← Chapters

အကူအညီတောင်းကြခြင်း...

Vol. 66 Ch. 933

အကူအညီတောင်းကြခြင်း...

Vol. 66 Ch. 933

" ဒီနဝမဖီးနစ်က နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ အာရုံကို ဆွဲဆောင်ပြီး ငါနဲ့အတူတူ အသေခံဖို့ ကြံစည်နေတာလား။" အရိပ်နတ်ဆိုးမဟာသူတော်စင်က နဝမဖီးနစ်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

နောက်ဆုံးခန္ဓာကိုယ်ကို ထုတ်သုံးလျှင်တောင် နဝမဖီးနစ်မဟာသူတော်စင်က သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်သေးပေ။ သို့သော် သူတို့နှစ်ယောက် ဆက်လက်တိုက်ခိုက်နေလျှင် နဂါးငွေ့တန်းမဟာသူတော်စင်က ရွှမ်ဟွမ်စကြာဝဠာထဲမှ ထွက်လာသောအခါ သူတို့ကို အရင်ဆုံး သတိပြုမိပေလိမ့်မည်။

ယခင် နဂါးငွေ့တန်း၏ သဘောထားကို ကြည့်လျှင် သူတို့ကို လိုက်လံသတ်ဖြတ်မည့်ပုံပေါ်လေသည်။ နဝမဖီးနစ်မဟာသူတော်စင်က သူ့ကို ဘာမှမလုပ်နိုင်သော်လည်း နဂါးငွေ့တန်းက လုပ်နိုင်ပေသည်။

သို့သော်ထိုသို့ ဖြစ်လာလျှင် အရိပ်နတ်ဆိုးမဟာသူတော်စင်က သေဆုံးမည်ဖြစ်သကဲ့သို့ နဝမဖီးနစ်မဟာသူတော်စင်ကလည်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။ နဝမဖီးနစ်မဟာသူတော်စင်က သူနှင့်အတူတူ ပျက်စီးမည့်လမ်းကို ရွေးချယ်ထားခြင်းဖြစ်သည်။

" သွားမယ်။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က တွန့်ဆုတ်ခြင်းမရှိဘဲ အချိန်လေဟာနယ်ကို ဖြတ်ကျော်ပြီး အဝေးသို့ ထွက်ပြေးလေတော့သည်။ ယခုအချိန်တွင် သူက နဝမဖီးနစ်မဟာသူတော်စင်နှင့် မတိုက်ခိုက်လိုတော့ပေ။

ဝေးကွာသော ဟင်းလင်းပြင်နယ်မြေတစ်ခုရှိ လျို့ဝှက်နယ်မြေတစ်ခုရှေ့တွင် အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုက ပေါ်လာသည်။ ၎င်းက အရိပ်နတ်ဆိုးမဟာသူတော်စင်ပင်ဖြစ်သည်။ သူက ရှေ့မှ လျို့ဝှက်နယ်မြေကို လှမ်းကြည့်လိုက်သည်။

ထိုလျို့ဝှက်နယ်မြေ၏ ပိုင်ရှင်က ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ဖြစ်ပြီး လူရိုင်းထက် အင်အားအနည်းငယ် သာလွန်ပေသည်။ မကြာမီ လူရိုင်းမဟာသူတော်စင်က လျို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။

" အကိုရှီကွမ်း " လူရိုင်းမဟာသူတော်စင်က သူ၏ ရှေ့မှ မျက်လုံးသုံးလုံးရှိသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုမျက်လုံးသုံးလုံးနှင့် အမျိုးသားက ရှီကွမ်းမဟာသူတော်စင်ဖြစ်ပြီး လွန်ခဲ့သော စကြာဝဠာခေတ်ရာချီက ဟင်းလင်းပြင်နယ်မြေများစွာတွင် သောင်းကျန်းခဲ့သူဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်ပြင်းထန်ပြီး ဖရိုဖရဲအဆင့် အထွတ်အထပ်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သည်။

လွန်ခဲ့သော စကြာဝဠာခေတ်တစ်ရာကျော်အတွင်း သူက လှုပ်ရှားခြင်းမရှိဘဲ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

" လူရိုင်း မင်းရောက်လာပြီလား။ " ရှီကွမ်းမဟာသူတော်စင်က လူရိုင်းမဟာသူတော်စင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " လူရိုင်းမဟာသူတော်စင်က ခေါင်းညိမ့်လိုက်သည်။

သူက အပြင်လောကတွင် ရိုင်းစိုင်းကြမ်းတမ်းသော်လည်း ရှီကွမ်း၏ ရှေ့တွင် အတော်လေးတည်ငြိမ်နေသည်။

