← Chapters

အခန်း (၄၁၇)

Vol. 42 Ch. 417

အခန်း (၄၁၇)

Vol. 42 Ch. 417

ထိုအချက်ကို တုပိုင် သဘောတူလိုက်သည်။ ခေတ်အဆက်ဆက် အခြားကမ္ဘာများ၌လည်း ဤအတိုင်းပင် ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်အတွက် အရေးအကြီးဆုံးအရာမှာ ကံတရားသာဖြစ်ပြီး တစ်ကိုယ်ရည်စွမ်းရည် သက်သက်မဟုတ်ပေ။

နင်တောက်ရွှမ်က ပြောလိုက်၏။

“ယခင် တျန်ဂျီကျွန်းသခင် ကျန်းဝူချန်က အမှားတွေ အများကြီး လုပ်ခဲ့တယ် ၊ ငါက သူ့ကို ထောင်ချပြီး တျန်ဂျီကျွန်းအဆင့်ကို လျှော့ချခဲ့ပေမဲ့ ၊ သူက ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းမြင်နိုင်တဲ့ မဟာဗေဒင်ဆရာတစ်ယောက်ပဲ။ သူက မင်းရဲ့ လျှို့ဝှက်ချက်တွေကို ခိုးကြည့်ရင်း သေဆုံးသွားခဲ့တယ်။ ပြီးတော့ တျန်ဂျီကျွန်းသခင် ရာထူးကို မင်းဆီ လက်ဆင့်ကမ်းခဲ့တယ်။ ဒါက သူ ငါ့ကို နောက်ဆုံး ပေးခဲ့တဲ့ အကြံပြုချက်ပဲ။ ငါက သူ့ရဲ့ သေဆုံးမှုနဲ့ ဗေဒင်တွက်ချက်မှုစွမ်းရည်ကို လေးစားတယ်”

နင်တောက်ရွှမ်က ဆက်ပြောပြန်၏။

“ဒါပေါ့... ပေမင်ဓားဂိုဏ်းချုပ်ရဲ့ အမွေဆက်ခံသူ ဖြစ်လာတာနဲ့ မင်းက ဂိုဏ်းချုပ် သေချာပေါက် ဖြစ်မယ်လို့ မဆိုလိုဘူး။ ဘာကြောင့်လဲဆိုတော့ မျိုးဆက်တိုင်းမှာ ပြိုင်ဘက်တွေ ရှိတယ်လေ။ အဲတော့ မင်းက ပြိုင်ဘက်တွေအားလုံးကြားထဲကနေ ထူးထူးချွန်ချွန် ထွက်ပေါ်လာရမယ်”

တုပိုင်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်၏။

“ကျွန်တော်သာ ပေမင်ဓားဂိုဏ်းချုပ် အမွေဆက်ခံသူ ဖြစ်လာရင် ပေမင်ဓားဂိုဏ်းမှာပဲ ထာဝရ နေထိုင်သွားရမယ်လို့ ဆိုလိုတာလား”

ပေမင်ဓားဂိုဏ်းချုပ် နင်တောက်ရွှမ်က ပြန်ဖြေလိုက်၏။

“အင်း ဟုတ်တယ်... လောကီကမ္ဘာကြီးတစ်ခုလုံးနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ရမယ်။ မဟာအန်ချိုကျွန်းမှာတောင် နေလို့ မရဘူး။ မင်းက ပေမင်ဓားဂိုဏ်းထဲကို ဝင်ရောက်ပြီး အပြင်းထန်ဆုံး လေ့ကျင့်မှုတွေကို ခံယူရမယ်။ အထူးတာဝန်တစ်စုံတစ်ရာ မရှိရင် လောကီကမ္ဘာကို ဘယ်တော့မှ ပြန်မသွားရဘူး”

ဆိုလိုသည်မှာ တုပိုင်သာ ပေမင်ဓားဂိုဏ်းချုပ် အမွေဆက်ခံသူ ဖြစ်လာလိုပါက မိန်းမစိုးဂိုဏ်းတွင် သူပိုင်ဆိုင်သမျှနှင့် တာ့နင်အင်ပါယာရှိ အရာအားလုံးကို စွန့်လွှတ်ရမည် ဖြစ်သည်။

ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

နင်တောက်ရွှမ်က မေးလိုက်၏။

“ဘာလို့လဲ။ မိန်းမစိုးဂိုဏ်းထဲက မင်းရဲ့ အဆင့်အတန်းကို မစွန့်လွှတ်နိုင်လို့လား။ တာ့နင်အင်ပါယာက မင်းရဲ့ အခြေခံအုတ်မြစ်တွေကို မစွန့်လွှတ်နိုင်လို့လား”

တုပိုင်က ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ်”

‘မင်းရဲ့ နယ်ပယ်က အရမ်းနိမ့်ကျလွန်းတယ်။ အမြင်ကျဉ်းမြောင်းလွန်းတယ်။ မြင့်မြင့်မားမား ရပ်တည်ကြည့်လိုက်ရင် အရာအားလုံးကို စွန့်လွှတ်နိုင်လိမ့်မယ်။ တာ့နင်အင်ပါယာရဲ့ အတက်အကျ ဆိုတာ နေထွက် နေဝင်သလိုပဲ သဘာဝတရားအတိုင်း သမိုင်းဝင် ဖြစ်စဉ်တွေ ရှိတယ်။ သိုင်းပညာတစ်ခုတည်းသာ ထာဝရ တည်တံ့တယ်’ ဟု နင်တောက်ရွှမ် ပြောလာလိမ့်မည်ဟု တုပိုင် ထင်မှတ်ထားခဲ့သည်။

သို့သော် နင်တောက်ရွှမ်က မေးလိုက်၏။

“ငါ့နာမည်မျိုးရိုးက နင်ဆိုတာ မင်း သတိထားမိလား”

တုပိုင် မှင်သက်သွားပြီး အံ့သြဖွယ် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။

နင်တောက်ရွှမ်က ဆက်ပြောလိုက်၏။ “ဟုတ်တယ်။ ငါက တာ့နင်အင်ပါယာရဲ့ တော်ဝင်မိသားစုဝင်ပဲ။ ငါ့အဘိုးက တာ့နင်အင်ပါယာရဲ့ ဧကရာဇ်ရှန်နင်”

တုပိုင် အလွန်အမင်း တုန်လှုပ်သွားလေ၏။ ဧကရာဇ်ရှန်နင်... ပထမဧကရာဇ်ထိုက်ကျူ၏ မြေးတော် ၊ တာ့နင်အင်ပါယာ၏ တတိယမြောက် ဧကရာဇ်။

ထိုစဉ်က ကျင်းမင်းသားသည် ပုန်ကန်ပြီး ထီးနန်းလုယူခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၁၀၀ ကျော် ကြာခဲ့ပြီဖြစ်သည်။ ထို့နောက်ပိုင်း တာ့နင်အင်ပါယာ၏ ဧကရာဇ်များသည် ကျင်းမင်းသား၏ မျိုးဆက်များ ဖြစ်လာခဲ့ကြသည်။ ဧကရာဇ်ရှန်နင်သည် တာ့နင်အင်ပါယာ၏ တားမြစ်ချက် ဖြစ်လာပြီး မည်သူမျှ မပြောရဲကြတော့ပေ။

ဧကရာဇ်ရှန်နင် စစ်ရှုံးပြီး ထွက်ပြေးသွားခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀ ကျော်က ဖြစ်သည်။ ဧကရာဇ်ရှန်နင်က နင်တောက်ရွှမ်၏ အဘိုး ဖြစ်သည်လား။

