အခန်း (၂၃)
Vol. 3 Ch. 23
ကျိုးအိုက်ကော်နှင့် အနီးဆုံးရှိ သွေ့ခြောက်နေသော အလောင်းကောင်သည် ဘေးရှိ ခေါင်းတလား အဖုံးတစ်ခုကို ကန်ထုတ်လိုက်သည်။
ထို့နောက် ကျိုးအိုက်ကော် အနားသို့ ဖြည်းညှင်းစွာ ကပ်လာပြီး သူ့လည်ပင်းကို ကြက်ကလေးတစ်ကောင်နှယ် ဖမ်းကိုင်ကာ ဆွဲမလိုက်သည်။
အပုပ်နံ့များထွက်နေသော ပါးစပ်ကြီးကိုဟလျက် ကျိုးအိုက်ကော်၏အသက်စွမ်းအင်များကို စုပ်ယူလေသည်။
လေထဲတွင် မြောက်နေသော ကျိုးအိုက်ကော်ခြေထောက်များသည် ယက်ကန်ယက်ကန် ဖြစ်နေသည်။ အလောင်းကောင်၏ စုပ်ယူမှုကြောင့် သူ့ခေါင်းတစ်လုံးကိုက်ခဲလာပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ် ကွဲထွက်သွားမတတ် ခံစားနေရကာ စိတ်ဝိညာဉ်များ ကစဉ့်ကလျား ဖြစ်ကုန်သည်။
ကျိုးအိုက်ကော် ဦးခေါင်းနှင့် ခြေလက်များသည် ရုန်းကန်နေရသလို သူ၏ ဝိညာဉ် ၃ ပါးနှင့် စိတ်ဝိညာဉ် ၇ ပါး တို့သည်လည်း လေးကန်စွာဖြင့် လိုက်ပါလှုပ်ရှားနေရသည်။
ဤအခြေအနေသည် သူရှုံးနိမ့်မည်ကို ကြိုသိနေသော်လည်း ဆက်လက် ရုန်းကန်နေရသည့် အားမမျှသော လွန်ဆွဲပွဲတစ်ခုနှင့် တူနေသည်။
ရုန်းကန်နေရင်း ကျိုးအိုက်ကော်တစ်စုံတစ်ခုကို သတိရသွားသည်။ သူသည် သွားကို တင်းတင်း စေ့ထားလိုက်ပြီး မထိန်းနိုင် လုနီးပါး ဖြစ်နေသော လက်ကို အားတင်း ထိန်းချုပ်ကာ အိတ်ကပ်ထဲသို့ နှိုက်လိုက်သည်။ လှုပ်ရှားနိုင်သော လက်ချောင်း နှစ်ချောင်းတည်းဖြင့် ချန်ကျိုး ရေးဆွဲပေးထားသော အဆောင်လက်ဖွဲ့ကိုဆွဲထုတ်လိုက်ပြီး အလောင်းကောင် ခန္ဓာကိုယ်နားသို့ ဖြည်းဖြည်းချင်း ကပ်လိုက်သည်။
ထိုအဆောင်စွမ်းအားသည် နှစ်တစ်ထောင် သက်တမ်းရှိ ရက်စက်သော ဝိညာဉ်အဆင့် ကျားသရဲကိုပင် ခွာပြဲ (မီတာဝက်) ခန့် နောက်ဆုတ်သွားစေနိုင်ခဲ့ရာ ယခုယစ်မျက်ဝန်းအစီအရင်မှ သရဲအပေါ်တွင်လည်း ထိုကဲ့သို့ အစွမ်းပြနိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။
အဆောင်စက္ကူပေါ်မှ ရွှေရောင် မျဉ်းကြောင်းများသည် စက္ကူပေါ်မှ ကြွတက်လာပြီး သီးခြားဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုဟင်းလင်းပြင်သည် အလောင်းကောင်ကို ခြေတစ်လှမ်း နောက်ဆုတ်သွားစေသလို ကျိုးအိုက်ကော် ကိုလည်း နောက်တစ်လှမ်းဆုတ်သွားစေသည်။
ထိုတွန်းကန်အားကြောင့် အလောင်းကောင် လက်သည်းများသည် ကျိုးအိုက်ကော်လည်ပင်းအသားများကို ကုတ်ခြစ်မိလျက်သား ဖြစ်သွားရာ လည်ပင်းတွင် ငါးချောင်းရာ ဒဏ်ရာအကြီးကြီး ဖြစ်ပေါ်လာပြီး သွေးပူများ စီးကျလာလေသည်။
