← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချန်ကျိုးသည် နားနားတွင်ဝက်တစ်ကောင် အော်သံကြားလိုက်ရသဖြင့် တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်လိုက်သည်။

ကျိုးအိုက်ကော်သည် ခေါင်းပေါ်ရှိ မျက်နှာကြက်ကို မော့ကြည့်ရင်းသက်ပြင်းချလိုက်သည်။

"ဟူး... ငါ့ဘဝကို ငါ ကျေနပ်ပါတယ်ကွာ၊ သားနဲ့သမီးလည်း ကြီးကုန်ကြပြီ.. သူတို့ မိသားစုလေးတွေနဲ့ သူတို့ အခြေကျနေကြပြီ.. ငါ မြေးတောင် ချီလိုက်ရပြီပဲ"

ကျိုးအိုက်ကော်၏မရပ်မနား ပွစိပွစိ ပြောသံများကြောင့် ချန်ကျိုး လုံးဝနိုးသွားသည်။

"ကျွတ်.. ကျွတ်.. လူတစ်ယောက် အိပ်လို့မရအောင်ကို လုပ်နေတော့တာပဲ"

ချန်ကျိုးသည် စိတ်အနှောင့်အယှက် ဖြစ်သွားသော လေသံဖြင့် အော်ဟစ်ကာ ကုတင်ပေါ်ထထိုင်လိုက်သည်။

ကျိုးအိုက်ကော် မျက်လုံးများထဲ မျက်ရည်များ ဝဲတက်လာပြီး ကြောင်အမ်းအမ်းဖြင့် လှည့်ကြည့်လိုက်သည်။

သူက... မသေသေးဘူးလား ?

မေ့မြောနေတယ်ဆိုတဲ့ ပတ်တီးစည်းထားတဲ့ လူနာကလေ

ကုတင်ပေါ်တွင် ထိုင်ပြီး ဒေါသတကြီးအော်ဟစ်နေသည့် ပတ်တီးစည်းထားသော လူက..

ချန်ကျိုး အရှင်လတ်လတ်ကြီး ရှိနေသေးသည်။

ကျိုးအိုက်ကော် ရင်ထဲတွင် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်သွားသည်။

သို့ဆိုလျှင်... သူ့အတွက် မျှော်လင့်ချက်ရှိသေးသည်။

သူ့စိတ်များသည် ရိုလာကိုစတာ စီးနေရသကဲ့သို့ ဖြစ်နေသည်။ အမှောင်ထုထဲ ထိုးကျသွားပြီဟု ထင်နေတုန်းမှာပင် ရုတ်တရက် အလင်းရောင်တစ်ခု ဖြာကျလာသည်.. ထိုအလင်းရောင်သည် ကောင်းကင်ဘုံကို ကိုယ်စားပြုသော အလင်းရောင် ဖြစ်သည်။

"ချန်ကျိုး.. မဟုတ်ဘူး.. သုန်းသုန်းယောင်.. မင်း ဘာမှမဖြစ်တာ တော်တော်ကောင်းတာပဲ"

ကျိုးအိုက်ကော်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ချန်ကျိုးသည် အိပ်ချင်မူးတူး မျက်လုံးများကို မှေးကြည့်လိုက်ရာ ဘေးကုတင်ပေါ်တွင် လဲလျောင်းနေသော သူ့ ရဲဘော်ရဲဘက် သုန်းသုန်းချီကို မြင်လိုက်ရသည်။

သုန်းသုန်းချီ၏ မျက်ရည်ပေကျံနေသော မျက်နှာကိုကျော်ကြည့်လိုက်ရာ ခုတင်ဘေး စားပွဲပေါ်ရှိ သစ်သီးခြင်းကို သတိထားမိလိုက် သည် - ပန်းသီး၊ ငှက်ပျောသီးနှင့် စပျစ်သီးများ

"ကပ်သီလေး လွတ်သွားတာ.. ငါ့ရဲ့ အတွင်းအားတွေ ယိုစိမ့်ထွက်သွားမလို့.. ကံကောင်းလို့ ငါ အချိန်မီ သိပြီး တားလိုက်နိုင်တယ်.. သုန်းသုန်းချီ.. မင်းရဲ့ ခန္ဓာကိုယ် အခြေအနေက တော်တော်ဆိုးတာပဲ.. ဂြိုဟ်က ဘာလို့ ဒီလောက် အသုံးမကျတဲ့ အမှိုက်ကောင်ကို ငါ့ဆီ အကူအညီပေးဖို့ လွှတ်လိုက်တာလဲ မသိဘူး"

