ကျောက်စိမ်းပြာ
Vol. 48 Ch. 658
“ကြိုးစားကြည့်တာပေါ့”
ကျန်းရီသည် ခဏတာ ကြည့်နေပြီးနောက် အံ့ကြိတ်ကာ ကြီးစားကြည့်ရန်အတွက် နောက်ဆုံး၌ ဆုံးဖြတ်လိုက်တော့သည်။ အစောတုန်းက သူ၏ကောင်းကင်စိတ်အာရုံသည် မိုးကြိုးမီးကို ရှာဖွေခဲ့စဉ်က ကောင်းကင်စိတ်အာရုံ တစ်စသည် မီတာသုံးရာ မပြည့်မီ၌ ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ယခုအခေါက်တွင် ပိုဂရုစိုက်လျှင် သူအဆင်ပြေလောက်၏။
ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ပြီး ရှေ့သို့ကရုတစိုက် ဖြန့်ကျက်လိုက်သည်။ မိုးကြိုးမီးက တောင်တန်းများဆီ မျောလွင့်သွားပြီးနောက် သူ၏ကောင်းကင်စိတ်အာရုံက သူနှင့်အနီးဆုံး တောင်တစ်လုံးဆီသို့ ချက်ချင်းတိုးဝင်သွားလေ၏။
“အဲ့ဒါက မိုးကြိုးကျောက်တုံးလား”
ကျန်းရီ၏ စိတ်ဝိညာဉ်က ရုတ်တရက် တုန်လှုပ်သွားသည်။ တောင်လေးထဲရှိ တလက်လက် တောက်ပနေသော ကျောက်စိမ်းလေးကို မြင်လိုက်ရသောကြောင့်ဖြစ်၏။ ကျောက်စိမ်းက ဆန်စေ့အရွယ်အစားခန့် ကြီးမားပြီး အပြာရောင်ရှိသည်။ ယင်းက ကျောက်တုံး၏ ဗဟိုကနေ မွေးလာသည့် အပြာရောင် ကျောက်စိမ်းတုံးနှင့် တူပေ၏။ ကြည်လင်နေကာ အမည်မသိ အရှိန်အဝါနှင့် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ယင်းက အလွန်ဆန်းကြယ်သည်ဟု ခံစားရစေသည်။
“မိုးကြိုးမီး လာနေပြီ”
မိုးကြိုးမီးလုံးက မလှမ်းမကမ်းသို့ ဝေ့ဝိုက်ရောက်လာသည့် အချိန်တွင် ကျန်းရီက ကောင်းကင်စိတ်အာရုံကို အမြန်ရုတ်သိမ်းလိုက်၏။ ၎င်းကဘေးကင်းကြောင်း ထပ်မံ အတည်ပြုပြီးနောက် ကောင်းကင်စိတ်အာရုံဖြင့် အနားရှိ တောင်တန်းများကို စတင်စစ်ဆေးတော့သည်။ အစောပိုင်းက ကျောက်စိမ်းနှင့် တူသည့် မရေမတွက်နိုင်သော အနက်ရောင် ကျောက်တုံးများကို တွေ့ခဲ့သော်ငြား ထိုအနက်ရောင် ကျောက်စိမ်းထဲတွင် အပြာရောင် ကျောက်စိမ်းကို မတွေ့ခဲ့ရပေ။ မိုးကြိုးမီးက လွင့်ပျယ်သွားပြီးနောက် မြန်မြန်ဆန်ဆန်ပင် ကျန်သည့် တောင်ငါးလုံးကို ရှာဖွေလိုက်၏။
ထင်သည့်အတိုင်းပင် တောင်ငါးတောင်နား၌ အပြာရောင် ကျောက်စိမ်းတုံးများ ရှိနေပြီး အနားရှိတောင်များတွင် မရှိပေ။ ယင်းက ရတနာတစ်ပါးဖြစ်ကြောင်း သိရန်အတွက် အပြာရောင်ကျောက်စိမ်းကို အနီးကပ် လေ့လာရန် မလိုအပ်ချေ။ မိုးကြိုးကျောက်တုံး ဟုတ်မဟုတ်ကိုမူ ကျန်းရီမသိချေ။
“တူတာပေါ့”
