အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အခန်း ၅၅၀ - ယင်းလီ၏ စွမ်းအား... မမျှော်လင့်ထားသော ရလဒ်
“အား... လူတွေ လာနေကြပြီ...”
ဝေးရာမှ ထွက်ပေါ်လာသော လေတိုးသံများကို ကြားလိုက်ရသည့်အခါ အိုင်ဘေးရှိ တပည့်မလေးတစ်ဦးက ပျာယာခတ်စွာ ပြောဆိုလိုက်သည်။
“ခုနက လှုပ်ရှားမှုကြောင့် အကြီးအကဲတို့ သတိထားမိသွားတာ ဖြစ်ရမယ်... ဘယ်လိုလုပ်ကြမလဲ...”
အခြားတပည့်မလေးတစ်ဦးကလည်း ပူလောင်နေသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်များအလား စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
“တကယ်လို့ တခြားလူတွေက လော့ချန် ဒီမှာရှိနေတာကို မြင်သွားရင်...”
လော့ချန်က ရောင်စဉ်ငါးသွယ်စမ်းရေအိုင်သို့ ရောက်နေသလို သူတို့ကလည်း ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်နေသည်မှာ အပြင်လူ မြင်သွားပါက ဘာဖြစ်ခဲ့သည်ကို သိသာလွန်းလှပေသည်။ ဤကိစ္စသာ ပြင်ပသို့ ပြန့်နှံ့သွားပါက သူတို့မှာ ရှက်လွန်း၍ အသက်ရှင်ရဲကြတော့မည် မဟုတ်ပေ။
ချီယွဲ့သည်လည်း သူမ၏ မျက်မှောင်ကျဉ်းကျဉ်းလေးကို ကြုတ်လိုက်ပြီး အလွန်ပင် အေးစက်နေကာ လော့ချန်ကို လက်ဝါးဖြင့် ရိုက်သတ်ပစ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။ ဤကိစ္စသာ ပြန့်နှံ့သွားပါက ရက်အနည်းငယ်အတွင်း တာယွဲ့မင်းဆက် တစ်ခုလုံးအတွင်းသို့ ပျံ့နှံ့သွားမှာ သေချာလှပေသည်။
လော့ချန်မှာမူ တည်ငြိမ်သွားခဲ့ချေပြီ။ ဘာပဲဖြစ်ဖြစ် ထွက်ပြေးရန် မဖြစ်နိုင်သလို ချီယွဲ့ကလည်း သူ့ကို လွှတ်ပေးမည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ယခုထက် ပိုဆိုးသော အခြေအနေမျိုး ရှိလာတော့မည် မဟုတ်ပေ။
ထိုစဉ် တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သော ယင်းလီသည် သူမ၏ မျက်ဝန်းထဲ၌ အလင်းတန်းများ လှည့်ပတ်နေလျက် လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။
“မင်းမှာ အရှိန်အဝါ ဖျောက်တဲ့ ကျင့်စဉ် ရှိတယ်မဟုတ်လား... တကယ်လို့ ဒီကနေ ဘေးကင်းကင်းနဲ့ ထွက်သွားချင်တယ်ဆိုရင် အခုကစပြီး စကားတစ်ခွန်းမှ မပြောနဲ့တော့...”
ယင်းလီက စကားပြောနေစဉ်မှာပင် သူမ၏ နူးညံ့လှသော လက်ကလေးကို လော့ချန်ထံသို့ အသာအယာ ဝှေ့ယမ်းလိုက်သည်။ လော့ချန်သည် ချက်ချင်းပင် ထိတ်လန့်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ဆင်းသက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှာ အချုပ်အနှောင် ခံလိုက်ရတော့သည်။
သူသည် စိတ်ထဲမှ အလွန်ပင် မှင်တက်မိသွားရသည်။ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ဆိုသည်မှာ အမှန်တကယ်ပင် ထိပ်သီးမျိုးဆက်တပည့်များ ဖြစ်ကြပေသည်။ လက်ဟန်ခြေဟန် အနည်းငယ်ဖြင့်ပင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ ရှိနေကြကာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာ သူတို့၏ ရှေ့တွင် ပုရွက်ဆိတ်ငယ်များအလား ရှိနေတော့သည်။
လော့ချန်သည် ပြန်လည် မခုခံတော့ပေ။ ဤကဲ့သို့သော သန်မာသူ၏ ရှေ့တွင် ခုခံနေခြင်းမှာ အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ပျံတက်သွားပြီး ရောင်စဉ်ငါးသွယ်စမ်းရေအိုင်အတွင်းသို့ တိုက်ရိုက် ပြုတ်ကျလျက် အောက်ခြေအထိ နစ်မြုပ်သွားတော့သည်။
အောက်သို့ ပိုမို နက်ရှိုင်းသွားလေလေ စမ်းရေများမှာ ပိုမို တောက်ပလာလေလေ ဖြစ်သည်။ ဆယ်မီတာခန့် နစ်မြုပ်သွားပြီးနောက် လော့ချန်၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားပြီး အချုပ်အနှောင် စွမ်းအားများမှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်သို့ လှမ်းကြည့်လိုက်သည့်အခါ အရောင်အသွေးများမှာ တောက်ပနေပြီး ချီစွမ်းအင်များမှာလည်း အုပ်ဆိုင်းနေကာ ထူးခြားလှသော ရောင်စဉ်တန်းများအတွင်း စိမ်ထားရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုရောင်စဉ်တန်းများမှာ သူ၏ တစ်ကိုယ်လုံးရှိ ချွေးပေါက်များအတွင်းသို့ပင် တိုးဝင်လာသဖြင့် ပြင်းထန်လှသော သက်စောင့်အားကို ခံစားလိုက်ရကာ တစ်ကိုယ်လုံးရှိ သွေးသားနှင့် အရိုးများမှာ နေသာသော နွေဦးလေပြည်ကို ခံစားနေရသကဲ့သို့ ဇိမ်ရှိလှပေသည်။
“တကယ့်ကို သိပ်သည်းလှတဲ့ ဝိညာဉ်ရောင်စဉ်တန်းတွေပဲ...”
လော့ချန်က စိတ်ထဲမှ အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်သည်။ စမ်းရေအတွင်း၌ ပါဝင်နေသော ဝိညာဉ်ရောင်စဉ်တန်းများမှာ အပြင်ဘက်ထက် အဆပေါင်း ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းမက ပိုမို သိပ်သည်းလှပေသည်။
ဤအတွင်း၌ အမြဲတမ်း ကျင့်ကြံနေမည်ဆိုပါက ကျင့်ကြံခြင်းကို အထောက်အကူ ဖြစ်စေရုံတင်မကဘဲ ခန္ဓာကိုယ်နှင့် အရှိန်အဝါကိုပါ ပြောင်းလဲစေမှာ သေချာလှပေသည်။ လော့ရှာဂိုဏ်း၏ တပည့်မလေးများ တစ်ဦးချင်းစီ၏ အရှိန်အဝါမှာ အဘယ်ကြောင့် ထူးခြားနေရသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။
“ဝိညာဉ်ရောင်စဉ်တန်းတွေကို ဝါးမြိုကြည့်ရမှာပဲ”
ဤကဲ့သို့သော အခွင့်အရေးမျိုးကို လော့ချန်က လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ ပြင်ပမှ လူများကို သတိပြုမိသွားမှာကိုမူ သူ စိုးရိမ်ခြင်း မရှိပေ။ ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ သူသည် ဝါးမြိုခြင်းစွမ်းရည်ကို ပိုမို ကျွမ်းကျင်စွာ အသုံးချနိုင်လာခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ဤမျှလောက် သိပ်သည်းလှသော ဝိညာဉ်ရောင်စဉ်တန်းများကြားတွင် အာရုံခံစားမှုမှာ များစွာ ထိခိုက်နေမည်ဖြစ်ရာ လော့ချန်၏ ဝိညာဉ်စွမ်းအား အဆင့်နှင့်ပင် မီတာအနည်းငယ်ကိုသာ အာရုံခံနိုင်သဖြင့် အခြားလူများအနေဖြင့် စမ်းရေအတွင်းမှ လှုပ်ရှားမှုကို သိရှိနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် လော့ချန်သည် တိတ်တဆိတ်ဖြင့် စမ်းရေအောက်ခြေသို့ နောက်ထပ် အနည်းငယ် ထပ်မံ ငုပ်လျှိုးလိုက်ကာ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်လျက် ဝါးမြိုခြင်းကို စတင်လိုက်တော့သည်။
“ဂီး...”