ချန်ကျိုးအကြည့်က သစ်သီးခြင်းဆီသို့ ရောက်သွားသည်။ ထို အဝါရောင် အချွန်အတက်များပါသည်… ဘာသီးလဲ.. သူ တစ်ခါမှ မစားဖူးဘူး။

ကျိုးအိုက်ကော် နှုတ်ခမ်းများ အနည်းငယ်တုန်ယင်သွားသည်။ တော်တော်ကို ဒဲ့ပြောလွန်းသည်။ သူသည် ဌာနမှူးတစ်ယောက် ဖြစ်သည်.. "အသုံးမကျတဲ့ အမှိုက်ကောင်" ဆိုသည့် စကားလုံးဖြင့် စော်ကားခံရဖို့ မထိုက်တန်ပေ။

ထားလိုက်ပါတော့လေ.. အသက်ရှင်ဖို့က အဓိကပဲ

ချန်ကျိုးက သူ့ သစ်သီးခြင်းကို စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သဖြင့် ကျိုးအိုက်ကော်ပြောလိုက်သည်။

"ငါ့ရုံးက လုပ်ဖော်ကိုင်ဖက်တွေ ပစ္စည်းတွေ အများကြီးလာပေးသွားတယ်.. ဒါပေမဲ့ ငါ့အခြေအနေနဲ့က ဒါတွေ စားလို့မရဘူး.. မင်းပဲ စားလိုက်တော့"

သူ့သခင် ခွင့်ပြုချက်ရလိုက်သည်နှင့် တစ်ကိုယ်လုံး ပတ်တီးစည်းထားသောချန်ကျိုးသည် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သစ်သီးခြင်းကို ကြမ်းတမ်းစွာဆွဲဖွင့်လိုက်သည်။ ထို့နောက် စောင်းလျားသီးတစ်လုံးကိုယူပြီး ကိုက်စားလိုက်သည် - ချိုချဉ်ချဉ် အရသာပင်။

"အဲဒါ ဘေးအနားတွေကို လှီးထုတ်ပစ်ရတယ်"

ကျိုးအိုက်ကော်က စေတနာဖြင့် သတိပေးလိုက်သည်။

ချန်ကျိုး တစ်ကိုက်ကိုက်ပြီးနောက် သစ်သီးခြင်းထဲသို့ ပြန်ပစ်ထည့်လိုက်သည်။ ထို့နောက် ငှက်ပျောသီးတစ်လုံး ယူပြီး အခွံခွာကာ ကိုက်စားလိုက်သည်။

ပြီးနောက် ခြင်းထဲတွင် ရှိသမျှ အသီးတိုင်းကို တစ်ကိုက်စီမြည်းစမ်းကြည့်သည်။ ကျိုးအိုက်ကော်သည် အတွေ့အကြုံရှိသော လူကြီးလူကောင်းပီပီ ချန်ကျိုးရှေ့တွင် ကျန်းယိုယိုကဲ့သို့ ပြာပြာသလဲ မဖြစ်မိအောင် ထိန်းထားနိုင်ခဲ့သည်။ ကြည့်ရသည်မှာ ချန်ကျိုးပတ်တီးများသည်လည်း ၎င်း၏နောက်ထပ် ပြဿနာရှာထားသော လက်ရာတစ်ခုဖြစ်ပုံရသည်။

"သုန်းသုန်းယောင်.. ငါ့ကုတင်အောက်မှာ စားစရာကောင်းတွေရှိသေးတယ်.. အကုန် မင်းအတွက်ပဲ"

ကျိုးအိုက်ကော်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ချန်ကျိုး သစ်သီးဝါးရင်း ပွစိပွစိ ရေရွတ်နေကာ မျက်လုံးလေး ကလယ်ကလယ်လုပ်ပြသည်။

ဟင်?

