ရှောင်နူပြန်လာခဲ့
Vol. 48 Ch. 660
ကျန်းရီက ဘာမှမသိပေ။
ကောင်းကင်မိုးကြိုးကျွန်းပေါ်၌ မိုးကြိုးကျောက်တုံးများ ရယူနိုင်သည့် နည်းလမ်းနှစ်ခုရှိ၏။ ပထမရွေးချယ်မှုက မိုးကြိုးတောင်တန်း၏ အနီးပတ်ဝန်းကျင်၌ မိုးကြိုးကျောက်တုံးတစ်တုံး ပေါ်ထွက်လာမှုကို စောင့်နေရမှာပဲဖြစ်သည်။ ဒုတိယအချက်က မိုးကြိုးတောင်ကြား၌ မိုးကြိုးတုံးများ တူးထုတ်ရန်ဖြစ်သည်။
ပုံမှန်အခြေအနေ၌ လူတိုင်းက မိုးကြိုးတောင်တန်းဆီသို့ ပင်မလမ်းကြောင်းကနေ ခရီးနှင်ပြီး မိုးကြိုးတုံးများ ပေါ်ထွက်လာမှာကို စောင့်ပြီးနောက် ၎င်းကိုလုယူကြမည်ဖြစ်ကာ ထိုနေရာက အလုံခြုံဆုံးဖြစ်၏။ မိုးကြိုးမီးသည် တောင်ထဲမှ ပေါ်ထွက်လာသည့်အချိန်၌ အပူချိန်က မြင့်မားနေမည်ဖြစ်ရာ လူတိုင်းကို နောက်ဆုတ်စေ၏။ ထို့အပြင် မိုးကြိုးတောင်တန်းဆယ်ခုကို အဖွဲ့မှူးဆယ်ယောက်က အသီးသီး သိမ်းပိုက်ထားလေရာ အငြင်းပွားမှု၊ စကားများမှုတို့ မရှိတော့ပေ။
မြို့ထဲတွင် အဖွဲ့မှူးဆယ်ယောက် ရှိနေခြင်းမှာ မိုးကြိုးတောင်တန်း ဆယ်ခုရှိနေသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်က (၁၁)ယောက်မြောက် အဖွဲ့မှူး ဖြစ်လာချင်လျှင် သူတို့က အဖွဲ့မှူးများထဲမှ တစ်ယောက်ကိုဖယ်ရှားပြီး သူတို့၏ လက်အောက်ငယ်သားများဆီ ခွဲဝေပေးရန်အတွက် မိုးကြိုးတောင်ကို သိမ်းပိုက်ထား၏။
အဖွဲ့မှူးဆယ်ယောက်သည် သူတို့က သူတို့အပိုင်မဟုတ်သည့် မိုးကြိုးတောင်မှ ထွက်ပေါ်လာသည့် မိုးကြိုးကျောက်တုံးများကို မလုယူရန် တိတ်တဆိတ် သဘောတူထားကြ၏။ ထို့ကြောင့် မိုးကြိုးတောင်မှ မိုးကြိုးကျောက်တုံးများ ထွက်ပေါ်လာသည့်အချိန်၌ အနီးပတ်ဝန်းကျင်ရှိ လူများက ၎င်းတို့ကို မလုရဲချေ။
အဖွဲ့မှူးများကလည်း မိုးကြိုးကျောက်တုံးများ ရယူခြင်းက လူတစ်ယောက်၏ ခွန်အားနှင့်ကံပေါ် မူတည်နေသည်ဟုသာ အမိန့်ပေးခဲ့သည်။ လူတိုင်းက မိုးကြိုးကျောက်တုံးပေါ် လက်မတင်ခင် တိုက်ခိုက်နိုင်ခွင့် ရှိသော်ငြား သတ်ဖြတ်ခွင့်မရှိပေ။ တစ်ပါးသူ၏ ပိုင်ဆိုင်မှုအတွင်း ရောက်နှင့်ပြီးသော မိုးကြိုးကျောက်တုံးများကို မလုယူရပေ။ အနည်းဆုံးတော့ အများရှေ့တွင် မယူရပေ။ အမှောင်ထဲတွင် လုယူဖို့ကမူ လူတစ်ယောက်၏ အရည်အချင်းပေါ် မူတည်သွား၏။
