အခန်း (၂၁)
Vol. 3 Ch. 21
အဆောက်အဦး၊ ကျားဝိညာဉ်ကို စီးနင်းလျက်၊ ချန်ကျိုးသည် အထပ်မြင့်ပေါ်မှ ခုန်ချကာ အမှောင်ထုကို ခွင်းလျက် တတိယထပ်ရှိ ကျိုးအိုက်ကော်နှင့် အခြားသူများကို ရှာဖွေလေသည်။
လူအုပ်ကြီးသည် ထောင့်တစ်နေရာတွင် တုန်ယင်စွာဖြင့် စုပြုံနေကြပြီး သူတို့၏အဆောင်လက်ဖွဲ့များသည် မလှမ်းမကမ်းရှိ လွတ်နေသော မြေကွက်လပ်ဘက်သို့ ဦးတည်နေကြသည်။
ချန်ကျိုးသည် ရှေ့သို့ ခြေလှမ်း နှစ်လှမ်း တိုးလိုက်ရာ သူ့ခန္ဓာကိုယ်သည် အတားအဆီးတစ်ခုထဲသို့ ဝင်ရောက်ပေါင်းစပ်သွားသည် ကို ခံစားလိုက်ရပြီး သူ့ မျက်လုံးများသည် သူ့ပတ်လည်တွင် လှည့်ပတ်နေသော ယင်းစွမ်းအင် အငွေ့အသက် ပါးပါးလေးကို ဝိုးတဝါး မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် လူတိုင်းကြောက်ရွံ့နေသည့်အရာကို ချန်ကျိုး မြင်လိုက်ရသည်။
အဆောက်အဦးမြေကွက်လပ်တွင် အလုပ်သမား ဦးထုပ်ဆောင်းထားသော လုပ်သားတစ်ဦးပေါ်လာပြီး သံတူကြီးတစ်ချောင်းကို အားကုန်လွှဲ၍ ရမ်းနေလေသည်။
သံတူကြီးသည် လေးလံစွာကျဆင်းသွားသော်လည်း မြေကြီးမှာ ပျက်စီးသွားခြင်းမရှိချေ။
ဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှုတွင် သံတူကိုင်ဆောင်ထားသော လုပ်သားတစ်ဦးသည် သံတူကျိုးပဲ့သွားချိန်တွင် ပွဲချင်းပြီး သေဆုံးခဲ့ဖူးရာ၊ ဤသည်မှာ သူတို့ရှေ့ရောက်နေသော ထိုသူပင်ဖြစ်ရပေမည်။
ထိုလုပ်သားသည် လူအုပ်ကြီးကို ထူးဆန်းစွာပြုံးပြလိုက်သည်။
ရုတ်တရက် သူသည် သံတူကြီးကို မြှောက်လိုက်သည်။
လက်ကိုင်ရိုး ကျိုးသွားသည်။ ထို့နောက် သံတူကြီးသည် လေထဲတွင် တစ်ဝက်လောက်လည်ထွက်သွားသည်။
ထိုသံတူသည် လုပ်သား၏ခေါင်းတည့်တည့်သို့ ပြင်းထန်စွာ ဝင်ဆောင့်မိလေသည်။
သွေးများ နေရာအနှံ့ ပေကျံကုန်သည်။
ထိုနေရာတွင် ရှိနေသူများမှာ ရှောင်တိမ်းချိန်ပင် မရလိုက်ကြပေ။
သွေးစက်များ သူ့ဘက်သို့ပန်းထွက်လာသည်ကို ချန်ကျိုး မြင်လိုက်ရသည်။
သူ နှစ်ကြိမ်ခန့်ခုန်လိုက်ပြီး ထိုသွေးစက်များကို ရှောင်တိမ်းလိုက်သည်။