အလောင်းကောင်သည် နောက်ထပ် တစ်ကြိမ်တိုက်ခိုက်ပြန်သည်။ သို့သော် အလယ်ရှိ သီးခြားဟင်းလင်းပြင်က တုံ့ပြန်လိုက် သဖြင့် အလောင်းကောင်သည် လွင့်ထွက်သွားပြီး ကျိုးအိုက်ကော်သည်လည်း တွင်းနှုတ်ခမ်းဝအထိ လွင့်စင်သွားလေသည်။
အလောင်းကောင် အသုံးပြုလိုက်သော စွမ်းအားမှာ ကြီးမားလွန်းသဖြင့် အဆောင်လက်ဖွဲ့၏တန်ပြန်သက်ရောက်မှု အားလုံးသည် အလောင်းကောင်အပေါ်သို့သာ သက်ရောက်သွားခြင်းဖြစ်သည်။
မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသော ကျိုးအိုက်ကော်သည် သူ့လည်ပင်းမှ ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ စိတ်အာရုံများသည် ကြည်လင်လိုက်၊ ဝေဝါးလိုက် ဖြစ်နေပြီး ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတိုင်းက သူ့ကို မျက်လုံးမှိတ်၍ အိပ်လိုက်ရန် တိုက်တွန်းနေကြသည်။
သို့သော် သူ အိပ်၍မဖြစ်ကြောင်း သူ့စိတ်က ကောင်းကောင်းသိနေသည်။ အကယ်၍ သူ အိပ်လိုက်ပါက သူ့ဝိညာဉ်သည် ခန္ဓာကိုယ်မှထွက်ခွာသွားလိမ့်မည်။ ဆိုလိုသည်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသွားသော အလုပ်သမားများကဲ့သို့ပင် သူ့ ဝိညာဉ်သည် ယစ်မျက်ဝန်းအစီအရင် အတွက် ပူဇော်ခံလိုက်ရခြင်းမျိုး ဖြစ်သွားပေလိမ့်မည်။
ကျိုးအိုက်ကော်ဟူသော လူတစ်ယောက် ပျောက်ကွယ်သွားပေတော့မည်။ သူ၏ မိသားစုနှင့် သူငယ်ချင်းများကို နောင်ဘဝများ အထိ ဘယ်တော့မှပြန်တွေ့ရတော့မည် မဟုတ်ပေ။
ကျိုးအိုက်ကော်၏ အခြေအနေသည် ခေါင်းတလား အစီအရင်ထဲတွင် ပိတ်မိနေသော ချန်ကျိုးကို ထိတ်လန့်သွားစေသည်။ ထိုကြောက်မက်ဖွယ်ရာ ဒဏ်ရာများကို ကိုယ်တိုင် ခံစားလိုက်ရသကဲ့သို့ ချန်ကျိုး မျက်နှာသည် ရှုံ့မဲ့နေပြီး မျက်မှောင်ကြုတ်ထား မိသည်။
ချန်ကျိုးသည် ခေါင်းတလားထဲရှိအလောင်းကောင်အနားသို့ ကပ်သွားလိုက်သည်။ မျက်လုံးဝန်းကျင်ရှိ နေရာများ လှုပ်ရှားသွား သည်ကို တွေ့လိုက်ရသည်။ မျက်လုံးလုံးပဲလား၊ ရွှံ့မည်းတွေပဲလား ဆိုတာ ခွဲခြားမရသော်လည်း ချန်ကျိုး ချက်ချင်း သတိထားမိလိုက်သည်။
သူသည် အလောင်းကောင် မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်သည်။
"လဒကောင်.. ဘာကြည့်တာလဲ"
ချန်ကျိုး လက်သီးကိုမြှောက်လိုက်သည်။
[System Buff: နတ်ဆိုးနှိမ် လက်ဝါး.. အဟွတ် အဟွတ်.. နတ်ဆိုးနှိမ် လက်သီး]
သူသည် အလောင်းကောင်၏မျက်နှာတည့်တည့်ကို ထိုးချလိုက်သည်။
ခွပ်! ခွပ်!
