← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း ၅၅၃ - ရည်မှန်းချက်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းရန်

ယန်ချင်းရှုံးသည် အကြီးအကဲ ပိကျိုးရွှေထံမှတစ်ဆင့် တိုင်ပင်ဆွေးနွေးမှု အကြောင်းအရာများကို သိရှိခဲ့ပြီး လော့ချန်အား အလုံးစုံကို အသေးစိတ် ရှင်းပြလေသည်။ ထို့ပြင် နက်မှောင်မြူခိုးတောင်နှင့် ပတ်သက်၍လည်း သေသေချာချာ မိတ်ဆက်ပေးခဲ့၏။

နက်မှောင်မြူခိုးတောင်ဆိုသည်မှာ လော့ရှာဂိုဏ်း၏ အစွန်းပိုင်းနယ်မြေတွင် တည်ရှိသော တားမြစ်နယ်မြေအငယ်စားလေးတစ်ခု ဖြစ်သည်။ ၎င်းမှာ စက်ဝိုင်းပုံစံ ကျွန်းငယ်လေးတစ်ကျွန်းဖြစ်ပြီး အလယ်ဗဟိုတွင် မြင့်မားလှသော တောင်ထိပ်ကြီးတစ်ခု ရှိနေသည်။

ထိုတောင်ထိပ်ကို 'ကျန်းရှန်' ဟု ခေါ်ဆိုကြပြီး ဒဏ္ဍာရီအရ ထိုတောင်၏ မြေအောက်နက်ရှိုင်းရာနေရာတွင် ရှေးဟောင်းနတ်ဆိုးသားရဲတစ်ကောင်ကို မြှုပ်နှံထားသဖြင့် အဆိပ်မြူခိုးများ ဖုံးလွှမ်းနေကာ ထူးဆန်းလှသော စွမ်းအားများ ပြည့်နှက်နေခြင်း ဖြစ်ပေသည်။

လူတစ်ဦးသည် ထိုကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူပင် ဖြစ်စေကာမူ ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ အလွန်အမင်း ကန့်သတ်ခြင်း ခံရမည်ဖြစ်ပြီး ခန္ဓာကိုယ်သန်မာမှုစွမ်းအားဖြင့်သာ လှုပ်ရှားနိုင်ပေသည်။ အကယ်၍ ဗဟိုနယ်မြေအတွင်းသို့ ဝင်ရောက်သွားမည်ဆိုပါက ဝိညာဉ်စွမ်းအားကိုပါ တိုက်ရိုက်ရိုက်ခတ်မှု ရှိစေနိုင်သည်။

နက်မှောင်မြူခိုးတောင်အကြောင်းကို မိတ်ဆက်ပြီးနောက် ယန်ချင်းရှုံးက ဆက်ပြောသည်။

“ဆရာက ငါ့ကို မှာလိုက်ပါတယ်... နက်မှောင်မြူခိုးတောင်ကို တက်တဲ့အခါ ခန္ဓာကိုယ်သန်မာမှုအပြင် အရေးကြီးဆုံးကတော့ စိတ်ဓာတ်နဲ့ ဝိညာဉ်စွမ်းအား ခိုင်မာဖို့ပါပဲ... ပုံရိပ်ယောင်တွေရဲ့ လှည့်စားမှုကို မခံရဖို့ လိုတယ်... ကိုယ့်ရဲ့ စိတ်ရင်းအတိုင်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မှသာ ရှေ့ကို ဆက်သွားနိုင်မှာပါ...”

လော့ချန်က ခေါင်းညိတ်လိုက်ပြီး ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလိုက်၏။

“ငါ့ကိုယ်စား အကြီးအကဲ ပိကျိုးရွှေကို ကျေးဇူးတင်စကား ပြောပေးပါဦး...”

“ဒါ့အပြင်... ဒီတစ်ခေါက် စစ်ဆေးမှုမှာ ပါဝင်မှာက မင်းတစ်ယောက်တည်း မဟုတ်ဘူးလေ... ငါတို့ လော့ရှာဂိုဏ်းရဲ့ ထူးချွန်တဲ့ အတွင်းစည်းတပည့်တွေ အကုန်လုံး ပါဝင်နိုင်တယ်... ငါလည်း ပါဝင်မှာဆိုတော့ ပြောရမယ်ဆိုရင် ငါတို့က ပြိုင်ဘက်တွေ ဖြစ်သွားကြပြီပေါ့...”

ယန်ချင်းရှုံးက တောက်ပစွာ ပြုံးလျက် ဆိုသည်။ ယခုအခါ သူမသည်လည်း အတွင်းစည်းတပည့်တစ်ဦး ဖြစ်နေသလို ကြယ်ကိုးပွင့် ဓားသိုင်းဝိညာဉ်နှင့် ၄၀ ရာခိုင်နှုန်းသော ဓားဆန္ဒကိုပါ ပိုင်ဆိုင်ထားသဖြင့် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုကို ခံယူရန် သေချာပေါက် အရည်အချင်း ပြည့်မီနေပေသည်။

“ဒါဆိုရင်တော့ မင်းလည်း အစွမ်းကုန် ကြိုးစားရမှာပေါ့...”

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူ၏ မျက်နှာတွင် ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

လော့ရှာဂိုဏ်းက ဤသို့ စီစဉ်ခြင်းမှာ သွေးနတ်ဆိုးဂိုဏ်းကိစ္စကြောင့်တင်မကဘဲ သူ့အတွက် စစ်ဆေးမှုအခက်အခဲကို မြှင့်တင်ချင်သောကြောင့် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်၏။

အမှန်တကယ်တွင်မူ သူသည် နက်မှောင်မြူခိုးတောင်ကို တက်ပြီး မိမိကိုယ်မိမိ သက်သေပြလိုက်ရုံဖြင့် လုံလောက်ပေသည်။ ယခုမူ လော့ရှာဂိုဏ်းတစ်ခုလုံးအတွင်းရှိ အတွင်းစည်းတပည့်များနှင့် ယှဉ်ပြိုင်ရပေတော့မည်။

သို့သော်လည်း ၎င်းတို့မှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

မိုင်ပေါင်း သောင်းနှင့်ချီသော ခရီးကို အပင်ပန်းခံ လာခဲ့ရသည်ဖြစ်ရာ သူသည် လက်ချည်းဗလာဖြင့် ပြန်သွားရန် စိတ်ကူးမရှိပေ။

“ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလား...”

ယန်ချင်းရှုံးသည် လော့ချန်၏ ပြင်းထန်လှသော ယုံကြည်မှုကို ခံစားလိုက်ရသဖြင့် အနည်းငယ် အံ့သြသွားပြီး ဆိုလိုက်သည်။

“ကြားရသလောက်တော့ ဒီတစ်ခေါက် စစ်ဆေးမှုမှာ မျိုးဆက်တပည့် ဆယ်ယောက်ထဲက အများစုက ပါဝင်ကြမှာတဲ့လေ... သူတို့က သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ ထိပ်သီးသန်မာသူတွေ ဖြစ်သလို ပါရမီကလည်း ထိပ်တန်းတွေချည်းပဲ... အဲဒါအပြင် အဓိကတပည့်တွေကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း လူအရေအတွက်က ရာဂဏန်းထက်မက ရှိမှာပဲ...”

အကယ်၍ သူမကိုယ်တိုင် ကြယ်ကိုးပွင့် ဓားသိုင်းဝိညာဉ်ကို နိုးကြားထားခြင်း မရှိပါကလည်းကောင်း၊ ဓားဆန္ဒမှာ မိစ္ဆာစွမ်းအားများကို သဘာဝအရ နှိမ်နင်းနိုင်စွမ်း မရှိပါကလည်းကောင်း ယန်ချင်းရှုံးသည်လည်း ထိပ်သီး တစ်ဆယ့်ငါးယောက်စာရင်းအတွင်း ဝင်နိုင်ရန်အတွက် အပြည့်အဝ ယုံကြည်ချက် ရှိနေမည် မဟုတ်ပေ။

လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။

“ရာနှုန်းပြည့်လို့ မပြောရင်တောင် ကိုးဆယ်ရာခိုင်နှုန်းလောက်တော့ သေချာပါတယ်...”

ယန်ချင်းရှုံးသည် ခေတ္တမျှ တွေးတောနေမိပြီး ခုနက ခံစားလိုက်ရသော ထက်မြက်လှသော အရှိန်အဝါကို သတိရသွားသဖြင့် မေးမြန်းလိုက်သည်။

“လော့ချန်... မင်းရဲ့ ဓားဆန္ဒက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ...”

လော့ချန်သည် စကားမပြောဘဲ လျှပ်စီးဓား၏ ဓားရိုးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

နောက်တစ်ခဏတွင်...

“ဝူး...”

