အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း ၅၄၇ - မောက်မာနေသော လော့ချန်... ထူးဆန်းသော အရှိန်အဝါ...
ချီယွဲ့၏ သတိပေးစကားကို ကြားရသည့်အခါ လော့ချန်သည် စိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ဖက်လူမှာ တကယ့်ကို အားနာမှုမရှိဘဲ စကားလုံးတိုင်းမှာ သူ့ကိုသာ တိုက်ရိုက် စောင်းမြောင်းနေခြင်း ဖြစ်သည်။
နေပါစေလေ။ လော့ချန်သည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် အမြန်ဆုံး ကျင့်ကြံလိုစိတ်သာ ရှိသဖြင့် တစ်ဖက်လူနှင့် ငြင်းခုံမနေတော့ဘဲ ကိုယ်ဟန်ကို လှုပ်ရှားလျက် အနောက်မှ လိုက်ပါသွားတော့သည်။
ကျင်းယွီရှီးသည် နှစ်ဦးသားကြားတွင် ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် အခြားသော လော့ရှာဂိုဏ်း တပည့်မလေး သုံးဦးနှင့်အတူ အမြန် လိုက်လာခဲ့ကြသည်။
ကျွန်းအတွင်းပိုင်းမှာမူ ပန်းရနံ့များ သင်းပျံ့နေပြီး ငှက်ကလေးများ တေးဆိုနေကြသော ကမ္ဘာငယ်လေးတစ်ခုအလား ရှိနေသည်။
စိမ်းလန်းစိုပြည်လှသော တောင်ထိပ်များ... ကြည်လင်လှသော အိုင်ကြီးများနှင့် ရောင်စဉ်တန်းများ ဆင်းသက်လာသကဲ့သို့ ရှိနေသည့် ရေတံခွန်ငယ်လေးများ။ အဆောက်အအုံများမှာလည်း ပါးလွှာသော မြူခိုးများကြားတွင် ပုန်းကွယ်နေကြသဖြင့် အလွန်ပင် တိတ်ဆိတ်အေးချမ်းလှပေသည်။
လော့ချန်သည် လမ်းတစ်လျှောက်ရှိ သဘာဝ အလှတရားများကို ခံစားလိုက်သည်။
ဝန်ခံရမည်မှာ ပတ်ဝန်းကျင် အနေအထားအရဆိုလျှင် ရွှမ်ယွမ်ဂိုဏ်းမှာ လော့ရှာဂိုဏ်းကို မည်သို့မျှ မယှဉ်နိုင်ပေ။ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက် နေထိုင်သော တောင်ထိပ်များပင်လျှင် ဤနေရာကို မမီနိုင်ကြချေ။
ဂိုဏ်းကြီး သုံးဂိုဏ်းထဲမှ တစ်ခုဖြစ်သော လျှပ်ယွမ်ဂိုဏ်း၏ ပတ်ဝန်းကျင်မှာရော မည်သို့ ရှိမည်နည်းဟု သူ သိချင်မိသွားသည်။
လှပလှသော မြင်ကွင်းများအပြင် တောင်တန်းများနှင့် အိုင်ကြီးများကြားတွင် လှပကျော့ရှင်းလှသော မိန်းမပျိုလေးများမှာလည်း အုပ်စုလိုက် သွားလာနေကြပြီး ရယ်မောပျော်ရွှင်နေကြသည်။
ထိုတပည့်မလေးများမှာ တစ်ဦးချင်းစီ တက်ကြွလှပနေကြပြီး အသားအရေမှာလည်း ပုံဆောင်ခဲများအလား ဝင်းပနေကာ စိတ်နေစိတ်ထားမှာလည်း သာမန်အမျိုးသမီးများထက် များစွာ သာလွန်နေသဖြင့် လူအများ၏ အာရုံကို ဆွဲဆောင်နေတော့သည်။
‘ကြားရသလောက်တော့ လော့ရှာဂိုဏ်းမှာ ရောင်စဉ်ငါးသွယ်စမ်းရေအိုင် တစ်ခု ရှိတယ်တဲ့လေ... အဲဒီရေနဲ့ ရေချိုးရင် အမျိုးသမီးတွေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်ဆိုတာ... အခုကြည့်ရတာတော့ အမှန်ပဲ ထင်တယ်...’
လော့ချန်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပြီး ထိုရောင်စဉ်ငါးသွယ်စမ်းရေအိုင်၏ ထူးခြားမှုကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ သို့သော်လည်း သူသည် တွေးကြည့်ရုံသာ တတ်နိုင်ပေသည်။ ထိုကဲ့သို့သော နေရာမျိုးကို သူ သွား၍ မရနိုင်သည်မှာ အသေအချာပင်။
“မင်း ဘာတွေကို လျှောက်ကြည့်နေတာလဲ...”
လော့ချန် တွေးတောနေစဉ်မှာပင် ဘေးနားမှ ပြင်းထန်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
လော့ချန် အကြည့်ကို လွှဲလိုက်သည့်အခါ မျက်မှောင်ကြုတ်လျက် ဒေါသထွက်နေသော ချီယွဲ့ကို မြင်တွေ့လိုက်ရသည်။ ချီယွဲ့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ လှပသော မျက်နှာတွင် လှောင်ပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။
“ကြည့်ရတာ စီနီယာအစ်မ ယင်းလီ ပြောခဲ့တဲ့ မင်းဟာ နှာဗူးကောင် ဆိုတာ... တကယ်ပဲ မှန်နေတာပဲ...”
လော့ချန်၏ မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားပြီး အားနာမှုမရှိဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။
“မျက်လုံးက ငါ့ကိုယ်ပေါ်မှာ ရှိတာလေ... ငါ ဘာကြည့်ကြည့် မင်းနဲ့ ဘာဆိုင်လို့လဲ... ဒီမှာ လာပြီး ဆရာလုပ်မနေနဲ့... ကိုယ့်အလုပ်ကိုယ်ပဲ လုပ်စမ်းပါ...”
‘လူက ငါ့အပေါ် လေးစားရင် ငါကလည်း တစ်ဖက်လူကို ပြန်ပြီး လေးစားတတ်တယ်... အေး... တစ်ဖက်လူက အကြိမ်ကြိမ် ပြဿနာရှာနေရင်တော့ ငါလည်း မျက်နှာသာပေးမှာ မဟုတ်ဘူးမှတ်...’
“ဟင်...”
ချီယွဲ့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လော့ချန်ကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်လိုက်သည်။
သူမသည် လော့ရှာဂိုဏ်း အတွင်းစည်း၏ ထိပ်သီး မျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သလို ကိုယ်ဟန်အလှမှာလည်း ပြိုင်ဘက်ကင်းလှပေသည်။ လောကထဲတွင် လှည့်လည်သည့်အခါ ဂိုဏ်းကြီး သုံးဂိုဏ်းမှ မည်သည့်အမျိုးသားတပည့်မဆို သူမ၏ ရှေ့တွင် တလေးတစားဖြင့် နာခံတတ်ကြသည်ချည်းသာ ဖြစ်သည်။
လော့ချန်၏ စကားက သူမအား အလွန်ပင် မကျေမနပ် ဖြစ်သွားစေခဲ့သည်။
လော့ချန်သည် ယခင်က ယင်းလီ အပေါ်တွင် ထားရှိခဲ့သော သဘောထားကို သတိရလိုက်သည့်အခါ ချီယွဲ့၏ လေသံမှာ ပိုမို အေးစက်သွားပြီး လှောင်ပြောင်လိုက်သည်။
“ယန်ချင်းရှုံးကို အနည်းငယ် ကူညီပေးခဲ့ဖူးတဲ့ ကျေးဇူးကို အသုံးချပြီးတော့... မင်းက မောက်မာပြီးတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမယ်လို့တော့ မကြံနဲ့ဦး... အမှန်အတိုင်း ပြောရရင် ဂိုဏ်းထဲက အကြီးအကဲ အတော်များများက ဒီကိစ္စကို သဘောမတူကြဘူးနော်... မင်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ စစ်ဆေးမှုကို ခံယူခွင့် ရမရ ဆိုတာတောင် အဖြေမထွက်သေးဘူး...”
‘ငါက မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ် ဟုတ်လား...’