အလောင်းကောင်၏ မျက်နှာရိုးများ ကြေမွသွားသံထွက်ပေါ်လာသည်။
ချန်ကျိုး လက်သီးသည် အလောင်းကောင် ဦးခေါင်းခွံကိုပင် ဖောက်ထွက်သွားလေသည်။
သွေ့ခြောက်နေသော အသားခြောက်ကဲ့သို့ အလောင်းကောင်သည် ချန်ကျိုးလက်မောင်းတွင် တွဲလောင်းပါလာသည်။
ချန်ကျိုးသည် ရွံရှာစွာဖြင့် လက်ကိုပြန်ရုတ်လိုက်ပြီး အလောင်းကောင်၏အခွံကို ခွာချလိုက်သည်။
အလောင်းကောင်သည် ငြိမ်သက်စွာရပ်နေပြီး ဘယ်ညာ နှစ်ခါ ယိမ်းထိုးပြီးနောက် ဘုန်း ခနဲ လဲကျသွားလေသည်။
ချန်ကျိုးသည် အလောင်းကောင်တစ်ကောင်ကို သတ်လိုက်သဖြင့် အမုန်းတရားအများအပြားကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။
ကျန်ရှိနေသော အလောင်းကောင်အားလုံး၏လည်ပင်းရိုးများသည် ဂျွတ် ဂျွတ် မြည်လျက် ချိုးလိုက်ကြပြီး ပြိုင်တူ ရှေ့တိုးကာ ချန်ကျိုးရှိရာဘက်သို့ ဦးတည်လာကြသည်။
တွင်းတစ်ခုလုံးသည် ကျောချမ်းဖွယ်ရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး အပေါ်မှ ကြည့်လျှင် ရှင်းလင်းစွာ မြင်နေရသည်။ အလောင်းကောင်အားလုံး ချန်ကျိုးဘက်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသောအခါ အပေါ်တွင် ရှိနေသော သရဲနှင်ရဲများ သည် လက်ချင်းချိတ်လျက် တွင်းထဲသို့ဆင်းလာကြသည်။ သတ္တိအရှိဆုံး ရဲအရာရှိငါးဦးသည် ဒဏ်ရာရထားသော ကျိုးအိုက် ကော်ကို အပြင်သို့သယ်ထုတ်သွားကြသည်။ သူတို့သည် ယှဉ်နိုင်စွမ်းမရှိမှန်း သိလျက်နှင့် အသက်ကို စွန့်ကာ ဝင်ရောက်လာကြ ခြင်းဖြစ်သည်။
ကျန်ရှိနေသော အလောင်းကောင် ခုနစ်ကောင်သည် အရေခွံနှင့် အရိုးသာ ကျန်တော့သော်လည်း ဧရာမ ကိုယ်ခန္ဓာကြီးများ ဖြစ်ကြပြီး ချန်ကျိုးထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်ကြသည်။
ချန်ကျိုးသည် လုံးဝခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရသည်။
သူသည် အလယ်ဗဟိုရှိ အကြီးဆုံးကြေးခေါင်းတလားကြီး ပေါ်သို့ တက်လိုက်ရာ အလောင်းကောင်များထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်သွားလေသည်။
ခေါင်းတလားပေါ်တွင် မတ်တပ်ရပ်လျက်၊ ချန်ကျိုးသည် ခါးထောက်ကာ သူ့ခြေထောက်သေးသေးလေးများကို လှုပ်ယမ်းပြ လိုက်သည်။
