← Chapters

အခန်း (၄၁၉)

Vol. 42 Ch. 419

အခန်း (၄၁၉)

Vol. 42 Ch. 419

ထို့ကြောင့် တုပိုင်သည် မိုချိုထက်စောပြီး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို အမြန်ဆုံး ရှာဖွေရမည် ဖြစ်သည်။

ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သည် မည်သည့်နေရာတွင် ရှိသနည်း။

လီတောက်ယွဲ့ ပေးလိုက်သော လျှို့ဝှက်စာထဲတွင် သတင်းအချက်အလက် တစ်ခုတည်းသာ ပါဝင်သည်။ ယင်းမှာ ထင်ယောင်ထင်မှားကျွန်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်နီးပါးက ပေမင်ဓားဂိုဏ်းတွင် ကြီးမားသော ဂိုဏ်းတွင်းစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ၊ ဂိုဏ်း၏ အထွတ်အမြတ်ရတနာ ပေမင်မဟာအတတ်သည်လည်း နှစ်ပိုင်းကွဲသွားခဲ့သည်။ တစ်ဝက်သည် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ဖြစ်လာပြီး သစ္စာဖောက်များက ယူဆောင်သွားခဲ့သည်။

ရာစုနှစ်အနည်းငယ် ကြာပြီးနောက် ပေမင်ဓားဂိုဏ်းသည် ပြန်လည် ပေါင်းစည်းခဲ့သည်။

သို့သော် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ သတင်းအစအနသည်တော့ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။.ယခုတစ်ခေါက် လီတောက်ယွဲ့နှင့် မိုချိုတို့ အပြင်လောကသို့ ရောက်ရှိစဉ် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ သတင်းကို မတော်တဆ ကြားသိခဲ့ရပြီး ရတနာသဖွယ် သဘောထားခဲ့ကြသည်။ နှစ်ယောက်စလုံး ပေမင်ဓားဂိုဏ်းကို ပြန်လည် သတင်းမပို့ခဲ့ကြပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှစ်ယောက်လုံးက တစ်ကိုယ်ကောင်းဆန်မှုကြကြောင်း သိသာ၏။

တုပိုင်သည် လီတောက်ယွဲ့ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့၏။ ထို့ကြောင့် နောက်ဆုံးတွင် လီတောက်ယွဲ့က တုပိုင်ကို လုံးဝ ပုံအပ်လိုက်ပြီးနောက် တုပိုင်ကို ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ဖြင့် မျက်နှာလိုမျက်နှာရ လုပ်ချင်ခဲ့သည်။ သို့သော် ကံတရား၏ အလှည့်အပြောင်းကြောင့် လီတောက်ယွဲ့သည် ယွီမဟာဆရာသခင်အဆင့်သို့ ရောက်ရှိရန် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်မလိုအပ်တော့ပေ။ ထို့ကြောင့် တုပိုင်အတွက် ခက်ခဲစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သည် ဒဏ္ဍာရီလာ ကျမ်းစာအုပ်ဖြစ်ပြီး သူက ပြန်လည် သိမ်းဆည်းချင်သော်လည်း လီတောက်ယွဲ့ကို သင်ယူခွင့် မပေးနိုင်ပေ။

လီတောက်ယွဲ့နှင့် မိုချိုတို့က ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ သတင်းကို မည်သို့ ရရှိခဲ့သနည်း ၊ ဤမျှ အရေးကြီးသော ဒဏ္ဍာရီလာ သိုင်းကျမ်းစာအုပ်၏ သတင်းအစအန ရုတ်တရက် အဘယ်ကြောင့် ပေါ်ပေါက်လာသနည်း ၊ ထို့ပြင် ပေမင်ဓားဂိုဏ်းသား နှစ်ယောက်ဖြစ်သော မိုချိုနှင့် လီတောက်ယွဲ့တို့ကသာ အဘယ်ကြောင့် သိရှိခဲ့ရသနည်း ဆိုသည်ကို သိရှိရန် နည်းလမ်းမရှိတော့ပေ။ လီတောက်ယွဲ့ကဲ့သို့သော အချစ်ရူးတစ်ယောက်သည် အချစ်အကြောင်းသာ ပြောတတ်ပြီး ၊ ချစ်ခင်ကြင်နာမှု ၊ ထိတွေ့မှုနှင့် နမ်းရှုံ့မှုများကိုသာ ဂရုစိုက်တတ်ပြီး ဤကိစ္စများကို မေ့လျော့နေတတ်သည်။