နဂါးဟိန်းသံနှင့်အတူ နဂါးရိပ်တစ်ခု ပေါ်ထွက်လာပြီး စမ်းရေအတွင်းရှိ ဝိညာဉ်ရောင်စဉ်တန်းများကို ပါးစပ်ဖြင့် ဟပ်ကာ ဝါးမြိုလိုက်သည်။ အဆက်မပြတ် ဝါးမြိုနေသည်နှင့်အမျှ လော့ချန်၏ ခန္ဓာကိုယ် မျက်နှာပြင်မှ အလင်းတန်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး အရေပြားအောက်ရှိ သွေးသားများမှာလည်း ရောင်စဉ်ငါးသွယ် အလင်းတန်းများ ဝင်းလက်နေသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေတော့သည်။
ရောင်စဉ်ငါးသွယ်စမ်းရေအိုင်၏ အပြင်ဘက်တွင်မူ...
“ဝှစ်...”
ကောင်းကင်ယံရှိ တိမ်တိုက်များမှာ ဆွဲဖြဲခံလိုက်ရပြီး အရှိန်အဝါ ပြင်းထန်လှသော ပုံရိပ်အချို့ ကောင်းကင်ယံမှ ဆင်းသက်လာကြသည်။ အားလုံးမှာ လော့ရှာဂိုဏ်း၏ အတွင်းစည်း အကြီးအကဲများ ဖြစ်ကြသည်။
“အကြီးအကဲတို့ မင်္ဂလာပါ...”
ချီယွဲ့နှင့် အခြားသူများက ခါးညွတ်လျက် နှုတ်ဆက်လိုက်ကြသည်။ အကြီးအကဲ အနည်းငယ်မှာ ခေါင်းညိတ်ပြလိုက်ကြပြီး အေးခဲနေသော မက်မွန်တောနှင့် ဝတ်စုံများ ဖရိုဖရဲ ဖြစ်နေသော ချီယွဲ့တို့ကို ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကြသည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ...”
ဆံပင်ဖြူဖြူနှင့် အဘွားအိုတစ်ဦးက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။ ချီယွဲ့နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အသက်ငယ်သော တပည့်မလေး အချို့မှာမူ မျက်နှာများ နီရဲသွားကြပြီး ခေါင်းကို ငုံ့ထားလိုက်ကြတော့သည်။
“ခုနက ကျွန်မ စိတ်ကူးရတာနဲ့ ဂျူနီယာညီမလေးတွေကို အကွက်အနည်းငယ် သင်ပြပေးနေတာပါ... အကြီးအကဲတို့ကို အနှောင့်အယှက် ဖြစ်သွားစေလိမ့်မယ်လို့ မထင်ထားမိဘူး”
ယင်းလီက ရှေ့သို့ လှမ်းထွက်လာပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။ ယင်းလီကို မြင်တွေ့လိုက်ရသည့်အခါ အကြီးအကဲများ၏ အကြည့်မှာ ချက်ချင်းပင် နူးညံ့သွားကြသည်။
“ငါတို့ လော့ရှာဂိုဏ်းထဲကို တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာတယ်လို့ ထင်နေတာ...”
ယခုတင်က စကားပြောခဲ့သော အဘွားအိုက ပြုံးလိုက်ပြီး ယင်းလီကို ဆက်ပြောသည်။
“မင်းက သူတို့ကို သင်ပြပေးတာ ကောင်းတဲ့ကိစ္စပါ... ဒါပေမဲ့ ဒီနေရာက စိမ်းလဲ့တောင်ကြား အစီအရင် ရဲ့ အချက်အချာကျတဲ့ နေရာဆိုတော့... အစီအရင် ကို ထိခိုက်မှု မရှိအောင် ဒီနေရာမှာ တိုက်ခိုက်တာမျိုးကိုတော့ ရှောင်ကြဉ်တာ အကောင်းဆုံးပဲ...”
“တပည့် နားလည်ပါပြီ...”
ယင်းလီက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ ဘာမှမဖြစ်ကြောင်း မြင်တွေ့ရသည့်အခါ အကြီးအကဲများမှာ ပြန်လည် ထွက်ခွာရန် ပြင်လိုက်ကြသည်။ ထိုစဉ် တစ်ဦးက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ယင်းလီကို ပြောလိုက်သည်။
“ယင်းလီ... မင်း ခဏနေရင် အတွင်းစည်း တိုင်ပင်ဆွေးနွေးရာ ခန်းမကို လာခဲ့ဦး...”
“ကိစ္စ ရှိတယ်လား...”
ယင်းလီ မျက်မှောင်လေးကြုတ်သွားကာ မေးလိုက်သည်။
“အင်း... ရွှမ်ယွမ်ဂိုဏ်းက တပည့် လော့ချန် ငါတို့ဂိုဏ်းကို ရောက်နေတယ်လေ... သူ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့် ရ မရ ဆိုတာကို ဆွေးနွေးကြမှာ... ခွင့်ပြုသင့်သလား သို့မဟုတ် မပြုသင့်ဘူးလား ဆိုတာကိုပေါ့...”
အကြီးအကဲက ဆက်လက်ပြောဆိုသည်။
“ဒါ့အပြင်... မကြာသေးခင်က သွေးနတ်ဆိုးဂိုဏ်းရဲ့ စခန်းတွေကို လိုက်လံရှာဖွေရာမှာ ဂိုဏ်းဝင်တပည့်တွေ အကျအဆုံး များနေတာကိုလည်း ဆွေးနွေးရမှာပဲ...”
လော့ချန် ဆိုသည့် အမည်ကို ကြားလိုက်ရသည့်အခါ ယင်းလီ၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး ခေါင်းညိတ်လျက် ပြန်လည်ဖြေကြားလိုက်သည်။
“ကောင်းပါပြီ... ကျွန်မ ခဏနေရင် လာခဲ့ပါ့မယ်...”
အကြီးအကဲ အနည်းငယ်မှာ လေထဲသို့ ပျံတက်သွားကြပြီး မကြာမီမှာပင် ပျောက်ကွယ်သွားကြတော့သည်။ အကြီးအကဲများ ထွက်ခွာသွားသည်ကို မြင်ရမှသာ အိုင်ဘေးရှိ တပည့်မလေးများမှာ သက်ပြင်းချနိုင်တော့သည်။ ယခုတင်က အကြီးအကဲများ ပြောသွားသော စကားများကို ပြန်လည် တွေးတောမိသည့်အခါ တစ်ဦးချင်းစီမှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးလိုက်ကြသည်။
“နက်မှောင်တောင်တန်းထဲကို သွားတဲ့ ဂိုဏ်းဝင်တပည့်တွေ အများကြီး သေဆုံးကုန်တယ်လို့ ငါ ကြားဖူးတယ်... အခုကြည့်ရတာတော့ အခြေအနေက ထင်ထားတာထက် ပိုဆိုးနေပုံပဲ...”
“သွေးနတ်ဆိုးဂိုဏ်းက လူတွေက ရက်စက်ကြသလို ထူးဆန်းတဲ့ နည်းလမ်းတွေလည်း အများကြီး ရှိကြတယ်လေ... သူတို့နဲ့ ရန်သူဖြစ်ရတာက တကယ့်ကို အန္တရာယ် များလှတယ်...”
“ဒီအတိုင်းသာ ဆက်သွားရင် သွေးနတ်ဆိုးဂိုဏ်းရဲ့ စခန်းကို မရှာတွေ့ခင်မှာတင် ငါတို့ ဂိုဏ်းသုံးဂိုဏ်းက အရင်ဆုံး တောင့်မခံနိုင်ဘဲ ဖြစ်သွားမှာကို စိုးရိမ်မိတယ်...”