နင်တောက်ရွှမ်က ဆက်ပြောလိုက်၏။

“ပေမင်ဓားဂိုဏ်း တစ်ခုလုံးက ငါ့ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲကို ကျင်းပနေကြတယ်။ တကယ်တော့ ငါက ဒီနှစ် ၆၅ နှစ် ရှိပြီ။ ငယ်ငယ်တုန်းက တာ့နင်အင်ပါယာရဲ့ လိုက်လံသတ်ဖြတ်မှုကနေ လွတ်မြောက်ဖို့နဲ့ ငါ့ခန္ဓာကိုယ်က အရမ်း အားနည်းနေလို့ အမေက ငါ့ကို ပေမင်ဓားဂိုဏ်းဆီ ပို့လိုက်တုန်းက အသက် ၅ နှစ် လျှော့ပြီး ပြောခဲ့ရတယ်လေ။ ဘာလို့လဲဆိုတော့ အသက်ကြီးမှ သိုင်းသင်ရင် အရမ်း နောက်ကျသွားပြီး အောင်မြင်မှု အကန့်အသတ် ရှိမယ်လို့ တခြားသူတွေ ထင်မှာစိုးလို့။ ဆရာသခင်ကလည်း ရိပ်မိပေမဲ့ ထုတ်မပြောခဲ့ဘူး။ ဒါကြောင့် ငါက ပေမင်ဓားဂိုဏ်းမှာ အမြဲတမ်း ၅ နှစ် ပိုငယ်နေတာ”

နင်တောက်ရွှမ်က ပြုံး၍ ပြောလိုက်၏။ “ငါ့အဘိုးက အသက် ၅၀ မှာ ငါ့အဖေကို မွေးတယ်။ ငါ့အဖေက အသက် ၅၀ မှာ ငါ့ကို မွေးတယ်။ သုံးဆက်တိုင်တိုင် သားတစ်ယောက်တည်း မွေးခဲ့ကြတယ်။ ငါ့ရဲ့ တာဝန်အရဆိုရင် ငါပိုင်ဆိုင်တဲ့ ထီးနန်းကို ပြန်လုယူသင့်တယ် မဟုတ်လား”

“ငါ့အဘိုးနဲ့ ငါ့အဖေက ထီးနန်းပြန်ရဖို့ တစ်သက်လုံး ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ငါ့လက်ထက်ကျမှ လုံးဝ စွန့်လွှတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတာ မင်း သိလား”

တုပိုင်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။

“ပေမင်ဓားဂိုဏ်းချုပ်ရဲ့ တာဝန်က ပိုပြီး အရေးကြီးလို့လား”

နင်တောက်ရွှမ်က ပြောလိုက်၏။ “ဟုတ်တယ်။ ပေမင်ဓားဂိုဏ်းက အရှေ့တိုင်းကမ္ဘာတစ်ခုလုံးကို ကာကွယ်ပေးရမယ်။ အနည်းဆုံး ကမ္ဘာတစ်ဝက်ရဲ့ ဝင်ပေါက်ကို ကာကွယ်ပေးရမယ်။ အဲဒါနဲ့ ယှဉ်လိုက်ရင် တာ့နင်အင်ပါယာရဲ့ အတက်အကျ ဆိုတာ သိပ်အရေးမပါတော့ဘူး”

တုပိုင် တိတ်ဆိတ်သွားပြန်သည်။

နင်တောက်ရွှမ်က မေးလိုက်၏။ “မင်းက မိန်းမစိုးလား”

တုပိုင်က ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

နင်တောက်ရွှမ်က ပြောလိုက်၏။

“ပေမင်ဓားဂိုဏ်းထဲ ဝင်ပြီး အများဆုံး နှစ်ဝက်အတွင်းမှာ မင်းက ပုံမှန်အတိုင်း ဇနီးမယားယူပြီး ကလေးမွေးနိုင်လိမ့်မယ်။ ငါက နီရှန်ကို မင်းနဲ့ လက်ထပ်ပေးမယ်”

‘နီရှန် နတ်မိမယ်လား...’

တိမ်တိုက်ထဲမှ မကောင်းဆိုးဝါး ယွင်ကျုံးရှဲ့ကို သတ်ခဲ့သည့် အမျိုးသမီးလား။ ထို့ပြင် မိုချို ပြောဖူးခဲ့သော ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှမယ်ဆိုသည်မှာ သူမလား။ မိုချိုသည် သူမ၏ အလှအပနှင့် ပတ်သက်၍ အလွန် ယုံကြည်မှုရှိသူ ဖြစ်သည်။ သို့သော် ထိုသို့သော မိုချိုပင်လျှင် မိမိကိုယ်ကိုယ် ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှမယ်ဟု မသတ်မှတ်ဘဲ နီရှန် နတ်မိမယ်ကိုသာ အသိအမှတ်ပြုထားခဲ့သည်။

