← Chapters

အခန်း (၄၁၈)

Vol. 42 Ch. 418

အခန်း (၄၁၈)

Vol. 42 Ch. 418

တုပိုင် ခုန်ချလိုက်သော မီးတောင်ချော်ရည်သည် စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်မဟုတ်လေဘဲ လုံးဝစစ်မှန်သော မီးတောင်ချော်ရည် ဖြစ်သည်။ ပတ်ဝန်းကျင်နံရံများ ကျုံ့ဝင်လာခြင်းသည်လည်း လုံးဝ စစ်မှန်ပေသည်။

သူသည် မီးတောင်ချော်ရည်များနှင့် ပိုမိုနီးကပ်လုံးဝ ၊ မီးတောင်ချော်ရည်များ၏ ပူလောင်မှုကို ခံစားလာရလေ ဖြစ်သည်။

အပူချိန်သည် မြင့်သထက်မြင့်လာပြီး သေခြင်းတရားနှင့် နီးကပ်လာလေတော့သည်။ စွမ်းအင်တစ်ခုဖြင့် ဝင်ရောက်ရိုက်ခတ်ပြီးနောက် တုပိုင် သတိလစ်မေ့မြောသွားလေသည်။

**--**--**--**--**--**--**--**

အချိန်မည်မျှ ကြာမြင့်သွားသည်မသိ ၊ အချိန်အကြာကြီးဖြစ်ပုံရသလို တစ်ခဏလေးလည်း ဖြစ်နိုင်သည်။

တုပိုင် မျက်လုံးဖွင့်ပြီး နိုးလာသည်။ သူသည် မဟာအန်ချိုကျွန်း ခန်းမဆောင်ကြီးတွင် လဲလျောင်းနေပြီး မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းသည် သူ့ဘေးတွင် ရပ်ကာ တုပိုင်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေသည်။

ပြောစရာစကားများ များပြားပုံရသော်လည်း နောက်ဆုံးတွင် သက်ပြင်းချသံအဖြစ်သာ ပြောင်းလဲသွားသည်။

မဟာကျွန်းသခင် ဟယ်ကျင်းက စာတစ်စောင် ကမ်းပေးရင်း ပြောလိုက်၏။

“ဒါက ဧကရာဇ်မင်းမြတ် နင်တောက်ရွှမ်ဆီက စာပါ”

စာ​ရေးရန်အသုံးပြုထားသည့် စက္ကူသည် သလင်းကျောက်ပြားပါးပါးလေးကို လှီးဖြတ်ထားသကဲ့သို့ အလွန်ထူးခြားသော စက္ကူဖြစ်သည်။

“တုပိုင်... မင်းက ငါ့ကို မင်းရဲ့ ဆန္ဒကို ပြသခဲ့တယ်။ အနာဂတ်မှာ ပေမင်ဓားဂိုဏ်းရဲ့ ပျက်စီးခြင်းကို ငါ မင်းဆီမှာ မြင်နေရပေမဲ့ ၊ မဟာဗေဒင်ပညာရဲ့ ဒုတိယအချက်ဖြစ်တဲ့ အနာဂတ်ကအပြစ်အတွက် လက်ရှိလူကို အပြစ်မပေးရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။ ကျန်းဝူချန်က မင်းကို မသတ်ခဲ့ဘူး ၊ ငါလည်း... သေချာပေါက် မင်းကို မသတ်နိုင်ဘူးပေါ့”

ထိုစာကို ဖတ်ပြီးနောက် တုပိုင် ရင်ထဲ၌ ဆို့နင့်သွားရသည်။ အနာဂတ်အပြစ်အတွက် လက်ရှိလူကို အပြစ်မပေးရ။ ကြားရသည်မှာ လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန် မည်သို့သော စိတ်ဓာတ်မျိုး လိုအပ်မည်နည်း။

“မင်း ပေမင်ဓားဂိုဏ်းကနေ ထွက်ခွာပြီး လောကီကမ္ဘာကို ပြန်သွားတာနဲ့ ပေမင်ဓားဂိုဏ်းထဲက မင်းရဲ့ အမှတ်အသားတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ မင်း ပေမင်ဓားဂိုဏ်းကို ပြန်ရောက်လာရင် မင်းက တျန်ဂျီကျွန်းသခင်အဖြစ် ဆက်ရှိနေဦးမှာပါ။ ကျန်းဝူချန် မင်းကို ပေးခဲ့တဲ့ အရာအားလုံးက မင်းပိုင်ဆိုင်မှုတွေပါ ၊ တျန်ဂျီကျွန်းပိုင် မဟုတ်ဘူး။ ပေမင်ဓားဂိုဏ်းကလည်း သိမ်းပိုက်ခွင့် မရှိဘူး”