ချန်ကျိုး တုန်လှုပ်နေဆဲဖြစ်ကာ သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။ သူ့အဝတ်အစားသစ်များ ညစ်ပတ်လုနီးပါး ဖြစ်သွားခဲ့ပြီ မဟုတ်ပါလော။ သို့သော် ကိစ္စကမပြီးသေးချေ။ သံတူရွှင်းပိ၍ သေဆုံးသွားသောလုပ်သားသည် တွန့်လိမ်ကာ ပြန်ထလာသည်။ သူ့ခေါင်းမှာ ကွဲကြေနေပြီး သွေးများက ခန္ဓာကိုယ်အနှံ့ စီးကျနေသဖြင့် သွေးသံရဲရဲ ပုံစံဖြစ်နေသော်လည်း လူအုပ်ကြီးကို ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးပြနေဆဲပင်။
[အခြေခံသရဲနယ်မြေ - အနီးနားရှိ သရဲတစ်ကောင်သည် ဝူပေါ်ထုံ၏ကြောက်ရွံ့မှုကိုအသုံးပြု၍ သရဲနယ်မြေတစ်ခု ဖန်တီးကာ ပြင်ပကမ္ဘာနှင့် သီးခြားဧရိယာတစ်ခုအဖြစ်ခွဲထုတ်လိုက်ပြီး ဝူပေါ်ထုံ စိတ်ထဲမှ ကြောက်ရွံ့မှုကိုပုံကြီးချဲ့ထားခြင်းဖြစ်သည်။]
ဝူပေါ်ထုံသည် လူကြောက်တစ်ယောက်လို တုန်ယင်နေပြီး ဒေါသကြောင့် မျက်နှာများ ရှုံ့မဲ့နေကာ ကျိုးအိုက်ကော်၏လက်မောင်း ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် ကျိုးအိုက်ကော်၏ အဝတ်အစားများပင် စုတ်ပြဲနေသည်ကို ချန်ကျိုးတွေ့လိုက်ရသည်။ ချန်ကျိုး ရောက်လာသည်ကို သတိထားမိလိုက်သော ကျန်းယိုယိုက စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်သည်။
"ဆရာ..!"
ဤ "ဆရာ" ဟူသော အခေါ်အဝေါ်သည် ချက်ချင်း ချန်ကျိုးကိုပိုခန့်ညားထည်ဝါသွားစေသည်။
"မကြောက်နဲ့ ငါ့တပည့်၊ မင်းဆရာ လာကယ်ပြီ"
ချန်ကျိုးသည် လုပ်သား၏အနောက်ဘက်သို့ လျှောက်သွားပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ သူ့လက်ဝါးအောက်တွင် သံတူကိုင်ထားသောလုပ်သားသည် ချက်ချင်းပျောက်ကွယ်သွားလေသည်။ လူအုပ်ကြီး၏တင်းမာနေသော စိတ်များသည် အနည်းငယ်လျော့ပါးသွားချိန်တွင် အခြားပန်းရံသမားတစ်ဦး မလှမ်းမကမ်း၌ပေါ်လာပြန်သည်။ အနီရောင်အုတ်ခဲပုံကို သယ်လာ သော ထိုပန်းရံသမားသည် လူအုပ်ကြီးကို ထူးဆန်းစွာပြုံးပြပြီး မှန်မတပ်ထားသော ပြတင်းပေါက်ဆီသို့ဖြည်းညှင်းစွာ လျှောက်သွားကာ ခုန်ချလိုက်သည်။ မကြာမီတွင် ထိုပန်းရံသမား၏ကြေမွနေသော ခန္ဓာကိုယ်သည် သူတို့မြင်ကွင်းထဲသို့ ရောက်လာသည်။
