← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

စိတ်ကျန်းမာရေးဆေးရုံ၏စီမံအုပ်ချုပ်မှုအောက်မှ လွတ်မြောက်သွားသည်နှင့် ချန်ကျိုးသည် အရာရာကို လုံးဝထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

ချန်ကျိုးအခြေအနေသည် ကျန်းယိုယို ထိန်းချုပ်နိုင်သည့် အတိုင်းအတာထက် လုံးဝကျော်လွန်နေပြီ ဖြစ်သည်။ သူမ သူ့ကို ပြောနိုင် သည့် တစ်ခုတည်းသော အရာမှာ သူသည် အရေးပေါ်ခန်းထဲတွင် လဲလျောင်းနေသည် ဆိုသည့်အချက်သာ။ သူမသည် စိတ်ကျန်း မာရေးဆေးရုံသို့ ဖုန်းဆက်အကူအညီတောင်းချင်သော်လည်း မိုးမလင်းသေးသည့် မနက်စောစောအချိန် ဖြစ်နေသည်။ ညဉ့်သန်း ခေါင်ယံတွင် မည်သူကများကားမောင်းရဲမည်နည်း။

ချန်ကျိုး မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ကျန်းယိုယိုသည် ရွေးချယ်စရာမရှိတော့ဘဲ စိတ်တင်းလျက် ဆေးရုံနှင့် ဆက်သွယ်လိုက်ရသည်။

ချန်ကျိုး၏အကျိုးအကြောင်းမသင့်သော ပူဆာမှုများနှင့် အော်ဟစ်သောင်းကျန်းမှုများကြားတွင်၊ သူ့စိတ်ငြိမ်သက်သွား စေရန်အတွက် သူမသည် သူတောင်းဆိုသည့်အတိုင်း မမ်မီတစ်ကောင်ကဲ့သို့ ပတ်တီးများဖြင့် ပတ်ပေးလိုက်ရသည်။ မျက်လုံး၊ နှာခေါင်းပေါက်နှင့် ပါးစပ်ကိုသာဖော်ထားလိုက်သည်။

မိုးလင်းသည်အထိ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီးမှ နောက်ဆုံးတွင် ချန်ကျိုးသည် သူ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြား လိုက်သည်။

"ငါ့ရဲ့ အတွင်းအားတွေ ကုန်ခမ်းနေပြီ.. အားပြန်ဖြည့်ဖို့ ဝက်လက်ပေါင်းနဲ့ နံရိုးဟင်းချို သောက်မှဖြစ်မယ်၊ နေ့တိုင်း စားမယ်၊ တစ်နပ်တိုင်း စားမယ်"

မနက်စောစောတွင် ကျန်းယိုယို မိဘများသည် ဝက်လက်ပေါင်းနှင့် နံရိုးဟင်းချိုကို ယူဆောင်လာပြီး ချန်ကျိုးကို လာရောက်တွေ့ ဆုံကြသည်။

ချန်ကျိုးသည် အရသာခံ၍အားရပါးရ စားသောက်ရာ ဝက်လက်ပေါင်း ဟင်းရည်များသည် သူ့တစ်ကိုယ်လုံး ပတ်ထားသော ပတ်တီးများပေါ်တွင် ပေကျံကုန်သည်။

ချန်ကျိုး ပြဿနာရှာနေသည့် အချိန်အတွင်းမှာပင်၊ ကျိုးအိုက်ကော်၏မျိုးဆက် သုံးဆက်မှ မိသားစုဝင် တစ်ဒါဇင်ကျော်သည် ဆေးရုံသို့ အပြေးအလွှားရောက်ရှိလာကြသည်။

ဆရာဝန်များ၏အစွမ်းကုန် ကြိုးစားမှုကြောင့် ကျိုးအိုက်ကော် အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း သူ့အခြေအနေမှာမူ စိတ်ချရသည့် အနေအထားတွင် မရှိသေးပေ။

ဆေးရုံ စစ်ဆေးခန်းထဲတွင် ဆရာဝန်သည် ကျိုးအိုက်ကော်၏ဓာတ်မှန်ကို ကိုင်လျက် ကြိမ်ဖန်များစွာ မျက်မှောင်ကြုတ်ကြည့် နေလေသည်။