လေနှင့်တိမ်တိုက်များမှာ လှုပ်ခတ်သွားပြီး ထက်မြက်လှသော အရှိန်အဝါတစ်ခုမှာ လော့ချန်၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်လာကာ မိုးနှင့်မြေကြားသို့ ပျံ့နှံ့သွားခဲ့လေသည်။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသော ယန်ချင်းရှုံးမှာမူ အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားရပြီး ဓားဆန္ဒကို အတင်းအကျပ် လှုပ်ရှားလိုက်မှသာ ခုခံနိုင်တော့၏။

“ဒါက...”

ယန်ချင်းရှုံးသည် လော့ချန်ကို စူးစိုက်ကြည့်လျက် အလွန်ပင် မှင်တက်မိနေပြီး ခေတ္တမျှ ကြာပြီးနောက်မှသာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ကာ ရေရွတ်လိုက်သည်။

“၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒ... ဓားဆန္ဒအစအနရဲ့ အထက်နယ်ပယ်ပဲ”

ယန်ချင်းရှုံး ဤမျှလောက်အထိ ထိတ်လန့်သွားခြင်းမှာလည်း အံ့သြစရာ မဟုတ်ပေ။

အကယ်၍ ဓားဆန္ဒအစအနကို နားလည်ခြင်းမှာ ဓားလမ်းစဉ်၏ တံခါးဝကို ထိတွေ့နိုင်ခြင်း ဖြစ်မည်ဆိုပါက ဓားဆန္ဒအစအန၏ အထက်နယ်ပယ်သို့ ရောက်ရှိခြင်းမှာမူ ခြေတစ်လှမ်းမှာ ဓားလမ်းစဉ်တံခါးကြီးအတွင်းသို့ ဝင်ရောက်သွားခြင်းပင် ဖြစ်၏။

စစ်မှန်သော ဓားဆန္ဒကို နားလည်နိုင်ရန်မှာ မဝေးတော့ပြီ ဖြစ်သည်။

သို့သော်လည်း သွေးကြောနိုးကြားမှုနယ်ပယ်၌ ဤနယ်ပယ်သို့ ရောက်ရှိနိုင်သူမှာ အလွန်ပင် ရှားပါးလှပေသည်။ လော့ရှာဂိုဏ်းတစ်ခုလုံးရှိ သောင်းနှင့်ချီသော ဓားသမားတပည့်များထဲတွင် ဤနယ်ပယ်သို့ ရောက်ရှိသူမှာ သုံးဦးသာ ရှိပြီး အားလုံးမှာ ဝါရင့်အတွင်းစည်းတပည့်ကြီးများ ဖြစ်ကြ၏။

လော့ချန်မှာမူ အသက် မည်မျှ ရှိသေးသနည်း။ ဓားဆန္ဒအစအနကို နားလည်ခဲ့သည်မှာရော မည်မျှ ကြာပြီနည်း။

“ဟူး...”

ယန်ချင်းရှုံးသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး လော့ချန်ကို ကြည့်ကာ လေးစားစွာ ဆိုလိုက်သည်။

“မင်း ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့တုန်းက လူအတော်များများက မကျေနပ်ကြဘဲ မင်းကျရှုံးတာကိုပဲ စောင့်ကြည့်ချင်နေကြတာလေ... အခုကြည့်ရတာတော့ အဲဒီလူတွေ သေချာပေါက် စိတ်ပျက်ရတော့မှာပဲ... တစ်နေ့နေ့ကျရင် မင်းဟာ လောကက လူတွေကို သက်သေပြနိုင်လိမ့်မယ်... အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့တောင်မှ ထိပ်သီးဓားသမားတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာကိုပေါ့...”

“အဲဒီနေ့ ရောက်လာမှာပါ...”

လော့ချန်သည် အသာအယာ ပြုံးလျက် ဆိုလိုက်သည်။

ယန်ချင်းရှုံး၏ မျက်ဝန်းထဲတွင် ထူးခြားသော အလင်းတန်းများ ဝင်းလက်သွားပြီး ပြုံးလျက် ဆိုသည်။

“အဲဒီနေ့ကို အမြန်ဆုံး ရောက်လာစေချင်ပါတယ်... ကဲ... ငါလည်း ပြန်ပြီး ကျင့်ကြံရဦးမယ်... သုံးရက်နေရင် တွေ့ကြတာပေါ့...”

ယန်ချင်းရှုံးသည် နေရာမှ ထ၍ နှုတ်ဆက်လိုက်သည်။ လော့ချန်၏ ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒမှာ သူမအား များစွာ ရိုက်ခတ်မှု ဖြစ်စေခဲ့သည်မှာ အမှန်ပင်။

ထို့ပြင် ယန်ချင်းရှုံးသည် လော့ချန်၏ လမ်းညွှန်မှုကြောင့်သာ ဓားဆန္ဒအစအနကို နားလည်ခဲ့ခြင်းဖြစ်ရာ နှစ်ဦးသား၏ ဓားဆန္ဒမှာ အခြေခံတူညီနေသည်ဟု ဆိုနိုင်ပေသည်။ ခုနက လော့ချန် ဓားဆန္ဒကို ထုတ်ဖော်လိုက်သည့်အခါ သူမအား တစ်စုံတစ်ခုကို နားလည်သွားစေခဲ့သည်။

လော့ချန်သည် ယန်ချင်းရှုံးအား အပြင်အထိ လိုက်လံပို့ဆောင်ပေးလိုက်သည်။

တံခါးဝသို့ ရောက်သည့်အခါ ယန်ချင်းရှုံးသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မေးမြန်းလိုက်၏။

“ဝှာကျင်းယန်က မင်းကို လာရှာသေးလား...”

“ဝှာကျင်းယန် ဟုတ်လား...”

လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး ပြန်မေးလိုက်သည်။

“သူက ငါ့ကို ဘာလို့ လာရှာရမှာလဲ...”

ယန်ချင်းရှုံးက ပြုံးလျက် ဆိုသည်။

“မင်း မေ့သွားပြီလား... ပြီးခဲ့တဲ့တစ်ခေါက် တိုက်ပွဲမှာ ဝှာကျင်းယန်က မင်းကို ရှုံးသွားခဲ့တာလေ... အဲဒါကြောင့် သူ့ရဲ့ ဆရာဖြစ်တဲ့ အကြီးအကဲ တုန်းယွဲ့က မင်းနဲ့ တစ်နှစ်အကြာမှာ ယှဉ်ပြိုင်ဖို့ ကတိတစ်ခု လုပ်ခဲ့တယ် မဟုတ်လား... အချိန်ကို တွက်ကြည့်ရင်တော့ နီးနေပြီပဲ...”

လော့ချန်သည် ထိုအခါမှသာ ဤကိစ္စကို သတိရလိုက်သည်။

“ငါ သိရသလောက်တော့ အဲဒီတိုက်ပွဲပြီးကတည်းက အကြီးအကဲ တုန်းယွဲ့က ဝှာကျင်းယန်ကို ခေါ်ပြီးတော့ တာချီမင်းဆက်ရဲ့ ‘ကျန့်ဟော်ယွမ်’ မှာ တခါးပိတ် ကျင့်ကြံခိုင်းထားတာတဲ့... ဝှာကျင်းယန်ရဲ့ သိုင်းဝိညာဉ်က မီးတောက်တွေကို ဝါးမြိုပြီးတော့ ကျင့်ကြံမှုကို မြန်ဆန်စေသလို တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်တာဆိုတော့... ဒီတစ်နှစ်အတွင်းမှာ သူ ဘယ်လောက်အထိ တိုးတက်လာမလဲ ဆိုတာ မလွယ်ဘူး...”

ယန်ချင်းရှုံးသည် စကားကို တစ်ဝက်နှင့် ရပ်တန့်လိုက်ပြီး မိမိကိုယ်မိမိ အတွေးလွန်နေမိသည်ဟု ခံစားလိုက်ရသည်။ ဝှာကျင်းယန် မည်မျှပင် မြန်မြန် သန်မာလာပါစေ... လော့ချန်ထက် ပို၍ မြန်ဆန်ရန်မှာမူ မဖြစ်နိုင်ပေ။

ဓားဆန္ဒအစ၏ အထက်နယ်ပယ်ဆိုသည်မှာ နောက်ပြောင်နေသည့် ကိစ္စ မဟုတ်ပေ။ ၎င်း၏ စွမ်းအားမှာ လော့ချန်အား ဂိုဏ်းကြီး သုံးဂိုဏ်း၏ တူညီသော ကျင့်ကြံဆင့်ရှိ ပါရမီရှင်များအကြားတွင် အထက်စီးမှ ရပ်တည်နိုင်စေရန် လုံလောက်လှပေသည်။

“သုံးရက်နေရင် တွေ့ကြတာပေါ့...”