အိုင်ဘေးရှိ တပည့်မလေးများမှာ မျက်နှာများ လေးနက်နေကြပြီး ယခုတင်က သတင်းကြောင့် စိတ်ထဲ၌ စိုးရိမ်ထိတ်လန့်နေကြသည်။
“ဒီကိစ္စတွေကိုတော့ အကြီးအကဲတို့ ဆုံးဖြတ်ကြပါလိမ့်မယ်... အခုတော့ လက်ရှိကိစ္စကို အရင် ဖြေရှင်းရအောင်...”
ချီယွဲ့က လူတိုင်းကို စကားဖြတ်လိုက်ပြီး ယင်းလီကို ကြည့်ကာ မေးမြန်းလိုက်သည်။
“စီနီယာအစ်မ... လော့ချန်ကို ဘယ်လို ဖြေရှင်းမလဲ...”
ထိုစကားကြောင့် လူတိုင်း၏ အကြည့်မှာ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ ယင်းလီသည် စကားမပြောဘဲ ရောင်စဉ်ငါးသွယ်စမ်းရေအိုင် ဘေးသို့ လျှောက်သွားကာ အော်ဟစ်လိုက်သည်။
“ကဲ... ထွက်လာခဲ့တော့”
စမ်းရေအောက်ခြေတွင်မူ... လော့ချန်၏ တစ်ကိုယ်လုံးမှာ နီမြန်းသော ရောင်စဉ်တန်းများ အုပ်ဆိုင်းနေပြီး အရေပြားအောက်တွင် မီးလျှံများအလား ဟုန်းဟုန်းတောက် လောင်ကျွမ်းနေကာ ပြင်းထန်လှသော အရှိန်အဝါများ ပျံ့နှံ့နေတော့သည်။
“ဒီလောက်တောင် မြန်တာလား...”
ယင်းလီ၏ အသံကို ကြားလိုက်ရသည့်အခါ လော့ချန်က မျက်လုံးများကို ဖွင့်လိုက်ပြီး ဝါးမြိုခြင်းကို နှမြောတသစွာဖြင့် ရပ်တန့်လိုက်ရသည်။ ချီစွမ်းအင် ထိန်းချုပ်ခြင်းကျင့်စဉ်ကို အသုံးပြုလိုက်သည့်အခါ ထိုလှိုင်းထန်နေသော အရှိန်အဝါများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ခန္ဓာကိုယ်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ချေပြီ။ သို့သော်လည်း သူ၏ အရေပြားမှာ ပိုမို ကြည်လင်လာခဲ့ပြီး ကျောက်စိမ်းတစ်ခုအလား အလင်းတန်းများ မသိမသာ ဝင်းလက်နေသည်။
၎င်းအပြင် လော့ချန်၏ ဒျန်တန်အတွင်း၌ နီမြန်းသော ရောင်စဉ်တန်းများမှာ မြူခိုးများအလား အုပ်ဆိုင်းသွားခဲ့သည်။
‘ဒါတွေက ဝါးမြိုလိုက်တဲ့ ဝိညာဉ်ရောင်စဉ်တန်းတွေပဲထင်တယ်...’
“တကယ့်ကို ကောင်းတဲ့ နေရာလေးပဲ...”
လော့ချန်က စိတ်ထဲမှ ကျေနပ်စွာ ရေရွတ်လိုက်သည်။ သူသည် တစ်ကိုယ်လုံးရှိ သွေးသားများမှာ ယခင်ထက် ပိုမို သန်မာလာသည်ဟု ခံစားလိုက်ရသည်။ အကယ်၍သာ သူသည် ဤနေရာ၌ ဆက်တိုက် ဝါးမြို ကျင့်ကြံခွင့် ရမည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာ အဆင့်သစ်တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားမှာ ဖြစ်သည်။
သို့သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သူ သိရှိပါသည်။ ရောင်စဉ်ငါးသွယ်စမ်းရေအိုင်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမှာပင် မမျှော်လင့်ထားသော ရလဒ်ဖြစ်ရာ ဂိုဏ်းသုံးဂိုဏ်းရှိ အခြားသော အမျိုးသား တပည့်များမှာမူ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝ ရရှိကြလိမ့်မည် မဟုတ်ပေ။ သူသည် အသာအယာ ပြုံးလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလျက် ရေပြင်ထက်သို့ ထိုးထွက်ကာ ကုန်းပေါ်သို့ တက်လှမ်းလိုက်သည်။
“ငါ သွားလို့ ရပြီလား...”
လော့ချန်က ယင်းလီကို ကြည့်ကာ မေးလိုက်သည်။ ယင်းလီသည် လော့ချန်ကို သံသယရှိစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ဤခေတ္တမျှအတွင်းမှာပင် လော့ချန်၏ အရှိန်အဝါမှာ ခုနကနှင့် အနည်းငယ် ကွဲပြားနေသည်ဟု သူမ ခံစားလိုက်ရသည်။ ဘာကွာခြားသွားသနည်း ဆိုသည်ကိုမူ သူမ အတိအကျ မပြောနိုင်ပေ။
“ခုနက ကိစ္စကို မရှင်းရသေးဘူးလေ... ဒီအတိုင်း ထွက်သွားချင်တာလား... မင်း စိတ်ကူးယဉ်နေတာပဲ...”
ယင်းလီ စကားမပြောရသေးမီမှာပင် ဘေးနားရှိ ချီယွဲ့သည် ရှေ့သို့ ထွက်လာခဲ့ပြီး အေးစက်လှသော အကြည့်များဖြင့် ကြည့်လိုက်တော့သည်။
အခန်း ၅၅၀ ပြီးပါပြီ။
အခန်း ၅၅၁ - လော့ချန်အတွက် စမ်းသပ်မှု...
ရောင်စဉ်ငါးသွယ်စမ်းရေအိုင်ထဲသို့ ဝင်ရောက်ကာ ဝိညာဉ်ရောင်စဉ်တန်းများစွာကို ဝါးမြိုခွင့်ရခဲ့သဖြင့် လော့ချန်သည် စိတ်ကြည်လင်နေပြီး ချီယွဲ့ကို ကြည့်ရသည်မှာပင် ပို၍ လှပလာသကဲ့သို့ ခံစားလိုက်ရကာ ဆိုလိုက်သည်။
“မမချောချီ... ဒါဆို ငါ့ကို ဘယ်လိုဖြစ်စေချင်တာလဲ... ဒါမှမဟုတ် ငါ အပြင်ထွက်ပြီး လူအများရှေ့မှာ မင်းကို တောင်းပန်ရမလား...”
လော့ချန်သည် တစ်ဖက်လူက ခုနကကိစ္စကို ပြန့်နှံ့သွားမှာ မလိုလားကြောင်း ရိပ်မိလိုက်သဖြင့် ချက်ချင်းပင် အသာစီးယူကာ တန်ပြန်ခြိမ်းခြောက်လိုက်တော့သည်။
“မင်း... မင်း...”
ချီယွဲ့မှာ ဒေါသထွက်လွန်း၍ သွားများကို တင်းတင်းကြိတ်ထားမိသည်။ ပုံမှန်အားဖြင့် အရာအားလုံးကို သူမ စိတ်ကြိုက် ထိန်းချုပ်နိုင်သော်လည်း ယခု လော့ချန်နှင့် တွေ့သည့်အခါတွင်မူ မည်သို့ တုံ့ပြန်ရမည်မှန်း မသိဘဲ ဖြစ်နေတော့သည်။
သူမ တိုက်ခိုက်ချင်သော်လည်း လှုပ်ရှားမှုများကြောင့် အခြားလူများ ထပ်မံ ရောက်လာမည်ကို စိုးရိမ်နေမိသည်။
ထိုစဉ် ယင်းလီက ရှေ့သို့ လှမ်းလျှောက်လာခဲ့သည်။ သူမ၏ ဆံနွယ်များမှာ ရေတံခွန်အလား ရှိနေပြီး ကိုယ်ဟန်မှာလည်း လှပကျော့ရှင်းလှကာ မျက်ဝန်းအစုံမှာမူ တည်ငြိမ်အေးစက်နေလျက် လော့ချန်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
“ဒီနေ့ကိစ္စကို စကားတစ်ခွန်းမှ အပြင်မပေါက်စေနဲ့... မဟုတ်ရင် ဘာဖြစ်လာမလဲဆိုတာ မင်း သိမှာပါ...”