"ဌာနမှူးကျိုး ရောက်လာတုန်းက ယင်းစွမ်းအင်တွေက ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို တိုက်ခိုက်နေပြီ၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်နဲ့ နှလုံး အားလုံးက ပျက်စီးမယ့် လက္ခဏာတွေ ပြနေပြီး ဦးနှောက်လည်း ထိခိုက်နေပြီ" ဟု ဆရာဝန်က ပြောလိုက်သည်။

"ဒါဆို မြန်မြန် ကယ်ပေးပါဆရာရယ်" ဟု ကျိုးအိုက်ကော်၏ဇနီးသည် မျက်ရည်သုတ်ရင်း ပြောလိုက်သည်။

ဆရာဝန်သည် ခေါင်းယမ်းပြီးသက်ပြင်းချလိုက်သည်။

"ယင်းစွမ်းအင်တွေက သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲအထိ ဝင်ရောက်သွားပြီ။ သရဲနဲ့ ပတ်သက်တဲ့ လက်ရှိ ဆေးပညာ ကျွမ်းကျင်မှု အရဆိုရင် ကျွန်တော်တို့က လူနာရဲ့ ဝေဒနာကို သက်သာအောင်နဲ့ အသက်ကို ဆွဲဆန့်ထားပေးနိုင်ရုံပဲ တတ်နိုင်ပါတယ်၊ ခင်ဗျားတို့ မိသားစု အဆိုးဆုံးအတွက်ပြင်ဆင်ထားကြပါ"

ကျိုးအိုက်ကော် ဇနီးသည် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"အိမ်ကထွက်တုန်းက သူ ကောင်းကောင်းကြီးပါ.. ဘယ်လိုဖြစ်လို့.. ဘယ်လိုဖြစ်လို့များ..."

"ဆရာဝန်.. ကျွန်တော့်အဖေ ဘယ်လောက်ခံဦးမလဲ"

သားဖြစ်သူက မိသားစုဝင်များ မမေးရဲသော မေးခွန်းကို ထုတ်မေးလိုက်သည်။

"နှစ်ရက် သုံးရက်လောက်ပါပဲ"

ဆရာဝန်က ခေါင်းငုံ့ပြီး ပြန်ဖြေလိုက်သည်။

ကမ္ဘာမြေပေါ်သို့ သရဲများဝင်ရောက်လာကတည်းက ဌာနမှူးကျိုးကဲ့သို့သော လူနာများဆေးရုံသို့ ရောက်ရှိလာကြသော်လည်း ဆရာဝန်များကမူ ထိရောက်သော ကုသမှုမပေးနိုင်သည်ကိုသာ တွေ့ရှိခဲ့ရသည်။

စစ်ဆေးခန်းမှ ထွက်လာပြီးနောက် မိသားစုဝင်များသည် စင်္ကြံလမ်း၌ တစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးရင်း တိတ်တဆိတ် ငိုကြွေးနေ ကြသည်။ သုံးလေးနှစ်အရွယ်မြေးလေးသည်လည်း လူကြီးများ မည်သည့်အတွက်ကြောင့် ငိုနေမှန်း မသိသော်လည်း လိုက်ပါ မျက်ရည်ကျနေလေသည်။

မနက် ကိုးနာရီခန့်တွင် မေ့မြောနေသောကျိုးအိုက်ကော်သည် အထူးကြပ်မတ်ကုသဆောင် (ICU) ထဲ သတိရလာခဲ့သည်။

သူ့ မျက်လုံးများသာ လှုပ်ရှား၍ရသည်။ ခေါင်းအောက်ပိုင်းသည် ထုံကျဉ်နေပြီး ခြေလက်များမှာ တုံ့ပြန်မှု မရှိတော့ဘဲ သူပိုင်ဆိုင်သည့် အရာများမဟုတ်တော့သကဲ့သို့ ခံစားနေရသည်။

အခန်းထဲတွင် ပြည့်နှက်နေသော မိသားစုဝင်များကို ကြည့်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ အာရုံခံမိလိုက်သည်။

"ဘိုးဘိုး သတိရလာပြီ"