သူ့ လက်ချောင်းများကမူ အလောင်းကောင်တစ်ကောင်ချင်းစီကို လိုက်ထိုးပြနေသည်။
"မင်းတို့က ငါ့ကို မနိုင်တော့ မသမာနည်း သုံးချင်တာလား"
"ငါ့ကို ဝိုင်းရိုက်မလို့လား.. ဟေ့ကောင် အစုတ်ပလုတ်လေးတွေ"
"လာလေ.. ငါ့လက်ဖျားလေး တစ်ချောင်းလောက် လာထိကြည့်စမ်းပါ"
ချန်ကျိုးသည် လက်ခလယ်ထောင်ပြလိုက်ပြီး ကြေးခေါင်းတလားကြီး၏ဟိုဘက်ထိပ် ဒီဘက်ထိပ် လျှောက်သွားကာ အလောင်းကောင် ခုနစ်ကောင်လုံးကို အကြီးအကျယ်စော်ကားနေလေသည်။
အလောင်းကောင် ခုနစ်ကောင်သည် ပင်မ ခေါင်းတလားကြီးကို ဝိုင်းထားသော်လည်း အနားသို့ မကပ်ရဲကြပေ။ ချန်ကျိုးကို ကြောက်၍ မဟုတ်ဘဲ ခေါင်းတလားထဲရှိပုဂ္ဂိုလ်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
ချန်ကျိုးအမြင်တွင်မူ သူတို့သည် သူ့အား ကြောက်လန့်ပြီး လက်ဖျားနှင့်ပင် မထိရဲ ဖြစ်နေသည်ဟု ထင်မြင်နေသည်။
သူသည် ကြေးခေါင်းတလား အဖုံးကို ခြေထောက်သေးသေးလေးများဖြင့် နှစ်ချက် စောင့်နင်းလိုက်ပြီး အလောင်းကောင် ခုနစ်ကောင်ကို ပညာပေးလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ အလောင်းကောင်ပေါက်စလေးတွေ.. ဝဋ်ဆိုတာ လည်တတ်တယ်ကွ"
ချန်ကျိုး၏သက်ရှိ အငွေ့အသက်သည် ကြေးခေါင်းတလားကြီးထဲရှိပုဂ္ဂိုလ်ကို နှိုးလိုက်သလို ဖြစ်သွားသည်။
သူတို့သခင် နိုးထလာသည်ကို အာရုံခံမိလိုက်သော အလောင်းကောင် ခုနစ်ကောင်သည် ကြေးခေါင်းတလားကြီးကို ဝန်းရံလျက် ဒူးထောက်လိုက်ကြသည်။
"အဲဒါမှ ဟုတ်တာ.. အားကြီးတဲ့သူကို အရှုံးပေးတာ ရှက်စရာ မဟုတ်ဘူး၊ စကားပုံတောင် ရှိသေးတယ်.. 'အလျော့ပေးခြင်းသည် အောင်မြင်ခြင်း၏ အစ' တဲ့"
သူ စကားပြောနေစဉ်မှာပင် ကြေးခေါင်းတလားပေါ်ရှိ သံကြိုးများသည် တစ်ချောင်းပြီး တစ်ချောင်း ပြတ်တောက်ကုန်သည်။
ဒေါက်~
ဒေါက်~
ဒေါက်~
အလောင်းကောင် ခုနစ်ကောင်သည် ဘုရားရှိခိုးသလို ဦးချလိုက်ပြီး မြေကြီးပေါ်တွင် ဝပ်တွားနေကြသည်။
ချန်ကျိုးသည် ခေါင်းတလား အဖုံးပေါ်မှ ခုန်ချလိုက်သည်။
ကြေးခေါင်းတလား အဖုံးသည် ဖြည်းညှင်းစွာ လျှောကျလာပြီး ဘုန်း ခနဲမြေကြီးပေါ်သို့ ကျသွားလေသည်။