အကုန် ငါ့အတွက်လား

ချန်ကျိုးသည် အားနာတတ်သည့် လူစားမျိုးမဟုတ်ပေ။

ချန်ကျိုးသည် ကျိုးအိုက်ကော် ကုတင်အောက်တွင် ရှိသမျှ အကုန်မွှေနှောက်တော့သည်.. ရေချိုးခန်းသုံး ပစ္စည်းများနှင့် ဆီးအိုးကအစ တစ်ခုမှမကျန်ပေ။

ချန်ကျိုး၏ပေပွနေသော မျက်နှာလေးပေါ်မှ ပျော်ရွှင်နေသည့် အမူအရာကိုမြင်လိုက်ရသဖြင့် ကျိုးအိုက်ကော်သည် အခွင့်ကောင်းကို တွေ့လိုက်သည်။

"သုန်းသုန်းယောင်.. မင်းက ငါတို့ဂြိုဟ်ရဲ့အရဲရင့်ဆုံး စစ်သည်တော်၊ ငါတို့ဂြိုဟ်ရဲ့ ဂုဏ်ယူစရာ၊ ငါတို့ဂြိုဟ်ရဲ့ အသန်မာဆုံး သတ္တဝါပဲ" ကျိုးအိုက်ကော်က ချန်ကျိုး ပုံစံအတိုင်းလိုက်ပြောရင်း ချန်ကျိုးနှင့် သူ့ကိုယ်သူ "ငါတို့" ဟု ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းပြီး ချီးကျူးလိုက်သည်။

မုန့်များစီနေသော ချန်ကျိုးသည် ရုတ်တရက်ဂုဏ်ယူဝင့်ကြွားသော စိတ်များ ဖြစ်ပေါ်လာပြီး တစ်စုံတစ်ခုက သူ့ အကြောကို လာထိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျိုးအိုက်ကော်က ဆက်ပြောသည်။

"ငါလို စစ်သည်တော်မျိုးက မင်းနောက်ကို မိုင်ပေါင်း တစ်သန်းလောက် ပြတ်ကျန်ခဲ့ပါပြီ၊ ဒီမစ်ရှင်အတွက် ဘာလို့ ဂြိုဟ်က မင်းကို ရွေးပြီး ကမ္ဘာမြေကို လွှတ်လိုက်လဲဆိုတာ ငါ အခုမှ နားလည်တော့တယ်၊ ငါက ရန်သူ့ရဲ့ တိုက်ခိုက်မှု တစ်ချက်တောင် မခံနိုင်ဘူး.. ငါ တော်တော် အသုံးမကျတာပဲ"

ချန်ကျိုး မတ်တပ်ရပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"မဟုတ်ဘူး.. စစ်သည်တော်တိုင်းက ကြီးပြင်းလာဖို့ လိုအပ်တယ်၊ တစ်နေ့ကျရင် မင်းလည်း ငါ့လို စစ်သည်တော်မျိုး ဖြစ်လာလိမ့် မယ်လို့ ငါ ယုံကြည်တယ်"

ကျိုးအိုက်ကော်က သက်ပြင်းချလိုက်သည်။

"ဟူး.. ငါ ဘာမှ မခံစားရတော့ဘူး.. ဆရာဝန်က ပြောတယ် ငါသေတော့မယ်တဲ့"

ဝမ်းနည်းပူဆွေးစွာဖြင့် ကျိုးအိုက်ကော်သည် ချန်ကျိုးကို အကဲခတ်သကဲ့သို့ ခိုးကြည့်လိုက်သည်။

"အဲဒီ ကုတ်အဖြူဝတ်ထားတဲ့ ကောင်တွေက တော်တော် တုံးအတာပဲ.. သူတို့က ငါတို့ဂြိုဟ်ရဲ့ အဆင့်မြင့် ဆေးပညာ နည်းပညာ တွေအကြောင်း ဘာမှ နားမလည်ကြဘူး၊ စိတ်မပူပါနဲ့.. မင်းရဲ့ ရောဂါအသေးမွှားလေးက ငါတို့ဂြိုဟ်မှာဆို အအေးမိ၊ ဖျားနာလောက်ပဲ ရှိတာပါ" ချန်ကျိုး အထင်သေးသလို လှောင်ပြောင်လိုက်သည်။

"သုန်းသုန်းယောင်မှာ အကြံကောင်းများရှိလား"