ယန်ချင်းရှုံးသည် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ သူမသည် အချိန်ဆွဲနေပါက ခုနက ရရှိလိုက်သော နားလည်မှုလေး ပျောက်ကွယ်သွားမှာကို စိုးရိမ်နေခြင်း ဖြစ်၏။

လော့ချန်သည် ယန်ချင်းရှုံး ထွက်ခွာသွားသည်ကို လိုက်လံ ကြည့်ရှုလိုက်ပြီး တံခါးကို ပိတ်ကာ အတွင်းသို့ ဝင်လာခဲ့သည်။

“နက်မှောင်မြူခိုးတောင်ကို ပထမဆုံး တက်နိုင်တဲ့ တစ်ဆယ့်ငါးယောက်ထဲ ပါမှ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့် ရမယ်တဲ့လား... ဒီလိုလုပ်ရင် ငါ နောက်ဆုတ်သွားမယ်လို့ ထင်နေတာလား...”

လော့ချန်သည် အေးဆေးစွာပင် ပြုံးလိုက်သည်။ ထိပ်သီး တစ်ဆယ့်ငါးယောက် မဆိုထားနှင့် နံပါတ်တစ် ရရန်ပင် သူ ကြောက်ရွံ့ခြင်း မရှိပေ။

ဝှာကျင်းယန်နှင့် ပတ်သက်သော ကိစ္စကိုမူ လော့ချန် စိတ်ထဲ ထည့်မထားပေ။

သူ၏ ရည်မှန်းချက်မှာ ဂိုဏ်းကြီး သုံးဂိုဏ်း၏ လူငယ်မျိုးဆက်များအကြား ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်နှင့် ယွမ်လန်နယ်မြေအုပ်စု၏ နယ်မြေစာရင်းတွင် ပါဝင်နိုင်ရန် ဖြစ်သည်။

ဝှာကျင်းယန်ဆိုသည်မှာ သူ၏ မျက်စိထဲ၌ ပြိုင်ဘက်တစ်ဦး မဟုတ်တော့ပေ။

သူသည် ဝှာကျင်းယန်ကို နှစ်ကြိမ်တိုင်တိုင် အနိုင်ယူနိုင်ခဲ့လျှင် သုံးကြိမ်မြောက်လည်း အနိုင်ယူနိုင်မှာ သေချာလှပေသည်။

ဤတစ်ခေါက်သာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခွင့် ရမည်ဆိုပါက သူနှင့် ဝှာကျင်းယန် ကြားမှ ကွာခြားချက်မှာ ပိုမို ကြီးမားသွားမှာ အသေအချာပင်။

“လော့ရှာဂိုဏ်း တပည့်တွေက နက်မှောင်မြူခိုးတောင်အကြောင်းကို ပိုပြီးတော့ သိကြမှာပဲ... ပြီးတော့ ငါက လူအတော်များများကိုလည်း ပြစ်မှားမိထားသေးတယ်ဆိုတော့... သူတို့ ငါ့ကို အလွယ်တကူ အောင်မြင်ခွင့် ပေးမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ”

“ဝါးမြိုထားတဲ့ ဝိညာဉ်ရောင်စဉ်တန်းတွေလည်း ကျန်သေးတယ်ဆိုတော့... ဒီသုံးရက်အတွင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြည့်ရမှာပဲ...”

လော့ချန်သည် တိတ်တစိတ် ရေရွတ်ပြီးနောက် လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်ရောက်ကာ ကြယ်လေးပွင့် ဝိညာဉ်ကျောက်အချို့ကို ထုတ်ယူလျက် ဝါးမြိုခြင်းကို စတင်လိုက်တော့သည်။

“ဂီး...”

နဂါးဟိန်းသံနှင့်အတူ လော့ချန်၏ ကိုယ်တွင်းမှ နဂါးချီစွမ်းအင်များ ထွက်ပေါ်လာပြီး ဝိညာဉ်ကျောက်အတွင်းရှိ သားရဲဝိညာဉ် အနှစ်သာရများကို ပါးစပ်ဖြင့် ဟပ်ကာ ဝါးမြိုလိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

လော့ချန်သည် သားရဲဝိညာဉ် အနှစ်သာရများနှင့် ဝိညာဉ်ရောင်စဉ်တန်းများကို တစ်ပြိုင်နက်တည်း သန့်စင်နေသဖြင့် သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုနှင့် သွေးကြော ငါးဆယ့်လေးကြောင်းမှာ တစ်ပြိုင်နက်တည်း တုန်ခါနေတော့သည်။

ပြင်းထန်လှသော ချီစွမ်းအင်များမှာ နှေးကွေးသော်လည်း အားကောင်းစွာ လှည့်ပတ်နေကြပြီး မြစ်ရေစီးသံများအလား ထွက်ပေါ်နေသည်။

ပတ်လမ်းတစ်ခု လှည့်ပတ်ပြီးတိုင်း လော့ချန်သည် ချီစွမ်းအင် အလင်းတန်း ကိုးခုမှာ ပိုမို ကြီးထွားလာသည်ကို ခံစားရသလို သွေးကြော ငါးဆယ့်လေးကြောင်းမှာလည်း ပိုမို ပြည့်စုံလာခဲ့ရာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ ရောက်ရှိရန်မှာမူ ပိုမို နီးကပ်လာခဲ့ပေသည်။

တစ်ရက် ကုန်ဆုံးသွားသည်။ နှစ်ရက် ကုန်ဆုံးသွားသည်။ တတိယမြောက်နေ့ ညသန်းခေါင်ယံတွင်မူ...

“ဘုန်း...”

လော့ချန်၏ ကိုယ်တွင်းမှ သိမ်မွေ့လှသော်လည်း ထူးခြားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ထို့နောက်တွင်မူ သူ၏ ဒျန်တန်အတွင်းမှ ထူးဆန်းလှသော ချီလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး လေ့ကျင့်ရေးကွင်းအတွင်းရှိ အရာအားလုံးမှာ လေထဲသို့ ပျံတက်သွားကြသလို စိမ်းလဲ့ခြံဝင်း ပတ်ဝန်းကျင်ရှိ မြူခိုးများမှာလည်း အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြတော့သည်။

“သွေးကြော ငါးဆယ့်ငါးကြောင်း... နောက်ဆုံးတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ်ကို ရောက်သွားပြီ...”

လော့ချန် မျက်လုံးများကို ဖွင့်လိုက်သည့်အခါ မျက်ဝန်းထဲတွင် အလင်းတန်းများ ဝင်းလက်နေပြီး ထိုအကြည့်မှာ လျှပ်စီးအလား ရှိနေကာ ဟင်းလင်းပြင်ကိုပင် တုန်ခါစေခဲ့၏။

အခန်း ၅၅၃ ပြီးပါပြီ။

အခန်း ၅၅၄ - ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှု... ထိပ်သီးသုံးယောက်...

“ဝူး...”

လော့ချန်သည် လက်ဝါးကိုမြှောက်၍ လေထဲတွင် ဖိနှိပ်လိုက်ရာ လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ ချက်ချင်းပင် ငြိမ်သက်သွားပြီး လွင့်ပျံနေသောအရာများအားလုံးလည်း အောက်သို့ ပြန်လည်ကျဆင်းသွားလေသည်။

“ဒါက သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်လား... တကယ့်ကို အစွမ်းထက်တဲ့ ခံစားချက်ပဲ...”

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်မှ အဆင့် ၇ အစောပိုင်းအဆင့်သို့ တက်လှမ်းခြင်းမှာ အဆင့်ငယ်တစ်ခုသာ တိုးတက်သွားသည်ဟု ထင်ရသော်လည်း လော့ချန်မှာမူ သူ၏ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ ကောင်းကင်နှင့်မြေကြီးအလား ပြောင်းလဲသွားသည်ဟု ခံစားနေရ၏။ ချီစွမ်းအင်၏ အရည်အသွေးရော ပမာဏပါ မည်မျှအထိ သန်မာလာသည်ကိုပင် သူ မခန့်မှန်းနိုင်တော့ပေ။

“ဘုန်း...”

လော့ချန်သည် ချီစွမ်းအင်များကို လှုပ်ရှားလျက် လက်သီးဖြင့် တစ်ချက်ထိုးလိုက်ရာ လေထုမှာ ပြင်းထန်စွာ တွန့်လိမ်သွားပြီး ပုံဆောင်ခဲတစ်ခုအလား အက်ကွဲကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။ ထိုလက်သီးချက်မှာ လျှပ်စီးအလား မြန်ဆန်သလို တောင်ကြီးတစ်လုံးအလားလည်း လေးလံလှပေသည်။

“တကယ် သန်မာတာပဲ... ဒီလက်သီးတစ်ချက်က လုရှောင်ကျင် ကို တစ်ခဏချင်း သတ်ပစ်ဖို့ လုံလောက်နေပြီ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူတွေတောင် တောင့်ခံနိုင်ဖို့ မလွယ်ဘူး...”

