← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

လူတိုင်း ပြတင်းပေါက် နှုတ်ခမ်းဆီသို့ အပြေးအလွှား ရောက်သွားကြပြီး ချန်ကျိုးအခြေအနေကို စစ်ဆေးရန် အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။

ချန်ကျိုးသည် ညာဘက်လက်ကို ခြေထောက်နှင့် တစ်တန်းတည်းထားလျက်၊ ဘယ်ဘက်လက်ကို အမြင့်သို့ ထောင်ထားကာ ဒူးတစ်ဖက်ထောက် အနေအထားဖြင့် အောက်သို့ ကျဆင်းသွားလေသည်။

[System Bonus: ဗုဒ္ဓလက်ဝါး ]

ဝုန်းးး!

မြေပြင်သည် ရုတ်တရက် ချိုင့်ဝင်သွားပြီး ချန်ကျိုး ပတ်လည်တွင် ဖုန်လုံးကြီးများအူထွက်လာသည်။

ကျိုးအိုက်ကော် ရှိနေသည့် အဆောက်အဦးမှာ တုန်ခါသွားပြီးနောက် မျက်စိရှေ့တွင် မမြင်ရလောက်အောင် ဖုန်လုံးကြီးများက သူတို့ကို လွှမ်းခြုံသွားလေသည်။

ဖုန်လုံးများ ငြိမ်သက်သွားသောအခါ လက်ဝါးရာအကြီးကြီးတစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာပြီး ထိုလက်ဝါးရာ၏ အလယ်ဗဟို တွင် မည်းနက်နေသော တွင်းပေါက်ကြီးတစ်ခုဖြစ်ပေါ်နေလေသည်။

"ဒီတွင်းကြီးက...?"

ဝူရွှမ်ချီ မျက်လုံးများ ပြူးကျယ်လျက် အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။

"ဒါ... ဒါက ချန်ကျိုးလက်ချက်ကြောင့် ဖြစ်သွားတာလား"

ဝူပေါ်ထုံ စကားထစ်နေပြီး ချန်ကျိုးအပေါ်အထင်ကြီးလေးစားမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

"ငါ့ဆရာ ဘယ်ရောက်သွားလဲ"

ကျန်းယိုယိုသည် ထိုတွင်းကြီးထဲတွင် ချန်ကျိုးအားရှာမတွေ့ပေ။

"မြန်မြန်... မြန်မြန် ဆင်းကြည့်ကြရအောင်"

ကျိုးအိုက်ကော် အလျင်အမြန် တိုက်တွန်းလိုက်သည်။

လူတိုင်း အောက်ထပ်သို့ ပြေးဆင်းသွားကြပြီး တွင်းကြီးနားသို့ ရောက်သောအခါ ထိုတွင်းကြီးထဲတွင် ခေါင်းတလား ကိုးလုံး ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ကြေးခေါင်းတလားကြီး တစ်လုံးကို ဝန်းရံလျက် ခေါင်းတလား ရှစ်လုံးသည် "ပါကွာ" (Bagua - ဗေဒင်ကိန်းခန်း ရှစ်ကွက်) ပုံစံဖြင့် နေရာယူထားကြပြီး သံကြိုးများဖြင့် ချိတ်ဆက်ထားလေသည်။ ခေါင်းတလားရှစ်လုံး၏ သက်ဆိုင်ရာ နေရာအသီးသီးတွင် ထူးဆန်းသော သင်္ကေတများရေးထိုးထားသည့် အနက်ရောင်ကျောက်တုံးတစ်တုံးစီရှိနေသည်။

"ဆရာ... ဆရာရေ!!!"

ကျန်းယိုယို တွင်းနှုတ်ခမ်းဝမှနေ၍ စိုးရိမ်တကြီးလှမ်းအော်လိုက်သည်။

"အဟွတ် အဟွတ်!"

