မိုးကြိုးမီး
Vol. 48 Ch. 656
ကျန်းရီခန့်မှန်းတာ မှန်ပေ၏။ သူ့လူများဖြင့် အပြင်ထွက်သည့်အချိန်တွင် သူ့ကိုစောင့်ကြည့်နေသည့် လူများက ထိတ်လန့်သွားကြသည်။ ကင်းထောက်များက သတင်းပြန်ပို့ပြီးသည့် အချိန်၌ သူတို့က အရှေ့ဘက်မြို့ဂိတ်ကနေ ထွက်သွားနှင့်ပြီဖြစ်သည်။
ကျန်းရီ၏ ရည်ရွယ်ချက်က သူတို့သတိ မပြုမိစေရန်ဖြစ်သည်။
မြို့အရှေ့ဘက်ဂိတ်သို့ ပြေးထွက်ပြီးနောက် သူက လှည့်ပတ်ကြည့်လိုက်ရာ သူ့ရှေ့၌ လမ်းမကျယ်ကြီးကို တွေ့လိုက်ရသည်။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်ဆီ၌ လူသူကင်းမဲ့နေသော ကွင်းပြင်ကို တွေ့လိုက်ရသည်။ သူက ဤနေရာတစ်ဝိုက်၌ မိုးကြိုးကျောက်တုံးများ တူးဖော်နေသည့်သူကို မတွေ့ပေ။ ဘယ်ဘက်ကို ကြည့်ပြီးနောက် ခပ်နက်နက်အသံဖြင့် အော်လိုက်လေ၏။
“ဖုန်းအာ အားလုံးကိုခေါ်ပြီး ငါ့နောက်က ကပ်လိုက်ခဲ့”
ကျန်းရီက ကျန်းရှောင်နူကို ဖုန်းလန်ဆီ အပ်ခဲ့သည်။ ပြီးနောက်သူက ချမ်ဝမ်ကွမ်း ကျန့်ဝူရွှမ်းတို့နှင့်အတူ ဘယ်ဘက်ခြမ်းရှိ လူသူကင်းမဲ့သော တောင်တန်းဆီသို့ ဦးတည်သွားသည်။ ချမ်ဝမ်ကွမ်းသည် ဗာဂျရာနယ်ပယ်သို့ ရောက်ပြီဖြစ်သော်ငြား ပျံသန်းခြင်းကို မသင်ယူရသေးပေ။ သူ့အတွက် သင်ယူရန် အချိန်ကောင်းမဟုတ်ပေ။
ဝှစ်
ဖုန်းလန်နှင့် ချင်ယွီက လူတစ်ယောက်ဆီ သယ်ပြီးနောက် နတ်ဘုရား သက်တံ့များသဖွယ် တောင်တန်းဆီသို့ ပျံသန်းသွား၏။ မကြာမီ၌ ဝေးလံသော တောင်တန်းများအတွင်း ပျောက်ကွယ်သွားသည်။
ဖုန်း ဖုန်း ဖုန်း
အရှေ့ဘက် ကောင်းကင်ထဲ၌ မိုးကြိုးများက အဆက်မပြတ် ပစ်နေလေ၏။ လျှပ်စီးလုံးများက ကောင်းကင်ကို ကြမ်းတမ်းသော မြွေဖြူကြီးများသဖွယ်ခွင်းလျက် ကျွန်းပေါ်ကို ပြင်းထန်စွာ ရိုက်ချလာ၏။ ကောင်းကင်မိုးကြိုးကျွန်း၌ ထူးကဲသောမြင်ကွင်း ဖြစ်နေလေသည်။
ဝှစ်
ငါးမိနစ်ခန့် ကြာပြီးနောက် ကောင်းကင်ဧကရာဇ် လေးယောက်သည် မြို့အရှေ့ဂိတ်ကနေ ပြေးထွက်လာလေ၏။ သူတို့က မချင့်မရဲ ဖြစ်နေပုံပေါ်ကာ တတ်နိုင်သလောက်အမြန် ပြေးလာခဲ့ကြတာပဲဖြစ်သည်။ ကောင်းကင်စိတ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်သော်ငြား ကျန်းရီကို ရှာမတွေ့ပေ။
“လိုက်ကြ”
ပါ့တောက်၏ လက်အောက်ငယ်သားဖြစ်သည့် ကောင်းကင်ဧကရာဇ် လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ဖေးကောက အော်လိုက်ပြီးနောက် လမ်းတောက်လျှောက် ပျံသန်းသွားကာ ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထား၏။
ဝှစ်