လော့ချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ ဝင်းလက်သွားပြီး သူ၏မျက်နှာတွင် ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ယခုအခါ သူ၏ သာမန်လက်သီးတစ်ချက်မှာပင် ယခင်က သူ၏အစွမ်းကုန် တိုက်ကွက်နှင့် တန်းတူရှိနေပြီဖြစ်ရာ အစွမ်းမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ်သို့ မရောက်သေးလျှင်ပင် ကွာခြားချက်မှာ များစွာရှိတော့မည် မဟုတ်ပေ။

နှမြောစရာကောင်းသည်မှာ ဤလေ့ကျင့်ရေးကွင်းတွင် သင့်တော်သော သိုင်းလေ့ကျင့်တိုင် မရှိသဖြင့် သူ၏အစွမ်းမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို အတိအကျ မသိရှိနိုင်ခြင်းပင် ဖြစ်၏။

“အချိန်စောပါသေးတယ်... နောက်ထပ် အနည်းငယ်လောက် ထပ်ပြီး ခိုင်မာအောင် လုပ်ရဦးမယ်...”

လော့ချန်သည် လော့ရှာဂိုဏ်း၏ ညအလှကို ခေတ္တမျှ ခံစားလိုက်ပြီးနောက် ယင်းလီ ပေးထားသော သွေးကြောပွင့် ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ သောက်သုံးကာ ဆက်လက်ကျင့်ကြံနေလိုက်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သလို သွေးကြောပွင့် ဆေးလုံး၏ အကူအညီပါ ရှိနေသဖြင့် နောက်ပိုင်းကျင့်ကြံမှုများမှာမူ အရာအားလုံး လွယ်ကူချောမွေ့နေတော့သည်။

နာရီပိုင်းမျှအတွင်းမှာပင် လော့ချန်သည် နောက်ထပ် သွေးကြောသစ် တစ်ချောင်းကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် သူ၏ကိုယ်တွင်းရှိ သွေးကြောစုစုပေါင်းမှာ ငါးဆယ့်ခြောက်ကြောင်းအထိ ရှိလာခဲ့ချေပြီ။ ချီစွမ်းအင်များကို အစွမ်းကုန် လှုပ်ရှားလိုက်သည့်အခါ တောင်ကျရေများအလား ပြင်းထန်အားကောင်းလှပေသည်။

နံနက်ခင်းသို့ ရောက်ရှိလာခဲ့၏။

ပါးလွှာသော မြူခိုးများမှာ လော့ရှာဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ရောင်စဉ်တန်းများ၏အောက်တွင် လှပဆန်းကြယ်နေသည်မှာ လူသားတို့၏ ကောင်းကင်ဘုံတစ်ခုအလား ရှိနေတော့သည်။ ယနေ့မှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုပြုလုပ်မည့် နေ့ဖြစ်သဖြင့် တစ်ညလုံး တိတ်ဆိတ်နေသော လော့ရှာဂိုဏ်းမှာလည်း တဖြည်းဖြည်း ဆူညံလာခဲ့ချေပြီ။

“ဒေါက်ဒေါက်ဒေါက်...”

လော့ချန် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ရုံရှိသေးသော်လည်း တံခါးခေါက်သံ ထွက်ပေါ်လာသဖြင့် သွားဖွင့်ကြည့်လိုက်သည့်အခါ တံခါးအပြင်ဘက်တွင် လှပကျော့ရှင်းသော ပုံရိပ်နှစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။

၎င်းတို့မှာ ယန်ချင်းရှုံးနှင့် နဝမမင်းသမီး ကျင်းယွီရှီး တို့ပင် ဖြစ်၏။

“နှစ်ယောက်လုံး စောလှချေလား...”

ယန်ချင်းရှုံးက ပြုံးလျက် ဆိုလိုက်သည်။

“စစ်ဆေးမှု စတော့မယ်ဆိုတာကို လာပြောတာပါ... လမ်းမှာ ဂျူနီယာညီမလေး ကျင်းယွီရှီးနဲ့ ဆုံတာနဲ့ အတူတူ လာခဲ့ကြတာ...”

လော့ချန်က ကျင်းယွီရှီးကို ကြည့်ကာ မေးလိုက်၏။

“မင်းရော စစ်ဆေးမှုမှာ ပါဝင်မှာလား”

ကျင်းယွီရှီးက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ပြုံးလျက် ဆိုသည်။

“ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံဖို့က ကျွန်မအတွက်တော့ စောပါသေးတယ်... ကျွန်မက ဒီအတိုင်း လိုက်ကြည့်ပြီးတော့ အတွေ့အကြုံယူမလို့ပါ... ပြီးတော့ မင်းကိုလည်း အားပေးမလို့လေ...”

သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိမှသာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခြင်းက အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်သည်။ ကျင်းယွီရှီးမှာမူ ယခုအခါ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၁ သာ ရှိသေးသဖြင့် အမှန်တကယ်ပင် စောလွန်းနေသေး၏။

“ကောင်းပြီ... ငါ ခဏလောက် ပြင်ဆင်လိုက်ဦးမယ်...”

ရက်အနည်းငယ်မျှ တံခါးပိတ် ကျင့်ကြံခဲ့သဖြင့် လော့ချန်၏ ကိုယ်ပေါ်ရှိ ဝတ်ရုံမှာ ချွေးများဖြင့် စိုရွှဲနေခဲ့ရာ သူသည် အခန်းထဲသို့ဝင်၍ သန့်ရှင်းသော ဝတ်ရုံတစ်ခု ပြောင်းလဲဝတ်ဆင်လိုက်သည်။ ခြံဝင်းတံခါးကို ပိတ်ပြီးနောက် သုံးဦးသားမှာ တောင်အောက်သို့ ဆင်းလာခဲ့ကြလေသည်။

တောင်အောက်ရှိ လမ်းမကြီးပေါ်တွင် လော့ရှာဂိုဏ်း တပည့်များစွာ စုဝေးရောက်ရှိနေကြပြီး အားလုံးမှာ အရပ်မျက်နှာတစ်ခုတည်းသို့ ဦးတည်သွားနေကြသည်။ ထိုလူအများစုမှာ ကျင်းယွီရှီးကဲ့သို့ပင် အစွမ်းနှင့် ပါရမီ မပြည့်စုံသေးသဖြင့် စစ်ဆေးမှုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ကူးမရှိကြဘဲ လေ့လာကြည့်ရှုရန် သို့မဟုတ် အပျော်သဘောဖြင့် လာရောက်ကြသူများသာ ဖြစ်ကြ၏။

“ဟင်... ဟိုမှာ ရွှမ်ယွမ်ဂိုဏ်း တပည့် လော့ချန် ပါလား... မနှစ်က ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲရဲ့ နံပါတ်တစ်လေ... ဒီတစ်ခေါက် စစ်ဆေးမှုက သူ့အတွက် တမင်လုပ်ပေးတာဆိုတော့... သူ အောင်မြင်ပါ့မလား မသိဘူး”

“ဟင်းဟင်း... ဂျူနီယာညီမလေး ချီ... မင်းကလည်း အများကြီး တွေးနေတာပဲ... နက်မှောင်မြူခိုးတောင်ကို တက်ဖို့ဆိုတာ မလွယ်ဘူးနော်... အဆင့်မြင့်သိုင်းဝိညာဉ်ပိုင်ရှင် ပါရမီရှင်တွေတောင်မှ အောင်မြင်ဖို့ ခက်ခဲတာလေ... ဒါ့အပြင် သူ တောင်ပေါ်ကို တက်နိုင်ရင်တောင်မှ စီနီယာအစ်မတွေကို ကျော်ဖြတ်ပြီးတော့ ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်းထဲ ပါဖို့ဆိုတာ မဖြစ်နိုင်ပါဘူး...”

“ဒါလည်း ဟုတ်တာပဲ... ငါတို့ လော့ရှာဂိုဏ်းရဲ့ အတွင်းစည်းမှာ ပါရမီရှင်တွေ ဘယ်လောက်တောင် များလဲ... မျိုးဆက်တပည့် ဆယ်ယောက်ကတင် နေရာအများစုကို ယူထားမှာလေ... သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်းထဲ ပါဖို့ မဆိုထားနဲ့... ထိပ်သီး ငါးဆယ်ထဲ ပါဖို့တောင် မျှော်လင့်ချက် မရှိပါဘူး... ဒီအတိုင်းဆိုရင်တော့ သူနဲ့ စီနီယာအစ်မ ချီယွဲ့ တို့ရဲ့ အလောင်းအစားကတော့ သူ ရှုံးဖို့ပဲ ရှိတော့တာပေါ့”

“ဘယ်သူက သူ့ကို အဲဒီလောက်အထိ မောက်မာခိုင်းလို့လဲ... စီနီယာအစ်မ ချီယွဲ့ ကိုတောင် ပြန်ပြီး အာခံရဲသေးတာလေ... အရှက်ကွဲတာကတော့ သူ့ထိုက်နဲ့ သူ့ကံပဲ...”