လော့ချန်သည် ခပ်အေးအေးပင် ရယ်မောလိုက်ပြီး ဆိုလိုက်သည်။
“မင်းက မျိုးဆက်တပည့် ဆယ်ယောက်ထဲက တစ်ယောက်ပဲ ရှိပါသေးတယ်... ငါ စစ်ဆေးမှုကို ခံယူခွင့် ရမရ ဆိုတာကတော့ မင်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ... ကြီးကျယ်လှတဲ့ လော့ရှာဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ဒီလောက်တောင် တန်ဖိုး မရှိဘူးလို့တော့ ငါ မယုံဘူး... သူတို့ ပေးထားတဲ့ ကတိကို အလွယ်တကူပဲ ဖျက်စီးပစ်လိမ့်မယ်လို့လည်း မထင်ဘူး...”
လော့ချန်သည် တမင်တကာ အသံကို မြှင့်၍ ပြောလိုက်သဖြင့် ထိုအသံမှာ ဝေးရာသို့ ပျံ့လွင့်သွားပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။ ဤသို့ဖြင့် လော့ရှာဂိုဏ်း အဆင့်မြင့်ပိုင်း လူကြီးများကို ဖိအားပေးနိုင်မည် မဟုတ်ပါလော။
မိုင်ပေါင်း သောင်းနှင့်ချီသော ခရီးကို အပင်ပန်းခံ လာခဲ့ရသည်ဖြစ်ရာ သူသည် အချည်းနှီး ပြန်မသွားလိုပေ။ အခြေအနေမှာ ပိုမို တင်းမာလာသည်ကို မြင်ရသည့်အခါ ကျင်းယွီရှီးက အလောတကြီး ဝင်တားလိုက်သည်။
“စီနီယာအစ်မ ချီယွဲ့... အရင်ဆုံး စိမ်းလဲ့တောင်ကြားကို သွားကြရအောင်နော်...”
ချီယွဲ့၏ မျက်နှာမှာ အလွန်ပင် ညိုမည်းနေတော့သည်။ သူမသည် ဤမျှလောက်အထိ အထင်သေးခြင်းကို တစ်ခါမှ မခံခဲ့ရဖူးပေ။ ထို့ပြင် တစ်ဖက်လူမှာ အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသည့်၊ သူမ၏ မျက်စိထဲ၌ ဘာမှ မဟုတ်သည့် ကောင်လေးတစ်ယောက်သာ ဖြစ်နေသည်မဟုတ်ပါလော။ သူမက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
“စကားကတော့ တော်တော်ကြီးတာပဲ... မင်း စစ်ဆေးမှုမှာ ပါဝင်ခွင့်ရရင်တောင်မှ ဘာဖြစ်မှာလဲ... မင်း သေချာပေါက် ကျရှုံးမှာပဲလေ... အဲဒီကျရင်တော့ မင်းမှာ ဆင်ခြင်တုံတရား မရှိဘူးဆိုတာကို သက်သေပြလိုက်သလိုပဲ ဖြစ်မှာပေါ့...”
လော့ချန်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။
သူသည် တစ်ဖက်လူနှင့် စကားများမနေလိုသော်လည်း တစ်ဖက်လူကမူ အတော်လေးကို ဆင်ခြင်တုံတရား ကင်းမဲ့နေသည်မဟုတ်ပါလော။
ဆက်လက်၍ သည်းခံနေမည်ဆိုပါက တစ်ဖက်လူက သူ့ကို အထင်သေးနေမှာ သေချာလှသဖြင့် ချက်ချင်းပင် ဆိုလိုက်သည်။
“မင်းက ဒီလောက်တောင် ယုံကြည်ချက် ရှိနေမှတော့... ငါတို့ အလောင်းအစား လုပ်ကြတာပေါ့... တကယ်လို့ ငါသာ စစ်ဆေးမှုကို အောင်မြင်သွားခဲ့ရင် မင်း လူအများရှေ့မှာ ငါ့ကို တောင်းပန်ရမယ်...”
ချီယွဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မေးလိုက်သည်။
“တကယ်လို့ မင်းသာ စစ်ဆေးမှုကို မအောင်မြင်ခဲ့ရင်ရော...”
လော့ချန်သည် အေးဆေးစွာပင် ဆိုလိုက်သည်။
“တကယ်လို့ ငါသာ စစ်ဆေးမှုကို မအောင်မြင်ခဲ့ရင် ငါ မင်းနဲ့ ယင်းလီကို တောင်းပန်မယ်... ပြီးတော့ ငါ့မှာ ဆင်ခြင်တုံတရား မရှိဘူးဆိုတာကိုလည်း အများရှေ့မှာ ဝန်ခံမယ်...”
“ဟင်းဟင်း... ရတာပေါ့... ဒါပေမဲ့ စီနီယာအစ်မ ယင်းလီ ပေးခဲ့တဲ့ သွေးကြောပွင့် ဆေးလုံး တစ်ဆယ်ကိုလည်း မင်း ပြန်ပေးရမယ်နော်...”
ချီယွဲ့သည် သူမ၏ ဖြူဖွေးလှသော မေးစေ့လေးကို အနည်းငယ် မြှောက်လိုက်ပြီး ထူးထူးခြားခြား ပြုံးလျက် ချက်ချင်းပင် သဘောတူလိုက်သည်။
ယခင် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုများအရ သိုင်းဝိညာဉ် အဆင့်မြင့်လေ စစ်ဆေးမှုကို အောင်မြင်ရန် အခွင့်အရေး ပိုများလေ ဖြစ်သည်။
သူမ၏ အမြင်အရမူ လော့ချန်သည် ကြယ်တစ်ပွင့်ပင် မရှိသော အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ရာ စစ်ဆေးမှုကို အောင်မြင်ရန်မှာ တစ် ရာခိုင်နှုန်းမျှပင် အခွင့်အရေး မရှိဘဲ သေချာပေါက် ကျရှုံးမည်မှာ သေချာလှပေသည်။
လော့ချန်က ဆိုလိုက်သည်။
“ဒါဆိုရင်တော့ ကတိအတိုင်းပဲ ဖြစ်စေရမယ်...”
ကျင်းယွီရှီးသည် ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။
ယခုအချိန်တွင် တားဆီးရန်မှာ မဖြစ်နိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ်... ၎င်းမှာ တောင်းပန်ရုံသာ ဖြစ်သဖြင့် ကြီးမားလှသော ပဋိပက္ခ မဖြစ်နိုင်ဟု သူမ ယူဆလိုက်သည်။ လူအချို့ စကားမပြောကြတော့ဘဲ မကြာမီမှာပင် တောင်ကြားတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။
တောင်ကြားမှာ သန့်စင်လှသော ကမ္ဘာမြေပြင်တစ်ခုအလား ရှိနေပြီး စိမ်းလန်းစိုပြည်လှသော တောင်ထိပ်များမှာ မြေပြင်မှ ထိုးထွက်နေကြသလို တိမ်တိုက်များလည်း ဝေ့ဝဲနေကြသည်။ သစ်ပင်များမှာလည်း အရိပ်ကောင်းလှသလို ထူးဆန်းလှသော ပန်းများလည်း ပွင့်လန်းနေကြပြီး စမ်းချောင်းဘေးတွင် နတ်ဆိုးသမင်ငယ်လေးများမှာလည်း ဆော့ကစားနေကြကာ ရောင်စဉ်သုံးသွယ် ကြိုးကြာများမှာလည်း ပတ်ဝန်းကျင်၌ ဝဲပျံနေကြသည်။
တောင်ကြား၏ အတွင်းပိုင်းတွင်မူ တိမ်နှင့်မြူခိုးများ ဖုံးလွှမ်းနေပြီး နူးညံ့လှသော ရောင်စဉ်တန်းများ ထွက်ပေါ်နေသဖြင့် အရာအားလုံးမှာ ဝေဝါးနေကာ လူသားတို့၏ ကောင်းကင်ဘုံတစ်ခုအလား ရှိနေတော့သည်။
ချီယွဲ့၏ ဦးဆောင်မှုဖြင့် လော့ချန်သည် တောင်ကြားရှေ့ရှိ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ရာ အရှေ့တွင် ခမ်းနားလှသော ခြံဝင်းကြီးတစ်ခု ရှိနေသည်။
“ဒါက မင်း နေရမယ့် နေရာပဲ... ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး သတင်းရတာနဲ့ တစ်ယောက်ယောက်က မင်းကို လာပြီး အသိပေးလိမ့်မယ်...”
ချီယွဲ့သည် စကားတစ်ခွန်းသာ ချန်ထားရစ်ပြီးနောက် ချက်ချင်းပင် အနောက်သို့ လှည့်၍ ထွက်ခွာသွားတော့သည်။ သူမသည် စကားတစ်ခွန်းမျှ ထပ်မံ မပြောလိုတော့ပေ။
လော့ချန်သည်လည်း ဤသို့ ဖြစ်သွားသည်ကို ဝမ်းသာမိသည်။
“လော့ချန်... မင်း သေသေချာချာ အနားယူလိုက်ဦးနော်...”