ထိုမျှမကသေး ၊ နီရှန် နတ်မိမယ်သည် ပေမင်ဓားဂိုဏ်း ကိုယ်စားပြုအနေဖြင့် ထျန်တောက်အဖွဲ့ ၏ ရာထူးကိုလည်း ရယူထားသေးသည်။

ထျန်တောက်အဖွဲ့ဆိုသည်မှာ တာ့နင်အင်ပါယာ၏ သေမျိုးသိုင်းလောက၌ အကြီးဆုံး မဟာမိတ်အဖွဲ့အစည်း ဖြစ်သည်။ လီတောက်အန်း၏ ထျန်တောက်အဖွဲ့ ၊ ပါးတောက်အဖွဲ့ ၊ ဝူတန်ဂိုဏ်း နှင့် ဟွာရှန်ဓားဂိုဏ်းတို့အားလုံးသည် ထျန်တောက်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

နင်တောက်ရွှမ်က ဆက်ပြောလိုက်၏။

“သူက မင်းထက် ကိုးနှစ် ပိုကြီးတယ်။ ဒါပေမဲ့ မွေးသက္ကရာဇ်တွေက အရမ်း ကိုက်ညီတယ်။ မင်းရဲ့ စိတ်အခြေအနေအရ သူနဲ့ပတ်သက်ပြီး မင်း အမြင်မကြည်ဖြစ်နေတယ်လို့ ငါ ခံစားမိတယ်”

တုပိုင် လန့်သွားသည်။ နင်တောက်ရွှမ်သည် အလွန် ထူးခြားဆန်းကြယ်လွန်းသည်။ သူမအပေါ် တုပိုင်အမြင်မကြည်သည်ကိုပင် အာရုံခံနေနိုင်သည်လော။

နင်တောက်ရွှမ်က ပြောလိုက်၏။ “တွေ့ပြီးရင် မင်း သိလာလိမ့်မယ်။ သူက တာဝန်သိစိတ် ပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်ပါ”

တုပိုင်က မေးလိုက်၏။ “သူက ဂိုဏ်းချုပ်ကြီးရဲ့ သမီးလား”

နင်တောက်ရွှမ်က ဖြေလိုက်၏။ “ငါ့ရဲ့ မွေးစားသမီးလား ၊ တပည့်အရင်းလား ဆိုပါတော့”

တုပိုင် ရုတ်တရက် မေးလိုက်၏။ “ဂိုဏ်းချုပ်နင်... ကျီယင်ယင်ကို မှတ်မိသေးလား”

နင်တောက်ရွှမ်က ပြောလိုက်၏။ “ဒါပေါ့... သိတာပေါ့။ ငါ့ရဲ့ စီနီယာအစ်မဟောင်းလေ။ သံယောဇဉ်ငြိတွယ်မှုတွေကြောင့် ပေမင်ဓားဂိုဏ်းကို ပုန်ကန်ပြီး ကောင်းကင်မိစ္ဆာဂိုဏ်းကို တည်ထောင်ခဲ့တာ”

‘ဘာ...’

တုပိုင် အမှန်တကယ် အံ့သြသွားရသည်။ ကျီယင်ယင်သည်လည်း ပေမင်ဓားဂိုဏ်း၏ တပည့် ၊ နင်တောက်ရွှမ်၏ စီနီယာအစ်မ ဖြစ်နေသည်လား။

နင်တောက်ရွှမ်က ပြောလိုက်၏။ “ငါ့ဇနီး ကျီကျန်ယန်နဲ့ သူနဲ့က အမြွှာညီအစ်မတွေလေ”

တုပိုင် ပို၍ပင် မှင်သက်သွားသည်။ သို့သော် ဤသို့ဆိုလျှင် အရာအားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။

ပေမင်ဓားဂိုဏ်းက အဘယ်ကြောင့် ကောင်းကင်မိစ္ဆာဂိုဏ်းကို မဖြစ်မနေ ဖျက်ဆီးခဲ့ရသနည်း။ ကျီယင်ယင်က အဘယ်ကြောင့် အနောက်ကမ္ဘာနှင့် ပေါင်းပြီး သိုင်းလောကကို လွှမ်းမိုးချင်ရသနည်း။ ရည်ရွယ်ချက်မှာ ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးပြီး နင်တောက်ရွှမ်ကို သူမရှေ့ ဒူးထောက်စေကာ အမှားဝန်ခံခိုင်းချင်၍ ဖြစ်သည်။