သူမ၏ စကားမှာ ပြင်းထန်ခြင်း မရှိသော်လည်း လူ၏နှလုံးသားကို အေးခဲသွားစေနိုင်သည့် စွမ်းအားမျိုး ရှိနေသဖြင့် ထိတ်လန့်စရာ ကောင်းလှပေသည်။
လော့ချန်က ချက်ချင်းပင် ကတိပေးလိုက်သည်။
“မမယင်းလီ စိတ်ချပါ... ငါ ရောင်စဉ်ငါးသွယ်စမ်းရေအိုင်ကို တစ်ခါမှ မရောက်ဖူးပါဘူး...”
“ဒါဆိုရင်လည်း ပြီးတာပဲ...”
ယင်းလီက လော့ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လက်ဖြင့် တို့လိုက်ရာ အေးခဲနေသော မက်မွန်တောမှာ ချက်ချင်းပင် ပျက်စီးသွားပြီး လေအေးများ ပြန့်ကျဲသွားတော့သည်။ သူမက ဘေးမှ တပည့်မလေး နှစ်ဦးကို အမိန့်ပေးလိုက်သည်။
“ညီမလေး ချီနဲ့ ညီမလေး ယွီ... လော့ချန်ကို အပြင်အထိ လိုက်ပို့ပေးလိုက်ကြ...”
“ဟုတ်ကဲ့ပါ...”
“ငါတို့နောက်ကနေ လိုက်ခဲ့စမ်း...”
တပည့်မလေး နှစ်ဦးက လော့ချန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့မှ ဦးဆောင်ထွက်ခွာသွားကြသည်။ လော့ချန်သည် ယခုမှပင် စိတ်အေးသွားပြီး ချက်ချင်းပင် အနောက်မှ လိုက်ပါသွားတော့သည်။
လော့ချန် ထွက်ခွာသွားသည်ကို မြင်ရသည့်အခါ ချီယွဲ့က မနေနိုင်တော့ဘဲ ဆိုလိုက်သည်။
“အစ်မ ယင်းလီ... သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးတော့မလို့လား...”
အခြားသော တပည့်မလေးများမှာလည်း လက်သီးများကို ဆုပ်ထားကြပြီး စိတ်ထဲမှ ဒေါသများကို အတင်းအကျပ် နှိမ်ထားကြရသည်။
ယင်းလီက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
“ဒါဆိုရင် မင်းက ဘယ်လိုလုပ်စေချင်လို့လဲ... သူ့ကို သတ်ပစ်ရမလား...”
“လော့ချန်က ရွှမ်ယွမ်ဂိုဏ်းရဲ့ အဓိကတပည့် ဖြစ်သလို အထွတ်အထိပ်အကြီးအကဲ ချင်းကွေ့ရဲ့ တပည့်လည်း ဖြစ်တယ်လေ... အခု သူက နာမည်ကြီးနေတဲ့အချိန်မှာ ငါတို့ လော့ရှာဂိုဏ်းကို ဧည့်သည်အဖြစ် လာတာကို တစ်ခုခု ဖြစ်သွားမယ်ဆိုရင်... ဒီသတင်း ပြန့်သွားတဲ့အခါ လောကက လူတွေက ငါတို့ လော့ရှာဂိုဏ်းကို ဘယ်လို ပြောကြမလဲ... ဒါဟာ ဂိုဏ်းအတွက် ကြီးမားတဲ့ ဘေးဒုက္ခကိုတောင် ဖိတ်ခေါ်လိုက်သလို ဖြစ်သွားနိုင်တယ်...”
“နောက်ပြီး... ပြဿနာက အရမ်းကြီးသွားရင် ဒီနေ့ကိစ္စ ပြန့်သွားမှာကိုလည်း တားလို့ရမှာ မဟုတ်ဘူး...”
ချီယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး အလွန်ပင် မကျေမနပ် ဖြစ်နေကာ ဆိုလိုက်သည်။
“ဒါဆိုရင် သူ့ကို ဒီအတိုင်းပဲ အမြတ်ထုတ်ခွင့် ပေးလိုက်ရမှာလား... စီနီယာအစ်မတောင်မှ သူ့ရဲ့...”
ယင်းလီ၏ မျက်နှာတွင် ရှက်သွေးဖြာကာ နီမြန်းနေပြီး ဆွဲဆောင်မှု ရှိလှပေသည်။ သူမက ချီယွဲ့၏ နဖူးလေးကို အသာအယာ တို့လိုက်ကာ ဆိုသည်။
“မင်းသာ ပေါ့ဆပြီးတော့ သူ့ကို တောင်ကြားထဲ မဝင်ရဘူးလို့ မတားခဲ့ရင် ဒီကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ...”
ချီယွဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
“ဒီကောင်က ဘယ်လို ကံကောင်းမှုတွေနဲ့ တောင်ကြားထဲက ပုံရိပ်ယောင် အစီအရင်ကို ဖောက်ထွက်ပြီး ဒီကို ရောက်လာတာလဲ မသိဘူး...”
ယင်းလီသည်လည်း ဤကိစ္စကို ထူးဆန်းသည်ဟု ထင်မြင်နေပြီး ဆိုလိုက်သည်။
“ကောင်းပြီ... ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ရအောင်... ငါ အတွင်းစည်း တိုင်ပင်ဆွေးနွေးရာ ခန်းမကို သွားလိုက်ဦးမယ်...”
ထိုစကားကြောင့် ချီယွဲ့က အလောတကြီး ဆိုလိုက်သည်။
“စီနီယာအစ်မ... လော့ချန်က စစ်ဆေးမှု ခံယူရမှာဆိုတော့... သူ့ကို အခက်ခဲဆုံး စစ်ဆေးမှုမျိုးပဲ စီစဉ်ပေးလိုက်ပါ... သူ့ကို လုံးဝ မအောင်မြင်ပါစေနဲ့...”
ချီယွဲ့၏ လေသံမှာ အလွန်ပင် အေးစက်နေပြီး လွင့်ပျံနေသော နှင်းပွင့်များထက်ပင် ပိုမို အေးစက်နေတော့သည်။
သူမ ဆုံးဖြတ်ထားသည်မှာ လော့ချန်သာ စစ်ဆေးမှုကို မအောင်မြင်ခဲ့ပါက ယနေ့ သူပြုမူခဲ့သော အရှက်ရစရာ ကိစ္စများအတွက် အဆပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ပြန်လည် ပေးဆပ်ခိုင်းမည်ဟူ၍ ဖြစ်သည်။
ယင်းလီက ခေါင်းညိတ်လိုက်သည်။
“စိတ်ချပါ... ငါ့မှာ အစီအစဉ် ရှိပါတယ်...”
စိမ်းလဲ့တောင်ကြား၏ အပြင်ဘက်တွင်မူ...
လော့ချန်သည် တပည့်မလေး နှစ်ဦး၏ အနောက်မှ လိုက်ပါလာပြီး သူ နေထိုင်ရာ စိမ်းလဲ့ခြံဝင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“မင်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့်ရမယ့် ကိစ္စက မကြာခင်မှာ အဖြေထွက်လာပါလိမ့်မယ်... ဒီအတောအတွင်းမှာတော့ ဒီမှာပဲ ငြိမ်ငြိမ်လေး နေနေတာ အကောင်းဆုံးပဲ... လျှောက်သွားပြီးတော့ ပြဿနာ မရှာနဲ့တော့...”