လော့ချန်သည် အမျိုးသမီးတပည့်များစွာကြားတွင် အလွန်ပင် သိသာထင်ရှားနေသဖြင့် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိစေခဲ့သည်။

ထိုလော့ရှာဂိုဏ်း တပည့်မလေးများမှာ တိုးတိုးတိတ်တိတ်ဖြင့် ဆွေးနွေးနေကြပြီး မည်သူမျှ လော့ချန်ကို အထင်မကြီးကြပေ။ အချို့သော တပည့်မလေးများမှာမူ လော့ချန် ဒုက္ခရောက်မှာကို ကြည့်ချင်နေကြသကဲ့သို့ ပြောဆိုနေကြသည်။ လော့ချန်သည် ချီယွဲ့ နှင့် အလောင်းအစား လုပ်ထားသည် မဟုတ်ပါလော။ လော့ချန်သာ စစ်ဆေးမှုကို အောင်မြင်သွားပါက ချီယွဲ့ က လူအများရှေ့တွင် တောင်းပန်ရမည်ဖြစ်ရာ လော့ရှာဂိုဏ်း တပည့်များအနေဖြင့်မူ ထိုမြင်ကွင်းကို မတွေ့မြင်လိုကြသည်မှာ သဘာဝပင် ဖြစ်၏။

ကံကောင်းသည်မှာ ဤတစ်ခေါက် စစ်ဆေးမှုတွင် ပြိုင်ဆိုင်မှုမှာ အလွန်ပင် ပြင်းထန်လှသဖြင့် လော့ချန် အောင်မြင်ရန်မှာ လုံးဝ မဖြစ်နိုင်သည့် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကြောင့် ယန်ချင်းရှုံးနှင့် ကျင်းယွီရှီး တို့မှာ မျက်မှောင်ကြုတ်နေကြသော်လည်း သူတို့သည်လည်း လော့ရှာဂိုဏ်း တပည့်များ ဖြစ်ကြသဖြင့် ဘာမှ ပြန်မပြောနိုင်ကြပေ။

လော့ချန်မှာမူ အလွန်ပင် တည်ငြိမ်နေပြီး သူ၏မျက်ဝန်းထဲတွင်လည်း မည်သည့်လှုပ်ရှားမှုမျှ ရှိမနေပေ။ အိပ်မက် ဟုတ်၊ မဟုတ် ဆိုသည်မှာ မကြာမီမှာပင် အဖြေထွက်လာမည်ဖြစ်ရာ စကားများ ငြင်းခုံနေရန် မလိုတော့ပေ။

လူအုပ်ကြီးနှင့်အတူ လော့ချန်တို့ သုံးဦးမှာ ကျွန်း၏ တောင်ဘက်အစွန်ဆုံးသို့ ရောက်ရှိလာခဲ့ကြသည်။ ရှေ့တွင် ဧရာမ ရောင်စုံကျောက်စင်မြင့်ကြီး တစ်ခု ရှိနေပြီး ထိုစင်မြင့်ပေါ်မှနေ၍ ရောင်စုံသက်တံ တံတားကြီး တစ်ခုသည် မြေပြင်မှ ထိုးထွက်လျက် တိမ်တိုက်များအထိ ဆန့်တန်းထားသည်။

ထိုသက်တံ တံတားမှာ ပေတစ်ရာကျော်ခန့် ကျယ်ဝန်းပြီး ရောင်စဉ်တန်းများဖြင့် ဖန်တီးထားပုံရကာ တစ်ကိုယ်လုံးမှာလည်း အလင်းတန်းများ ဝင်းလက်နေသည်မှာ ကောင်းကင်ယံရှိ ကြီးကျယ်လှသော နတ်ဆိုးသက်တံကြီး တစ်ခုအလား ရှိနေပြီး မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသော နေရာအထိ ဆန့်တန်းထားကာ အပေါ်တွင်လည်း လူပုံရိပ်များ သွားလာနေကြသည်ကို မသဲမကွဲ မြင်တွေ့နေရသည်။

“ဒါက ကျောက်စိမ်းရောင်စဉ်စင်မြင့်လို့ ခေါ်တယ်... အတွင်းမှာ အစီအရင်တွေ စီရင်ထားတာဆိုတော့ အဲဒါကို လှုပ်ရှားလိုက်တာနဲ့ ပတ်ဝန်းကျင်က ရောင်စဉ်တန်းတွေကို စုစည်းပြီးတော့ ဂိုဏ်းအတွင်းက ဘယ်နေရာကိုမဆို သွားလို့ရတဲ့ သက်တံ့တံတား အဖြစ် ပြောင်းလဲပေးနိုင်တာလေ”

ယန်ချင်းရှုံးက မိတ်ဆက်ပေးလိုက်သည်။

လော့ချန် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားရသည်။ လောကကြီးမှာ ကျယ်ပြောလှပြီး ထူးဆန်းသောအရာများစွာ ရှိနေသည်ဖြစ်ရာ သူ၏ သိမြင်မှုမှာမူ သမုဒ္ဒရာထဲက ရေတစ်စက်အလား အလွန်ပင် သေးငယ်လွန်းလှပေသည်။

အစီအရင် သက်တံ့ တံတားမှာ ပျံသန်းနိုင်စွမ်း မရှိသေးသော အပြင်စည်းတပည့်များအတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း လော့ချန်တို့အတွက်မူ မလိုအပ်ပေ။ သုံးဦးသားမှာ လေထဲသို့ တိုက်ရိုက် ပျံတက်လိုက်ကြပြီး သက်တံ့ တံတား ဦးတည်ရာ လမ်းကြောင်းအတိုင်း အရှိန်မြှင့်၍ ပျံသန်းသွားကြတော့သည်။

ဝေးဝေးသို့ မရောက်မီမှာပင် လူအုပ်စုတစ်စုမှာ အနောက်မှ ရုတ်တရက် လိုက်ပါလာခဲ့ကြသည်။ လော့ချန် ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ စိတ်ထဲမှ အနည်းငယ် ထိတ်လန့်သွားရသည်။

ရှေ့ဆုံးမှ လာသော အမျိုးသမီးမှာ မျက်ဝန်းရှည်များဖြင့် အေးစက်လှပနေပြီး သူမမှာ လော့ရှာဂိုဏ်း အတွင်းစည်း၏ မျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ဦးဖြစ်သူ ချီယွဲ့ ပင် ဖြစ်၏။ ဘေးနားရှိ တပည့်မလေးများမှာလည်း ရောင်စဉ်ငါးသွယ်စမ်းရေတွင်း၌ လော့ချန်နှင့် ဆုံတွေ့ခဲ့ဖူးသူများ ဖြစ်ကြသည်။

လော့ချန်ကို မြင်လိုက်ရသည့်အခါ ထိုတပည့်မလေးများ၏ အကြည့်မှာ ချက်ချင်းပင် အေးစက်သွားပြီး ဆောင်းလေအေးများအလား လူကို အေးခဲသွားစေနိုင်သည့် အရှိန်အဝါများ ပြည့်နှက်နေတော့သည်။

“ညီမလေး ကျင်းယွီရှီး... ညီမလေး ယန်ချင်းရှုံး... မင်းတို့က ဘာလို့ သူ့နဲ့ အတူရှိနေတာလဲ...”

ချီယွဲ့က လှမ်း၍ မေးမြန်းလိုက်သည်။

ယန်ချင်းရှုံး ခေတ္တမျှ မှင်တက်မိသွားပြီး ဆိုလိုက်သည်။

“အစ်မ... ကျွန်မ သူ့ကို နက်မှောင်မြူခိုးတောင် ကို လိုက်ပို့ပေးမလို့ပါ...”

“ဒီလို... ဒီလို နှာ... ဒီလိုလူနဲ့ သိပ်ပြီး အကျွမ်းတဝင် မလုပ်ကြနဲ့...”

ချီယွဲ့သည် 'နှာဗူးကောင်' ဟု ခေါ်ဆိုရန် ပြင်လိုက်သော်လည်း ထိုနေ့က ရောင်စဉ်ငါးသွယ်စမ်းရေတွင်းမှ ကိစ္စများ ပြန့်နှံ့သွားမှာကို စိုးရိမ်သဖြင့် စကားကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လော့ချန်ကို တစ်ချက် ဝေ့ကြည့်ကာ ဆိုလိုက်သည်။

“မင်းက စစ်ဆေးမှုရဲ့ အကြောင်းအရာကို သိပြီးသားဆိုမှတော့... အခက်အခဲကို သိပြီးတော့ နောက်ဆုတ်သွားသင့်ပြီ မဟုတ်လား... ငါတို့ လော့ရှာဂိုဏ်းကနေ အမြန်ဆုံး ထွက်သွားတာက မင်းအတွက် ပိုကောင်းလိမ့်မယ်...”

လော့ချန်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။

“ငါက ဘာလို့ နောက်ဆုတ်ရမှာလဲ... ကြည့်ရတာ ဒီစစ်ဆေးမှုက ငါ့အတွက်တော့ သိပ်ပြီး ခက်ခဲမယ် မထင်ပါဘူး...”