နောက်ဆုံး၌ သူမ ရှုံးနိမ့်ခဲ့ပြီး သူမ၏ ကောင်းကင်မိစ္ဆာဂိုဏ်းသည်လည်း ပေမင်ဓားဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် နင်တောက်ရွှမ်က ရုပ်ရည်ချောမောသော အမျိုးသားများကို အသုံးပြု၍ ကျီယင်ယင်ကို ဒုက္ခပေးကာ မိစ္ဆာဂိုဏ်းကို ဖျက်ဆီးခဲ့သည် ဆိုခြင်းမှာ ကျီယင်ယင်၏ လုပ်ကြံဖန်တီးထားသော စကားများသာ ဖြစ်ပေသည်။ သူမသည် ပေမင်ဓားဂိုဏ်း၏ သစ္စာဖောက်ဆိုသည့်အချက်ကို လုံးဝ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

ပေမင်ဓားဂိုဏ်းက မိစ္ဆာဂိုဏ်းကို နှိမ်နင်းခြင်းသည်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခု ဖြစ်လာသည်။ နဂါးနိုင်ဓားဇာတ်လမ်းထဲမှ ဂိုဏ်းကြီးခြောက်ဂိုဏ်းက မင်ဂိုဏ်းကို ဝိုင်းတိုက်သကဲ့သို့ မဟုတ်ဘဲ ၊ ပေမင်ဓားဂိုဏ်းက သစ္စာဖောက်ကို ရှင်းလင်းခြင်းသာ ဖြစ်ပေသည်။

နင်တောက်ရွှမ်က ပြောလိုက်၏။

“တုပိုင်... မင်းသာ ပေမင်ဓားဂိုဏ်းချုပ် အမွေဆက်ခံသူ ဖြစ်ဖို့ သဘောတူပြီး လောကီကမ္ဘာနဲ့ အဆက်အသွယ် လုံးဝ ဖြတ်တောက်မယ်ဆိုရင် ငါက ထျန်တောက်အဖွဲ့က နီရှန်ကို ပြန်ခေါ်ပြီး မင်းနဲ့ လက်ထပ်ပေးမယ်။ အဲဒီနောက်ပိုင်း မင်းက တောင်ပေါ်မှာ နေမဝင် လမဝင်ဘဲ သိုင်းပညာကမ္ဘာထဲမှာ လုံးဝ နှစ်မြှုပ်နေရလိမ့်မယ်”

ဤသည်မှာ အလွန် ၊ အလွန် မက်လောက်စရာ ကောင်းသော ကမ်းလှမ်းချက် ဖြစ်သည်။

နီရှန် နတ်မိမယ်... ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှမယ်ကို တုပိုင်နှင့် လက်ထပ်ပေးမည်။ ထို့ပြင် ပေမင်ဓားဂိုဏ်း၏ အကူအညီဖြင့် အများဆုံး နှစ်ဝက်အတွင်း သူသည် ပုံမှန်ယောက်ျားတစ်ယောက် ပြန်ဖြစ်လာနိုင်သည်။

ထိုမျှမက ပေမင်ဓားဂိုဏ်းချုပ် အမွေဆက်ခံသူ ဖြစ်လာမည်။ အနာဂတ်တွင် ပြိုင်ဘက်များအားလုံးကို အနိုင်ယူပြီး ပေမင်ဂိုဏ်းချုပ် ဖြစ်လာခဲ့လျှင်... ဂုဏ်ရှိန်အာဏာအရ ဧကရာဇ်ထျန်ယွင်ထက် လုံးဝ မနိမ့်ကျပေ။

တာ့နင်အင်ပါယာ၏ ဧကရာဇ်ထျန်ယွင်သည် သနားစရာ ကောင်းလွန်းသည်။ နေ့တိုင်း ဆင်းရဲဒုက္ခခံစားပြီး နှိပ်စက်ခံနေရသည်။ ပေမင်ဓားဂိုဏ်း၏ နင်တောက်ရွှမ်မူကား ဝူအင်ပါယာ ဖြစ်ရုံသာမက ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်များ၏ မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးနီးပါး ဖြစ်သည်။

