← Chapters

အခန်း (၄၂၀)

Vol. 42 Ch. 420

အခန်း (၄၂၀)

Vol. 42 Ch. 420

ဟွေမြို့တော်သို့ မရောက်မီတွင် တုပိုင်သည် အောင်ပွဲခံ အခမ်းအနား၏ အငွေ့အသက်များကို ပြင်းထန်စွာ ခံစားသိရှိလိုက်ရလေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က ကြီးမားသော အောင်ပွဲတစ်ခု ရရှိခဲ့ပြီး ပုန်ကန်သူ ငုယင်မင်းသား၏ တပ်ဖွဲ့ဝင် သောင်းပေါင်းများစွာ ကျဆုံးကာ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ၊ ဟွေမြို့တော်ကို ဝိုင်းရံထားမှုလည်း ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရလေ၏။

တုပိုင် အလွန် ဝမ်းသာသွားရသည်။ ကောင်းကင်ဘုံ တာ့နင်အင်ပါယာကို ကောင်းချီးပေးပါစေ။ ကျန်းနန်နယ်စားမင်းသည် စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်လာခဲ့သည်မှာ နှစ်ဝက်နီးပါး ရှိပြီဖြစ်ပြီး စစ်ပွဲ စတင်ခဲ့သည်မှာလည်း လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။ ယခုအခါတွင် သူသည် အောင်ပွဲတစ်ခုကို နောက်ဆုံးတွင် ရရှိခဲ့ပြီ ဖြစ်လေ၏။

ပုန်ကန်သူ ငုယင်မင်းသားသည်လည်း ဟွေမြို့တော်ကို အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ ယခုကဲ့သို့ အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် နောက်ထပ် ကြီးမားသော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် လွယ်ကူတော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် မွေးစားဖခင် လီဝမ်ဟွေ့နှင့် တုပိုင်တို့သည် ကျန်းနန်နယ်စားမင်းထံသို့ ငွေတုံး တစ်သန်းကျော် လှူဒါန်းခဲ့ခြင်းကလည်း အရာထင်ခဲ့လေ၏။ ငွေကြေးသည် သူရဲကောင်းဆန်သော သတ္တိကို ပေးစွမ်းရုံသာမက စစ်ရေးစွမ်းရည်ကိုပါ မြှင့်တင်ပေးခဲ့လေ၏။

ဟွေမြို့တော် တံခါးဝသို့ ရောက်ရှိသောအခါ တုပိုင်သည် သူ၏ ရာထူးအမှတ်အသားပြားကို ထုတ်ပြလိုက်သည်။

တံခါးစောင့် ခေါင်းဆောင်သည် ယူကြည့်ပြီးနောက် အံ့သြသွားပြီး ရိုသေလေးစားစွာဖြင့် ဒူးထောက်ကာ ပြောလိုက်သည်။“နယ်စားမင်းကို အရိုအသေပေးပါတယ်”

သူသည် တရုတ်ဘာသာစကား ပြောတတ်သူ ဖြစ်လေ၏။

“ကျွန်တော်မျိုးက မင်းသမီးနင်းချန်ရဲ့ လက်ဖွဲ့အဖြစ် ပါလာခဲ့တဲ့ စစ်သည်တစ်ယောက်ပါ။ အမှားလုပ်မိလို့ မြို့တံခါးစောင့်အဖြစ် ရာထူးချခံလိုက်ရတာပါ” ခေါင်းဆောင်က ရှက်ရွံ့စွာ ပြောလိုက်သည်။