မည်သို့ပင်ဆိုစေကာမူ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ တည်နေရာနှင့် ပတ်သက်ပြီး လျှို့ဝှက်ဆန်းကြယ်မှုနှင့် ထူးဆန်းမှုများ ဖုံးလွှမ်းနေသည်။

ထင်ယောင်ထင်မှားကျွန်းသည် မည်သည့်နေရာတွင် ရှိသနည်း။.တုပိုင်သည် မြေပုံပေါ်တွင် ထင်ယောင်ထင်မှားကျွန်းဟူသည်ကို ရှာမတွေ့ပေ။ အန်နမ်နိုင်ငံ၏ ယာယီမြို့တော် ဟွေစီရင်စုအနီးတွင် ရှိကြောင်းသာ သိထားသည်။

သို့သော် ယခုအချိန်တွင် ဟွေစီရင်စုသည် စစ်မြေပြင်ကြီး ဖြစ်နေပြီဖြစ်သည်။ အန်နမ်နိုင်ငံ၏ စစ်သည် ၂ သိန်း ၊ တာ့နင်အင်ပါယာ၏ စစ်သည် ၁ သိန်းနှင့် ပုန်ကန်သူ ငုယင်မင်းသား၏ စစ်သည် ၃ သိန်းတို့သည် ဟွေစီရင်စုတွင် နိုင်ငံတော် ကံကြမ္မာအဆုံးအဖြတ် စစ်ပွဲကြီးကို ဆင်နွှဲနေကြသည်။ ဤစစ်ပွဲသည် လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

ကံကောင်းစွာဖြင့် တုပိုင်သည် နောက်ဆုံးရ နန်းတွင်းသတင်းလွှာကို ဖတ်ရှုခဲ့ရပြီး ၊ အနည်းဆုံး ဟွေစီရင်စုသည် တာ့နင်အင်ပါယာနှင့် အန်နမ်နိုင်ငံ မဟာမိတ်တပ်များ၏ လက်ထဲတွင် ရှိနေသေးကြောင်း သိလိုက်ရသည်။

ထို့ကြောင့် တုပိုင်သည် အမြန်ဆုံး အရှိန်ဖြင့် တောင်ဘက်သို့ မြင်းစီးသွားရမည်။ အန်နမ်နိုင်ငံ၏ မြို့တော် ဟွေစီရင်စုသို့ ဦးစွာ သွားရောက်ပြီးမှ ထင်ယောင်ထင်မှားကျွန်း ဆိုသည်ကို စုံစမ်းရမည်။

ဆုံးဖြတ်ချက်ချပြီးနောက် တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးကာ တစ်နေ့လျှင် နာရီအနည်းငယ်သာ အနားယူပြီး နေပူမရှောင် မိုးရွာမရှောင် နေ့ရောညပါ ခရီးပြင်းနှင်ကာ အန်နမ်နိုင်ငံ၏ မြို့တော် ဟွေစီရင်စုသို့ ဦးတည်သွားလိုက်သည်။

**--**--**--**--**--**--**--**

အန်နမ်နိုင်ငံ၏ မြို့တော်ပြောင်းရွှေ့မှု လုပ်ငန်းစဉ် ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်၏ယ မကြာမီ ဟွေစီရင်စုသည် ယာယီမြို့တော်ဖြစ်လာပြီး သန်လုံစီရင်စုသည် တော်ဝင်မြို့တော် ဖြစ်လာတော့ပေမည်။ သို့သော် အန်နမ်ဘုရင် လီချန်နှင့် မိဖုရား နင်းချန်တို့သည် ဟွေစီရင်စု ရှေ့တန်းစစ်မျက်နှာတွင် အမြဲတမ်း စစ်ဆင်ရေးကို ကြီးကြပ်နေပြီး အိမ်ရှေ့မင်းသားသာလျှင် သန်လုံစီရင်စုသို့ သွားရောက်ခဲ့သည်။