သို့သော် လောကီကမ္ဘာနှင့် အပြီးအပိုင် အဆက်အသွယ် ဖြတ်တောက်ရမည်။ ဆိုလိုသည်မှာ သူ၏ မွေးစားဖခင်ကို သစ္စာဖောက်ရမည် ၊ ဧကရာဇ်ကို ကျောခိုင်းရမည် ၊ သွေးကွမ်ရင်ကို စွန့်ပစ်ရမည် ၊ ကျီပြောင်ပြောင်ကို စွန့်ပစ်ရမည် ၊ ထို့နောက် သူ၏ တာဝန်ကို စွန့်လွှတ်ရမည်။

တုပိုင်တွင် ယခုအခါ သူ၏ တာဝန်အပေါ် လုံးဝ လွှမ်းမိုးနိုင်စွမ်း ရှိနေပြီဖြစ်၍ စနစ်က သူ့ရွေးချယ်မှုကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ပေ။ ထို့အတွက်ကြောင့် သူအရာအားလုံးကို စွန့်ပြစ်လိုက်လျှင်ပင် စနစ်က သူ့အားသတ်မည်ဟူ၍ ခြိမ်းခြောက်မည်မဟုတ်ချေ။

တုပိုင် ဦးညွှတ်၍ ပြောလိုက်၏။

“မေတ္တာထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လောကီကမ္ဘာနဲ့ အဆက်အသွယ် မဖြတ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ မွေးစားအဖေ ၊ ဧကရာဇ်မင်းမြတ်နဲ့ ကျွန်တော့်ရဲ့ တာဝန်ကို သစ္စာမဖောက်နိုင်ပါဘူး”

နင်တောက်ရွှမ် သက်ပြင်းချလိုက်၏။

“တာ့နင်အင်ပါယာကို ပြန်လည် ထူထောင်ပြီး တိုင်းပြည်နဲ့ ကမ္ဘာကြီးကို အုပ်ချုပ်မယ်... ဒါကလည်း တစ်ချိန်တုန်းက ငါ့ရဲ့ အိပ်မက်ပါပဲ”

နင်တောက်ရွှမ်က ဆက်ပြောလိုက်၏။

“အိုး... မင်းက ငါ့ကို ငြင်းပယ်ပြီး လောကီကမ္ဘာကို ပြန်သွားဖို့ ရွေးချယ်လိုက်တာပေါ့။ ဟုတ်လား”

တုပိုင်က ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

နင်တောက်ရွှမ်က ပြောလိုက်၏။ “တုပိုင်... ပြီးခဲ့တဲ့ တျန်ဂျီကျွန်းသခင်က ဘယ်သူလဲဆိုတာ မင်း သိလား”

တုပိုင် အံ့သြသွားပြီး မေးလိုက်၏။ “ဟုတ်ကဲ့... ဂိုဏ်းချုပ်ကြီးလား”

နင်တောက်ရွှမ်က ပြောလိုက်၏။

“ဟုတ်တယ်... ငါပဲ။ သမိုင်းတစ်လျှောက်မှာ ပေမင်ဓားဂိုဏ်းချုပ် ဖြစ်လာတဲ့ တျန်ဂျီကျွန်းသခင် သုံးယောက် ရှိခဲ့တယ်။ ငါက အဲဒီအထဲက တစ်ယောက်ပဲ။ ဒါကြောင့် ငါလည်း ဗေဒင်တွက်တတ်တယ်။ ဒါပေမဲ့ ငါက ကျန်းဝူချန်နဲ့ မတူဘူး။ ငါက ကိုယ့်အကျိုးအတွက် ဗေဒင်တွက်မှာ မဟုတ်ဘူး။ အချိန်အများစုမှာ ငါ ဗေဒင်တွက်တတ်တာကိုတောင် မေ့နေတတ်တယ်”