ချန်ကျိုးသည် တွင်း၏ထောင့်တစ်နေရာမှ ချောင်းဆိုးလျက် ဖုန်မှုန့်များကြားမှ တွားသွားကာ ထွက်လာသည်။ သူ့တစ်ကိုယ်လုံးတွင် ရွှံ့များနှင့် အညစ်အကြေးများ ပေကျံနေသည်။

ချန်ကျိုး မျက်နှာပေါ်မှ ဖုန်များကို သုတ်လိုက်ပြီးနောက် ခေါင်းတလားကြီး ကိုးလုံးကို ချက်ချင်းမြင်သွားသည်။

"ဟေ.. အနက်ရောင် သေတ္တာကြီးတွေ အများကြီးပါလား"

ချန်ကျိုးသည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြီး စစ်ဆေးရန် ပြင်လိုက်သည်။

"သုန်းသုန်းယောင်.. မလှုပ်နဲ့"

ကျိုးအိုက်ကော်က အော်ဟစ်လိုက်ပြီး တွင်းနှုတ်ခမ်းဝမှ လျှောဆင်းလိုက်ရာ နှစ်ပတ်လောက် လိမ့်သွားပြီး ခေါင်းတလားများ ဘေးသို့ ကျလုနီးပါး ဖြစ်သွားသည်။

ကျိုးအိုက်ကော်သည် ကုန်းရုန်းထလိုက်ပြီး ခေါင်းတလားများနှင့် အနက်ရောင် ကျောက်တုံးပေါ်ရှိ သင်္ကေတများကို ကြည့်လိုက်ရာ ကျောချမ်းသွားလေသည်။

"သုန်းသုန်းချီ.. မင်း ဘာဖြစ်နေတာလဲ"

ချန်ကျိုး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ကျိုးအိုက်ကော်သည် ချန်ကျိုးလက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး နဖူးမှ ချွေးများနှင့် ဖုန်များ စီးကျနေလျက် စကားထစ်ထစ်ဖြင့် ပြောလိုက်သည်။

"ချန်ကျိုး.. သွား.. မြန်မြန်သွားရအောင်..."

ချန်ကျိုး စဉ်းစားလိုက်သည်။ ကျိုးအိုက်ကော် အလျင်လိုနေပုံကို ကြည့်ရသည်မှာ ဒီအထဲတွင် တော်တော်မိုက်တဲ့ရတနာသိုက် ရှိနေပုံရသည်။

တီဗီဇာတ်လမ်းတွဲတွေထဲမှာဆိုရင် ရတနာရှာသူတွေက ဂူကြီးတစ်ခုထဲဝင်သွားကြမယ်။ အဲဒီဂူထဲမှာ ရွှေတွေ ငွေတွေ အပြည့်ထည့်ထားတဲ့ သေတ္တာကြီးတွေ အများကြီးရှိနေတတ်တယ်။

ဒီသေတ္တာတွေက ဇာတ်လမ်းထဲက သေတ္တာတွေထက်တောင်ပိုကြီးနေသေးတယ်။ ဒါဆို ရတနာတွေက ပိုလို့တောင်များဦးမယ်။

"မင်းလို ကောင်စုတ်လေးက ဒီသေတ္တာတွေအကုန်လုံးကို တစ်ယောက်တည်းသိမ်းချင်နေတာ မဟုတ်လား" သူ တွေးလိုက်သည်။

"ငါ ဘာလို့ သွားရမှာလဲ"

"ငါရှာတွေ့တဲ့ ရတနာပဲ.. ဒါ ငါတစ်ယောက်တည်း ပိုင်တာ"

"ငါ မသွားဘူး! ဘာကိစ္စ သွားရမှာလဲ.. ငါရှာတွေ့ထားတဲ့ ရတနာက ငါ့ဟာပဲ!"

ချန်ကျိုးသည် ကျိုးအိုက်ကော်လက်ကို တွန်းဖယ်လိုက်ပြီး ခေါင်းတလားကို ဖက်ထားလိုက်သည်။

ကျိုးအိုက်ကော်က တုန်တုန်ယင်ယင်ဖြင့် ပြောသည်။

"ဒုက္ခပါပဲ.. ဒါ ရတနာသိုက် မဟုတ်ပါဘူး! ဒါ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ယစ်မျက်ဝန်းအစီအရင်ဟ..."