ထိုလူလေးယောက် ထွက်သွားပြီး မကြာမီ၌ (၁၂)ယောက် ထွက်လာပြီး ကောင်းကင်ဧကရာဇ် သုံးယောက်ပါဝင်သည်။ ကျန်သည့်သူများက အထွတ်အထိပ်အဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ကောင်းကင်ဧကရာဇ် တစ်ယောက်၌ ရက်စက်သည့် အကြည့်ရှိသည်။ သူက အနားရှိ အခြေအနေကို စစ်ဆေးပြီးနောက် ပြောလိုက်၏။
“သွားကြမယ်။ အဲ့ဒီအလှလေးတွေကို ခေါ်သွားရအောင်။ အဖွဲ့မှူးလုံက ငါတို့ကို ရက်ရက်ရောရော ဆုချီးမြှင့်မှာပဲ”
ထိုလူများက လူသူကင်းမဲ့သော တောင်တန်းဆီ တန်းမသွားပေ။ ပင်မလမ်းတောက်လျှောက် သွားလိုက်ပြီး တောင်တန်းများကို ကြောက်လန့်တကြားကြည့်၏။ တောင်တန်းများက မယုံနိုင်စရာ ကောင်းလောက်အောင် အန္တရာယ်များပေသည်။
အမှန်တကယ်ပင် ထိုတောင်တန်းများက အလွန်အန္တရာယ်များ၏။ ကျန်းရီနှင့် သူ့အဖွဲ့က အန္တရာယ်တွေ့နေပြီဖြစ်သည်။ သို့သော် တောင်ပေါ်တွင် နတ်ဆိုးသားရဲမရှိ။ သူတို့က ကီလိုမီတာများစွာ ပျံသန်းလာပြီးနောက် လေကရုတ်တရက် ပူလောင်လွန်းလှရာ ယွင်ဖေးနှင့် ကျန်သည့်သူများ မခံနိုင်လုနီးပါး ဖြစ်သွားသည်။
ကျန်းရီ၎င်း မီးဝိညာဉ်ပုလဲ ရှိနေလေရာ အပူဒဏ်ကို မခံစားရချေ။ သူက ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့ ချွေးများစိုရွှဲနေတာကို မြင်သည့်အခါ မေးလိုက်မိတော့သည်။
“မင်းတို့တွေ ဘာဖြစ်တာလဲ”
ချမ်ဝမ်ကွမ်းနှင့် ကျန့်ဝူရွှမ်းတို့က အပူဒဏ်ကြောင့် ရုန်းကန်နေရသည်။ ကျန်းရီက သူတို့ကို မေးလာသောအခါ ချမ်ဝမ်ကွမ်းက မချိပြုံးဖြင့် ဖြေလိုက်လေ၏။
“သူဌေး မင်းရောမပူဘူးလား။ အော် ဟုတ်သား မင်းက မီးမကြောက်ဘူးဆိုတာ မေ့သွားတယ်”
ကျန်းရီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ယွင်ဖေးနှင့် ကျန်သည့်သူများ၏မျက်နှာ နီရဲနေတာကို သဘောပေါက်သွားသည်။ သူတို့ဆံပင်များက ချွေးကြောင့် စိုရွှဲနေပြီဖြစ်သည်။ ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အမြန်စစ်ဆေးလိုက်၏။ သူတို့နားတွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် လက်ထဲတွင် ဧကရီနန်းတော်က ဖျတ်ခနဲ ပေါ်လာသည်။ သူက ယွင်ဖေး၊ ချမ်ဝမ်ကွမ်း၊ ကျန်းဝူရွှမ်း၊ ကျန်းရှောင်နူနှင့် ချင်ယွီတို့ကို ထည့်လိုက်၏။ ပြီးနောက် တိုက်ခိုက်ဖို့ အသင့်ပြင်ထားရန် အသံပို့လိုက်သည်။ သူက သူတို့၏ အကူအညီ လိုအပ်သည့် အချိန်၌ အချိန်မရွေး အပြင်သို့ ရွှေ့ပြောင်းခံရမှာပဲဖြစ်သည်။
“ဖုန်းအာ မင်းအဆင်ပြေလား။ ဒီမှာဘာကြောင့် အရမ်းပူနေရတာလဲ”
ကျန်းရီက ဖုန်းလန်ကို စိတ်ပူပန်စွာ မေးလိုက်သည်။ သူမက ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် ပြောလိုက်၏။