ဤစာကြောင်းသည် ယခင် တျန်ဂျီကျွန်းသခင် ကျန်းဝူချန်၏ ရတနာများအားလုံးကို ဆက်ခံပိုင်ခွင့်ရှိကြောင်း ရှင်းလင်းပေးလိုက်ခြင်း ဖြစ်သည်။

“အခြေအနေက ပြန်ပြင်လို့ မရနိုင်တဲ့ အခြေအနေ မရောက်သေးပါဘူး။ ပေမင်ဓားဂိုဏ်းရဲ့ တံခါးက မင်းအတွက် အမြဲတမ်း ပွင့်နေမှာပါ။ နီရှန်က သုံးနှစ်အတွင်း လက်ထပ်မှာ မဟုတ်ဘူး”

“အနာဂတ်မှာ ပြန်တွေ့မယ်”

တုပိုင် နောက်ဆုံးစာလုံးကို ဖတ်ပြီးသည်နှင့် သူ၏ ယခင်အတိတ်ပုံရိပ်များ ပျောက်ကွယ်သွားပြီး စာလိပ်တစ်ခုလုံး မီးလောင်ကျွမ်းသွားလေသည်။

ဖတ်ပြီးသည်နှင့် အမှန်တကယ် မီးလောင်ကျွမ်းသွားခြင်း ဖြစ်သည်။ တုပိုင် စိတ်ထဲမှ လေးစားစွာဖြင့် အရှေ့မြောက်ဘက်သို့ ဦးညွှတ်လိုက်သည်။

ထိုအချိန်တွင် ကျွန်းသခင်ဟယ်ကျင်း သက်ပြင်းချ၍ ပြောလိုက်၏။ “ဂျူနီယာညီလေးတု... ဘာလို့လဲ။ ဧကရာဇ်မင်းမြတ် နင်တောက်ရွှမ်က လူတစ်ယောက်ကို ဒီလောက်ထိ အလေးထားတာ ငါ တစ်ခါမှ မမြင်ဖူးဘူး”

တုပိုင်က ပြောလိုက်၏။ “လူတွေက လောကီကမ္ဘာထဲမှာ ရှိနေတော့ ကိုယ့်သဘောဆန္ဒအတိုင်း လုပ်လို့ မရဘူးလေ”

မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းက မတတ်သာသည့်အဆုံး သက်ပြင်းချ၍ ပြောလိုက်၏။ “မင်းပစ္စည်းတွေ အကုန်လုံး ဒီမှာ ရှိတယ်။ စစ်ဆေးကြည့်ပါ။ လိုအပ်တာ ရှိသေးလားလို့လေ”

တုပိုင်၏ ဘေး၌ သေတ္တာတစ်လုံးရှိပြီး အတွင်းတွင် သားရဲဆန်းဥနှစ်လုံး ၊ မိစ္ဆာနှိမ်နှင်းပုတီးစေ့ ၊ ဟွမ်းယန်မဟာအတတ် ကျမ်းစာအုပ်တစ်အုပ်နှင့် တျန်ဂျီကျွန်းသခင် ကျန်းဝူချန်၏ ပစ္စည်းအချို့ ၊ မဟာအန်ချိုကျွန်းမှ ဆုလာဘ် ချန်ကွန်းဟွန်ယွမ်ဆေးလုံးတို့ ပါရှိသည်။

ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကျမ်းစာအုပ်၏ တည်နေရာအကြောင်း ရေးသားထားသည့် လီတောက်ယွဲ့၏ စာကိုမူ တုပိုင် ဖတ်ပြီးပြီးချင်း မီးရှို့ပစ်လိုက်ပြီ ဖြစ်သည်။

တုပိုင်က ပြောလိုက်၏။ “အကုန်စုံပါတယ်။ ဘာမှ မလိုတော့ပါဘူး”

မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်၏။ “လီတောက်ယွဲ့ကို နှုတ်ဆက်ဦးမလား”

‘ပြန်သွားပြီး နမ်းဦးမလား ၊ ကိုင်ဦးမလား ၊ ကြည့်ဦးမလား...’