ကျန်းရီက ယင်းက မိုးကြိုးကျောက်တုံး ဟုတ်မဟုတ် သိရန်အတွက် တူးထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ မည်သည့်နည်းနှင့်မဆို မျက်တောင်တစ်ခတ်အတွင်း တူးထုတ်နိုင်ပြီး မိုးကြိုးကျောက်တုံးက သူ့ကိုမထိခိုက်စေပေ။
အချိန်အတော်ကြာ လေ့လာခဲ့သည့် ကျန်းရီက မိုးကြိုးမီး အဝေးသို့ ထွက်သွားမှာကို စောင့်နေပြီးနောက် နေရာရွှေ့ပြောင်းခြင်းဖြင့် ပဉ္စမမြောက်တောင်ဆီသို့ လျှပ်တပြက် ရောက်လာခဲ့သည်။ သူ့လက်ထဲ၌ မီးနဂါးဓား ရုတ်တရက် ပေါ်လာပြီး ရှေ့ကိုထိုးစိုက်လိုက်၏။ တစ်ချိန်ထဲတွင် သူကပြန်ထွက်လာပြီး မကြာမီ၌ အပြာရောင် ကျောက်စိမ်းဆီ ရောက်သွားတော့သည်။ လက်ကိုဆွဲထုတ်ပြီးနောက် ကျောက်စိမ်းကိုယူရန် ပြင်လိုက်၏။
“ကျွီ ကျွီ”
ကျောက်စိမ်းကို ထိလိုက်သည်နှင့် ကျန်းရီ၏တစ်ကိုယ်လုံးက မိုးကြိုးများဖြင့် အပစ်ခံလိုက်ရသည့်အလား မရပ်မနား ဆက်တိုက် တုန်ယင်နေ၏။ အပြာရောင် ကျောက်စိမ်းမှ လျှပ်စီးများ ထွက်ပေါ်လာပြီး ကံကောင်းသည်မှာ ယင်းကအလွန်အားနည်းပြီး ကျန်းရီခံနိုင်ရည်ရှိသည့် အတိုင်းအတားအတွင်း ရှိသည်။ ထို့ကြောင့် သူသည် ခဏတာရပ်တန့်ပြီးနောက် နေရာရွှေ့ပြောင်းလိုက်၏။
“မိုးကြိုးကျောက်တုံး ဒါကမိုးကြိုးကျောက်တုံးပဲ ဖြစ်ရမယ်”
ကျန်းရီသည် တူညီသည့် တောင်လေးဆီကို ပြန်ရောက်လာသည်။ သူ့လက်ထဲ၌ ကျောက်စိမ်းကို ကိုင်ထားပြီး အလွန်ပျော်ရွှင်နေ၏။ အစောတုန်းက ဤကျောက်စိမ်းသည် မိုးကြိုးစွမ်းအင်များ ထုတ်လွင့်နေပြီး မိုးကြိုးမီးက ပတ်ဝန်းကျင်တွင် ဝေ့ဝိုက်သွားလာနေသည်။ ယင်းက မိုးကြိုးကျောက်တုံး ဖြစ်နိုင်၏။
ခဏတာ ထပ်ခါတလဲလဲ ကြည့်ပြီးနောက် အပြာရောင် ကျောက်စိမ်းသည် အစောပိုင်းက မိုးကြိုးစွမ်းအင်များ ထုတ်လွှတ်ပြီးနောက် လျှပ်စီးများ မထုတ်ဖော်တော့တာကို သဘောပေါက်လိုက်၏။ ၎င်းကို အတွင်းအားဖြင့် သန့်စင်ရန် မစွန့်စားရဲဘဲ ချက်ချင်းပင် ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ယခုအချိန်တွင် မီးဝိညာဉ် ပုလဲအကြောင်း မထုတ်ဖော်ရဲချေ။ သိုင်းပညာရှင် အချို့က ၎င်းအကြောင်း သိသွားလျှင် ပြဿနာများ ပိုတက်လာရုံသာရှိမည်။
“ဟမ် မိုးကြိုးမီးက အပြာရောင်ကျောက်စိမ်းကို တူးထုတ်ပြီးတဲ့နောက် ဒီကိုထွက်မလာဘူးလား”
ကျန်းရီက တစ်ချက်ကြည့်လိုက်ရာ မိုးကြိုးမီးသည် ကျန်သည့် တောင်လေးတောင်နား၌ ဝေ့ဝိုက်သွားလာနေတာကိုပဲ တွေ့လိုက်ရသည်။ သူ၏မျက်လုံးထဲ၌ အလင်းဖြတ်ခနဲပေါ်လာပြီး မိုးကြိုးမီး ထွက်သွားပြီးနောက် တောင်တန်းများဆီသို့ နေရာထပ်ရွှေ့ပြောင်းလိုက်၏။
