အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
အခန်း ၅၄၁ - နားလည်မှုလွဲခြင်း၊ မင်းမှာ ဘာပြောစရာ ကျန်သေးလဲ...
ချီစွမ်းအင်အိမ်တော်၏ ပြောင်းလဲမှုကို ခံစားလိုက်ရသည့်အခါ လော့ချန်သည် စိတ်လှုပ်ရှားသွားပြီး မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။
သူ ထင်မှတ်မထားသည်မှာ တစ်ချိန်လုံး မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့သော စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်သည် တစ်ညအတွင်းမှာတင် ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု ဖြစ်သည်။
စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်သာ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ပါက သူ၏ အစွမ်းမှာ သေချာပေါက် နောက်တစ်ဆင့်သို့ မြင့်တက်သွားပေလိမ့်မည်။ ဤသည်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့် သန်မာသူတစ်ဦး၏ အစွမ်းသို့ ရောက်ရှိသွားမည်ဖြစ်ရာ အဆင့် ၉ အထွတ်အထိပ် သန်မာသူများနှင့် ယှဉ်လျှင်ပင် များစွာ ကွာခြားတော့မည် မဟုတ်ပေ။
“တစ်ခါတည်းနဲ့ ချိုးဖြတ်နိုင်မလား ကြည့်ရတာပေါ့...”
လော့ချန်သည် ချီစွမ်းအင်ဆေးလုံး အနည်းငယ်ကို စားသုံးလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လျက် တရားထိုင်ကာ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုကို အစွမ်းကုန် လှုပ်ရှားလိုက်တော့သည်။
မကြာမီမှာပင်...
“ဂီး...”
လော့ချန်၏ ကိုယ်တွင်းမှ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်လှသော ချီလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားရာ နဂါးပုံသဏ္ဌာန် ချီစီးကြောင်းများကို မသိမသာ မြင်တွေ့နေရပြီး မြေပြင်ပေါ်ရှိ ကျောက်စိုင်များမှာလည်း လွင့်စင်သွားကြတော့သည်။
“အောင်မြင်ပြီ... စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ် ဒုတိယအဆင့်ပဲ...”
လော့ချန် မျက်လုံးများကို ဖွင့်လိုက်သည့်အခါ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပြည့်နှက်နေသည်။ စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ် ဒုတိယအဆင့်သို့ တက်လှမ်းခြင်းမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ချောမွေ့နေခဲ့ပြီ မဟုတ်ပါလား။
“ကြည့်ရတာ ပြင်းထန်တဲ့ ဖိအားတွေအောက်မှာ တိုက်ခိုက်ရတာက ကျင့်စဉ်ကို ပိုပြီးတော့ မြန်မြန် တိုးတက်စေတာပဲ...”
ကျင့်စဉ်တစ်ခုတည်း တိုးတက်သွားခြင်း မဟုတ်ပေ။ တစ်ညအတွင်းမှာတင် လော့ချန်၏ ကိုယ်တွင်းရှိ သွေးကြော ငါးဆယ့်လေးကြောင်းမှာလည်း ပိုမို ပြည့်စုံလာခဲ့ပြီး ချီစွမ်းအင်များမှာလည်း ဆူဝေနေတော့သည်။ ဤသည်မှာ ငါးဆယ့်ငါးကြောင်းမြောက် သွေးကြောကို ဖြစ်ပေါ်စေပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းတော့မည့် အရိပ်အယောင်ပင် ဖြစ်သည်။
“ဒါကြောင့်လည်း သန်မာတဲ့သူတွေက တစ်သက်လုံး ပြိုင်ဘက်ကောင်းတွေကို ရှာနေကြတာပဲ... တိုက်ပွဲတွေကမှ ကိုယ့်ရဲ့ ပုန်းကွယ်နေတဲ့ ပါရမီတွေကို နှိုးဆွပေးနိုင်သလို အကန့်အသတ်တွေကိုလည်း ကျော်ဖြတ်နိုင်တာပဲ...”
လော့ချန်သည် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။
အကယ်၍သာ ကျင်းယွီရှီး ဘေးနားတွင် ရှိမနေပါက သူသည် ဝိညာဉ်ကျောက်များကို တိုက်ရိုက် ဝါးမြိုလျက် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တစ်ခါတည်း တက်လှမ်းရန် ကြိုးစားမိပေလိမ့်မည်။
“ထားလိုက်ပါဦး... အရင်ဆုံး ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်ရမယ်... ဒဏ်ရာတွေ ပျောက်ကင်းသွားမှ ဖောက်ထွက်တာက ပိုပြီးတော့ စိတ်ချရတာပေါ့...”
လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီး စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် နှိမ်လိုက်သည်။
ယခုအခါ သူသည် ဒဏ်ရာရရှိထားသဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးမှာ အများဆုံး ခြောက်ဆယ်၊ ၇၀ ရာခိုင်နှုန်းခန့်သာ ရှိပေသည်။
အကယ်၍သာ ကျရှုံးသွားခဲ့မည်ဆိုပါက ချီစွမ်းအင်များကို ပြန်လည်စုစည်းရန် အချိန်များစွာ ပေးရမည်ဖြစ်ရာ မှန်ကန်သော လုပ်ရပ် မဟုတ်ပေ။ စိတ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်ပြီးနောက် လော့ချန်သည် စိတ်အာရုံ အနည်းငယ်ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အာရုံခံလျက် ကျင့်ကြံခြင်းနယ်ပယ်ထဲသို့ ထပ်မံ ဝင်ရောက်လိုက်ပြန်သည်။
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ရုတ်တရက် လော့ချန်သည် ပြင်းထန်လှသော ချီစွမ်းအင် လှုပ်ခတ်မှုအချို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို သတိပြုမိသွားသည်။
“လူတွေ လာနေပြီ...”
လော့ချန်၏ စိတ်ထဲမှ ထိတ်လန့်သွားရသည်မှာ မူချင်းလျန် ရောက်ရှိလာခြင်း ဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။ သူသည် ချက်ချင်းပင် စိတ်အာရုံကို ပြန်လည် သိမ်းဆည်းလိုက်ပြီး ချီစွမ်းအင် ထိန်းချုပ်ခြင်းကျင့်စဉ်ကို အစွမ်းကုန် လှုပ်ရှားလိုက်တော့သည်။
ခဏချင်းမှာပင် ပြင်းထန်လှသော အရှိန်အဝါ အချို့သည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို တစ်ပတ် ဝေ့ပတ်ကြည့်ကာ အဝေးသို့ ထပ်မံ ပျံသန်းသွားကြသည်။
လော့ချန် သက်ပြင်းတစ်ချက် အသာချလိုက်ရုံ ရှိသေးသည်။
ရုတ်တရက်...
ထွက်ခွာသွားသော လူအချို့မှာ ရုတ်တရက် နောက်သို့ ပြန်လှည့်လာကြပြီး တောင်ထိပ်၏ အထက်တွင် ရပ်တန့်လိုက်ကြသည်။
“မကောင်းတော့ဘူး...”
လော့ချန်သည် စိတ်ထဲမှ ထိတ်လန့်သွားပြီး ချက်ချင်းပင် ကျင်းယွီရှီး၏ ဘေးသို့ သွားကာ လက်ကို ဝှေ့ယမ်းလျက် ချီစွမ်းအင် ကာကွယ်ရေး အလွှာတစ်ခုကို ဖန်တီးလိုက်တော့သည်။
နောက်တစ်ခဏတွင်...
“ဘုန်း...”
မိုးကြိုးပစ်သံအလား ပြင်းထန်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တောင်ထိပ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
ဘုန်းခနဲ အသံနှင့်အတူ ဧရာမ ချီစွမ်းအင် လက်ဝါးကြီးတစ်ခုသည် တောင်ထိပ်၏ အစိတ်အပိုင်းလေးတစ်ခုကို တိုက်ရိုက် ဖယ်ရှားပစ်လိုက်သဖြင့် တောင်ခါးပန်းရှိ ကျောက်ဂူမှာ ပေါ်ထွက်လာခဲ့လေသည်။
“ညီမလေး ကျင်းယွီရှီးပဲ...”
ဝမ်းသာအားရ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
လော့ချန်သည် ကျင်းယွီရှီးကို ခေါ်ဆောင်၍ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထိုစကားသံကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ရပ်တန့်လိုက်ကာ အထက်သို့ မော့ကြည့်လိုက်သည်။
ပါးလွှာသော တိမ်တိုက်များကြားတွင် လှပကျော့ရှင်းသော ပုံရိပ်အချို့မှာ တောင်ထိပ်အထက်၌ ရပ်နေကြသည်။
ထိုအမျိုးသမီးများ၏ ဝတ်စုံပေါ်တွင် တိမ်လွှာပုံစံ အမှတ်အသားများ ပါရှိနေကြပြီး ဆံနွယ်ရှည်များမှာလည်း ရေတံခွန်အလား ရှိနေကာ အသားအရေမှာလည်း ဆွဲဆောင်မှုရှိသော အလင်းတန်းများဖြင့် ဝင်းပနေသဖြင့် နတ်မိမယ်များအလား ရှိနေတော့သည်။
“လော့ရှာဂိုဏ်းက အတွင်းစည်းတပည့်တွေပဲ... နောက်ဆုံးတော့ ရောက်လာကြပြီ...”