ကျင်းယွီရှီးသည် လော့ချန်တွင် ဒဏ်ရာများ ရှိနေသေးသည်ကို သိရှိထားသဖြင့် အနှောင့်အယှက် မပေးလိုတော့ပေ။ နှစ်ဦးသား ခေတ္တမျှ စကားပြောဆိုပြီးနောက် အခြားသော လော့ရှာဂိုဏ်း တပည့်မလေး သုံးဦးနှင့်အတူ ထွက်ခွာသွားကြတော့သည်။
“ကောင်းပြီ...”
လော့ချန်သည် ထိုလေးဦး ထွက်ခွာသွားသည်ကို လိုက်လံ ကြည့်ရှုလိုက်သည်။
အမှန်တကယ်တွင်မူ သူ၏ ဒဏ်ရာမှာ လမ်းတစ်လျှောက်တွင် များစွာ သက်သာသွားခဲ့ချေပြီ။ ယခုအခါတွင်မူ အနည်းငယ်မျှ ထပ်မံ၍ အနားယူလိုက်ရုံနှင့် သူ၏ စိတ်၊ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားမည်မှာ သေချာလှသည်။
ဤခမ်းနားလှသော ခြံဝင်းကြီး၏ အမည်မှာ စိမ်းလဲ့ခြံဝင်း ဖြစ်ပြီး တောင်ခါးပန်းတွင် တည်ရှိကာ ဘေးနား၌ အိုင်ကြီးတစ်ခု ရှိနေသည်။ အိုင်ဘေးတွင် ကြိုးကြာငှက်များ ရှိနေသလို သမင်ငယ်လေးများမှာလည်း ရေသောက်နေကြသဖြင့် အလွန်ပင် သဘာဝကျလှပေသည်။
ရက်ပေါင်းများစွာ လိုက်လံလုပ်ကြံခံရခြင်းနှင့် ခရီးနှင်လာရခြင်းတို့ကြောင့် လော့ချန်သည် ယခုမှသာ အပြည့်အဝ အနားယူနိုင်တော့သည်။
လှပငြိမ်းချမ်းလှသော ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်နေစိတ်ထားမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ခေတ္တမျှ ကြာပြီးနောက် လော့ချန်သည် ခြံဝင်းအတွင်းသို့ ဝင်ရောက်လိုက်သည်။
အတွင်း၌ အဓိကခြံဝင်း တစ်ခု၊ ဘေးခြံဝင်း နှစ်ခုနှင့် လေ့ကျင့်ရေးကွင်း တစ်ခု ပါရှိသည်။ လေ့ကျင့်ရေးကွင်းသို့ ရောက်သည်နှင့် လော့ချန်သည် ထူထဲလှသော မိုးမြေချီစွမ်းအင်များကို ချက်ချင်း ခံစားလိုက်ရသည်။
“မဆိုးဘူးပဲ... ဒီမှာ ချီစွမ်းအင်စုစည်းမှု အစီအရင် အသေးလေးတစ်ခုတောင် ရှိနေတာပဲ...”
အကယ်၍သာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံရန် မရှိခဲ့ပါက လော့ချန်သည် ဤနေရာမှာပင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းရန် ကြိုးစားမိပေလိမ့်မည်။
‘ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ စစ်ဆေးမှုက ဘာတွေ ဖြစ်မလဲ မသိဘူး... ထားလိုက်ပါဦး... အရင်ဆုံး ကိုယ့်ရဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် လုပ်ထားရမယ်...’
လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီး အတွေးများကို ဖယ်ထုတ်ကာ ကျင့်ကြံရန် ပြင်လိုက်သည်။
‘ဟင်...’
မျက်လုံးများကို မှိတ်လိုက်ရုံ ရှိသေးသော်လည်း လော့ချန်သည် ချက်ချင်းပင် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ဝင်းလက်သွားသည်။
ကျင့်ကြံမှုကို စတင်လိုက်သည်နှင့် သူသည် ထူးဆန်းလှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ မိုးမြေချီစွမ်းအင်များနှင့်အတူ သူ၏ ကိုယ်တွင်းသို့ တိုးဝင်လာပြီး တစ်ကိုယ်လုံးရှိ သွေးလှိုင်းများကို လှုပ်ရှားစေတော့သည်။
အခန်း ၅၄၇ ပြီးပါပြီ။
အခန်း ၅၄၈ - သူက ကံကောင်းသွားတာတင်ပါ... လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်ကြား...
“ဒါက ဘာလဲ...”
လော့ချန် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခု ထူးခြားနေသည်ကို သိရှိရန်အတွက် ဝိညာဉ်စွမ်းအားကို ချက်ချင်း ဖြန့်ကျက်လိုက်တော့သည်။
မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ မိုးမြေချီစွမ်းအင်များကြား၌ လှပဆန်းကြယ်သော အရှိန်အဝါ အစအနလေးများ ပါဝင်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ထိုအရှိန်အဝါမှာ အလွန်ပင် မသိမသာဖြစ်ပြီး ဝေဝါးလှပေသည်။ အကယ်၍ သူ၏ ဝိညာဉ်စွမ်းအားမှာ သန်မာခြင်း မရှိပါက သေချာပေါက် သတိပြုမိလိမ့်မည် မဟုတ်ပေ။
ထို့ပြင် ထိုလှပသော အရှိန်အဝါများမှာ တောင်ကြား၏ အတွင်းပိုင်းဆီသို့ အဆက်မပြတ် စုစည်းနေသည်ကိုလည်း လော့ချန် သတိပြုမိလိုက်သည်။ ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်သည့်အခါ တောင်ကြားအတွင်းပိုင်းရှိ မိုးနှင့်မြေမှာ ဝေဝါးလှသော ရောင်စဉ်တန်းများဖြင့် လင်းထိန်နေသဖြင့် သူ၏ ဝိညာဉ်စွမ်းအားပင်လျှင် အတွင်းပိုင်းအထိ ထိုးဖောက်၍ မရနိုင်တော့ဘဲ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှပေသည်။
“ဒီအရှိန်အဝါက အပြင်က မြူခိုးတွေထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ အရှိန်အဝါနဲ့ နည်းနည်း ဆင်တူနေတာပဲ... ဒါ ကျင်းယွီရှီး ပြောခဲ့တဲ့ ဝိညာဉ်ရောင်စဉ်တန်းလား မသိဘူး...”
လော့ချန်သည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ လမ်းခရီးတွင် ကျင်းယွီရှီး ပြောပြခဲ့သည်မှာ လော့ရှာဂိုဏ်း တည်ရှိရာ ထျန်းရှာကျွန်းသည် တစ်ချိန်က ထူထဲလှသော မြူခိုးများ ဖုံးလွှမ်းခြင်း ခံခဲ့ရဖူးသည်။ နောက်ပိုင်းတွင် သန်မာသူတစ်ဦးက အံ့သြဖွယ် နည်းလမ်းများကို အသုံးပြုလျက် မြူခိုးများကို ဖယ်ရှားကာ အစီအရင်များ စီရင်ခဲ့သဖြင့် ယခုကဲ့သို့သော ထျန်းရှာကျွန်း ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။
ထိုသန်မာသူမှာ လော့ရှာဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးလည်း ဖြစ်ပေသည်။ အံ့သြစရာ ကောင်းသည်မှာ မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် တစ်ခုလုံးသော ကျွန်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။ ထိုအရှိန်အဝါမှာ မိုးမြေချီစွမ်းအင်များကို သန့်စင်သည့်နှုန်းကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်သလို ခန္ဓာကိုယ် ကျင့်ကြံမှုအတွက်လည်း အကျိုးကျေးဇူး ရှိလှပေသည်။
ထိုအရှိန်အဝါကို ဝိညာဉ်ရောင်စဉ်တန်းဟု ခေါ်ဆိုခြင်း ဖြစ်၏။
“ဝိညာဉ်ရောင်စဉ်တန်း... ကျင့်ကြံကြည့်ရမှာပေါ့...”
လော့ချန်သည် စိတ်နှင့် ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော ဆေးလုံးအချို့ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မျက်လုံးများကို မှိတ်လျက် ကျင့်ကြံခြင်းနယ်ပယ်ထဲသို့ တစ်လှမ်းချင်း ဝင်ရောက်လိုက်တော့သည်။
အခြားတစ်ဖက်တွင်... ချီယွဲ့သည် စိမ်းလဲ့တောင်ကြားမှ ထွက်ခွာလာပြီးနောက် ဝေးဝေးသို့ မရောက်မီမှာပင် ကောင်းကင်ယံမှ ဆင်းသက်လာသော လှပကျော့ရှင်းသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နှင်းပွင့်လေးများ တဖွဲဖွဲ ကျဆင်းနေခဲ့သည်။
“စီနီယာအစ်မ ယင်းလီ...”