“သခင်လေးက ကျွန်မကို လျော့တွက်နေတာပဲ။ အပူဒဏ်များလွန်းရင် နတ်ဘုရားဒိုင်းကို ဖွင့်လိုက်မှာပေါ့။ ငါးဆမြင့်တဲ့ အပူချိန်ဆိုရင်တောင် ကျွန်မအဆင်ပြေတယ်”
“ကိုယ့်နောက်ကို ကြည့်ပေးထား။ အခြေအနေကို စစ်ဆေးဖို့ ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်အုံးမယ်”
ကျန်းရီက ခဏတာ တွေးပြီးနောက် တန်းတန်းမတ်မတ် ပျံသန်းသွားရန် ဆုံးဖြတ်ချက် ချလိုက်၏။ ဖုန်းလန်က သူ့နောက်မှ လိုက်ပါလာကာ တစ်ချိန်ထဲတွင် နတ်ဘုရားဒိုင်းကိုလည်း ဖွင့်လိုက်တော့သည်။ သူမက သတိထားလျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားသည်။
ကျန်းရီ၏ ကောင်းကင်သိမြင် နားလည်ခြင်းက လေပြေနှယ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အားလုံးတို့ကို စူးစမ်းတော့သည်။ မကြာမီ၌ အပူချိန် မြင့်မားရသည့် ရင်းမြစ်အကြောင်းအရင်းကို ရှာတွေ့သွား၏။ သူ့ရှေ့ရှိ တောင်တန်းထဲတွင် အပြာရောင် မီးလုံးများ မျောလွင့်နေ၏။ မီးက လှုပ်ရှားတာ မြန်ဆန်လွန်းလှရာ ကွင်းပြင်ထဲ၌ သရဲ၊တစ္ဆေတစ်ကောင် သွားနေသည့်ပမာ ခံစားရစေသည်။ တစ်ခါတစ်ရံတွင် မီးပေါ်၌ လျှပ်ပွင့်များက တလက်လက် တောက်နေ၏။ ကြည့်ရတာ အလွန်ကြောက်စရာကောင်းနေသည်။
“ဒါကဘယ်လို မီးမျိုးလဲ”
သူက ဖမ်းစားခံလိုက်ရ၏။ မီးက သူအနှစ်သက်ဆုံး အရာဖြစ်သည်။ သို့သော် ထိုမီးတောက်များက အလွန်ထူးဆန်းနေ၏။ တောင်တန်းနားတစ်ဝိုက် အဘယ့်ကြောင့် လှည့်လည်သွားလာနေရသနည်း။ ယင်းက လျှပ်ပွင့်များဖြင့်တောင် တောက်ပနေသေးသည်။ ယင်းက မည်ကဲ့သို့သော တစ္ဆေမီးလျှံမျိုးနည်း။ ယင်းသည်လည်း တစ္ဆေမီးလျှံမျိုးပေလော။
“မိုးကြိုးမီး”
မလှမ်းမကမ်းကနေ ဖျတ်ခနဲပေါ်လာသည့် ဟိန်းသံက ကျန်းရီကို သတိဝင်သွားစေသည်။ မီးလျှံက လျှပ်ပွင့်များဖြင့် တောက်ပနေပြီး မိုးကြိုးကြောင့် ဖြစ်လာသည့် မိုးကြိုးမီး ဖြစ်သင့်သည်။ သို့သော် မိုးကြိုးမီးက တောင်တန်းများထဲတွင် အဘယ်ကြောင့် ရှိနေမှန်း ကျန်းရီမသိပေ။
“ဟမ့် ဒါကမိုးကြိုးမီးလားဆိုတာ ငါသိနိုင်မလား။ ဘုံကိုးဘုံရဲ့ နဂါးမီးလျှံနဲ့ သူ့ရဲ့အပူချိန်က ယှဉ်နိုင်မှာလား။ မိုးကြိုးမီးက လျှပ်စီးတွေနဲ့ တောက်နေတာ။ အဲ့ဒါကိုယူဖို့ အနားကပ်သွားမယ်ဆိုရင် ငါရော ရိုက်ခတ်ခံရမှာလား”
ကျန်းရီက တွေဝေနေ၏။ သူကဆက်လက် စစ်ဆေးချင်သော်ငြား နောက်ကနေ လေအသံ ကြားလိုက်ရ၏။ ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် စစ်ဆေးပြီးနောက် မျက်လုံးအမြန်ဖွင့်ကာ ပြောလိုက်တော့၏။