လူသစ်များအတွက် သို့မဟုတ် မိုးကြိုးကျောက်တုံးများ ရယူရန် အားနည်းလွန်းသူများအတွက်မူ ဒုတိယနည်းလမ်းကို ကြိုးစားကြတာ များသည်။ ထိုလူများက စွန့်စားပြီး မိုးကြိုးတောင်ကြားအတွင်း ဝင်ရောက်ပြီးနောက် သေဆုံးမှာ သေချာသည်။
ကောင်းကင်မှ မိုးကြိုးများက မိုးကြိုးတောင်တန်း ဆယ်လုံးပေါ်သို့ ရံဖန်ရံခါ ပစ်ချသော်ငြား မိုးကြိုးတောင်ကြားထဲတွင်မူ မကြာခဏ မိုးကြိုးပစ်လေ့ရှိသည်။ မိုးကြိုးတောင်ကြားအတွင်းရှိ အနက်ရောင် ကျောက်တုံးများကို မိုးကြိုးပစ်လျှင် ယင်းက မိုးကြိုးကျောက်တုံးများ ထုတ်ပေ၏။
မိုးကြိုးကျောက်တုံး ထွက်ပေါ်လာချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမီး ရှိလာလိမ့်မည်။ ပုံမှန် သိုင်းပညာရှင်များက မိုးကြိုးမီးနား ဘယ်တော့မှ မကပ်နိုင်ပေ။ ယင်းက ကောင်းကင်စိတ်အာရုံကိုတောင် ရှင်းထုတ်နိုင်စွမ်း ရှိပေ၏။ မိုးကြိုးမီးနှင့် ရင်းနှီးသည့် သူများကမူ အတက်နိုင်ဆုံး မိုးကြိုးတောင်ကြားကို ရှောင်ချင်ကြ၏။ ပုံမှန်ဆို လူတစ်ယောက်က စိတ်ပျက်အားငယ်ခြင်း မရှိမှသာလျှင် ဒီနေရာသို့စွန့်စားပြီး မိုးကြိုးတောင်ကြား ဝင်ရောက်တာဖြစ်၏။
ကျန်းရီက ထိုအရာများကိုမသိပေ။ သို့သော် သူက မိုးကြိုးကျောက်တုံးများကို ရှာတွေ့ပြီဖြစ်ရာ ယင်းက လုံလောက်နေပြီဖြစ်၏။
သူက ကောင်းကင်စိတ်အာရုံကို ရုပ်သိမ်းလျက် မိုးကြိုးတောင်ကြား၏ အနက်ပိုင်းဆီသို့ သွားလိုက်သည်။ သူက မြို့ထဲတွင် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ရန်အတွက် မိုးကြိုးကျောက်တုံးများ လုံလောက်အောင် စုဆောင်းချင်ပြီး တစ်နှစ်တာကာလကို လုံလုံခြုံခြုံ နေချင်၏။
သူကလျှပ်ပြက်သည့် အရှိန်ဖြင့် ပျံသန်းသွားပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်ကာ မိုးကြိုးမီးရှိသည့်နေရာများကို ရှာဖွေနေလေ၏။
ကျန်းရီ၌ မီးဝိညာဉ်ပုလဲ ရှိနေသောကြောင့် မြင့်မားသောအပူချိန်ကို မကြောက်ပေ။ သူက မိုးကြိုးတောင်ကြားကို ဉာဏ်ရှိရှိ ခရီးနှင်လာခဲ့ရာ အောက်ခြေမှ ထွက်ပေါ်လာသော မိုးကြိုးမီးနှင့် မတွေ့သ၍ ဤနေရာက သူ၏ခြံဝင်းကဲ့သို့ ဖြစ်နေမည်ပင်။