ခေါင်းဆောင်သည် မူလက မိဖုရား နင်းချန်၏ လူဖြစ်နေခဲ့လေ၏။

“ဘာအမှား လုပ်ခဲ့လို့လဲ” တုပိုင် ပြုံးပြီး မေးလိုက်သည်။

“လောင်းကစားလုပ်ပြီး စစ်စည်းကမ်း ဖောက်ဖျက်မိလို့ပါ။ မင်းသမီးက ကျွန်တော်မျိုးကို သတ်ပစ်မလို့ လုပ်ပေမဲ့ ဘုရင်မင်းမြတ်က ကိုယ်တိုင် ဝင်ရောက် တောင်းပန်ပေးလို့ အသက်ချမ်းသာရာ ရခဲ့တာပါ။ စစ်မြေပြင်မှာ စစ်ကုသိုလ်လုပ်ပြီး စစ်သားလေးဘဝကနေ တပ်မှူးအဆင့် ရောက်လာခဲ့တာပါ”

တုပိုင်က မေးလိုက်သည်။ “ငါ့မွေးစားအဖေ လီဝမ်ဟွေ့... အခု ဟွေမြို့တော်မှာ ရှိလား”

“ကြီးကြပ်ရေးမှူးမင်းက နယ်စားမင်းရဲ့ မွေးစားအဖေလား”

ခေါင်းဆောင်၏ အသံမှာ တုန်ရီနေ၏။ တုပိုင် မှင်သက်သွားသည်။ မွေးစားအဖေက မည်သည့်အချိန်က ကြီးကြပ်ရေးမှူး ဖြစ်သွားသနည်း။

ကျန်းနန်နယ်စားမင်း၏ စစ်သည် တစ်သိန်းကို ကြီးကြပ်ရသော ကြီးကြပ်ရေးမှူး ရာထူးသည် အလွန် မြင့်မားသည်။ မွေးစားအဖေက ကွမ်ရှီးပြည်နယ် အစောင့်တပ် မိန်းမစိုးအဖြစ် ရာထူးတိုးခံရလျှင်ပင် ဤအဆင့်အတွက် အရည်အချင်း မမီသေးပေ။

သေမင်းတံခါးဝမှ ပြန်လာသော ဧကရာဇ်သည် ယခုအခါ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများနှင့် လုံးဝ လမ်းခွဲလိုက်ပြီး အချိန်နှင့်အမျှ သူ၏ လူယုံများကို ရာထူးတိုးပေးနေကြောင်း တုပိုင် မသိသေးခြင်း ဖြစ်လေ၏။

“ဟုတ်တယ်။ ကြီးကြပ်ရေးမှူးလီဝမ်ဟွေ့က ဟွေမြို့တော်မှာ ရှိလား” တုပိုင် ထပ်မေးလိုက်သည်။

“ရှိပါတယ်... ရှိပါတယ်...” ခေါင်းဆောင်က ပြောလိုက်သည်။ “ဒီနေ့က အောင်ပွဲခံ အခမ်းအနားလေ။ ကျဆုံးသွားတဲ့ စစ်သည်တွေကို အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတာ။ ကြီးကြပ်ရေးမှူးမင်းနဲ့ ကျန်းနန်နယ်စားမင်းတို့ သေချာပေါက် ရှိနေမှာပါ”

“ဒါဆို ငါ့ကို လိုက်ပို့ပေးပါ”

“ကျွန်တော်မျိုး နယ်စားမင်းကို လိုက်ပို့ပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက အရည်အချင်း မမီပါဘူး။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ ကျွန်တော်မျိုး အထက်လူကြီးကို သွားတင်ပြပါ့မယ်” ခေါင်းဆောင်က ပြောပြီး ချက်ချင်း ပြေးထွက်သွားသည်။

သူ၏ လက်အောက်ငယ်သားများသည် ချက်ချင်း ထိုင်ခုံများ ယူဆောင်လာပေးပြီး တုပိုင်၏ လုံခြုံရေးအတွက် ဘေးတံခါးပေါက်ကို ယာယီ ပိတ်ထားလိုက်ကြသည်။

