ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်...
Vol. 66 Ch. 936
" အဲ့ဒါက..." လင်းယွမ်၏ အကြည့်က ခန်းမအတွင်းမှ ရတနာများကို ကျော်ဖြတ်သွားပြီး အမြင့်ဆုံးနေရာသို့ ကျရောက်သွားသည်။
ထိုနေရာတွင် လက်သီးအရွယ် တံဆိပ်တစ်ခု၊ ရွှေရောင်ချပ်ဝတ်နှင့် ရွှေရောင်ဓားတစ်လက်ရှိနေသည်။ ထိုလက်နက်သုံးခုက လင်းယွမ်ကို အခြားအရာများနှင့် မတးညီသော ခံစားချက်ကို ပေးစွမ်းနေပြီး မရေရာသော ရင်းနှီးမှုကိုလည်း ခံစားရစေသည်။
" အဲ့ဒါတွေက အရှင်မင်းကြီးကိုယ်တိုင် ဖန်တီးထားတဲ့ ရွှမ်ဟွမ်တံဆိပ်၊ ရွှမ်ဟွမ်ချပ်ဝတ်နဲ့ ရွှမ်ဟွမ်ဓားတွေပဲ။ အားလုံးထဲမှာ အစွမ်းထက်ဆုံးပေါ့။ " ဂူဗိမာန်စိတ်ဝိညာဉ်က ပြောလိုက်သည်။ " အဲ့ဒီလက်နက်သုံးခုကလည်း မင်းရဲ့အပိုင်ပဲ။ "
လင်းယွမ်က ရတနာသုံးခုကို စိုက်ကြည့်နေမိသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်ထံမှ ဧကရာဇ်ရွှမ်ဟွမ်၏ အဓိကရတနာများကို သူကြားထားပြီးသားဖြစ်သည်။
ရွှမ်ဟွမ်တံဆိပ်က ဖိနှိပ်ချုပ်နှောင်သည့် အမျိုးအစားဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်၏ လက်ထဲတွင် ထိုတံဆိပ်တစ်ခုတည်းက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင် တိုက်ရိုက်မခုခံရဲကြပေ။
ရွှမ်ဟွမ်ချပ်ဝတ်က ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအား အားလုံးကို ကာကွယ်ပေးနိုင်သည့် ထူးခြားသော ရတနာတစ်ခုဖြစ်သည်။ ရွှမ်ဟွမ်ဓားက အဆုံးစွန်သော တိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်၏ လက်ထဲတွင် ထိုဓားက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ချေမှုန်းခဲ့ဖူးသည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ချေမှုန်းနိုင်ခြင်းမှာ သူတို့ကို အပြီးတိုင် သတ်ပစ်လိုက်ခြင်းမဟုတ်သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိမည်မှာ သေချာသည်။
" ဒီရတနာတွေအားလုံးက ကျွန်တော်ပိုင်တာပေါ့။ တကယ်လို့ နောက်ပိုင်း အရှင်မင်းကြီးက အချိန်စက်ဝန်းထဲက လွတ်မြောက်လာရင်ရော..." လင်းယွမ်က အနည်းငယ် တွန့်ဆုတ်နေသည်။
အခြားရတနာများကို မပြောနှင့် ရွှမ်ဟွမ်တံဆိပ်၊ ရွှမ်ဟွမ်ချပ်ဝတ်နှင့် ရွှမ်ဟွမ်ဓားတို့မှာ ဧကရာဇ်ရွှမ်ဟွမ်၏ အဓိက လက်နက်များဖြစ်သည်။
" အရှင်မင်းကြီး အချိန်စက်ဝန်းက လွတ်မြောက်ဖို့ ကြိုးစားခဲ့တာ စကြာဝဠာခေတ်သန်းသုံးဆယ်ကျော်တောင်ရှိပြီ။ " ဂူဗိမာန်စိတ်ဝိညာဉ်က ခေါင်းခါလိုက်သည်။