‘တော်ပါပြီလေ... အမှတ်တရအနေနဲ့ပဲ ထားလိုက်ပါတော့မယ်’

မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်၏။ “ဒါဆို ငါ မင်းကို လိုက်ပို့ပေးမယ်”

ထို့နောက် သူတို့နှစ်ဦး ကမ်းခြေသို့ သွားပြီး လှေငယ်တစ်စင်းပေါ် တက်လိုက်ကြသည်။ မဟာကျွန်းသခင် ဟယ်ကျင်းက ရှေ့မှနေ၍ လှော်ခတ်ပေးသည်။ လှေသည် အရှေ့ဘက်သို့ ဦးတည်သွားနေသည်။

တုပိုင်သည် အလွန် သတိရှိစွာဖြင့် မျက်လုံးမှိတ်ပြီး တရားထိုင်နေလိုက်သည်။ ပေမင်ဓားဂိုဏ်းမှ ထွက်ခွာရာ လမ်းကြောင်းကို တမင်သက်သက် မမှတ်သားလိုပေ။

နာရီအနည်းငယ် ကြာမြင့်ပြီးနောက် မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်၏။ “ရောက်ပြီ”

တုပိုင် မျက်လုံးဖွင့်ကြည့်လိုက်ရာ ကုန်းမြေကို မြင်လိုက်ရသည်။ ငြိမ်းချမ်းသော ကမ်းခြေတစ်ခု ဖြစ်သည်။ တုပိုင်၏ တောရိုင်းမြင်းဘုရင်သည် ထိုနေရာတွင် တိတ်ဆိတ်စွာ စောင့်နေပြီး တုပိုင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ပျော်ရွှင်စွာ ဟီးးးလိုက်သည်။

တုပိုင် လှေပေါ်မှ ဆင်းလိုက်သောအခါ မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်၏။

“ဂျူနီယာညီလေးတု... အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ၊ မင်း လုပ်ပေးခဲ့တာတွေကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးတု...”

တုပိုင်လည်း ဦးညွှတ်၍ ပြောလိုက်၏။

“မဟာကျွန်းသခင်... နှုတ်ဆက်ပါတယ်”

မဟာကျွန်းသခင် ဟယ်ကျင်း လှေကို လှော်ခတ်ပြီး ပြန်ထွက်သွားကာ မြူခိုးများထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။

“ဂျူနီယာညီလေးတု... မမေ့ပါနဲ့... မင်း ပေမင်ဓားဂိုဏ်းကို ဝင်လာတာနဲ့ မင်းဟာ တျန်ဂျီကျွန်းသခင် ဖြစ်လာမှာပါ။ ဒီရာထူးက မင်းအတွက် အမြဲတမ်း သီးသန့် ရှိနေဦးမှာပါ”

မဟာကျွန်းသခင် ဟယ်ကျင်း၏ အသံသည် ထူထပ်သော မြူခိုးများထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ပုံရိပ်နှင့် လှေသည် မြူခိုးများထဲတွင် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

တုပိုင် ကမ်းခြေတွင် ရပ်ကာ ပင်လယ်ပြင်မှ မြူခိုးများကို ကြည့်ရင်း ကမ္ဘာခြားသွားသကဲ့သို့ ခံစားလိုက်ရသည်။

ယခုရက်ပိုင်း ပေမင်ဓားဂိုဏ်း၏ မဟာအန်ချိုကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သမျှသည် အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း အလွန် စစ်မှန်နေသည်။ တုပိုင် ရက်မည်မျှ ကြာမြင့်သွားသည်ကိုပင် မသိတော့ပေ။

မဟာအန်ချိုကျွန်းသို့ မရောက်မီက ပေမင်ဓားဂိုဏ်းသည် တုပိုင်အတွက် လုံးဝ လျှို့ဝှက်ဆန်းကြယ်သော အရာဖြစ်သည်။ သူ၏ နားလည်မှုက စကားလုံးတစ်လုံးတည်းသာ ရှိသည်။ ပေမင်ဓားဂိုဏ်းသည် ဤကမ္ဘာ၏ တွင်းနက်ကြီးဖြစ်သည်။

သို့သော် ပေမင်ဓားဂိုဏ်း၏ မဟာအန်ချိုကျွန်းပေါ်တွင် နေထိုင်ပြီးနောက် တုပိုင်သည် ပေမင်ဓားဂိုဏ်းအကြောင်း ပိုမိုနားလည်လာသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မဟုတ်ပေ။ ပေမင်ဓားဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်မှုသည် ပိုမို နက်ရှိုင်းပြီး ခန့်မှန်းရခက်လာပုံရသည်။