လော့ချန်၏ စိတ်ထဲတွင် တည်ငြိမ်သွားခဲ့သည်။ အကယ်၍ မူချင်းလျန်သာ ထပ်မံ တွေ့ရှိသွားခဲ့မည်ဆိုလျှင် သူသည် ဘေးကင်းစွာ လွတ်မြောက်နိုင်ရန်အတွက် အပြည့်အဝ ယုံကြည်မှု ရှိမနေတော့ပေ။ လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့် အချို့သည် အရှိန်အဟုန်ဖြင့် ဆင်းသက်လာခဲ့ကြပြီး ကျင်းယွီရှီး၏ ပုံစံကို မြင်လိုက်ရသည့်အခါ တစ်ဦးချင်းစီ၏ အကြည့်များမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
ကျင်းယွီရှီးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ သွေးစွန်းနေသော ဝတ်စုံမှာလည်း စုတ်ပြတ်သတ်နေကာ အသားအရေများမှာ ဟိုတစ်စ ဒီတစ်စ ပေါ်ထွက်နေသဖြင့် အဝတ်အစားပင် ဝတ်မထားသကဲ့သို့ ထင်မှတ်ရသည်။ ဤမျှလောက် ဆွဲဆောင်မှုရှိသော မြင်ကွင်းကြောင့် လော့ရှာဂိုဏ်း တပည့်မလေးများ၏ မျက်နှာမှာ ရှက်သွေးဖြာသွားကြသည်။
အလယ်တွင် ရှိနေသော အရပ်ရှည်ရှည်နှင့် ယင်းလီ၏ မျက်နှာမှာ အေးစက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် အပြာရောင် အလင်းတန်းများ ဝင်းလက်လာကာ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း တစ်ဟုန်ထိုး အေးစက်သွားပြီး ခဲလုနီးပါး ဖြစ်သွား၏။ သူမ၏ အကြည့်မှာ လော့ချန်ထံသို့ စိုက်ကြည့်လျက် အော်ဟစ်လိုက်သည်။
“လူယုတ်မာ... မင်း ငါတို့ လော့ရှာဂိုဏ်း တပည့်ကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့လေ...”
“ဒါက နားလည်မှုလွဲတာပါ...”
လော့ချန်က ရှင်းပြရန် ပြင်လိုက်သည်။
သို့သော်လည်း ယင်းလီမှာမူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ညှိုးဖြင့် လေထဲတွင် တို့လိုက်သည်။
“ရှူး...”
အေးစက်လှသော ချီစွမ်းအင်မှာ လေထဲတွင် ခဲသွားပြီး ဧရာမ နှင်းဓားကြီးတစ်ခုအဖြစ် ပြောင်းလဲလျက် လော့ချန်ထံသို့ ခုတ်ပိုင်းကျဆင်းလာလေသည်။ ထိုအထဲတွင် ပါဝင်သော အအေးဓာတ်ကြောင့် ပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာလည်း တစ်ခဏချင်းတွင် ခဲသွားရပြီး နှင်းမှုန်များပင် ကျဆင်းလာခဲ့သည်။
“မိုးမြေအရှိန်အဟုန်ကို လှုပ်ရှားနိုင်သတဲ့လား... အဆင့်မြင့်သန်မာသူပဲ...”
နှင်းဓားကြီးမှာ အနားသို့ မရောက်သေးမီမှာပင် ထိုထိတ်လန့်ဖွယ်ကောင်းသော အအေးဓာတ်ကြောင့် လော့ချန်မှာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားကာ သွေးလှိုင်းများနှင့် ချီစွမ်းအင်များပင် အေးခဲတော့မည့်အလား ခံစားလိုက်ရသည်။
“ပေါက်ကွဲစမ်း...”
ရှင်းပြနေရန် အချိန်မရှိတော့သဖြင့် လော့ချန်သည် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို တိုက်ရိုက် အသုံးပြုလိုက်ရာ သူ၏ ပုံရိပ်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး လေထဲတွင် ပျော်ဝင်လျက် အနောက်သို့ အစွမ်းကုန် ဆုတ်ခွာလိုက်တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ပုံရိပ်ယောင်များမှာ တစ်ခုပြီးတစ်ခု ခဲသွားပြီး ပျက်စီးသွားသလို ဧရာမ နှင်းဓားကြီးမှာလည်း လော့ချန်၏ ပုံရိပ်ကို ပွတ်ကာ သီကာဖြင့် ကျဆင်းသွားခဲ့သည်။
“ဘုန်း...”
နှင်းဓားကြီးသည် လော့ချန်နှင့် ကျင်းယွီရှီးတို့၏ အလယ်တည့်တည့်သို့ ကျရောက်သွားပြီး တောင်ထိပ်ကြီးတစ်ခုလုံးကို နှစ်ခြမ်း ခွဲပစ်လိုက်တော့သည်။ အက်ကြောင်းမှာ အလွန်ပင် ဖြောင့်တန်းလှပြီး ထူထဲလှသော ရေခဲလွှာများ ဖုံးလွှမ်းနေသဖြင့် ကြည့်ရသူကို ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။
လော့ချန်သည် မီတာထောင်ချီသော အကွာအဝေးသို့ ဆုတ်ခွာလိုက်ရပြီး ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် သူ၏ ကိုယ်တွင်းဒဏ်ရာများမှာ ပြန်လည် လှုပ်ရှားလာသဖြင့် သွေးပင် အန်ထွက်လုနီးပါး ဖြစ်သွားရသည်။
အေးခဲနေသော မိမိ၏ ဝတ်စုံကို ငုံ့ကြည့်လိုက်သည့်အခါ လော့ချန်၏ မျက်နှာမှာ ချက်ချင်းပင် ညိုမည်းသွားတော့သည်။
တစ်ညလုံး လိုက်လံလုပ်ကြံခံခဲ့ရသဖြင့် သူသည် စိတ်ထဲမှ အလွန်ပင် ဒေါသထွက်နေရသည်မဟုတ်ပါလော။ ယခုအခါ ဘေးကင်းပြီဟု ထင်မှတ်ခဲ့သော်လည်း လော့ရှာဂိုဏ်း တပည့်များက အမှားအမှန်ကို မခွဲခြားဘဲ တိုက်ခိုက်နေကြပြန်သဖြင့် ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။
“တောက်... ဒါက နားလည်မှုလွဲတာပါလို့ ငါ ပြောပြီးပြီပဲလေ... မင်းတို့က လူစကားကို နားမလည်ကြဘူးလား...”
အကယ်၍ မိမိကိုယ်တိုင်က တစ်ဖက်လူ၏ ပြိုင်ဘက် မဟုတ်သည်ကို မသိခဲ့ပါက လော့ချန်သည် ရှေ့သို့ တက်၍ ပါးနှစ်ချက် ရိုက်ပစ်ချင်စိတ်ပင် ပေါက်နေချေပြီ။
“မင်းလို လူယုတ်မာကများ... စီနီယာအစ်မ ယင်းလီကို ဆဲရဲတယ်ပေါ့လေ... တကယ်ပဲ သတ္တိကတော့ ကောင်းသားပဲ...”
“ညီမလေး ကျင်းယွီရှီးက ဒီလောက်အထိ ဖြစ်နေတာတောင်... သက်သေတွေ အကုန်ရှိနေတာကို မင်းက ဘာလို့ ထပ်ပြီး ငြင်းချင်နေသေးတာလဲ...”
ယင်းလီ ဆဲဆိုခံလိုက်ရသည်ကို မြင်ရသည့်အခါ လော့ရှာဂိုဏ်း တပည့်မလေးများမှာ ဒေါသထွက်သွားကြပြီး ဒေါသထွက်နေသော ကျားသစ်မလေးများအလား ရှိနေကြတော့သည်။
ယင်းလီသည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူများကို တားမြစ်လိုက်ကာ ဆိုသည်။
“အရင်ဆုံး ညီမလေး ကျင်းယွီရှီးကို သွားကြည့်ကြစမ်း...”
ထို့နောက် ယင်းလီ၏ လှပသော မျက်ဝန်းအစုံမှာ လော့ချန်ထံသို့ ထပ်မံ ရောက်ရှိသွားကာ အေးစက်စွာ ဆိုလိုက်သည်။
“ဒါက နားလည်မှုလွဲတာ ဟုတ်မဟုတ်ဆိုတာ မကြာခင်မှာပဲ သိရမှာပါ... ထွက်ပြေးဖို့ မစဉ်းစားနဲ့... မဟုတ်ရင်တော့...”
