မြို့ပြင်သို့ထွက်ခြင်း
Vol. 48 Ch. 655
နောက်ရက်အနည်းငယ်အတွင်း ကျန်းရီက ခြံဝင်းနားရှိ အရံအတားကို ပိတ်ထားသည်။ သူက မည်သူ့ကိုမှမတွေ့ မည်သည့် အင်အားစုကိုမျှ ကတိပေးမည့်ပုံ မပေါ်ပေ။ သူက သတင်းအချက်အလက် စုဆောင်းခြင်း မရှိတော့ချေ။ ထိုအစား ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်ကို ထုတ်ဖော်ပြီး အချက်အလက်များ စုဆောင်းနေ၏။
သူ၏ကောင်းကင် စိတ်အာရုံကို လေပြေနှယ် ဖြန့်ကျက်လိုက်၏။ ခြံဝင်းနားတစ်ဝိုက်ရှိ အရံအတားကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး သူ၏ကောင်းကင်သိမြင် နားလည်ခြင်းကို ဟန့်တားဖို့က ထိုအရံအတားများသည် အဆင့်နိမ့်လွန်းနေသည်။
ကောင်းကင်မိုးကြိုးမြို့က အလွန်ကြီးမား၏။ ကျန်းရီ၏ ကောင်းကင်သိမြင် နားလည်ခြင်းသည် ဝေဟင်ကနေ မြို့အနှံ့ ဖြတ်တိုက်သွားသည်။ သူက ခြံဝင်းထဲကို တစ်ခုပြီးတစ်ခုကြည့်ရန် မစွန့်စားရဲချေ။ သူက ကောင်းကင်မိုးကြိုးမြို့၏ ယေဘုယျ အခြေအနေနှင့် ရင်းနှီးစေရန်အတွက်သာ ဝေဟင်ကနေ ဖြေးဖြေးချင်း ကြည့်နေတာဖြစ်သည်။
မကြာမီ၌ ကျန်းရီ၏ ကောင်းကင်သိမြင် နားလည်ခြင်းသည် မြို့တစ်ပတ် ပတ်ပြီးသွားပြီဖြစ်သည်။ သူက မြို့လယ်ရှိ ရင်ပြင်နားသို့ မကပ်ရဲချေ။ ထိုအနား၌ ရဲတိုက်ကြီးတစ်ခု ရှာတွေ့သောကြောင့် ဖြစ်သည်။ ယင်းက မြို့အရှင်၏ အိမ်ခြံဝင်းဆိုတာ သိသာ၏။ ကျန်သည့်သူများကို ရန်စမိလျှင် အဆင်ပြေသေးသော်ငြား လုမျိုးနွယ်စုဝင်များ ဒေါသထွက်သွားလျှင် ကျန်းရီက သူ့အသက်အတွက် ပြေးရပေလိမ့်မည်။
ကောင်းကင်မိုးကြိုးမြို့က အလွန်ကြီးမားသည်။ မြို့အရှင်၏ ရဲတိုက်အပြင် ကျန်သည့် အဆောက်အဦများက တစ်ထပ်တည်း တူပေ၏။ သူနေထိုင်သည့် နေရာကဲ့သို့ ခြံဝင်းသေးလေးများစွာရှိ၏။ စုစုပေါင်း တစ်သိန်းရှိ၏။ ခြံဝင်းထဲတွင် လူများစွာရှိပြီး အချို့ကဆို အရံအတား မရှိသောကြောင့် အလွယ်တကူ ရှာတွေ့သည်။
မြို့ရိုးအပြင်မှအပ မြို့၏ကျန်သည့်နေရာက အတော်လေး ခြောက်ကပ်ကပ် ဖြစ်နေလေသည်။ လမ်းပေါ်၌ မည်သူမျှ လှည့်လည်မသွားကြချေ။ လူအများက ကိုယ်ပိုင်ခြံဝင်းသို့ ပြန်ပြီး အရှေ့ဘက် မြို့ဂိတ်သို့ သွားလျှင်သွား မဟုတ်လျှင် မြို့ရင်ပြင်သို့သာ သွားကြသည်။
