← Chapters

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း ၅၄၄ - စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု... မင်ရှာအိုင်...

တိမ်ပင်လယ်အထက်တွင် ရောင်စဉ်သုံးသွယ် ကြိုးကြာသည် တောင်ပံများကို အသာအယာ ခတ်လျက် ပျံသန်းနေပြီး မီတာ ရာနှင့်ချီသော ခရီးကို တစ်ခဏချင်း ဖြတ်ကျော်နေသည်။ ၎င်း၏ အနောက်တွင် တိမ်တိုက်များမှာ အက်ကြောင်းကြီး နှစ်ကြောင်းအလား ကျန်ရစ်ခဲ့ပြီး စူးရှလှသော လေတိုးသံများမှာလည်း ဝေးရာသို့ ပျံ့လွင့်နေတော့သည်။

လော့ချန်သည် ကျင်းယွီရှီး၏ အရှေ့တွင် ရပ်နေပြီး ပြင်းထန်လှသော ဆောင်းလေအေးများကို သူမအတွက် ကာကွယ်ပေးထားသည်။

အနီးနားရှိ လော့ရှာဂိုဏ်း တပည့်မလေးများမှာမူ လော့ချန်ကို တစ်ချက်တစ်ချက် ခိုးကြည့်နေကြပြီး တိုးတိုးတိတ်တိတ် စကားပြောရင်း ရယ်မောနေကြတော့သည်။

သူတို့သည် လော့ချန်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သော်လည်း သူ၏ အကြောင်းကိုမူ ကြားဖူးနားဝ ရှိနေကြပြီးသားပင်။

ဘာပဲဖြစ်ဖြစ်... လော့ချန်သည် အသုံးမကျသော သိုင်းဝိညာဉ်ဖြင့် ဂိုဏ်းသုံးဂိုဏ်း၏ အပြင်စည်း ပါရမီရှင်များကို အပြတ်အသတ် အနိုင်ယူကာ ရွှမ်ယွမ်ဂိုဏ်းအတွက် နံပါတ်တစ်ဆုကို ရယူပေးခဲ့သည်မဟုတ်ပါလော။ ထို့ပြင် လျှပ်ယွမ်ဂိုဏ်းမှ ထိပ်သီး ပါရမီရှင်ဖြစ်သူ ဝှာကျင်းယန် ကိုလည်း နှစ်ကြိမ်တိုင်တိုင် အရှက်ရအောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။

ဤသတင်းများမှာ အလွန်ပင် ဟိုးဟိုးကျော်လှပေသည်။

ဂိုဏ်းကြီး သုံးဂိုဏ်း၏ အတွင်းစည်းတပည့်များပင်လျှင် ဤအကြောင်းအရာများကို အနည်းနှင့်အများ သိရှိထားကြလေသည်။

“လော့ချန်... ဒီတစ်ခေါက် ငါတို့ လော့ရှာဂိုဏ်းကို လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ...”

ကျင်းယွီရှီးသည် အသံကို နှိမ့်လိုက်ပြီး လော့ချန်ကို ရုတ်တရက် ပြောလိုက်သည်။

“မင်းလည်း သိမှာပါ... ငါတို့ လော့ရှာဂိုဏ်းက အမျိုးသားတွေကို လာခွင့်မပြုဘူးဆိုတာလေ... အဲဒါကိုမှ ကျင့်ကြံရေး နယ်မြေဖြစ်တဲ့ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံဖို့ ဆိုတာကတော့ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ကိစ္စပဲ... ဒါကြောင့် ဂိုဏ်းထဲက လူအများစုက ဒီကိစ္စအပေါ်မှာ သဘောမတူကြဘူး...”

လော့ချန်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ဤအချက်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သဖြင့် မေးမြန်းလိုက်သည်။

“ငါ သွားတဲ့အခါ တံခါးပိတ်ပြီး အဝင်မခံတာမျိုးတော့ မဖြစ်နိုင်ဘူး မဟုတ်လား...”

“ဒါကတော့ မဖြစ်နိုင်ပါဘူး... အကြီးအကဲ ပိကျိုးရွှေ က ဂိုဏ်းထဲမှာ သြဇာအာဏာ အတော်လေး ရှိပါတယ်... ဒါ့အပြင် ဒီကိစ္စက ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တာဆိုတော့... ကတိပေးပြီးမှတော့ ပြန်ပြင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး...”

“ဒါပေမဲ့... မင်းအပေါ် ထားရှိမယ့် စစ်ဆေးမှုကတော့ သေချာပေါက် မရိုးရှင်းနိုင်ဘူး...”

ကျင်းယွီရှီး၏ လေသံမှာ အနည်းငယ် စိုးရိမ်နေပုံရသည်။ လော့ချန် စစ်ဆေးမှုကို မအောင်မြင်ဘဲ စိတ်ဓာတ်ကျသွားမည်ကို သူမ စိုးရိမ်နေခြင်းပင် ဖြစ်သည်။

“ဟင်းဟင်း... ဒါဆိုရင်တော့ ကောင်းတာပေါ့... တကယ်လို့ စစ်ဆေးမှုကို မအောင်မြင်ဘူးဆိုရင်လည်း ငါ့မှာ အရည်အချင်း မရှိလို့ပဲလေ... ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုပါဘူး... ဒါပေမဲ့ ငါ့ကိုယ်ငါတော့ အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်...”

လော့ချန်သည် ပြုံးလျက် ဆိုလိုက်ပြီး အခြားတစ်ဖက်ရှိ ချီယွဲ့ထံသို့ လှမ်းကြည့်လိုက်သည်။

ချီယွဲ့သည်လည်း ထိုစဉ်မှာပင် လှမ်းကြည့်လိုက်ပြီး လော့ချန်၏ စကားကို ကြားရသည့်အခါ အေးစက်စွာ လှောင်ပြောင်လိုက်သည်။ သူမ ယူဆထားသည်မှာ လော့ချန်သည် ဤစကားကို သူမအား ကြားစေရန် တမင် ပြောဆိုနေခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူမက ခပ်အေးအေးပင် ဆိုလိုက်သည်။

“လေက အရမ်းတိုက်နေတာဆိုတော့ စကားပြောရင် သတိထားဦး... လျှာကို လေဖြတ်သွားပါဦးမယ်... ငါတို့ လော့ရှာဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေထဲမှာတောင် အဲဒီစစ်ဆေးမှုကို အောင်မြင်တဲ့သူက လက်ချိုးရေလို့ ရတာပါ...”

လော့ချန်က မဆိုင်းမတွပင် တုံ့ပြန်လိုက်သည်။

“သူတို့ မလုပ်နိုင်တိုင်း ငါ မလုပ်နိုင်ဘူးလို့ ပြောလို့ရမလား...”

ချီယွဲ့မှာ မှင်တက်မိသွားရပြီးနောက် သူမ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။

သူမ ယခုတင်က ပြောဆိုခဲ့သည့်အတိုင်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ စစ်ဆေးမှုမှာ ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားကို စစ်ဆေးခြင်း ဖြစ်သည်မဟုတ်ပါလော။

လော့ချန်၏ အသုံးမကျသော သိုင်းဝိညာဉ် ပါရမီနှင့်ဆိုလျှင် သေချာပေါက် ကျရှုံးမည်မှာ မြင်သာလှသဖြင့် သူမအနေဖြင့် မျက်နှာသာပေး၍သာ မပြောဘဲ နေခြင်းဖြစ်သည်။

သို့သော်လည်း လော့ချန်မှာ ဤမျှအထိ မိမိကိုယ်မိမိ အထင်ကြီးနေသည်ကို မြင်ရသည့်အခါ သူမ စိတ်ပျက်သွားမိသည်။ ဘာပဲဖြစ်ဖြစ်... လော့ချန် စစ်ဆေးမှု ကျရှုံးသွားသည့်အခါ မည်သို့သော အမူအရာ ဖြစ်သွားမည်ကိုသာ သူမ စောင့်ကြည့်ရပေတော့မည်။

“ဒါဆိုရင်လည်း စောင့်ကြည့်ရတာပေါ့...”

