အခန်း (၂၄)
Vol. 3 Ch. 24
အလောင်းကောင်ဗိုလ်ချုပ်၏ မျက်လုံးများသည် စက်ရုပ်တစ်ရုပ်လို တောင့်တင်းစွာဖြင့် ချန်ကျိုး ခန္ဓာကိုယ်ပေါ်မှ သူ့လက်ဆီသို့ ရွေ့လျားသွားသည်။
ချန်ကျိုးလက်ထဲမှ ဓားရှိရာဘက်သို့ သူ လက်လှမ်းလိုက်သည်။
ချန်ကျိုးလက်ထဲရှိ ဓားသည် တုန်ခါသွားပြီး သခင်အရင်းကို မှတ်မိကာ ပြန်သွားချင်နေသကဲ့သို့ ဖြစ်နေသည်။
ချန်ကျိုးသည် ဓားကိုကျွတ်ထွက်မသွားအောင် အတင်းဆုပ်ကိုင်ထားလိုက်သည်။
ဘယ်လောက်တောင် မိုက်ရိုင်းလိုက်သလဲ!
သူသည် ဂြိုဟ်ပေါ်တွင် အရဲရင့်ဆုံးစစ်သည်တော် ဖြစ်သည်။
သူသည် ဂြိုဟ်၏ဂုဏ်ကျက်သရေရှိသော ပုံရိပ်ကို ကိုယ်စားပြုသည်။
ဒီဗိုလ်ချုပ်အတုရဲ့အော်ရာကများ သူ့ကို လာပြီးလွှမ်းမိုးချင်နေသေးတယ်။
ချန်ကျိုးသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်မှောင်ကြုတ်ကာ မျက်လုံးများအရောင်တောက်လာသည်။
[System Bonus: ဗိုလ်ချုပ်အော်ရာ]
ရုတ်တရက် ဖိနှိပ်မှုအော်ရာတစ်ခု ချန်ကျိုး ခန္ဓာကိုယ်မှထွက်ပေါ်လာသည်။ သူ့ အသက်ရှူသံတိုင်းကအစ စစ်မြေပြင်မှ ပြတ်သားသော စစ်သူကြီးတစ်ဦးနှင့်မခြား ဖြစ်သွားလေသည်။
ရန်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ဓားသည် နောက်ဆုံးတွင် သခင်အစစ်၏အော်ရာကို ရှာတွေ့သွားပြီး ချန်ကျိုး၏ လက်ထဲတွင် ငြိမ်သက်သွားကာ အသုံးအဆောင်ပစ္စည်းတစ်ခု အဖြစ်သို့ ရောက်ရှိသွားလေသည်။
ချန်ကျိုးသည် ဓားအိမ်ကို ကိုင်လိုက်ပြီး ညာဘက်လက်ဖြင့် အားစိုက်လိုက်သည်။
ဓားကို ဆွဲထုတ်လိုက်သည်။
ချန်ကျိုးဆီမှ ထွက်ပေါ်လာသော ဖြောင့်မတ်မှန်ကန်သည့် ယန်စွမ်းအင်များသည် ဓားသွားတစ်လျှောက် လွှမ်းခြုံသွားပြီး လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို မီးခိုးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
လရောင်အောက်တွင် ဓားသွားသည် ငွေရောင် တောက်ပနေပြီး မရေမတွက်နိုင်သော သူရဲကောင်း ဝိညာဉ်များသည် ၎င်းရှေ့မှောက်တွင် အသက်ပေးလှူခဲ့ကြဖူးသည်။
သရဲနှင်အရာရှိများရော အလောင်းကောင်များပါ အသံမထွက်ရဲကြပေ။
ချန်ကျိုးသည် ဓားဖြင့် အလောင်းကောင်ဗိုလ်ချုပ်ကိုချိန်ရွယ်လိုက်သည်။
"မင်းလို မိုက်ကန်းတဲ့ စစ်ပြေးကောင်.. ဗိုလ်ချုပ်ရဲ့ပစ္စည်းတွေကို ခိုးယူရဲသေးတယ်ပေါ့! အခု သေစမ်း!"