တုပိုင်သည် တပ်ရင်းမှူးအဆင့်သာ ရှိသဖြင့် ထိုကဲ့သို့ ဆက်ဆံခံရခြင်းကို လက်မခံရဲပေ။ သူသည် မြို့ထဲသို့ ချက်ချင်း ဝင်ရောက်ပြီး မြို့ရိုးအောက်တွင် စောင့်ဆိုင်းနေလိုက်သည်။ ပြည်သူများကို မနှောင့်ယှက်ရန်နှင့် ဝင်ပေါက်ထွက်ပေါက်များကို မပိတ်ဆို့စေရန် ဖြစ်လေ၏။

ခဏအကြာတွင် ခေါင်းဆောင်သည် တပ်ရင်းမှူးနှစ်ဦးနှင့်အတူ ပြေးလာသည်။ တစ်ဦးမှာ ကျန်းနန်နယ်စားမင်း၏ တပ်ဖွဲ့မှဖြစ်ပြီး ၊ အခြားတစ်ဦးမှာ အန်နမ်နိုင်ငံ တပ်ဖွဲ့မှ ဖြစ်လေ၏။

တပ်ရင်းမှူးနှစ်ဦးသည် အနားမရောက်မီ ဒူးထောက်ပြီး ပြောလိုက်သည်။“နယ်စားမင်းကို ဂါရဝပြုပါတယ်”

တုပိုင် အလျင်အမြန် ပြန်လည် ဂါရဝပြုပြီး ပြောလိုက်သည်။ “ကျွန်တော်က ယာယီတပ်ရင်းမှူးပဲ ရှိပါသေးတယ်။ ဗိုလ်ချုပ်နှစ်ဦး ဒီလောက်ထိ အားနာစရာ မလိုပါဘူး”

တာ့နင်အင်ပါယာ တပ်ရင်းမှူးက ပြောလိုက်သည်။ “နယ်စားမင်းက အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်ရင်းမှူးလေ။ ကျွန်တော်တို့လို စစ်တပ်က တပ်ရင်းမှူးတွေနဲ့ အရမ်း ကွာခြားပါတယ်။ ပြီးတော့ အရှင်မင်းကြီးက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးမြှင့်ထားတဲ့ နယ်စားမင်းဘွဲ့ရထားသူပါ”

အန်နမ်နိုင်ငံ တပ်ရင်းမှူးကလည်း ပြောလိုက်သည်။ “ကျွန်တော် ဒူးထောက်တာက နယ်စားမင်း လှူဒါန်းခဲ့တဲ့ ရွှေတုံး တစ်သိန်းကြောင့်ပါ။ ဒီတစ်ခါ ဟွေမြို့တော် အောင်ပွဲမှာ အရှင်မင်းကြီးရဲ့ ကျေးဇူးတွေ အများကြီး ပါဝင်ပါတယ်။ အန်နမ်နိုင်ငံရဲ့ စစ်သည်တွေနဲ့ ပြည်သူတွေက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

သူက တရုတ်စကားကို အလွန် ကျွမ်းကျင်စွာ ပြောတတ်သည်။ အမှန်စင်စစ် အန်နမ်နိုင်ငံ၏ ဘုရင်မှစ၍ အရာရှိများအထိ အားလုံးနီးပါးသည် တရုတ်စာပေကို ကျွမ်းကျင်ကြလေ၏။

ထို့နောက် တပ်ရင်းမှူးနှစ်ဦးနှင့် မြင်းစီးစစ်သည် ဒါဇင်ပေါင်းများစွာသည် တုပိုင်ကို နန်းတော်သို့ လိုက်ပါပို့ဆောင်ပေးကြသည်။

ဤတပ်ရင်းမှူးနှစ်ဦးသည် အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်ပြီးခါစ ဖြစ်သဖြင့် လီဝမ်ဟွေ့သည် ဘုရင်မင်းမြတ်နှင့်အတူ နန်းတော်ထဲသို့ ဝင်သွားသည်ကို တွေ့မြင်ခဲ့ကြသည်။