"ငါ သိတယ်.. ဒါလည်း ငါ့ဟာပဲ"

ကျိုးအိုက်ကော် ဘာပြောပြော ချန်ကျိုးကမူ ထိုခေါင်းတလားကြီးများအား ရတနာသေတ္တာကြီးဟု တထစ်ချ မှတ်ယူလိုက် လေသည်။

သို့သော် ယစ်မျက်ဝန်းအစီအရင်ဆိုသော စကားလုံးကြောင့် ဝူပေါ်ထုံ၊ ဝူရွှမ်ချီ၊ ကျန်းယိုယိုနှင့် အခြားသူများ၏ မျက်နှာထက် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လာကြသည်။

လွန်ခဲ့သောသုံးနှစ်ခန့်က သရဲစွမ်းအင်များ ပြန်လည် နိုးထလာပြီး ဒဏ္ဍာရီလာသရဲသတ္တဝါများသည် ကမ္ဘာအနှံ့ ပေါ်ပေါက်လာခဲ့ ကြသည်။

ကံကောင်းသည်မှာ လူသားများအကြားတွင် စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိနေဆဲဖြစ်ပြီး နိုင်ငံအသီးသီးမှလည်း ကမ္ဘာအနှံ့ ပေါ်ပေါက် လာသော သရဲများကိုနှိမ်နင်းရန်အတွက် သရဲနှင်အရာရှိများနှင့် ဝိညာဉ်နှိမ်နင်းရေးဌာနများကိုအသီးသီး ဖွဲ့စည်းခဲ့ကြသည်။

သရဲစွမ်းအင်ပြန်လည် နိုးထလာမှုသည် ကမ္ဘာကြီးအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သော်လည်း နေထွက်လာချိန်တွင် သရဲများ ပျောက်ကွယ်သွားတတ်သဖြင့် လူသားတို့ဘဝသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ခဲ့သည်။

သို့သော် သရဲစွမ်းအင် နိုးထလာမှုသည် အခြားမမျှော်လင့်ထားသော ဘေးအန္တရာယ်များကိုလည်း ဆောင်ကြဉ်းလာခဲ့သည်။

ထိုအထဲတွင် နာမည်အဆိုးဆုံးမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းပင်။

ကောင်းကင်နတ်ဆိုးဂိုဏ်းကို အဓိကအားဖြင့် မိစ္ဆာကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားပြီး သူတို့အတွက်မူ သရဲစွမ်းအင် ပြန်လည်နိုးထ လာခြင်းသည် သူတို့၏ စွမ်းအားကို တိုးမြှင့်ရန် အခွင့်ကောင်း တစ်ရပ်ပင်။

သူတို့သည် သာမန်လူများကို ယစ်ပူဇော်ပြီး သရဲများနှင့် သဘောတူညီချက်များပြုလုပ်ကာ ၎င်းတို့ စွမ်းအားကိုတိုးမြှင့်ကြသည်။

လွန်ခဲ့သောတစ်နှစ်ခန့် ကောင်းကင်နတ်ဆိုးဂိုဏ်းသည် ယွမ်ရှင်းမြို့ တွင် ယစ်ပူဇော်ပွဲပြုလုပ်ခဲ့ပြီး သရဲလောကမှ နတ်ဆိုးဘုရား တစ်ပါးကို ဆင့်ခေါ်ခဲ့သည်။ တစ်ညတည်းနှင့် ယွမ်ရှင်းမြို့ရှိ လူပေါင်း သုံးသိန်းစလုံးသေဆုံးခဲ့ရသည်။

နောက်ပိုင်း စုံစမ်းစစ်ဆေးချက်များအရ ထိုယစ်ပူဇော်သည့် အစီအရင်ကို ယစ်မျက်ဝန်းဟုခေါ်ကြောင်း သိရှိခဲ့ရသည်။

ယစ်မျက်ဝန်းအစီအရင်တွင် ပင်မအစီအရင် ရှစ်ခုရှိပြီး တစ်ခုစီတွင် ခေါင်းတလား ကိုးလုံးပါဝင်သည်။

ခေါင်းတလားရှစ်လုံးကို အရပ်ရှစ်မျက်နှာဖြစ်သော အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အရှေ့တောင်၊ အနောက်တောင်၊ အနောက်မြောက်နှင့် အရှေ့မြောက်ဟူသော "အိုင်ချင်း" ၏ ဂြိုလ်ရှစ်ခွင် (Qian, Kun, Zhen, Xun, Kan, Li, Gen, Dui) နှင့် ကိုက်ညီအောင် ထားရှိထားသည်။

ဤခေါင်းတလား ရှစ်လုံးထဲတွင် အနည်းဆုံး ရက်စက်သောဝိညာဉ်အဆင့်ရှိသည့် သရဲများကို ထည့်သွင်းထားပြီး သူတို့၏ ယင်းစွမ်းအင်ကို အသုံးပြုကာ ယင်းစွမ်းအင်စုစည်းသည့်အစီအရင်ပြုလုပ်၍ ကိုးလုံးမြောက် ခေါင်းတလားထဲရှိ သရဲကို အားဖြည့်ပေးခြင်းဖြစ်သည်။

