူရောင် နံရံကဲ့သို့ အပြစ်အနာအဆာ ကင်းစင်ပြီး မွှေးပျံ့ကာ နှစ်သက်ဖွယ် ကောင်းလှသည်။
တုပိုင်သည် မနေနိုင်တော့ဘဲ သူမ တံခါးပိတ်ကျင့်ကြံနေသည်ကို ဂရုမစိုက်ဘဲ ခဏလောက် နမ်းလိုက် ၊ အဝတ်အစားထဲ လက်သွင်းပြီး ခဏလောက် ကိုင်လိုက် လုပ်နေမိသည်။
တစ်ခါကဆိုလျှင် မနေနိုင်တော့ဘဲ သူမ၏ ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်ကို နာရီဝက်ကျော်ကြာ ထိုင်ကြည့်နေပြီးမှ အဝတ်အစား ပြန်ဝတ်ပေးလိုက်ရသည်။ (ဟင်းဟင်း)
အတိုချုပ် ပြောရလျှင် လူမရှိခိုက်တွင် တုပိုင်သည် အခွင့်ကောင်းယူတတ်သူလေး ဖြစ်လာလေ၏။ သူမသိသည်မှာ လီတောက်ယွဲ့သည် သူလုပ်သမျှ အသားယူမှုများကို အကုန် သိနေခြင်း ဖြစ်သည်။ သူမက ခန္ဓာကိုယ်ကို ယာယီ ထိန်းချုပ်၍ မရသေးခြင်းသာ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော လူဆိုးလေး တုပိုင်ကို လီတောက်ယွဲ့က ချစ်မြတ်နိုးနေပြီး ပျော်ရွှင်မှုများ ပေါက်ကွဲမတတ် ဖြစ်နေသည်။ တုပိုင်ကို ပိုပြီးတောင် ဆိုးစေချင်နေသည်။
‘ဟေး... တုရှန်... မင်းက အရမ်း ရိုးသားလွန်းတယ်’
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျီမင်းကျစ် တစ်ခေါက် လာခဲ့သည်။ သူမနှင့် တုပိုင်သည် ပြောစရာစကား မရှိသဖြင့် ၁၅ မိနစ်ခန့် တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ရှက်ရွံ့စွာဖြင့် ပြန်သွားခဲ့သည်။
…
ငါးရက်ကြာပြီးနောက်
မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းသည် တုပိုင်ရှေ့သို့ ရောက်လာသည်။ သူ့၏ မျက်နှာထားသည် လေးနက်ပြီး မြင့်မြတ်ကာ စိတ်လှုပ်ရှားနေပုံရသည်။
“တုပိုင်... မြန်မြန် ပြင်ဆင်လိုက်။ ပေမင်ဓားဂိုဏ်းချုပ်... သိုင်းလောကဧကရာဇ်မင်းမြတ် နင်တောက်ရွှမ် ကိုယ်တိုင်က မင်းကို တွေ့ဆုံချင်နေတယ်”
ဧကရာဇ်မင်းမြတ် နင်တောက်ရွှမ်။ ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သိုင်းလောက၏ ဧကရာဇ်ဖြစ်ကြောင်း တုပိုင် မကြာမီ နားလည်သွားသည်။
ပေမင်ဓားဂိုဏ်းအတွင်းနှင့် ပေမင်ဓားဂိုဏ်းက အုပ်စိုးသော သိုင်းလောကတွင် နင်တောက်ရွှမ်ကို ဝူအင်ပါယာဟု ခေါ်ဆိုကြသည်။ ယခု သိုင်းလောက၏ ဧကရာဇ် ၊ ပေမင်ဓားဂိုဏ်းချုပ် ၊ ဝူအင်ပါယာ နင်တောက်ရွှမ်က တုပိုင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်နေလေ၏။
အပိုင်း ၄၁၄ + ၄၁၅ ပြီး။