မြို့ထဲရှိ သိုင်းပညာရှင်များက မိုးကြိုးတောင်ကြားအတွင်း ကျန်းရီလွယ်လင့်တကူ လျှောက်သွားနိုင်တာသိလျှင် ၎င်းကသူတို့အားလုံးကို ထိတ်လန့်သွားစေမှာ သေချာ၏။ မိုးကြိုးတောင်ကြားက ကြီးမားပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် မိုးကြိုးကျောက်တုံးများစွာ ထုတ်လုပ်နိုင်၏။ ထိုနေရာများအတွင်းရှိ မိုးကြိုးကျောက်တုံးများကို မည်သူကမှ တူးဖော်ရန် မကြိုးစားခဲ့ပေ။ ထို့အပြင် ကျန်းရီက ၎င်းတို့ကို အလွယ်တကူ ရှာတွေ့ခဲ့၏။ မြို့တွင်းရှိ သိုင်းပညာရှင်များ အားလုံးကို မနာလိုအားကျ ဖြစ်စေမှာသေချာသည်။
နှစ်နာရီ၊ လေးနာရီ၊ ရှစ်နာရီ
ကျန်းရီသည် မျောက်တစ်ကောင်ကဲ့သို့ပင် မိုးကြိုးတောင်ကြားတစ်ဝိုက် လှည့်လည်သွားလာနေပြီး ရှစ်နာရီအတွင်း အနည်းဆုံး မိုးကြိုးကျောက်တုံးရှစ်ရာ ရလာခဲ့၏။ သူတို့အဖွဲ့သည် တစ်ရက်လျှင် မိုးကြိုးကျောက်တုံး (၉)တုံးပေးရမည်။ ဆယ်ရက်တာအတွက် မိုးကြိုးအတုံး(၉၀)ဟု ဆိုလို၏။ ယခုအချိန်တွင် သူက ရက်တစ်ရာနီးပါး ညီမျှသည့် မိုးကြိုးကျောက်တုံး ရှစ်ရာကျော် ရှိနေပြီး အနည်းဆုံး သုံးလကျော်၏။
“ဒါဆို လောက်လောက်ပြီမလား”
ကျန်းရီက ကောင်းကင်ကို မော့ကြည့်လိုက်ချိန်တွင် မှောင်လာပြီဖြစ်သည်။ ညအချိန်တွင် မည်သူကမှ ပြန်လေ့မရှိရာ လူတိုင်းက နေဝင်ရီတရောအချိန်၌ ပြန်လာလေ့ရှိကြသည်။ ညအချိန်၌ မိုးကြိုးများ မပစ်သောကြောင့် မိုးကြိုးကျောက်တုံးများ ထွက်ပေါ်လာမှာမဟုတ်ပေ။ ထို့ကြောင့် လူတိုင်းက အိမ်ပြန်ကြ၏။ သတိထားတာက အကောင်းဆုံးဖြစ်သည်။ သူ့၌ မိုးကြိုးကျောက်တုံး ရှစ်ရာကျော် အမှန်တကယ် ရှိနေပြီဖြစ်ရာ သူ့အဖို့ လအနည်းငယ် ကြာရှည်ခံရန် လုံလောက်သည်။
ကျန်းရီက ကောင်းကင်မိုးကြိုးမြို့ဆီသို့ တစ်ဟုန်ထိုး သွားလိုက်၏။ သူက မိုးနှင့်မြေ တစ်သားထဲ အခြေအနေထဲဝင်ရောက်ပြီး မိုးမြေနှင့်တစ်သားထဲ ဖြစ်သွား၏။ သူကမနှေးလွန်း မမြန်လွန်းပေ။ ရုတ်ရုတ်သဲသဲ တစ်ခုခုဖြစ်လာခဲ့ပါက ဦးစွာသိရှိလိမ့်မည်။ သူသည် မနက်ခင်းက ကောင်းကင်ဧကရာဇ် ပညာရှင်လေးဦး ခြုံခိုတိုက်ခိုက်တာ ခံခဲ့ရ၏။ ထို့ကြောင့်သူက အနည်းငယ် သတိပိုထားနေလေသည်။
သူခရီးနှင်နေစဉ် အလွန်ငြိမ်းချမ်းနေ၏။ တစ်နာရီကြာပြီးနောက် မြို့ဂိတ်ကနေ မိုင်သုံးဆယ်အကွာသို့ ရောက်နေပြီဖြစ်သည်။ မျက်လုံးမမှိတ်ထားလျှင် သူက မလှမ်းမကမ်းကနေ ဧရာမကောင်းကင်မိုးကြိုးမြို့ကို မြင်လောက်သည်။