အလောင်းကောင်ဗိုလ်ချုပ်ကို အသက်ချမ်းသာပေးရန် တောင်းပန်ချိန်ပင်မပေးဘဲ သူ့ ဓားဖြင့် လည်ပင်းကို ပိုင်းချလိုက်သည်။
ဓားသွား ဖြတ်သွားသော်လည်း ခေါင်းမှာ တည်ရှိနေဆဲပင်။
ချန်ကျိုး မျက်လုံးများ အရောင်လက်သွားသည်။
အလောင်းကောင်ဗိုလ်ချုပ်၏ခေါင်းပြတ်ကျသွားပြီး ခန္ဓာကိုယ်သည်လည်း လဲကျသွားလေသည်။
ချန်ကျိုး လှည့်လိုက်သည်။
စကားတစ်ခွန်းမျှ မဆိုပေ။
သူ့ဓား မြောက်တက်သွားသည်။
ဓားအလင်းတန်းတစ်ခုသည် အလောင်းကောင် ရှစ်ကောင်ဆီသို့ ပျံသန်းသွားသည်။
ဓားကို ပြန်သိမ်းလိုက်သည်။
အလောင်းကောင်ရှစ်ကောင် ခါးလည်မှ ပြတ်ကာ နှစ်ပိုင်းစီ ဖြစ်သွားကြသည်။
စစ်မှန်သော ဗိုလ်ချုပ်၊ စစ်မြေပြင်၏ဘုရင်၊ မရေမတွက်နိုင်သော ဝိညာဉ်များသည် သူ့ဓားအောက်တွင် ပျောက်ဆုံးခဲ့ရသည်။ သံချပ်ကာ တစ်စုံနှင့် ထက်မြက်သော ဓားတစ်လက်သည် သာမန်စစ်သားတစ်ဦးကို နတ်ဆိုးဝိညာဉ်အဆင့်အထိ ရောက်အောင် ပြောင်းလဲပေးနိုင်ခဲ့သည်။
ဗိုလ်ချုပ်အစစ်သာဆိုရင် ဘယ်လောက်တောင် ခန့်ညားထည်ဝါလိုက်မလဲဆိုတာ တွေးကြည့်လို့ပင် ရနိုင်သည်။
သရဲပဲ ဖြစ်ဖြစ်၊ နတ်ဆိုးဝိညာဉ်ပဲ ဖြစ်ဖြစ်၊ သူ့ဓားအောက်မှာတော့ လွင့်ပါးနေသော ဝိညာဉ်မျှသာ။
ဗိုလ်ချုပ်ဝတ်စုံသည် ရင်းနှီးသောအော်ရာကို အာရုံခံမိပုံရပြီး အလိုအလျောက် ပြုတ်ထွက်ကာ ပိုင်ရှင်အစစ်ကို ရှာဖွေလေတော့သည်။
သံချပ်ကာ ဝတ်ဆင်လျက်၊ ဓားကို လက်တွင်ကိုင်ထားသည်။
ချန်ကျိုး ပုံရိပ်သည် ခန့်ညားထည်ဝါလာသည်။
သူ့ စိတ်အာရုံများသည် အလိုအလျောက်ပင် ဗိုလ်ချုပ်တစ်ယောက်စရိုက်ထဲသို့ ဝင်ရောက်သွားသည်။
သူသည် တွင်းထဲမှ ထွက်လာပြီး လူအုပ်ကြီး ရှေ့တွင် ရပ်လိုက်သည်။
သူ့အကြည့်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။
လူအုပ်ကြီးသည် ကျောချမ်းသွားပြီး ဒူးများပျော့ခွေလာကာ ချန်ကျိုးကို မျက်လုံးချင်း မဆုံရဲကြပေ။
သရဲနှင်အရာရှိများသည် ခေါင်းကိုငုံ့ထားကြပြီး တံတွေးမျိုချကာ အချင်းချင်းကြည့်နေကြသည်။
ဖိနှိပ်မှု အော်ရာသည် အလွန် ပြင်းထန်လွန်းလှသည်။
ဘုန်း!