ချီယွဲ့သည် စကားတစ်ခွန်းသာ ချန်ထားရစ်ပြီး ဆက်မပြောတော့ပေ။

ကျင်းယွီရှီးက သက်ပြင်းတစ်ချက် အသာချလိုက်ပြီး အသံကို နှိမ့်လျက် ဆိုသည်။

“လော့ချန်... စီနီယာအစ်မ ချီယွဲ့ က ငါတို့ လော့ရှာဂိုဏ်း အတွင်းစည်းရဲ့ ထိပ်သီး မျိုးဆက်တပည့် ဆယ်ယောက်ထဲက တစ်ယောက်လေ... သူက စီနီယာအစ်မ ယင်းလီ နဲ့ ဆရာတူ ညီမတွေဆိုတော့... မင်းကို အခုလို ပြောနေတာက စီနီယာအစ်မ ယင်းလီ အတွက် ဒေါသထွက်နေလို့ ဖြစ်မှာပါ... စိတ်ထဲ အရမ်းမထားပါနဲ့...”

“ဒါကြောင့်ကိုး...”

လော့ချန်သည် ခေါင်းခါယမ်းလိုက်သည်။ သူသည် ဤကဲ့သို့သော ကိစ္စများကို စိတ်ထဲ ထည့်မထားပေ။ ဤတစ်ခေါက် လော့ရှာဂိုဏ်းသို့ သွားရခြင်း၏ ရည်မှန်းချက်မှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံရန်နှင့် သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်သို့ တက်လှမ်းရန်သာ ဖြစ်သဖြင့် အခြားသော ကိစ္စများမှာ အရေးမကြီးလှပေ။

ဤနေရာမှ လော့ရှာဂိုဏ်းသို့ မိုင်ပေါင်း သောင်းနှင့်ချီ၍ ဝေးကွာလှသဖြင့် ရောင်စဉ်သုံးသွယ် ကြိုးကြာ၏ အရှိန်ဖြင့်ဆိုလျှင်ပင် အနည်းဆုံး တစ်ရက်နှင့် တစ်ည ခရီးနှင်ရပေလိမ့်မည်။

နှစ်ဦးသား ခေတ္တမျှ စကားပြောဆိုပြီးနောက် ကျင်းယွီရှီးသည် ဒဏ်ရာကုသရေး ဆေးလုံးများကို စားသုံးလျက် တရားထိုင်ကာ အနားယူလိုက်တော့သည်။

လော့ချန်သည်လည်း ခြေထောက်ကို ချိတ်ထိုင်လိုက်ပြီး ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

သွေးလင်ဇီး၏ ဆေးအစွမ်းမှာ အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှပေသည်။ ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူ၏ ဆုံးရှုံးသွားသော သွေးလှိုင်းများမှာ ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် ပြန်လည် ပြည့်ဝလာခဲ့ချေပြီ။

ချီစွမ်းအင်အိမ်တော် ကိုးခုစလုံးကို အစွမ်းကုန် လှုပ်ရှားလိုက်သည့်အခါ ချီစွမ်းအင် ပြန်လည်ပြည့်ဖြိုးမှုနှုန်းမှာလည်း အလွန်ပင် မြန်ဆန်လှပေသည်။ သို့သော်လည်း ကိုယ်တွင်းဒဏ်ရာများမှာမူ ခဏချင်းနှင့် ပျောက်ကင်းနိုင်ရန် မလွယ်ကူလှပေ။

အထူးသဖြင့် ထိုဆံဖြူသူအိုကြီး၏ တိုက်ခိုက်မှုကို ခုခံခဲ့ရစဉ်က ကိုယ်တွင်းအင်္ဂါများ ထိခိုက်သွားသဖြင့် ပြန်လည် နာလန်ထူရန် အချိန်အနည်းငယ် ပေးရပေဦးမည်။

“အဆင့်မြင့်သန်မာသူတွေက မိုးမြေအရှိန်အဟုန်ကို လှုပ်ရှားနိုင်တာဆိုတော့... လက်ရှိ ငါ့အစွမ်းနဲ့ ယှဉ်ဖို့ဆိုတာကတော့ အတော်လေး ဝေးပါသေးတယ်...”

လော့ချန်သည် စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း စိတ်ဓာတ်ကျမသွားပေ။

ယခုအခါ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့သာ ရောက်ရှိနေသေးရာ အဆင့်မြင့်သန်မာသူတစ်ဦးကို ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ တကယ်ပင် မဖြစ်နိုင်သေးသည်မဟုတ်ပါလော။

အတွေးပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် လော့ချန်သည် မိမိ၏ အစွမ်းအစများကို ပြန်လည် သုံးသပ်ကြည့်လိုက်သည်။

မနေ့ညက သေဘေးနှင့် ရင်ဆိုင်ခဲ့ရသော လိုက်လံလုပ်ကြံမှုမှာ အလွန်ပင် အန္တရာယ်များလှသော်လည်း သူ၏ အစွမ်းကိုမူ များစွာ တိုးတက်စေခဲ့သည်။ စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ် ဒုတိယအဆင့်သို့ တက်လှမ်းသွားသဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆ မြင့်တက်သွားခဲ့ချေပြီ။ ၎င်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့် သန်မာသူများကိုပင် ကျော်လွန်သွားနိုင်ရန် လုံလောက်လှပေသည်။

ထို့အပြင် တစ်ညလုံး အစွမ်းကုန် ခရီးနှင်ခဲ့ရသဖြင့် လော့ချန်သည် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို အသုံးပြုရာတွင် ပိုမို ကျွမ်းကျင်လာခဲ့ပြီး အောင်မြင်မှုအဆင့်သို့ ရောက်ရှိရန်မှာမူ အချိန်ပိုင်းသာ လိုတော့သည်။

ထိုအခါကျလျှင် သူ၏ အရှိန်မှာ တစ်ခဏချင်းမှာပင် နှစ်ဆ မြင့်တက်သွားပေလိမ့်မည်။

ဤအချက်နှစ်ခု ပေါင်းစပ်လိုက်ပါက သူ၏ စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည်မှာ သေချာပေါက် မြင့်တက်သွားမည်ဖြစ်ရာ မူချင်းလျန် ကဲ့သို့သော အဆင့် ၉ အထွတ်အထိပ် သန်မာသူများနှင့် တွေ့ဆုံလျှင်ပင် မနေ့ညကကဲ့သို့ တစ်ချက်တည်းနှင့် အရှုံးပေးရတော့မည် မဟုတ်ဘဲ အနည်းငယ် ခုခံနိုင်ပေလိမ့်မည်။ သေချာသည်မှာ အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦးကို အမှန်တကယ် ယှဉ်ပြိုင်နိုင်ရန်မှာမူ လိုအပ်ချက်များစွာ ကျန်ရှိနေသေးခြင်းပင်။

ကြီးမားလှသော ကျင့်ကြံဆင့် ကွာခြားချက်ကို တန်းညှိရန်မှာ ထင်သလောက် မလွယ်ကူလှပေ။

“အခုလောလောဆယ်တော့ ဒဏ်ရာတွေကို အရင်ဆုံး ကုသရမယ်... လော့ရှာဂိုဏ်း ရောက်တာနဲ့ ကျင့်ကြံဆင့်ကို အစွမ်းကုန် ဖောက်ထွက်ရမှာပဲ...”

လော့ချန်သည် အခြားအရာများကို ထပ်မံ မစဉ်းစားတော့ဘဲ ဒဏ်ရာကုသရေး ဆေးလုံးများကို စားသုံးကာ မျက်လုံးများကို မှိတ်လျက် တရားထိုင်လိုက်တော့သည်။

တစ်ရက်နှင့် တစ်ညမှာ ခဏချင်းပင် ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ ထက်မြက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားသည်မှာ ဓားသမားတစ်ဦး၏ ဓားအလင်းတန်းအလား အလွန်ပင် အားပြင်းလှပေသည်။

ချီယွဲ့သည် ၎င်းကို သတိပြုမိသွားသဖြင့် သူမ၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ပြည့်နှက်သွားရသည်။

စတင်တွေ့ဆုံစဉ်က လော့ချန်၏ အရှိန်အဝါမှာ အလွန်ပင် အားနည်းနေသည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာပင် ပြန်လည် နာလန်ထူလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

စောစောက အရှိန်အဝါမှာ သူမကိုပင် ထိတ်လန့်သွားစေခဲ့သည်မဟုတ်ပါလော။

၎င်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ဓားသမားတစ်ဦးတွင် ရှိသင့်သည့် အရှိန်အဝါမျိုး မဟုတ်ပေ။

“ဟင်းဟင်း... တစ်ရက်အတွင်းမှာတင် ကိုးဆယ်ရာခိုင်နှုန်းလောက် ပြန်ကောင်းလာတယ်ဆိုတော့... ငါ့ကိုယ်ငါ တကယ်ပဲ အထင်သေးခဲ့တာပဲ...”