တုပိုင် ပိုမိုမြင့်မားသော နေရာသို့ ရောက်ရှိမှသာ ရှင်းရှင်းလင်းလင်း မြင်နိုင်မည် ဖြစ်ကောင်းဖြစ်နိုင်သည်။

**--**--**--**--**--**--**--**

အနီးဆုံး မြို့နယ်သို့ ရောက်ရှိပြီးနောက် တုပိုင် ရှန်တုန်းပြည်နယ်တွင် ရှိနေကြောင်း သိလိုက်ရသည်။ ပေမင်ဓားဂိုဏ်းနှင့် နီးစပ်သော နေရာများသည် အဆင်ပြေသော်လည်း ပေမင်ဓားဂိုဏ်း၏ လွှမ်းမိုးမှု နယ်ပယ်နှင့် ဝေးကွာလေ အခြေအနေ ဆိုးရွားလေ ဖြစ်သည်။

တုပိုင်၏ ရှေ့မှောက်တွင် ပေါ်လာသော မြင်ကွင်းသည် လုံးဝ ဖရိုဖရဲ ဖြစ်နေသော အခြေအနေ ဖြစ်သည်။

အခြားကမ္ဘာမြေ၏ မင်မင်းဆက် သမိုင်းတွင် ကွမ်ရှီးပြည်နယ်သည် ဆင်းရဲသည်ဟု သတ်မှတ်ခံရ၏။ ဤကမ္ဘာတွင် လျှို့ဝှက်ရွှေတွင်းများ ၊ ဆားတွင်းများ တူးဖော်မှုကြောင့် ၊ ထို့ပြင် လျန်ကျိုးဆိပ်ကမ်းသည် ကွမ်တုံပြည်နယ်ပိုင် မဟုတ်ဘဲ ကွမ်ရှီးပိုင် ဖြစ်နေသောကြောင့် ကွမ်ရှီးရေကြောင်းကုန်သွယ်ရေးသည် ကွမ်တုံနှင့် ဖူကျန့်လောက် မကောင်းသော်လည်း အတော်လေး စည်ကားလျက် ရှိသည်။

အခြားကမ္ဘာမြေ သမိုင်းတွင် မင်မင်းဆက်နှင့် အန်နမ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ရန်သူကဲ့သို့ ဖြစ်ခဲ့သည်။

ဤကမ္ဘာတွင် တာ့နင်အင်ပါယာနှင့် အန်နမ်နိုင်ငံသည် ရင်းနှီးသော မဟာမိတ်များ ဖြစ်ကြပြီး အန်နမ်နိုင်ငံသည် တာ့နင်အင်ပါယာနှင့် အမြဲတမ်း လက်အောက်ခံ ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေးသည်လည်း အလွန် နီးကပ်သည်။

ကွမ်ရှီးပြည်နယ်သည် အန်နမ်နိုင်ငံနှင့် အကြီးဆုံး ကုန်သွယ်ရေးဗဟိုဌာန ဖြစ်သည်။

ထို့ကြောင့် ကွမ်ရှီးပြည်နယ်သည် ကွမ်တုံ သို့မဟုတ် လျန်ကျန်းလောက် မကောင်းသော်လည်း စည်ကားနေဆဲပင် ဖြစ်သည်။

ယခုအချိန်တွင် တုပိုင်သည် ကွမ်ရှီးပြည်နယ်မှ ထွက်ခွာလာပြီး တာ့နင်အင်ပါယာ၏ မြောက်ဘက် ပြည်နယ်များသည် စစ်ဘေးဒဏ်သင့်နေသော ကမ္ဘာပျက်သကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

နေရာဒေသအနှံ့အပြား၌ ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်နေသည်။ မိန်းမများကို ရောင်းစားကြသည်။ သစ်ရွက်များကို စားကြသည်။ သစ်ခေါက်များကို နေရာတိုင်းတွင် တွေ့ရသည်။ လူမည်မျှ ငတ်သေပြီး အလောင်းများဖြး်သွားသနည်းကို တုပိုင်ပင် မရေတွက်နိုင်တော့ပေ။