ယင်းလီသည် လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ရာ အေးစက်လှသော ချီစွမ်းအင် လက်ဝါးကြီးမှာ ဟိန်းဟောက်ထွက်ပေါ်သွားပြီး ဘေးနားရှိ တောင်ထိပ်တစ်ခုကို ဖိနှိပ်လိုက်တော့သည်။
“ဘုန်း...”
နှင်းမှုန်များမှာ ကောင်းကင်ယံအနှံ့ ပြန့်ကျဲသွားပြီး ထိုတောင်ထိပ်၏ ထက်ဝက်ခန့်မှာ အေးခဲသွားကာ ရေခဲတောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့၏။
“ဒီအရူးမကတော့...”
လော့ချန်သည် ထိုစကားကို အော်ဟစ်ဆဲဆိုချင်သော်လည်း အေးခဲသွားသော တောင်ထိပ်ကို မြင်သည့်အခါတွင်မူ စကားလုံးများကို ပြန်လည် မြိုချလိုက်ရသည်။
ဤအမျိုးသမီး၏ စိတ်နေစိတ်ထားမှာ ဒေါသထွက်စရာ ကောင်းသော်လည်း အစွမ်းမှာမူ အမှန်တကယ်ပင် သန်မာလှပေသည်။ ခန့်မှန်းရသလောက်တော့ ကျင်းလော့မင်နှင့် ထိုဆံဖြူသူအိုကြီးတို့ထက်ပင် သာလွန်နေပုံရသဖြင့် သေချာပေါက် ထိတ်လန့်ဖွယ်ကောင်းသော လူတစ်ဦးပင် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း လော့ချန်သည် တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို ဒီအတိုင်း ငြိမ်ခံမည့်သူ မဟုတ်သဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“တကယ်လို့ မင်းသာ နားလည်မှုလွဲတာဆိုရင်ရော ဘယ်လိုလုပ်မလဲ...”
ယင်းလီသည် ခေတ္တမျှ မှင်တက်မိသွားရသည်။ လော့ချန်က သူမအား ပြန်လည် မေးခွန်းထုတ်ဝံ့လိမ့်မည်ဟု သူမ မထင်ထားသဖြင့် ခေတ္တမျှ ဘာပြန်ပြောရမည်မှန်း မသိဘဲ ဖြစ်နေတော့သည်။
ထိုစဉ် လော့ရှာဂိုဏ်း တပည့်မလေးအချို့မှာ ကျင်းယွီရှီး၏ ဘေးသို့ ရောက်ရှိသွားကြပြီး သူမ၏ ဒဏ်ရာမှာ အလွန်ပြင်းထန်နေသည်ကို မြင်လိုက်ရသည့်အခါ လော့ချန်ကို အရှင်လတ်လတ် သတ်ပစ်ချင်သော အကြည့်များဖြင့် ကြည့်နေကြတော့သည်။ တပည့်မလေးတစ်ဦးက ဆေးပုလင်းလေး တစ်ခုကို ထုတ်ယူကာ ကျင်းယွီရှီးအား တိုက်ကျွေးလိုက်သည်။
ကျင်းယွီရှီးသည် ယခင်က သွေးလင်ဇီးမှိုကို စားသုံးထားသဖြင့် များစွာ နာလန်ထူနေပြီဖြစ်ရာ ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။
“အား...”
သတိရလာသည်နှင့် ကျင်းယွီရှီးမှာ မိန်းမောနေဆဲဖြစ်သဖြင့် မိမိကိုယ်ကို လွှသွားငါးမန်းများ၏ လိုက်လံလုပ်ကြံမှုကို ခံနေရဆဲဟု ထင်မှတ်ကာ အော်ဟစ်လိုက်မိပြီး နူးညံ့လှသော ကိုယ်ဟန်မှ ချီစွမ်းအင် လှုပ်ခတ်မှုများ ထွက်ပေါ်လာသလို မျက်ဝန်းများကလည်း ဝေးရာရှိ လော့ချန်ထံသို့ ရောက်ရှိသွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယင်းလီ၏ လှပသော မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး လော့ချန်ကို စူးစူးဝါးဝါး စိုက်ကြည့်လျက် အော်ဟစ်လိုက်သည်။
“မင်းမှာ ဘာပြောစရာ ကျန်သေးလဲ...”
အခန်း ၅၄၁ ပြီးပါပြီ။
အခန်း ၅၄၂ - နှာဗူးကောင်နှင့် လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်...
“ကျွီ... ကျွီ...”
ယင်းလီသည် လော့ချန်ကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် လေထုထဲရှိ ရေငွေ့များမှာ ခဲသွားပြီး နှင်းပွင့်များအလား တဖွဲဖွဲ ကျဆင်းလာခဲ့သည်။
လော့ချန်သည် ပြင်းထန်လှသော အအေးဓာတ်ကို ချက်ချင်း ခံစားလိုက်ရပြီး မျက်ခုံးနှင့် ဆံပင်များပေါ်တွင် နှင်းမှုန်များ ဖုံးလွှမ်းသွားကာ တစ်ကိုယ်လုံးရှိ သွေးများပင် ခဲတော့မည့်အလား ရှိနေတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ကိုယ်တွင်းရှိ သွေးလှိုင်းများမှာ ဟုန်းဟုန်းတောက် ဆူဝေလာပြီး ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ လော့ချန်၏ ကိုယ်တွင်း၌ လှည့်ပတ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားသည်နှင့် ထိုနှင်းမှုန်များမှာ ချက်ချင်းပင် ကွဲအက်ပျက်စီးသွားပြီး သန်မာလှသော သွေးလှိုင်းများက ထိုအေးစက်လှသော အအေးဓာတ်ကို တန်ပြန် ချေဖျက်လိုက်တော့သည်။
“ဒီအမျိုးသမီးက တကယ်ကို သန်မာတာပဲ...”
လော့ချန်သည် စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားရသည်။ အကြည့်တစ်ချက်တည်းနှင့်ပင် ဤမျှအထိ အစွမ်းရှိနေသည်မှာ ကျင်းလော့မင်နှင့် ထိုဆံဖြူသူအိုကြီးတို့ထက် များစွာ သာလွန်နေသည်မဟုတ်ပါလော။
ဂိုဏ်းကြီး သုံးဂိုဏ်း၏ လူငယ်မျိုးဆက် အမျိုးသမီးတပည့်များထဲတွင် သူသည် ယွမ်မန်လီ၏ ကိုယ်ပေါ်၌သာ ဤမျှလောက်သော ဖိအားမျိုးကို ခံစားခဲ့ဖူးခြင်း ဖြစ်သည်။
ယင်းလီမှာလည်း အနည်းငယ် အံ့သြသွားပြီး လော့ချန်ကို တစ်ချက် ဝေ့ကြည့်ကာ ဆိုလိုက်သည်။
“သွေးလှိုင်းတွေက မြစ်ကြီးတစ်စင်းအလား ပြင်းထန်နေတာပဲ... သွေးလှိုင်းတွေနဲ့တင် ငါ့ရဲ့ ‘အေးစက်ခြင်း အငွေ့အသက်’ ကို ခုခံနိုင်တယ်ဆိုတော့... မင်းလို နှာဗူးကောင်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို သန်မာတဲ့ ကိုယ်ခံစွမ်းအား ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”
“ဒါပေမဲ့ နှမြောစရာပဲ... မင်းက ငါတို့ လော့ရှာဂိုဏ်း တပည့်ကိုတောင် တိုက်ခိုက်ရဲမှတော့ မင်းအတွက် သေလမ်းပဲ ရှိတော့တယ်...”
စကားပြောနေစဉ်မှာပင် ယင်းလီသည် သူမ၏ လှပသော ခြေထောက်လေးဖြင့် လေထဲတွင် တို့လိုက်ပြီး လော့ချန်ထံသို့ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူမ နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ခဲသွားရပြီး အအေးဓာတ်မှာလည်း တစ်ခဏချင်းမှာပင် ဆယ်ဆမက ပြင်းထန်လာခဲ့ချေပြီ။
“ရှူး... ရှူး... ရှူး... ရှူး...”