ချန်ကျိုးသည် ကျိုးအိုက်ကော်အိတ်ကို မွှေနှောက်ပြီး စာရွက်နှင့် ဘောပင်ရှာတွေ့သွားသည်။ သူသည် စာရွက်ပေါ်တွင် ပန်းပုံ၊ သစ်ပင်ပုံများ လျှောက်ဆွဲပြီး အမြှောင်းလေးများဖြစ်အောင် ဆုတ်ဖြဲလိုက်သည်။ ထို့နောက် သူ့တံတွေးဖြင့် တို့ပြီး ကျိုးအိုက်ကော်၏ မျက်နှာပေါ်တွင် ကပ်ပေးလိုက်သည်။

ကျိုးအိုက်ကော် - ...ငါ အသက်ရှင်ဖို့အတွက် သည်းခံရမယ်။

ကျိုးအိုက်ကော်၏ဆံစပ်တစ်လျှောက်တွင် အဆောင်လက်ဖွဲ့ စာရွက်ဝိုင်းကြီး ကပ်လျက်သားဖြစ်သွားသည်။

မစ်ရှင် အောင်မြင်ပြီ

"ဒီအဆောင်လက်ဖွဲ့တွေက ငါ့ရဲ့ ကျင့်ကြံခြင်း နှစ်တစ်ရာလောက် ကုန်သွားတာကွ၊ မင်း ဘေးကင်းကင်းနဲ့ ကောင်းသွားဖို့ဆိုရင် ၄၉ ရက်တိတိ ကပ်ထားရမယ်"

၄၉ ရက် ဟုတ်လား

"ကွာကျသွားရင်ရော ဘယ်လိုလုပ်မလဲ" ကျိုးအိုက်ကော်က အတင်းမေးလိုက်သည်။

"ကွာကျသွားရင် မင်း ရောဂါပျောက်ပြီလို့ မှတ်လိုက်.. ဒါနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း နှစ်တစ်ရာကုန်သွားတဲ့အတွက် အားပြန်ဖြည့်ဖို့ ကြက်၊ ဘဲ၊ ငါး၊ အမဲသားတွေ စားမှဖြစ်မယ်"

ချန်ကျိုးသည် ကုတင်ပေါ်သို့ ပြန်တက်သွားပြီး ကျေကျေနပ်နပ်ကြီး သစ်သီးများဆက်စားနေသည်။

ကျိုးအိုက်ကော်သည် ကိုယ်တစ်ပိုင်းသေနေသော်လည်း ဦးနှောက်က မသေသေးပေ။

ကွာကျသွားလျှင် ရောဂါပျောက်ပြီဟု မှတ်လိုက်ဆိုတော့.. ၄၉ ရက် ကပ်ထားရမည်ဆိုတာ ဘာအဓိပ္ပာယ်လဲ ??

ချန်ကျိုးဆိုသည့် စိတ်ရောဂါသည်က ကာရန်ညီအောင်လျှောက်ပြောနေတာ နေမှာပါ။

စွမ်းရည်ကြီးမားသည့် စိတ်ရောဂါသည် တစ်ယောက်.. ဒါ တော်တော် ဒေါသထွက်စရာ ကောင်းမနေဘူးလား။

[Talisman Bonus: ယင်းစွမ်းအင်နှင် အဆောင်လက်ဖွဲ့]

[System Bonus: စာလုံးခုနစ်လုံး အကာအကွယ် အဆောင်လက်ဖွဲ့]

[ချန်ကျိုး.. မင်း ငတုံးကောင်.. အဆောင်လက်ဖွဲ့တွေကို လျှောက်မသုံးနဲ့.. ဒီ System က ဈေးပေါတဲ့ အတုအပ မဟုတ်ဘူးကွ]

"ဘယ်သူလဲ.. ဘယ်သူ ငါ့ကို ဆဲနေတာလဲ"

ချန်ကျိုး ခေါင်းလှည့်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်သည်။ သူ့မျက်နှာပေါ်မှ ပတ်တီးများသည် သစ်သီးဖတ်များ၊ အရည်များနှင့် ပေကျံနေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျိုးအိုက်ကော် မျက်နှာပေါ်မှ အဆောင်လက်ဖွဲ့ဆီကနေ အလင်းရောင်ဖြူ တစ်ချက်လက်ခနဲ ဖြစ်သွားသည်။

ကျိုးအိုက်ကော် ခန္ဓာကိုယ်ထဲမှ မည်းနက်သော အငွေ့အသက်များ လွင့်ပျံထွက်လာသည်ကိုမြင်နေရသည်။