ထိုစဉ် သူက ရှေ့၌ တစ်စုံတစ်ခု ထူးခြားနေတာကို သတိပြုမိပြီး ရုတ်တရပ် ရပ်တန့်လိုက်၏။ ရှေ့ကနေ အသက်ရှုသံ ဖျော့ဖျော့များ ထွက်နေလေသည်။ အသံက အလွန်တိုးလျသော်ငြား ကျန်းရီက မိုးနှင့်မြေ တစ်သားတည်း အခြေအနေထဲ ရှိနေလေရာ သူ့အား ပတ်ဝန်းကျင် အခြေအနေကို အလွန်သိလွယ်စေ၏။ သူက ကွာဟချက်ကိုတောင် ရှာဖွေနိုင်သည်။
“ရှေ့တစ်မိုင်က တောင်လေးတစ်ခုရဲ့ အခေါင်းပေါက်အတွင်းမှာ လူလေးယောက်ရှိနေတယ်။ ကြည့်ရတာ အဲဒီကောင်းကင်ဧကရာဇ် လေးယောက်ပဲဖြစ်မယ်”
ကျန်းရီ၏စိတ်က မြန်မြန်ဆန်ဆန် တွေးလိုက်ပြီး နောက်သို့တိတ်တဆိတ် ဆုတ်လိုက်၏။ သူကဧရိယာကို ကွေ့ပတ်သွားကာ မိုးကြိုးမီးရှိသည့်နေရာကို ရှာတွေ့သွား၏။ သူက တောင်ထွတ်လေးပေါ်၌ ရပ်နေပြီး မျက်လုံးဖွင့်ကာ မျက်မှောင်ကျုံ့ထားသည်။
လေးယောက်သားက ခြုံခိုတိုက်ခိုက်ရန် စိတ်အားထက်သန်နေ၏။ ဤနေရာက မြို့နှင့်အလွန်နီးသည်။ ထို့ကြောင့် မြို့ထဲသို့ ဝင်ချင်သည့်သူတိုင်းက သူတို့ကို ဖြတ်ကျော်သွားရမှာပဲဖြစ်သည်။ ကျန်းရီက မြို့သို့ နေရာရွေ့ပြောင်းသွားနိုင်သည်။ သို့သော် သူ၏အရှိန်က နှေးလွန်းနေ၏။ သူတို့က သူမြို့ဂိတ်သို့မရောက်ခင် လိုက်မှီလောက်သည်။
“အဲဒီလေးယောက်ကို သတ်ရမယ်”
နောက်ဆုံးတွင် ကျန်းရီက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ သူက မမျှတသော အားသာချက်တစ်ခု ရှိ၏။ တစ်ဖက်လူက မျက်နှာချင်းဆိုင်ကမူ ဤနေရာ၌ ကောင်းကင်ဧကရာဇ် လေးယောက်ရှိနေကြောင်း သိမှာမဟုတ်ပေ။ သူက ကျန်းရှောင်နူ၊ ဖုန်းလန်၊ ရွှေရောင်မျောလွင့်နဂါးတို့ကို ချက်ချင်းထုတ်ခဲ့လျှင် အငိုက်ဖမ်းမိပြီး သတ်ဖြတ်နိုင်မှာ သေချာသည်။ လေးယောက်သားက နှစ်ယောက်ကို တစ်ပြိုင်နက်ထဲ တိုက်နေလျှင် သူတို့ကို မသတ်နိုင်သော်ငြား ဒဏ်ရာပြင်းပြင်းထန်ထန် ရစေမှာသေချာ၏။
သူ့နောက်သို့ လေးယောက်သား နှစ်ကြိမ်လိုက်လာပြီးနောက် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားအချို့ကို နားလည်နေပြီဖြစ်သည်။ သူတို့က အစွမ်းထက်လွန်းသည်ဟု သတ်မှတ်၍မရပေ။ သို့သော်သူတို့၌ ကြောက်စရာကောင်းသည့်အရာ တစ်ခုရှိနေ၏။ လွန်းပုံသဏ္ဌာန် ရတနာဖြစ်ပြီး အစွမ်းအထက်ဆုံး ကောင်းကင်ဧကရာဇ်တွင် ရှိနေသော လွန်းပုံသဏ္ဌာန် ရတနာဖြစ်ပြီး သာလွန်သူတော်စင် လက်နက်ဖြစ်လောက်သည်။ လေးယောက်ပူးပေါင်းပြီး