ကောင်းကင်နှင့် မြေကြီးကြားတွင် နှင်းမှုန်များ လွင့်ပျံနေပြီး မိုင်ဆယ်ဂဏန်းအတွင်း၌ ပြင်းထန်လှသော ဆောင်းလေအေးများ တိုက်ခိုက်နေသဖြင့် လူတိုင်းမှာ အရိုးထဲအထိ စိမ့်ဝင်နေသော အအေးဓာတ်ကို ခံစားနေကြရသည်။
ယင်းလီသည် ထိုနှင်းမုန်တိုင်းကြားတွင် ရပ်နေသည်မှာ ကောင်းကင်ဘုံမှ နတ်မိမယ်တစ်ပါးအလား သန့်စင်အေးစက်လှပေသည်။
လော့ချန်သည် အသက်ရှူရပင် ခက်ခဲလောက်သော ဖိအားကို ခံစားလိုက်ရသဖြင့် အမြန်ဆုံး ချီစွမ်းအင်များကို လှုပ်ရှားလျက် ထိုအအေးဓာတ်ကို ခုခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌လည်း ဒေါသများ ထွက်ပေါ်လာသဖြင့် ယင်းလီကို ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
“နှာဗူးကောင်ဆိုတာ ဘာကို ပြောတာလဲ... မင်းတို့ လော့ရှာဂိုဏ်း တပည့်တွေက ဒီလိုမျိုးပဲ အမှားအမှန် မခွဲခြားဘဲ လူတွေကို အပြစ်တင်တတ်ကြတာလား...”
“ဒီအခြေအနေ ရောက်နေတာတောင် မင်းက ငြင်းချင်နေသေးတာလား...”
ယင်းလီသည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး လော့ချန်၏ ခါးတွင် ချိတ်ထားသော အမှတ်အသား တံဆိပ်ပြားကို သတိပြုမိသွားသဖြင့် လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
“ဝှစ်...”
လော့ချန်သည် ပြင်းထန်လှသော ဆွဲငင်အားတစ်ခု သူ၏ ကိုယ်ပေါ်သို့ သက်ရောက်လာသည်ကို ခံစားလိုက်ရပြီး အမှတ်အသား တံဆိပ်ပြားမှာလည်း ထိန်းချုပ်၍ မရဘဲ လွင့်ထွက်သွားတော့သည်။
“လော့ချန်... ရွှမ်ယွမ်ဂိုဏ်းရဲ့ အဓိကတပည့် ဖြစ်နေတာကိုး...”
ယင်းလီသည် တံဆိပ်ပြားကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်မှာ ပိုမို အေးစက်သွားတော့သည်။
“ဒါကြောင့်လည်း မင်းက မောက်မာနေတာကိုး... ရွှမ်ယွမ်ဂိုဏ်းရဲ့ အဓိကတပည့် ဆိုတဲ့ နာမည်ကို အသုံးချပြီး မင်း ဘာမဆို လုပ်လို့ရမယ်လို့ ထင်နေတာလား...”
လော့ချန်သည် ထိုအေးစက်လှသော ဖိအားများအောက်တွင် မိမိကိုယ်ကို ရယ်ချင်စိတ်ပင် ပေါက်လာတော့သည်။ အမှန်တကယ်တွင်မူ အလွန်ပင် ရိုးရှင်းလှသော ကိစ္စတစ်ခုကို ကျင်းယွီရှီးအား မေးမြန်းလိုက်ရုံဖြင့် အဖြေထွက်နိုင်ပါလျက် တစ်ဖက်လူကမူ ဤမျှလောက်အထိ အတင်းအဓမ္မ လုပ်နေသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းလှသည်မဟုတ်ပါလော။ သူက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
“ငါ ဘာတွေ လုပ်ခဲ့လို့လဲ... မင်းသာလျှင် အခြေအနေကို သေသေချာချာ မသိဘဲနဲ့ လူကို အပြစ်ပုံချနေတာလေ... ဒါဟာ တကယ့်ကို ဆင်ခြင်တုံတရား ကင်းမဲ့တာပဲ... မင်းရဲ့ လုပ်ရပ်ကမှ ဘာမဆို လုပ်ချင်သလို လုပ်နေတာ မဟုတ်ဘူးလား...”
“မင်းကများ စီနီယာအစ်မကို ပြန်ပြီး အာခံရဲတယ်ပေါ့... တကယ်ပဲ သတ္တိကတော့ ကောင်းသားပဲ... စီနီယာအစ်မ ယင်းလီ... သူ့ကို သေသေချာချာ သင်ခန်းစာ ပေးလိုက်စမ်းပါ...”
“မှန်တယ်...”
လော့ရှာဂိုဏ်း တပည့်မလေးများမှာလည်း ဆူညံသွားကြပြီး လော့ချန်ကို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုနေကြတော့သည်။
လူသူမရှိသော နေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေကြသလို ကျင်းယွီရှီး၏ ပုံစံမှာလည်း ဤသို့ ဖြစ်နေသည်ဖြစ်ရာ သူတို့၏ စိတ်ထဲတွင် လော့ချန်အား ကာမရမ္မက် ကြီးမားလှသော လူယုတ်မာ တစ်ဦးအဖြစ် သတ်မှတ်ထားကြချေပြီ။
“ငါက ဆင်ခြင်တုံတရား ကင်းမဲ့တယ် ဟုတ်လား...”
ယင်းလီသည် လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာတွင် မည်သည့် အမူအရာမျှ ရှိမနေသော်လည်း ပတ်ဝန်းကျင်ရှိ အပူချိန်မှာမူ အလွန်ပင် အေးစက်သွားခဲ့ချေပြီ။ သူမ မည်မျှအထိ ဒေါသထွက်နေသည်ကို လူတိုင်း ခံစားမိနေကြသည်။
ထိုစဉ်...
အေးစက်လှသော ဆောင်းလေအေးများကြောင့် မိန်းမောနေသော ကျင်းယွီရှီးမှာ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ချေပြီ။
“စီနီယာအစ်မ ယင်းလီ... နေဦးပါဦး...”
လက်ရှိ အခြေအနေကို မြင်လိုက်ရသည့်အခါ ကျင်းယွီရှီးသည် အတင်းအကျပ် ရုန်းကန်၍ နေရာမှ ထလိုက်သည်။
ယင်းလီသည် အကြည့်ကို လွှဲလိုက်ပြီး လော့ချန်ကို လက်ညှိုးညွှန်ပြကာ မေးလိုက်သည်။
“ညီမလေး ကျင်း... ဒီကောင် မင်းကို စော်ကားတာ မဟုတ်လား... ဘာမှ စိုးရိမ်မနေနဲ့... သူက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့တော့ စီနီယာအစ်မက မင်းအတွက် တရားမျှတမှုကို ရှာပေးမယ်...”
“မှန်တယ်... ညီမလေး ကျင်း... ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ပြောပြစမ်းပါဦး...”
လော့ရှာဂိုဏ်းမှ အတွင်းစည်းတပည့်များမှာလည်း ကျင်းယွီရှီးကို ဝိုင်း၍ မေးမြန်းကြတော့သည်။
ကျင်းယွီရှီးက အလောတကြီး ခေါင်းခါယမ်းလိုက်ပြီး တုံ့ပြန်လိုက်သည်။
“စီနီယာအစ်မတို့... အားလုံး နားလည်မှုလွဲနေကြတာပါ...”
“မနေ့ညက ကျွန်မနဲ့ လော့ချန် အတူတူ ဂိုဏ်းကို ပြန်လာကြတာပါ... ဒါပေမဲ့ လမ်းခုလတ်မှာ ကျိလော့ဂိုဏ်းက မိစ္ဆာမတစ်ယောက်ရဲ့ လိုက်လံလုပ်ကြံတာကို ခံရလို့ အကူအညီတောင်းတဲ့ အချက်ပြမှုကို ကျွန်မ ပစ်လွှတ်လိုက်တာပါ... လမ်းတစ်လျှောက်လုံးမှာ လော့ချန်က ကျွန်မကို ကာကွယ်ပေးခဲ့လို့သာ ကျွန်မ အသက်ရှင်နေရတာပါ...”
“သူက မင်းကို ကယ်ခဲ့တာ ဟုတ်လား...”
လူတိုင်းမှာ မှင်တက်မိသွားကြရသည်။ အခြေအနေမှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။
ကျင်းယွီရှီးက ခေါင်းညိတ်လိုက်ပြီး လော့ချန်ကို တစ်ချက် ကြည့်ကာ ဆိုသည်။
“အဲဒီမိစ္ဆာမက တကယ့်ကို သန်မာတာပါ... တကယ်လို့ လော့ချန်သာ မရှိခဲ့ရင်တော့ ကျွန်မ သေချာပေါက် အသက်ရှင်တော့မှာ မဟုတ်ပါဘူး...”