ချန်ကျိုး ခေါင်းတလားထဲသို့ ငုံ့ကြည့်လိုက်ရာ ကောင်းစွာထိန်းသိမ်းထားသော အလောင်းကောင် ရုပ်ကြွင်းတစ်ခုကို တွေ့လိုက်ရသည်။ ဤအလောင်းကောင်သည် အခြား ရှစ်ကောင်နှင့် မတူပေ။ ပါးများ ချိုင့်ဝင်နေသော်လည်း သိပ်မသိသာလှပေ။ စစ်ဝတ်တန်ဆာ (သံချပ်ကာ) နှင့် လည်ရှည်ဖိနပ်များကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင် ယှက်တင်ထားသည်။ သူ့ဘေးတွင် ပစ္စည်းအချို့ ပြန့်ကျဲနေပြီး အထင်ရှားဆုံးမှာ ဓားတစ်လက်ဖြစ်သည်။
[အလောင်းကောင် ဗိုလ်ချုပ် - စတုတ္ထအဆင့် နတ်ဆိုးဝိညာဉ် (အစောပိုင်းအဆင့်)။ အသက်ရှင်စဉ်က တပ်မတော်ထဲမှ အဆင့်နိမ့် စစ်သားတစ်ဦး ဖြစ်သည်။ ဗိုလ်ချုပ်၏ဂုဏ်သိက္ခာကို မနာလိုဖြစ်ကာ တိုက်ပွဲတစ်ခုတွင် စစ်တပ်မှထွက်ပြေးခဲ့ပြီး ခိုးယူထားသော ဗိုလ်ချုပ်သံချပ်ကာကို ဝတ်ဆင်၍ ရန်သူကိုလှည့်စားခဲ့သည်။ သေဆုံးပြီးနောက် ဗိုလ်ချုပ်တစ်ဦးအနေဖြင့် မြှုပ်နှံခြင်းခံခဲ့ရသည်။ သံချပ်ကာသည် သူ့အား မကောင်းဆိုးဝါးအော်ရာများဖြင့် ကာကွယ်ပေးထားပြီး နှစ်များစွာကြာအောင် ယင်းစွမ်းအင်များကို စုပ်ယူခဲ့သည်။ နောက်ပိုင်းတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများကတူးဖော်ခဲ့ပြီး သူ့အလောင်းကိုအားဖြည့်ရန် မကောင်းဆိုးဝါး စွမ်းအင်များကိုစုစည်းပေးခဲ့သည်။ သူ အပြည့်အဝ သတိပြန်မလည်လာခင် အမြန်ဆုံးသတ်ပစ်ရန် Host အား သတိပေးလိုက်သည်။]
တကယ်တော့ ဒီအစီအရင်က ဗိုလ်ချုပ်အတုတစ်ယောက်ကို ဖိနှိပ်ထားတာကိုး။
ပြောရမယ်ဆိုရင် ဒီလိမ်လူညာက တော်တော်ကံကောင်းတဲ့ကောင်ပဲ၊ ခိုးထားတဲ့ သံချပ်ကာကို ဝတ်ပြီး လူတွေကို လှည့်စားခဲ့တာ တစ်သက်လုံး ဗိုလ်ချုပ်အတု အဖြစ်နဲ့ နေသွားရတယ်၊ သေသွားတော့လည်း တချို့လူတွေက သူ့အလောင်းကို ဗိုလ်ချုပ်အစစ်လို သဘောထားပြီး သိမ်းဆည်းထားကြသေးတယ်။
ဒီတစ်ဘဝတော့ သူ မရှုံးဘူးလို့ပြောရမယ်။
ချန်ကျိုးသည် ကြေးခေါင်းတလားထဲရှိ သံချပ်ကာကိုထိကြည့်လိုက်သည်။ ရက်စက်သော အော်ရာများဖြင့် အားဖြည့်ထားသဖြင့် သံချပ်ကာသည် နက်မှောင်ကာတောက်ပြောင်နေသည်။ ခြစ်ရာတစ်ခုချင်းစီသည် စစ်ပွဲအမှတ်တရများကို ကိုယ်စားပြုနေသည်။ နှစ်တွေ အများကြီးကြာခဲ့ပြီ ဖြစ်သော်လည်း ခန့်ညားထည်ဝါနေဆဲပင်။
ဗိုလ်ချုပ် အတုဖြစ်ပေမယ့် သံချပ်ကာကတော့ အစစ်ပဲ
ချန်ကျိုး တွေးလိုက်သည်။ အကယ်၍ သူသာ ဝတ်လိုက်ရရင်...