ချီယွဲ့သည် ရိုသေလေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်လိုက်ပြီး မေးမြန်းလိုက်သည်။
“ကျိလော့ဂိုဏ်းက မိစ္ဆာမကို တွေ့ခဲ့လား...”
ရောက်ရှိလာသူမှာ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ဦးဖြစ်သူ ယင်းလီ ပင် ဖြစ်၏။ သူမက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“မိုင်ပေါင်း ထောင်ချီတဲ့ နေရာတွေကို ငါ ရှာဖွေခဲ့သလို နန်းမြို့တော်အထိလည်း သွားခဲ့ပေမဲ့ သူ့ရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး... ကြည့်ရတာတော့ သူ သတင်းရသွားလို့ ပုန်းနေပြီ ထင်တယ်...”
“ဒီမိစ္ဆာမက တကယ့်ကို လည်တာပဲ...”
ချီယွဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ယင်းလီက ဆိုလိုက်သည်။
“ဘာမှ စိတ်မပူပါနဲ့... အခု ငါတို့ လော့ရှာဂိုဏ်းတင် ရှာနေတာ မဟုတ်ဘဲ နန်းတွင်းက လူတွေလည်း လှုပ်ရှားနေကြပြီလေ... သူ တာယွဲ့မင်းဆက် ထဲကနေ ထွက်မသွားသရွေ့တော့ လွတ်ဖို့ မလွယ်ပါဘူး...”
ချီယွဲ့ ခေါင်းညိတ်လိုက်ပြီး လော့ချန်ကို သတိရသွားသဖြင့် ဆိုလိုက်သည်။
“စီနီယာအစ်မ ယင်းလီ... လော့ချန်က ငါတို့ လော့ရှာဂိုဏ်းကို ရောက်နေပြီလေ... သူက မနှစ်က ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့တဲ့ကောင် ဖြစ်နေတာကိုး...”
“အဲဒီကိစ္စကို ငါ သိပြီးသားပါ...”
ယင်းလီက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး ချီယွဲ့ကို တစ်ချက် ဝေ့ကြည့်ကာ ပြုံးလျက် ဆိုသည်။
“မင်းက သူ့ကို ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုကို အောင်မြင်နိုင်မလားဆိုပြီး အလောင်းအစား လုပ်ခဲ့တယ်လို့လည်း ငါ ကြားတယ်... မင်းက ဘယ်တုန်းက ဒီလောက်အထိ စိတ်လှုပ်ရှားတတ်သွားတာလဲ...”
ချီယွဲ့သည် သူမ၏ နီရဲနေသော နှုတ်ခမ်းလွှာလေးကို တင်းတင်းစေ့ထားမိပြီး ဒေါသတကြီး ဆိုလိုက်သည်။
“ငါက သူ့ကို အမြင်မကြည်လို့ပါ... စီနီယာအစ်မကိုတောင်မှ သူက ပြန်ပြီး အာခံရဲသေးတာလေ... စီနီယာအစ်မက သူ့ကို နှာဗူးကောင်လို့ ဆဲခဲ့ပေမဲ့ အဆင့်အတန်းကို နှိမ့်ချပြီးတော့ သွေးကြောပွင့် ဆေးလုံးတွေ ပေးခဲ့တာ မဟုတ်လား... တခြားလူသာဆိုရင် ဝမ်းသာအားရနဲ့ လက်ခံမှာ သေချာပေမဲ့... သူကတော့ ငြင်းရုံတင်မကဘဲ စီနီယာအစ်မကိုပါ တောင်းပန်ခိုင်းသေးတယ်... တကယ်ပဲ အမှားအမှန်ကို မသိတဲ့ကောင်ပဲ...”
“ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာ ကံကောင်းလို့ နံပါတ်တစ် ရခဲ့တာကိုများ... ဘာတွေ ကြီးကျယ်နေတာလဲ မသိဘူး... ဒီကောင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာဆိုတော့... ဒီတစ်ခေါက်တော့ သူ့ကိုယ်သူ သေသေချာချာ သိသွားအောင် ငါ လုပ်ပြရမှာပေါ့...”
ယင်းလီ၏ ဆံနွယ်ရှည်များမှာ လေထဲတွင် ဝေ့ဝဲနေပြီး သူမ၏ ဖြူဖွေးလှသော လည်တိုင်လေးမှာလည်း နူးညံ့လှပေသည်။ သူမက ခေါင်းကို အသာအယာ ခါယမ်းလိုက်ကာ ဆိုလိုက်သည်။
“ဒီကောင်က ယန်ချင်းရှုံးနဲ့ ဝှာကျင်းယန် တို့ကို အနိုင်ယူနိုင်ခဲ့သလို တစ်နှစ်မပြည့်ခင်မှာတင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ကို ရောက်လာတာလေ... နောက်ပြီး ဒီတစ်ခေါက် ဂျူနီယာညီမလေး ကျင်းယွီရှီးကို ခေါ်ပြီးတော့ အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦးရဲ့ လက်ထဲကနေ လွတ်အောင် ပြေးနိုင်ခဲ့တာတွေက... ကံကောင်းတာ တစ်ခုတည်းနဲ့တော့ ရှင်းပြလို့ မရနိုင်ဘူး...”
“သူက မင်းနဲ့ အလောင်းအစား လုပ်ရဲတယ်ဆိုမှတော့ သေချာပေါက် တစ်ခုခုကို ယုံကြည်ထားလို့ ဖြစ်မှာပဲ... ကိုယ့်ကျင်း ကိုယ် ပြန်မတူးမိစေနဲ့ဦး...”
ယင်းလီ၏ မျက်ဝန်းများမှာ ကြည်လင်နေသော်လည်း တစ်ချက်ကိုမူ သူမ ထုတ်မပြောခဲ့ပေ။ သူမသည် ယွမ်မန်လီနှင့် အမြဲတမ်း နှိုင်းယှဉ်ခြင်း ခံရသူဖြစ်သဖြင့် စိတ်ထဲမှနေ၍ ယွမ်မန်လီကို အလေးထားလာမိသည်။ လော့ချန်သည် ယွမ်မန်လီ ကိုယ်တိုင် ရွှမ်ယွမ်ဂိုဏ်းသို့ ခေါ်ဆောင်ခဲ့သော လူတစ်ဦး ဖြစ်၏။ ယင်းလီ သိချင်နေသည်မှာ အသုံးမကျသော သိုင်းဝိညာဉ်ပိုင်ရှင် လော့ချန်သည် ဘာကြောင့် ယွမ်မန်လီ၏ အလေးထားမှုကို ခံရသနည်း ဆိုသည်ကိုပင်။
လော့ချန်အပေါ် ထားရှိသည့် ယင်းလီ၏ မှတ်ချက်ကို ကြားရသည့်အခါ ချီယွဲ့သည် နှုတ်ခမ်းကို စူလိုက်ပြီး ယုံကြည်ချက်ရှိစွာ ဆိုလိုက်သည်။
“စီနီယာအစ်မ စိတ်ချပါ... ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုက ဝိညာဉ်စွမ်းအားကို စစ်ဆေးတာလေ... သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ ဘယ်လိုလုပ်ပြီး အောင်မြင်မှာလဲ...”
“ဒါလည်း ဟုတ်တာပဲလေ...”
ယင်းလီက ပြုံးလိုက်ပြီး ဆက်လက်၍ မမေးတော့ပေ။ ဘာပဲဖြစ်ဖြစ်... နှစ်ဦးသား၏ အလောင်းအစားမှာ အသက်အန္တရာယ် မရှိသည်မဟုတ်ပါလော။ သူမက အသာအယာ သမ်းဝေလိုက်ပြီး ဆိုလိုက်သည်။
“ရက်အနည်းငယ်လောက် ခရီးနှင်ခဲ့ရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းနေပြီ... ငါ ရောင်စဉ်ငါးသွယ်စမ်းရေအိုင် ကို သွားပြီးတော့ အနားယူဦးမယ်... မင်းရော လိုက်မလား...”
ချီယွဲ့၏ မျက်လုံးများ ဝင်းလက်သွားပြီး ယင်းလီ၏ လှပကျော့ရှင်းသော ကိုယ်ဟန်ကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“စီနီယာအစ်မ... ကျွန်မလည်း သွားချင်နေတာနဲ့ အတော်ပဲ...”