လော့ရှာဂိုဏ်း တပည့်မလေးများမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ခေတ္တမျှ ဘာပြောရမည်မှန်း မသိဘဲ ရှိနေကြတော့သည်။
သူတို့သည် ယခုတင်က လော့ချန်ကို လူသတ်သမား၊ မုဒိန်းကောင်တစ်ဦးအဖြစ် သတ်မှတ်ပြီး လူယုတ်မာဟု တစ်ခွန်းပြီးတစ်ခွန်း ဆဲဆိုခဲ့ကြသည် မဟုတ်ပါလော။ ယခုမူ အမှန်တရားက ဆန့်ကျင်ဘက် ဖြစ်နေချေပြီ။
ယင်းလီသည်လည်း မှင်တက်မိသွားရသည်။ ကျင်းယွီရှီး၏ စကားက သူမအား တုန်လှုပ်သွားစေခဲ့သည်မှာ အမှန်ပင်။
လော့ချန်မှာမူ စောစောက ဒေါသများ ထွက်နေခဲ့သဖြင့် ယခုအချိန်တွင် တစ်ဖက်လူအား မျက်နှာသာပေးနေရန် မလိုတော့ဘဲ ယင်းလီကို ကြည့်ကာ အေးစက်စွာ လှောင်ပြောင်လိုက်သည်။
“မင်း ခုနက ငါ့ကို လူယုတ်မာလို့ ခေါ်ခဲ့တယ်လေ... အခုတော့ အမှန်တရားက ပေါ်ပေါက်သွားပြီဆိုတော့... မင်း ငါ့ကို တစ်ခုခုတော့ ရှင်းပြရမယ် မဟုတ်လား...”
ထိုစကားကြောင့် ရှိနေကြသော လော့ရှာဂိုဏ်း တပည့်များမှာ အံ့သြသွားကြရသည်။ လော့ချန်သည် ယင်းလီအား ဤကဲ့သို့ စကားပြောရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။ ယင်းလီကို ရှင်းပြခိုင်းနေသည်တဲ့လား။
ဤသည်မှာ တစ်ခါမှ မဖြစ်ဖူးသေးသော ကိစ္စပင် ဖြစ်တော့သည်။
ကျင်းယွီရှီးက အခြေအနေကို ထိန်းသိမ်းရန်အတွက် ရှေ့သို့ တိုးလိုက်ပြီး နှစ်ဦးသားအား မိတ်ဆက်ပေးလိုက်သည်။
“လော့ချန်... ဒီမမက ငါတို့ လော့ရှာဂိုဏ်းရဲ့ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ စီနီယာအစ်မ ယင်းလီ ပဲ... စီနီယာအစ်မ ယင်းလီ... သူကတော့ ရွှမ်ယွမ်ဂိုဏ်း တပည့် လော့ချန် ပါ...”
ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲက ယင်းလီတဲ့လား။
လော့ချန်သည် တစ်ဖက်လူ၏ အဆင့်အတန်းမှာ မရိုးရှင်းကြောင်း ခန့်မှန်းထားသော်လည်း လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် တစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသည် ဤလူ၏ အကြောင်းကို ကြားဖူးခဲ့သည်။ သူမသည် မကြာသေးမီ နှစ်အနည်းငယ်အတွင်းမှာမှ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲသို့ တက်လှမ်းလာသူဖြစ်ပြီး နာမည်ကျော်ကြားလှသဖြင့် လူအများက ယင်းလီနှင့် ယွမ်မန်လီတို့အား နှိုင်းယှဉ်လေ့ ရှိကြသည်။
သို့သော်လည်း မည်သူက ပို၍ သန်မာသနည်းဆိုသည်ကိုမူ အဖြေရှာ၍ မရနိုင်သေးပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယင်းလီသည် သူမ၏ ညာဘက် လက်စွပ်ကို အသာအယာ ပွတ်သပ်လိုက်ရာ ဆေးပုလင်းလေး တစ်ခု သူမ၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
“ဒီထဲမှာ သွေးကြောပွင့် ဆေးလုံး ငါးလုံး ပါတယ်... ငါ ထင်တာ မမှားဘူးဆိုရင်တော့ မင်းရဲ့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ကို ရောက်နေပြီးတော့ မကြာခင်မှာ ဖောက်ထွက်တော့မှာပဲ... ဒီဆေးလုံးတွေက မင်းရဲ့ အဆင့်တက်လှမ်းဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်... ဒါဟာ ဂျူနီယာညီမလေး ကျင်းယွီရှီးကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ရော၊ ငါ ခုနက မင်းအပေါ် နားလည်မှုလွဲခဲ့တာ အတွက်ပါ လျော်ကြေးအဖြစ် ပေးတာပါ...”
ယင်းလီသည် လက်ညှိုးဖြင့် တစ်ချက် တို့လိုက်ရာ ဆေးပုလင်းလေးမှာ လော့ချန်ထံသို့ လွင့်ပျံသွားခဲ့သည်။ သူမ၏ အမူအရာမှာမူ အထက်စီးမှနေ၍ ဆုလာဘ် ပေးသနားနေသကဲ့သို့ ရှိနေတော့သည်။
“ဝှစ်...”
လော့ချန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးပုလင်းကို အနောက်သို့ ပြန်လည် တွန်းပို့လိုက်ကာ အေးစက်စွာ ဆိုလိုက်သည်။
“ငါက လိုချင်တဲ့ အရာကို ငါကိုယ်တိုင်ပဲ ယူတတ်တယ်...”
အကယ်၍သာ ဤဆေးလုံး ငါးလုံးကို လက်ခံလိုက်မည်ဆိုပါက တစ်ဖက်လူအား စိတ်အေးသွားစေရုံသာမက မိမိကိုယ်ကိုလည်း အထင်သေးခံရစေမည် မဟုတ်ပါလော။
သူ၏ ဂုဏ်သိက္ခာမှာ ဤမျှလောက်သော ဆေးလုံး ငါးလုံးလောက်သာ ရှိသည်လား။
ထို့အပြင် မနေ့ညက ပြင်းထန်လှသော တိုက်ပွဲကို ကြုံတွေ့ခဲ့ရသဖြင့် လော့ချန်၏ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းရန် အတားအဆီးမှာ ပြေလျော့နေချေပြီ။ နောက်ထပ် အချိန်အနည်းငယ် ပေးလိုက်ရုံနှင့် အရာအားလုံးမှာ အလိုလို ဖြစ်ပေါ်လာမည်ဖြစ်ရာ မည်သည့် အတားအဆီးမျှ ရှိနေတော့မည် မဟုတ်ပေ။
“ဟင်...”
ယင်းလီသည် ဆေးပုလင်းကို ပြန်လည် ဖမ်းယူလိုက်ပြီး လော့ချန်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။
လော့ချန် ငြင်းပယ်လိမ့်မည်ဟု သူမ မထင်ထားသဖြင့် အံ့သြသွားရသလို စိတ်ထဲတွင်လည်း အနည်းငယ် မကျေမနပ် ဖြစ်သွားကာ သူမ၏ လှပသော မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
သူမ ယူဆထားသည်မှာ လော့ချန် ငြင်းပယ်ခြင်းမှာ ဟန်ဆောင်နေခြင်းသာ ဖြစ်ပြီး ပိုမိုများပြားသော အကျိုးအမြတ်များကို လိုချင်နေခြင်း ဖြစ်မည်ဟု ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သွေးကြောပွင့် ဆေးလုံးဆိုသည်မှာ သာမန် ဆေးလုံးမျိုး မဟုတ်ဘဲ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများအတွက် အလွန်ပင် တန်ဖိုးရှိလှသော ဆေးလုံးများ ဖြစ်သည်မဟုတ်ပါလော။
ယင်းလီသည် ထပ်မံ၍ လက်စွပ်ကို ပွတ်သပ်လိုက်ပြီး နောက်ထပ် ဆေးပုလင်းလေး တစ်ခုကို ထုတ်ယူကာ အေးစက်လှသော လေသံဖြင့် ဆိုလိုက်သည်။
“ဆေးလုံး တစ်ဆယ်ပဲ...”
လော့ရှာဂိုဏ်း တပည့်များမှာ စိတ်ထဲမှ တုန်လှုပ်သွားရသည်။
သွေးကြောပွင့် ဆေးလုံး ဆယ်လုံးဆိုသည်မှာ နည်းပါးလှသော ပမာဏ မဟုတ်ပေ။ ၎င်းမှာ ဂိုဏ်းကြီး သုံးဂိုဏ်း၏ အဓိကတပည့်များပင်လျှင် လိုချင်တပ်မက်ရမည့် အရာပင် ဖြစ်သည်။
လှပကျော့ရှင်းသော လော့ရှာဂိုဏ်း တပည့်မလေးတစ်ဦးက ဆိုသည်။
“ဆေးလုံး တစ်ဆယ်လုံးဆိုတာ စီနီယာအစ်မ ယင်းလီ အနေနဲ့ အတော်လေးကို စေတနာထားတာပဲ... မင်းက ဒါကိုမှ မကျေနပ်သေးဘူးဆိုရင်တော့ လောဘကြီးလွန်းရာ ရောက်နေပြီနော်...”