ဝူပေါ်ထုံကို ကြည့်လိုက်ရာ သူ့ မျက်နှာသည် ရှုံ့မဲ့နေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သွားများကို စေ့ထားလျက် ကျိုးအိုက်ကော် အပေါ်သို့ ခုန်တက်ချင်လောက်အောင် ကြောက်လန့်နေလေသည်။ သူ့ တပည့်ဖြစ်သူအကြည့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ကျိုးသည် ရဲရင့်စွာဖြင့် ပန်းရံသမားကို နောက်ထပ်လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်ပြန်သည်။
ဝူပေါ်ထုံစိတ်ထဲတွင် တွေးနေသည်များက တော်တော်ဆိုးရွားနေသည်။ ပန်းရံသမားကိစ္စပြီးသွားသည်နှင့် နှလုံးရောဂါဖြင့် သေဆုံး သွားသော လုပ်သားအကြောင်းကို ချက်ချင်းတွေးမိလိုက်သည်။ ထိုလုပ်သားသည် မြေကြီးပေါ်တွင်လဲလျောင်းကာ တက်နေပြီး မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည့် ဒွါရခုနစ်ပေါက်မှ သွေးများစီးကျနေသည်။ လူအုပ်ကြီးသည် ကြောက်ရုံသာမကတော့ဘဲ ပို၍ နားမလည်နိုင်အောင်ဖြစ်လာကြသည်။ ဘာကြောင့် သူတို့အားလုံးသေဆုံးကုန်ကြရသနည်း။ ချန်ကျိုးသည် နှလုံးရောဂါဖြင့် သေဆုံးသွားသောလုပ်သားကို လျစ်လျူရှုလိုက်ပြီး ဝူပေါ်ထုံကိုလက်ညှိုးဖြင့် လှမ်းခေါ်လိုက်သည်။
"ဒီကိုလာခဲ့"
ထိုအရာကိုမြင်လိုက်ရသောအခါ ဝူပေါ်ထုံသည် ရှေ့သို့ မတိုးရဲရုံသာမက နောက်သို့ပါ ဆက်တိုက် ဆုတ်နေလေသည်။ ချန်ကျိုး သည် လူအုပ်ထဲတွင်ပုန်းနေသော ဝူပေါ်ထုံကိုဆွဲဖမ်းလိုက်သည်။ စကားတစ်ခွန်းမျှ မဆိုဘဲ ဖြောင်း ခနဲမြည်အောင် ဝူပေါ်ထုံ ပါးကို ရိုက်ချလိုက်သည်။ သူတို့ပတ်လည်ရှိလှည့်စားမှု ပုံရိပ်ယောင် အားလုံးပျောက်ကွယ်သွားလေသည်။ ဝူပေါ်ထုံသည် မျက်နှာကို အုပ်လျက် လုံးဝကြောင်အမ်းအမ်း ဖြစ်သွားရသည်။
လူအုပ်ကြီးသည် တစ်စုံတစ်ခုကိုဝိုးတဝါး နားလည်သွားပုံရသည်။ ထိုအချိန်တွင် ချန်ကျိုးစိတ်ထဲရှိ မြေပုံပေါ်၌ သူတို့နှင့် မလှမ်း မကမ်းတွင် အနီရောင်အစက်ကလေး တစ်စက်ပေါ်လာသည်။ သူသည် ခေါင်းကိုရုတ်တရက်လှည့်လိုက်ပြီး ထိုအနီရောင် အစက် ကလေးရှိရာဘက်သို့ကြည့်လိုက်သည်။ ဆံပင်ရှည်နှင့် သရဲမတစ်ကောင်သည် ဘိလပ်မြေတိုင်လုံးဘေးတွင် ရပ်နေလေသည်။