အေးစက်လှသော စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် တပည့်မလေး နှစ်ဦးမှာ လေထဲသို့ ပျံတက်သွားပြီး ပျောက်ကွယ်သွားကြတော့သည်။
ထွက်ခွာသွားသော ထိုနှစ်ဦးကို ကြည့်ရင်း လော့ချန်သည် မိမိကိုယ်မိမိ ပြန်လည် ရယ်မောလိုက်မိသည်။
လော့ရှာဂိုဏ်းကို ရောက်ကာစရှိသေးသော်လည်း ဤမျှလောက်သော ပြဿနာကို ဖန်တီးမိခဲ့ချေပြီ။ လော့ရှာဂိုဏ်း တပည့်မလေးများကို ဒေါသထွက်စေရုံတင်မကဘဲ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ဦးကိုပါ ပြစ်မှားမိခဲ့သည်မဟုတ်ပါလော။
ရောင်စဉ်ငါးသွယ်စမ်းရေအိုင်၌ မြင်တွေ့ခဲ့ရသော ဆွဲဆောင်မှုရှိသော မြင်ကွင်းကို သတိရလိုက်သည့်အခါ လော့ချန်၏ စိတ်ထဲ၌ လှိုင်းတံပိုးများ ထလာခဲ့သည်။
ထိုမြင်ကွင်းမျိုးမှာ လောကတွင် တွေ့ရခဲလှပေသည်။ တွေးကြည့်ရုံနှင့်တင် သွေးလှိုင်းများ ဆူဝေသွားစေနိုင်သည်။ အထူးသဖြင့် ယင်းလီသည် အပြင်ပန်း၌ အေးစက်နေသော်လည်း နတ်သမီးတစ်ပါးအလား လှပပြီး ဆွဲဆောင်မှုရှိသော ကိုယ်ဟန် ရှိနေသဖြင့် တကယ့်ကို ထူးခြားလှသော မိန်းမလှလေး တစ်ဦးပင် ဖြစ်ပေသည်။
‘အစွမ်းရော ရုပ်ရည်ပါ ပြည့်စုံနေတာဆိုတော့... စီနီယာအစ်မ ယွမ်မန်လီနဲ့ ထပ်တူ နာမည်ကျော်နေတာ မထူးဆန်းပါဘူး...’
“ထားလိုက်ပါတော့... ဒါတွေကို လျှောက်တွေးမနေတော့ဘူး... အရင်ဆုံးတော့ ဝါးမြိုထားတဲ့ ဝိညာဉ်ရောင်စဉ်တန်းတွေကို သန့်စင်ရမှာပဲ... ဒါတွေက ငါ့ကို ဘယ်လောက်အထိ တိုးတက်စေမလဲဆိုတာ ကြည့်ရတာပေါ့...”
လော့ချန်သည် အတွေးများကို ဖယ်ထုတ်လိုက်ပြီး လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်ရောက်ကာ ကိုယ်တွင်းရှိ ဝိညာဉ်ရောင်စဉ်တန်းများကို သန့်စင်ရန် ပြင်လိုက်တော့သည်။
ချက်ချင်းပင် သူ၏ ကိုယ်ပေါ်တွင် ပြင်းထန်လှသော ရောင်စဉ်ငါးသွယ် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
လေ့ကျင့်ရေးကွင်း တစ်ခုလုံးမှာလည်း ရောင်စုံအလင်းတန်းများဖြင့် လင်းထိန်သွားတော့သည်။
လော့ရှာဂိုဏ်း အတွင်းစည်း တိုင်ပင်ဆွေးနွေးရာ ခန်းမအတွင်း၌မူ...
ခရမ်းရောင်ဝတ်စုံနှင့် လော့ရှာဂိုဏ်းချုပ်သည် ခန်းမတံခါးကို ကျောပေးလျက် အထက်စီးမှ ရပ်နေပြီး အလွန်ပင် တည်ငြိမ်လှပေသည်။
ခန်းမအတွင်းရှိ လော့ရှာဂိုဏ်း အတွင်းစည်း အကြီးအကဲများမှာ လော့ချန် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုကို ခံယူခွင့် ရ၊ မရ ဆိုသည့် ကိစ္စအပေါ်တွင် ငြင်းခုံနေကြသည်။
အတွင်းစည်း အကြီးအကဲ အတော်များများမှာ ဤကိစ္စကို ကန့်ကွက်နေကြပြီး လော့ရှာဂိုဏ်းသည် အမျိုးသမီးများသာ ရှိသော ဂိုဏ်းဖြစ်ရာ အမျိုးသားတစ်ဦးအား ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခွင့်ပေးခြင်းမှာ မသင့်တော်ဟု ယူဆနေကြသည်။
၎င်းတို့အနက် တောင်ဝှေးကို အားပြုလျက် ဆံပင်ဖြူဖြူနှင့် လင်းအမည်ရှိ အကြီးအကဲမှာ အပြင်းထန်ဆုံး ကန့်ကွက်နေသူ ဖြစ်သည်။ သူမသည် အသက်ကြီးပြီး စိတ်ဓာတ်မှာလည်း ရှေးရိုးစွဲနေသူ ဖြစ်သဖြင့် ကန့်ကွက်သူများ၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။
အကြီးအကဲ ပိကျိုးရွှေ သည်လည်း ထိုနေရာ၌ ရှိနေပြီး ချက်ချင်းပင် ရှေ့သို့ လှမ်းထွက်ကာ ဆိုလိုက်သည်။
“အကြီးအကဲ လင်း... အရာအားလုံးမှာ ပထမဆုံးဆိုတာ ရှိတာပဲလေ... လော့ချန်က ယန်ချင်းရှုံးကို ဓားဆန္ဒ အစအန ဖော်ထုတ်နိုင်အောင် ကူညီပေးခဲ့တာလေ... ယန်ချင်းရှုံး ရဲ့ ကြယ်ကိုးပွင့် ဓားသိုင်းဝိညာဉ် ပါရမီနဲ့ဆိုရင် ဒါဟာ သူမကို ထိပ်သီးဓားသမားတစ်ဦး ဖြစ်လာအောင် လမ်းခင်းပေးလိုက်တာပဲ... ငါတို့ လော့ရှာဂိုဏ်းမှာ မကြာခင်မှာ အစွမ်းထက်တဲ့ ဓားသမားတစ်ဦး တိုးလာတော့မှာပါ...”
“ဒါဟာ အလွန်ကြီးမားတဲ့ ကျေးဇူးတရားပဲလေ... အဲဒါက ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှု ခံယူခွင့် တစ်ကြိမ်နဲ့ မထိုက်တန်ဘူးလား...”
“ငါတို့ လော့ရှာဂိုဏ်းက တာယွဲ့မင်းဆက်ရဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့အတွက် ကျေးဇူးရှိရင် ပြန်ဆပ်ရမှာပဲ... ငါက ဒီကတိကို လူအများရှေ့မှာ ပေးခဲ့ပြီးပြီဆိုမှတော့... အခုမှ ပြန်ပြင်မယ်ဆိုရင် ငါတို့ လော့ရှာဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ဘယ်မှာ ရှိတော့မလဲ...”
အကြီးအကဲ ပိကျိုးရွှေ၏ စကားကြောင့် ခန်းမအတွင်းရှိ ကန့်ကွက်သံများမှာ ချက်ချင်းပင် တိုးဝင်သွားကြသည်။
မှန်ပါသည်... လော့ချန်က ယန်ချင်းရှုံးကို ကူညီပေးခဲ့သည်မှာ အမှန်တရားပင်။
ဓားဆန္ဒအစအနကို နားလည်သွားခဲ့ပြီးနောက် ယန်ချင်းရှုံး၏ အစွမ်းမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ကြယ်ကိုးပွင့် ဓားသိုင်းဝိညာဉ်နှင့်ဆိုပါက သူမသည် ထိပ်သီးဓားသမားတစ်ဦး ဖြစ်လာရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။
အကြီးအကဲ လင်းက သူမ၏ တောင်ဝှေးဖြင့် မြေကြီးကို တစ်ချက် ဆောင့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။
“ကျေးဇူးဆပ်မယ်ဆိုရင်တောင်မှ သူ့ကို ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ထဲတော့ ပေးမဝင်သင့်ဘူး...”