ငါက လောဘကြီးတယ် ဟုတ်လား။
လော့ချန် မှင်တက်မိသွားရသည်။
နားလည်မှုလွဲတာ ခံရတဲ့သူက ငါလေ။
ထားလိုက်ပါတော့။
လော့ချန်သည် မိမိကိုယ်မိမိ အထင်ကြီးနေကြသော ဤအမျိုးသမီးများနှင့် ဆက်လက် ငြင်းခုံနေရန် မလိုလားတော့သဖြင့် ယင်းလီကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
“မင်းဟာတွေကို ငါ မလိုချင်ပါဘူး... ဒါပေမဲ့ မင်း ငါ့အပေါ် နားလည်မှုလွဲခဲ့တာဆိုတော့... အနည်းဆုံးတော့ တောင်းပန်သင့်တာ ပေါ့...”
ယင်းလီသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းမှာ သူမ ထင်ထားသည်နှင့် လုံးဝ ကွဲပြားနေသည်မဟုတ်ပါလော။ တစ်ဖက်လူက သဘောတူလိမ့်မည် သို့မဟုတ် ပိုမိုများပြားသော အကျိုးအမြတ်များကို တောင်းဆိုလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ပြီး မည်သို့ တုံ့ပြန်ရမည်ကိုလည်း ကြိုတင် စဉ်းစားထားခဲ့ပြီးသားပင်။
လော့ချန်၏ အဖြေက သူမအား အနည်းငယ် အကျပ်ရိုက်သွားစေခဲ့သည်။
ယင်းလီသည် လော့ချန်ကို သေသေချာချာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆေးပုလင်းကို ကျင်းယွီရှီး၏ လက်ထဲသို့ အပ်နှံလိုက်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။
“ညီမလေးငယ် ကျင်း... အဲဒီကျိလော့ဂိုဏ်းက မိစ္ဆာမက အစိမ်းရောင် ဝတ်စုံကို ဝတ်ထားပြီး အသက် နှစ်ဆယ်ကျော်လောက် ရှိတဲ့၊ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ်မှာ ရှိနေတဲ့ အမျိုးသမီးလား...”
ကျင်းယွီရှီးက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်... စီနီယာအစ်မ သူ့ကို တွေ့ခဲ့လို့လား...”
“သူပဲ...”
“ခုနလေးတင်ပဲ ငါတို့ သူ့ကို တွေ့ခဲ့တာလေ...”
ဘေးမှ လော့ရှာဂိုဏ်း တပည့်မလေးများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး လွန်ခဲ့သော တစ်နာရီခန့်က လော့ယန့်မြစ်တွင် တွေ့ရှိခဲ့သော သနားစဖွယ် ဖြစ်နေသည့် အမျိုးသမီးကို သတိရလိုက်ကြသည်။
ယင်းလီ၏ မျက်နှာတွင် အေးစက်လှသော အပြုံးတစ်ခု ပေါ်ထွက်လာပြီး အမိန့်ပေးလိုက်သည်။
“မင်းတို့ ညီမလေး ကျင်းယွီရှီးကို ဂိုဏ်းကို ပြန်ခေါ်သွားပြီး ဒဏ်ရာကုပေးလိုက်ကြ... ငါ သွားကြည့်ဦးမယ်... ဘယ်သူကများ ဒီလောက်အထိ သတ္တိကောင်းနေရတာလဲဆိုတာကိုပေါ့...”
စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် ယင်းလီ၏ ပုံရိပ်မှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လော့ယန့်မြစ် ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
အခန်း ၅၄၂ ပြီးပါပြီ။
အခန်း ၅၄၃ - ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း... မင်းကို အမြင်ဖွင့်ပေးရတာပေါ့...
“ဟေး... မင်းက ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား...”
လော့ချန်သည် ယင်းလီ ထွက်ခွာသွားရာ အရပ်မျက်နှာဘက်သို့ လှမ်း၍ အော်ဟစ်လိုက်ရာ သူ၏ အသံမှာ ဝေးရာသို့ ပျံ့လွင့်သွားခဲ့သည်။
ဝေဝါးလှသော အမြင်အာရုံကြားတွင် ယင်းလီ၏ ပုံရိပ်မှာ ခေတ္တမျှ တန့်သွားသည်ဟု လော့ချန် ထင်မှတ်လိုက်မိသည်။
ဘေးမှ ကျင်းယွီရှီးက လော့ချန်အား ရှေ့သို့တိုး၍ တားဆီးလိုက်ပြီး ချိုသာသော လေသံဖြင့် ဆိုသည်။
“လော့ချန်... စီနီယာအစ်မ ယင်းလီက ငါတို့ လော့ရှာဂိုဏ်းရဲ့ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲက တစ်ယောက်လေ... သူလည်း သူ့ရဲ့ ဂုဏ်သိက္ခာနဲ့သူ ရှိတာပေါ့... နောက်ပြီး ဒီကိစ္စက ငါ့ကြောင့် ဖြစ်ရတာဆိုတော့... သူ့ကိုယ်စား ငါပဲ တောင်းပန်ပါရစေ...”
စကားပြောနေစဉ်မှာပင် ကျင်းယွီရှီးသည် ဆေးပုလင်း နှစ်လုံးကို လော့ချန်ထံသို့ ကမ်းပေးလိုက်ပြီး သူမ၏ တောက်ပသော မျက်ဝန်းလေးများဖြင့် မျက်တောင်ခတ်ပြလိုက်သည်။
“ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်... ဟုတ်ပြီလား...”
ကျင်းယွီရှီး၏ မျက်ဝန်းများမှာ ကြည်လင်နေပြီး နီရဲနေသော နှုတ်ခမ်းလွှာလေးနှင့် သူမ၏ လေသံမှာလည်း အလွန်ပင် နူးညံ့နေသဖြင့် ယခင်ကနှင့် များစွာ ကွဲပြားနေတော့သည်။
လော့ချန်သည်လည်း သိရှိထားသည်မှာ အစွမ်းနှင့် အဆင့်အတန်းကသာ စကားပြောခွင့်ကို ဆုံးဖြတ်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ထိပ်သီးမျိုးဆက်တပည့် တစ်ဦးအား သူ့ကို ဦးညွှတ်တောင်းပန်ခိုင်းရန်မှာမူ အတန်ငယ် ခက်ခဲလှသည် မဟုတ်ပါလား။
နောင်တစ်ချိန်တွင် သူ၏ အစွမ်းမှာ သန်မာလာပြီး တစ်ဖက်လူနှင့် တန်းတူ ရင်ဘောင်တန်းနိုင်မှသာ တန်းတူညီမျှ ဆွေးနွေးနိုင်မည့် အရည်အချင်း ရှိပေလိမ့်မည်။
“ကောင်းပြီလေ... မင်းရဲ့ မျက်နှာကို ထောက်ပြီးတော့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်...”
လော့ချန်သည် သွေးကြောပွင့် ဆေးလုံး နှစ်ပုလင်းကို လှမ်းယူလိုက်ပြီး အသာအယာ မြှောက်ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘လက်ဆောင်ပေးတာတောင် ဆေးလုံး ငါးလုံး... တစ်ဆယ်လုံး ပေးတာဆိုတော့... ဒီ ယင်းလီ က တကယ်ပဲ လက်ဖွာတာပဲ...’
သွေးကြောပွင့် ဆေးလုံး တစ်လုံးလျှင် ငွေကျပ် သိန်းတစ်ရာ သို့မဟုတ် သိန်းနှစ်ရာခန့် တန်ဖိုးရှိရာ ဆယ်လုံးဆိုလျှင် သိန်းထောင်ချီသော ကြွယ်ဝမှုပင် ဖြစ်သည်မဟုတ်ပါလော။
၎င်းမှာ လော့ချန်အတွက်လည်း နည်းပါးလှသော ပမာဏ မဟုတ်ပေ။ ဤဆေးလုံး ဆယ်လုံးက သူ၏ ကျင့်ကြံဆင့်ကို ပိုမို မြန်မြန် ဖောက်ထွက်နိုင်ရန် အထောက်အကူ ဖြစ်စေမှာ သေချာလှသည်။
ထိုစဉ် ဘေးနားမှ အေးစက်လှသော လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။
“ဟွန်း... ပါးစပ်ကတော့ အပြောကောင်းနေတာပဲ... နောက်ဆုံးတော့လည်း အကျိုးအမြတ်တွေ အများကြီး လိုချင်လို့ မဟုတ်လား... စီနီယာအစ်မ ယင်းလီရဲ့ စိတ်ထားက ကောင်းလွန်းလို့သာ မင်းကို အရေးမလုပ်တာနော်...”
စကားပြောလိုက်သူမှာ မျက်ဝန်းရှည်များရှိပြီး လှပသော မျက်နှာထားနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ ခါးမှာ သေးသွယ်လှသလို ရင်သားအစုံမှာလည်း သူမ၏ စိတ်နေစိတ်ထားကဲ့သို့ပင် မောက်မာစွာ ထွက်ပေါ်နေပြီး လော့ချန်ကို အေးစက်စွာ တစ်ချက် ဝေ့ကြည့်လိုက်သည်။
ကျင်းယွီရှီးက အလောတကြီး ခေါင်းခါယမ်းလိုက်သည်။
“စီနီယာအစ်မ ချီယွဲ့... လော့ချန်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး...”