ချီယွဲ့မှာ အံ့သြသွားပြီးနောက် အလိုလိုပင် လှောင်ပြုံး ပြုံးလိုက်မိသည်။

“စကားကတော့ တော်တော် သန်တာပဲ... အမှန်အတိုင်း ပြောရရင် ဒီတစ်ခေါက် စစ်ဆေးမှုမှာ ငါကိုယ်တိုင်လည်း ပါဝင်မှာပဲလေ... ငါ့အပြင် တခြားသော မျိုးဆက်တပည့် ခြောက်ယောက်လည်း ပါဝင်ကြဦးမှာ... မင်းရဲ့ အစွမ်းနဲ့ ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်းထဲ ပါနိုင်မယ်လို့ ထင်နေတာလား... တကယ့်ကို စိတ်ကူးယဉ်နေတာပဲ...”

“ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်းထဲ ပါဖို့ကိုတော့ ငါ တစ်ခါမှ မစဉ်းစားဖူးဘူး...”

လော့ချန်က ခေါင်းခါယမ်းလိုက်သည်။ ချီယွဲ့၏ မျက်နှာတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာစဉ်မှာပင် လော့ချန်က စကားကို လွှဲကာ ပြုံးလျက် ဆိုလိုက်သည်။

“ဒါပေမဲ့... ဟဲဟဲ... ငါက ထိပ်သီး သုံးယောက် စာရင်းထဲ ပါဖို့တော့ စိတ်ကူးထားတယ်...”

“ထိပ်သီး သုံးယောက် တဲ့လား...”

“သူ ရူးသွားပြီ ထင်တယ်...”

ဤစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လော့ရှာဂိုဏ်း တပည့်များမှာ မျက်လုံးများ ပြူးသွားကြပြီး လော့ချန်ကို အရူးတစ်ယောက်အလား ကြည့်နေကြတော့သည်။ ၎င်းမှာ သူတို့ လော့ရှာဂိုဏ်း၏ မျိုးဆက်တပည့် အတော်များများကို ခြေဖဝါးအောက်တွင် နင်းချေမည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

အခန်း ၅၅၄ ပြီးပါပြီ။

အခန်း ၅၅၅ - အားလုံး၏ ပစ်မှတ်... စစ်ဆေးမှု စတင်ခြင်း

ချီယွဲ့သည်လည်း လော့ချန်၏ စကားကြောင့် မှင်တက်မိသွားရပြီး အတန်ကြာမှ ခေါင်းခါယမ်းလျက် ဆိုလိုက်သည်။

“လူက ဘယ်လောက်ပဲ မောက်မာပါစေ... ကိုယ့်ကိုယ်ကိုယ်တော့ သိသင့်တာပေါ့... မင်းရဲ့ ပါရမီနဲ့ ထိပ်သီးသုံးယောက် စာရင်းထဲ ဝင်ဖို့ စိတ်ကူးနေတယ်ဆိုတော့... တကယ်လို့ အဲဒီအချိန်ကျမှ မင်းက မြူခိုးတောထဲကတောင် မထွက်နိုင်ဘဲ အရူးဖြစ်သွားမှာကိုပဲ စိုးရိမ်မိတယ်...”

လော့ချန်က အေးဆေးစွာပင် ဆိုလိုက်သည်။

“အဲဒါကတော့ မင်း စိတ်ပူပေးဖို့ မလိုပါဘူး... ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲတုန်းကလည်း ငါ နံပါတ်တစ် ရလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူးလေ...”

“ဟွန်း... အဲဒီလို အံ့ဖွယ်ကိစ္စမျိုးက ဒုတိယအကြိမ် ဖြစ်လာမှာ မဟုတ်ဘူး... ထားလိုက်ပါတော့... ငါ အများကြီး ပြောနေရင် မင်းကို နှိမ့်ချနေသလို ဖြစ်နေဦးမယ်... ငါတို့ကြားက အလောင်းအစားကိုပဲ မှတ်ထားရင် လုံလောက်ပြီ... အဲဒီအချိန်ကျရင် လူအများရှေ့မှာ ငါ့ကို တောင်းပန်ဖို့ မမေ့နဲ့ဦး...”

သူမက ဆက်လက်ပြောဆိုသည်။

“ပြီးတော့ စီနီယာအစ်မ ယင်းလီ ပေးထားတဲ့ သွေးကြောပွင့် ဆေးလုံး ဆယ်လုံးကိုလည်း အစအန မပျက်ဘဲ ပြန်ပေးရမယ်...”

ချီယွဲ့သည် လော့ချန်မှာ ကုစား၍မရတော့ဟု ယူဆလိုက်ကာ အေးစက်လှသော စကားတစ်ခွန်း ချန်ထားရစ်ပြီး ရှေ့သို့ အရှိန်မြှင့် ပျံသန်းသွားတော့သည်။

ကျန်ရှိသော တပည့်မလေးများလည်း အနောက်မှ လိုက်ပါသွားကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ်ဖြင့် လော့ချန်အား လှောင်ပြောင်နေကြသည်။

လော့ချန်၏ ဝိညာဉ်စွမ်းအားမှာ သန်မာလှသဖြင့် ထိုစကားများကို အတိုင်းသား ကြားနေရသော်လည်း စိတ်ထဲမှသာ လှောင်ပြုံး ပြုံးလိုက်မိသည်။ သွေးကြောပွင့် ဆေးလုံးကိုမူ သူ တစ်လုံး သောက်သုံးထားပြီးပြီဖြစ်ရာ ပြန်ပေးရန် စိတ်ကူး လုံးဝမရှိပေ။

အမှန်တကယ်တွင်မူ သူသည် စစ်ဆေးမှုကို အောင်မြင်ရုံသာ ရည်ရွယ်ထားပြီး အဆင့်လုရန် စိတ်ကူးမရှိခဲ့သော်လည်း ယခုမူ သေသေချာချာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ချေပြီ။

ကျင်းယွီရှီးသည် လူအချင်းချင်းကြားမှ တင်းမာမှုကို ခံစားမိသဖြင့် ထူးဆန်းစွာ မေးမြန်းလိုက်သည်။

“လော့ချန်... စီနီယာအစ်မ ချီယွဲ့ က မင်းအပေါ် ဘာလို့ ဒီလောက်အထိ ရန်လိုနေရတာလဲ... တခြား စီနီယာအစ်မတွေလည်း အတူတူပဲ...”

ကျင်းယွီရှီးမှာ ဘာမှ နားမလည်ဘဲ ဖြစ်နေသည်။

ယခုတင်က ချီယွဲ့တို့၏ အကြည့်မှာ လော့ချန်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား ရှိနေသည်မဟုတ်ပါလော။

“ဘာဖြစ်လို့လဲ...”

ယန်ချင်းရှုံးကလည်း သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

ကျင်းယွီရှီးက လော့ရှာဂိုဏ်းသို့ လာသည့် လမ်းခရီးတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို အကျဉ်းချုံး ပြောပြလိုက်သည်။

ထိုစကားကို ကြားရသည့်အခါ ယန်ချင်းရှုံးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

“စီနီယာအစ်မ ချီယွဲ့ ရဲ့ စိတ်နေစိတ်ထားက နည်းနည်း ပြင်းထန်ပေမဲ့ အမှားအမှန်ကိုတော့ ခွဲခြားတတ်ပါတယ်... ဒီလောက် ကိစ္စလေးနဲ့တော့ လော့ချန်ကို ရန်သူလိုမျိုး သဘောထားမှာ မဟုတ်ဘူး ထင်တယ်...”

လော့ချန်သည် ရောင်စဉ်ငါးသွယ်စမ်းရေတွင်း၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သေချာပေါက် ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ သူက ဆိုလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး... ငါ ထိပ်သီးသုံးယောက် စာရင်းထဲ ဝင်သွားရင်တော့ သူလည်း ဘာမှ ပြောစရာ ရှိတော့မှာ မဟုတ်ပါဘူး...”

ကျင်းယွီရှီးက မျက်မှောင်‌ကြုတ်လိုက်သည်။

“ထိပ်သီးသုံးယောက် တဲ့လား... အဲဒါက အရမ်း ခက်ခဲလိမ့်မယ်...”

ယန်ချင်းရှုံးကလည်း ခေါင်းညိတ်လိုက်ပြီး လော့ချန်ကို ဆိုသည်။

“မင်းက ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ထားတာဆိုတော့ ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်းထဲ ဝင်ဖို့ကတော့ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ထိပ်သီးသုံးယောက် စာရင်းထဲ ဝင်ဖို့ကတော့ တကယ့်ကို ခက်ခဲလိမ့်မယ်...”