နှစ်ဖက်စလုံး ငြင်းခုံနေကြသည်ကို မြင်ရသည့်အခါ လော့ရှာဂိုဏ်းချုပ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုစဉ် ပုံရိပ်တစ်ခု ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ ယင်းလီပင် ဖြစ်၏။
လူတိုင်း၏ အကြည့်မှာ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ ယင်းလီသည် လော့ရှာဂိုဏ်း၏ အငယ်ဆုံးဖြစ်သလို နောင်တစ်ချိန်တွင် 'ကျိန်းရန်' နယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး အရှိဆုံးသူလည်း ဖြစ်ရာ ဂိုဏ်းအတွင်း၌ သြဇာအာဏာ အတော်လေး ရှိပေသည်။
“ယင်းလီ... မင်းကော ဒီကိစ္စကို ဘယ်လို ထင်သလဲ”
လော့ရှာဂိုဏ်းချုပ်က မေးမြန်းလိုက်သည်။
ယင်းလီသည် ခန်းမအလယ်သို့ လျှောက်လှမ်းသွားပြီး ကြည်လင်လှသော အသံဖြင့် ဆိုလိုက်သည်။
“အကြီးအကဲတို့ ငြင်းခုံမနေကြပါနဲ့တော့... ကျွန်မ ထင်တာကတော့ ဒီကိစ္စကို တစ်နည်းနည်းနဲ့ ဖြေရှင်းလို့ ရပါတယ်... ငါတို့ လော့ရှာဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေရဘူးလေ... ဒါပေမဲ့ ဒါဟာ စစ်ဆေးမှု ခံယူခွင့် တစ်ကြိမ်ပဲ မဟုတ်လား... ကျွန်မတို့ စစ်ဆေးမှုရဲ့ အခက်အခဲကို မြှင့်တင်လိုက်လို့ ရတာပဲ... ဒါဆိုရင် လော့ချန် စစ်ဆေးမှုကို မအောင်မြင်ခဲ့ရင် ငါတို့က ကတိအတိုင်း လုပ်ပေးခဲ့ပြီးသား ဖြစ်သလို သူ့ဘက်ကလည်း ဘာမှ ပြောစရာ ရှိမှာ မဟုတ်တော့ဘူး...”
လော့ရှာဂိုဏ်းချုပ် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“ဒါဆိုရင် မင်းက ဘယ်လို စစ်ဆေးမှုမျိုးကို စီစဉ်ချင်လို့လဲ...”
ယင်းလီသည် ခေတ္တမျှ တွေးတောပြီးနောက် ဆိုလိုက်သည်။
“ကျွန်မ စစ်ဆေးမှု ခံယူခဲ့တုန်းကအတိုင်းပဲ... ‘နက်မှောင်မြူခိုးတောင်’ ကို တက်ခိုင်းလိုက်ရအောင်...”
ထိုစဉ် တစ်ချိန်လုံး ကန့်ကွက်နေခဲ့သော အကြီးအကဲ လင်းကလည်း သဘောတူလိုက်သည်။
“ကောင်းတယ်... သူ့ရဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ် ပါရမီနဲ့ဆိုရင်တော့ နက်မှောင်မြူခိုးတောင်ကို ကျိန်းသေပေါက် တက်နိုင်မှာ မဟုတ်ဘူး... ဒါဟာ တကယ့်ကို အကောင်းဆုံး နည်းလမ်းပဲ...”
အခန်း ၅၅၁ ပြီးပါပြီ။
အခန်း ၅၅၂ - ယန်ချင်းရှုံးနှင့် ပြန်လည်ဆုံတွေ့ခြင်း... ဓားဆန္ဒလျှို့ဝှက်ကျင့်စဉ်
“နက်မှောင်မြူခိုးတောင်...”
ပိကျိုးရွှေက ပြန်လည်ချေပရန် ပြင်လိုက်သည်။ နက်မှောင်မြူခိုးတောင်ကို တက်ရသည့် စမ်းသပ်မှုမှာ ကျင့်ကြံသူအတွက် အလွန်ကောင်းမွန်သော လေ့ကျင့်မှုတစ်ခု ဖြစ်သလို အောင်မြင်သူများမှာလည်း အစွမ်းများ သိသိသာသာ တိုးတက်လာတတ်ကြသော်လည်း ၎င်း၏ အခက်အခဲမှာ အလွန်ပင် ကြီးမားလှပေသည်။ ထူးချွန်ဆုံးသော တပည့်များသာ အောင်မြင်ရန် အခွင့်အရေး ရှိကြသည်။
လော့ချန်၏ အစွမ်းမှာ ထူးခြားလှသည်ဆိုသော်လည်း သူ နိုးကြားထားသည်မှာ အသုံးမကျသော သိုင်းဝိညာဉ်ဖြစ်နေသည် မဟုတ်ပါလော။ သို့သော်လည်း ပိကျိုးရွှေ စကားမပြောရသေးမီမှာပင် အကြီးအကဲ လင်းက သူမ၏ တောင်ဝှေးဖြင့် မြေကြီးကို တစ်ချက်ဆောင့်ကာ ဆိုလိုက်သည်။
“ဒါဟာ ငါပေးနိုင်တဲ့ အကြီးမားဆုံး လျှော့ပေါ့မှုပဲ...”
ထိုစကားကြောင့် ပိကျိုးရွှေသည် ငြင်းခုံနေလည်း အပိုပင်ဖြစ်ကြောင်း သိရှိလိုက်သဖြင့် သဘောတူလိုက်ရတော့သည်။ အဓိကနေရာတွင် ထိုင်နေသော လော့ရှာဂိုဏ်းချုပ်က ဆိုလိုက်သည်။
“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...”
“မကြာသေးခင်က သွေးနတ်ဆိုးဂိုဏ်းရဲ့ စခန်းတွေကို ရှာဖွေဖို့ နတ်ဆိုးတောအုပ်ထဲကို သွားတဲ့ တပည့်တွေ အကျအဆုံး များနေတာကို မင်းတို့လည်း သိမှာပါ... နောင်ကျရင် သေဆုံးမှုတွေက ဒီထက်ပိုပြီး များလာနိုင်ခြေ ရှိတယ်... အဲဒါကြောင့် အကြီးအကဲ ရွှီက စုံစမ်းစစ်ဆေးမှုတွေကို ခေတ္တလျှော့ချဖို့နဲ့ ဂိုဏ်းရဲ့ ထူးချွန်တဲ့ တပည့်တွေကို အဲဒီကို မလွှတ်ဘဲ အင်အားစုဆောင်းထားဖို့ အကြံပြုထားတယ်...”
ဤစကား ထွက်လာသည်နှင့် ခမ်းမတစ်ခုလုံးအတွင်း၌ ဆွေးနွေးသံများ ဆူညံသွားခဲ့သည်။ နတ်ဆိုးတောအုပ်တွင် မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အခြေအနေများမှာ တကယ့်ကို စိတ်မအေးစရာပင် ဖြစ်၏။ ရှာဖွေမှု နယ်ပယ် ကျဉ်းမြောင်းလာသည်နှင့်အမျှ သွေးနတ်ဆိုးဂိုဏ်းကလည်း သူတို့၏ အစွယ်များကို စတင်ထုတ်ပြလာခဲ့ရာ ဂိုဏ်းကြီးများ၏ ဆုံးရှုံးမှုမှာ နည်းပါးလှသည် မဟုတ်ပေ။
ယခင်က သွေးနတ်ဆိုးဂိုဏ်း၏ ထိတ်လန့်စရာကောင်းမှုမှာ လူတိုင်း သိရှိထားကြပြီးသားပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက နောက်ထပ် တပည့်ပေါင်း မည်မျှအထိ သေဆုံးရဦးမည်ကို မည်သူမျှ မသိနိုင်ပေ။ ခေတ္တမျှ ဆွေးနွေးပြီးနောက် အကြီးအကဲတစ်ဦးက ရှေ့သို့ လှမ်းထွက်ကာ ဆိုလိုက်သည်။
“ဂိုဏ်းချုပ်... အကြီးအကဲ ရွှီ... အဲဒီလိုမျိုးတော့ မစဉ်းစားသင့်ဘူးလေ... သေဆုံးသူ များနေတာနဲ့တင် အရှုံးပေးလိုက်လို့ မရပါဘူး... သွေးနတ်ဆိုးဂိုဏ်းက ငါတို့ တာယွဲ့မင်းဆက်ထဲမှာ အင်အားမကြီးသေးဘူး... တကယ်လို့ သူတို့ အင်အား တောင့်တင်းသွားပြီဆိုရင်တော့ သူတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ ဆိုတာ ပိုပြီးတော့ ခက်ခဲသွားမှာပဲ...”