ဤ ကိုးလုံးမြောက် ခေါင်းတလားသည် ယစ်မျက်ဝန်းအစီအရင်၏ဗဟိုချက်မဖြစ်ပြီး အနည်းဆုံး နတ်ဆိုးဝိညာဉ်အဆင့် ရှိသော သရဲတစ်ကောင် ပါဝင်နေသဖြင့် သူတို့လက်ရှိစွမ်းရည်ဖြင့် ယှဉ်နိုင်စွမ်းထက်များစွာ ကျော်လွန်နေလေသည်။

ချန်ကျိုး၏လောဘတက်နေသော မျက်နှာကိုမြင်လိုက်ရသဖြင့် ကျိုးအိုက်ကော်သည် ရှေ့တိုးကာ သူ့ကို အတင်းဆွဲခေါ်လိုက်ပြီး တွင်းပေါ်သို့ လှမ်းအော်လိုက်သည်။

"ဝိညာဉ်နှိမ်နင်းရေးဌာနကို မြန်မြန် ဆက်သွယ်လိုက်!"

တွင်းပေါ်ရှိ သရဲနှင်အရာရှိများသည် ဝိညာဉ်နှိမ်နင်းရေးဌာနသို့ ချက်ချင်း ဆက်သွယ်ရန် သူတို့၏ ဖုန်းများကို ထုတ်လိုက်ကြသည်။

"နေဦး.. ဘာလို့ ဖုန်းလိုင်း မမိတာလဲ"

"ငါ့ဖုန်းလည်း လိုင်းမမိဘူး"

"ခုနကတင် လိုင်းမိနေသေးတယ်လေ"

သရဲနှင်အရာရှိများသည် ဖုန်းများကို မြှောက်ကိုင်ထားရင်း ပြောလိုက်ကြသည်။

လူတိုင်း ဖုန်းလိုင်းမမိသည့် ကိစ္စကို အံ့သြနေစဉ်မှာပင် တွင်းထဲရှိ ခေါင်းတလားများစတင်၍ အနည်းငယ် တုန်ခါလာသည်။

တုန်ခါမှုကို ခံစားလိုက်ရသဖြင့် ကျိုးအိုက်ကော်သည် ကြောက်လန့်တကြား မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။

ခေါင်းတလားကို ဖက်ထားသော ချန်ကျိုးသည်လည်း ခေါင်းတလား လှုပ်ရှားမှုနှင့်အတူ လိုက်ပါ တုန်ခါနေသည်။

ချန်ကျိုးသည် ထထိုင်လိုက်ပြီး လက်ကို နောက်ပစ်ကာ ခေါင်းတလား အဖုံးကို နှစ်ချက်ခေါက်လိုက်သည်။

တုန်ခါမှုသည် ပိုမို ပြင်းထန်လာပြီး ခေါင်းတလားများကြားရှိ သံကြိုးများသည် ဂလန် ဂလောင်မြည်ကာ ရိုက်ခတ်ကုန်သည်။

ချန်ကျိုးသည် ခေါင်းတလားပေါ်တွင် ထိုင်နေရာမှ ကိုယ်ကိုကိုင်းလိုက်ပြီး ခေါင်းတလား အဖုံးနှင့် ကိုယ်ထည်ကြားရှိ ဟနေသော နေရာမှတဆင့် အတွင်းသို့ ချောင်းကြည့်လိုက်သည်။

အရမ်းကျပ်နေတယ်။

သူ ဘာမှ မမြင်ရပေ။

ဝုန်း ခနဲ အသံနှင့်အတူ ခေါင်းတလား ရှစ်လုံးစလုံး၏အဖုံးများသည် အတွင်းမှ တွန်းကန်အားကြောင့် ပွင့်ထွက်သွားပြီး သံကြိုးများ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်းကွဲကြေသွားလေသည်။

ခေါင်းတလား အဖုံးတစ်ခုကို ကိုင်ထားသော ချန်ကျိုးသည် ကျောက်ပြားပေါ်သို့ လွင့်စင်ကျသွားသည်။

တွင်းတစ်ခုလုံးသည် ပြင်းထန်သော အပုပ်နံ့နှင့်အတူ သရဲစွမ်းအင်များ ဖုံးလွှမ်းသွားလေသည်။