“ခုနကလည်း မင်း ကြားခဲ့မှာပါ... စီနီယာအစ်မ ချီယွဲ့ အပါအဝင် ဒီတစ်ခေါက် စစ်ဆေးမှုမှာ မျိုးဆက်တပည့် ခုနစ်ယောက်အထိ ပါဝင်မှာလေ... မျိုးဆက်တပည့်တွေ ဆိုတာ အဆင့်မြင့်သိုင်းဝိညာဉ်ကို နိုးကြားထားကြသလို နောင်တစ်ချိန်မှာ အစွမ်းထက်လှတဲ့ ကျင့်ကြံသူတွေ ဖြစ်လာမယ့်သူတွေပဲ... တစ်ယောက်ချင်းစီက တကယ့်ကို ထူးချွန်ကြတာ”

“အဲဒီအထဲမှာ စီနီယာအစ်မကြီး ယူလန်ရှင်းက မင်းလိုပဲ ဓားဆန္ဒအစပျိုးအဆင့်ရဲ့ အထက်နယ်ပယ်ကို ရောက်နေသလို သူမရဲ့ ဓားဆန္ဒက ရှစ်ဆယ်ရာခိုင်နှုန်းတောင် ရှိတာလေ... စီနီယာအစ်မ ချီယွဲ့ ကလည်း မရိုးရှင်းဘူး... သူမက ငါတို့ လော့ရှာဂိုဏ်းရဲ့ ‘မင်ရှာစွေ့ယွီကျင့်စဉ်’ ကို ကျင့်ကြံထားပြီးတော့ နေ့တိုင်း ဝိညာဉ်ရောင်စဉ်တန်းတွေကို ဝါးမြိုထားတာဆိုတော့... ရောင်စဉ်တန်း မြူခိုးတွေကိုလည်း ကျင့်သားရနေပြီလေ... နက်မှောင်မြူခိုးတောင်ကို တက်ဖို့ဆိုရင်တော့ သူမအတွက် အခွင့်အရေးက ပိုများနေတာပေါ့...”

“မင်း ထိပ်သီးသုံးယောက် စာရင်းထဲ ဝင်ချင်ရင်တော့ အဲဒီလူတွေကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်နိုင်မှ ဖြစ်မှာပဲ”

ယန်ချင်းရှုံးက မျိုးဆက်တပည့်များ၏ အစွမ်းကို အသေးစိတ် ရှင်းပြနေသည်မှာ လော့ချန်အတွက် ထိပ်သီးသုံးယောက်စာရင်းဝင်ရန် မည်မျှအထိ ခက်ခဲကြောင်းနှင့် ၎င်းမှာ မဖြစ်နိုင်သည့် ကိစ္စဖြစ်ကြောင်းကို နားလည်စေရန် ဖြစ်ပေသည်။

“ဒါဆိုရင်လည်း ကြည့်ရသေးတာပေါ့...”

လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ မျိုးဆက်တပည့်များမှာ အမှန်တကယ်ပင် မရိုးရှင်းလှပေ။

သို့သော်လည်း ထိုသတင်းများကြောင့် သူသည် ကြောက်ရွံ့သွားခြင်း မရှိဘဲ ပို၍ပင် ယှဉ်ပြိုင်လိုစိတ် ပြင်းပြလာကာ ပြုံးလျက် ဆိုလိုက်သည်။

“ကျင့်ကြံတဲ့ လမ်းစဉ်ဆိုတာ အခက်အခဲတွေကို ကျော်ဖြတ်ရမှာပဲလေ... စကားကလည်း ပြောပြီးသားဆိုတော့... ဘယ်လောက်ပဲ ခက်ခဲပါစေ စမ်းကြည့်ရမှာပေါ့... အဆိုးဆုံး ဖြစ်လာရင်တော့ သူတို့ရဲ့ လှောင်ပြောင်တာကို ခံလိုက်ရုံပေါ့လေ...”

ထိုစကားကြောင့် ယန်ချင်းရှုံးသည် လော့ချန်ကို အနည်းငယ် လေးစားသွားရသည်။

သူမသာ ထိုသတင်းများကို ကြားရပါက ယှဉ်ပြိုင်လိုစိတ် ပျောက်ကွယ်သွားနိုင်သော်လည်း လော့ချန်မှာမူ ရဲစွမ်းသတ္တိများ ပြည့်နှက်နေသည် မဟုတ်ပါလော။

‘သူ ဘာလို့ ဒီလောက် မြန်မြန် ဓားဆန္ဒအစအနရဲ့ အထက်နယ်ပယ်ကို ရောက်သွားတာလဲဆိုတာ... အံ့သြစရာ မရှိတော့ပါဘူး...’

ယန်ချင်းရှုံးသည် လော့ချန်ကို ကြည့်ကာ တစ်စုံတစ်ခုကို နားလည်သွားဟန် ရှိသည်။

ဓားလမ်းစဉ်ဆိုသည်မှာ တိုက်ခိုက်ခြင်း လမ်းစဉ်ဖြစ်ရာ နောက်ဆုတ်ခြင်းကို ခွင့်မပြုပေ။ လော့ချန်၏ တားဆီး၍မရသော ရဲစွမ်းသတ္တိမှာ တကယ့်ကို မွေးရာပါ ဓားသမားတစ်ဦးနှင့် တူလှပေသည်။

သုံးဦးသားသည် သက်တံ့ တံတားအတိုင်း ဆက်လက် ပျံသန်းလာခဲ့ကြသည်။

ခေတ္တမျှ ကြာပြီးနောက် သက်တံ့တံတား၏ အဆုံးသို့ ရောက်ရှိလာခဲ့ကြလေသည်။

အရှေ့တွင် ပေဆယ်ဂဏန်းကျော် မြင့်မားသော ဧရာမ ကျောက်ဆောင်ကြီး အချို့ ရှိနေပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေသော စင်မြင့်များသဖွယ် ရှိနေကာ ပတ်ဝန်းကျင်ရှိ အိုင်ရေပြင်မှာမူ မြူခိုးများ အုပ်ဆိုင်းနေသဖြင့် ဝေဝါးနေတော့သည်။

စင်မြင့်ပေါ်တွင် လူအများအပြား စုဝေးနေကြပြီး လူပေါင်း ထောင်ချီ၍ ရှိနေကာ အခြားလူများလည်း အဆက်မပြတ် ရောက်ရှိနေကြသည်။

စင်မြင့်ကို နယ်မြေသုံးခု ခွဲခြားထားပြီး ရှေ့ဆုံးနယ်မြေတွင်မူ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် စစ်ဆေးမှုတွင် ပါဝင်မည့် တပည့်များသာ ဝင်ရောက်ခွင့် ရှိသည်။

အလယ်နယ်မြေမှာမူ ကြည့်ရှုသူများအတွက် နေရာ ဖြစ်သည်။

အနောက်ဘက် အမြင့်ဆုံး စင်မြင့်ပေါ်တွင်မူ လော့ရှာဂိုဏ်း၏ အကြီးအကဲများ ထိုင်နေကြသည်။

ကျင်းယွီရှီးကို နှုတ်ဆက်ပြီးနောက် လော့ချန်နှင့် ယန်ချင်းရှုံး တို့မှာ စစ်ဆေးမှုတွင် ပါဝင်မည့် တပည့်များ ရှိရာ စင်မြင့်သို့ လျှောက်လှမ်းသွားကြသည်။

ပတ်ဝန်းကျင်တွင် လူပေါင်း ရာနှင့်ချီ၍ ရှိနေပြီး လော့ရှာဂိုဏ်း တပည့်မလေး တစ်ဦးချင်းစီမှာ တက်ကြွလှပနေကြကာ ထက်သန်သော စိတ်နေစိတ်ထားမှာလည်း ကိုယ်စီ ရှိနေကြသည်။

လော့ချန်သည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။

ထိုတပည့်မလေးများ၏ အရှိန်အဝါမှာ အလွန်ပင် သန်မာလှပြီး အများစုမှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်တွင် ရှိနေကြသည်။ ၎င်းတို့အနက် အချို့မှာမူ ချီယွဲ့ကဲ့သို့ပင် သန်မာကြရာ လော့ရှာဂိုဏ်း အတွင်းစည်း၏ မျိုးဆက်တပည့် ဆယ်ယောက်ထဲမှ လူများ ဖြစ်ကြောင်း သိသာလှပေသည်။

လော့ချန်သည် ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသော အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို သတိပြုမိလိုက်သည်။

ထိုသူ၏ အရှိန်အဝါမှာ အေးချမ်းတည်ငြိမ်နေသော်လည်း လော့ချန်၏ ထက်မြက်လှသော အာရုံခံစားမှုအရမူ တစ်ဖက်လူမှာ အိမ်အတွင်းရှိ ဓားရှည်တစ်လက်အလား ရှိနေပြီး ဓားကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးကို တုန်ခါစေနိုင်သော ထက်မြက်မှုများ ထွက်ပေါ်လာမည်မှာ သေချာလှပေသည်။

ယန်ချင်းရှုံးသည် လော့ချန်၏ အကြည့်ကို သတိပြုမိသဖြင့် မိတ်ဆက်ပေးလိုက်သည်။

“လော့ချန်... သူက ငါတို့ လော့ရှာဂိုဏ်း အတွင်းစည်းရဲ့ စီနီယာအစ်မကြီး ယူလန်ရှင်းပဲ... ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ထားတာလေ... ဒီတစ်ခေါက် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ကို ဝင်ဖို့ ကြိုးစားတာက ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒဆီ တက်လှမ်းဖို့ ဖြစ်ရမယ်...”