တိုက်ခိုက်ပြီး သူ့ကိုဦးစွာ သတ်ဖြတ်ခဲ့လျှင် ကျန်သည့်သူများက ထိုင်နေသည့်ဘဲများ ဖြစ်ကုန်လိမ့်မည်။ ဆိုရလျှင် ဖုန်းလန်၏ အမှောင်တာအိုက အုပ်စုဖွဲ့တိုက်ခိုက်မှုဖြစ်ပြီး သူတို့သုံးယောက်က အမှောင်ထု တာအိုပုံစံထဲတွင် လွှမ်းခြုံခံလိုက်ရလျှင် ထွက်ပြေးနိုင်တော့မှာ မဟုတ်ပေ။
ယခုအချိန်တွင် တစ်ဖက်က ပုန်းကွယ်နေသေးဆဲဖြစ်ကာ သူတို့ကို မိုးနှင့်မြေ တစ်သားထဲ အခြေအနေတွင် ရှိနေသောကျန်းရီက တွေ့သွားပြီဆိုတာ မသိပေ။ ထိုလူလေးယောက်က ကောင်းကင်စိတ်အာရုံကို အဆင်အခြင်မဲ့စွာ အစွမ်းထုတ်ဖော်ရဲမှာမဟုတ်ချေ။ ထို့အပြင် ဤနေရာ၌ မိုးကြိုးမီး ရှိနေလေ၏။
မပြင်ဆင်ထားမှုကို အကောက်ကြံမှုဖြင့် ရင်ဆိုင်ရမည်။
လေးယောက်က အတူတကွ ခြုံခိုတိုက်ခိုက်လျှင် သူတို့အောင်မြင်နိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းကျော်၏။ ကျန်းရီသည် အစီအစဉ်တစ်ခုကို ဆုံးဖြတ်ပြီးနောက် ချက်ချင်းပင် ဧကရီနန်းတော်ကို ထုတ်ပြီး ဖုန်းလန်၊ ရွှေရောင်မျောလွင့်နဂါးနှင့် ကျန်းရှောင်နူတို့ကို သတင်းပို့လိုက်၏။ သုံးယောက်သားက ကျန်းရီအကြောင်း စိုးရိမ်ပူပန်နေကြကာ သူအသံကူးတာကို ကြားပြီး ပျော်ရွှင်သွားတော့၏။
ကျန်းရီသည် သုံးယောက်ကို အခြေအနေရှင်းပြပြီး ဆွေးနွေးပြီးနောက် သူ၏မီးနဂါးဓားက လက်ထဲ၌ ရုတ်တရက် ပေါ်လာကာ မိုးနှင့်မြေ တစ်သားထဲ အခြေအနေထဲသို့ သူထပ်မံဝင်ရောက်သွားသည်။ ပြီးနောက် ရှေ့သို့ ဖြည်းဖြည်းချင်း ပျံသန်းသွား၏။
ငါးမိုင်၊ သုံးမိုင်၊ တစ်မိုင်
တောင်တန်းအတွင်း ပုန်းနေသော ကောင်းကင်ဧကရာဇ် လေးဦးက တောင်တန်းအတွင်း ပုန်းနေသေးဆဲဖြစ်ပြီး ကျန်းရီကသူတို့ကို ရှာမတွေ့သေးချင်ယောင် ဆောင်နေလိုက်သည်။ သူက သူခိုးတစ်ယောက်ပမာ ဘယ်ကြည့် ညာကြည့် ကြည့်နေလေ၏။ ကောင်းကင်စိတ်အာရုံကိုတောင် မဖြန့်ကျက်ရဲချေ။
အောက်ရှိလူများကလည်း မဖြန့်ကျက်ရဲ။ နှစ်ဖက်လုံးက တစ်ယောက်ကို တစ်ယောက် ရှာမတွေ့သေးဟု ခံစားမိသည်။
မီတာတစ်ထောင်၊ မီတာသုံးရာ
ဘန်း
အောက်ရှိရွှံ့များ ကျောက်စများက ရုတ်တရက် ပေါက်ကွဲသွားပြီး လေးယောက်သားက ရူးသွပ်နေသော နဂါးများပမာ ကောင်းကင်ထဲသို့ တစ်ဟုန်ထိုး တက်လာလေ၏။ အေးစက်စက် အလင်းတန်းဖြင့် လွန်းတစ်ခုသည် ကျန်းရီဆီသို့ သူတို့ထက် နှစ်ဆမြန်သည့်အရှိန်ဖြင့် တိုးဝင်လာ၏။ ထိုစဉ် ကျန်းရီက ပျောက်ကွယ်သွားတော့သည်။