အချိန်စက်ဝန်းမှ လွတ်မြောက်ရန် အချိန်စောလေ ပို၍ မျှော်လင့်ချက်ရှိလေဖြစ်သည်။ စကြာဝဠာခေတ်တစ်ရာကျော်သွားလျှင် မျှော်လင့်ချက်မှ လျော့နည်းသွားပြီး စကြာဝဠာခေတ်တစ်ထောင်ကျော်သွားလျှင် မျှော်လင့်ချက်မရှိသလောက်ပင်ဖြစ်သည်။ စကြာဝဠာခေတ်သန်းသုံးဆယ်ဆိုလျှင် ပြောစရာပင်မလိုပေ။
" တကယ်လို့ အရှင်မင်းကြီးက အချိန်စက်ဝန်းကနေ တကယ်လွတ်မြောက်ပြီး အချိန်သက်ရှိတစ်ယောက်ဖြစ်လာရင် အဲ့ဒါတွေကို ဂရုစိုက်နေပါဦးမလား။ " ဂူဗိမာန်စိတ်ဝိညာဉ်က ပြောလိုက်သည်။
" မှန်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
၎င်းက အမှန်ပင်ဖြစ်သည်။ အနာဂတ်တွင် ဧကရာဇ်ရွှမ်ဟွမ်က အချိန်စက်ဝန်းမှ လွတ်မြောက်လာလျှင် အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်အနေဖြင့် ထိုရတနာများကို ဂရုစိုက်မည်မဟုတ်တော့ပေ။
" ဒါဆို ကျွန်တော်အားမနာတော့ဘူး။ " လင်းယွမ်က ခန်းမအတွင်းရှိ ရတနာများကို စတင်သိမ်းဆည်းတော့သည်။
ဂူဗိမာန်စိတ်ဝိညာဉ်က တားဆီးခြင်းမရဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ နောက်ဆုံး သူက ခဏတွန့်ဆုတ်သွားပြီး စကားစပြောလိုက်သည်။ " အရှင်မင်းကြီး အချိန်စက်ဝန်းနဲ့ ဖိနှိပ်ခဲ့တဲ့ ရတနာက...."
သူက လက်ကို ဆန့်လိုက်ရာ အဝါရောင်ပုတီးစေ့တစ်ခုက သူ၏ရှေ့တွင် ပေါ်လာသည်။
" အဲ့ဒါက အလွှာဆယ့်သုံးနဲ့ ပက်သက်နေတာလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
ဧကရာဇ်ရွှမ်ဟွမ် နောက်ဆုံး ထားရှိခဲ့သောရတနာက အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် ဆက်နွယ်နေပေလိမ့်မည်။ မဟုတ်လျှင် အချိန်စက်ဝန်း၏ စွမ်းအားဖြင့် ဖိနှိပ်ထားရန် မလိုအပ်ပေ။
" မဟုတ်ဘူး။ " ဂူဗိမာန်စိတ်ဝိညာဉ်က ခေါင်းခါလိုက်သည်။
" မဟုတ်ဘူးလား။ " လင်းယွမ်က အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။
" ဒီပုတီးစေ့ကို ခွဲလိုက်ရင် အဲ့ဒီရတနာကို ရနိုင်လိမ့်မယ်။ " ဂူဗိမာန်စိတ်ဝိညာဉ်က ပြောလိုက်သည်။
၎င်းက ဧကရာဇ်ရွှမ်ဟွမ် အလွှာဆယ့်သုံးသို့ မတက်လှမ်းမီ ပေးခဲ့သော အမိန့်တစ်ခုဖြစ်သည်။ ဂူဗိမာန်စိတ်ဝိညာဉ်က ဧကရာဇ်ရွှမ်ဟွမ်၏ အမိန့်မှန်သမျှကို ဖီဆန်မည်မဟုတ်ပေ။
" အဲ့လိုလား။ " လင်းယွမ်က အလွန်စိတ်ဝင်စားသွားပြီး အဝါရောင်ပုတီးစေ့ကို သေချာကြည့်လိုက်သည်။ သူက ပုတီးစေ့အတွင်း၌ အချိန်စွမ်းအားများကိန်းအောင်းနေသည်ကို သတိပြုမိလိုက်သည်။
" မှန်တယ်။ " ဂူဗိမာန်စိတ်ဝိညာဉ်က ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် အခုတော့ မင်းဒီပုတီးစေ့ကို မခွဲဖို့ ငါအကြံပေးချင်တယ်။ ဒီရတနာက အရမ်းအရေးကြီးတယ်။ အရှင်မင်းကြီးတောင် အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားရင်း အချိန်စက်ဝန်းရဲ့ စွမ်းအားနဲ့ ပေါင်းစပ်ပြီးမှ ဒါကို ယာယီဖိနှိပ်ထားနိုင်ခဲ့တာပဲ။ ဒါကို အချိန်မတိုင်ခင် ခွဲလိုက်ရင် အန္တရာယ်ရှိနိုင်တယ်။ "