ချန်ကျိုး၏အကြည့်နှင့် ဆုံသည်နှင့် သရဲမသည် အဝေးသို့လျှပ်ခနဲထွက်ပြေးသွားသည်။
"သရဲမလေး.. သူ့ကို တားလိုက်စမ်း"
ချန်ကျိုး အမိန့်ပေးလိုက်သည်။ သရဲမလေးပေါ်လာပြီး ထွက်ပြေးနေသော သရဲမကိုပိတ်ဆို့လိုက်သည်။ ထိုသရဲမလေးသည် အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူ့ ခန္ဓာကိုယ်မှ အနက်ရောင်အော်ရာများ ထွက်ပေါ်နေသည်။ ဆံပင်ရှည်နှင့် သရဲမ မည်သည့်နေရာသို့ ပြေးသည်ဖြစ်စေ သရဲမလေးသည် သူမ ဆုတ်ခွာလမ်းကြောင်းကို တိကျစွာပိတ်ဆို့နိုင်လေသည်။ အကြိမ်ကြိမ် မောင်းထုတ်ခံရပြီးနောက် ဆံပင်ရှည်နှင့် သရဲမသည် ချန်ကျိုးရှေ့မှောက်သို့ ရောက်လာရသည်။
[မတရားသေဆုံးခဲ့ရသော ဝိညာဉ် - ဒုတိယအဆင့် လက်စားချေလိုသော သရဲ(အစောပိုင်းအဆင့်)၊ ကားတိုက်မှုဖြင့် သေဆုံးခဲ့ပြီး လူဝင်စားရန် ကိုယ်စားပြုမည့်သူကိုရှာဖွေနေကာ ယစ်မျက်ဝန်းတွင် ပိတ်မိနေသည်။]
ထိုသရဲမသည် မျက်နှာကို ဖုံးအုပ်ထားသော ဆံပင်ရှည်များ ရှိပြီး ဖိနပ်မပါဘဲ သွေးကွက်များ ပေကျံနေသော အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသည်။ ထွက်ပေါက် မရှိတော့သည်ကို မြင်လိုက်ရသောအခါ သရဲမသည် သူ့ ယင်းစွမ်းအင်များကို စုစည်းပြီး ခြေထောက်များကို မြေကြီးပေါ်မှ ဖြည်းညှင်းစွာကြွလိုက်သည်။ ချန်ကျိုးသည် သရဲမခေါင်းကို ရိုက်ချလိုက်ရာမြေကြီးပေါ်မှ သုံးလေးစင်တီမီတာလောက်သာ ကြွရသေးသော သူမကို အောက်သို့ ပြန်ဖိချလိုက်သလို ဖြစ်သွားသည်။ သရဲတွေမှာ သိက္ခာဆိုတာ မရှိဘူးလား။
သရဲမသည် သူမ ဖြူဖျော့ဖျော့လက်ကို ဆန့်ထုတ်လိုက်ပြီး ချန်ကျိုးလည်ပင်းကို တင်းကြပ်စွာညှစ်ကာ သူ့ကို မလိုက်ရန်ကြိုးစား သည်။ သူ ကြိုးစားကြည့်သည်! သူ သူ့ကိုမနိုင်ပေ။ သူမသည် လက်နှစ်ဖက်စလုံးဖြင့် ချန်ကျိုး၏လည်ပင်းကိုညှစ်ပြီး ထပ်ကြိုးစား ကြည့်ပြန်သည်! ထပ်ပြီး မနိုင်ပြန်ပေ။ ချန်ကျိုး လက်လှမ်းလိုက်ပြီး သရဲမ၏ချိုင်းအောက်ကို ကလိထိုးလိုက်သည်။
"ခိခိ"