“ဒါဆိုရင် သွားကြတာပေါ့...”
နှစ်ဦးသားမှာ ကျွန်းအတွင်းပိုင်းသို့ ပျံသန်းသွားကြရာ သူတို့၏ အနောက်ကျောပုံရိပ်မှာ ဆွဲဆောင်မှု ရှိလှပေသည်။
ခမ်းနားလှသော ခြံဝင်းအတွင်း၌ လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။
“ဘုန်း...”
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် လော့ချန်သည် တစ်ချက် ထိုးလိုက်ရာ လေထုထဲတွင် ရေလှိုင်းများအလား အလွှာလိုက် ပေါက်ကွဲသွားတော့သည်။
“ဒီ ဝိညာဉ်ရောင်စဉ်တန်းက တကယ်ကို ထူးဆန်းတာပဲ... ချီစွမ်းအင်ကို သန့်စင်တဲ့ အရှိန်က ၃၀၊ ၄၀ ရာခိုင်နှုန်းလောက် မြန်သွားတာပဲ...”
ခေတ္တမျှအတွင်းမှာတင် လော့ချန်၏ စိတ်၊ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားခဲ့ရာ သူ ထင်ထားသည်ထက် များစွာ ပိုမို မြန်ဆန်လှပေသည်။ ယခုအခါ သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုမှာ ကြယ်စုတန်းများအလား လှည့်ပတ်နေပြီး စွမ်းအားများ ပြည့်နှက်နေသလို သွေးကြော ငါးဆယ့်လေးကြောင်းရှိ ချီစွမ်းအင်များမှာလည်း ဟုန်းဟုန်းတောက် လှုပ်ရှားနေသဖြင့် အခြေအနေမှာ အကောင်းဆုံးပင် ဖြစ်၏။
လော့ချန်သည်ပင် တစ်ခါတည်းနှင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းရန် ကြိုးစားချင်စိတ် ပေါက်နေချေပြီ။ ယခုတစ်ခေါက်တွင် သူသည် သေချာပေါက် အဆင့်တက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။
“ထားလိုက်ပါဦး... ဒီလောက်လည်း မလောပါဘူး...”
လော့ချန်သည် ခေတ္တမျှ တွေးတောပြီးနောက် ကျင့်ကြံဆင့်ကို ဖောက်ထွက်မည့် အစီအစဉ်ကို ခေတ္တ ရွှေ့ဆိုင်းလိုက်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းခြင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်သို့ ခြေချခြင်းပင် ဖြစ်၏။ ၎င်းမှာ အလွန်ပင် အရေးကြီးလှသော ကိစ္စဖြစ်ရာ အကယ်၍ အရေးကြီးသော အချိန်တွင် တစ်စုံတစ်ဦး၏ အနှောင့်အယှက် ခံရမည်ဆိုပါက ကောင်းသောရလဒ် ရရှိမည် မဟုတ်ပေ။
“အပြင်ထွက်ပြီး ပတ်ကြည့်ရအောင်...”
အမျိုးသားများ၏ စိတ်ကူးထဲမှ ကောင်းကင်ဘုံသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဖြစ်ရာ ဤကဲ့သို့သော အခွင့်အရေးမှာ ခဲယဉ်းလှသည်မဟုတ်ပါလော။ လော့ချန်သည်လည်း သွေးစူလွယ်သော လူငယ်တစ်ဦး ဖြစ်သည်ဖြစ်ရာ ဤလှပလှသော မြင်ကွင်းများကို လိုက်လံကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ခြံဝင်းအတွင်းမှ ထွက်လာပြီးနောက် လော့ချန်သည် တောင်အောက်သို့ ဆင်းလာခဲ့သည်။ ဝေးဝေးသို့ မရောက်မီမှာပင် အိုင်ဘေးရှိ လမ်းမပေါ်တွင် လော့ရှာဂိုဏ်း အပြင်စည်းတပည့်မလေး အချို့နှင့် ဆုံမိလိုက်သည်။ သူတို့မှာ တစ်ဆယ့်လေး၊ တစ်ဆယ့်ငါးနှစ်အရွယ်များ ဖြစ်ကြပြီး တက်ကြွလှပနေကြကာ လော့ချန်ကို မြင်သည့်အခါ ချက်ချင်းပင် ရှက်သွေးဖြာသွားကြပြီး အကြည့်ကို လွှဲလိုက်ကြတော့သည်။
လော့ချန်သည် ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ဆက်ကာ ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။ လော့ချန် ထွက်ခွာသွားသည်ကို ကြည့်ကာ လူအချို့၏ အသံမှာ ကျယ်လောင်လာခဲ့သည်။
“အဲဒီလူက ရွှမ်ယွမ်ဂိုဏ်းကနေ ရုတ်တရက် ပေါ်လာတဲ့ ပါရမီရှင် လော့ချန် ပဲလေ... ကြားရသလောက်တော့ သူက ဂျူနီယာညီမလေး ကျင်းယွီရှီးကို ကယ်ခဲ့တာတဲ့... အခုက ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုကို ခံယူဖို့ လာတာလေ...”
“အစွမ်းကတော့ တကယ် သန်မာတာပဲ... ဒါပေမဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ ပါရမီရှင် ဆိုတဲ့ နာမည်နဲ့တော့ မတန်ဘူး ထင်တယ်...”
“ဟီးဟီး... ပါရမီရှင် ဖြစ်ဖြစ်... မဖြစ်ဖြစ်... ရုပ်ကတော့ တော်တော်ချောတာပဲ...”
“ဟင်းဟင်း... မင်းကတော့ တကယ့်ကို ရူးနေတာပဲ...”
သတိမထားမိဘဲ လော့ချန်သည် တောင်အောက်သို့ ရောက်ရှိလာခဲ့ရာ အရှေ့တွင် စိမ်းလဲ့တောင်ကြား ရှိနေပေသည်။
“ဒီထဲမှာ ဘာတွေ ရှိမလဲ မသိဘူး... တစ်ခုခု ရှိနေတာများလား...”
လော့ချန်သည် တိမ်နှင့်မြူများ ဖုံးလွှမ်းနေသော တောင်ကြားကို ကြည့်ကာ ဝိညာဉ်ရောင်စဉ်တန်းများမှာ ထိုအတွင်းသို့ အဆက်မပြတ် စုစည်းနေသည်ကို ခံစားလိုက်ရသဖြင့် သိချင်စိတ် ပြင်းပြလာခဲ့သည်။
“ချီယွဲ့ က ဒီထဲကို ဝင်လို့မရဘူးလို့လည်း မပြောထားဘူးဆိုတော့... ဘာမှ မဖြစ်လောက်ပါဘူး...”
လော့ချန်သည် မိမိကိုယ်မိမိ ပြောလိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ရှေ့ရှိ တောင်ကြားအတွင်းသို့ ဝင်ရောက်လိုက်တော့သည်။
အခန်း ၅၄၈ ပြီးပါပြီ။
အခန်း ၅၄၉ - ရောင်စဉ်ငါးသွယ်စမ်းရေအိုင်... ထိပ်သီးမျိုးဆက်တပည့်ကို ချောင်းကြည့်မိခြင်း...
တောင်ကြားအတွင်းရှိ အပင်များမှာ စိမ်းလန်းစိုပြည်နေပြီး နေရာအနှံ့တွင် ထူးဆန်းလှသော ပန်းနှင့် မြက်ပင်များ ရှိနေသည်။ စမ်းချောင်းလေးများမှာ ကျောက်စိမ်းပြားများအလား ကွေ့ကောက်စီးဆင်းနေပြီး ကောင်းကင်အနှံ့ရှိ ရောင်စဉ်တန်းများကလည်း ဤကမ္ဘာငယ်လေးကို အလွန်ပင် လှပဆန်းကြယ်စေတော့သည်။
လော့ချန်သည် စမ်းချောင်းလေးတစ်ခု၏ ဘေးသို့ လျှောက်သွားလိုက်သည်။
ရေပြင်ထက်တွင် မြူခိုးများမှာ မီးခိုးငွေ့အလား အုပ်ဆိုင်းနေပြီး အတွင်း၌ အလင်းတန်းများ လှည့်ပတ်နေသလို သင်းပျံ့လှသော ရနံ့များကလည်း လေနှင့်အတူ လွင့်ပျံလာသဖြင့် လူကို စိတ်လက်ပေါ့ပါး လန်းဆန်းစေတော့သည်။
လော့ချန်သည် စိတ်ထဲမှ ပိုမိုသိချင်စိတ် ဖြစ်ပေါ်လာသဖြင့် အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်လိုက်သည်။
မိုင်ပေါင်းများစွာအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီးနောက် အရှေ့တွင် မက်မွန်ပန်းများ ပွင့်လန်းနေပြီး ပန်းရောင်လွှမ်းနေသော မက်မွန်တောကြီးကို တွေ့ရှိလိုက်ရကာ ပန်းရနံ့များကလည်း နှာခေါင်းထဲသို့ တိုးဝင်လာခဲ့လေ၏။
“ဝူး...”