" အကိုရှီကွမ်းရဲ့ စွမ်းအားက ပိုပြီးနက်ရှိုင်းလာတာပဲ။ ကျွန်တော်ရဲ့ အမြင်အရ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ မျှော်လင့်ချက်အများကြီးရှိတယ်။ အကို အျိန်သက်ရှိဖြစ်လာတဲ့အခါ ကျွန်တော်ကို မမေ့ပါနဲ့။ " လူရိုင်းမဟာသူတော်စင်က သူ့ကို မြှောက်ပင့် ပြောဆိုလိုက်သည်။

" အလွှာဆယ့်သုံးလား။ " ရှီကွမ်မဟာသူတော်စင်က ပြုံးလိုက်သည်။ ဖရိုဖရဲမဟာသူတော်စင်တိုင်းက ထိုစကားမျိုးကို ကြားရလျှင် သဘောမကျဘဲ နေနိုင်မည်မဟုတ်ပေ။

" မင်းလာတဲ့အကြောင်းရင်းကို ပြောပါဦး။ " ရှီကွမ်းမဟာသူတော်စင်က လူရိုင်းမဟာသူတော်စင်ကို ကြည့်လိုက်သည်။

" အကိုရှီကွမ် ကျွန်တော်ဒုက္ခရောက်နေပြီ။ " လူရိုင်းမဟာသူတော်စင်က ပြောလိုက်သည်။ " ကျွန်တော် စကြာဝဠာတစ်ခု ပေါ်ထွက်လာလို့ လမ်းစဉ်တစ်သောင်းမျက်လုံးရဲ့ စွမ်းအားနဲ့သွားခဲ့တယ်။ အဲ့ဒီမှာ နဂါးငွေ့တန်းလို့ခေါ်တဲ့ ရှေးဟောင်းမဟာသူတော်စင်တစ်ယောက်ရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတယ်။ "

" အင်း ငါကြားပါတယ်။ " ရှီကွမ်းမဟာသူတော်စင်က ခေါင်းညိမ့်လိုက်သည်။

" အဲ့ဒီနဂါးငွေ့တန်းမဟာသူတော်စင်က ကျွန်တော်ရဲ့ အဓိကတိုက်ခိုက်ရေး ခန္ဓာကိုယ်ကို လွှတ်ပေးဖို့ ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံတောင်းနေတယ်။ အကိုရှီကွမ်းလည်း သိတဲ့အတိုင်း ကျွန်တော်က အမြဲတမ်း ပိုက်ဆံပြတ်နေတာ။ တစ်ဆယ်ဘီလီယံကို ဘယ်ကနေသွားရှာရမှာလဲ။ " လူရိုင်းမဟာသူတော်စင်က သက်ပြင်းချလိုက်၏။

" မှန်တာပေါ့။ " ရှီကွမ်းမဟာသူတော်စင်က ခေါင်းညိမ့်လိုက်သည်။

" ဟမ် " လူရိုင်းမဟာသူတော်စင်က ရှီကွမ်းကို ကြည့်လိုက်သည်။ " အကိုရှီကွမ်း ကျွန်တော်အကိုရှီကွမ်းဆီလာတာ နဂါးငွေ့တန်းမဟာသူတော်စင်နဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ပါ။ အကိုရဲ့ ခွန်အားနဲ့ဆို နဂါးငွေ့တန်းမဟာသူတော်စင်က အကိုရှီကွမ်းကို မျက်နှာသာပေးလောက်ပါတယ်။ " လူရိုင်းမဟာသူတော်စင်က ဆက်ပြောလိုက်သည်။

" ကျွန်တော် ဘာမှမပေးဘဲ မနေပါဘူး။ ဒါပေမယ့် တစ်ဆယ်ဘီလီယံက များလွန်းတယ်။ အနည်းဆုံးတော့ နဂါးငွေ့တန်းမဟာသူတော်စင်က ငါးဘီလီယံအထိ လျှော့ပေးရင် ကျွန်တော် အကို့ကို လက်ဆောင်အနေနဲ့ တစ်ဘီလီယံပေးပါမယ်။ "

" မင်းက ငါ့ကို နဂါးငွေ့တန်းမဟာသူတော်စင်နဲ့ ညှိနှိုင်းခိုင်းနေတာလား။ " ရှီကွမ်းမဟာသူတော်စင်က လူရိုင်းမဟာသူတော်စင်ကို ကြည့်လိုက်သည်။ " တကယ်လို့ ငါပါ နဂါးငွေ့တန်းဖိနှိပ်တာ ခံလိုက်ရရင်ရော။ "