ဘုရင်လီချန်သည် ဘက်စုံတော်သော ဘုရင်တစ်ပါး မဟုတ်သလို စစ်တပ်ကို ဦးဆောင်တိုက်ခိုက်နိုင်သူလည်း မဟုတ်ပေ။ သို့သော် ဘုရင်တစ်ပါးအနေဖြင့် သူသည် နေ့စဉ် စစ်သည် ထောင်ပေါင်းများစွာ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာပြီး ဟွေစီရင်စုနှင့် အတူ ယှဉ်တွဲနေထိုင်ပြီး အတူ သေဆုံးမည့် ဆုံးဖြတ်ချက်ကို ပြသခဲ့သည်။ ဤသည်မှာ စစ်မြေပြင် စိတ်ဓာတ်အတွက် အလွန် အရေးကြီးသည်။

တာ့နင်အင်ပါယာ၏ အကြီးဆုံးမင်းသမီး ၊ အန်နမ်နိုင်ငံ၏ မိဖုရား ဖြစ်သော မင်းသမီးနင်းချန်သည် စစ်မှန်သော အမျိုးသမီးစစ်သည်တော်တစ်ဦး ဖြစ်သည်။

စစ်ပွဲ၏ အရေးအကြီးဆုံး အချိန်ကာလများတွင် မိဖုရားနင်းချန်သည် ကိုယ်တိုင် စစ်မြေပြင်သို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ပြီး နင်းချန်၏ ကွပ်ကဲမှုအောက်ရှိ စစ်သည် သောင်းပေါင်းများစွာသည် အရူးများကဲ့သို့ သေမှာ မကြောက်ဘဲ တိုက်ခိုက်ခဲ့ကြသည်။ မိဖုရားနင်းချန်သည် ကျရှံးခါနီးစစ်ပွဲများကို အကြိမ်ကြိမ် ကယ်တင်နိုင်ခဲ့သည်။

ဘုရင်လီချန်နှင့် တာ့နင်အင်ပါယာ၏ သံတမန် လီဝမ်ဟွေ့တို့က ဘုရင်လီချန်အား သန်လုံစီရင်စုသို့ ပြန်လည် အနားယူရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း အကြိမ်တိုင်း လီချန်၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ သူ ထွက်ခွာသွားခြင်းသည် စစ်သည် တစ်သိန်းကျော်ကို သစ္စာဖောက်ရာ ရောက်သည်ဟု သူ ခံယူထားလေ၏။

ထို့ကြောင့် ဘုရင်လီချန်၏ မူလက အားနည်းသော ခန္ဓာကိုယ်သည် စစ်ပွဲ ကြာရှည်လာသည်နှင့်အမျှ ပိုမို ဆိုးရွားလာခဲ့သည်။

လပေါင်းများစွာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် လွန်ခဲ့သော သုံးရက်က တာ့နင်အင်ပါယာနှင့် အန်နမ်နိုင်ငံ မဟာမိတ်တပ်များသည် နောက်ဆုံးတွင် အဆုံးအဖြတ် အောင်ပွဲတစ်ခုကို ရရှိခဲ့သည်။

ဤတိုက်ပွဲတွင် ပုန်ကန်သူ ငုယင်မင်းသား၏ စစ်သည် ၆၀,၀၀၀ နီးပါးကို သုတ်သင်နိုင်ခဲ့ပြီး အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်ရက်ကပင် ပုန်ကန်သူ ငုယင်မင်းသားသည် စစ်သည် သိန်းပေါင်းများစွာကို ဦးဆောင်ပြီး ဆုတ်ခွာသွားခဲ့ရလေသည်။ ထို့ကြောင့် တစ်နှစ်နီးပါး ဝိုင်းရံပိတ်ဆို့ခံထားရသော ဟွေစီရင်စုသည် နောက်ဆုံးတွင် သက်သာရာ ရသွားခဲ့သည်။ ပုန်ကန်သူ ငုယင်မင်းသားသည် နောက်ဆုံးတွင် သူ၏ ပထမဆုံး ကြီးမားသော ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရပြီး ပြိုင်ဘက်ကင်း ဒဏ္ဍာရီသည်လည်း ပျက်စီးသွားခဲ့ရလေ၏။