သို့သော် နိုင်ငံခြားတိုင်းပြည်မှ အရာရှိတစ်ဦး ဖြစ်သောကြောင့် တုပိုင် နန်းတော်ထဲသို့ ဝင်လိုလျှင် အတွင်းပိုင်း အရာရှိများထံ သတင်းပို့ရဦးမည် ဖြစ်လေ၏။ ဤသည်မှာ တပ်ရင်းမှူးနှစ်ဦး၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေပြီ ဖြစ်လေ၏။

**--**--**--**--**--**--**--**

လီဝမ်ဟွေ့နှင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲတို့သည် ယခုအချိန်တွင် အလွန် စိုးရိမ်ပူပန်နေကြသည်။ မိဖုရား နင်းချန်သည် သတိလစ်မေ့မြောရာမှ နာရီဝက်အကြာတွင် ပြန်လည် သတိရလာပြီး ကုတင်ဘေးတွင် ထိုင်ကာ ဘုရင်လီချန်၏ လက်ကို ဆုပ်ကိုင်ထားသည်။

ဘုရင်လီချန်၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တစ်ကိုယ်လုံးမှ ချွေးအေးများ အဆက်မပြတ် ထွက်ကျနေသည်။ အဝတ်အစားများသာမက အိပ်ရာခင်းများပါ စိုရွှဲနေသည်။ ဧကရာဇ်ထျန်ယွင်၏ လျှို့ဝှက်ဆန်းကြယ်သော ရောဂါနှင့် မတူဘဲ ဘုရင်လီချန်၏ ရောဂါကို ရောဂါရှာဖွေရန် လွယ်ကူသည်။ ခဏချင်းပင် တော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာများအားလုံး အတည်ပြုနိုင်ခဲ့ကြလေ၏။

အူလမ်းကြောင်း အနာတည်ရောဂါဖြစ်၏။ ဤရောဂါသည် ခေတ်သစ်တွင် အူအတက်ရောင်ရောဂါ ဖြစ်ပြီး ရှေးခေတ် တရုတ်ပြည်တွင် ကုသ၍ မရနိုင်သော ရောဂါနီးပါး ဖြစ်လေ၏။

ဆေးနတ်ဘုရား ကျန်းကျုံကျင်း၏ တာဟွမ်မူတန်ဟင်းရည်သည် ကုသနိုင်သည်ဟု ကောလာဟလများ ရှိသော်လည်း မကုသနိုင်ပေ။ ဤဆေးသည် ဗိုက်နာခြင်းနှင့် အူရောင်ခြင်းများကို ကုသရာတွင် အလွန် ကောင်းမွန်ပြီး ခေတ်သစ်တွင်ပင် အသုံးပြုနေဆဲ ဖြစ်လေ၏။

သို့သော် အူအတက်ရောင်ခြင်းကို ကုသရန် မဖြစ်နိုင်ချေ။

ထို့အပြင် ဤကမ္ဘာတွင် အရှေ့ဟန်မင်းဆက် မရှိသကဲ့သို့ ကျန်းကျုံကျင်းလည်း မရှိပေ။ အူလမ်းကြောင်း အနာတည်ရောဂါ ဖြစ်လျှင် သေဆုံးရမည် ဖြစ်ပြီး ရက်အနည်းငယ်ကြာအောင် ပြင်းထန်စွာ နာကျင်ခံစားပြီးမှ သေဆုံးရမည် ဖြစ်လေ၏။

ဘုရင်လီချန်၏ သိုင်းပညာသည် ကောင်းမွန်သော်လည်း ခန္ဓာကိုယ် အလွန် အားနည်းသဖြင့် ရောဂါဖိစီးလာပြီးနောက် ရက်အနည်းငယ်ပင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