လော့ချန်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပြည့်နှက်နေသည်။

သူ၏ ဒဏ်ရာမှာ ကျင်းယွီရှီးထက် မနည်းသလို ပို၍ပင် ပြင်းထန်ခဲ့သေးသည်။

ကျင်းယွီရှီးမှာမူ ယခုတိုင် ၄၀ ၊ ငါးဆယ်ရာခိုင်နှုန်းခန့်သာ ပြန်လည် နာလန်ထူသေးသော်လည်း သူကမူ ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ ရောက်ရှိနေပြီဖြစ်ရာ လော့ရှာဂိုဏ်းသို့ ရောက်လျှင်မူ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားမည်မှာ သေချာလှသည်။

“ဟင်... ရေငွေ့တွေက တော်တော်လေး များတာပဲ... မင်ရှာအိုင် ကို ရောက်ပြီထင်တယ်...”

လော့ချန်သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။

အောက်ခြေတွင်မူ အဆုံးအစ မရှိလှသော အိုင်ကြီးတစ်ခု ရှိနေပြီး တောက်ပလှသော နေရောင်အောက်တွင် ရေပြင်မှာ လှိုင်းကလေးများ ထနေသလို လွင့်ပျံနေသော မြူခိုးများမှာလည်း လှပသော အရောင်အဝါများဖြင့် ဝင်းလက်နေသဖြင့် ရောင်စဉ်တန်းများ စုစည်းနေသကဲ့သို့ ရှိနေတော့သည်။

မင်ရှာအိုင် ဆိုသည်မှာ လော့ယန့်မြစ် အပါအဝင် မြစ်ကြီးများစွာ စုစည်းရာမှ ဖြစ်ပေါ်လာသော အိုင်ကြီးပင် ဖြစ်၏။

မင်ရှာအိုင်သည် တာယွဲ့မင်းဆက်၊ တာချီမင်းဆက် စသည့် အင်ပါယာကြီးများစွာကို ဆက်သွယ်ပေးထားပြီး အလွန်ပင် ကျယ်ဝန်းလှသလို ကျွန်းငယ်လေးများစွာလည်း ရှိနေကာ တစ်နှစ်ပတ်လုံး ရောင်စုံမြူခိုးများ ဖုံးလွှမ်းနေတတ်သည်။

ထို့ပြင် မင်ရှာအိုင်အတွင်း၌ နတ်ဆိုးသားရဲများစွာ ကျက်စားနေသလို နေရာအနှံ့တွင်လည်း အန္တရာယ်ရှိသော ထူးဆန်းသည့် စွမ်းအားများ ပြည့်နှက်နေသဖြင့် ကျူးကျော်ဝင်ရောက်သူများမှာ သေဆုံးရန် အခွင့်အရေး ပိုများလှပေသည်။ ထို့ကြောင့်ပင် မင်ရှာအိုင် ဟု အမည်တွင်ခြင်း ဖြစ်ပေသည်။

လော့ရှာဂိုဏ်းမှာ ထိုမင်ရှာအိုင်အတွင်းရှိ ကျွန်းငယ်လေး တစ်ကျွန်းပေါ်တွင် တည်ရှိနေသည်။

လော့ချန်သည် မင်ရှာအိုင်သို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သဖြင့် နေရာမှ ထ၍ ပတ်ဝန်းကျင် အလှတရားများကို ခံစားလိုက်သည်။

ကျင်းယွီရှီးသည်လည်း နိုးထလာခဲ့ချေပြီ။ သူမ၏ ဒဏ်ရာမှာ လုံးဝ မပျောက်ကင်းသေးသော်လည်း စိတ်ဓာတ်မှာမူ များစွာ တက်ကြွနေပြီး အောက်ဘက်ရှိ ကျွန်းငယ်လေးများကို ကြည့်ကာ လော့ချန်အား ပြောလိုက်သည်။

“ဒီကျွန်းစုတွေကို ဖြတ်သွားပြီးရင် နောက်ထပ် တစ်နာရီ၊ နှစ်နာရီလောက်ဆိုရင် ငါတို့ လော့ရှာဂိုဏ်းကို ရောက်ပြီ...”

အခန်း ၅၄၄ ပြီးပါပြီ။

အခန်း ၅၄၅ - အဆိပ်ပုပ်ရေဘဝဲ... လက်သီးတစ်ချက်ဖြင့် အကုန်ချေမှုန်းခြင်း...

“ဂျိမ်း...”

မင်ရှာအိုင်၏ ရာသီဥတုမှာမူ မတည်ငြိမ်လှပေ။

စောစောကတင် နေသာနေခဲ့သော်လည်း မိုးကြိုးပစ်သံ တစ်ချက်နှင့်အတူ တစ်ခုလုံးသော ကောင်းကင်ယံမှာ တိမ်တိုက်မည်းများ ဖုံးလွှမ်းသွားပြီး လျှပ်စီးများ လက်လာကာ မိုးသည်းထန်စွာ ရွာသွန်းလာခဲ့လေသည်။

လေပြင်းမုန်တိုင်းများကြားတွင် ရေပြင်မှာလည်း ဧရာမလှိုင်းလုံးကြီးများ ထနေသလို ပေဆယ်ဂဏန်းကျော် ကျယ်ဝန်းလှသော ရေဝဲဂယက်ကြီးများမှာလည်း မိုးနှင့်မြေကြားတွင် ပေါ်ထွက်လာရာ ကမ္ဘာပျက်တော့မည့်အလား ရှိနေတော့သည်။

ရောင်စဉ်သုံးသွယ် ကြိုးကြာ၏ ကိုယ်ပေါ်တွင် ကြည်လင်လှသော နတ်ဆိုးအရှိန်အဝါများ လှည့်ပတ်နေပြီး ထူထဲလှသော တိမ်တိုက်မည်းများကို ဖြတ်ကျော်ကာ လေပြင်းမုန်တိုင်းများကို ဂရုမစိုက်ဘဲ ပျံသန်းနေသည်။

ရုတ်တရက်...

“ဂီး...”

ရောင်စဉ်သုံးသွယ် ကြိုးကြာမှာ ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး တောင်ပံများကို အစွမ်းကုန် ခတ်လိုက်ရာ အရှိန်မှာလည်း တစ်ဟုန်ထိုး ကျဆင်းသွားခဲ့သည်။ ပြင်းထန်လှသော တုန်ခါမှုကြောင့် ကျင်းယွီရှီးမှာ လွင့်ထွက်သွားလုနီးပါး ဖြစ်သွားသော်လည်း လော့ချန်က အချိန်မီ လှမ်းဖမ်းလိုက်နိုင်သည်။

“ဘာဖြစ်တာလဲ...”

ကျင်းယွီရှီးသည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။

လော့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့ရှိ ရေဝဲဂယက်ကြီးများထံသို့ လှမ်းကြည့်လိုက်သည်။

ထိုစဉ်...

“ရှူး...”

အနီးဆုံး ရေဝဲဂယက်ထဲမှ ရှည်လျားလှသော အမည်းရောင် ပုံရိပ်တစ်ခု ထိုးထွက်လာပြီး လျှပ်စစ်အလား အရှိန်ဖြင့် ရောင်စဉ်သုံးသွယ် ကြိုးကြာထံသို့ တိုက်ခိုက်လာခဲ့သည်။

ဖောက်ခနဲ အသံနှင့်အတူ ရောင်စဉ်သုံးသွယ် ကြိုးကြာ၏ နတ်ဆိုးအရှိန်အဝါ အလွှာမှာ ထိုအမည်းရောင် ပုံရိပ်၏ ဖောက်ထွင်းမှုကို ခံလိုက်ရလေသည်။

“ဟွန်း...”

ချီယွဲ့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်သည်။

တောက်ပလှသော လက်ဝါးချီမှာ ဟိန်းဟောက်ထွက်ပေါ်သွားပြီး ထိုအမည်းရောင် ပုံရိပ်နှင့် ပတ်ဝန်းကျင်ရှိ လေပြင်းမုန်တိုင်းများကိုပါ တန့်သွားစေကာ ထူးဆန်းလှသော ရပ်တန့်နေသည့် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်တော့သည်။

ထိုရှည်လျားသော အမည်းရောင် ပုံရိပ်မှာ အရောင်အသွေး စုံလင်လှသော လက်တံတစ်ခုပင် ဖြစ်၏။ လက်တံ၏ အဖျားတွင် ပါးစပ်တစ်ခု ပါရှိပြီး ၎င်း၏ အတွင်း၌ ထက်မြက်လှသော သွားများမှာ ခရုပတ်ပုံစံ စီတန်းနေသဖြင့် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

“ဘုန်း...”