ကျိုးအိုက်ကော်သည် သူ့ လေးလံနေသော ခန္ဓာကိုယ်တဖြည်းဖြည်း ပေါ့ပါးလာခြင်း၊ အသက်ရှူရတာ ပိုချောမွေ့လာခြင်း၊ စိတ်များ ကြည်လင်လာခြင်းနှင့် ဖောင်းအစ်နေသော မျက်လုံးများသည် ကြည်လင်သော စမ်းရေအေးဖြင့် ဆေးကြောလိုက်သကဲ့သို့ သက်သာသွားခြင်းကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။ သူ လန်းဆန်းတက်ကြွလာသလို ခံစားလိုက်ရသည်။

ကျိုးအိုက်ကော်သည် သူ့ညာလက်ကို ထိန်းချုပ်ကြည့်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော် လည်း တစ်စုံတစ်ခုကို စတင် ခံစားလာရပြီ။

သက်သောင့်သက်သာ ခံစားမှုပျောက်ကွယ်သွားပြီး နာကျင်မှုကနေရာယူလာသည်။

ဤခံစားချက်သည် ပိုပိုပြီးပြင်းထန်လာသည်။

နာလာပြီ၊ ပိုပိုပြီးနာလာတယ်။

အရင်က ဘာမှ မခံစားရသော သူ့ခန္ဓာကိုယ်သည် ယခုမူပြင်းထန်သော နာကျင်မှုများနှင့် ပြည့်နှက်နေပြီ။

နာကျင်လွန်းသဖြင့် ကျိုးအိုက်ကော်နဖူးတွင် ချွေးစေးများပြန်လာသည်။

"သုန်းသုန်းယောင်.. ဘာလို့ ပိုပိုပြီးနာလာတာလဲ.. ငါ နာတာကိုမခံနိုင်တော့ဘူး" ကျိုးအိုက်ကော် အံကြိတ်ပြီး မေးလိုက်သည်။

ချန်ကျိုးသည် ကျိုးအိုက်ကော်ကို ကျောပေးပြီး ထိုင်နေကာ ခေါင်းလှည့်မကြည့်လာပေ။

"နာတယ်ဆိုရင် မင်း ခံစားတတ်လာပြီပေါ့.. စိတ်မပူပါနဲ့.. နာလို့ သေသွားအောင်တော့ ငါ မလုပ်ပါဘူး"

"ဒါပေမဲ့ ပိုပိုပြီးနာလာတယ်ကွ" ကျိုးအိုက်ကော် သွားများပင် ရိုက်ခတ်လာရသည်။

ချန်ကျိုး ကျိုးအိုက်ကော်ကို လျစ်လျူရှုလိုက်သည်။

ချန်ကျိုး နာလို့သေသွားအောင် မလုပ်ဘူးဟုသာပြောခြင်းဖြစ်ပြီး.. လုံးဝ မနာအောင်လုပ်ပေးမည်ဟု မပြောခဲ့ပေ။

မဖြစ်ဘူး..

ကျိုးအိုက်ကော်သည် သူ့ ကိုယ်တွင်းအင်္ဂါများ ကွဲထွက်သွားမတတ် ခံစားနေရသည်။

နာကျင်မှုသည် သူ ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက်ကျော်လွန်နေချေပြီ။

ကျိုးအိုက်ကော်သည် ယခုမှပြန်လည် ခံစားမိလာသော သူ့လက်ကို ထိန်းချုပ်ပြီး ဖြည်းဖြည်းချင်း မလိုက်သည်။

ကုတင်ဘေး စားပွဲပေါ်ရှိခေါ်ဆိုမှုခလုတ်ကို နှိပ်ရန် နှစ်မိနစ်ကျော်ကြာသွားသည်။

မိသားစုဝင်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အခန်းထဲသို့ အပြေးအလွှားဝင်လာကြသည်။

"ငါ နာတာကို မခံနိုင်တော့ဘူး! မေ့ဆေး ပေးကြပါ! ငါ့မျက်နှာကို မထိနဲ့! ငါ့အဆောင်လက်ဖွဲ့ကို မထိနဲ့! အသက်ရှူစက် မလိုချင်ဘူး! အဆောင်လက်ဖွဲ့ကို မထိနဲ့! မင်းတို့လက်တွေ ငါ့မျက်နှာပေါ်က ဖယ်ကြစမ်း!"

ကျိုးအိုက်ကော်သည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို အသံကုန်ပင် ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

All Chapters