ထိုမျှမကသေးပေ။ တာ့နင်အင်ပါယာ၏ အာဏာစက်သည် စီရင်စုခွဲအောက်ပိုင်းသို့ ထိုးဖောက်မဝင်နိုင်တော့ချေ။ ကျေးရွာများ ၊ မြို့နယ်များနှင့် ရွာများ အများအပြားသည် အာဏာလစ်လပ်နေပြီး ကြာပန်းမိစ္ဆာဂိုဏ်း၏ သိမ်းပိုက်ခြင်းကို ခံထားရသည်။

တုပိုင်သည် ရှန်တုန်းမှ ဟူပေပြည်နယ်ရှိ လီတောက်ယွဲ့ ဖမ်းဆီးခဲ့သော တည်းခိုခန်းသို့ ပြန်သွားရန် စီစဉ်ထားသည်။ အစ်မကြီး ကျီပြောင်ပြောင် ထိုနေရာတွင် စောင့်နေသေးနိုင်၏။ မစောင့်တော့ပင်လျှင် စာတစ်စောင်လောက်တော့ ချန်ထားခဲ့လိမ့်ပေမည်။

ခရီးစဉ်သည် မိုင်ပေါင်း ၂,၀၀၀ ကျော် ကြာမြင့်ပြီး တုပိုင် ကြည့်လေ ပိုမို တုန်လှုပ်လေ ဖြစ်လာသည်။ ကြာပန်းမိစ္ဆာဂိုဏ်း၏ ယဇ်ပလ္လင်များသည် နေရာတိုင်းတွင် ရှိနေပြီး တောမီးလောင်သကဲ့သို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤမိုင် ၂,၀၀၀ ကျော် နယ်မြေအတွင်း စီရင်စုခွဲအထက် အဆင့်များသည် တာ့နင်အင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သော်လည်း ကျေးရွာများ ၊ မြို့နယ်များနှင့် ရွာများအားလုံးနီးပါးကို ကြာပန်းမိစ္ဆာဂိုဏ်းက ထိန်းချုပ်ထားသည်။

ကြာပန်းမိစ္ဆာဂိုဏ်းကသာ ဆန္ဒရှိလျှင် ပြည်နယ်ပေါင်းစုံ ဖြန့်ကျက်ပြီး တုန်လှုပ်ဖွယ်ရာ ပုန်ကန်မှုကြီးကို ချက်ချင်း စတင်နိုင်သည်။ အမှန်စင်စစ်အားဖြင့် သူတို့၌ လက်ရွေးစင်စစ်တပ် မရှိချေ။ သူတို့၏ စစ်အင်အားသည် လီမိသားစုအောက် များစွာ နိမ့်ကျ၏။ သို့သော် သူတို့သည် လူသန်းပေါင်းများစွာကို လှုံ့ဆော်နိုင်စွမ်းရှိကာ သူတို့ ဖြစ်ပေါ်စေမည့် ဘေးအန္တရာယ်သည် ပိုမိုကြီးမား၍ ကြောက်မက်ဖွယ် ကောင်းပေသည်။

ထို့ပြင် ပိုမို အံ့သြစရာကောင်းသည်မှာ လီမိသားစုနှင့် ကြာပန်းမိစ္ဆာဂိုဏ်းက အဝေးကနေ အပြန်အလှန် ပဲ့တင်ထပ်နေနိုင်ခြင်းပင် ဖြစ်သည်။

ဤသည်ကား မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်၏ အတိတ်က အပြစ်တရားများ တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခြင်းပင် ဖြစ်လေ၏။

ထိုစဉ်က ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကောင်းကင်ဘုရင်လေးပါးအနက်မှ တစ်ပါးဖြစ်သော မျက်လုံးသုံးလုံးနဂါးဘုရင် ဟိုင်လင်းဟွာသည် ကောင်းကင်မိစ္ဆာဂိုဏ်းကို ပုန်ကန်ပြီး ဆယ်နှစ်ကျော် ပျောက်ကွယ်သွားခဲ့သည်။ ယခုအခါ ထိုအမျိုးသမီး ပြန်ပေါ်လာပြီလော။ ထို့နောက် ပိုမိုကြီးမားသော ကပ်ဘေးတစ်ခုကို သယ်ဆောင်လာခဲ့ခြင်းလော။

**--**--**--**--**--**--**--**

နှစ်ရက် ကြာမြင့်ပြီးနောက် တုပိုင်သည် ဟူပေပြည်နယ်ရှိ လီတောက်ယွဲ့ ဖမ်းဆီးခဲ့သော တည်းခိုခန်းသို့ ပြန်ရောက်လာသည်။ ကျီပြောင်ပြောင် မရှိတော့ပေ။ သို့သော် စာတစ်စောင်ကိုတော့ ချန်ထားခဲ့၏။