ကိစ္စရပ်က အလွန် ၊ အလွန် လေးနက်နေပြီဖြစ်ကြောင်း တုပိုင် သိလိုက်သည်။

နင်တောက်ရွှမ်က တုပိုင်ကို ကြည့်ပြီး ပြောလိုက်၏။

“ငါ အဝေးကြီးမှာ ရှိနေပေမဲ့ စိတ်စွမ်းအားတွေ အများကြီး သုံးပြီး မင်းနဲ့ လာတွေ့တာက ကယ်တင်ဖို့ ကြိုးစားနေတာ။ ဘာလို့လဲဆိုတော့ ငါ မင်းကို ဗေဒင်တွက်ကြည့်ဖူးတယ်။ အရမ်း ဝေဝါးပေမဲ့ အရမ်းလည်း ကြောက်စရာကောင်းတယ်။ မင်းဆီမှာ ပေမင်ဓားဂိုဏ်းရဲ့ ပျက်စီးခြင်းကို ငါ မြင်နေရသလိုပဲ...”

တုပိုင် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

နင်တောက်ရွှမ်က ပြောလိုက်၏။

“ပေမင်ဓားဂိုဏ်းက ကမ္ဘာတစ်ဝက်ရဲ့ ဝင်ပေါက်ကို ကာကွယ်နေရတယ်လို့ ငါ ပြောခဲ့တယ်နော်။ ဒါကြောင့် ပျက်စီးသွားမှာကို ငါ ထိုင်ကြည့်မနေနိုင်ဘူး။ ဒါကြောင့် မင်းကို နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်။ လောကီကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ငါ့ရဲ့ ပေမင်ဓားဂိုဏ်းချုပ် အမွေဆက်ခံသူ လုပ်ဖို့ ဆန္ဒရှိလား”

သူ ဘာခြိမ်းခြောက်မှုမှ မလုပ်ခဲ့ပေ။

သူသည် စကားတစ်ခွန်းမှ မရှင်းပြဘဲ တုပိုင်ကို တိုက်ရိုက် သတ်ပစ်လိုက်၍ ရသည်။ သို့သော် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူသည် အစွမ်းကုန် ကယ်တင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

တုပိုင် လေးနက်စွာ စဉ်းစားလိုက်သည်။

သူသည် မိမိအသက်ကို အလွန် တန်ဖိုးထားပြီး ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်ကိုလည်း လေးစားသည်။ မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းကြောင့်လည်း ပေမင်ဓားဂိုဏ်းအပေါ် သူ့အမြင်များ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သို့သော် သူ၏ မွေးစားဖခင် ၊ သွေးကွမ်ရင် ၊ ကျီပြောင်ပြောင်တို့ကို စွန့်ပစ်ပြီး ဧကရာဇ်ကို သစ္စာဖောက်နိုင်သလား။

မလုပ်နိုင်ပေ... တကယ် မလုပ်နိုင်ပေ။

အကယ်၍ ချိန်ခွင်တစ်ခုသာ ရှိခဲ့လျှင် ဘယ်ဘက်၌ လောကီကမ္ဘာ ၊ ညာဘက်၌ ပေမင်ဓားဂိုဏ်း ရှိနေသည်။ ဘယ်ဘက်ရှိ လောကီကမ္ဘာက ပို၍ လေးလံနေသည်။

ထို့အပြင် အိပ်မက်စနစ်က သူ့ကို ပေးထားသော တာဝန်မှာ ကမ္ဘာ့နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာရန် ဖြစ်သည်။ ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် ပုဂ္ဂိုလ် မဟုတ်ပေ။

တုပိုင်သည် ပေမင်ဓားဂိုဏ်းချုပ်ကို ဦးညွှတ်၍ ပြောလိုက်၏။

“တောင်းပန်ပါတယ် ဂိုဏ်းချုပ်နင်... ကျွန်တော် လောကီကမ္ဘာက ဆွေမျိုးသားချင်းတွေကို မစွန့်ပစ်နိုင်ပါဘူး”

နင်တောက်ရွှမ် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“ဒါ့အတွက် မင်းရဲ့ အသက်ကိုပါ ပေးဆပ်ရမယ် ဆိုရင်တောင် ဆန္ဒရှိလား။ သေရမယ် ဆိုရင်တောင် လောကီကမ္ဘာကို မစွန့်လွှတ်ချင်ဘူးလား”