လော့ချန်သည် မက်မွန်တောအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိရှေ့ရှိ မြင်ကွင်းမှာ ဝေဝါးသွားပြီး ကောင်းကင်ယံမှ ရောင်စဉ်တန်းများမှာ ဖိနှိပ်ကျဆင်းလာသဖြင့် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ပြန်လည် ကြည့်ရှုလိုက်သည့်အခါ ပတ်ဝန်းကျင်တွင် အဆုံးမရှိလှသော မက်မွန်တောကြီးသာ ကျန်ရှိတော့ပြီး ပန်းရောင်ပန်းပွင့်လေးများမှာ ကောင်းကင်ယံ၌ လွင့်ပျံနေသည်မှာ တောက်ပလှသော ပန်းမိုးများ ကျဆင်းနေသကဲ့သို့ ရှိနေကာ လာခဲ့သော လမ်းကြောင်းပင် ပျောက်ကွယ်သွားခဲ့လေ၏။
“ဒီမှာ အစီအရင်တွေ စီရင်ထားတာပဲ... ဒါက ပုံရိပ်ယောင် နယ်မြေပဲ...”
လော့ချန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုလျက် အနောက်သို့ ဆုတ်ခွာရန် ပြင်လိုက်သည်။
သို့သော်လည်း သူသည် မည်မျှပင် အရှိန်မြှင့်တင်ပါစေ၊ အရပ်မျက်နှာများကို မည်မျှပင် ပြောင်းလဲပါစေ၊ ကောင်းကင်ယံသို့ပင် ပျံတက်ကြည့်ပါစေ၊ ထိုမက်မွန်တောအတွင်းမှ ထွက်ခွာနိုင်ခြင်း မရှိချေ။
ဤမက်မွန်တောကြီးမှာ သီးခြားဟင်းလင်းပြင်တစ်ခုအလား ရှိနေပြီး လူ၏ အာရုံခံစားမှုကို ရှုပ်ထွေးစေနေတော့သည်။
“ဒုက္ခပဲ... ဒီမှာ ပိတ်မိနေပြီ...”
ဤတောင်ကြားအတွင်း၌ ဤမျှလောက် ပြင်းထန်လှသော ပုံရိပ်ယောင် အစီအရင် ရှိနေလိမ့်မည်ဟု လော့ချန် မထင်ထားခဲ့ပေ။
ရုတ်တရက် သူသည် စိတ်ကူးတစ်ခု ရရှိသွားပြီး ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဤပုံရိပ်ယောင် အစီအရင်မှာ ဝိညာဉ်စွမ်းအားကို ကန့်သတ်သည့် အာနိသင် ရှိပုံရသဖြင့် ဝေးဝေးသို့ အာရုံခံ၍ မရသော်လည်း လော့ချန်သည် ဝိညာဉ်ရောင်စဉ်တန်းများမှာ အရပ်မျက်နှာတစ်ခုတည်းသို့ စီးဆင်းနေသည်ကိုမူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။
“အခု တောင်ကြားရဲ့ ဘယ်နေရာကို ရောက်နေမှန်း မသိပေမဲ့ ဝိညာဉ်ရောင်စဉ်တန်းတွေ စီးဆင်းရာ လမ်းကြောင်းအတိုင်း လိုက်သွားရင်တော့ ထွက်ပေါက်ကို ရှာတွေ့နိုင်မှာပဲ...”
လော့ချန်သည် တွေဝေမနေတော့ဘဲ မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုလျက် ဝိညာဉ်ရောင်စဉ်တန်းများ စီးဆင်းရာ လမ်းကြောင်းအတိုင်း ဖြောင့်တန်းစွာ ပျံသန်းလိုက်တော့သည်။
အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးသွားချိန်တွင် ကောင်းကင်ယံမှ ပန်းမိုးများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သိပ်သည်းလှသော မက်မွန်တောကြီးမှာလည်း တဖြည်းဖြည်း ကျဲပါးလာခဲ့သည်။
မက်မွန်ပင်များကြားမှတစ်ဆင့် လှမ်းကြည့်လိုက်သည့်အခါ ဝေးရာတွင် တောင်တန်းအစိတ်အပိုင်းလေးများကို မသဲမကွဲ မြင်တွေ့နေရသလို ရေစီးသံများကိုလည်း မသိမသာ ကြားလိုက်ရသည်။
“ထွက်လာနိုင်ပြီထင်တယ်...”
လော့ချန် စိတ်ထဲမှ ဝမ်းသာသွားပြီး ရေစီးသံ ထွက်ပေါ်ရာ အရပ်မျက်နှာဘက်သို့ အမြန်ဆုံး ပျံသန်းလိုက်သည်။
ရေစီးသံမှာ ပိုမို ကျယ်လောင်လာခဲ့ပြီး အမျိုးသမီးများ၏ သာယာလှသော ရယ်မောသံများကိုလည်း မသိမသာ ကြားလိုက်ရလေသည်။
“ဒါ ဘယ်နေရာလဲ မသိဘူး...”
လော့ချန်သည် စိတ်ထဲမှ သံသယဖြစ်မိသော်လည်း သူ၏ အရှိန်အဝါများကို ထိန်းချုပ်လျက် ရှေ့သို့ ဆက်လက် တိုးဝင်လိုက်သည်။ မက်မွန်တောအတွင်းမှ ထွက်လိုက်သည့် ခဏတွင် သူသည် မှင်တက်မိသွားရတော့သည်။
အရှေ့တွင် ရေတံခွန်ကြီးတစ်ခု ရှိနေပြီး ထိုရေတံခွန်၏ အောက်ခြေတွင် အိုင်ငယ်လေးတစ်ခု ရှိနေကာ အိုင်ဘေးရှိ မက်မွန်ပင်များပေါ်၌ လှပလှသော ဝတ်စုံများကို ချိတ်ဆွဲထားကြသည်။
ရေတံခွန်မှ ကျဆင်းလာသော ရေစက်များမှာ ရေမှုန်ရေမွှားများအဖြစ် ပြောင်းလဲသွားပြီး ထိုရေမှုန်များမှာ အရောင်ငါးမျိုးဖြင့် ဝင်းလက်နေသလို အိုင်အတွင်းရှိ ရေများမှာလည်း အရောင်အမျိုးမျိုး ကွဲပြားနေသည်မှာ လှပလှသော ပုံဆောင်ခဲကြီး တစ်ခုအလား ရှိနေတော့သည်။
သေချာသည်မှာ ၎င်းမှာ အရေးအကြီးဆုံး မဟုတ်ပေ။
အိုင်အတွင်း၌ လှပကျော့ရှင်းသော အမျိုးသမီး နှစ်ဆယ်၊ သုံးဆယ်ခန့် ရေချိုးနေကြခြင်းပင် ဖြစ်၏။
ထိုအမျိုးသမီးများမှာ တစ်ဦးချင်းစီ တက်ကြွလှပနေကြပြီး ဆံနွယ်ရှည်များမှာလည်း ရေတံခွန်အလား ရှိနေကာ ဝင်းပလှသော အသားအရေမှာလည်း ဆွဲဆောင်မှု ရှိလှပေသည်။ နူးညံ့လှသော ခန္ဓာကိုယ်များမှာ ရေပြင်ထက်၌ ဝေဝါးစွာ ပေါ်ထွက်နေသည်မှာ အနှိုင်းမဲ့ ဆွဲဆောင်မှု ရှိနေပြီး နွေဦးအလှတရားများမှာ အတားအဆီးမဲ့ ပြန့်ကျဲနေတော့သည်။
ဤမြင်ကွင်းကို မည်သည့် သာမန်အမျိုးသားမဆို မြင်တွေ့လိုက်ရပါက သွေးလှိုင်းများ ဆူဝေသွားမှာ သေချာလှပေသည်။
သို့သော်လည်း လော့ချန်မှာမူ စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်သွားရပြီး တစ်ကိုယ်လုံးပင် အေးစက်သွားခဲ့တော့သည်။
ထိုအမျိုးသမီးများ၏ ကိုယ်ပေါ်မှ ချီစွမ်းအင် လှုပ်ခတ်မှုများမှာ အားနည်းခြင်း မရှိဘဲ အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ ဖြစ်ကြသည်။ အချို့၏ အရှိန်အဝါမှာမူ သူ့ထက်ပင် များစွာ သာလွန်နေသဖြင့် သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူများ သို့မဟုတ် ထိုထက်ပင် သန်မာသူများ ဖြစ်နိုင်ချေ ရှိနေသည်မဟုတ်ပါလော။
လော့ချန်သည် ထိုအထဲတွင် ရင်းနှီးနေသော ပုံရိပ်နှစ်ခုကိုလည်း မြင်တွေ့လိုက်ရသည်။
တစ်ဦးမှာ အသက် နှစ်ဆယ်ကျော်ခန့် ရှိပြီး အလွန်ပင် လှပကာ အေးချမ်းသော အလှတရား ရှိနေသည်။ သူမ၏ ဆံနွယ်များမှာ လေထဲတွင် ဝေ့ဝဲနေပြီး ဖြူဖွေးလှသော လည်တိုင်လေးနှင့်အတူ လက်ဝါးဖြင့် ရေများကို ပွတ်သပ်နေသည်မှာ ရေသူမလေး တစ်ကောင်အလား အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။ သူမမှာ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ဦးဖြစ်သူ ယင်းလီ ပင် ဖြစ်၏။
ယင်းလီ၏ ဘေးနားတွင် မျက်ဝန်းရှည်များရှိပြီး နီရဲသော နှုတ်ခမ်းလွှာနှင့် အမျိုးသမီးမှာ ချီယွဲ့ မဟုတ်ပါက မည်သူ ဖြစ်ဦးမည်နည်း။
“တကယ်ပဲ... သိချင်စိတ်က ကိုယ့်ကိုယ်ကိုယ် ပြန်သတ်နေတာပဲ... ဒီတစ်ခါတော့ သေပြီပဲ...”