ရပ်တန့်နေသော ဟင်းလင်းပြင်မှာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ထိုလက်တံမှာလည်း ပျက်စီးသွားရာ အမည်းရောင် သွေးစများ လွင့်စင်သွားတော့သည်။

ချီယွဲ့သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ဆိုသည်။

“ဒါ အဆိပ်ပုပ်ရေဘဝဲ ပဲ... သတိထားကြစမ်း...”

အဆိပ်ပုပ်ရေဘဝဲ တဲ့လား။

လော့ချန် မှင်တက်မိသွားရသည်။ ၎င်းမှာ မင်ရှာအိုင်တွင်သာ တွေ့ရလေ့ရှိသော နတ်ဆိုးသားရဲ အမျိုးအစားဖြစ်ပြီး ပုံမှန်အားဖြင့် အဆိပ်ငွေ့များကို စားသုံးတတ်ကြသော်လည်း ရံဖန်ရံခါတွင်မူ သက်ရှိများကိုလည်း စားသုံးတတ်ကြသည်။ ထိုလက်တံများမှာ အလွန်ပင် အဆိပ်ပြင်းလှရုံတင်မကဘဲ သက်ရှိများ၏ သွေးသားကို တစ်ခဏချင်း စုပ်ယူပစ်နိုင်သဖြင့် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

အဆိပ်ပုပ်ရေဘဝဲများ၏ အဆင့်ကို အရောင်အသွေးဖြင့် ခွဲခြားနိုင်သည်။ အရောင်များလေ အဆင့်မြင့်လေ ဖြစ်ရာ ဤ လက်တံမှာ အရောင်လေးမျိုး ပါရှိနေသဖြင့် အဆင့် ၄ နတ်ဆိုးသားရဲပင် ဖြစ်ပေလိမ့်မည်။

“ကျည်...”

စဉ်းစားနေရန် အချိန်မရှိမီမှာပင် ရှေ့မှ စူးရှလှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ရေဝဲဂယက်ကြီးများမှာလည်း တစ်ဟုန်ထိုး ချဉ်းကပ်လာခဲ့ချေပြီ။

လော့ချန်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်သည့်အခါ ရေဝဲဂယက်ထဲတွင် မှိုပုံသဏ္ဌာန်ရှိပြီး တစ်ကိုယ်လုံး လက်တံများဖြင့် ဖုံးလွှမ်းနေသော ဧရာမ ပုံရိပ်ကြီးများကို မြင်တွေ့လိုက်ရသည်။

၎င်းတို့မှာ ရေဝဲဂယက်ထဲတွင် လွင့်မျောနေကြပြီး အရေအတွက်မှာ ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ရှိနေကာ လက်တံများစွာကိုလည်း ဆန့်ထုတ်ထားကြသည်။ အနားသို့ ချဉ်းကပ်လာသော နတ်ဆိုးသားရဲများမှာ တစ်ခဏချင်းမှာပင် လက်တံများ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး သွေးသားများ စုပ်ယူခံလိုက်ရသဖြင့် အရေခွံနှင့် အရိုးသာ ကျန်ရှိတော့သည်အထိ ဖြစ်သွားရသည်။

“ရှူး... ရှူး... ရှူး... ရှူး...”

ရေဝဲဂယက်တစ်ခု အနားသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် လက်တံပေါင်း ဆယ်ဂဏန်းကျော်မှာ လူတိုင်းထံသို့ လှမ်း၍ တိုက်ခိုက်လာခဲ့ချေပြီ။

“သေစမ်း...”

ချီယွဲ့သည် ရောင်စဉ်သုံးသွယ် ကြိုးကြာ၏ ကျောပေါ်တွင် မားမားမတ်မတ် ရပ်လျက် လက်ဝါးပေါ်တွင် တောက်ပလှသော အလင်းတန်းများကို လှုပ်ရှားကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။

“ဘုန်း...”

မှောင်မည်းနေသော မိုးနှင့်မြေကြားတွင် တောက်ပလှသော အလင်းတန်းများ ဝင်းလက်သွားပြီး လက်တံများစွာမှာ ပေါက်ကွဲပျက်စီးသွားကာ သွေးစများကြောင့် အောက်ဘက်ရှိ ရေပြင်မှာပင် မည်းမှောင်သွားရသည်။

လော့ချန်သည် စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားရသည်။ ဤချီယွဲ့သည် လော့ရှာဂိုဏ်း၏ ထိပ်သီး မျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ရန် ထိုက်တန်လှပေသည်။ သူမ၏ အစွမ်းမှာ အမှန်တကယ်ပင် မရိုးရှင်းလှဘဲ အဋ္ဌမမင်းသား ကျင်းမင်နှင့် တစ်ဆင့်တည်း ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

“ဝူး...”

လက်တံများစွာ အသတ်ခံလိုက်ရသည်နှင့်အမျှ စူးရှလှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရေဝဲဂယက်ကြီးများမှာလည်း စုဝေးလာကာ အရောင်အမျိုးမျိုးရှိသော လက်တံများမှာ ကောင်းကင်အနှံ့ ပြည့်နှက်သွားတော့သည်။

“အဆိပ်ပုပ်ရေဘဝဲတွေ ဒီလောက်တောင် များတာလား... အဆင့် ၄ အဆိပ်ပုပ်ရေဘဝဲတွေတောင် အများကြီးပဲ...”

ကျင့်ကြံဆင့် နိမ့်ပါးသော လော့ရှာဂိုဏ်း တပည့်မလေးတစ်ဦးမှာ မျက်နှာ ဖြူလျော့သွားရသည်။

သူမသည် ခုနတင်က တောင်ငယ်တစ်လုံးအလား ကြီးမားသော နတ်ဆိုးငါးကြီး တစ်ကောင်မှာ အဆိပ်ပုပ်ရေဘဝဲများ၏ စုပ်ယူခြင်းကို ခံလိုက်ရသဖြင့် တစ်ခဏချင်းမှာပင် အရိုးနှင့် အရေပြားသာ ကျန်ရှိတော့သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်မဟုတ်ပါလော။

ချီယွဲ့သည်လည်း စောစောကကဲ့သို့ ခပ်ပေါ့ပေါ့ မနေနိုင်တော့ပေ။ ယခုအချိန်တွင် နောက်ဆုတ်ရန်မှာလည်း နောက်ကျသွားပြီဖြစ်ရာ သူမက ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။

“အရေအတွက်က အရမ်းများလွန်းတယ်... ငါ့နောက်ကနေ လိုက်ပြီး ဖောက်ထွက်ကြစမ်း... မင်ရှာလက်ဖဝါး...”

“ဘုန်း...”

တောက်ပလှသော လက်ဝါးချီတစ်ခုသည် မိုးနှင့်မြေကြားကို ဖြတ်ကျော်သွားပြီး ပြည့်နှက်နေသော လက်တံများကြားတွင် ဧရာမ အက်ကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်ရာ ရောင်စဉ်သုံးသွယ် ကြိုးကြာမှာလည်း အရှိန်မြှင့်၍ ထိုးထွက်သွားတော့သည်။

သို့သော်လည်း ဝေးဝေးသို့ မရောက်မီမှာပင် ပိုမိုသိပ်သည်းလှသော လက်တံများ ထပ်မံ ရောက်ရှိလာခဲ့ပြီး လက်တံအဖျားရှိ သေးငယ်လှသော သွားများမှာလည်း တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသဖြင့် ထိတ်လန့်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်နေတော့သည်။

“အစွမ်းကုန် တိုက်ခိုက်ကြစမ်း... သူတို့ ငါတို့ရဲ့ ကာကွယ်ရေးကို ဖောက်မသွားပါစေနဲ့...”