ကျန်းရီသည် မြို့အရှေ့ဘက်ဂိတ်ရှိ အခြေအနေကို စစ်ဆေးရန် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်တော့မည့် အချိန်၌ ပါးလျသော အကြည်ရောင် အရံအတားကို မြင်လိုက်ရသည်။ ၎င်းကို အလွယ်တကူ ဖောက်ဝင်နိုင်သော်ငြား မစွန့်စားရဲချေ။ ပုံရိပ်အပြည့်အဝ မဖမ်းဆုပ်ခဲ့ပေ။ ယင်းက နှမြောစရာကောင်းသည်ထက် လုံခြုံတာက ပိုကောင်းသည်။
သူက ကောင်းကင်သိမြင် နားလည်ခြင်းကို ပြန်ရုပ်သိမ်းပြီး ခြံဝင်းထဲတွင် ထိုင်နေရန်ပြောပြီး မည်သူပင် လာစေကာမူ အရံအတားကို ဘယ်တော့မှမဖွင့်ရန် ပြောခဲ့သည်။ ပြီးနောက် ခြံဝင်းထဲကနေ သူထွက်သွားလျက် မြို့လယ်ရှိ ရင်ပြင်သို့ သွားလိုက်သည်။
“ဟီး ဟီး”
လမ်းတစ်လျှောက်၌ သူ့ကိုမြင်သည့်သူများက လှောင်ပြောင်သည့်အပြုံး ပြုံးနေကြ၏။ သူ့ကိုမည်သူမျှ စကားမပြောပေ။ ကျန်းရီကလည်း ငြိမ်သက်လျက် မြို့ရင်ပြင်ဆီသို့ တိတ်တဆိတ် လျှောက်သွားသည်။
ခြေလှမ်းပေါင်း တစ်ဒါဇင်ခန့် ဖြတ်ကျော်ပြီးနောက် မြို့လယ်ရှိရင်ပြင်သို့ ရောက်သွားပြီဖြစ်သည်။
ရင်ပြင်က ၃၃ကီလိုမီတာ အချင်းရှိပြီး အလွန်ကျယ်ဝန်း၏။ မြောက်အရပ်တွင် အလွန်ကြီးမားသည့် ရဲတိုက်တစ်ခု ရှိပြီး ရဲတိုက်ထဲမှ လူများစွာ ဝင်ထွက်သွားလာနေသည်။ မြို့ရင်ပြင်၌ လှည့်လည်သွားလာနေသည့် လူများလည်း ရှိသည်။
ကျန်းရီရောက်ရှိလာမှုက အာရုံစိုက်မှုများစွာ ရသွားသည်။ လူအချို့က တီးတိုးပြောနေကြလျက် အချို့က သတ်ဖြတ်လိုသည့် အကြည့်များဖြင့် ကြည့်နေသည်။
“ကြည့်အုံး အဲ့ဒါလူသစ် သူက တစ်ကိုယ်တော် ဝံပုလွေလို့ခေါ်တဲ့လူမလား”
“အဖွဲ့မှူးလုံနဲ့ အစ်ကိုပါ့တောက်တို့ကို ထွက်သွားလို့ ပြောရဲတဲ့လူလား”
“သူပဲ သူကသူနဲ့အတူ လေးယောက်ခေါ်လာတယ်လို့ ပြောကြတယ်။ ဟား ဟား သူ့မှာနေ့ရက် ဘယ်လောက်ကျန်လဲဆိုတာ လောင်းကြတာပေါ့”
“ဘာများ လောင်းနေအုံးမှာလဲ။ မြို့ပြင်ထွက်ပြီဆိုတာနဲ့ သေမှာ သေချာတယ်”
လူများစွာက တီးတိုးပြောနေကြပြီး အချို့ကဆို ကျန်းရီကို လက်ညှိုးတစ်ထိုးထိုး ဖြစ်နေကြသည်။ ကျန်းရီ၏ ကြမ်းတမ်းသော ဆံပင်က အလွန်အလွယ်တကူ မှတ်မိနိုင်သည်။ သူ၏အော်သံက အစ်ကိုပါ့တောက်၏ လူများကို အော်ခဲ့သည့်အသံက အလွန်ကျယ်လောင်လွန်းနေရာ လူများစွာ၏ အာရုံစိုက်မှုကို ရစေမှာ မလွဲမသွေပင်ဖြစ်သည်။
ကျန်းရီက လူအုပ်ကြီးကို လျစ်လျူရှုလျက် မြို့အရှင်အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ ရဲတိုက်ဂိတ်က အစောင့်များမရှိဘဲ ဖွင့်လှစ်ထားလေ၏။ အထဲသို့လျှောက်သွားပြီး လှည့်ကြည့်လိုက်ပြီး လုမျိုးနွယ်စုက စီးပွားရေးများ ကောင်းကောင်းလုပ်နေသည်ဟု ဝန်ခံရမှာပဲ ဖြစ်သည်။