လော့ချန် ခေါင်းညိတ်လိုက်သည်။ ဤအမျိုးသမီးမှာ တကယ့်ကို နက်နဲလှပေသည်။ စိုက်ကြည့်ခြင်းကို ခံစားမိဟန်ဖြင့် ယူလန်ရှင်းသည် ရုတ်တရက် အကြည့်ကို လွှဲလျက် လော့ချန်ကို ကြည့်လိုက်သည်။

မျိုးဆက်တပည့် တစ်ဦးဖြစ်သော ချီယွဲ့သည် ယူလန်ရှင်း၏ ဘေးတွင် ရှိနေပြီး ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် တိုးတိုးတိတ်တိတ်ဖြင့် စကားပြောဆိုလိုက်သည်။

သူမ၏ မျက်နှာပေါ်ရှိ မထီမဲ့မြင်ပြုသော အမူအရာကို ကြည့်ခြင်းအားဖြင့် ကောင်းသော စကားများ မဟုတ်သည်မှာ သေချာလှပေသည်။

“ဟင်... ထိပ်သီးသုံးယောက် တဲ့လား...”

လော့ချန်သည် ဤတစ်ခေါက် စစ်ဆေးမှုတွင် ထိပ်သီးသုံးယောက်စာရင်းဝင်ရန် ကြိုးစားမည်ဟု ကြားလိုက်ရသည့်အခါ ယူလန်ရှင်း၏ မျက်ဝန်းထဲတွင် အံ့သြရိပ်အချို့ ဖြတ်ပြေးသွားသည်။

“ဟင်းဟင်း... စကားကတော့ တော်တော်ကြီးတာပဲ...”

“သူက ထိပ်သီးသုံးယောက်ထဲ ပါဖို့ ယှဉ်ပြိုင်မယ် ဟုတ်လား... ဒါဆိုရင် ငါတို့အားလုံးကို ခြေဖဝါးအောက်မှာ နင်းချင်နေတာပေါ့...”

ယူလန်ရှင်းက ဂရုမစိုက်သော်လည်း သူမ၏ ဘေးနားရှိ အခြားသော မျိုးဆက်တပည့် နှစ်ဦးမှာမူ အလွန်ပင် မကျေမနပ် ဖြစ်သွားကြပြီး မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ပေါ်ထွက်လာသည်။

အကယ်၍ လော့ချန်သာ ရွှမ်ယွမ်ဂိုဏ်း၏ မျိုးဆက်တပည့် တစ်ဦး ဖြစ်နေမည်ဆိုပါက နှစ်ဦးသား အဆင့်အတန်း တူညီနေသဖြင့် ထိုကဲ့သို့သော စကားကို ပြောဆိုရန် အရည်အချင်း ရှိသည်ဟု ယူဆနိုင်သည်။

ယခုမူ သာမန် အဓိကတပည့်တစ်ဦး ဖြစ်ရုံတင်မကဘဲ အသုံးမကျသော သိုင်းဝိညာဉ်ကိုပါ နိုးကြားထားသူဖြစ်ရာ ထိုကဲ့သို့သော စကားကို ပြောဆိုခြင်းမှာ သူတို့ကို အထင်သေးရာ ရောက်နေသည်မဟုတ်ပါလော။

ထိုနှစ်ဦးမှာ တမင်တကာပင် အသံကို နှိမ့်၍ ပြောဆိုခြင်း မရှိသဖြင့် ထိုသတင်းမှာ စင်မြင့်ပေါ်တွင် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း၏ အကြည့်မှာ လော့ချန်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။

လူအများစုမှာ ဤကိစ္စကို ဟာသတစ်ခုအဖြစ်သာ သဘောထားကြပြီး လော့ချန်မှာ အိပ်မက်မက်နေခြင်း ဖြစ်သည်ဟု ယူဆလိုက်ကြသည်။

လော့ချန်သည် လူတိုင်း၏ အကြည့်ကို ခံစားမိသည့်အခါ မိမိကိုယ်မိမိ ပြန်လည် ရယ်မောလိုက်မိသည်။

စစ်ဆေးမှု မစရသေးမီမှာတင် သူသည် အားလုံး၏ ပစ်မှတ် ဖြစ်သွားခဲ့ချေပြီ။

နာရီဝက်ခန့် ကုန်ဆုံးသွားပြီးနောက် စစ်ဆေးမှုတွင် ပါဝင်မည့် တပည့်များ အားလုံး ရောက်ရှိလာခဲ့ကြရာ စုစုပေါင်း လူနှစ်ရာ၊ သုံးရာခန့် ရှိနေသည်။

ကြည့်ရှုသူများ နေရာတွင်မူ လော့ရှာဂိုဏ်း တပည့်များမှာလည်း လူအုပ်ကြီးအလား ရှိနေပြီး အနည်းဆုံး လူနှစ်ထောင်၊ သုံးထောင်ခန့် ရှိနေမှာ သေချာလှသည်။

အချိန်ကြာလာသည်နှင့်အမျှ အိုင်ရေပြင်ပေါ်ရှိ မြူခိုးများမှာ တဖြည်းဖြည်း ကျဲပါးလာခဲ့ပြီး မိုင်ဆယ်ဂဏန်းကျော်သော နေရာရှိ ကျွန်းငယ်လေးတစ်ခုမှာ လူတိုင်း၏ မြင်ကွင်းထဲသို့ ပေါ်ထွက်လာခဲ့ချေပြီ။

ကျွန်းငယ်လေးမှာ ရောင်စုံမြူခိုးများ ဖုံးလွှမ်းနေပြီး အပင်များမှာ စိမ်းလန်းစိုပြည်နေကာ ရှေးဟောင်း သစ်ပင်ကြီးများလည်း ရှိနေသည်။ အလယ်ဗဟိုတွင်မူ ပေပေါင်း သောင်းနှင့်ချီ၍ မြင့်မားသော ဧရာမ တောင်ထိပ်ကြီး တစ်ခု ရှိနေပြီး ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

ယန်ချင်းရှုံးသည် ထိုတောင်ထိပ်ကို ကြည့်ကာ မိတ်ဆက်ပေးလိုက်သည်။

“အဲဒါ နက်မှောင်မြူခိုးတောင် ပဲ...”

လော့ချန် ခေါင်းညိတ်လိုက်သည်။ မိုင်ဆယ်ဂဏန်းကျော် ဝေးကွာနေသော်လည်း သူသည် အလွန်ပင် ဖိနှိပ်လှသော ထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားနေရသည်ဖြစ်ရာ ထိုတောင်ပေါ်သို့ တက်ရန်မှာမူ လွယ်ကူသော ကိစ္စ မဟုတ်သည်မှာ သေချာလှပေသည်။

ထိုစဉ် လော့ရှာဂိုဏ်း အတွင်းစည်း အကြီးအကဲ တစ်ဦးမှာ နေရာမှ ထရပ်လိုက်သည်။ သူမ၏ အကြည့်မှာ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည့်အခါ ဝေဝါးလှသော ဖိအားတစ်ခု ပြန့်ကျဲသွားသဖြင့် ပတ်ဝန်းကျင်မှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

စစ်ဆေးမှုတွင် ပါဝင်မည့် လူနှစ်ရာ၊ သုံးရာခန့်ကို ကြည့်ကာ အကြီးအကဲက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

“ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့် ရချင်တယ်ဆိုရင်တော့... ခိုင်မာလှတဲ့ ဇွဲလုံ့လနဲ့ ထူးခြားလှတဲ့ စိတ်ဓာတ် ရှိဖို့ လိုအပ်တယ်... ဒီတစ်ခေါက် ဂိုဏ်းကနေပြီးတော့ နေရာ တစ်ဆယ့်ငါးနေရာ ပေးထားတယ်... မင်းတို့ထဲက ပထမဆုံး နက်မှောင်မြူခိုးတောင် ကို တက်နိုင်တဲ့ တစ်ဆယ့်ငါးယောက်က ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခွင့် ရမှာပါ...”

သူမက ဆက်လက်ပြောဆိုသည်။

“ဒီစစ်ဆေးမှုဟာ မင်းတို့အတွက်လည်း ကောင်းမွန်တဲ့ လေ့ကျင့်မှု တစ်ခု ဖြစ်တာကြောင့်... အစွမ်းကုန် ကြိုးစားကြပါ... ကဲ... စတင်ကြတော့...”

အခန်း ၅၅၅ ပြီးပါပြီ။

All Chapters