အရုပ်များဖြင့် ဆော့ကစားနေသော မြေးလေးက ကျိုးအိုက်ကော် သတိရလာသည်ကို ပထမဆုံး သတိထားမိလိုက်သည်။

ကျိုးအိုက်ကော်သည် အတင်းပြုံးပြလိုက်သည်။ သဲကန္တာရထဲမှ ပြန်လာသကဲ့သို့ သူ့ နှုတ်ခမ်းများ ခြောက်သွေ့နေသည်။

"အကိုကျိုး.. ရှင် သတိရလာပြီပဲ! ဘာစားချင်တာများ ရှိလဲ"

ကျိုးအိုက်ကော်ဇနီးသည် ဝမ်းနည်းမှုကို မြိုသိပ်ပြီး အတင်းပြုံးကာ မေးလိုက်သည်။

ကျိုးအိုက်ကော် "ငါ့ အခြေအနေ ဘယ်လိုလဲ"

"ရှင့်ခန္ဓာကိုယ်က သန်မာပါတယ်.. ဘာဖြစ်နိုင်မှာမို့လို့လဲ.. လူပျိုလေးလိုပဲ ကျန်းမာနေတာကို" ဟု ကျိုးအိုက်ကော်၏ ဇနီးက အားမပါသောအသံဖြင့် ပြောလိုက်သည်။

ကျိုးအိုက်ကော်သည် သူ့သားနှင့် ချွေးမကို ကြည့်လိုက်သည်။

"အဖေ.. သိပ်မတွေးပါနဲ့၊ ယင်းစွမ်းအင် နည်းနည်း ဝင်သွားလို့ အာရုံကြောတွေ ထုံသွားတာပါ၊ ဆေးမှန်မှန်သောက်ပြီး နှစ်ရက်လောက်နားလိုက်ရင် ကောင်းသွားမှာပါ" ဟု သားဖြစ်သူက သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။

ကိစ္စမှာ သူ့မိသားစုပြောသလောက် မရိုးရှင်းဘူးဆိုတာ သေချာသည်။

တစ်သက်လုံးပေါင်းသင်းလာသော ဇနီးသည်၏စိတ်နေသဘောထားကို ကျိုးအိုက်ကော် ကောင်းစွာသိသည်။

တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရလာတိုင်း သူမသည် သူ့ကိုအကြီးအကျယ်ဆူပူကြိမ်းမောင်းလေ့ ရှိသည်။

အကယ်၍ သူ့ဒဏ်ရာသည် သူ့သားပြောသကဲ့သို့သာဖြစ်ပါက ဇနီးသည်သည် ဤမျှယဉ်ကျေးနေမည် မဟုတ်ဘဲ သူ့ကို အပြတ်အသတ် ဆူပူနေလောက်ပြီဖြစ်သည်။

ထို့အပြင် ဒဏ်ရာအသေးအမွှားလေးအတွက်နှင့် အဘယ်ကြောင့် မိသားစုတစ်သိုက်လုံး လာရောက်ကြည့်ရှုကြမည်နည်း။

ကျိုးအိုက်ကော် သက်ပြင်းချလိုက်သည်။

"ငါ့ကို နှစ်သိမ့်မနေပါနဲ့.. အမှန်အတိုင်းသာပြောကြပါ"

သူ့မိသားစုက အစီအစဉ်ဆွဲပြီးသား ဖြစ်သည်။ သမီးဖြစ်သူက "အဖေကလည်း.. သမီးတို့က ဘာလို့ နှစ်သိမ့်ရမှာလဲ.. စိတ်မပူပါနဲ့.. တကယ် ဘာမှမဖြစ်ပါဘူး.. နှစ်ရက်လောက်နေရင် ဆင်းရမှာပါ"

"ငါက ဌာနမှူးတစ်ယောက်ပါ.. မင်းတို့ထက် လိမ်တဲ့ကောင်တွေ ပိုတွေ့ဖူးတယ်.. အမှန်အတိုင်းပြောစမ်းပါ" ဟု ကျိုးအိုက်ကော် ပြောလိုက်သည်။ သူသေမည်ဟု သူ မထင်ပေ။ သူ့တွင် နောက်ဆုံး မျှော်လင့်ချက် တစ်ခုရှိနေသေးသည်။