ရဲတိုက်က အလွန်ကြီးမား၏။ တစ်ချက်ကြည့်ရုံဖြင့် အဆုံးမရှိ ခမ်းနားသော ဆိုင်များကို မြင်တွေ့ရသည်။ စားသောက်ဆိုင်များ လောင်းကစားရုံများနှင့် အပျော်ဂေဟာတို့တောင် ရှိနေသည်။
ရတနာမျိုးစုံကို မရေမတွက်နိုင်သည့် ဆိုင်များအတွင်း ရနိုင်၏။ ကျန်းရီက ဆိုင်အပြင်ဘက်၌ လက္ခဏာတစ်ခုကိုတွေ့ပြီး သူတော်စင် အသုံးအဆောင်မျိုးစုံ သာလွန်သူတော်စင် လက်နက်အသုံးအဆောင်မျိုးစုံ ရောင်းချနေ၏။
ဆိုင်ခန်းပေါင်း တစ်ရာကျော်နှင့် စားသောက်ဆိုင် (၁၂)ခုနှင့် ဆောင်ကြာမြိုင်တို့ ရှိနေသည်။ ယင်းက အင်ပါယာတစ်ခုနှင့် တူနေ၏။ လုံလောက်သည့် ကောင်းကင်ဘုံကျောက်တုံး ရှိသ၍ မြို့အရှင်၏ အိမ်တော်ထဲသို့ စိတ်တိုင်းကျ သွားလာနိုင်၏။
ဒုတိယအလွှာဆီသို့ တက်သွားရန် နံရံကပ် ကျောက်လှေကားတစ်ခု ရှိပေ၏။ အပေါ်ထပ်က ကုသိုလ်မှတ်များအတွက် မိုးကြိုးကျောက်တုံးများအပ်ရန် နေရာဖြစ်လောက်သည်။ ကျန်းရီက အကြောင်းမရှိဘဲ မစွန့်စားရဲသောကြောင့် ပထမအလွှာ၌သာ လှည့်လည်သွားလာနေသည်။
“မင်းက တစ်ကိုယ်တော် ဝံပုလွေလား”
စားသောက်ဆိုင်ရှေ့၌ လူငယ်သိုင်းပညာရှင်တစ်ဦး တားတာခံလိုက်ရသည်။ သူက ခမ်းနားသော ပွဲကြည့်စင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“အစ်ကိုပါ့တောက်က မင်းကိုအထဲလာဖို့ ပြောနေတယ်”
“အစ်ကိုပါ့တောက်လား”
ကျန်းရီ၏အကြည့်က အေးစက်သွား၏။ သူက ခမ်းနားသည့် ပွဲကြည့်စင်ကို ကြည့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်နှစ်ဦးကို တွေ့ရပြီး အထဲတွင်စားသောက်နေသော လူဝကြီးကို တွေ့လိုက်ရသည်။ ထိုလူက အပြင်ကိုတောင် ကြည့်မနေပေ။
“တစ်ကိုတော် ဝံပုလွေက ပြဿနာမဖြစ်ချင်ဘူး။ ပြဿနာဖြစ်မှာလည်း မကြောက်ဘူးဆိုတာ အစ်ကိုပါ့တောက်ကို ပြောလိုက်ပါ”
ထိုသို့ပြောပြီးနောက် ကျန်းရီက လှည့်ထွက်သွားကာ အပြင်သို့ လျှောက်သွားလေ၏။ သိုင်းပညာရှင်လေး၏ မျက်နှာက သုန်မှုန်သွားသော်ငြား ကျန်းရီကို မတားရဲချေ။ ပါ့တောက်တောင် ရဲတိုက်ထဲတွင် အကြမ်းဖက်လျှင် သုတ်သင်ခံရမည်ဖြစ်ကာ သူဆိုလျှင် ပိုဆိုးပေ၏။ ဒုတိယအလွှာ၌ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်နှစ်ဦး ရှိနေသည်။