“ငြိမ်းချမ်းတဲ့ အချိန်တွေ ကုန်ဆုံးသွားပြီလေ... ဒီတပည့်တွေက ဒီလိုမျိုး မကြုံတွေ့ရဘူးဆိုရင် နောင်တစ်ချိန် သွေးနတ်ဆိုးဂိုဏ်း ပြန်ပြီး အားကောင်းလာတဲ့အခါ ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ”
နောက်ထပ် အကြီးအကဲတစ်ဦးကလည်း ထောက်ခံလိုက်သည်။
“မှန်တယ်... သေခြင်းရှင်ခြင်းတိုက်ပွဲတွေကမှ အကောင်းဆုံး လေ့ကျင့်မှုပဲလေ... မျိုးဆက်သစ်လူငယ်တွေကို သွေးနံ့ နည်းနည်းလောက် ပေးရှူသင့်ပြီ... အသက်ရှင်ကျန်ရစ်တဲ့သူတွေရဲ့ အစွမ်းက သေချာပေါက် အများကြီး တိုးတက်လာမှာပဲ... သွေးနတ်ဆိုးဂိုဏ်းရဲ့ ကြောက်စရာကောင်းမှုကို လူတိုင်း သိကြမှာပါ... အခုကတည်းက ကြောက်နေမယ်ဆိုရင်တော့ နောင်ကျရင် သူတပါးရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ့် ငါးတွေလိုပဲ ဖြစ်နေမှာပေါ့”
ယင်းလီကလည်း ဝင်ပြောလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်း ပြန်လည် နိုးထလာတာက အမှန်တရား ဖြစ်သွားပြီဆိုတော့... နောင်ကျရင် အခုထက် ပိုပြီးတော့ ရက်စက်လာမှာပဲ... အဲဒီအချိန်ကျမှဆိုရင် ကြီးထွားလာဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်တော့ဘူး... အခုကတည်းက လက်တွေ့ကို ရင်ဆိုင်လိုက်တာ ပိုကောင်းပါတယ်... ခဏနေရင် ကျွန်မလည်း နတ်ဆိုးတောအုပ်ကို သွားပြီးတော့ ဂျူနီယာညီမလေးတွေကို တတ်နိုင်သမျှ ကာကွယ်ပေးပါ့မယ်...”
ထိုစကားများကို ကြားရသည့်အခါ လော့ရှာဂိုဏ်းချုပ်သည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ဒါဆိုရင်လည်း ပြောစရာ မရှိတော့ဘူး... ဂိုဏ်းထဲက အစွမ်းရှိတဲ့ တပည့်တွေ အားလုံး နတ်ဆိုးတောအုပ်ကို သွားပြီးတော့ သွေးနတ်ဆိုးဂိုဏ်းဝင်တွေကို အစွမ်းကုန် သတ်ဖြတ်ကြစမ်း... ပြီးတော့ သူတို့ရဲ့ စခန်းကိုလည်း ရှာဖွေကြရမယ်...”
“ဒါ့အပြင်... သုံးရက်အကြာမှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုကို စတင်မယ်... လော့ချန် အပြင် တခြားသော ထူးချွန်တဲ့ အတွင်းစည်းတပည့်တွေလည်း ပါဝင်နိုင်တယ်... နက်မှောင်မြူခိုးတောင်ကို ပထမဆုံး တက်နိုင်တဲ့ ဆယ်ယောက်... မဟုတ်ဘူး... တစ်ဆယ့်ငါးယောက်က ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့် ရမယ်... ဒီတပည့်တွေကို အမြန်ဆုံး တိုးတက်လာအောင် လုပ်ပေးကြရမယ်...”
“ဟုတ်ကဲ့ပါ...”
အတွင်းစည်း အကြီးအကဲ အတော်များများမှာ မနေနိုင်တော့ဘဲ ကိုယ်စီ ထွက်ခွာသွားကြတော့သည်။ သူတို့သည် မိမိတို့၏ တပည့်ရင်းများကို သုံးရက်အကြာတွင် ပြုလုပ်မည့် စစ်ဆေးမှုအတွက် ပြင်ဆင်ခိုင်းရန် သွားကြခြင်းပင် ဖြစ်၏။ ပိကျိုးရွှေမှာမူ မျက်မှောင်ကြုတ်နေမိသည်။ သူမသည် လော့ချန်အတွက် စိုးရိမ်နေခြင်းပင်။
ညမှောင်လာခဲ့ပြီး ကြယ်ကလေးများမှာလည်း လင်းလက်နေကြသည်။ လော့ရှာဂိုဏ်း၏ ကောင်းကင်ယံတွင် ရောင်စဉ်တန်းများမှာ လွင့်ပျံနေကြပြီး အိုင်ကြီးအိုင်ငယ်များ၏ ရေပြင်ထက်တွင် အရိပ်ထင်ဟပ်နေကာ လမင်းကြီးမှာလည်း အထက်တွင် မြင့်မားစွာ တည်ရှိနေသည်မှာ အိပ်မက်တစ်ခုအလား သာယာလှပေသည်။
စိမ်းလဲ့ခြံဝင်းအတွင်း၌ လော့ချန်သည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ အရေပြားပေါ်တွင် ရောင်စဉ်ငါးသွယ် အရှိန်အဝါများမှာ လှည့်ပတ်နေကြသည်။ ထိုအရှိန်အဝါမှာ ပိုမို သိပ်သည်းလာပြီး နောက်ဆုံးတွင် ချွေးပေါက်များမှတစ်ဆင့် အပြင်သို့ ထွက်ပေါ်လာကာ ဝေဝါးလှသော ဓားပုံရိပ်တစ်ခုအဖြစ် စုစည်းသွားခဲ့ချေပြီ။
ရုတ်တရက်...
“ဝူး...”
အေးစက်လှသော ဆောင်းလေအေးတစ်ခု စိမ်းလဲ့ခြံဝင်းကို ဖြတ်ကျော်တိုက်ခတ်သွားသဖြင့် ခြံပြင်ရှိ အိုင်အတွင်းမှ ရေပြင်မှာ လှိုင်းကလေးများ ထသွားခဲ့သည်။
“ဟင်...”
ပုံရိပ်တစ်ခုသည် အိုင်ဘေးတွင် ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ထိုပုံရိပ်မှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ဟန်မှာ လှပကျော့ရှင်းလှကာ ဆံနွယ်များကို အနောက်၌ စုစည်းထားသည်။ ကျောပေါ်တွင် စိမ်းလဲ့လှသော ဓားရှည်တစ်လက်ကို လွယ်ထားပြီး တည်ငြိမ်လှသော အကြည့်များထဲတွင် ထူးခြားလှသော ထက်မြက်မှုများ ပါဝင်နေသဖြင့် လူတိုင်းမှာ စိုက်မကြည့်ရဲကြပေ။ သူမမှာ ယန်ချင်းရှုံး ပင် ဖြစ်၏။
“ခုနက အဲဒါ ဓားဆန္ဒလား... ထက်မြက်တဲ့ အရှိန်အဝါတွေက တော်တော်လေးကို ပြင်းထန်တာပဲ...”