ချန်ကျိုး ဂြိုဟ်ကိုအောင်ပွဲခံပြီး ပြန်လာမယ့်နေ့၊ သူဟာ ဒီသံချပ်ကာကို ဝတ်ဆင်လျက် အလင်းရောင်ထဲကနေ ထွက်ပေါ်လာမယ်။
"ဂြိုဟ်ပေါ်မှာ ရဲစွမ်းသတ္တိအပြည့်ဆုံး စစ်သည်တော်သုန်းသုန်းယောင်.. အောင်ပွဲခံပြီး ပြန်လာပါပြီ!"
ဂြိုဟ်တစ်ခုလုံးက သူ့အတွက် ဂုဏ်ပြုကြွေးကြော်နေကြမယ်။
သူသည် မတ်မတ်ရပ်လျက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်ပြီး "ဂြိုဟ်ရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်ပါမယ်လို့ ကျိန်ဆိုပါတယ်"
ဟန်ပန်အမူအရာတိုင်းက ခန့်ညားထည်ဝါနေမှာပဲ။
"ဟဲ ဟဲ ဟဲ ဟဲ" ချန်ကျိုး တစ်ယောက်တည်း ရယ်မောလိုက်သည်။
လူတိုင်းရှေ့မှောက်တွင် ချန်ကျိုးသည် အလောင်းကောင်ဗိုလ်ချုပ်လက်ကိုအတင်းဖြဲပြီး လက်ထဲမှကျောက်စိမ်းပြားကို ယူကာ အိတ်ကပ်ထဲ ထည့်လိုက်သည်။
ထို့နောက် အလောင်းကောင်ဗိုလ်ချုပ်၏ဓားကို ဆွဲထုတ်လိုက်ပြီး တီဗီဇာတ်လမ်းတွေထဲကအတိုင်း ဒူးထောက်နေသော အလောင်းကောင်များဘက်သို့ ဓားဖြင့် ချိန်ရွယ်လိုက်သည်။
"မင်းတို့ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်မယ်ဆိုရင်.. ဒီဗိုလ်ချုပ်ကြီးက လွှတ်ပေးမယ်"
ဓားကစားလို့ဝသွားတော့ သူသည် တခြားပစ္စည်းတွေကို ကိုင်တွယ်ကြည့်ရန် ပြင်လိုက်သည်။
ကြေးခေါင်းတလားကို ကြည့်လိုက်သောအခါ အလောင်းကောင်ဗိုလ်ချုပ်သည် ဘယ်အချိန်ကတည်းက မျက်လုံးပွင့်နေမှန်း မသိ၊ စူးရှပြီး သတ်ဖြတ်လိုစိတ်အပြည့်ပါသော အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
မည်သည့် အကူအညီမှမပါဘဲ အလောင်းကောင်ဗိုလ်ချုပ်သည် မတ်တပ်ထရပ်လိုက်သည်။ ချန်ကျိုးနှင့် ဒူးထောက်နေသော အလောင်းကောင်များကိုငုံ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ့အကြည့်က ချန်ကျိုးဆီသို့ရောက်ရှိလာသည်။
သူ့အား ဗိုလ်ချုပ်အတုမှန်းမသိထားဘူးဆိုပါက ထိုမျှပြင်းထန်သည့် ဖိနှိပ်မှုအော်ရာတွေ ၎င်းထံမှထွက်လာခြင်းဟု အမှန်ပင် ထင်မှတ်သွားနိုင်သည်။