ချီယွဲ့က အော်ဟစ်သတိပေးလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ချက်ချင်းပင် လော့ရှာဂိုဏ်း တပည့်မလေးများမှာ ကိုယ်စီ တိုက်ခိုက်လိုက်ကြသည်။

ပြင်းထန်လှသော ချီလှိုင်းများ ထွက်ပေါ်သွားပြီး လက်တံများစွာမှာ ပျက်စီးသွားကာ အမည်းရောင် သွေးစများနှင့်အတူ အသားစများမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြတော့သည်။

သို့သော်လည်း သူတို့သည် လက်တံတစ်သုတ်ကို ချေမှုန်းလိုက်တိုင်း နောက်ထပ် လက်တံများစွာမှာ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာပြီး လူတိုင်း၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားနေကြပြန်သည်။

သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူဖြစ်သော ချီယွဲ့ ရှေ့ဆုံးမှ ဦးဆောင်နေသဖြင့် ရှေ့မှ ရောင်စဉ်သုံးသွယ် ကြိုးကြာမှာမူ မည်သည့်အန္တရာယ်မျှ ရှိမနေဘဲ အနားသို့ ချဉ်းကပ်လာသော လက်တံများမှာ တစ်ခဏချင်းမှာပင် ချေမှုန်းခြင်း ခံလိုက်ရသည်။

သို့သော်လည်း အနောက်မှ ရောင်စဉ်သုံးသွယ် ကြိုးကြာပေါ်တွင်မူ လော့ရှာဂိုဏ်း အတွင်းစည်းတပည့် သုံးဦးသာ ရှိနေပြီး အမြင့်ဆုံး ကျင့်ကြံဆင့်ရှိသူမှာလည်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အစောပိုင်း အဆင့်သာ ရှိသေးသည်။ ထို့အပြင် ဒဏ်ရာရထားသော ကျင်းယွီရှီးကိုပါ ကာကွယ်ပေးနေရသဖြင့် အနည်းငယ် အကျပ်ရိုက်နေကြပြီး လူတိုင်း၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေတော့သည်။

“ရှူး...”

ရုတ်တရက် လက်တံသုံးခုမှာ ကာကွယ်ရေးကို ဖောက်ထွက်လာပြီး လော့ရှာဂိုဏ်း တပည့်မလေးတစ်ဦးထံသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။

“အား...”

ထိုတပည့်မလေးမှာ ထိတ်လန့်သွားပြီး သူမ၏ အသံမှာလည်း တုန်ယင်နေတော့သည်။

“ညီမလေး ရွှီ...”

အခြားသော လော့ရှာဂိုဏ်း တပည့်များမှာ ကူညီပေးချင်သော်လည်း မိမိတို့ကိုယ်တိုင်ပင် အကျပ်ရိုက်နေကြရသည်မဟုတ်ပါလော။

အလွန်စိုးရိမ်ရသော အခြေအနေတွင်...

“ဘုန်း...”

ပြင်းထန်လှသော လက်သီးပုံရိပ်တစ်ခုသည် ဘေးတိုက် ထွက်ပေါ်လာပြီး ထိုလက်တံသုံးခုကို တစ်ခဏချင်းမှာပင် အပိုင်းပိုင်း ပျက်စီးသွားစေကာ အသားစများမှာလည်း ပြင်းထန်လှသော စွမ်းအားကြောင့် ပျောက်ကွယ်သွားရသည်။

“မင်းတို့က ဘယ်ဘက်ခြမ်းကို ကာကွယ်ထားကြ... ညာဘက်ခြမ်းကိုတော့ ငါ့တာဝန် ထားလိုက်...”

လော့ချန်က ဆိုလိုက်သည်။

“မင်းတာဝန် ထားလိုက်ရမယ် ဟုတ်လား...”

ကျင့်ကြံဆင့် အမြင့်ဆုံးရှိသော လော့ရှာဂိုဏ်း တပည့်မလေးမှာ အံ့သြသွားပြီး အနည်းငယ် မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။

သို့သော်လည်း လက်ရှိ အခြေအနေမှာ သူမအား စဉ်းစားနေရန် အချိန်မပေးတော့ပေ။ နောက်ထပ် လက်တံများစွာမှာ ယခင်ကထက် ပိုမို ပြင်းထန်၊ ပိုမို သိပ်သည်းစွာ ရောက်ရှိလာခဲ့ပြန်သည်။ သူမသည် အခြားသော တပည့်မလေး နှစ်ဦးနှင့်အတူ ဘယ်ဘက်ခြမ်းကိုသာ အစွမ်းကုန် ကာကွယ်ထားလိုက်ရတော့သည်။

သို့သော်လည်း သူမသည် စိတ်ထဲမှ ဆုံးဖြတ်ထားသည်မှာ ဘယ်ဘက်ခြမ်းမှ လက်တံများကို အရင် ချေမှုန်းပြီးလျှင် လော့ချန်အား ချက်ချင်း သွားရောက် ကူညီပေးမည်ဟူ၍ ဖြစ်သည်။

လော့ချန်သည် ရောင်စဉ်သုံးသွယ် ကြိုးကြာ၏ ပြားချပ်လှသော ကျောပြင်ပေါ်တွင် ရပ်လျက် တိုးဝင်လာသော လက်တံများကို ကြည့်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်ကို လှုပ်ရှားလျက် လက်သီးဖြင့် တစ်ချက် ထိုးလိုက်တော့သည်။

“တောင်ခွင်းလက်သီး...”

ပြင်းထန်လှသော ချီစွမ်းအင်များမှာ အရူးအမူး လှည့်ပတ်နေပြီး လော့ချန်၏ အနောက်တွင် တောင်ငါးလုံးပုံစံ ပုံရိပ်ယောင်များ ပေါ်ထွက်လာကာ တစ်ခဏချင်းမှာပင် ဧရာမ ကျောက်အိုးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဘုန်း...”

လော့ချန် လက်သီးဖြင့် ထိုးလိုက်သည်နှင့်အမျှ ထိုကျောက်အိုးကြီးမှာ လေနှင့်ထိတွေ့ကာ ကြီးထွားလာပြီး တောင်ငယ်တစ်လုံးအလား ဟိန်းဟောက်ထွက်ပေါ်သွားရာ အနားသို့ ချဉ်းကပ်လာသော လက်တံများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲပျက်စီးသွားကြတော့သည်။

ရောင်စဉ်သုံးသွယ် ကြိုးကြာ၏ ညာဘက်ခြမ်းတွင်မူ ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လက်တံပေါင်း ရာနှင့်ချီ၍ တစ်ခဏချင်းမှာပင် ချေမှုန်းခြင်း ခံလိုက်ရချေပြီ။

လက်သီးတစ်ချက် ထိုးပြီးနောက် လော့ချန်သည် လက်ချောင်းများကို ဆုပ်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပြည့်နှက်သွားရသည်။ စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ် ဒုတိယအဆင့်သည် တိုက်ခိုက်ရေးစွမ်းရည်ကို နှစ်ဆ မြင့်တက်စေသည်မှာ အမှန်ပင်။ သူသည် အစွမ်းကုန် မလှုပ်ရှားရသေးမီမှာတင် ဤမျှလောက်သော စွမ်းအား ရှိနေသည်မဟုတ်ပါလော။

“ဒါ... ဒါက...”

လော့ချန်အား ကူညီရန် ပြင်ဆင်နေသော တပည့်မလေးမှာ အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ မှင်တက်မိသွားရသည်။

“သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ပဲ ရှိသေးတာလေ... နောက်ပြီး အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့သူ ဆိုတာတောင်... ဘာလို့ ဒီလောက်အထိ သန်မာနေရတာလဲ...”

ဤအဆိပ်ပုပ်ရေဘဝဲများထဲတွင် အဆင့် ၄ နတ်ဆိုးသားရဲများစွာ ပါဝင်နေသည်။ ထိုအထဲတွင် အဆင့် ၄ အဆင့်မြင့် နတ်ဆိုးသားရဲများပင် ပါဝင်နေပြီး ၎င်းတို့၏ အစွမ်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူများနှင့် တန်းတူပင် ဖြစ်သည်။

လက်သီးတစ်ချက်တည်းနှင့် လက်တံပေါင်း ရာနှင့်ချီ၍ သတ်ဖြတ်နိုင်ခြင်းမှာ သူမပင်လျှင် မလုပ်နိုင်သော ကိစ္စပင် ဖြစ်သည်။

“အရမ်း သန်မာတာပဲ...”