ဘီး
ခဏအကြာတွင်သူက လက်ထဲတွင် နောက်ထပ် အပြာရောင်ကျောက်စိမ်းလေးဖြင့် ပြန်လာ၏။ ပါးစပ်က မဲ့ရွဲ့နေပြီး ထပ်မံထိတ်လန့်ပုံပေါ်နေ၏။
“အမ် မိုးကြိုးမီးက အတော်လှမ်းနေသေးတယ်။ ငါနောက်ထပ် အပြောရာင် ကျောက်စိမ်း ရနိုင်သေးတာ”
ကျန်းရီက စဉ်းစားပြီးနောက် ထပ်မံနေရာရွှေ့ပြောင်းဖို့ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ ယခုအခေါက်တွင် သူကနောက်ထပ် အပြာရောင်ကျောက်စိမ်းကို ယူလာပြီး မိုးကြိုးမီးက ကျန်သည့်တောင်တန်း နှစ်ခုကြား၌သာ ကူးလူးသွားလာနေတော့သည်။
ယခုအခေါက်တွင်သူက မစွန့်စားရဲတော့ချေ။ မိုးကြိုးမီးက ကပ်လွန်းနေ၏။ မိုးကြိုးမီးအတွင်းရှိ မိုးကြိုးစွမ်းအင် ပစ်ထုတ်လိုက်သည့် အချိန်တွင် နောက်ဆက်တွဲကိုတောင် သူမမှန်းဆနိုင်ပေ။ မိုးကြိုးမီးအတွင်းရှိ လျှပ်စီးက အပြာရောင် ကျောက်စိမ်းအတွင်းရှိ လျှပ်စီးထက် ပိုအစွမ်းထက်၏။ တစ်ချက်ကြည့်ရုံဖြင့် သိသာသည်။
“ဟုတ်သား တောင်တန်းထဲက ထွက်ပေါ်လာတဲ့ မိုးကြိုးမီးက အစောတုန်းက ဒီမှာပဲ။ အဲ့မှာရော အပြာရောင်ကျောက်စိမ်း ရှိနေတာလား”
ကျန်းရီသည် အစောပိုင်းက လူပေါင်းများစွာ အလိုက်ခံရသည့်အချိန် တောင်တစ်လုံးပေါ်မှ ထွက်ပေါ်လာသည့် မိုးကြိုးမီးကို သတိရသွား၏။ သူက သွေးဆောင်ခံလိုက်ရတော့သည်။ ဤနေရာ၌ ဘေးကင်းသောကြောင့် သူကတင်ပြင်ခွေချိတ် ထိုင်ပြီး သူ့နောက်တွင် ထိုလူများရှိမရှိ စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်လိုက်တော့သည်။
“မရှိဘူး သွားကြမယ်”
ကီလိုမီတာများစွာကို ရှာဖွေပြီး သူ့နောက်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုလိုက်၏။ သူကချက်ချင်းပင် မူလလမ်းကြောင်းဆီသို့ သွားလိုက်ပြီး မီးလျံများရှိသည့် တောင်ဆီသို့ သွားလိုက်တာပဲဖြစ်၏။
ထိုဧရာမတောင်က သိပ်မဝေးပေ။ ကျန်းရီက မျက်တောင်တစ်ခတ်အတွင်း အနားသို့ကပ်လာ၏။ သူက တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပင် မျက်လုံးက ပိုတောက်ပလာတော့သည်။ မိုးကြိုးမီးလုံး (၇)လုံး (၈)လုံးက တောင်တစ်ဒါဇင်ခန့်နား၌ ရစ်ဝဲနေလေ၏။
“ဘာတွေဖြစ်နေတာလဲ။ တောင်တွေထဲမှာ အပြာရောင် ကျောက်စိမ်းတုံးတွေ ရှိနေတာလား”