ထို့ကြောင့် စစ်မြေပြင် အခြေအနေသည် အန်နမ်နိုင်ငံနှင့် တာ့နင်အင်ပါယာဘက်သို့ အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။ အသေအပျောက် များပြားသော်လည်း တောက်ပသော အောင်ပွဲတစ်ခုနှင့် မဟာဗျူဟာမြောက် အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့လေသည်။

ယနေ့တွင် ဘုရင်လီချန်သည် နန်းတော်ရင်ပြင်၌ ကျဆုံးသွားသော စစ်သည်များအတွက် ကြီးကျယ်ခမ်းနားသော အောက်မေ့ဖွယ် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။ ဂုဏ်ယူဖွယ် အောင်ပွဲကို ဝမ်းနည်းဖွယ်နှင့် လေးနက်သော နည်းလမ်းဖြင့် ကျင်းပခြင်း ဖြစ်သည်။

ပင်ပန်းနွမ်းနယ်နေသော စစ်သည် သိန်းပေါင်းများစွာနှင့် မရေမတွက်နိုင်သော ပြည်သူများသည် သူတို့၏ ဘုရင်ကို မော့ကြည့်နေကြသည်။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် မိဖုရား နင်းချန်တို့သည် ဘုရင်၏ ဘယ်နှင့် ညာ ၊ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသည်။ ဧကရာဇ်၏ သံတမန်ဖြစ်သော လီဝမ်ဟွေ့သည် အနောက်ဘက် အနည်းငယ်ကျသော နေရာတွင် ရပ်နေပြီး ဘုရင်လီချန်၏ ဝမ်းနည်းခြင်း အထိမ်းအမှတ် စာလွှာ ဖတ်ကြားမှုကို နားထောင်နေသည်။

တုပိုင်က ဧကရာဇ်ကို ကယ်တင်ခဲ့သောကြောင့် လီဝမ်ဟွေ့သည် ကွမ်ရှီးပြည်နယ်၏ အစောင့်တပ် မိန်းမစိုးရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။

ထို့ပြင် လွန်ခဲ့သော ရက်အနည်းငယ်က ဧကရာဇ်ထျန်ယွင်က နန်းတွင်းသံတမန်တစ်ဦး ထပ်မံ စေလွှတ်လိုက်ပြီး သူ့ကို ကွမ်ရှီးတပ်မတော်သစ်၏ ကြီးကြပ်ရေးမိန်းမစိုးအဖြစ် ခန့်အပ်လိုက်သည်။ သူ့ကို တာ့နင်အင်ပါယာ၏ တောင်ပိုင်း စစ်ဆင်ရေးတပ်မတော် ကြီးကြပ်ရေးမိန်းမစိုးဖြစ်လာစေသည်။

အတိုချုပ် ပြောရလျှင် သေမင်းတံခါးဝမှ ပြန်လာသော ဧကရာဇ်သည် အချိန်နှင့် ပြေးပြိုင်နေရသကဲ့သို့ကို သူ၏ သစ္စာရှိ အရာရှိများအား အသည်းအသန် ရာထူးတိုးပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် ရက်အနည်းငယ်အတွင်းမှာပင် လီဝမ်ဟွေ့သည် အဆင့်လေး မိန်းမစိုးမှ အဆင့်နှစ် မိန်းမစိုးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရ၏။

ဤသည်မှတစ်ဆင့် ကွမ်ရှီးပြည်နယ်၏ အခြေအနေ မည်မျှ အရေးကြီးနေကြောင်းကိုလည်း မြင်တွေ့နိုင်လေသည်။