သရဲမသည် ရယ်မောလိုက်ပြီး သူ့ လက်ကိုပြန်ရုတ်လိုက်သည်။ ထိခိုက်ဒဏ်ရာရမှုက မများသော်လည်း စော်ကားမှုကတော့ အလွန် ပြင်းထန်လှသည်။ ငါက သရဲလေ! ငါက ဘယ်လိုလုပ် ရယ်မိသွားရတာလဲ။ ဒါက လုံးဝ ရှက်စရာကောင်းလိုက်တာ။ ချန်ကျိုးသည် သရဲမ၏ မျက်နှာရှေ့မှ ဆံပင်များကို လှန်တင်လိုက်သည်။ သွေးထွက်သံယို မရှိ၊ ကြောက်စရာလည်း မကောင်းပေ။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးသည် သေသပ်လှပသော အသွင်အပြင်များနှင့် နက်မှောင်သော မျက်ဝန်းတို့ဖြင့် ဖွဲ့စည်းထားရာ အသက်ရှင်စဉ်က ရင်သပ်ရှုမောဖွယ်အလှပဂေးတစ်ဦးဖြစ်ခဲ့မှာ သေချာသည်။
အနည်းငယ်လွဲနေသည်မှာ သရဲမ၏မျက်လုံးများသည် ဘယ်ညာ အနည်းငယ်စွေစောင်းနေသဖြင့် သူမကို အနည်းငယ်တုံးအအနှင့် ချစ်စရာကောင်းသော ပုံစံပေါက်နေစေခြင်းဖြစ်သည်။ ချန်ကျိုးသည် သရဲမမျက်နှာနားသို့ နှာခေါင်းချင်း ထိလုနီးပါးကပ်သွားသည်။ သရဲမသည် တံတွေးကိုအကြီးအကျယ်မျိုချလိုက်ပြီး သူမ ဆံပင်ကိုပြင်လိုက်သည်။
"ဘာကြည့်နေတာလဲ.. ရှင်တို့ကို သတိပေးလိုက်မယ်၊ အခု ထွက်သွားကြ၊ မဟုတ်ရင် အကုန်သေလိမ့်မယ်"
ချစ်စရာအကောင်းဆုံးအသံလေးဖြင့် ရက်စက်သောစကားများကို သူမ ပြောလိုက်သည်။ သရဲမ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး နောက် ကျိုးအိုက်ကော်က သူမ မည်သည့်အန္တရာယ်မှ ပေးနိုင်မည်မထင်ပေ။ သူသည် ယင်းစွမ်းအင်ထောက်လှမ်းကိရိယာကို သူမအနားသို့ကပ်လိုက်သော်လည်း ဘာမျှထောက်လှမ်းမရပေ။ ဤသည်မှာ မည်သူ့ကိုမျှ အန္တရာယ်ပေးခဲ့ဖူးသော သရဲတစ်ကောင် နှင့်မတူပေ။ သူမ သရဲအငွေ့အသက် လုံးဝမရှိပေ။ ဟိုသရဲမလေးကို ကြည့်လိုက်ပါ၊ သူ အတည်ပေါက်ဖြစ်နေချိန်တွင် မျက်လုံးများ ကသွေးရောင်လွှမ်းနေပြီး ကြည့်မိသူတိုင်းကိုထိတ်လန့်သွားစေနိုင်သည်။ ဝူပေါ်ထုံသည် ဘယ်ကသတ္တိတွေ ရလာမှန်းမသိဘဲ လက်ညှိုးထိုးကာ သရဲမအား တို့ကြည့်လိုက်ပြီးနောက် ကြောက်လန့်တကြား အမြန်ပြန်ရုတ်လိုက်သည်။
[သတိပေးချက်! ယစ်မျက်ဝန်းမှ ဖိနှိပ်ထားသောသရဲသည် လှုပ်ရှားလာပြီဖြစ်သည်။ ကျေးဇူးပြု၍ အမြန်ဆုံးထွက်ခွာပါ။]
"ရှင်တို့အကုန် ဒီကထွက်သွားကြ.. ထွက်သွားကြစမ်း" သရဲမက ရုတ်တရက် ဒေါသတကြီးဖြစ်သွားသည်။
