နောက်ဆုံးတော့.... ကျွန်တော် စီနီယာမအမနဲ့အတူ ထာဝရအိပ်စက်နိုင်ပြီ....
Vol. 66 Ch. 945
" မင်းရဲ့ ပါရမီအရည်အချင်းနဲ့ဆို စကြာဝဠာခေတ်တစ်ရာအတွင်း ဖရိုဖရဲအဆင့်အထွတ်အထိပ်ကို ရောက်နိုင်ပါလိမ့်မယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ပြောလိုက်သည်။
" ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ။ " လင်းယွမ်က လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။
" ပြီးတော့ မင်း အနာဂတ်မှာ အန္တရာယ်နဲ့ကြုံတွေ့လို့ တကယ်သေရတော့မယ်ဆိုရင် ဒါမှမဟုတ် ဒီရတနာကို တခြားတစ်ယောက် လုယူသွားတော့မယ်ဆိုရင် ရတနာကို တိုက်ရိုက်အသက်သွင်းလိုက်လို့ရတယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ပြောလိုက်သည်။
" ဒီရတနာက အလွှာဆယ့်သုံးရတနာတစ်ခုပဲ။ မင်းရဲ့စွမ်းအားနဲ့ဆိုရင် ရတနာရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒါရဲ့ စွမ်းအားနည်းနည်းလေးက ဘယ်လိုပြိုင်ဘက်ကင်းမဟာသူတော်စင်ကိုမဆို အလွယ်တကူ ရှင်းပစ်နိုင်တယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ဆက်ပြောလိုက်သည်။
" ဒါပေမယ့် ပိုင်ရှင်ရဲ့ အာရုံကို ဆွဲဆောင်မိလို့ ဒီရတနာကို သူပြန်ယူသွားနိုင်ဖို့ များတယ်။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ပြီးတော့ မင်းဒီရတနာကို လေ့လာနိုင်တယ်။ ဒါက ဟိုအထူးသက်ရှိရဲ့ အချိန်သွေးစက်ကို လေ့လာတာထက် ပိုအသုံးဝင်တယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ပြုံး၍ ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ အလွှာဆယ့်သုံး အချိန်သက်ရှိကိုယ်တိုင် ဖန်တီးထားသော အလွှာဆယ့်သုံး လက်နက်တစ်ခုက ထိုအထူးသက်ရှိ၏ အချိန်သွေးစက်ထက် များစွာ သာလွန်လေသည်။
" ကောင်းပြီ။ မင်းတခြားမေးစရာရှိသေးလား။ " ဧကရာဇ်ရွှမ်ဟွမ်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
" မရှိတော့ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်က အရာအားလုံးကို လုံလောက်အောင် ရှင်းပြခဲ့ပြီးဖြစ်သည်။ သူ၏ အတွေ့အကြုံများမှတစ်ဆင့် လင်းယွမ်က အချိန်စက်ဝန်းအကြောင်းကို ပို၍ နက်ရှိုင်းစွာ နားလည်လာခဲ့သည်။ အချိန်စက်ဝန်းက ယခင်က မကြုံတွေ့ခဲ့ဖူးသော စိန်ခေါ်မှုများကိုသာမက မိမိ၏ အနက်ရှိုင်းဆုံး အားနည်းချက်များနှင့် စွဲလမ်းမှုများကို ရင်ဆိုင်ရခြင်းဖြစ်သည်။