သရဲနှင်အရာရှိ တစ်ဦးသည် ထိုဖိအားကို မခံနိုင်တော့ဘဲ နာခံစွာဖြင့် ဒူးထောက်လိုက်ပြီး နဖူးပေါ် လက်တင်ကာ မြေကြီးနှင့် ထိအောင် ဦးချလိုက်သည်။
ဒါက စံနမူနာ ဖြစ်သွားသည်။
ကျန်သောသူများလည်း ဖိအားကိုမခံနိုင်ကြတော့ဘဲ ချန်ကျိုးရှေ့တွင် တိတ်ဆိတ်စွာ ဒူးထောက်လိုက်ကြသည်။
နောက်ဆုံးအချိန်ထိ တောင့်ခံထားသော ဂုဏ်သရေရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး ဝူပေါ်ထုံသည်လည်း အံကိုကြိတ်ပြီး ဒူးထောက်လိုက်ရသည်။
"တွင်းထဲက ခေါင်းတလားကြီးကို ငါ့အိမ်ပြန်သယ်ပေးကြ"
ချန်ကျိုးသည် လူအုပ်ဆီသို့ လျှောက်လာရာ အားလုံးဒူးထောက်ပြီး လမ်းဖယ်ပေးကြသည်။
ချန်ကျိုး ဖြတ်လျှောက်သွားပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ထွက်ပေါက်ဆီသို့ ဦးတည်သွားသည်။
လူအုပ်ကြီးသည် ရိုသေစွာ ဒူးထောက်လျက် နှုတ်ဆက်ရန်လှည့်လိုက်ကြသည်။
ချန်ကျိုး ပုံရိပ် ပျောက်ကွယ်သွားပြီးနောက်မှ...
လူအုပ်ကြီးသည် တုန်တုန်ယင်ယင်ဖြင့် ခေါင်းမော့ကြည့်ပြီး မတ်တပ်ရပ်ရဲကြသည်။
"ဘာတွေ ဖြစ်သွားတာလဲ"
"ငါ့ခြေထောက်တွေ ပျော့ခွေသွားပြီး ဦးနှောက်က ဒူးထောက်ဖို့ပဲ အမိန့်ပေးနေသလို ခံစားရတယ်"
"ချန်ကျိုး တွင်းထဲက ထွက်လာတုန်းက ငါ သူ့ကို တစ်ချက်ပဲ လှမ်းကြည့်လိုက်ရတယ်.. ငါ အကြီးအကျယ် အမှားလုပ်မိသွားပြီလို့တောင် ထင်လိုက်မိတယ်"
"သူ့ကို စိတ်ရောဂါသည်လို့ ငါ မယုံတော့ဘူး.. သူ သရဲကြောက်တာ ငါ တစ်ခါမှ မမြင်ဖူးဘူး"
"ဒီထဲက သရဲတွေက သူ့ရဲ့ ပြိုင်ဘက်အစစ်တွေလို့ သူ အရင်က ပြောဖူးတယ်လေ"
"ဒါဆို အရင်ကတွေ့ခဲ့တဲ့ သရဲလေးတွေက အသေးအမွှား ပြဿနာလောက်ပဲပေါ့"
"ပြိုင်ဘက်အစစ်တွေဆိုတာ မြင်လိုက်လား.. သူ ဓားတစ်ချက်တည်းနဲ့ အကုန်သတ်သွားတာ.. တကယ် ကြောက်စရာကြီး"
ဒါက မြေကြီးပေါ်တွင် သတိလစ်နေသော ကျိုးအိုက်ကော်နှင့် လုံးဝ ကွာခြားနေသည်။
ရှင်းရှင်းပြောရရင် ကျိုးအိုက်ကော်က အောက်ဆင်းပြီး အသေခံတာပဲ.. ဘာမှ အကူအညီ မဖြစ်တဲ့အပြင် ဒုက္ခပေးခဲ့ခြင်းသာ။
"ဖုန်းလိုင်း မိပြီ! ဖုန်းလိုင်း မိပြီ!"
တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"ဝိညာဉ်နှိမ်နင်းရေးဌာနကို အကြောင်းကြားလိုက်ရမလား.. ငါတို့ခေါင်းဆောင် သတိလစ်နေတယ်"
"ယစ်မျက်ဝန်းအစီအရင် ကိစ္စလေ ညီအစ်ကိုရာ.. မင်းမှာ အသက်ဘယ်နှချောင်း ပါလို့လဲ.. ဝိညာဉ်နှိမ်နင်းရေးဌာနကို အကြောင်းမကြားရဲစရာ ရှိလား"
သရဲနှင်အရာရှိများသည် ဝိညာဉ်နှိမ်နင်းရေးဌာနသို့ အကြောင်းကြားလိုက်ပြီး ကျိုးအိုက်ကော်ကို လုပ်ငန်းခွင်အပြင်ဘက်သို့ သယ်ထုတ်သွားကြသည်။
ဒီည ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေက ဝူပေါ်ထုံကို ရင်တုန်ပန်းတုန် ဖြစ်ကျန်ရစ်စေခဲ့သည်။ သူ ထွက်လာတော့ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဝူရွှမ်ချီကတွဲခေါ်လာရသည်။
ချန်ကျိုးသည် System က ပေးထားသော ဗိုလ်ချုပ်အော်ရာ ပျောက်သွားသည်နှင့် ရုတ်တရက် ကီလိုဒါဇင်ပေါင်းများစွာ လေးသော ဝန်ကိုထမ်းထားရသလိုဖြစ်သွားပြီး ခလုတ်တိုက်ကာ လဲကျသွားလေသည်။
ကံကောင်းသည်မှာ သူ့အရှက်ကွဲသော အချိန်ကို မည်သူမျှမမြင်လိုက်ကြပေ။ သူသည် သံချပ်ကာကို ချွတ်လိုက်ပြီး သူ့ကားဆီသို့ပြေးကာ ပွန်းပဲ့သွားသော ဒူးခေါင်းကိုမှုတ်နေလေသည်။
ကျိုးအိုက်ကော်၏လုံခြုံရေးအတွက် သရဲနှင်အရာရှိများက ချန်ကျိုးကို သူတို့နှင့်အတူ လိုက်ပါရန် ဆုံးဖြတ်လိုက် ကြသည်။ အကြောင်းမှာ ချန်ကျိုးသည် သရဲနှင်နိုင်စွမ်း ရှိရုံသာမက ကုသနိုင်စွမ်းလည်း ရှိသောကြောင့် ဖြစ်သည်။
ချန်ကျိုးကားက ရှေ့က မောင်းပြီး ဝူရွှမ်ချီက သူ့အဖေကားကိုမောင်းကာ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးလေသည်။
ဆေးရုံရောက်တော့ ပြင်းထန်စွာသတိမေ့မြောနေသော ကျိုးအိုက်ကော်ကို အရေးပေါ် ခွဲစိတ်ခန်းထဲသို့ တွန်းသွင်းလိုက် ကြပြီး သရဲနှင်အရာရှိ နှစ်ဦးက အပြင်တွင် စောင့်နေကြသည်။
ချန်ကျိုးနှင့် ကျန်းယိုယိုသည် ထိုင်ခုံများတွင် ထိုင်နေကြသည်။ ချန်ကျိုးသည် ဗိုက်ကို ဖက်ထားပြီး ဂနာမငြိမ် ဖြစ်နေသည်။
"ဆရာ.. ဘာဖြစ်လို့လဲ.. ဆရာလည်း နေမကောင်းဘူးလား"
ကျန်းယိုယိုက စိုးရိမ်တကြီး မေးလိုက်သည်။ တွင်းထဲက သရဲအဆင့်ကို သူ မသိပေမယ့် ယင်းစွမ်းအင်တွေ ခန္ဓာကိုယ်ထဲ ဝင်သွားရင် နောက်ပြောင်စရာကိစ္စ မဟုတ်ပေ။
"ငါ အိမ်သာတက်ချင်လို့"
တစ်ညလုံး လှုပ်ရှားရုန်းကန်ခဲ့ရပြီးနောက် ချန်ကျိုး စားထားသမျှ အရာအားလုံးသည် မစင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျန်းယိုယို ဆွံ့အသွားသည်...