“တစ်ယောက်ယောက် လာနေပြီ။ ဖုန်းအာ သွားကြမယ်”
ကောင်းကင်ဧကရာဇ် လေးယောက် ရောက်လာပြီး ကျန်းရီက သူတို့ထဲမှ တစ်ယောက်ကိုသိ၏။ သူက ပါ့တောက်၏လူ ဖေးကောဖြစ်သည်။ သူတို့က ကျန်းရီနှင့်ဖုန်းလန်နား မြင့်မားသည့် အရှိန်ဖြင့် အလွန်နီးကပ်စွာ လိုက်ပါလာတာပဲဖြစ်သည်။ သူတို့ကပ်လိုက်လာတာ သိသာ၏။ ထိုလူလေးယောက်က အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြောင်း ကျန်းရီရှာတွေ့ပြီးဖြစ်ရာ သူသည် တိုက်ခိုက်မှုကို တတ်နိုင်သမျှ ရှောင်ရန် မျှော်လင့်နေမိသေးသည်။
သူက ဖုန်းလန်အား သူ့ကိုသယ်သွားခိုင်းလိုက်ပြီးနောက် ဘယ်ဘက်ဆီသို့ သွားလိုက်သည်။ ထိုလူများက လမ်းတောက်လျှောက် တန်းတန်းမတ်မတ် ပြေးလာနေ၏။ ကျန်းရီက လမ်းမနှင့် ဆယ်ကီလိုမီတာမျှသာ ကွာသည်။သို့သော်ရန်သူက သူတို့ကို သေချာပေါက် ရှာတွေ့လိမ့်မည်။ ရန်သူက တောင်တန်းများအတွင်း ခြေမချသောကြောင့် သူသည် တောင်တန်းဒေသ ဗဟိုအတွင်းသို့ လှည့်ပတ်ပြေးပြီး သူတို့ရှာမတွေ့အောင် ပြေးနိုင်မှာ သေချာ၏။
ဝှစ်
ကျန်းရီနှင့် ဖုန်းလန်က ဝေဟင်ကို ဖြတ်ကျော်ပြီးနောက် မကြာမီ၌ သူတို့က တစ်ဆယ်ကီလိုမီတာကျော် ခရီးနှင်ခဲ့ပြီဖြစ်သည်။ သို့သော် ဖုန်းလန်က ရုတ်တရက် ရပ်တန့်ပြီးနောက် ပြောလိုက်၏။
“သခင်လေး အပူချိန်က မြင့်လွန်းတယ်။ ကျွန်မအတွင်းအား ကုန်ခမ်းမှုတွေ များလွန်းတယ်”
“အမ်”
ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် ရှေ့ကိုဖြန့်ကျက်ကြည့်လိုက်သည်။ သူတို့ဆီသို့ လာနေသည့် အပြာရောင် မီးလုံးကို တွေ့လိုက်ရသည်။ လှည့်ကြည့်ပြီးနောက် ပြောလိုက်၏။
“မင်းလည်း ဧကရီနန်းတော်ထဲ ဝင်သွားလိုက်။ ငါက မီးကိုမကြောက်ဘူး။ ဒီမှာဆို အလွန်လုံခြုံတာ”
“သခင်လေး ဂရုစိုက်နော်။ မီးတွေက လျှပ်စီးတွေ သယ်လာတာ။ ဒါ့ကြောင့် အစီအစဉ်မရှိဘဲ အနားမကပ်သွားနဲ့”
ဖုန်းလန်ကလည်း အပြာရောင် မီးလျှံများကို ရှာတွေ့ပြီး ကျန်းရီကို သတိပေးပြီးနောက် ဧကရီနန်းတော်ထဲ ဝင်လိုက်သည်။ ကျန်းရီက ခဏတာ ရပ်တန့်ပြီး မိုးကြိုးမီးများဆီသို့ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ မိုးကြိုးမီးများအတွင်း၌ လျှပ်စီး အမှန်တကယ် ရှိမရှိ အတည်ပြုလိုက်၏။
ချီ ချီ
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက မိုးကြိုးမီးနှင့် မီတာသုံးရာအကွာသို့သာ ရောက်သည့်အချိန်၌ မိုးကြိုးမီးမှ ရုတ်တရက် လျှပ်စီးပေါ်ထွက်လာပြီး မျောလွင့်နဂါးကဲ့သို့ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကို ပစ်ထုတ်လိုက်သည်။ ကောင်းကင်စိတ်အာရုံက ချက်ချင်း ပျောက်ကွယ်သွား၏။