" ဒီရွှမ်ဟွမ်စကြာဝဠာက ငါကိုယ်တိုင်ဖန်တီးခဲ့တာပဲ။ တကယ်လို့ ငါလုံးဝ ပျောက်ကွယ်သွားရင် ဒါကလည်း ငါနဲ့အတူ ပျက်စီးစွားမှာမလို့ မင်းအတွက် ချန်ထားပေးခဲ့လို့မရဘူး။ "
ဧကရာဇ်ရွှမ်ဟွမ်က သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သည်နှင့် စကြာဝဠာအတွင်းမှ အလင်းတန်းများစွာ စုစည်းလာပြီး ရတနာအမျိုးမျိုးက ဧကရာဇ်ရွှမ်ဟွမ်၏ လက်ထဲသို့ ရောက်လာခဲ့သည်။ " ဒီရတနာတွေကို မင်းကို ပေးခဲ့မယ်။ "
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
ဟန်ရှောင်နှင့် ယုလင်းတို့က ရုတ်တရက် ရောက်လာကြသောကြောင့် လင်းယွမ်စေလွှတ်ထားသော ကိုယ်ပွားများက စကြာဝဠာအတွင်းမှ ရတနာအားလုံးကို မသိမ်းဆည်းရသေးမီ ပြန်လာခဲ့ရသည်။ ယခုအခါ ဧကရာဇ်ရွှမ်ဟွမ်၏ ကူညီမှုကြောင့် သူက အချိန်များစွာ သက်သာသွားခဲ့သည်။
" ကျေးဇူးတင်စရာမလိုပါဘူး။ မင်းက ငါ့ရဲ့ အမွေဆက်ခံသူပဲလေ။ ဒါတွေကို အပြင်လူတွေဆီမှာ ထားခဲ့တာထက်စာရင် အများကြီး ပိုကောင်းပါတယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ပြုံး၍ မတ်တပ်ရပ်လိုက်သည်။ " မင်းမှာ မေးစရာမရှိရင် ငါ အပြင်ထွက်ပြီး လျှောက်ကြည့်လိုက်ဦးမယ်။ "
" အပြင်ကို လျှောက်ကြည့်မလို့လား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
" မိတ်ဆွေဟောင်းတစ်ယောက်ဆီသွားလည်ရင်းနဲ့ မင်းအတွက် တခြားအရာတွေကို ပြင်ဆင်ပေးခဲ့မယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး လင်းယွမ်ရှေ့မှ ပျောက်ကွယ်သွားသည်။
" မိတ်ဆွေဟောင်းလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
ဧကရာဇ်ရွှမ်ဟွမ်၏ မိတ်ဆွေဟောင်းဟုခေါ်သူက စကြာဝဠာခေတ်သန်းသုံးဆယ်ကျော် ရှင်သန်ခဲ့သော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်ပေလိမ့်မည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် ဧကရာဇ်ရွှမ်ဟွမ်က ပြန်ပေါ်လာသည်။
ဝုန်း ဝုန်း....
ဖရိုဖရဲဟင်းလင်းပြင်က တုန်ခါသွားပြီး နိယာမများက နောက်ဆုတ်က အချိန်လေဟာနယ်က နောက်ပြန်လည်လာသကဲ့သို့ ဖြစ်သွားသည်။ ဧကရာဇ်ရွှမ်ဟွမ်က နောက်ထပ်ခြေတစ်လှမ်းနှင့် ထပ်မံပျောက်ကွယ်သွားသည်။
အသက်ပင်လယ်။
ထိုနေရာက ဖရိုဖရဲဟင်းလင်းပြင်အတွင်းရှိ လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ပင်လျှင် အတင်းအကျပ် ဝင်ရောက်နိုင်ရန် ခက်ခဲလှသည်။
၎င်းက ကောင်းကင်ကိုးခုမိုးကြိုးရေကန်၊ ကပ်ဘေးတစ်သောင်းမူလတောင်တန်းများနှင့် အဆင့်တူပင်ဖြစ်သည်။
ဝုန်း ဝုန်း....