လော့ချန်သည် ဤဆွဲဆောင်မှုရှိသော မြင်ကွင်းကို ခံစားနေရန် စိတ်ကူးမရှိတော့ဘဲ စိတ်ထဲမှ ညည်းတွားလိုက်ကာ အသက်ရှူသံကိုပင် အောင့်ထားလိုက်ရသည်။
သူ ခန့်မှန်းထားသည်မှာ မှန်ကန်ပါက ဤနေရာမှာ လော့ရှာဂိုဏ်း၏ နာမည်ကျော် ရောင်စဉ်ငါးသွယ်စမ်းရေအိုင် ပင် ဖြစ်ပေလိမ့်မည်။
သူသည် မတော်တဆ ဝင်ရောက်မိရာမှ ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့သလို ယင်းလီ နှင့် ချီယွဲ့ တို့ကိုပါ တွေ့ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခုတစ်ခေါက်တွင်မူ လော့ယန့်မြစ်ထဲသို့ ခုန်ချလျှင်ပင် အမှန်တရားကို ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
သူသည် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ချီစွမ်းအင် ထိန်းချုပ်ခြင်းကျင့်စဉ်ကို အစွမ်းကုန် လှုပ်ရှားလျက် ခြေသံကို ဖျောက်ကာ အနောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာလိုက်တော့သည်။
“ဘယ်သူလဲ...”
ထိုစဉ်မှာပင်... အေးစက်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒုက္ခပဲ...”
၎င်းမှာ ယင်းလီ၏ အသံဖြစ်ကြောင်း လော့ချန် သိရှိလိုက်သဖြင့် အလွန်ပင် ထိတ်လန့်သွားကာ အခြားအရာများကို ဂရုမစိုက်တော့ဘဲ မက်မွန်တောဆီသို့ ဦးတည်၍ အစွမ်းကုန် ပြေးတော့သည်။
မက်မွန်တောအတွင်းသို့ ဝင်ရောက်တော့မည့် ခဏတွင် လော့ချန်၏ စိတ်ထဲ၌ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး ကြက်သီးများ ထသွားကာ ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို အသုံးပြုလျက် ကိုယ်ဟန်ကို အတင်းအကျပ် ရပ်တန့်လိုက်ရသည်။
နောက်တစ်ခဏတွင်...
“ဘုန်း...”
ရေတံတိုင်းကြီးတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လော့ချန်၏ အရှေ့ရှိ မက်မွန်တောအတွင်းသို့ ကျရောက်သွားရာ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသလို ထိတ်လန့်ဖွယ်ကောင်းသော အအေးဓာတ်မှာလည်း ပြန့်ကျဲသွားသဖြင့် ဧရာမ မက်မွန်တောကြီးတစ်ခုလုံးမှာ အေးခဲသွားခဲ့လေသည်။
လော့ချန်သည် စိတ်ထဲမှ ထိတ်လန့်သွားပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်သဖြင့် ရပ်တန့်လိုက်ရတော့သည်။
“ဝှစ်...”
ရေသူမလေးအလား ယင်းလီသည် ရေပြင်ထက်မှ ထိုးထွက်လာပြီး ပါးလွှာသော ဝတ်စုံတစ်ခုကို အသာအယာ ဝတ်ဆင်လျက် မက်မွန်တောရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူမ၏ ဆံနွယ်များပေါ်တွင် ရေစက်လေးများ ရှိနေဆဲဖြစ်သော်လည်း ထိုရေစက်များမှာ တစ်ခဏချင်းမှာပင် နှင်းပွင့်များအဖြစ် ပြောင်းလဲလျက် လေနှင့်အတူ ပျောက်ကွယ်သွားကြသည်။
“မင်းကိုး...”
ယင်းလီသည် လော့ချန်ကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ အေးစက်သွားပြီး ပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း တစ်ဟုန်ထိုး ကျဆင်းသွားကာ ခဲလုနီးပါး ဖြစ်သွားချေပြီ။
“ရွှမ်ယွမ်ဂိုဏ်း တပည့် လော့ချန်...”
“အား... သူက ဒီမှာ ဘာလို့ ရှိနေတာလဲ...”
ချီယွဲ့နှင့် အခြားသော လော့ရှာဂိုဏ်း တပည့်မလေးများအားလုံး ရောက်ရှိလာကြသည်။ သူတို့၏ ကိုယ်ပေါ်ရှိ ဝတ်စုံများမှာ စိုရွှဲနေသဖြင့် နူးညံ့လှသော ခန္ဓာကိုယ်များမှာ ဝေဝါးစွာ ပေါ်ထွက်နေပြီး ကာကွယ်ရန် မဖြစ်နိုင်တော့ပေ။ လော့ချန်ကို မြင်လိုက်ရသည့်အခါ သူတို့မှာ အော်ဟစ်လိုက်ကြမိပြီး မျက်နှာများမှာ ရှက်သွေးဖြာလျက် အဝတ်အစားများကို အလောတကြီး ပြင်ဆင်နေကြတော့သည်။
“မင်း... မင်းလို လူယုတ်မာ... အရှက်မရှိတဲ့ကောင်... ငါတို့ လော့ရှာဂိုဏ်းရဲ့ တားမြစ်နယ်မြေကို ကျူးကျော်ဝင်ရောက်ရုံတင်မကဘဲ ငါတို့ကိုပါ ချောင်းကြည့်ရဲတယ်ပေါ့လေ...”
ချီယွဲ့သည် လော့ချန်ကို စိုက်ကြည့်လျက် တစ်ကိုယ်လုံး ဒေါသတကြီး တုန်ယင်နေတော့သည်။ သူမသည် လော့ချန်အပေါ်တွင် အမြင်မကြည် ဖြစ်နေသူဖြစ်ရာ ယခုအခါ လော့ချန်က ဤမျှလောက်သော အခွင့်အရေးကို ယူသွားသည်ကို မြင်လိုက်ရသည့်အခါ ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်နေချေပြီ။
“သူ့ကို အလွယ်တကူ လွှတ်မပေးနဲ့...”
“မှန်တယ်...”
အခြားသော လော့ရှာဂိုဏ်း တပည့်မလေးများမှာလည်း ရှက်စိတ်နှင့် ဒေါသစိတ်များ ရောယှက်နေကြပြီး လော့ချန်ကို အရှင်လတ်လတ် သတ်ပစ်ချင်သော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
လော့ချန်က အလောတကြီး ရှင်းပြလိုက်သည်။
“နားလည်မှုလွဲတာပါ... ဒါက လုံးဝကို နားလည်မှုလွဲတာပါ... မင်းတို့ ဒီမှာ ရေချိုးနေမယ်လို့ ငါ မထင်ထားခဲ့ဘူး... မဟုတ်ဘူး... ငါ ခုနက ဘာမှ မမြင်လိုက်ဘူး... တကယ်ပဲ ဘာမှ မမြင်လိုက်ပါဘူး...”