“ဒီလက်သီးရဲ့ စွမ်းအားက အနည်းဆုံးတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ လောက် ရှိမှာပဲ... ဟုတ်တယ် မဟုတ်လား... စီနီယာအစ်မ ချီယွဲ့...”

ကျင်းယွီရှီးမှအပ ကျန်ရှိသော လူတိုင်းမှာ အံ့သြတုန်လှုပ်နေကြပြီး အချို့မှာ ချီယွဲ့အား လှမ်း၍ မေးမြန်းလိုက်ကြသည်။

ချီယွဲ့သည် လော့ချန်ကို သေသေချာချာ တစ်ချက် ကြည့်လိုက်ပြီးနောက် ယခင်က လော့ချန်၏ ကိုယ်ပေါ်မှ ခံစားခဲ့ရသော ပြင်းထန်လှသော အရှိန်အဝါမှာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့ချေပြီ။

“ကောင်းပြီ... ငါတို့ အမြန်ဆုံး ဖောက်ထွက်ကြရအောင်...”

ချီယွဲ့သည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်ပြီး အကြည့်ကို လွှဲလိုက်သည်။ စောစောက ကိစ္စအပေါ်တွင် သူမက အလွန်အမင်း စိတ်မဝင်စားလှပေ။

လော့ချန်၏ အစွမ်းမှာ အမှန်တကယ်ပင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိနေလျှင်ပင် သူမနှင့် ယှဉ်လျှင်မူ ကွာခြားချက်မှာ မိုးနှင့်မြေအလား ရှိနေသေးသဖြင့် သူမအား သတိထားမိစေရန်အတွက်မူ မလုံလောက်သေးပေ။

အခန်း ၅၄၅ ပြီးပါပြီ။

အခန်း ၅၄၆ - ဖုန်းယန့်ကျွန်း... လော့ရှာဂိုဏ်း...

လော့ချန် ဝင်ရောက်ကူညီလိုက်သည်နှင့် တစ်ပြိုင်နက် အဆိပ်ပုပ်ရေဘဝဲများ၏ လက်တံများမှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားကြရာ ခြိမ်းခြောက်မှု မပြုနိုင်တော့ပေ။

ခေတ္တမျှ ကြာပြီးနောက် အနောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေသော ရေဝဲဂယက်ကြီးများမှာလည်း ရပ်တန့်သွားကြပြီး ရေတွက်၍မရနိုင်သော လက်တံများမှာလည်း ရေထဲသို့ ပြန်လည်ဝင်ရောက်သွားကြသဖြင့် ဆက်လက် လိုက်မလာတော့ပေ။

နောက်ထပ် ခဏအကြာတွင် ကောင်းကင်ယံရှိ တိမ်တိုက်မည်းများမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးမှာ ပြာလွင်သွားကာ သက်တံတစ်ခု ထွက်ပေါ်လာသည်မှာ အိပ်မက်တစ်ခုအလား လှပလှပေသည်။

လူတိုင်း၏ တင်းမာနေသော စိတ်အာရုံများမှာ နောက်ဆုံးတွင် ပြေလျော့သွားကြပြီး ရောင်စဉ်သုံးသွယ် ကြိုးကြာသည်လည်း အရှိန်ကို လျှော့ချလိုက်တော့သည်။

ဂျူနီယာညီမလေး ရွှီ ဟု အမည်ရသော မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးမှာ လော့ချန်ထံသို့ လျှောက်လာပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ်... ခုနကသာ မင်း မရှိရင်တော့ ငါ... ငါ သေချာပေါက် ဒုက္ခရောက်မှာပါ...”

အခြားသော လော့ရှာဂိုဏ်း တပည့်မလေး နှစ်ဦး၏ မျက်ဝန်းထဲတွင်လည်း ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။

လော့ချန်၏ စောစောက စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှပေသည်။ လက်သီးတစ်ချက်ဖြင့် အဆိပ်ပုပ်ရေဘဝဲ၏ လက်တံများကို ချေမှုန်းနိုင်ခြင်းမှာ လူတိုင်းအား အံ့အားသင့်စေခဲ့သည်။

လော့ချန်သည် သူ၏ အရှိန်အဝါများကို ပြန်လည် သိမ်းဆည်းလိုက်ပြီး အေးဆေးစွာပင် ဆိုလိုက်သည်။

“ဒါက ဘာမှ မဟုတ်ပါဘူး... ငါတို့ အတူတူ ခရီးသွားနေကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီကြရမှာပေါ့...”

ထိုစကားကြောင့် လော့ရှာဂိုဏ်း တပည့်မလေး သုံးဦးစလုံး ပြုံးလိုက်ကြသည်။

ယင်းလီ၏ ကိစ္စကြောင့် သူတို့သည် လော့ချန်အပေါ်တွင် အနည်းငယ် အမြင်မကြည် ဖြစ်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ စိတ်ထဲ၌ အနည်းငယ် အလေးထားလာကြလေသည်။ လူအချို့မှာ အချင်းချင်း မိတ်ဆက်စကား ပြောလိုက်ကြသဖြင့် အေးစက်နေသော လေထုမှာလည်း ပြန်လည် နွေးထွေးလာခဲ့သည်။

ခေတ္တမျှ ကြာပြီးနောက် ကျင်းယွီရှီး၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

“လော့ချန်... ဟိုမှာ ကြည့်စမ်း... အဲဒါ ဖုန်းယန့်ကျွန်း ပဲ...”

ဖုန်းယန့်ကျွန်း တဲ့လား။

လော့ချန် စိတ်လှုပ်ရှားသွားပြီး ကျင်းယွီရှီး ညွှန်ပြရာ အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်သည်။ ညာဘက်အရှေ့ဘက် မိုင်ဆယ်ဂဏန်းကျော်သော နေရာတွင် ကျွန်းငယ်လေး တစ်ကျွန်းကို မသဲမကွဲ မြင်တွေ့နေရသည်။

ယခုမှာ နေသာနေသော်လည်း ထိုကျွန်းငယ်လေးမှာမူ မှောင်မည်းနေပြီး အတွင်း၌ အပြာရောင် မီးတောက်များ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသလို လေဝဲဂယက်ကြီးများမှာလည်း အရူးအမူး တိုက်ခတ်နေကြသည်။

အမျိုးမျိုးသော စွမ်းအားများ ရောယှက်နေသဖြင့် ပြင်းထန်လှသော လျှပ်စီးများမှာလည်း တစ်ခဏချင်းမှာပင် ဖြစ်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေပြီး မြေပြင်ပေါ်ရှိ ကျောက်စိုင်များမှာလည်း မည်းမှောင်နေသဖြင့် တစ်ခုလုံးသော ကျွန်းကြီး ပျက်စီးတော့မည့်အလား ထင်မှတ်ရတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လော့ချန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားရသည်။

သူ မှတ်မိနေသလောက်တော့ ဖုန်းယန့်ကျွန်း ဆိုသည်မှာ ယွမ်မန်လီနှင့် ယွမ်ချင်းရင် တို့ နောက်ဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာပင် ဖြစ်၏။

ကျင်းယွီရှီးသည် ဖုန်းယန့်ကျွန်းကို ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး ရှင်းပြလိုက်သည်။

“အရင်က ဖုန်းယန့်ကျွန်း က ဒီလိုပုံစံ မဟုတ်ပါဘူး... မင်းတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ မျိုးဆက်တပည့် ယွမ်မန်လီနဲ့ ယွမ်ချင်းရင် တို့ရဲ့ တိုက်ပွဲကြောင့် ကျွန်းကြီးတစ်ခုလုံး ပျက်စီးသွားတာလေ... အဲဒါကိုမှ ဖုန်းယန့်ကျွန်းရဲ့ ထူးဆန်းတဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်သွားလို့ အခုလို ဖြစ်သွားတာပဲ...”

လော့ချန် ခေါင်းညိတ်လိုက်သည်။ ပျက်စီးနေသော ကျွန်းငယ်လေးကို ကြည့်ခြင်းအားဖြင့် ထိုနေ့က တိုက်ပွဲမှာ မည်မျှအထိ ပြင်းထန်ခဲ့သည်ကို ခန့်မှန်းနိုင်ပေသည်။

‘စီနီယာအစ်မ ယွမ်မန်လီ... ဘယ်လို ဖြစ်နေပြီလဲ မသိဘူး...’