အသက်ပင်လယ်က လှိုင်းများထနေပြီး အသက်အော်ရာများ ပျံ့နှံ့နေသကဲ့သို့ အသက်ကျောက်တုံးများက ခကြာခဏ ကြွေကျလာကြသည်။
ထိုအချိန်တွင် အသက်ပင်လယ်ရှိသော နေရာမှ အချိန်လေဟာနယ်က ဆုတ်ဖြဲခံလိုက်ရပြီး ခန့်ညားသော အမျိုးသားတစ်ယောက် ဝင်ရောက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း အသက်ပင်လယ်တစ်ခုလုံးက ကြီးမားသော လှိုင်းများ ထကြွလာပြီး ကြောက်စရာကောင်းသော ဖိအားက ထိုလူပေါ်သို့ ကျဆင်းသွားသည်။ သို့သော် ထိုဖိအားများက ထိုလူနှင့် ထိတွေ့လိုက်သည်နှင့် ပျောက်ကွယ်သွားကြသည်။
" ရွှမ်ဟွမ် မင်း ဘာလို့ဒီကိုလာတာလဲ။ " အသက်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
" ငါ မပျောက်ကွယ်သွားခင် မင်းဆီကနေ အသက်မူလကျောက်တုံးတစ်ခုတောင်းချင်လို့ပါ။ " ဧကရာဇ်ရွှမ်ဟွမ်က ပြုံး၍ ပြောလိုက်သည်။
" အသက်မူလကျောက်တုံးဟုတ်လား။ မင်းအရင်က တစ်တုံးခိုးသွားခဲ့တာပဲ။ အခုထပ်လိုချင်သေးတာလား။ " အသက်ပင်လယ်၏ အနက်ရှိုင်းဆုံးမှ အသံက အနည်းငယ် ဒေါသထွက်နေသည်။
လွန်ခဲ့သော စကြာဝဠာခေတ် သန်းသုံးဆယ်ကျော်က ဧကရာဇ်ရွှမ်ဟွမ်က ရွှမ်ဟွမ်စကြာဝဠာတွင် အသက်မူလကြယ်ကို ဖန်တီးရန် အသက်ကျောက်တုံးတစ်တုံး လာရောက်ခိုးယူခဲ့သည်။
အသက်မူလကျောက်တုံးက အသက်ကျောက်တုံးထက် အလွန်တန်ဖိုးကြီးပြီး စကြာဝဠာခေတ်သန်းပေါင်းများစွာကြာမှ ဖြစ်ပေါ်လာသော အသက်ပင်လယ်၏ အုတ်မြစ်ဖြစ်သည်။
" ဟုတ်တယ်။ ငါအခု ထပ်လိုချင်သေးတယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ပေးမှာလား မပေးဘူးလား။ "
ထိုစကားကြားသောအခါ အသက်ပင်လယ်၏ အနက်ရှိုင်းဆုံးမှ အသ့က တိတ်ဆိတ်သွားသည်။
" ငါအသက်ရှင်ဖို့ သိပ်မကျန်တော့ဘူးဆိုတာ မင်းသိပါတယ်။ "
" မြန်မြန်ထွက်သွားတော့။ " အသက်ပင်လယ်က လှုပ်ခတ်သွားပြီး လက်သီးဆုပ်အရွယ် သလင်းကျောက်တစ်ခုက အနက်ရှိုင်းဆုံးနေရာမှ လွင့်ထွက်လာသည်။
" ဟားဟားဟားဟား...." ဧကရာဇ်ရွှမ်ဟွမ်က ရယ်မောလိုက်ပြီး အသက်ပင်လယ်မှ ထွက်ခွာသွားသည်။
ရှေးဟောင်းမိုင်းတွင်းတစ်ခုရှေ့တွင် ဧကရာဇ်ရွှမ်ဟွမ်က ပေါ်လာပြန်သည်။
" ငါမသေခင် မင်းငါ့ကို သလင်းကျောက်အချို့ ပေးနိုင်မလား။ " ဧကရာဇ်ရွှမ်ဟွမ်က ပြောလိုက်သည်။
" ရွှမ်ဟွမ် မင်းလွန်လွန်းတယ်။ သလင်းကျောက်တွေက အရမ်းတန်ဖိုးကြီးတယ်။ " မိုင်းတွင်း၏ အနက်ရှိုင်းဆုံးမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
" ဒါဆို ငါမသေချင် မင်းရဲ့ မိုင်းတွင်းကို ဖြိုချနိုင်မလားဆိုတာ ကြည်ရသေးတာပေါ့။ " ဧကရာဇ်ရွှမ်ဟွမ်က ပြုံး၍ ပြောလိုက်သည်။ " ငါ ဒီလို လုပ်ချင်နေတာ ကြာလှပြီ။ "