“မောင်လေး... အစ်မ မင်းကို ရှာနေတယ်။ မင်းကို ရှာမတွေ့ရင် နှစ်လအတွင်း ပိုင်ဆယ်စီရင်စုကို ပြန်လာခဲ့မယ်။ မင်း အဆင်ပြေနေမယ်ဆိုရင်ပေါ့။ မင်း မရှိတော့ရင် အစ်မက တစ်သက်လုံး မင်းကို လိုက်ရှာနေမှာပါ။ နှုတ်ဆက်ပါတယ်”

ရက်တွက်ကြည့်လျှင် ကျီပြောင်ပြောင် ပြောထားသော သုံးလပြည့်ရန် တစ်လခန့် လိုသေးသည်။ ယခုအချိန်တွင် အစ်မကြီး ကျီပြောင်ပြောင် မည်သည့်နေရာသို့ ရောက်ရှိနေမည်နည်း။ မည်သူမျှ အမှန်တကယ် မသိနိုင်ပေ။ သူမ တုပိုင်ကို နေရာတိုင်း လိုက်ရှာနေမည်မှာ သေချာသည်။ သူမ၏ သိုင်းပညာအရ မဟာဆရာသခင်အဆင့် ပညာရှင်များနှင့် မတွေ့ဆုံသရွေ့ အသက်အန္တရာယ် မရှိနိုင်ချေ။ သူက ရဲရင့်ပြီး ပွင့်လင်းသော်လည်း သိုင်းလောက အတွေ့အကြုံ များစွာ ရှိသူမို့ တုပိုင် သိပ်စိတ်ပူစရာ မလိုပေ။

ထို့ကြောင့် သူ လုပ်ဆောင်ရန် ရှိသည်များကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ယှဉ်ပြိုင်လုယူရမည်။

ဤသည်မှာ အမှန်တကယ် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စပင် ဖြစ်သည်။ ပထမအချက်အနေဖြင့် အသက် ၂၀ မပြည့်မီ မဟာဆရာသခင် ဖြစ်လိုလျှင် ပုံမှန်အတိုင်း ကျင့်ကြံ၍မူ သေချာပေါက် အချိန်မီနိုင်မည် မဟုတ်ပေ။

ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ၊ တိတိကျကျ ပြောရလျှင် ပေမင်မဟာအတတ်ကို မှီခိုမှသာ ဖြစ်ပေမည်။

ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်က အရေးအကြီးဆုံးပင်။.အရေးအကြီးဆုံးအချက်မှာ မိုချိုက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရှာဖွေရန် ပေမင်ဓားဂိုဏ်းမှ ရက်အနည်းငယ် ကြိုထွက်သွားခဲ့ပြီ ဖြစ်သည်။

ထိုအမျိုးသမီးသည် မိစ္ဆာမ ၊ အရူးမ ဖြစ်သည်။ ကျပ်မပြည့်သော ဘုရင်မ မိုဟန်ကဲ့သို့ပင် ဦးနှောက်ကပုံမှန် မဟုတ်ပေ။ ထိုအမျိုးသမီးသာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရရှိသွားပါက နောက်နှစ်အနည်းငယ်အတွင်း ပြိုင်ဘက်ကင်းသော မိစ္ဆာမတစ်ယောက် ပေါ်ပေါက်လာပေလိမ့်မည်။

ထိုအမျိုးသမီး၏ လက်ရှိ သိုင်းပညာကပင် အလွန် အံ့သြစရာ ကောင်းနေပြီဖြစ်သည်။ မဟာကျွန်းသခင် ဟယ်ကျင်းပင် ထိုအမျိုးသမီး၏ ပြိုင်ဘက် မဟုတ်ပေ။ လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့သည်လည်း သူမရှေ့ ရောက်လျှင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် ရှိမည် မဟုတ်ချေ။

ထိုအမျိုးသမီးကိုသာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် သင်ယူခွင့် ပေးလိုက်လျှင် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

ထိုအရူးမက ပထမဆုံး သတ်ချင်မည့်လူမှာ လီတောက်ယွဲ့ ၊ ထို့နောက် တျန်ဂျီကျွန်းသခင်ဖြစ်သည့် တုပိုင် ဖြစ်မည်မှာ ဗေဒင်သွားမေးစရာမလိုချေ။

အပိုင်း ၄၁၈ ပြီး။

All Chapters