သတင်းအစအန ပျောက်ဆုံးနေသော ယွမ်မန်လီကို သတိရလိုက်သည့်အခါ လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်မှသာ ငါ့မှာ တစ်ကိုယ်တည်း လှည့်လည်သွားလာနိုင်တဲ့ အစွမ်း ရှိမှာပဲ... အဲဒီကျရင် ကူးယွမ်မြို့ကို သွားပြီးတော့ သဲလွန်စအချို့ကို ရှာကြည့်ရမယ်...’

ဖုန်းယန့်ကျွန်းမှ ထွက်ခွာလာပြီးနောက် ရောင်စဉ်သုံးသွယ် ကြိုးကြာသည် အရှေ့တောင်ဘက်သို့ ဆက်လက် ပျံသန်းလာခဲ့သည်။

နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက် မိုးနှင့်မြေကြားတွင် ထူထဲလှသော မြူခိုးများ ထွက်ပေါ်လာခဲ့လေသည်။ မြူခိုးများမှာ လေနှင့်အတူ ဝေ့ဝဲနေကြပြီး လှပဆန်းကြယ်လှသော အရောင်အဝါများဖြင့် ဝင်းလက်နေသည်မှာ ကောင်းကင်ယံရှိ ရောင်စဉ်တန်းများ ဆင်းသက်လာသကဲ့သို့ ရှိနေတော့သည်။

“ဒီမြူခိုးတွေက မရိုးရှင်းဘူး... လူတွေရဲ့ အာရုံခံစားမှုကို ထိခိုက်စေနိုင်တာပဲ... အစွမ်းမရှိတဲ့သူတွေသာ ဝင်လာမယ်ဆိုရင်တော့ ဒီထဲမှာတင် လမ်းပျောက်သွားမှာ သေချာတယ်...”

မြူခိုးများရှိရာ နယ်ပယ်သို့ ရောက်သည်နှင့် လော့ချန်သည် ချက်ချင်းပင် ထူးခြားမှုကို သတိပြုမိသွားသည်။ သူသည် အိပ်မက်ကမ္ဘာကြီး တစ်ခုထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်မှာ ကောင်းကင် မဟုတ်တော့သလို မြေပြင်မှာလည်း မြေပြင် မဟုတ်တော့ဘဲ အရာအားလုံးမှာ မသေချာ မရေရာမှုများဖြင့် ပြည့်နှက်နေတော့သည်။

သူသည် ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်သည့်အခါမှသာ ထိုခံစားချက်မှာ များစွာ လျော့ပါးသွားခဲ့သည်။

“ထူးဆန်းတာပဲ...”

လော့ချန်သည် ဤမြူခိုးများ၏ ထူးခြားမှုကို အံ့သြသွားရသည်။

ကျင်းယွီရှီးက ပြုံးလျက် ဆိုလိုက်သည်။

“ဒဏ္ဍာရီအရတော့ ဒီပင်လယ်ပြင်ဟာ တစ်ချိန်က ရှေးဟောင်း စစ်တလင်းကြီး ဖြစ်ခဲ့တာတဲ့လေ... အစွမ်းထက်လှတဲ့ ရှေးဟောင်း နတ်ဆိုးသားရဲတွေရဲ့ အရိုးတွေ မြေကြီးထဲမှာ မြှုပ်နှံထားတာဆိုတော့ သူတို့ရဲ့ အရှိန်အဝါနဲ့ ကျန်ရှိနေတဲ့ ဆန္ဒတွေကနေ ဒီလိုမျိုး ထူးဆန်းတဲ့ စွမ်းအားနယ်ပယ်ကြီး ဖြစ်ပေါ်လာတာပေါ့... အဲဒါကြောင့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေတောင်မှ ဝင်လာရင် လမ်းပျောက်သွားတတ်ကြတယ်...”

လော့ချန် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားရသည်။ လော့ရှာဂိုဏ်းသည် အမျိုးသားများစွာ၏ စိတ်ကူးထဲမှ ကောင်းကင်ဘုံ ဖြစ်နေရခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ မည်သူမျှ မကျူးကျော်ဝံ့ခြင်းမှာလည်း ဤမြူခိုးများက သဘာဝအတားအဆီးတစ်ခုအဖြစ် ရှိနေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

“ဒီနေ့တော့ ဒီ ကောင်းကင်ဘုံကို ငါ တစ်ခေါက်လောက် သွားကြည့်ရမှာပေါ့...”

လော့ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ရောင်စဉ်သုံးသွယ် ကြိုးကြာသည် မြူခိုးများ၏ သက်ရောက်မှုကို မခံရဘဲ တည့်တည့်မတ်မတ် ပျံသန်းနေသည်။ မကြာမီမှာပင် ရောင်စဉ်သုံးသွယ် ကြိုးကြာသည် အရှိန်ကို လျှော့ချလိုက်ပြီး အောက်ဘက်သို့ ဆင်းသက်ရန် ပြင်လိုက်တော့သည်။

နောက်တစ်ခဏတွင်...

လော့ချန်၏ မျက်စိရှေ့တွင် အရာအားလုံးမှာ လင်းထိန်သွားပြီး အောက်ဘက်ရှိ တောင်တန်းများနှင့် ရေပြင်အလှမှာ အထင်းသား ပေါ်ထွက်လာခဲ့လေ၏။

အောက်ဘက်တွင် ကျွန်းစုကြီးတစ်ခု ရှိနေသည်။

ကျွန်းပေါ်ရှိ ကျောက်စိုင်များမှာ ပုံဆောင်ခဲများအလား ရှိနေပြီး ဝေဝါးလှသော ရောင်စဉ်တန်းများ ထွက်ပေါ်နေသည်မှာ ရောင်စုံ ပုံဆောင်ခဲများ စုစည်းနေသကဲ့သို့ ရှိနေတော့သည်။ ထူထဲလှသော မိုးမြေချီစွမ်းအင်များမှာလည်း ပါးလွှာသော မြူခိုးများအဖြစ် ပြောင်းလဲလျက် ကျွန်းများအကြား၌ ဝေ့ဝဲနေကြသည်။

ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်သည့်အခါ ကျွန်းစုကြီးတစ်ခုလုံးမှာ တောက်ပလှသော ရောင်စဉ်တန်းများအောက်တွင် တိတ်ဆိတ်အေးချမ်းနေသဖြင့် နတ်မိမယ်များ နေထိုင်ရာ နတ်ပြည်တစ်ခုအလား ထင်မှတ်ရပေသည်။

“တကယ့်ကို ကောင်းမွန်လှတဲ့ ကျင့်ကြံရေးနယ်မြေပဲ... လော့ရှာဂိုဏ်းမှာ ကျင့်ကြံဖို့ အမျိုးသမီးတွေ ဘာလို့ အိပ်မက်မက်နေကြလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး... ဒီလိုနေရာမျိုးမှာ နေထိုင်ရင်တော့ အချိန်ကြာလာတာနဲ့အမျှ စိတ်နေစိတ်ထားတွေလည်း ပြောင်းလဲသွားမှာပဲ...”

လော့ချန်သည် စိတ်ထဲမှ ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ ဤလှပလှသော မြင်ကွင်းနှင့်တင် သူ လာရကျိုး နပ်နေပေသည်။

“ဝှီး...”

ရောင်စဉ်သုံးသွယ် ကြိုးကြာ နှစ်ကောင်မှာ အကြီးဆုံး ကျွန်းကြီးပေါ်သို့ ဆင်းသက်လိုက်ကြသည်။

“ဘယ်သူလဲ... ဟင်... စီနီယာအစ်မ ချီယွဲ့ ပါလား...”

“ဂျူနီယာညီမလေး ကျင်းယွီရှီး... မင်း ပြန်လာပြီပဲ... မင်း တိုက်ခိုက်ခံရတယ်လို့ ကြားတယ်... ဘာမှ မဖြစ်ဘူး မဟုတ်လား...”

ရောင်စဉ်သုံးသွယ် ကြိုးကြာများ မြေပြင်သို့ ဆင်းသက်သည်နှင့် လော့ရှာဂိုဏ်း အပြင်စည်းတပည့်မလေး အချို့မှာ ချက်ချင်းပင် ကြိုဆိုနှုတ်ဆက်လိုက်ကြသည်။ သူတို့ တစ်ဦးချင်းစီမှာ လှပကျော့ရှင်းပြီး တက်ကြွလှသော လူငယ်လေးများ ဖြစ်ကြရာ ချီယွဲ့ နှင့် ကျင်းယွီရှီး တို့ကို မြင်လိုက်ရသည့်အခါ တစ်ခွန်းပြီးတစ်ခွန်း မေးမြန်းကြတော့သည်။

“အား... မင်းက ဘယ်သူလဲ... ငါတို့ လော့ရှာဂိုဏ်းက အမျိုးသားတွေကို လာခွင့်မပြုဘူးဆိုတာ မသိဘူးလား...”