သူသည် နာကျင်မှုကို မထိန်းချုပ်နိုင်လောက်အောင် ခံစားနေရသော်လည်း ဘုရင်တစ်ပါး ဖြစ်သည့်အတွက် လူးလိမ့်ခြင်း၊ အော်ဟစ်ခြင်း မပြုလုပ်နိုင်ပေ။ နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ညိုမဲစွဲလာပြီး သွားများကို ကြိတ်ထားသဖြင့် သွားဖုံးများ ပေါက်ပြဲကာ ပါးစပ်ထဲတွင် သွေးများ ပြည့်နေသည်။

သို့သော် အစမှ အဆုံးတိုင်အောင် သူသည် လူးလိမ့်ခြင်း ၊ ရုန်းကန်ခြင်း မရှိသလို အော်ဟစ်ခြင်းလည်း မရှိခဲ့ပေ။

မိဖုရား နင်းချန်၏ နှလုံးသား ကွဲကြေလုမတတ် ဖြစ်နေပြီး ကျန်းနန်နယ်စားမင်းနှင့် လီဝမ်ဟွေ့တို့လည်း စိတ်ထိခိုက်နေကြလေ၏။ ဘုရင်လီချန်သည် ဤစစ်ပွဲ၏ တကယ့် ခေါင်းဆောင် ဖြစ်ရုံသာမက လီဝမ်ဟွေ့နှင့် ဆုန်ချွဲတို့၏ ရင်းနှီးသော မိတ်ဆွေလည်း ဖြစ်လေ၏။

ဘုရင်လီချန် ဤမျှ နာကျင်နေသည်ကို မကြည့်ရက်သဖြင့် သမားတော်များကို မေ့ဆေးမှုန့် ဖျော်တိုက်ပြီး ယာယီ သတိလစ်စေရန် လုပ်ဆောင်ခဲ့ရသည်။ သို့မှသာ အဆုံးမရှိသော နာကျင်မှုကို ခေတ္တ ရှောင်ရှားနိုင်မည် ဖြစ်လေ၏။

ဤနာကျင်မှုသည် အမျိုးသမီးတစ်ဦး မီးဖွားရသည်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်ပြီး လုံးဝ သည်းမခံနိုင်လောက်အောင် ဖြစ်လေ၏။ မေ့ဆေးအာနိသင် ပြယ်သွားပြီးနောက် နာရီဝက်ခန့်သာ အိပ်ပျော်နိုင်ခဲ့ပြီး မကြာမီ ကြောက်မက်ဖွယ် နာကျင်မှုဖြင့် ပြန်လည် နိုးထလာခဲ့သည်။

ဤနာကျင်မှုသည် လူကို ချက်ချင်း သေချင်စိတ် ပေါက်စေလေ၏။ မိဖုရား နင်းချန်သည် သူမ၏ ခန္ဓာကိုယ်ဖြင့် အစားထိုး ခံစားပေးချင်သော်လည်း မတတ်နိုင်ဘဲ ခင်ပွန်းသည်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရုံသာ တတ်နိုင်ရှာသည်။

“အစ်ကိုကြီးဆုန်... အစ်ကိုကြီးလီ...” ဘုရင်လီချန် ခက်ခဲစွာ ပြောလိုက်သည်။ သူ၏ ချွေးအေးများ ထွက်ကျမှုသည် ရေတိုက်နှုန်းထက်ပင် ပိုမို မြန်ဆန်နေသဖြင့် နှုတ်ခမ်းများ ခြောက်သွေ့အက်ကွဲနေပြီး မျက်နှာသည် အလွန်အမင်း ဝါဖျော့နေသည်။ စကားတစ်လုံး ပြောရန်ပင် အလွန် ခက်ခဲနေလေ၏။

“ကျွန်တော်မျိုး ရှိပါတယ်...” ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် ကုတင်ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။

လီဝမ်ဟွေ့လည်း ကုတင်ရှေ့တွင် ဒူးထောက်လိုက်သည်။

အမှန်တကယ်အားဖြင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် လီဝမ်ဟွေ့တို့၏ ရာထူးအဆင့်အတန်းအရ ဒူးထောက်ရန် မလိုအပ်ပေ။ သို့သော် ယခုအချိန်သည် သူတို့ ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်လီချန်သည် သေတမ်းစာ မှာကြားလိုသောကြောင့်ပင် ဖြစ်လေ၏။