ဘုရင်လီချန်သည် ဝမ်းနည်းခြင်း အထိမ်းအမှတ် စာလွှာကို ဆက်လက် ဖတ်ကြားနေသည်။ အန်နမ်နိုင်ငံ၏ ပထမ မျိုးဆက်နှစ်ဆက် ဘုရင်များသည် အပြစ်များစွာ ကျူးလွန်ခဲ့ကြသည်။ ဘုရင်လီချန်သာ ဉာဏ်ပညာ မကြီးမားခဲ့လျှင် မရေမတွက်နိုင်သော စစ်သည်များနှင့် ပြည်သူများသည် လီမိသားစုကို စွန့်ပစ်ခဲ့ကြပြီး ဖြစ်လိမ့်မည်။

တာ့နင်အင်ပါယာနှင့် မတူဘဲ အန်နမ်နိုင်ငံ၏ အရပ်ဘက် အရာရှိများနှင့် စစ်ဘက် တပ်မှူးများသည် သစ္စာမဖောက်ကြသေးပေ။ ဘုရင်သည် အာဏာလက်မဲ့ ဖြစ်မသွားသေးပေ။ ထို့ကြောင့် ဧကရာဇ်ထျန်ယွင်နှင့် ယှဉ်လျှင် ဘုရင်လီချန်သည် အာဏာ ပိုရှိနေသေးသည်။

သို့သော် ဘုရင်လီချန်သည် အာဏာကို ခဲယဉ်းစွာသာ အသုံးပြုပြီး မေတ္တာတရား ၊ ရွှေငွေနှင့် ဂုဏ်သတင်းကို အသုံးပြုကာ ဤနိုင်ငံတစ်ဝက်ကို အုပ်ချုပ်ခဲ့သည်။

‘ပိုက်ဆံ မရှိဘူးလား... ကောင်းပြီ... ငါ ပိုက်ဆံ ရှာပေးမယ်။ အစားအစာ မရှိဘူးလား... ကောင်းပြီ... ငါ အစားအစာ ရှာပေးမယ်’

ထိုသို့ဖြင့် ဘုရင်လီချန်သည် စစ်တပ်ကို ကျွေးမွေးရန်အတွက် နန်းတော်အတွင်းရှိ ပစ္စည်းအားလုံးနီးပါးကို ရောင်းချခဲ့သည်။ ထို့ပြင် ရက်အနည်းငယ်ကြာတိုင်း ပြည်သူများနှင့် စစ်တပ်ထံ သွားရောက်ပြီး သာကြောင်းမာကြောင်း မေးမြန်းတတ်သည်။

အချိန်ကြာလာသည်နှင့်အမျှ သူသည် စစ်တပ်နှင့် ပြည်သူများကြားတွင် အလွန် မြင့်မားသော ဂုဏ်သတင်းကို ရရှိခဲ့ပြီး မျိုးဆက်တစ်ဆက်၏ မင်းကောင်းမင်းမြတ်အဖြစ် လူသိများလာသည်။

ထို့ကြောင့် အန်နမ်နိုင်ငံတွင် မည်သူမဆို မရှိဘဲ နေ၍ ရနိုင်သော်လည်း ဘုရင်လီချန် မရှိဘဲ လုံးဝ နေ၍ မရနိုင်ပေ။ သူသည် စစ်တပ်နှင့် ပြည်သူ တစ်ဝက်ခန့်၏ မျက်လုံးထဲတွင် ယုံကြည်ချက် တစ်ခု ဖြစ်သည်။

တာ့နင်အင်ပါယာတွင် အားကိုးရမည့် ကျောက်စိမ်းတိုင်ကြီး အနည်းငယ် ရှိသေးသော်လည်း အန်နမ်နိုင်ငံတွင်မူ တစ်ခုတည်းသာ ရှိပြီး ထိုသည်မှာ ဘုရင်ဖြစ်သည်။