ယန်ချင်းရှုံးသည် မလှမ်းမကမ်းရှိ စိမ်းလဲ့ခြံဝင်းကို ကြည့်လိုက်ပြီးနောက် လျှောက်သွားကာ ခြံဝင်းတံခါးကို အသာအယာ ခေါက်လိုက်သည်။
လေ့ကျင့်ရေးကွင်းအတွင်း၌ လော့ချန်သည် ကျင့်ကြံခြင်းနယ်ပယ်ထဲမှ သတိပြန်ဝင်လာခဲ့သည်။ သူ မျက်လုံးများကို ဖွင့်လိုက်သည့် ခဏတွင် ထက်မြက်လှသော အလင်းတန်းများမှာ ညမှောင်မှောင်ကိုပင် လင်းထိန်သွားစေခဲ့ချေပြီ။
“ခုနက အဲဒါ...”
လော့ချန်သည် လျှပ်စီးဓားကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည့်အခါ သူ၏ အတွင်းစိတ်ထဲမှနေ၍ ပြင်းထန်လှသော ထက်မြက်မှုများမှာ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။
“ဓားဆန္ဒက အများကြီး တိုးတက်လာတာပဲ...”
လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ သူသည် ဓားဆန္ဒမှာ များစွာ တိုးတက်လာသည်ကို တွေ့ရှိလိုက်ရပြီး ပိုမို ခိုင်မာလာခဲ့ချေပြီ။ မကြာမီမှာတင် ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒသို့ တက်လှမ်းနိုင်မည်မှာ သေချာလှသည်။
၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒသည် ဓားဆန္ဒအစပျိုးအဆင့်၏ အထက်နယ်ပယ် ဖြစ်သည်ဖြစ်ရာ ဤနယ်ပယ်သို့ ရောက်ရှိပြီးနောက် ဓားဆန္ဒ အနည်းငယ် တိုးတက်သွားခြင်းမှာပင် ကြီးမားလှသော အောင်မြင်မှု ဖြစ်ပေသည်။ လော့ချန်သည် ဝိညာဉ်ရောင်စဉ်တန်းများကို သန့်စင်ခြင်းက သူ၏ ဓားဆန္ဒကို ဤမျှအထိ သိသိသာသာ တိုးတက်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး မိမိကိုယ်မိမိ ရေရွတ်လိုက်သည်။
“ဒီ ဝိညာဉ်ရောင်စဉ်တန်းတွေက ခန္ဓာကိုယ်သန့်စင်ကန်ထဲက ဘုရင်အဆင့် သန်မာသူရဲ့ ဆန္ဒတွေနဲ့ သဘောတရားချင်း တူတာပဲ... ရောင်စဉ်ငါးသွယ်စမ်းရေတွင်းကတောင် ဒီလို အာနိသင် ရှိနေမှတော့... ဟို ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ဆိုရင်တော့ ဘယ်လောက်အထိ ထူးခြားမလဲ မသိဘူး...”
လော့ချန်သည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်း၌ ကျင့်ကြံခွင့်ရရန်အတွက် ယခင်ကထက် ပိုမို မျှော်လင့်လာခဲ့ချေပြီ။ ထိုစဉ်...
“ဒေါက်ဒေါက်... ဒေါက်ဒေါက်ဒေါက်...”
ခြံဝင်းပြင်ပမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“လူလာတာလား...”
လော့ချန် အနည်းငယ် အံ့သြသွားရသည်။ သူသည် အရှိန်အဝါများကို သိမ်းဆည်းလိုက်ပြီး ဝတ်စုံကို ပြင်ဆင်လျက် အပြင်သို့ ထွက်လာကာ ဆိုလိုက်သည်။
“ဝင်လာခဲ့ပါ...”
“ကျွီ...”
ယန်ချင်းရှုံးသည် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“လော့ချန်...”
“ယန်ချင်းရှုံး... မင်းပါလား... မတွေ့တာ ကြာပြီနော်...”
လော့ချန်သည် ပြုံးလိုက်ပြီး ခြံဝင်းအတွင်းရှိ ကျောက်စားပွဲတွင် ဝင်ထိုင်ကာ ဆိုလိုက်သည်။
“ထိုင်လေ...”
နှစ်ဦးသား ထိုင်လိုက်ကြပြီးနောက် လော့ချန်သည် ယန်ချင်းရှုံးကို တစ်ချက် ဝေ့ကြည့်ကာ ဆိုသည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၄ အလယ်အလတ်အဆင့် ရောက်နေပြီပဲ... မင်းရဲ့ တိုးတက်မှုက တော်တော်လေး မြန်တာပဲ...”
ယန်ချင်းရှုံးက လှပစွာ ပြုံးလိုက်ပြီး သူမ၏ မျက်ဝန်းများမှာလည်း တောက်ပနေသည်။
“ဒါက မင်းကို ကျေးဇူးတင်ရမှာပါ... မင်း ငါ့ကို သင်ပေးခဲ့တဲ့ မိမိကိုယ်ကို ဓားဖြင့်ခုတ်ပိုင်းတဲ့ ဓားဆန္ဒကျင့်စဉ်က တကယ်ကို ထူးခြားတာပဲလေ... အခု ငါ့ရဲ့ ဓားဆန္ဒက ၄၀ ရာခိုင်နှုန်းကို ရောက်နေပြီ... ဓားဆန္ဒဆိုတာ ဓားသမားတစ်ယောက်ရဲ့ အခြေခံပဲလေ... ဓားဆန္ဒ တိုးတက်လာတဲ့အခါ ကျင့်ကြံဆင့်ကလည်း အလိုလို မြင့်တက်လာပြီး ဘာအတားအဆီးမှ မရှိတော့ဘူး...”
သူမက ဆက်လက်ပြောဆိုသည်။
“ဒါဟာ ဓားလမ်းစဉ်က စီနီယာတစ်ယောက်ယောက်ဆီကနေ မင်း ရထားတဲ့ လျှို့ဝှက်ကျင့်စဉ် ဖြစ်ရမယ်... စိတ်ချပါ... ဒီကျင့်စဉ်ကို ငါ တခြားလူတွေကို စကားတစ်ခွန်းမှ ထုတ်မပြောပါဘူး...”
ယန်ချင်းရှုံးက တည်ကြည်စွာ ကတိပေးလိုက်သည်။
လော့ချန် အနည်းငယ် အံ့သြသွားရသည်။ မိမိ၏ ဓားဆန္ဒဖြင့် စိတ်ဝိညာဉ်ကို ခုတ်ပိုင်းလျက် ဓားဆန္ဒကို ပိုမို ထက်မြက်အောင် ပြုလုပ်ခြင်း။ ၎င်းမှာ သူသည် မီးလျှံဓားအတွင်းမှ ကျန်ရှိနေသော ဓားဆန္ဒကို ကြည့်ကာ မိမိဘာသာ စဉ်းစားခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်သည်မဟုတ်ပါလော။ ယန်ချင်းရှုံးက ဤမျှလောက်အထိ အလေးအနက် ထားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယန်ချင်းရှုံး၏ အမြင်အရမူ လော့ချန်သည် သေချာပေါက် ထိပ်သီးဓားသမားတစ်ဦးဦး၏ လမ်းညွှန်မှုကို ရရှိထားခြင်း ဖြစ်ရမည်။ ဤကဲ့သို့သော လျှို့ဝှက်ကျင့်စဉ်ကို သူမအား အလွယ်တကူ သင်ကြားပေးခဲ့သဖြင့် ယန်ချင်းရှုံးသည် လော့ချန်အပေါ်တွင် အလွန်ပင် ကျေးဇူးတင်နေခြင်း ဖြစ်သည်။
“ဒါနဲ့... ငါ အခု လာတာက မင်းကို အသိပေးဖို့ပါ... ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုကို သတ်မှတ်လိုက်ပြီလေ... အချိန်က သုံးရက်အကြာမှာဖြစ်ပြီး စစ်ဆေးမှုကတော့ နက်မှောင်မြူခိုးတောင်ကို တက်ရမှာပဲ...”
အခန်း ၅၅၂ ပြီးပါပြီ။