ကျန်းရီ၏ခန္ဓာက တုန်လှုပ်သွားသည်။ ကျောက်စိမ်းက အမှန်တကယ် မိုးကြိုးကျောက်တုံး ဖြစ်နေခဲ့လျှင် သူကမိုးကြိုးကျောက်တုံးပေါင်းများစွာ ရမည်ဖြစ်ပြီး ရက်ပေါင်းများစွာအတွက် မိုးကြိုးကျောက်တုံးများကို စိုးရိမ်ပူပန်စရာ မလိုတော့ချေ။
ကောင်းကင်စိတ်အာရုံကို ကရုတစိုက် ဖြန့်ကျက်လိုက်သည်။ မကြာမီ၌ သူ့မျက်လုံးက ပိုတောင်တောက်ပလာ၏။ ထိုတောင်တန်းများ အားလုံးထဲ၌ အပြာရောင် ကျောက်စိမ်းတုံးများ ရှိနေ၏။ အကြီးမားဆုံးတောင်တွင် အပြာရောင်ကျောက်စိမ်း (၃၀)ကျော်ရှိနေသည်။
“စတူးမယ်”
ကျန်းရီက အံ့ကြိတ်ပြီးနောက် နက်ရှိုင်းသောအသံဖြင့် အော်လိုက်၏။ သူကချက်ချင်း နေရာရွှေ့ပြောင်းပြီးနောက် အပြာရောင် ကျောက်စိမ်းတုံး တစ်တုံးပြီးတစ်တုံးကို တူးထုတ်နေ၏။
သူက အပြာရောင် ကျောက်စိမ်းများကို တူးထုတ်နိုင်သည့် နည်းလမ်းကို အလွန်ဂရုစိုက်နေ၏။ တာဝန်ကို ကြုံသလို ဆောင်ရွက်တာမဟုတ်ပေ။ ထိုအစား ကျန်းရီသည် ဘယ်ဘက်ခြမ်းရှိ တောင်လေးများထဲမှ စတင်၏။ သို့မှသာ မိုးကြိုးမီးသည် ဘက်ဘက်ခြမ်းဆီသို့ မျောလွင့်မလာမှာပဲဖြစ်သည်။
“ဟုတ်ပြီအခု ဒါတွေကို အလယ်ယူသွားမယ်”
သူ့၌ အပြာရောင်ကျောက်စိမ်းတုံး (၇)တုံးရရှိပြီးနောက် ဗဟိုရှိ တောင်တန်းကြီးဆီသို့ ရွှေ့ပြောင်းလိုက်ပြီး ထိုနေရာ၌ ကျောက်စိမ်းတုံး သုံးဆယ်ကျော်ရှိသည်။ ထိုအရာအားလုံးကို သူရသွားခဲ့လျှင် နောက်ရက်များအတွက် လွယ်ကူသွားလိမ့်မည်။
ဘီး
မိုးကြိုးမီး (၇)လုံးက အဝေးသို့ လှည့်လည်သွားနေစဉ် ကျန်းရီက ဧရာမ တောင်တန်းဆီသို့ နေရာချက်ချင်း ရွှေ့ပြောင်းလိုက်၏။ လမ်းကြောင်းအချို့ ဖန်တီးရန်အတွက် မီးနဂါးဓားကို လွှဲခုတ်လိုက်သည်။ သူ၏လက်ကြီးသည် ကျောက်စိမ်းတုံးများဆီသို့ လျှင်မြန်စွာ ရွှေ့လျားနေပြီး လျှပ်ပြက်သည့်ပမာ မြန်ဆန်လှ၏။ ခန္ဓာကိုယ်သည် လျှပ်စီးကြောင့် မနားမနေ တုန်ယင်နေသော်ငြား ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲသို့ ကျောက်တုံးများထည့်ခြင်းကို မဟန့်တားနိုင်ပေ။
“သွားကြမယ်”
သူသည် မရပ်တန့်ခင် ကျောက်စိမ်းတုံး တစ်ဒါဇင်ခန့်ကိုသာ ယူခဲ့၏။ မိုးကြိုးမီးများ အချိန်မရွေး ရောက်လာနိုင်ကြောင်း တွက်ချက်မိသည်။ ဘေးကင်းဖို့က ပထမဖြစ်သောကြောင့် ထိုအရာများကို နောက်အချိန်မှသာ စုဆောင်းမည်။