ချန်ကျိုးကမူ ရေသန့်တစ်ပုလင်းဖြင့် ကျန်းယိုယို၏ ရင်သားကင်ဆာကို ပျောက်ကင်းအောင် ကုသပေးလိုက်သည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

သူနှင့် ချန်ကျိုးက ဂြိုဟ်တူ ရဲဘော်ရဲဘက်များ ဖြစ်နေမှတော့ ချန်ကျိုး သူ့အား ဒီအတိုင်းပစ်ထားပြီး သေခိုင်းပါ့မလား။

လုံးဝ မဖြစ်နိုင်ဘူး။

ကျိုးအိုက်ကော် ဤအချက်ကို ယုံကြည်သည်။ ချန်ကျိုးသည် စိတ်ရောဂါသည် ဖြစ်နေသော်လည်း သစ္စာရှိသောသူ ဖြစ်သည်။

"မြေးလေး.. ဘိုးဘိုးကို ပြောပြပါဦး" အရုပ်ရထားလေးကို ကိုင်ထားသော မြေးလေးက လိမ္မာစွာဖြင့် ပြန်ဖြေလိုက်သည်။

"ဆရာဝန်က ပြောတယ်.. ဘိုးဘိုးရဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးကုန်ပြီတဲ့.. နောက်ပြီး နှစ်ရက်ပဲ ခံတော့မယ်တဲ့၊ ဘိုးဘိုး.. 'နှစ်ရက်ပဲ ခံတော့မယ်' ဆိုတာ ဘာအဓိပ္ပာယ်လဲဟင်"

ချွေးမဖြစ်သူသည် မြေးလေးကို အခန်းပြင်သို့ ပွေ့ထုတ်သွားသည်။

အခန်းထဲတွင် ကျန်ခဲ့သောမိသားစုဝင်များသည် ဝမ်းနည်းမှုကို မထိန်းနိုင်တော့ဘဲ ငိုကြွေးကုန်ကြသည်။

"ချန်ကျိုး ဘယ်မှာလဲ"

ဝမ်းနည်းပူဆွေးနေသော မိသားစုဝင်များ၏ရှေ့မှောက်တွင် ကျိုးအိုက်ကော်က ရုတ်တရက် စိတ်ရောဂါသည် တစ်ဦးအကြောင်း မေးလိုက်သည်။

"အဖေရယ်.. ဒီလိုဖြစ်နေတာတောင် ချန်ကျိုးကို ဂရုစိုက်နေသေးတာလား"

"ငါ မေးနေတယ်လေ.. ချန်ကျိုး ဘယ်မှာလဲလို့" ကျိုးအိုက်ကော် အားနည်းစွာဖြင့် မေးလိုက်သည်။

"သူလည်း ဒီဆေးရုံမှာပဲ.. သာမန်လူနာဆောင်မှာ"

"ငါ့ကို အဲဒီပို့ပေး" ကျိုးအိုက်ကော်သည် အသက်ကယ်ဆေး ဖြစ်သော ချန်ကျိုးနှင့် အမြန်ဆုံးတွေ့လိုနေပြီဖြစ်သည်။

"အဖေ.. အဲဒါ သာမန်လူနာဆောင်လေ.. အဖေက ပိုးမွှားကင်းစင်တဲ့ နေရာမှာ နေရမှာ"

သူ့သားသည် ပိုးမွှားကင်းစင်သော အခြေအနေကို ပြောရင်း တွန့်ဆုတ်နေသည်။ ဒီလောက်လူတွေ ဝိုင်းနေမှတော့ ပိုးမွှားကင်းစင်သော အခန်းဆိုသည်မှာ ဘက်တီးရီးယား မွေးမြူရေးစခန်းဖြစ်နေလောက်ပြီဖြစ်သည်။

လင်ယောက်ျားအကြောင်း မယားထက် ပိုသိမည့်သူ မရှိပေ။ ကျိုးအိုက်ကော်၏ ဇွတ်တရွတ်နိုင်မှုကို မြင်ရသကဲ့သို့၊ ရှင်သန်ရန် နှစ်ရက်သာ လိုတော့သည့်အချိန်တွင် ခင်ပွန်းသည်နောက်ဆုံးဆန္ဒကို ဇနီးသည်က မည်သို့လုပ်၍မလိုက်လျောဘဲ နေမည်နည်း။