“အား”
ကောင်းကင်စိတ်အာရုံ တစ်စ ဖျက်ဆီးခံလိုက်ရသည်နှင့် ကျန်းရီ၏ စိတ်ဝိညာဉ်က ထိခိုက်သွားသည်။ သူက ဝေဒနာကြောင့် လူးလွန့်သွားပြီး လက်နှစ်ဖက်က ခေါင်းကိုကိုင်ထားလိုက်သည်။ သူက ကျည်ဆန်သဖွယ် သွန်ကျလာပြီး အမြှောက်ဆံပမာ ပြုတ်ကျလာ၏။ သူသည် ကျောက်တုံးတစ်တုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင်တောင် ဝင်တိုက်မိသွားသည်။
“အား အား”
စိတ်ဝိညာဉ် ထိခိုက်မှုက စိတ်ဓာတ်ကျစရာ အကောင်းဆုံးဖြစ်သည်။ ကျန်းရီ၏ မျက်လုံးက အပြူးသား ပွင့်နေလေ၏။ ခေါင်းကိုကိုင်ထားကာ မြေပြင်ကို စစ်ဆေးလိုက်၏။ ပြင်းထန်သည့် နာကျင်မှုက တစ်ကိုယ်လုံးကို တုန်ယင်နေစေ၏။ ထိုခံစားချက်က ကြောက်မက်ဖွယ်ကောင်းလွန်းရာ သူ၏အသားကို ဓားဖြင့် လှီးဖြတ်သည်ထက် ပိုဆိုးသည်။
အနည်းငယ် ပိုကောင်းသွားရန်အတွက် ကျန်းရီက ငါးမိနစ် အချိန်ယူလိုက်ရသည်။ မြေပြင်ပေါ်၌ ပင့်သက်ရှိုက်လိုက်၏။ သူ၏စိတ်ဝိညာဉ် ထိခိုက်သွားကြောင်း သိလိုက်မိသည့်အချိန်တွင် အကြောက်တရား ခံစားနေရသေးဆဲဖြစ်သည်။ နဖူးပေါ်၌ ချွေးစေးများ ပျံလာ၏။
“အဲဒီမိုးကြိုးမီးကို ငါတကယ် မထိနိုင်ဘူး။ ကောင်းကင်စိတ်အာရုံ တစ်စတောင် အနားတောင် မကပ်ရခင် ဖျက်ဆီးခံလိုက်ရတယ်။ လူတစ်ယောက်သာဆိုရင် မိုးကြိုးအပစ်ခံရပြီး လျှပ်စီးကြောင့် ပြာဖြစ်သွားလောက်လား။ ပြာဖြစ်သွားမှာမလား”
ကျန်းရီသည် အစက မီးဝိညာဉ်ပုလဲသည် မိုးကြိုးမီးကို စုပ်ယူနိုင်လားဟု စမ်းသပ်ရန် ပြင်ဆင်ခဲ့သည်။ ယခုအချိန်တွင် သူက ကြိုးစားကြည့်ရန် အားမရှိတော့ပေ။ အစောပိုင်းက တွေ့ကြုံခဲ့ရသည့် ခံစားမှုက ကြောက်မက်ဖွယ်ကောင်းလွန်းရာ သူသေတော့မည်ဟု ထင်လိုက်သည်။
ဝှစ်
ထိုစဉ် လေကိုခွင်းသည့် အသံတစ်သံက ရုတ်တရက် ပေါ်ထွက်လာ၏။ လူလေးယောက်က သူ့ဆီ နတ်ဘုရား သက်တံများသဖွယ် တိုးဝင်လာသည်။ သူတို့က နတ်ဘုရားဒိုင်းများကို ဖွင့်ထားလျက် တောက်ပနေသည့် ရွှေရောင်အလင်းတို့ လွှမ်းခြုံနေလေသည်။ သူတို့က ထူးကဲနေပြီး ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားများသဖွယ် ထင်မှတ်ရစေသည်။
လူတစ်ယောက်က မလှမ်းမကမ်းကနေ အသံပို့လာ၏။
“ဟေ့ကောင် မင်းကရာရာစစ မိုးကြိုးတောင်ကြားထဲ ပြေးရဲတယ်ပေါ့။ တကယ်သတ္တိ ရှိတာပဲ။ မိုးကြိုးမီးကြောင့် မသေတာ ကံကောင်းတာပဲ။ မဟုတ်ရင် ဒါပေါ့ ဒါအရေးမကြီးပါဘူး။ မိန်းမလှလေးယောက်ကို လွှတ်ပေးလိုက်။ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင် မင်းသေရမယ်”
***