“အစ်ကိုကြီးနှစ်ယောက်တို့က တောင်ဘက် စစ်မြေပြင်ကို အာရုံစိုက်ပြီး တိုက်ခိုက်ပေးပါ။ မြောက်ဘက် သန်လုံစီရင်စုမှာ အိမ်ရှေ့မင်းသား နန်းတက်ပွဲ လုပ်ပါလိမ့်မယ်။ အဲဒါက ပိုရိုးရှင်းပါတယ်”

ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် လီဝမ်ဟွေ့တို့က လေးနက်စွာ ပြန်လည်ဖြေကြားလိုက်၏။ “အမိန့်အတိုင်းပါ ၊ အရှင်မင်းကြီး”

ဘုရင်လီချန်က ဆက်ပြောသည်။ “အစ်ကိုကြီးကွေ့အားရင်... အိမ်ရှေ့မင်းသား နန်းတက်ပွဲကို ဦးဆောင်ကျင်းပပေးဖို့ ပြောပေးပါ”

လီဝမ်ဟွေ့က ပြောလိုက်သည်။ “ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်ကို တင်ပြပြီး ကွေ့မင်းသားကို အိမ်ရှေ့မင်းသား နန်းတက်ပွဲ ဦးဆောင်ကျင်းပပေးဖို့ ဖိတ်ကြားပါ့မယ်”

လီချန် တုန်ရီစွာဖြင့် ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

မိဖုရား နင်းချန်က နူးညံ့စွာ ပြောလိုက်သည်။ “ခင်ပွန်း... စကားမပြောပါနဲ့တော့။ ရှင်က တစ်သက်လုံး ပင်ပန်းခဲ့ပြီးပြီ။ ဘုရင်ဖြစ်လာပြီးကတည်းက ကောင်းကောင်းနေရတဲ့ရက် မရှိသလောက်ပါပဲ။ အခု ရှင် သက်သာရာ ရတော့မှာပါ။ ဝန်ထုတ်ဝန်ပိုးတွေကို လျှော့ချလိုက်ပါတော့”

ဘုရင်လီချန်သည် ဇနီးသည်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်များ ပြည့်နှက်နေပြီး မျက်ရည်များ ဝဲလာကာ ပြောလိုက်သည်။ “နင်းချန်... မသေပါနဲ့နော်... သားတော်လေးက ငယ်ပါသေးတယ်”

မိဖုရား နင်းချန် ခေါင်းခါပြီး ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး... မင်အာကို အဖော်မွန်လီဆီ အပ်ခဲ့မယ်။ စီနီယာအစ်ကို ဆုန်ချွဲကလည်း စောင့်ရှောက်ပေးမှာပါ”

လီချန် ဘာမှ ဆက်မပြောနိုင်တော့ပေ။ ဇနီးသည် လိုက်သေမည့်အရေးကို တားဆီးချင်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာတော့ဘဲ မျက်ရည်များသာ စီးကျလာသည်။

အဆုံးမရှိသော နာကျင်မှု လှိုင်းတံပိုးများ ထပ်မံ ဝင်ရောက်လာသည်။ ဘုရင်လီချန်၏ ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် သွေးကြောများအားလုံး တွန့်လိမ်နေပြီး တစ်ကိုယ်လုံး စိုရွှဲအေးစက်နေလေ၏။

ခင်ပွန်းသည် ဤမျှ နာကျင်နေသည်ကို မြင်လိုက်ရသောအခါ မိဖုရား နင်းချန်၏ နှလုံးသား ကွဲကြေလုမတတ် ဖြစ်သွားပြီး ငိုကြွေးကာ အော်ဟစ်လိုက်သည်။ “သမားတော်... မေ့ဆေးမှုန့် တိုက်လိုက်ပါ... သူ့ကို ဒီလောက်ထိ နာကျင်အောင် မထားပါနဲ့တော့”