“ဟင်းဟင်း...”
ချီယွဲ့ ဟု အမည်ရသော တပည့်မလေးက အေးစက်စွာ ရယ်မောလိုက်ပြီး လော့ချန်၏ လက်ထဲရှိ ဆေးပုလင်းများကို ကြည့်ကာ ဆိုသည်။
“ညီမလေး ကျင်း... မင်းက စိတ်ထား အရမ်းရိုးသားလွန်းတယ်... လူတွေကိုလည်း အလွယ်တကူ ယုံကြည်လွန်းတယ်လေ... နောင်ကျရင် လောကထဲမှာ လှည့်လည်တဲ့အခါ သေသေချာချာ သတိထားမှ ဖြစ်မယ်... တချို့လူတွေရဲ့ အပြောကောင်းတာတွေကို မယုံမိစေနဲ့ဦး...”
ငါ့ကိုများ လာပြီး စောင်းမြောင်းနေတယ်ပေါ့လေ။
လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူသည် တစ်ဖက်လူက သူ့ကို လာရောက် စော်ကားနေခြင်း ဖြစ်ကြောင်း နားလည်လိုက်သဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ ချီယွဲ့ကို စိုက်ကြည့်လျက် အေးစက်စွာ ဆိုလိုက်သည်။
“ငါက အကျိုးအမြတ် လိုချင်တာ ဖြစ်ဖြစ်... မလိုချင်တာ ဖြစ်ဖြစ်... မင်းနဲ့ ဘာဆိုင်လို့လဲ... သူက ငါ့အပေါ် နားလည်မှုလွဲခဲ့တာဆိုတော့ တောင်းပန်သင့်တာပေါ့... မင်းတို့ လော့ရှာဂိုဏ်းရဲ့ ထိပ်သီးမျိုးဆက်တပည့် ဆိုတဲ့ ဂုဏ်သိက္ခာက ဒီ ဆေးလုံး ဆယ်လုံးလောက်တောင် တန်ဖိုး မရှိဘူးလား...”
“မင်း...”
ချီယွဲ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး လော့ချန်၏ စကားကြောင့် ပြန်လည် မချေပနိုင်ဘဲ ရှိနေသဖြင့် ဒေါသတကြီး ဆိုလိုက်သည်။
“လက်တွေ့အမှန်တရားကို မင်းနဲ့ ငြင်းခုံနေဖို့ ငါ့မှာ အချိန်မရှိဘူး... မင်း ဆေးလုံးတွေကို လက်ခံလိုက်ပြီဆိုမှတော့ ဒီကိစ္စက ပြီးသွားပြီပဲ... နောင်ကျရင်တော့ လာပြီး ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ပြဿနာ မရှာနဲ့တော့...”
ငါက ဆင်ခြင်တုံတရား ကင်းမဲ့တယ် ဟုတ်လား။ လော့ချန်သည် စိတ်ပျက်သွားပြီး ဤကဲ့သို့ မိမိကိုယ်မိမိ အထင်ကြီးနေသော အမျိုးသမီးများနှင့် ဆက်လက် စကားမပြောလိုတော့ပေ။
မင်းက ဘယ်လောက်ပဲ အမှန်တရားကို ပြောပြော... တစ်ဖက်လူကတော့ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ မင်းကို အပြစ်ပုံချနေမှာပဲ မဟုတ်ပါလား။ အကောင်းဆုံး နည်းလမ်းမှာ လျစ်လျူရှုထားခြင်းပင် ဖြစ်သည်။
ပြဿနာများ ပြေလည်သွားသည်ကို မြင်ရသည့်အခါ ကျင်းယွီရှီးသည် သက်ပြင်းတစ်ချက် အသာချလိုက်ပြီး လော့ချန်ကို အားနာသော အပြုံးတစ်ခု ပြသလိုက်သည်။ တစ်ဖက်တွင် လော့ချန် ရှိနေသလို အခြားတစ်ဖက်တွင်လည်း သူမ လေးစားရသော စီနီယာအစ်မ ရှိနေသဖြင့် နှစ်ဦးသားကြားတွင် ပဋိပက္ခ မဖြစ်စေလိုခြင်းပင်။
“ညီမလေး ကျင်း... အရင်ဆုံး ဂိုဏ်းကို ပြန်ပြီး ဒဏ်ရာကုရအောင်...”
ချီယွဲ့သည် အကြည့်ကို လွှဲလိုက်ပြီး ကျောက်စိမ်း ပလွေငယ်တစ်ခုကို ထုတ်ယူကာ နှုတ်ခမ်းတွင် တေ့လျက် အသာအယာ မှုတ်လိုက်သည်။ ကြည်လင်လှသော ပလွေသံနှင့်အတူ မကြာမီမှာပင် ကောင်းကင်ယံမှ ကြိုးကြာသံများ ထွက်ပေါ်လာသည်။
“ဝှစ်...”
တိမ်တိုက်များ ပွင့်ထွက်သွားပြီး လေပြင်းများ တိုက်ခတ်လာခဲ့ပြီးနောက် ခန့်ညားလှသော ကိုယ်ဟန်နှင့် ဦးခေါင်းပေါ်တွင် ရောင်စုံ အမွှေးအတောင် သုံးခု ပါရှိသည့် ကြိုးကြာဖြူ နှစ်ကောင်မှာ တိမ်တိုက်များကြားမှ ထိုးထွက်လာပြီး သူတို့၏ ဘေးနားသို့ ဆင်းသက်လာခဲ့သည်။
၎င်းတို့မှာ လော့ရှာဂိုဏ်းမှ မွေးမြူထားသော စီးတော်ယာဉ် ရောင်စဉ်သုံးသွယ် ကြိုးကြာများပင် ဖြစ်၏။
“ညီမလေး ကျင်း...”
“ဘာတွေ ဖြစ်ခဲ့တာလဲ...”
ရောင်စဉ်သုံးသွယ် ကြိုးကြာများ၏ ကျောပေါ်မှ လော့ရှာဂိုဏ်း အတွင်းစည်းတပည့် နှစ်ဦး ဆင်းသက်လာကြပြီး ကျင်းယွီရှီး ဒဏ်ရာရထားသည်ကို မြင်သည့်အခါ စိုးရိမ်တကြီး မေးမြန်းကြတော့သည်။ လူအချို့က ဖြစ်ပျက်သမျှ အကြောင်းအရာများကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ ချီယွဲ့က ဆိုသည်။
“စီနီယာအစ်မ ယင်းလီ ကိုယ်တိုင် ထွက်သွားတာဆိုတော့ အဲဒီမိစ္ဆာမကတော့ လွတ်မှာ မဟုတ်တော့ဘူး... အရင်ဆုံး ဂိုဏ်းကို ပြန်ကြရအောင်...”
စကားပြောနေစဉ်မှာပင် ချီယွဲ့သည် ရောင်စဉ်သုံးသွယ် ကြိုးကြာတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ပြီး အခြားသော လော့ရှာဂိုဏ်း တပည့်များလည်း ကိုယ်စီ ထွက်ခွာရန် ပြင်လိုက်ကြသည်။ ကျင်းယွီရှီးက လော့ချန်အား ဖိတ်ခေါ်လိုက်သည်။
“လော့ချန်... မင်းလည်း တက်လာခဲ့လေ...”
ထိုစကားကြောင့် ရှိနေကြသော လော့ရှာဂိုဏ်း တပည့်မလေးများမှာ အံ့သြသွားကြရသည်။ ချီယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။
“ညီမလေး ကျင်း... မင်း တိုက်ခိုက်ခံရတဲ့ သတင်းက ဂိုဏ်းကို ရောက်သွားပြီလေ... အဲဒါကြောင့် အမြန်ဆုံး ပြန်ပြီးတော့ အခြေအနေကို ရှင်းပြရမယ်... အချိန်ဆွဲနေလို့ မဖြစ်ဘူး...”
စကားပြောနေရင်း ချီယွဲ့က အကြည့်ကို လွှဲလိုက်ပြီး သူမ၏ လှပသော မျက်နှာတွင် လှောင်ပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။
“ဒီ သခင်လေးလော့ ကတော့ စရိုက်က တော်တော်လေး ပြတ်သားတာပဲ... အသံကလည်း ဟိန်းနေပြီး စိတ်ဓာတ်ကလည်း မီးတောက်လို တက်ကြွနေတာဆိုတော့... ဒဏ်ရာက သိပ်မပြင်းထန်လောက်ပါဘူး... သူကိုယ်တိုင်ပဲ ရွှမ်ယွမ်ဂိုဏ်းကို ပြန်သွားနိုင်မှာပါ... ငါတို့ လိုက်ပို့ပေးဖို့ မလိုလောက်ဘူး မဟုတ်လား...”