တပည့်မလေးတစ်ဦးသည် လော့ချန်ကို တွေ့ရှိသွားသဖြင့် အော်ဟစ်လိုက်မိသည်။

ထိုစကား ထွက်လာသည်နှင့် ဂိုဏ်းဝင်ပေါက်အနီးတွင် ဆူညံသွားတော့၏။

အနီးနားရှိ လော့ရှာဂိုဏ်း တပည့်မလေးများမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး လော့ချန်အား စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။ လော့ရှာဂိုဏ်းသို့ တစ်နှစ်ပတ်လုံးတွင် အမျိုးသားတစ်ဦး ပေါ်လာရန်မှာ ခဲယဉ်းလှပေသည်။ ရောက်လာလျှင်လည်း အဆင့်အတန်းမြင့်မားလှသော လူကြီးလူကောင်းများသာ ဖြစ်တတ်ကြသည်။

လူတိုင်းမှာ လော့ချန်၏ အဆင့်အတန်းမှာ မည်သို့ ဖြစ်မည်နည်းဟု ခန့်မှန်းနေကြတော့သည်။

“...”

ဤမျှလောက်သော အမျိုးသမီးများ၏ စိုက်ကြည့်ခြင်းကို ခံရသည့်အခါ လော့ချန်သည် မည်မျှပင် စိတ်ဓာတ်ခိုင်မာပါစေ အနည်းငယ်တော့ နေရခက်သွားရသည်။

“ဟင်... မင်းပဲ... ရွှမ်ယွမ်ဂိုဏ်း တပည့် လော့ချန်...”

တပည့်မလေးတစ်ဦးသည် လော့ချန်ကို အံ့သြတကြီး ကြည့်ကာ အော်ဟစ်လိုက်သည်။

လော့ချန်သည် ထိုသူအား မှတ်မိလိုက်သည်။ သူမမှာ ယခင်က ဂိုဏ်းတာဝန်တစ်ခုကို အတူတူ ထမ်းဆောင်ခဲ့ဖူးသော လော့ရှာဂိုဏ်း တပည့်မလေး ကောချင်းပင် ဖြစ်၏။ သူက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“မတွေ့တာ ကြာပြီနော်...”

“ဟုတ်ပ... မတွေ့တာ ကြာပြီပဲ...”

ကောချင်းက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ သံသယများ ရှိနေသည်။ လော့ချန်သည် လော့ရှာဂိုဏ်းသို့ ဘာကြောင့် ရောက်လာရသနည်းဆိုသည်ကို သူမ မသိရှိပေ။

သူမ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသော်လည်း ၎င်းမှာ မဖြစ်နိုင်ဟု ထင်မှတ်ရပေသည်။

ထိုစဉ် ကျင်းယွီရှီးက ရှေ့သို့ထွက်၍ မိတ်ဆက်ပေးလိုက်သည်။

“သူကတော့ ရွှမ်ယွမ်ဂိုဏ်းရဲ့ အဓိကတပည့် လော့ချန်ပါ... မနှစ်က ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့တဲ့သူလေ... ဒီတစ်ခေါက် လာတာက ငါတို့ လော့ရှာဂိုဏ်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ စစ်ဆေးမှုကို ခံယူဖို့ပဲ...”

ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့တဲ့ လော့ချန် တဲ့လား။

“သူပဲ...”

လူတိုင်းမှာ အလွန်ပင် အံ့သြသွားကြရသည်။

လော့ချန်သည် ယန်ချင်းရှုံး နှင့် ဝှာကျင်းယန် တို့ကို အနိုင်ယူခဲ့သည့် သတင်းမှာ ဂိုဏ်းကြီး သုံးဂိုဏ်းစလုံးတွင် ဟိုးဟိုးကျော်နေခဲ့သည် မဟုတ်ပါလော။

လော့ချန်သည် ဤမျှအထိ ငယ်ရွယ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။

“တကယ်ပဲ သူပဲလား...”

ကောချင်းမှာ အိပ်မက်မက်နေသကဲ့သို့ မှင်တက်မိနေပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမသည် လော့ချန် ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲတွင် နံပါတ်တစ် ရရှိခဲ့သည့် သတင်းကို သေချာပေါက် ကြားဖူးသည်။

သို့သော်လည်း ရွှမ်ယွမ်ဂိုဏ်းတွင် တပည့်ပေါင်း သိန်းချီရှိနေသဖြင့် နာမည်တူသူများစွာ ရှိနိုင်သည်မဟုတ်ပါလော။ လွန်ခဲ့သော တစ်နှစ်ခန့်က ဂိုဏ်းတာဝန် အတူတူ ထမ်းဆောင်စဉ်က လော့ချန်မှာ ထုံရွှမ်နယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်ခဲ့သလို ကျင့်ကြံဆင့်မှာလည်း သူမထက်ပင် နိမ့်ပါးခဲ့သေးသည်။ ထို့ကြောင့် ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲ၏ နံပါတ်တစ်ဆုရှင်နှင့် မည်သို့မျှ မသက်ဆိုင်ဟု သူမ ထင်မှတ်ခဲ့ခြင်းပင်။

သို့သော်လည်း လော့ချန်သည် ဂိုဏ်းကြီး သုံးဂိုဏ်းနှင့် တစ်ခုလုံးသော တာယွဲ့မင်းဆက်တွင် အထင်ရှားဆုံးသော ပါရမီရှင်သစ် တစ်ဦး ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“တစ်နှစ်အတွင်းမှာတင် အဓိကတပည့် ဖြစ်လာတယ်တဲ့လား... ဘယ်လိုလုပ်ပြီး တိုးတက်မှုက ဒီလောက်အထိ မြန်ရတာလဲ...”

ကောချင်း ၏ အံ့သြတုန်လှုပ်နေသော စိတ်အာရုံမှာ အချိန်အတော်ကြာအောင် ပြန်လည် မတည်ငြိမ်နိုင်ဘဲ ရှိနေတော့သည်။

သူမသည် ယခုအခါ ထုံရွှမ်နယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင်သာ ရှိနေသေးပြီး သူမ၏ တိုးတက်မှုနှုန်းမှာ လော့ရှာဂိုဏ်း အပြင်စည်းတွင် အလယ်အလတ်အထက်တွင် ရှိနေသော်လည်း လော့ချန်နှင့် ယှဉ်လျှင်မူ ဘာမှ မဟုတ်တော့ပေ။

ထိုစဉ် လော့ရှာဂိုဏ်း အကြီးအကဲ အချို့ ထွက်ပေါ်လာကြသည်။

လူစုခွဲလိုက်ပြီးနောက် အကြီးအကဲ တစ်ဦးက လော့ချန်အား အေးစက်စွာ ပြောလိုက်သည်။

“မင်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံဖို့ကိစ္စကို အကြီးအကဲတွေ အကုန်လုံး ဆွေးနွေးပြီးမှ ဆုံးဖြတ်မှာပါ... အရင်ဆုံး ဂိုဏ်းထဲမှာ ခဏ နားနေလိုက်ဦး... ချီယွဲ့... သူ့ကို စိမ်းလဲ့တောင်ကြား ကို ခေါ်သွားလိုက်စမ်း...”

စကားပြောပြီးနောက် အကြီးအကဲများမှာ ထပ်မံ၍ ဘာမှ မပြောတော့ဘဲ နေရာမှ ထွက်ခွာသွားကြတော့သည်။

ချီယွဲ့က လော့ချန်ကို တစ်ချက် ဝေ့ကြည့်ကာ ခပ်အေးအေးပင် ဆိုလိုက်သည်။

“ငါတို့ လော့ရှာဂိုဏ်းမှာက အမျိုးသမီးတပည့်တွေချည်းပဲ ရှိတာဆိုတော့... မင်းရဲ့ မျက်လုံးတွေကို သေသေချာချာ ထိန်းထားတာ အကောင်းဆုံးပဲ... ငါ့နောက်ကနေ လိုက်ခဲ့စမ်း...”

အခန်း ၅၄၆ ပြီးပါပြီ။

All Chapters