ဘန်း
သေရည်ခွက်က တင့်တယ်သည့် ပွဲကြည့်စင်ထဲ၌ အပိုင်းပိုင်းအစစ ခြေမွှခံလိုက်ရသည်။ လူဝကြီးက ကျန်းရီ၏နောက်ကျောကို ကောက်ကျစ်ရက်စက်စွာ ကြည့်လိုက်သည်။ သူကလူကို ဝါးမြိုရန် ပြင်ဆင်နေသည့် တောရိုင်းတိရိစ္ဆာန်တစ်ကောင်နှင့် တူပေ၏။
“အစ်ကိုပါ့တောက်”
အပြင်ဘက်တွင် ရပ်နေသော ကောင်းကင်ဧကရာဇ် နှစ်ယောက်ထဲမှ တစ်ယောက်က ဝင်လာသည်။ ပါ့တောက်က သူ့လက်ထဲတွင် အရိုးကိုလှည့်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“ဖေးကော သူ့ကိုစောင့်ကြည့်ထား။ မြို့ပြင်ထွက်ပြီးတာနဲ့ အဲ့ဒီမျိုးမစစ်ကိုသတ်။ မြို့ပြင်ကို အဲ့ဒီမိန်းမပျက်တွေ ထွက်မယ်ဆိုရင် သူတို့ကို ဆွဲခေါ်ပြီး ငါ့ဆီပို့လိုက်”
“ဟုတ်ကဲ့”
ကောင်းကင်ဧကရာဇ် ဖေးကောက အရိုအသေ ပေးပြီးနောက် ထွက်သွားသည်။ မကြာမီ၌ မြို့ရင်ပြင်ထဲတွင် ပျောက်ကွယ်သွားတော့၏။
ကျန်းရီသည် မြို့အရှင်အိမ်တော်မှ ပြန်လာပြီးနောက် အပြင်ကိုဘယ်တော့မှ မထွက်ခဲ့ပေ။ သို့သော် ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် မြို့ကိုဆက်လက် စစ်ဆေးနေသည်။
မွန်းလွဲချိန်တွင် မြို့အရှေ့ဘက်ဂိတ်ဆီသို့ တပ်ဖွဲ့ဆယ်ဖွဲ့ ပြန်လာလေ၏။ အဖွဲ့တိုင်းက လူတစ်ထောင်ကျော် ပါရှိပြီး မြို့ဆီသို့ ခမ်းနားသည့် သွင်ပြင်ဖြင့် ချီတက်လာတာဖြစ်၏။ အဖွဲ့တိုင်းကို ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးက ဦးဆောင်သည်။ တစ်ယောက်မဟုတ်ပေ သို့သော် အဖွဲ့ထဲ၌ ကောင်းကင်ဧကရာဇ် ငါးယောက်ဆီ ရှိပေ၏။
ပြန်ရောက်လာပြီးနောက် တပ်ဖွဲ့ဆယ်ဖွဲ့က လူစုခွဲသွားသည်။ မြို့အရှေ့ဂိတ်ကနေ မည်သူမှ ဝင်ထွက်သွားလာခြင်း မရှိတော့ချေ။ မြို့အပြင်ဘက်ရှိ လျှပ်စီးလုံးများကလည်း ပျောက်ကွယ်သွားပြီး ကောင်းကင်မိုးကြိုးကျွန်းတစ်ခုလုံး ပိုနက်မှောင်လာ၏။
မြို့ရင်ပြင်နှင့် မြို့အရှင်အိမ်ခြံဝင်းက အလွန်ဆူညံနေလေ၏။ ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များ ပေါ်လာပြီး သူတို့တပ်ဖွဲ့များကို မြို့အရှင်အိမ်ဆီသို့ ဦးဆောင်ခေါ်သွား၏။ သူတို့က အပျော်ရှာမှာ သိသာနေသည်။
သန်းခေါင်ယံအချိန်၌ ကောင်းကင်မိုးကြိုးမြို့က တိတ်ဆိတ်နေသည်။ ကျန်းရီက လူတိုင်းကို အနားယူရန် ပြောလိုက်သော်ငြား သူကတင်ပြင်ခွေချိတ် ထိုင်ပြီးနောက် တစ်ညလုံး ကျင့်ကြံနေလေ၏။