သူမသည် ချန်ကျိုးကို အိမ်သာတံခါးဝသို့ လိုက်ပို့ပေးလိုက်သည်။
ချန်ကျိုး၏ အစာချေဖျက်မှုစနစ်သည် အလွန်ကောင်းမွန်သဖြင့် စက္ကန့်ပိုင်းအတွင်း ကိစ္စပြီးသွားသည်။
သန့်ရှင်းရေးလုပ်ပြီးနောက် အိမ်သာထဲတွင် ဖုန်းပြောနေသော အမျိုးသားတစ်ဦးအသံကို ချန်ကျိုး ကြားလိုက်ရသည်။
"ဆရာဝန်ကပြောတယ် အရိုးကျိုးတာတဲ့.. သရဲနဲ့ မဆိုင်ပါဘူး.. စိတ်မပူပါနဲ့ သူက ဝက်လက်ပေါင်းတို့ ဘာတို့ သိပ်မစားချင်ဘူးတဲ့၊ ဆရာဝန်ကတော့ ရတယ်၊ စားလို့ရတယ် ပြောတယ်"
ချန်ကျိုးသည် အိမ်သာခန်းထဲတွင် ပုန်းနေရင်း နှုတ်ခမ်းစူလိုက်သည်။
ဖုန်းပြောသံက ဆက်ကြားနေရသည်။
"နံရိုးဟင်းချိုလည်း ရပါတယ်.. အားရှိအောင် ဟင်းချိုလေး ဘာလေး တိုက်လိုက်ပါ"
ချန်ကျိုး တံတွေး မျိုချလိုက်သည်။
သူလည်း စားချင်တာပေါ့။
အကယ်၍ သူသာ နေမကောင်းဖြစ်ရင် အဲဒါတွေ စားရမလား ?
ဒါပေမဲ့ ဟန်ဆောင် နေမကောင်းဖြစ်ရင် ဆေးထိုးခံရမှာလား ?
အစားတစ်လုပ် စားရဖို့အတွက်နဲ့တော့ ဆေးထိုးမခံနိုင်ပါဘူး ?
ချန်ကျိုး အသည်းအသန် စဉ်းစားနေသည်။
သေချာ စဉ်းစားပြီးနောက် ချန်ကျိုး အကြံကောင်းတစ်ခု ရသွားသည်။
ဖုန်းပြောနေသူ ထွက်သွားပြီးနောက် ချန်ကျိုးသည် တံတွေးကိုဂလုခနဲ မြည်အောင် မျိုချလျက် အိမ်သာထဲမှ ထွက်လာသည်။
ဒီမြင်ကွင်းက ကျန်းယိုယိုကိုအထင်လွဲသွားစေသည်။ ချန်ကျိုးက အိမ်သာတက်ဖို့ ဝင်သွားတာ မဟုတ်ဘဲ မစင်စားဖို့ ဝင်သွားတာများလားလို့ ထင်မှတ်သွားစေသည်။
ကျန်းယိုယိုကို မြင်လိုက်ရတော့ ချန်ကျိုးသည် ခါးကိုမတ်လိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ ကျန်လက်တစ်ဖက် ဖြင့် မရှိသော မုတ်ဆိတ်မွေးကိုသပ်လိုက်သည်။
"ခုနက တိုက်ခိုက်တုန်း ငါ့ရဲ့ အတွင်းအားတွေကုန်ခမ်းသွားပြီ.. ငါ သိပ်ကြာကြာ တောင့်ခံနိုင်တော့မယ် မထင်ဘူး"
ဆရာ တိုက်ခိုက်ခဲ့လို့လား ?
ဟို အလောင်းကောင်တွေက ဆရာ့ကို ဘာမှ မလုပ်ခဲ့ပါဘူး။
ကျန်းယိုယိုသည် ချန်ကျိုးနှင့် ပထမဆုံးအကြိမ် ဆုံဖူးခြင်းဖြစ်သဖြင့် သူ ဘာကြံစည်နေလဲဆိုတာ အမြန် စဉ်းစားလိုက်သည်။
"ချစ်တပည့်.. အတွင်းအားကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မင်းဆရာကို မမေးတော့ဘူးလား"
ကျန်းယိုယို ကြောင်သွားသည်။
"ဒါဆို ဆရာက အတွင်းအားကို ဘယ်လို ထိန်းသိမ်းမလို့လဲ"
"ငါ ဆေးရုံတက်မှ ဖြစ်မယ်"
???
??? ???
???
ကျန်းယိုယို နားမလည်နိုင်ဖြစ်သွားရသည်။