ခဏကြာသောအခါ ရှေးဟောင်းမိုင်းတွင်း၏ အနက်ရှိုင်းဆုံးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဧကရာဇ်ရွှမ်ဟွမ်က အလင်းတန်းကို ဖမ်းယူကာ လှည့်ထွက်သွားပြန်သည်။
ယနေ့တွင် လွန်ခဲ့သော စကြာဝဠာခေတ် သန်းသုံးဆယ်ကျော်မှ ပြိုင်ဘက်ကင်းမဟာသူတော်စင် ရွှမ်ဟွမ်က ဖရိုဖရဲဟင်းလင်းပြင်အတွင်းရှိ လျိုဝှက်ဆန်းကြယ်သော နေရာများစွာကို သွာရောက်ခဲ့ပြီး ထိုနေရာမှ အထူးတည်ရှိမှုများကို ဒေါသထွက်စေခဲ့သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အဝေးမှ စောင့်ကြည့်နေကြသည်။ ထိုရှေးဟောင်းလျို့ဝှက်နေရာများမှ အထူးတည်ရှိမှုများက အလွန်ရှေးကျလှပြီး လမ်းစဉ်တစ်သောင်းမျက်လုံးနှင့် အဆင့်တူတွင် ရှိနေကြသည်။ သမိုင်းတစ်လျှောက် အနှိုင်းမဲ့မဟာသူတော်စင်များပင် ထိုနေရာများက အလွန်အမင်း ဖိအားမပေးခဲ့ကြပေ။
နောက်ဆုံးတွင် ဧကရာဇ်ရွှမ်ဟွမ်၏ အော်ရာက ဖရိုဖရဲဟင်းလင်းပြင်မှ ပျောက်ကွယ်သွားလဲ့သည်။ သူဘယ်ရောက်သွားသည်ကို ဘယ်သူမှ မသိကြဘဲ သူ၏ ကြောင်းကျိုးဆက်နွယ်မှုများအားလုံးကလည်း အာရုံခံ၍ မရတော့ပေ။
ဖရိုဖရဲဟင်းလင်းပြင်၏ တစ်နေရာတွင် ဖရိုဖရဲစွမ်းအားများက အလွန်အားနည်းပြီး လူသူကင်းမဲ့သော ဟင်းလင်းပြင်တစ်ခုဖြစ်သည်။ သဘာဝစကြာဝဠာတစ်ခု၏ အပြင်ဘက်တွင် ဧကရာဇ်ရွှမ်ဟွမ်၏ ပုံရိပ်က တိတ်ဆိတ်စွာ ပေါ်လာသည်။
သူက မလှမ်းမကမ်းမှ စကြာဝဠာကို စိုက်ကြည့်နေပြီး သူ၏ အကြည့်က စကြာဝဠာ၏ မူလရင်းမြစ်နှင့် တစ်စိတ်တစ်ပိုင်း ပေါင်းစပ်နေသော လျို့ဝှက်နယ်မြေတစ်ခုပေါ်သို့ ကျရောက်သွားသည်။
ထိုလျို့ဝှက်နယ်မြေက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် ဆင်တူသော်လည်း စကြာဝဠာ၏ မူလရင်းမြစ်နှင့် ပို၍ပေါင်းစပ်နေပြီး ဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ထိုလျို့ဝှက်နယ်မြေတွင် တန်ဖိုးကြီး ရတနာများမရှိပေ။ လျို့ဝှက်နယ်မြေ၏ အလယ်တွင် ပန်းရောင်ပန်းများ ပွင့်လန်းနေသော မက်မွန်းပင်များ ဝန်းရံနေသည့် အုတ်ဂူတစ်ခု ရှိနေသည်။
" စီနီယာအမ..." ဧကရာဇ်ရွှမ်ဟွမ်က စကြာဝဠာတစ်ခုလုံးကို ဖြတ်ကျော်ပြီး ထိုအုတ်ဂူကို ကြည့်နေသည်။ သူ၏ မျက်နှာတွင် နူးညံ့သိမ်မွေ့သော အမူအရာရှိနေပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
" နောက်ဆုံးတော့.... ကျွန်တော် စီနီယာမအမနဲ့အတူ ထာဝရအိပ်စက်နိုင်ပြီ။ " ဧကရာဇ်ရွှမ်ဟွမ်၏ ပုံရိပ်က ဝေဝါးသွားပြီး အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ အဝေးမှ စကြာဝဠာအတွင်းသို့ ဝင်ရောက်ပေါင်းစပ်သွားလေတော့သည်။