ကျဆုံးသွားသော စစ်သည်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် စာလွှာ ဖတ်ကြားပြီးသွားပြီဖြစ်လေပြီး စစ်သည် သိန်းပေါင်းများစွာ မျက်ရည်ကျနေကြပြီး မရေမတွက်နိုင်သော ပြည်သူများ ငိုကြွေးနေကြသည်။

ဘုရင်လီချန်က စာလွှာကို ချလိုက်ပြီး ပြောလိုက်၏။

“အားလုံး သိကြတဲ့အတိုင်း အန်နမ်နိုင်ငံရဲ့ မြို့တော် ပြောင်းရွှေ့မှု ပြီးဆုံးတော့မှာ ဖြစ်တယ်။ ဒီနေ့ကစပြီး ဟွေစီရင်စုက ယာယီမြို့တော် ဖြစ်လာပြီး သန်လုံစီရင်စုက တော်ဝင်မြို့တော် ဖြစ်လာပါမယ်။ ဒါကို မြို့တော်ပြောင်းရွှေ့ခြင်းလို့ မခေါ်သင့်ပါဘူး ၊ မြို့တော်ပြန်လည်ထူထောင်ခြင်းလို့ ခေါ်သင့်ပါတယ်။ အဲဒီတုန်းက ရွှေအင်ပါယာရဲ့ စစ်ရေးဖိအားကို ရှောင်ရှားဖို့အတွက် အန်နမ်နိုင်ငံရဲ့ မြို့တော်ကို သန်လုံစီရင်စုကနေ ဟွေစီရင်စုကို ပြောင်းရွှေ့ခဲ့ရတာပါ”

“ဒါပေမဲ့ မြို့တော်ကို ဘယ်ကိုပဲ ရွှေ့ရွှေ့... စစ်ပွဲ မပြီးဆုံးသရွေ့ ၊ ပုန်ကန်မှု မချုပ်ငြိမ်းသရွေ့ ၊ တိုင်းပြည် မစည်းလုံးသရွေ့... ငါကိုယ်တော် ပြန်မှာ မဟုတ်ဘူး။ စစ်မြေပြင် ဘယ်မှာရှိလဲ ၊ စစ်တပ် ဘယ်မှာရှိလဲ... ငါကိုယ်တော် အဲဒီမှာ ရှိနေမယ်”

“ငါကိုယ်တော်... မင်းတို့ မျိုးချစ်စစ်သည်တွေနဲ့အတူ အမြဲတမ်း ရှိနေမယ်”

ဤစကား ထွက်ပေါ်လာသည်နှင့် စစ်သည် သိန်းပေါင်းများစွာ၏ စိတ်ဓာတ်များ တက်ကြွလာပြီး အော်ဟစ်လိုက်ကြသည်။ “ဘုရင်မင်းမြတ် အသက်ရာကျော် ရှည်ပါစေ... အသက်ရာကျော် ရှည်ပါစေ... အသက်ရာကျော် ရှည်ပါစေ...”

ဤသည်ကား လီချန်ပင် ဖြစ်ချေသည်။ သူ မသေဆုံးသရွေ့ ပုန်ကန်သူ ငုယင်မင်းသား အနေဖြင့် လီမင်းဆက်ကို လုံးဝ အမြစ်ပြတ် ချေမှုန်းရန် ခက်ခဲလိမ့်မည်။

သို့သော် ဤအချိန်တွင် လီချန်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ မျက်နှာသည် အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်ကျောမှ ချွေးအေးများ ထွက်ကျလာသည်။

သူ၏ ဝမ်းဗိုက်ထဲတွင် ထိန်းချုပ်၍ မရနိုင်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။ အမျိုးသမီးတစ်ဦး မီးဖွားရသည်ထက် ဆယ်ဆမျှ ပိုမို နာကျင်ပြီး ရူးသွပ်မတတ် ဝင်ရောက်လာသည်။

ဘုရင်လီချန်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ တွန့်လိမ်သွားပြီး သွားများကို ကြိတ်ထားသဖြင့် သွေးများ ထွက်လာသည်။