" အကိုရှီကွမ်းပါ ဖိနှိပ်ခံရမှာလား။ " လူရိုင်းမဟာသူတော်စင်က အနည်းငယ် မှင်သက်သွားသည်။ " အကိုရဲ့ စွမ်းအားနဲ့ဆို မဖြစ်နိုင်ဘူးမဟုတ်လား။ "

" လူရိုင်း... မင်းထပ်စဉ်းစားကြည့်။ " ရှီကွမ်းမဟာသူတော်စင်က ပြုံးလိုက်သည်။ " နဂါးငွေ့တန်းမဟာသူတော်စင်က မင်းအပါအဝင် မဟာသူတော်စင်ရှစ်ယောက်ကို ဖိနှိပ်ထားခဲ့တယ်။ အမွှာရင်းမြစ်တောင် ဖမ်းမိလုနီးပါး ဖြစ်ခဲ့တယ်။ ငါအဲ့လောက်ထိ မလုပ်နိုင်ဘူး။ "

ရှီကွမ်းမဟာသူတော်စင်က လူရိုင်းကို ကြည့်လိုက်သည်။ " လူရိုင်း ငါမင်းကို မကူညီနိုင်ဘူး။ "

" အကိုရှီကွမ်း " လူရိုင်းမဟာသူတော်စင်က စိုးရိမ်သွားသည်။ " ကျွန်တော် လက်ဆောင်ကို နှစ်ဘီလီယံ မဟုတ်ဘူး သုံးဘီလီယံပေးပါမယ်။ "

" ငါပြောပြီးပြီလေ။ ငါမင်းကို မကူညီနိုင်ဘူး။ " ရှီကွမ်းမဟာသူတော်စင်က လက်ဝှေ့ရမ်းလိုက်ပြီး လူရိုင်းမဟာသူတော်စင်က လျို့ဝှက်နယ်မြေ၏ အပြင်ဘက်သို့ ချက်ချင်း ရောက်သွားသည်။ လျို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကလည်း လျင်မြန်စွာ ပိတ်သွားသည်။

" အကိုရှီကွမ်း " လူရိုင်းမဟာသူတော်စင်က မျက်မှောင်ကြုတ်သွားသည်။ သူက အခြားရွေးချယ်စရာမရှိတော့ဘဲ အခြားမဟာသူတော်စင်တစ်ယောက်ထံ အကူအညီတောင်းရုံသာ ရှိတော့သည်။

" ဟေးယောင် မင်းက ငါ့ကို ကူညီခိုင်းနေတာလား။ " မြူခိုးများ ဝန်းရံနေသော လူတစ်ယောက်က ပလ္လင်ပေါ်တွင် ထိုင်ပြီး အောက်မှ ဟေးယောင်မဟာသူတော်စင်၏ ကိုယ်ပွားကို ကြည့်လိုက်သည်။

" အရင်ငါတို့အတူတူ စွန့်စားခဲ့တုန်းက ငါမင်းကို တစ်ခါကယ်ခဲ့ဖူးတယ်။ မင်းက ငါ့ကို ကျေးဇူးကြွေးတစ်ခု တင်နေတယ်လို့ ပြောခဲ့တာပဲ။ " ဟေးယောင်မဟာသူတော်စင်က ပလ္လင်ပေါ်မှလူကို ကြည့်လိုက်သည်။

ထိုလူက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်နှင့် အလွန်နီးကပ်နေသူဖြစ်သည်။ အကယ်၍ သူ၏ လမ်းစဉ်ကသာ မသင့်တော်ခဲ့ခြင်းမဟုတ်လျှင် သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်နေလောက်ပြီဖြစ်သည်။

" မှန်တယ်။ ငါမင်းအပေါ် ကျေးဇူးကြွေးတင်ခဲ့တယ်။ " ပလ္လင်ပေါ်မှ လူက ခေါင်းညိမ့်လိုက်သည်။ " ဒီပေမယ့် ဒီကိစ္စအတွက်တော့မဟုတ်ဘူး။ "

" မရဘူးလား။ " ဟေးယောင်မဟာသူတော်စင်က သူ့ကို ကြည့်လိုက်သည်။

" မင်းဘာလို့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ကို ကြားဝင်ခိုင်းဖို့ မတောင်းဆိုတာလဲ။ " ပလ္လင်ပေါ်မှလူက ပြောလိုက်သည်။

" ပြိုင်ဘက်ကင်းမဟာသူတော်စင်ကို အကူအညီတောင်းဖို့လား။ " ဟေးယောင်မဟာသူတော်စင်က ခေါင်းခါလိုက်သည်။ " အဲ့ဒါက ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံကို တိုက်ရိုက်ပေးတာထက် ပိုကုန်ကျလိမ့်မယ်။ "

ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ကို ကြားဝင်ခိုင်းမည့် ကုန်ကျစရိတ်က ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံထက် ကျော်လွန်ပေလိမ့်မည်။ ဟေးယောင်မဟာသူတော်စင်က ထိုကဲ့သို့ အရှုံးပေါ်မည့် အပေးအယူကို လုပ်မည်မဟုတ်ပေ။

" မင်း တခြားဟာ တောင်းဆိုပါ။ " ပလ္လင်ပေါ်မှ လူက ပြောလိုက်သည်။

" အခု ငါ့အတွက် တခြားဘာတောင်းဆိုစရာရှိဦးမှာလဲ။ " ဟေးယောင်မဟာသူတော်စင်က ပြောလိုက်သည်။ " ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာကိုယ်က နဂါးငွေ့တန်းရဲ့ လက်ထဲမှာ ရောက်နေတာ။ "

" တောင်းဆိုလို့ရပါသေးတယ်။ " ပလ္လင်ပေါ်မှလူက ပြောလိုက်သည်။ " ဥပမာ ငါမင်းကို ဖရိုဖရဲသလင်းကျောက် ဘီလီယံအချို့ ချေးပေးလို့ရတယ်။ ဒါပေမယ့် ချေးမှာနော်။ မင်းပြန်ဆပ်ရမယ်။ "

ဟေးယောင်မဟာသူတော်စင်က တိတ်ဆိတ်သွားသည်။

ရွှမ်ဟွမ်စကြာဝဠာတွင် လင်းယွမ်က သူ၏ လက်ထဲမှ အမှောင်ကောင်းကင်နှလုံးသားကို ကြည့်လိုက်သည်။ ၎င်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်ရှိသော ရတနာတစ်ခုဖြစ်သည်။ ၎င်းကို အပြည့်အဝ သန့်စင်ပြီးလျှင် အမှောင်ကောင်းကင်နယ်ပယ်ကို ဖြစ်ပေါ်စေပေလိမ့်မည်။

အမှောင်ကောင်းကင်နယ်ပယ်က ဟေးယောင်မဟာသူတော်စင်၏ နယ်ပယ်ထက် များစွာသာလွန်သည်။ သာမန်မဟာသူတော်စင်တစ်ယောက်ပင် ထိုနှလုံးသားကို ရရှိလျှင် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်လာနိုင်သည်။ အကယ်၍ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်သာ ၎င်းကို သန့်စင်ပြီး အမှောင်ကောင်းကင်ကမ္ဘာကို ဖြစ်ပေါ်စေလျှင် ၎င်း၏ စွမ်းအားက လင်းယွမ်၏ ကမ္ဘာစွမ်းရည်ထက် အားနည်းမည်မဟုတ်ပေ။

လင်းယွမ်၏ ကမ္ဘာစွမ်းရည်က အတွင်းစကြာဝဠာအပေါ် မူတည်နေသည်။ အတွင်းစကြာဝဠာက လီယန်နေမင်းကို ပေါင်းစည်းပြီးသည့်အပြင် အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို အောင်မြင်သွားပြီဖြစ်သောကြောင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ အတွင်းစကြာဝဠာနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။

သို့သော် အမှောင်းကောင်းကင်ကမ္ဘာက အမှောင်ကောင်းကင်နှလုံးသား၏ ကန့်သတ်ချက်အတိုင်း စွမ်းအားကို ထုတ်ဖော်နိုင်ပြီး လင်းယွမ်၏ အတွင်းစကြာဝဠာက တိုးတက်ရန် နေရာများစွာ ကျန်ရှိနေသေးသည်။

" အခုတော့ ဒီရွှမ်ဟွမ်စကြာဝဠာထဲမှာ ဖရိုဖရဲအရှင်သခင်အချို့ပဲ ကျန်တော့တယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ကိုယ်ပွားများကို ရွှမ်ဟွမ်စကြာဝဠာ၏ နေရာအနှံ့သို့ စေလွှတ်လိုက်သည်။

ဖရိုဖရဲမဟာသူတော်စင်များကို ဖြေရှင်းပြီးသွားပြီဖြစ်သောကြောင့် လင်းယွမ်က စကြာဝဠာထဲမှ ရတနာများကို လက်လွှတ်ခံတော့မည်မဟုတ်ပေ။ အနည်းဆုံးတော့ သားရေချပ်မြေပုံပေါ်မှ ရတနာများကို ရအောင်ယူမည်ဖြစ်သည်။

တစ်ချိန်းတည်းတွင် လင်းယွမ်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးမှ ဂူဗိမာန်သို့ ဦးတည်သွားသည်။

All Chapters