ဧကရာဇ်ရွှမ်ဟွမ်၏ အမိန့်မှာ ဆက်ခံသူရောက်လာပြီး အရာအားလုံးကို အမွေဆက်ခံပြီးလျှင် ထိုအဝါရောင်ပုတီးစေ့ကို ခွဲရမည်ဖြစ်သည်။ သို့သော် ဂူဗိမာန်စိတ်ဝိညာဉ်က ၎င်း၏ အဓိပ္ပါယ်ကို သိသောကြောင့် ထိုသို့မလုပ်စေချင်ခြင်းဖြစ်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဂူဗိမာန်စိတ်ဝိညာဉ်က ထိုပုတီးစေ့ကို ခွဲရန် တွန့်ဆုတ်နေကြောင်း သူရိပ်မိလေသည်။ အကြောင်ရင်းကို သေချာမသိသော်လည်း လင်းယွမ်က ဆန့်ကျင်ဘက်လုပ်ရန် အစီအစဉ်မရှိပေ။ သူက ဤခရီးအတွက် လုံလောက်သော အကျိုးအမြတ်များ ရရှိခဲ့ပြီဖြစ်သည်။
ဂူဗိမာန်၏ အပြင်နှင့် အတွင်းမှ ရတနာများ၊ ဧကရာဇ်ရွှမ်ဟွမ်၏ အဓိကရတနာများအားလုံးကို သူရရှိခဲ့ပြီဖြစ်သည်။ သူက အတော်လေး ကျေနပ်နေပြီဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်ရရှိခဲ့သော အဆုံးစွန်သော ရတနာက ဧကရာဇ်ရွှမ်ဟွမ်ကို အလွှာဆယ့်သုံးသို့ တက်လှန်းရန် တွန်အားပေးနိုင်ခြင်းက ၎င်း၏ အရေးပါမှုကို ဖော်ပြနေသည်။
အကယ်၍ ဂူဗိမာန်စိတ်ဝိညာဉ်က ၎င်းကို ခွဲရန်ပြောလျှင်တောင် လင်းယွမ်က သေချာစဉ်းစားဦးမည်ဖြစ်ပြီး နောက်ဆုံးတွင် မခွဲရန်သာ ရွေးချယ်ပေလိမ့်မည်။
" ကောင်းပြီ။ ဒီဂူဗိမာန်ကလည်း လက်နက်တစ်ခုပဲ။ အခုဒါကို မင်းသန့်စင်လို့ရပြီ။ " ဂူဗိမာန်စိတ်ဝိညာဉ်က ပြောလိုက်သည်။ " ဒါကို သန့်စင်ပြီးရင် ရွှမ်ဟွမ်စကြာဝဠာထဲက အမြန်ဆုံး ထွက်သွားတော့။ "
" ရွှမ်ဟွမ်စကြာဝဠာထဲက ထွက်သွားရမှာလား။ " ဂူဗိမာန်ထွက်ပေါ်လာသည်နှင့် ရွှမ်ဟွမ်စကြာဝဠာ၏ အချိန်လေဟာနယ်ပြိုလဲမှုက ပိုင လျင်မြန်လာသည်ကို လင်းယွမ်က ခံစားမိလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် ဖရိုဖရဲအရှင်သခင်များက ထွက်မသွားကြသေးပေ။ သူတို့က ဝင်မသွားရဲသော်လည်း အပြင်မှ စောင့်ကြည့်ချင်နေကြသည်။ လျို့ဝှက်ဆန်းကြယ်သော နဂါးငွေ့တန်းမဟာသူတော်စင်ထွက်လာမည်ကို စောင့်ကြည့်ရန်ဖြစ်သည်။
အဝေးရှိ အချိန်လေဟာနယ်တွင် လျို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်ရာက ဖရိုဖရဲဟင်းလင်းပြင်၏ နိယာမများကို ဖယ်ရှားလိုက်ပြီး ၎င်းနှင့် မတူညီသော နိယာမအသစ်များကို ဖြစ်ပေါ်စေသည်။
" အဲ့ဒါဘာလဲ။ "
" အပြင်ကနိယာမတွေကို ငါအာရုံခံလို့မရတော့ဘူး။ "
" အတွေးတစ်ချက်နဲ့ အချိန်လေဟာနယ်ကို ပြောင်းလဲနိုင်တာ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်လား။ "