သို့သော် စစ်သည်နှင့် ပြည်သူ သိန်းပေါင်းများစွာ၏ ရှေ့မှောက်တွင် သူ လဲကျ၍ မဖြစ်ပေ။ သူ၏ စိတ်ဆန္ဒအားလုံးကို ထုတ်သုံးပြီး စစ်သည်နှင့် ပြည်သူ သိန်းပေါင်းများစွာကို လက်ပြလိုက်သည်။ ထို့နောက် ကျောကို မတ်လိုက်ပြီး ယဇ်ပလ္လင်ပေါ်မှ တစ်လှမ်းချင်း ဆင်းလာခဲ့သည်။

စစ်သည်နှင့် ပြည်သူ သိန်းပေါင်းများစွာ၏ ဩဘာသံများကြားတွင် သူသည် တစ်သက်တာ အင်အားနှင့် စိတ်ဆန္ဒအားလုံးကို အသုံးပြုပြီး နန်းတော်သို့ တစ်လှမ်းချင်း လမ်းလျှောက် ပြန်လာခဲ့သည်။

မိဖုရား နင်းချန် ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် ကြီးကြပ်ရေးမှူး လီဝမ်ဟွေ့တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်သွားကြသော်လည်း ရှေ့တိုးပြီး ကူညီရန် မဝံ့ရဲကြပေ။

နန်းတော် အခန်းထဲသို့ ဝင်ရောက်သွားသည်။

လီဝမ်ဟွေ့သည် အပြင်လူ မည်သူမျှ ဘုရင်ကို မမြင်ရစေရန်အတွက် နန်းတော်တံခါးများအားလုံးကို အမြန်ဆုံး ပိတ်လိုက်သည်။

လီဝမ်ဟွေ့ တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင်လီချန်သည် မြေကြီးပေါ်သို့ တိုက်ရိုက် လဲကျသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာသည်။

သွေးများသည် အစာအိမ်ထဲမှ ထွက်လာခြင်း မဟုတ်ဘဲ သွားဖုံးများကို ကြိတ်မိ၍ ထွက်လာခြင်း ဖြစ်သည်။

ရင်ပြင်မှ နန်းတော်သို့ လမ်းလျှောက် ပြန်လာစဉ် သူ၏ တော်ဝင်ဝတ်ရုံသည် ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။

တော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာ အနည်းငယ်တို့သည် ဘုရင်ကို ရောဂါရှာဖွေရန် အပြေးအလွှား ဝင်ရောက်လာကြသည်။

မိဖုရားနင်းချန်က တုန်ရီစွာ မေးလိုက်၏။ “ဘယ်လိုလဲ... ဘယ်လိုလဲ”

ယခုအချိန်တွင် နင်းချန်၏ ထိတ်လန့်မှုကို ဖော်ပြရန် စကားလုံး မရှိတော့ပေ။ ဘုရင်လီချန်သည် နင်းချန်၏ တစ်သက်တာ ချစ်သူ ၊ နင်းချန်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုနှင့် နင်းချန်၏ စိတ်ဓာတ်ခိုလှုံရာ ဖြစ်သည်။

“ကုမရတဲ့ ရောဂါ... ကုမရတဲ့ ရောဂါ...”

တော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာ အနည်းငယ်သည် ငိုကြွေး၍ ပြောလိုက်ကြ၏။

“ဆေးမရှိတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ရဲ့ အသုံးမကျမှုကို ခွင့်လွှတ်ပေးပါ။ ဘုရင်မင်းမြတ် မကွယ်လွန်ခင် နာကျင်မှု သက်သာအောင်ပဲ လုပ်ပေးနိုင်ပါတော့တယ်”

ချက်ချင်းပင် လီဝမ်ဟွေ့ ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် မိဖုရား နင်းချန်တို့ ပြိုလဲလုမတတ် ဖြစ်သွားကြသည်။

နောက်ဆုံးတွင် တောက်ပသော အောင်ပွဲတစ်ခု ရရှိခဲ့ပြီ ဖြစ်သည်။ သို့သော် ဘုရင်လီချန်သာ ကွယ်လွန်သွားပါက... နိုင်ငံသည် ကပ်ဘေးတစ်ခု ဖြစ်လာတော့ပေမည်။