တော်ဝင်သမားတော်သည် အလွန် အခက်တွေ့နေသည်။ ဤမေ့ဆေးမှုန့်ကို အများကြီး တိုက်၍ မရပေ။ သာမန်လူတစ်ယောက်သည် အူလမ်းကြောင်း အနာတည်ရောဂါကို ရက်အနည်းငယ် ခံနိုင်ရည် ရှိသည်။ သို့သော် ဘုရင်လီချန်၏ ခန္ဓာကိုယ်သည် အလွန်အမင်း ယိုယွင်းနေပြီ ဖြစ်လေ၏။ ထို့အပြင် သူသည် ရုန်းကန်ခြင်းနှင့် အော်ဟစ်ခြင်းများကို တမင် ထိန်းချုပ်ထားသဖြင့် နာကျင်မှုအားလုံးသည် ခန္ဓာကိုယ်အတွင်း၌သာ ရူးသွပ်စွာ ပေါက်ကွဲနေသည်။

ထို့ကြောင့် သူ၏ မျက်လုံးများရှိ အသက်စွမ်းအားများသည် တဖြည်းဖြည်း အားနည်းလာသည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး တုန်ရီစွာ မေးလိုက်သည်။ “သမားတော်... ကယ်ပါဦး... တကယ် ကုလို့ မရတော့ဘူးလား”

တော်ဝင်သမားတော်၏ မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်နေပြီး ဒူးထောက်ကာ ပြောလိုက်သည်။ “နယ်စားမင်းလည်း အူလမ်းကြောင်း အနာတည်ရင် ကျိန်းသေပေါက် သေတယ်ဆိုတာ သိသားပဲ”

ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် အံကို ကြိတ်ထားမိသည်။

“ကောင်းကင်ဘုံက လူကောင်းတွေကို မစောင့်ရှောက်ပါလား... ကောင်းကင်ဘုံက တာ့နင်အင်ပါယာကို မစောင့်ရှောက်ပါလား”

အပိုင်း ၄၂၀ ပြီး။

သိုင်းပညာကျင့်ကြံခြင်းအဆင့်တွေက ကျွန်တော်တောင် ခေါင်းမူးလာပြီ။

အရင်ဆုံး သိုင်းပညာ ၉ ဆင့်ရှိတယ်ဗျာ။

အခုတုပိုင်က အဆင့် ၄ မာ။ သူ့မွေးစားအဖေ ၊ လီဝမ်ဟွေ့က ကျနော်မှတ်မိသလောက် အဆင့် ၂ ထင်တယ်။

ပြီးရင် Master - ဆရာသခင်အဆင့်။ ကျီပြောင်ပြောင်က ဒီအဆင့်မယ်ဗျ။

ပြီးရင် Grandmaster - မဟာဆရာသခင်အဆင့်။ လီတောက်ယွဲ့ ၊ နင်ဇောင်ဝူတို့ရဲ့ အဆင့်။

ပြီးရင်လည်း နောက်ထပ်တစ်ဆင့်ကို Grandmaster ပဲထပ်သုံးထားတယ်။ ကျွန်းသခင်ဟယ်ရဲ့ အဆင့်ပေါ့။ အဲတာ ကျနော်ဘာသာပဲ ယွီမဟာဆရာသခင်ဆိုပြီးတော့ ထည့်ထားရတယ်ဗျ။ နောက်ပိုင်းမှားသွားသည်ရှိသော် တောင်းပန်ပါတယ်ဗျ။ မူရင်းမာက အဆင့်နှစ်ခုလုံးကို Grandmaster ဆိုတော့ ကျနော် ဘာသာပဲ မှန်းပြီးတော့ထည့်နေရလို့ပါ 🤧

ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ♥

All Chapters