"မင်းတို့အဖေ့ကို အခန်းပြောင်းပေးလိုက်ပါ"

သူနာပြု၏စီစဉ်ပေးမှုဖြင့် ကျိုးအိုက်ကော် ခုတင်ကို ချန်ကျိုး ရှိနေသော သာမန်လူနာဆောင်ထဲသို့ရွှေ့ပေးလိုက်ကြသည်။

ဤအချိန်တွင် ချန်ကျိုးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး တစ်ကိုယ်လုံး ပတ်တီးများ ပတ်ထားသည်။ ဝက်လက်ပေါင်း ဟင်းရည်များသည် သွေးစိမ့်ထွက်နေသကဲ့သို့ ပတ်တီးများပေါ်တွင် စွန်းထင်းနေသည်။

ပတ်တီးများနှင့် ထုပ်ပိုးထားသော ချန်ကျိုးကို မြင်လိုက်ရသဖြင့် ကျိုးအိုက်ကော် စိတ်ပျက်သွားသကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသွားသည်။

ဝမ်းနည်းပူဆွေးနေသော ဆွေမျိုးများကို ပြန်ခိုင်းလိုက်ပြီးနောက် ကျိုးအိုက်ကော်သည် ခုတင်ပေါ်တွင် လှဲလျက် မေ့မြောနေသော (အိပ်ပျော်နေသော) ချန်ကျိုးဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

ဤမျှ တင်းတင်းကျပ်ကျပ်ပတ်ထားမှတော့ ကောင်းသောနေရာ တစ်ကွက်မျှပင် ကျန်မည်မဟုတ်တော့ပေ။

ချန်ကျိုး အခြေအနေကို ကြည့်ရသည်မှာ သူ့ထက်ပင် ပိုဆိုးဦးမည်ဟုထင်ရသည်။

စကားမပြောနိုင်ဘဲ အတော်ကြာငြိမ်သက်နေပြီးနောက် ကျိုးအိုက်ကော် ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်စီးကျလာသည်။

"ဒါတွေအားလုံး ငါ့အမှားပါ.. ငါသာ မင်းကို လုပ်ငန်းခွင်ထဲအတင်းမခေါ်သွားခဲ့ရင်.. မင်း အခုချိန်လောက်ဆို စိတ်ကျန်းမာရေး ဆေးရုံမှာ အိပ်ရာခင်းကြီး ခြုံပြီး လိပ်ပြာလုပ်တမ်းကစားနေလောက်ပြီ.. ဒါမှမဟုတ် ရုံးချုပ်ကို ဆက်သွယ်နေလောက်ပြီ"

ကျိုးအိုက်ကော် လည်ချောင်းထဲတစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကြည့်စမ်းပါဦး.. အနာသက်သာမခံနိုင်တဲ့ ကောင်လေး.. ဟိုတစ်ခါ တုန်တာတံတားပေါ်မှာ နှာခေါင်းလေး နည်းနည်း ဆောင့်မိတာနဲ့ အသေအလဲ ငိုခဲ့တဲ့ကောင်က.. အခု တစ်ကိုယ်လုံး ပတ်တီးတွေ ပတ်ထားရတာတောင်.. မငိုဘူးလား"

"ငါတို့နှစ်ယောက်လုံး ရုံးချုပ်ကိုပြန်ခေါ်ခံရတော့မယ် ထင်ပါရဲ့ ငါက ပထမဆုံးအကြိမ် ပြန်ရမှာဆိုတော့ မင်းက လမ်းပြပေးရမှာနော် မင်းက ဂြိုဟ်ရဲ့ အရဲရင့်ဆုံးစစ်သည်တော် သုန်းသုန်းယောင်ပဲဟာ.. ဟုတ်တယ်မလား"

ကျိုးအိုက်ကော်သည် မျက်ရည်များဝဲနေရင်း သိပ်မရယ်ရသော ဟာသတစ်ခုကိုပြောလိုက်မိသည်။

All Chapters