အိမ်ရှေ့မင်းသားလေးသည် ယခုနှစ်မှ ကိုးနှစ်သားအရွယ်သာ ရှိသေး၏။ ဤစစ်ပွဲတွင် မည်သူမဆို ပျောက်ဆုံးသွား၍ ရသည်။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ အရေးပါမှုသည်ပင် ဘုရင်လီချန်လောက် မရှိပေ။ ဤသည်မှာ စိတ်ဓာတ်ခေါင်းဆောင်နှင့် စိတ်ဓာတ်မဏ္ဍိုင် ဖြစ်သည်။

ဤစစ်ပွဲသည် အန်နမ်နိုင်ငံ၏ နိုင်ငံတော် ကံကြမ္မာအတွက် တိုက်ပွဲတစ်ခု သာမက တာ့နင်အင်ပါယာ၏ နိုင်ငံတော် ကံကြမ္မာအတွက် တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။

ရှုံးနိမ့်သွားသည်နှင့် ငုယင်မိသားစုနှင့် လီမိသားစုတို့ နယ်နိမိတ်ချင်း ထိစပ်သွားပြီး တာ့နင်အင်ပါယာ၏ တောင်ဘက်ပိုင်းကို ဝိုင်းရံပိတ်ဆို့မှု ပြီးမြောက်သွားလိမ့်မည်။ တာ့နင်အင်ပါယာ၏ တောင်ဘက်ပိုင်းတစ်ခုလုံးသည်လည်း လုံးဝ ကျဆုံးသွားတော့မည် ဖြစ်သည်။

ရုတ်တရက် မိဖုရားနင်းချန်က တုန်ယင်စွာ ပြောလိုက်၏။

“အဖော်မွန်လီ... အဖော်မွန်လီ... မြန်မြန်... ရှင်ရဲ့သား တုပိုင်ကို သွားခေါ်ပေးပါ။ လွန်ခဲ့တဲ့ လအနည်းငယ်က သူက မှော်ဆန်တဲ့ နည်းလမ်းတွေနဲ့ ဧကရာဇ်မင်းမြတ်ကို ကယ်တင်ခဲ့ဖူးတယ်လေ”

ဘေးနားရှိ တော်ဝင်သမားတော်တစ်ဦးသည် ဧကရာဇ်ထျန်ယွင်က ဘုရင်လီချန်ထံသို့ စေလွှတ်လိုက်သောသူ ဖြစ်ပြီး ပြောလိုက်၏။

“ကျွန်တော် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပါတယ်။ နယ်စားတုပိုင်ရဲ့ နည်းလမ်းတွေက တကယ် အံ့သြစရာ ကောင်းပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ နောက်ကျသွားပါပြီ။ အခု နယ်စားတုပိုင်ကို သွားခေါ်ရင် အသွားအပြန် အနည်းဆုံး ၁၀ ရက် ၊ ၁၅ ရက်လောက် ကြာလိမ့်မယ်။ ဘုရင်မင်းမြတ်က နှစ်ရက်တောင် ခံနိုင်မှာ မဟုတ်ပါဘူး။ ကွယ်လွန်သွားနိုင်ပါတယ်”

ထိုမျှော်လင့်ချက်မဲ့သည့် စကားများကို ကြားလိုက်ရသောအခါ မျှော်လင့်ချက် ကင်းမဲ့သွားသော မိဖုရား နင်းချန် သတိလစ် မေ့မြောသွားလေသည်။

“ခင်ပွန်း... ရှင်သွားရင် ကျွန်မလည်း လိုက်ခဲ့မယ်”

ထိုအချိန်တွင် တုပိုင်သည် သူ၏ မြင်းကို ဒုန်းစိုင်းစီးကာ ဟွေမြို့တော်ဆီသို့ ရူးသွပ်မတတ် ပြေးဝင်လာနေသည်။

အပိုင်း ၄၁၉ ပြီး။

All Chapters