ဖရိုဖရဲအရှင်သခင်များ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က ကိုယ်ပိုင်နိယာမများနှင့် ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်သည်။ ဥပမာ နယ်ပယ်ကမ္ဘာတစ်ခုအတွင်း ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းကို တားမြစ်နိုင်သော နိယာမများကို သတ်မှတ်လိုက်လျှင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်တော့ပေ။
သဘာဝကျကျပင် ပြိုင်ဘက်ကင်းမဟာသူတော်စင် သတ်မှတ်ထားသော နိယာမများကို သူကိုယ်တိုင်လည်း လိုက်နာရမည်ဖြစ်ပြီး ရန်သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ မရလျှင် သူကိုယ်တိုင်လည်း ဖြတ်ကျော်၍ မရပေ။
ထိုကဲ့သို့ နိယာမများကို ပြောင်းပြန်လှန်နိုင်သည့် နည်းလမ်းများကြောင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များ၏ စွမ်းအားက သာမန်မဟာသူတော်စင်များထက် များစွာ သာလွန်နေခြင်းဖြစ်သည်။
" သူတို့နှစ်ယောက်လား။ " အဝေးရှိ အချိန်လေဟာနယ်ထဲတွင် လမ်းစဉ်တစ်သောင်းမျက်လုံးနှင့် အခြားတည်ရှိမှုများက တစ်စုံတစ်ခုကို အာကုံခံမိသွားပြီး အဝေးသို့ ကြည့်လိုက်ကြသည်။
" အဲ့ဒီနှစ်ယောက်က အမြဲတမ်း အိပ်နေကြတာမဟုတ်လား။ "
" မှန်တယ်။ ငါမှတ်မိသလောက်ဆို သူတို့က ဧကရာဇ်ရွှမ်ဟွမ်နဲ့ ရန်ငြိုးရှိခဲ့ကြတယ်။ "
" စကြာဝဠာခေတ် သန်းသုံးဆယ်ကျော်ပြီး လက်စားချေဖို့ စဉ်းစားနေကြတုန်းလား။ " ဓားကျိုးက အံ့အားသင့်စွာ ပြောလိုက်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှင့် သာမန်မဟာသူတော်စင်များက နောက်ဆုံးတွင် အလွှာဆယ့်သုံးကို တက်လှမ်းရန် ရွေးချယ်ကြသည်။ သို့သော် ပြိုင်ဘက်ကင်းမဟာသူတော်စင် အနည်းငယ်က ထိုသို့မလုပ်ဘဲ စကြာဝဠာခေတ်များတစ်လျှောက် အိပ်စက်နေရန်သာ ရွေးချယ်ကြသည်။
" အလွှာဆယ့်သုံးကို တက်လှမ်းဖို့ထက် လက်စားချေဖို့ကို ရွေးချယ်ကြတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက အဝေးမှ လှမ်းကြည့်နေသည်။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။
" လမ်းစဉ်တစ်သောင်းခန်းမသခင်က ငါနဲ့ တွေ့ချင်လို့လား။ " လင်းယွမ်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး လမ်းစဉ်တစ်သောင်းခန်းမသခင်က သူ၏ ရှေ့တွင် ပေါ်လာသည်။
" နဂါးငွေ့တန်း " လမ်းစဉ်တစ်သောင်းခန်းမသခင်၏ မျက်ခုံးနှစ်ခုကြားတွင် မျက်လုံးတစ်လုံးက ရုတ်တရက် ပွင့်လာသည်။ ထိုမျက်လုံး၏ သူငယ်အိမ်များက ရွှေရောင်ဖြစ်နေပြီး ကြောက်စရာကောင်းသော အော်ရာကို ထုတ်လွှတ်နေသည်။