“စီနီယာအစ်မ ချီယွဲ့... အဲဒီလို မဟုတ်ပါဘူး...”
ကျင်းယွီရှီး သတိရသွားပြီး ထိုသူများမှာ လော့ချန်၏ အဆင့်အတန်းကို မသိသေးကြောင်း ရိပ်မိလိုက်သဖြင့် ချက်ချင်းပင် ဆိုလိုက်သည်။
“လော့ချန်က ငါတို့နဲ့အတူ ဂိုဏ်းကို လိုက်လာမှာပါ...”
“သူက ငါတို့နဲ့အတူ ဂိုဏ်းကို လိုက်လာမယ် ဟုတ်လား... ညီမလေး ကျင်း... သူက မင်းကို ကူညီခဲ့တာ မှန်ပေမဲ့ ငါတို့ လော့ရှာဂိုဏ်းက အမျိုးသားတွေကို လာခွင့်မပြုဘူးဆိုတာ မင်း သိမှာပါ... ဒီကိစ္စက ငါတို့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ...”
ချီယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် လော့ချန်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ မေးလိုက်သည်။
“ရွှမ်ယွမ်ဂိုဏ်း တပည့် လော့ချန် တဲ့လား... ဒါဆိုရင် မင်းက မနှစ်က ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့တဲ့သူ မဟုတ်လား... မဟုတ်ဘူး... ဒါ မဖြစ်နိုင်တာ...”
ဤစကား ထွက်လာသည်နှင့် ချီယွဲ့သည် လော့ချန်ကို သေသေချာချာ ပြန်လည် စစ်ဆေးကြည့်လိုက်သော်လည်း ချက်ချင်းပင် ခေါင်းခါယမ်းလျက် သူမ၏ ထင်မြင်ချက်ကို ပြန်လည် ငြင်းဆိုလိုက်သည်။ လော့ချန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အဆင့် ၇ သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း သူမ မြင်တွေ့နေရသည်မဟုတ်ပါလော။
သို့သော်လည်း ထိုလော့ချန်မှာ လွန်ခဲ့သော လအနည်းငယ်ခန့်ကမှ ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲတွင် နံပါတ်တစ် ရရှိခဲ့ခြင်းဖြစ်သလို အသုံးမကျသော သိုင်းဝိညာဉ်ကိုလည်း နိုးကြားထားသူ ဖြစ်သည်။ တိုးတက်မှုနှုန်း မည်မျှပင် မြန်ဆန်ပါစေ... တိုတောင်းလှသော လအနည်းငယ်အတွင်းမှာတင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်ရှိရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော်လည်း...
“စီနီယာအစ်မ ချီယွဲ့... သူက အဲဒီ လော့ချန် ပါပဲ...”
ကျင်းယွီရှီးက ခေါင်းညိတ်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။
“လော့ချန်က အကြီးအကဲ ပိကျိုးရွှေ ဆီကနေ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့် တစ်ကြိမ် ရထားတာလေ... အခု လော့ရှာဂိုဏ်းကို လာတာကလည်း အဲဒီကိစ္စအတွက်ပဲ...”
“မင်းက တကယ်ပဲ အဲဒီ လော့ချန် လား... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“အပြင်စည်းတပည့်ဟောင်း ယန်ချင်းရှုံးတောင်မှ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၄ ကို ရောက်တာလေ...”
“လအနည်းငယ်အတွင်းမှာတင် ထုံရွှမ်နယ်ပယ် ကနေ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ကို ရောက်သွားပြီး ရွှမ်ယွမ်ဂိုဏ်းရဲ့ အဓိကတပည့် ဖြစ်လာတယ်တဲ့လား... ဒါက အံ့သြစရာ ကောင်းလွန်းတာပဲ... ကြားရသလောက်တော့ သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာ မဟုတ်လား...”
လော့ရှာဂိုဏ်း တပည့်မလေးများမှာ တစ်ဦးချင်းစီ မယုံကြည်နိုင်သော... သိချင်စိတ် ပြင်းပြနေသော... ထို့နောက် ထိတ်လန့်တုန်လှုပ်နေသော အကြည့်များဖြင့် လော့ချန်ကို စိုက်ကြည့်နေကြတော့သည်။
ကျင်းယွီရှီးသည် လော့ချန်ကို တစ်ချက် ခိုးကြည့်လိုက်ပြီး စိတ်ထဲမှ တွေးတောနေမိသည်မှာ အကယ်၍ စီနီယာအစ်မများသာ လော့ချန်သည် ကျင့်ကြံဆင့် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်နေရုံတင်မကဘဲ ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒကိုပါ နားလည်ထားပြီး ရွှမ်ယွမ်ဂိုဏ်း ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် လုရှောင်ကျင့်ကိုပါ အေးအေးဆေးဆေး အနိုင်ယူခဲ့သည်ကို သိသွားလျှင်မူ မည်သို့သော အမူအရာ ဖြစ်သွားကြမည်နည်း။ သေချာပေါက် တကယ့်ကို အံ့သြဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာမှာပါလေ။
ခေတ္တမျှ ကြာပြီးနောက်မှသာ လူတိုင်း သတိပြန်ဝင်လာကြပြီး ချီယွဲ့သည် လော့ချန်ကို အထက်စီးမှ တစ်ချက် ဝေ့ကြည့်ကာ ခပ်အေးအေးပင် ဆိုလိုက်သည်။
“မင်းက ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့်အတွက် စစ်ဆေးခံရမယ့် အခွင့်အရေး ရထားတာပဲ ရှိတာပါ... သေချာပေါက် ကျင့်ကြံခွင့် ရမယ်လို့တော့ မဆိုလိုဘူးနော်... ငါ့အနေနဲ့ စေတနာနဲ့ သတိပေးပါရစေ... သိပ်ပြီးတော့ မျှော်လင့်ချက် မထားတာ အကောင်းဆုံးပဲ...”
“ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ စစ်ဆေးမှုက အဓိကအားဖြင့် ကျင့်ကြံသူရဲ့ ဝိညာဉ်စွမ်းအားကို စစ်ဆေးတာလေ... ဝိညာဉ်စွမ်းအားဆိုတာကလည်း ကိုယ်နိုးကြားထားတဲ့ သိုင်းဝိညာဉ် အဆင့်အတန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတာဆိုတော့... မင်းရဲ့ ပါရမီနဲ့ဆိုရင်တော့ သွားလည်း အလကားပဲ ဖြစ်မှာပါ... အချိန်ဖြုန်းနေတာပဲ ရှိလိမ့်မယ်...”
“ဝှစ်...”
စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် ချီယွဲ့သည် သူမ စီးနင်းထားသော ရောင်စဉ်သုံးသွယ် ကြိုးကြာကို လှုပ်ရှားလိုက်သည်။ ကြိုးကြာသံ တစ်ချက်နှင့်အတူ ရောင်စဉ်သုံးသွယ် ကြိုးကြာသည် မြားတစ်စင်းအလား ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တိမ်တိုက်များကြား၌ ပျောက်ကွယ်သွားတော့သည်။
ဟင်းဟင်း... စေတနာနဲ့ သတိပေးတာတဲ့လား။ လော့ချန်သည် ထွက်ခွာသွားသော ချီယွဲ့၏ အနောက်ကျောကို ကြည့်ကာ ဒေါသတကြီး ဆဲဆိုချင်စိတ်ပင် ပေါက်လာတော့သည်။ ဤအမျိုးသမီးသည် သူ့ကို အငြိုးထားနေသည်မှာ သိသာလှပြီး အပြောအဆိုတိုင်းမှာ သူ့ကိုသာ တိုက်ရိုက် စောင်းမြောင်းနေခြင်း ဖြစ်သည်။
‘ချီယွဲ့ ဖြစ်စေ... ယင်းလီ ဖြစ်စေ... အားလုံးက ဒီပုံစံတွေချည်းပဲ... မိမိကိုယ်မိမိ အထင်ကြီးနေကြတာလေ။ နှမြောစရာပဲ... သူတို့ရဲ့ မျှော်လင့်ချက်ကတော့ သေချာပေါက် ပျက်စီးရတော့မှာပါပဲ...’
‘ဟွန်း... မင်းက ငါ စစ်ဆေးမှုကို မအောင်မြင်နိုင်ဘူးလို့ ထင်နေမှတော့... အဲဒီကျရင် ငါ မင်းကို သေသေချာချာ အမြင်ဖွင့်ပေးရမှာပေါ့...’
စိတ်ထဲမှ ထိုသို့ တွေးတောရင်း လော့ချန်သည် ကိုယ်ဟန်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ရောင်စဉ်သုံးသွယ် ကြိုးကြာ၏ ပြားချပ်လှသော ကျောပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်တော့သည်။
အခန်း ၅၄၃ ပြီးပါပြီ။