"သုန်းသုန်းယောင်.. သုန်းသုန်းယောင် ဘယ်မှာလဲ"

တွင်းထဲရှိ ကျိုးအိုက်ကော်သည် ထိတ်လန့်သွားသည်။ အနက်ရောင် အငွေ့အသက်များသည် ထူပြောလွန်းသဖြင့် ဘာမှ မမြင်ရတော့ချေ။

System မှ ဖွင့်ပေးထားသော တတိယမျက်လုံးအစွမ်းကြောင့် ချန်ကျိုးသည် ကျောက်ပြားအောက်မှ တွားသွား ထလိုက်ပြီး လက်ထဲရှိ ခေါင်းတလား အဖုံးကိုလွှတ်ချကာ ခေါင်းတလားကြီးများကို လည်ပင်းဆန့်၍ကြည့်လိုက်သည်။

ခေါင်းတလားကြီး ရှစ်လုံးထဲတွင် အလောင်းကောင် ရှစ်လောင်းမတ်တပ်ရပ်နေသည်။

ဤအလောင်းကောင် ရှစ်လောင်းသည် အရပ်နှစ်မီတာကျော် ရှည်ပြီး ကိုယ်လုံးတီး ဖြစ်နေကာ ကြီးမားသော အရိုးများရှိသည်။ ခန္ဓာကိုယ်ကို အနက်ရောင်အရေပြားတစ်လွှာ ဖုံးအုပ်ထားပြီး နံရိုးတစ်ချောင်းချင်းစီကို အထင်းသားမြင်နေရကာ ခေါင်းပေါ်တွင် အဖြူရောင် ဆံပင်ရှည်အနည်းငယ်သည် လေထဲတွင်ယိမ်းနွဲ့နေသည်။

[(သွေ့ခြောက်နေသော အလောင်းကောင်) - တတိယအဆင့် လက်စားချေလိုသော သရဲ (နောက်ဆုံးအဆင့်)။ သေဆုံးပြီး နောက် အလောင်းကို ပြုပြင်မွမ်းမံပြီး ယင်းစွမ်းအင် အားကောင်းသောနေရာတွင် မြှုပ်နှံကာ အားဖြည့်ထားသည်။ ယခင်က ကောလာဟလများအရ အလောင်းကောင်ကို ယင်းစွမ်းအင် အားကောင်းသော နေရာတွင် ထား၍ အားဖြည့်ခြင်းသည် နှစ်ပေါင်း တစ်ထောင်တိုင် မပျက်မစီး တည်ရှိနိုင်စေပြီး ဝိညာဉ်ကို ပြည့်စုံလာစေကာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်နိုင်စေသည်ဟု ဆိုကြသည်။]

ခေါင်းတလား အစွန်းတွင် ထိုင်နေသော ကျိုးအိုက်ကော်မျက်လုံးများသည် ယင်းစွမ်းအင်များ ဖုံးလွှမ်းသွားသဖြင့် မမြင်ရတော့ပေ။ သူသည် တွင်းထဲသို့လက်လှမ်းလိုက်ပြီး ခေါင်းတလား နံရံတစ်လျှောက် စမ်းသပ်ကြည့်လိုက်သည်။

သူ့အမှတ်ရမှုအရ ချန်ကျိုးသည် ခေါင်းတလားပေါ်တွင် လဲလျောင်းနေခဲ့သည်။

ခဏကြာတော့ ခေါင်းတလား အပေါက်ဝသို့ ရောက်သွားပြီး လေထဲသို့ လက်လှမ်းလိုက်သည်။

အလောင်းကောင် တစ်ကောင်၏ခြေထောက်ကို သူ သွားထိမိလိုက်သည်။

"သုန်းသုန်းယောင်.. မင်းလား"

ကျိုးအိုက်ကော်သည် အလောင်းကောင်ခြေထောက်ကို ဆုပ်ကိုင်ပြီး ညှစ်ကြည့်လိုက်သည်။

ခြောက်သွေ့နေသော အသား

သူ ညှစ်လို့ မရပေ

"အာ.. ဒါ ဘာကြီးလဲ"

ကျိုးအိုက်ကော်သည် အလွန်ကြောက်လန့်သွားပြီး နောက်သို့ နှစ်လှမ်းဆုတ်လိုက်ရာ ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်ပြီး ဖင်ထိုင်လျက်လဲကျသွားလေသည်။

All Chapters