“အမ်”
လေးယောက်သားက မယုံနိုင်စွာ မျက်တောင်ခတ်လိုက်လေ၏။ အနီးကပ်သည်နှင့် ကျန်းရီကိုချက်ချင်း သတ်ဖြတ်နိုင်မည်ဟု ယူဆမိကာ ကျန်းရီ၏ တုံ့ပြန်မှု မြန်ဆန်လိမ့်မည်ဟု မထင်ထားပေ။
လေးယောက်သားက တစ်ပြိုင်နက်ထဲ အနောက်ဘက်ကို ကြည့်လိုက်ကြပြီး ကျန်းရီက ကောင်းကင်မိုးကြိုးမြို့ထဲ ထွက်ပြေးရန် ကြိုးစားနေတာဟု ယူဆလိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် ကျန်းရီ၏ပုံရိပ်ကို မတွေ့ခဲ့ပေ။
လူတိုင်းက သံသယဝင်လာစဉ် သူတို့က အောက်ခြေမှ လေးခွင်းသည့် အသံသဲ့သဲ့ကို ကြားလိုက်ရပြီး သတိအနေအထား ဖြစ်သွားသည်။ အကြည့်လေးခုက အောက်သို့ ဝေ့ဝိုက်ကြည်သွားစဉ် ကျန်းရီ၏ပုံရိပ် သူတို့အောက်မှ ပေါ်လာတာကို တွေ့လိုက်ရသည်။
ဘီး
တစ်ပြိုင်နက်ထဲ နီးပါး၌ ကျန်းရီ၏ဧကရီနန်းတော်က လင်းထိန်လာပြီး သုံးယောက်သားက လေထဲ၌ ပေါ်လာသည်။ ဖုန်းလန်၏လက်က လျှပ်ပြက်သည့်အရှိန်ဖြင့် ပျောက်ကွယ်သွားပြီးနောက် အနက်ရောင် အရှိန်အဝါက သူမဆီသို့ စုဝေးလာကာ ကောင်းကင်ကို ချက်ချင်းလွှမ်းသွားတော့သည်။
ဝှစ်
ကျန်းရှောင်နူက ဧကရီနန်းတော်အတွင်း အသွင်ပြောင်းပြီးသားဖြစ်ကာ သူမ၏ အရှိန်အဝါ တည်ရှိမှုက ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်၏။ အစိမ်းရောင် မျက်လုံးများက သူတို့ကိုကြည့်နေစဉ် ရင်ထဲတုန်လှုပ်သွားပြီး ဖီးနစ်လက်သည်းများက အစိမ်းရောင် အလင်းတစ်စုံဖြင့် တောက်ပနေကာ သေခြင်းတရား၏ တည်ရှိမှု ရှိနေလေသည်။ ကျန်းရှောင်နူက ချက်ချင်းပင် ဧကရီနန်းတော် အပြင်ဘက်သို့ ရောက်သည်နှင့် ရှေ့တက်သွားတော့၏။ လူတိုင်းက အမှောင်ထုက မလွှမ်းခြုံခံရသေးခင် သူမ၏ ဧရာမလက်သည်းများက ဖေးကောဟု အမည်ရသော ကောင်းကင်ဧကရာဇ်ကို ပိုင်းဖြတ်လိုက်ပြီးဖြစ်နေသည်။
“ရှောင်နူ ပြန်လာခဲ့”
ကျန်းရီက သတိထားနေသည်။ သူသည် အစောပိုင်းက အခြေအနေအတိုင်း လှုပ်ရှားရန် သူမကို သတင်းပို့ပြီးသားဖြစ်သည်။ တစ်လှည့်တိုက်ခိုက်ပြီးတာကိုစောင့်ပြီး ရှေ့ဆက်တိုက်ခိုက်ရန် အခွင့်အရေး စောင့်ကြည့်ရမည်ဟု ဆိုခဲ့သည်။ သို့သော် မီးနဂါးဓား လင်းလာသည်နှင့် ကျန်းရှောင်နူလေထဲ ပေါ်ထွက်နေပြီဖြစ်လိမ့်မည်ဟု သူ မထင်ထားပေ။
***