မိုးမလင်းခင်၌ မြို့ကထပ်မံ စည်ကားလာပြန်သည်။ သိုင်းပညာရှင်များက မြို့ရင်ပြင်ဆီသို့ ဝင်ထွက်သွားလာနေကြ၏။ စုစုပေါင်း လူတစ်သောင်းက ရင်ပြင်၌ စုဝေးနေသည်။ တပ်စုဆယ်စု ခွဲသွားပြီးနောက် မြို့အရှေ့ဘက်ဂိတ်ဆီသို့ အဆုံးမရှိ လျှပ်စီးကြောင်းတစ်ခုသဖွယ် စမ်းရေပမာ ချီတက်သွားတော့သည်။ မြို့က လူတစ်သောင်း ချောချောမွေ့မွေ့ အဆင့်လိုက် ဖြတ်သန်းသွားနိုင်ရန် လုံလောက်အောင် ကျယ်ပေ၏။ မဟုတ်လျှင် ထိုလူများဖြတ်သွားရန် အချိန်ယူရအုံးပေမည်။
နေထွက်လာသည့် အချိန်တွင် လူတစ်သောင်းလုံး မြို့အပြင်သို့ ထွက်သွားပြီး မြို့ကတိတ်ဆိတ်သွားပြန်၏။ ကျန်းရီက ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် စုံစမ်းတာ ရပ်တန့်လိုက်သည်။ ပြီးနောက် လမ်းယမ်းပြကာ ပြောလိုက်၏။
“သွား မြို့ပြင်သွားကြမယ်”
“အပြင်ထွက်မှာလား”
ဖုန်းလန်နှင့် ကျန်သည့်သူများက ထိတ်လန့်ကုန်၏။ သူတို့သည် သုံးရက်အချိန်ရှိပြီး စတုတ္ထမြောက် နေ့မှသာ မိုးကြိုးကျောက်တုံးများ ပေးရန်လိုအပ်သည်။ ကျန်းရီက ဒုတိယမြောက်နေ့၌ မြို့အပြင်သို့ အဘယ်ကြောင့် ထွက်ချင်နေသနည်း။ သူတို့သတင်းအချက်အလက်များစွာ မစုဆောင်းရသေးခင် အပြင်ထွက်သည်က အမှန်တကယ် ဉာဏ်ရှိခြင်းပေလော။
ဖုန်းလန်က ကျန်းရီကို စကားပြောရန် ပြင်လိုက်သော်ငြား သူ၏ဆုံးဖြတ်ချက် ချထားပြီးသော မျက်နှာကို မြင်သောအခါ သူမက တိတ်တိတ်နေလိုက်သည်။ ကျန်သည့်သူများကသူ့ကို ဖြောင့်ဖြရန် ကြိုးတောင်မကြိုးစားကြချေ။ သူတို့က ထုတ်ပိုးစရာ များများစားစားမရှိဘဲ ထရပ်ပြီး အပြင်သို့ ထွက်လိုက်၏။
“ကောင်းပြီ မြို့အရှေ့ဘက်ဂိတ်ဆီ တတ်နိုင်သလောက် မြန်မြန်သွားကြ”
ခြံဝင်းအပြင်သို့ ရောက်သည်နှင့် ကျန်းရီက လက်ဝှေ့ယမ်းပြကာ ကျန်းရှောင်နူနှင့်အတူ ရှေ့တက်သွားသည်။ ဖုန်းလန်နှင့် ကျန်သည့်သူများက သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာ၏။ သူတို့က မြို့အရှေ့ဂိတ်ဆီသို့ တန်းတန်မတ်မတ် သွားကြ၏။
ကျန်းရီက စိတ်လွတ်သွားတာ မဟုတ်ပေ။
ဖုန်းလန်နှင့်အဖွဲ့က ယနေ့မြို့ကနေ သူထွက်သွားမည်ဟု မတွေးမိခဲ့လျှင် ရန်သူများက တွေးထင်မိမည်လော။ သူက စည်းမျဉ်းများအတိုင်း မလှုပ်ရှားသည့်အချိန်တွင် ရန်သူများ၏ အစီအစဉ်ကို နှောင့်ယှက်နိုင်ပြီး တန်ပြန်တိုက်ခိုက်ရန် အချိန်ပိုရပေလိမ့်မည်။
***