လော့ချန်၏ ရှေ့နောက်မညီသော ရှင်းပြမှုကို ကြားလိုက်ရသည့်အခါ ချီယွဲ့သည် သွားများကို တင်းတင်းကြိတ်လိုက်သည်။
“ငြင်းချင်နေသေးတယ်ပေါ့... ငါက ဂျူနီယာညီမလေး ကျင်းယွီရှီးလိုမျိုး အလွယ်တကူ အလိမ်ခံရမယ့်သူ မဟုတ်ဘူးနော်... ဒီနေ့တော့ မင်းရဲ့ မျက်လုံးနှစ်လုံးကို ငါကိုယ်တိုင် ထုတ်ပစ်ရမှာပဲ...”
စကားပြောနေစဉ်မှာပင် ချီယွဲ့၏ မျက်ဝန်းထဲ၌ အေးစက်လှသော အလင်းတန်းများ ဝင်းလက်လာပြီး လော့ချန်ထံသို့ လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်တော့သည်။
လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး ချက်ချင်းပင် မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုကာ လက်ဝါးချီနှင့် ပွတ်ကာသီကာ ရှောင်တိမ်းလိုက်ရသည်။
“ဘုန်း...”
မြေပြင်ပေါ်တွင် ဧရာမ လက်ဝါးရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ချီယွဲ့က ထပ်မံ တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သည့်အခါ လော့ချန်သည် မနေနိုင်တော့ဘဲ ဆိုလိုက်သည်။
“ငါက ဒီအတိုင်း လမ်းလျှောက်ကြည့်နေတာလေ... ဒီတောင်ကြားထဲကို ဝင်လို့မရဘူးလို့လည်း ဘယ်သူမှ ငါ့ကို မပြောထားဘူးမဟုတ်လား... ဒါဟာ မင်းတို့ လော့ရှာဂိုဏ်းရဲ့ တားမြစ်နယ်မြေ ဖြစ်နေမယ်လို့ ဘယ်သူက သိမှာလဲ... အမှားရှိတယ်ဆိုရင်လည်း ငါက တမင်လုပ်တာ မဟုတ်ပါဘူး... မင်းက ငါ့ရဲ့ မျက်လုံးတွေကို ထုတ်ပစ်မယ်ဆိုတော့... ဒါဟာ တကယ်ကို ရက်စက်လွန်းတာပဲ... အဲဒီလိုမှ မဟုတ်ရင်လည်း ငါ မင်းကို ပြန်ပြီးတော့ လျော်ကြေးပေးမယ်လေ... မဟုတ်ရင်လည်း မင်း ငါရေချိုးတာကို ပြန်ကြည့်မလား...”
စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ် ဒုတိယအဆင့်သို့ တက်လှမ်းထားသည်ဖြစ်ရာ လော့ချန်သည် တစ်ဖက်လူကို အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော်လည်း ဤကိစ္စတွင် သူက အမှားလုပ်ထားသူ ဖြစ်သဖြင့် လွတ်မြောက်ရန်အတွက် နည်းလမ်းတစ်ခုခုကို ရှာဖွေရပေမည်။
“အာ... ကြည့်စရာလား... မင်း... မင်း... အရှက်မရှိတဲ့ကောင်...”
ချီယွဲ့ အလွန်အမင်း ဒေါသထွက်သွားပြီး သူမ၏ ကိုယ်ပေါ်မှ ချီစွမ်းအင် လှုပ်ခတ်မှုများမှာလည်း ပြင်းထန်လာကာ လေပြင်းများအဖြစ် ပြန့်ကျဲနေတော့သည်။ သူမ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခု သူမ၏ အရှေ့သို့ ဆင်းသက်လာခဲ့ချေပြီ။
ယင်းလီသည် ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ လှပကျော့ရှင်းသော ကိုယ်ဟန်မှာမူ ထင်ရှားနေဆဲဖြစ်သည်။ သူမက ချီယွဲ့ကို မေးမြန်းလိုက်သည်။
“ဒီတောင်ကြားထဲကို မဝင်ရဘူးလို့ မင်း သူ့ကို မပြောထားဘူးလား...”
“ကျွန်မ...”
ချီယွဲ့ မှင်တက်မိသွားရသည်။
သူမသည် ထိုစဉ်က ဒေါသထွက်နေသဖြင့် လော့ချန်အား စကားတစ်ခွန်းမျှ ထပ်မံ မပြောလိုဘဲ နေထိုင်ရာ နေရာသို့ ပို့ဆောင်ပေးပြီးနောက် ချက်ချင်း ထွက်ခွာခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလော။ ထို့ကြောင့် ဤကိစ္စကို သူမ ပြောပြခဲ့ခြင်း မရှိပေ။
ယင်းလီ၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး လော့ချန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
“မင်း ဒီကို ဘယ်လို ရောက်လာတာလဲဆိုတာ ငါ့ကို ပြောစမ်း...”
ရောင်စဉ်ငါးသွယ်စမ်းရေအိုင်သည် လော့ရှာဂိုဏ်း၏ အရေးကြီးသော နေရာဖြစ်သော်လည်း ကျွန်းပေါ်တွင် အမျိုးသမီးများသာ ရှိနေသဖြင့် ပုံမှန်အားဖြင့် မည်သူမျှ စောင့်ကြပ်နေခြင်း မရှိပေ။
သို့သော်လည်း စိမ်းလဲ့တောင်ကြားတွင် အစီအရင်များ စီရင်ထားသည်ဖြစ်ရာ လော့ချန်၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် တောင်ကြားအတွင်းသို့ ဝင်ရောက်လာလျှင်ပင် ပုံရိပ်ယောင် နယ်ပယ်အတွင်း၌သာ ပိတ်မိနေသင့်ပြီး ဤနေရာသို့ ရောက်ရှိလာရန်မှာ မဖြစ်နိုင်ပေ။
လော့ချန်သည် တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်လိုက်သဖြင့် အမှန်တစ်ဝက်၊ အလိမ်တစ်ဝက်ဖြင့် တုံ့ပြန်လိုက်သည်။
“ငါ ဝင်လာပြီးတော့ မက်မွန်တောကြီးကို တွေ့လိုက်ရတယ်... ငါ ပြန်ထွက်ဖို့ ပြင်ပေမဲ့ လမ်းပျောက်သွားတာလေ... အဲဒါနဲ့ လမ်းကြောင်းတစ်ခုကိုပဲ ရွေးပြီးတော့ ဆက်တိုက် လျှောက်လာရင်းနဲ့ ဒီကို ရောက်လာတာပဲ...”
‘ဒီလောက် ရိုးရှင်းတာလား...’
ယင်းလီ၏ မျက်ဝန်းထဲတွင် သံသယရိပ်များ ပြည့်နှက်သွားရသည်။
ဤပုံရိပ်ယောင် အစီအရင်မှာ အဆင့် ၅ အစီအရင် ဖြစ်သဖြင့် သူမ ကိုယ်တိုင် ဝင်ရောက်လျှင်ပင် လွတ်မြောက်ရန် ခက်ခဲလှသည် မဟုတ်ပါလော။ လော့ချန်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သန်မာသူတစ်ဦးသာ ဖြစ်သည်လေ။
“ဒါဆိုရင်တော့ မင်းက ကံအရမ်းကောင်းလို့ ပုံရိပ်ယောင် နယ်မြေထဲကနေ ထွက်လာနိုင်တာပေါ့...”
ယင်းလီသည် အခြားသော အကြောင်းပြချက်ကို ရှာမတွေ့တော့ပေ။
“စီနီယာအစ်မ ယင်းလီ... ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ ဒီကို ကျူးကျော်ဝင်ရောက်လာတာ မှန်သလို ငါတို့ ရေချိုးနေတာကို ချောင်းကြည့်တာကလည်း အမှန်တရားပဲလေ... သူ့ကို အလွယ်တကူ လွှတ်မပေးသင့်ဘူး...”
ချီယွဲ့က ဆိုလိုက်သည်။
ယင်းလီသည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိပြီး သူမ၏ မျက်ဝန်းများမှာလည်း တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ ဝင်းလက်နေသည်။
ထိုစဉ်...
“ဝူး...”
ကောင်းကင်ယံရှိ တိမ်တိုက်များမှာ ပြင်းထန်စွာ တုန်ခါသွားပြီး လေတိုးသံများနှင့်အတူ လူပုံရိပ်များစွာ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။
အခန်း ၅၄၉ ပြီးပါပြီ။