ထင်သည့်အတိုင်းပင် နေရာရွှေ့ပြောင်းလိုက်သည်နှင့် မိုးကြိုးမီးများက ဝှီးကနဲ ပေါ်ထွက်လာကာ ဧရာမ တောင်တန်းဆီသို့ တစ်ပတ် ပတ်ပြီးနောက် ခပ်ဝေးဝေးရှိ တောင်တန်းများဆီ ရောက်သွား၏။ သူက မိုးကြိုးမီးလုံး (၇)လုံး ဖြတ်သန်းသွားပြီးသည့် အချိန်ထိစောင့်ကာ အပြာရောင် ကျောက်စိမ်းတုံးများကို ယူပြီးနောက် တူညီသည့် နည်းလမ်းကို အသုံးပြုလိုက်သည်။ ငါးမိနစ်အတွင်းသူက အပြာရောင်ကျောက်စိမ်းတုံး အားလုံးနီးပါးကို တူးထုတ်လိုက်၏။ ကျန်ရှိသည့် အရာများကို မယူရဲတော့ချေ။ မိုးကြိုးမီး (၇)လုံးက ပတ်ဝန်းကျင်တွင် ဆက်လက်လှည့်လည် သွားလာနေ၏။
“သွားကြမယ်”
ကျန်းရီသည် အပြာရောင် ကျောက်စိမ်းတုံး (၅၀)နီးပါးကို မရပ်မနား ရအောင်ယူခဲ့သည်။ သူတို့သာ မိုးကြိုးကျောက်တုံးများ ဖြစ်နေခဲ့လျှင် မိုးကြိုးကျောက်တုံးများ မအပ်နိုင်သောကြောင့် အသတ်ခံရမှာကို စိုးရိမ်စရာ လိုတော့မှာမဟုတ်ပေ။ သူက လျှပ်စီးပမာ ရှေ့သို့ပျံသန်းနေလေ၏။ ကျောက်ရိုင်းတုံးများ တူးဖော်နေသည့် တစ်စုံတစ်ယောက်ကိုရှာပြီး သူ၏အပြာရောင် ကျောက်စိမ်းတုံးများက မိုးကြိုးကျောက်တုံးများ ဟုတ်မဟုတ် စစ်ဆေးချင်သည်။
“လူတစ်သောင်းကျော်က ဘယ်ရောက်သွားတာလဲ။ မိုးကြိုးကျွန်းက ဒီလောက်ကြီးတယ်လား”
ကျန်းရီက အံ့သြသွားလေ၏။ ရှေ့ဆက်လျှောက်လာပြီး အနားရှိ အခြေအနေကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ငါးကီလိုမီတာခန့် ပျံသန်းပြီးနောက် သူ၏ကောင်းကင် စိတ်အာရုံသည် မလှမ်းမကမ်းရှိ တောင်တန်းဆီသို့ စစ်ဆေးမိသည့်အချိန်၌ မိုးကြိုးအပစ်ခံရပြန်သည်။
ထိုနေရာ၌ တောင်ထဲတွင် မိုးကြိုးမီးလုံး ရှိနေ၏။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံ ဖြတ်သန်းသွားချိန် လျှပ်စီးကိုင်းက ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ကောင်းကင်စိတ်အာရုံကို ချေမှုန်းသွားသည်။ သူ၏စိတ်ဝိညာဉ်က အပြည့်အဝ ပြန်မကောင်းသေးပေ။ ထို့ကြောင့်သူက ခေါင်းကိုလက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်မိ၏။ သည်းမခံနိုင်သော နာကျင်မှုကြောင့် သတိလစ်လုနီးပါး ထပ်ဖြစ်သွားသည်။
“ဒီငရဲလိုနေရာက အန္တရာယ်များလိုက်တာ”
ယင်းက ကျန်းရီကို ငါးမိနစ်တာ ထိုင်မိစေတော့၏။ ချွေးစေးများက နဖူးပေါ်၌ ပေါ်လာ၏။ မျက်နှာပေါ်ရှိ ကြွက်သားများနှင့် ခန္ဓာကိုယ်က တုန်ယင်နေလေသည်။ စိတ်ဝိညာဉ်အတွက် အကြောက်တရားက အပြည့်အဝ မပျောက်ကင်းသေးပေ။ ယခုထပ်ဖြစ်လေ၏။ စိတ်ဝိညာဉ်ဒဏ်ရာ ရရှိမှုက ဆေးလုံးများဖြင့် ကုသ၍ မပျောက်နိုင်ချေ။ ဖြည်းဖြည်းချင်း ကုသရန်သာ စောင့်ဆိုင်းနေရမှာပဲဖြစ်၏။
***