တုပိုင်က ဖြေလိုက်၏။ “ဟုတ်ကဲ့”

နင်တောက်ရွှမ် သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ မင်းကို လောကီကမ္ဘာထဲ ပြန်လွှတ်လိုက်တာက အနာဂတ်မှာ ပေမင်ဓားဂိုဏ်းရဲ့ ပျက်စီးခြင်း ဖြစ်လာနိုင်တယ်။ ဗေဒင်တွက်တာကို အခုလောက် မုန်းတီးမိတာမျိုး တစ်ခါမှ မရှိဖူးဘူး။ အနာဂတ်ဆိုတာ အနာဂတ်ပါပဲ။ ဘာလို့ ကြိုသိနေရမှာလဲ”

ထို့နောက် နင်တောက်ရွှမ် တိတ်ဆိတ်သွားသည်။

“ဂျိမ်း... ဂျိမ်း...”

ဧရာမ သလင်းကျောက်တုံးကြီး ရွေ့လျားသွားပြီး အောက်ဘက်တွင် အဆုံးမရှိသော မီးတောင်ချော်ရည်များ ရှိနေသည့် တွင်းပေါက်တစ်ခု ပေါ်လာသည်။

အပူချိန် အဆမတန် ပြင်းထန်သော ကြောက်မက်ဖွယ် မီးတောင်ချော်ရည်များသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ ပြုတ်ကျသွားသည်နှင့် လုံးဝ ပြာကျသွားပေလိမ့်မည်။

နင်တောက်ရွှမ်က ပြောလိုက်၏။

“တုပိုင်... မင်းရဲ့ ဆန္ဒက သေမှာကိုတောင် မကြောက်လောက်အောင် ခိုင်မာပြတ်သားတယ်ဆိုရင် မီးတောင်ချော်ရည်ထဲ ခုန်ချလိုက်ပါ”

ရုတ်တရက် ပတ်ဝန်းကျင် အခြေအနေများ အကြီးအကျယ် ပြောင်းလဲသွား၏။ လျှို့ဝှက်ခန်းတစ်ခုလုံး၏ နံရံများသည် ကျုံ့ဝင်လာသည်။

တုပိုင် ရပ်နေသော နေရာသည် သေးငယ်သထက် သေးငယ်လာသည်။ နောက်ဆုံးတွင် သူသည် အသားချေစက်ထဲ ရောက်နေသကဲ့သို့ ညှပ်မိပြီး သေဆုံးသွားတော့မည်။

နင်တောက်ရွှမ်က ပြောလိုက်၏။ “သေခြင်းတရားကို အသုံးပြုပြီး မင်းရဲ့ ဆန္ဒကို သက်သေပြလိုက်ပါ”

တုပိုင် မျက်လုံးမှိတ်လိုက်ပြီး စိတ်ကို လုံးဝ တည်ငြိမ်အောင် ထားလိုက်သည်။

တွင်းပေါက်အောက်ဘက်ရှိ မီးတောင်ချော်ရည် ပင်လယ်ပြင်ကို ကြည့်လိုက်သည်။ မီးတောင်ချော်ရည်များက အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည်။

အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် တုပိုင်သည် အပူချိန် ထောင်ပေါင်းများစွာ ရှိသော မီးတောင်ချော်ရည် ပင်လယ်ပြင်ထဲသို့ ထိုးဆင်းလိုက်သည်။

အပိုင်း ၄၁၇ ပြီး။

(အနောက်ကမ္ဘာဆိုတာ အနောက်တိုင်းကိုပြောတာဖြစ်မယ်။ မသေချာလို့ လောလောဆယ် အနောက်ကမ္ဘာလို့ဆက်သုံးမယ်ဗျ။ သေချာသွားရင်တော့ ပြောင်းသုံးရမလား ဘာညာ ၊ စာဖတ်သူတွေကို အရင်လိုပဲ ၁ နဲ့ ၂ မဲခွဲပြီး ပိုများတဲ့ဟာကို ဆက်​ရေးပါမယ်။ - ဘာသာပြန်သူအချောကြီး)

All Chapters