သရဲမသည် အစီအရင်ထဲမှ ဝိညာဉ်တစ်ခုဖြစ်သဖြင့် အစီအရင်ထဲရှိ အပြောင်းအလဲများကို အာရုံခံလိုက်နိုင်သည်။
ချန်ကျိုးသည် ပြတင်းပေါက်ဆီသို့ ပြေးသွားရာ သူ့ မျက်ဝန်းထဲ ယစ်မျက်ဝန်း၏ပုံရိပ်ထင်ဟပ်နေပြီး ထိုအစီအရင်၏ အလယ်ဗဟိုတွင် မသိမသာလှုပ်ရှားနေလေသည်။ သရဲမသည် တစ်ချိန်ချိန်ကတည်းက ချန်ကျိုးဘေးသို့ ရောက်နေပြီး သူ့လက်မောင်းကိုဆွဲထားသည်။
"အဲဒီအကောင် နိုးလာလို့မဖြစ်ဘူး၊ ရှင်တို့အကုန် ထွက်သွားကြပါ"
သရဲမအသံသည် တောင်းပန်သံနှင့်တူနေသည်။
"ဘယ်သူက နိုးချင်လို့လဲ"
ကျိုးအိုက်ကော် နားမလည်စွာဖြင့်မေးလိုက်ပြီး ချန်ကျိုးကြည့်နေသည့် ဘက်သို့လှမ်းကြည့်လိုက်သည်။ ကျိုးအိုက်ကော်၏ သာမန်မျက်စိဖြင့် ကြည့်လျှင် အရာအားလုံးပုံမှန်အတိုင်းပင်။
"အောက်မှာ ဖိနှိပ်ချုပ်နှောင်ခံထားရတဲ့ အကောင်လေ၊ ငါ့ရဲ့ ပြိုင်ဘက်အစစ်ပေါ့" ချန်ကျိုး စိတ်လှုပ်ရှားစွာပြောလာသည်။
ဖိနှိပ်ချုပ်နှောင်ထားတယ် ဟုတ်လား ?
ကျိုးအိုက်ကော် လုံးဝကြောင်သွားသည်။
လှေကားခွင်ထဲသို့ လေအေးတစ်ချက်ဖြတ်တိုက်သွားပြီး တဝေါဝေါ မြည်သံထွက်ပေါ်လာသည်။
သရဲမသည် ကြောင်အမ်းအမ်း ဖြစ်နေသော လူအုပ်ကြီးကိုကြည့်လိုက်သည်။
"အဲဒီအကောင်ကို ပူဇော်ဖို့ လူတစ်ယောက်ရွေးပေးရမယ်၊ မဟုတ်ရင် အကုန်သေကုန်လိမ့်မယ်"
လူအုပ်ကြီးသည် ခေါင်းဆောင် ကျိုးအိုက်ကော်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။
ကျိုးအိုက်ကော်က ဘာသိလို့လဲ။
စိတ်ရောဂါသည် တစ်ယောက်ရယ်၊ သရဲတစ်ကောင်ရယ်။
ဘယ်တစ်ယောက်ကို မေးနေတာလဲ။
လူတိုင်း၏ လုံခြုံရေးအတွက် ကျိုးအိုက်ကော် ဆုံးဖြတ်လိုက်သည်။
"အရင်ဆုတ်ကြမယ်"
ပြတင်းပေါက်နားတွင် ရှိနေသော ချန်ကျိုးသည် လေထဲသို့ ခုန်တက်လိုက်သည်။
"ဘုရားသခင်ရဲ့ စီရင်ချက်ကို ခံယူလိုက်စမ်း.. အော်စတာ..!"
ကျိုးအိုက်ကော် လှည့်ကြည့်လိုက်သော်လည်း ပြတင်းပေါက်နားတွင် ရပ်နေခဲ့သော ချန်ကျိုး မရှိတော့ပေ။ အသံလာရာ နေရာက အောက်ဘက်သို့ ကျဆင်းသွားလေပြီ။
သုံးထပ်မြောက်ကနေလား ?
သူ ခုန်ချလိုက်တာလား ?
အော်စတာဆိုတာကော ဘယ်သူလဲ ?