← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

ကျန်းယိုယိုသည် ရေဇလုံကိုင်ပြီး ရေခန်းဘက်သို့ သွားလိုက်သည်။ သူ့ဆရာသည် စိတ်ရောဂါသည်ဟု အခေါ်ခံရခြင်းကို မနှစ်သက်ပေ။ သူ့အသက်ကို ကယ်ခဲ့သည်မှာ သူ့ ဆရာပင်။ သူသည် ဆရာမကြိုက်သောသူများကို မကြိုက်သလို ဆရာနှင့် တစ်သားတည်း ရှိချင်သူဖြစ်သည်။

ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူနှစ်ဦးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

"ဒီမိန်းမလည်း စိတ်ရောဂါသည် ဖြစ်နေတာလား"

"စိတ်ရောဂါသည်တွေနဲ့ အနေကြာရင် စိတ်ရောဂါ ကူးတတ်တယ်လို့ ကြားဖူးတယ်.. တကယ်ပဲ ဖြစ်မယ်"

"ဒါဆို ငါတို့မစ်ရှင်က ဘယ်လိုလုပ်မလဲ"

"သူနာပြုဆီမှာ အကူအညီ သွားတောင်းကြတာပေါ့"

...

တံခါးဝတွင် သူတို့နှစ်ဦး တိုင်ပင်နေစဉ် စစ်ဆေးမှု ပြီးဆုံးသွားသော ကျိုးအိုက်ကော်ကို တွန်းထုတ်လာကြသည်။ ကျိုးအိုက် ကော်သည် မျက်နှာသုတ်ပဝါကို ကိုက်ထားလျက် တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေသည်။

"အခန်းပြောင်းပေး! ငါ နာတာကို မခံနိုင်တော့ဘူး.. ချန်ကျိုးကို သွားပြီး ထိခိုက်လိမ့်မယ်.. ချန်ကျိုး အနားယူတာကို ငါ အနှောင့်အယှက် မပေးချင်ဘူး.. ငါ့ကို မြန်မြန် အခန်းပြောင်းပေး! ငါ့ကို မြန်မြန် အခန်းပြောင်းပေးကြပါ! သတိထားကြ.. ငါ့မျက်နှာပေါ်က အဆောင်လက်ဖွဲ့ကို မထိနဲ့..."

ကျိုးအိုက်ကော် ကုတင်ကိုဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက တွန်းခေါ်သွားရာ သူ့အသံသည် တဖြည်းဖြည်း တိုးဝေးသွားလေသည်။

ဆေးရုံ အစည်းအဝေးခန်းမထဲတွင် သရဲအမှုအခင်းများကို အထူးပြုလေ့လာသော ကျွမ်းကျင်ပညာရှင်အဖွဲ့သည် အရေးပေါ် အစည်းအဝေး ကျင်းပနေကြသည်။

ပရိုဂျက်တာပေါ်တွင် ကျိုးအိုက်ကော်၏ဓာတ်မှန်ပုံရိပ် နှစ်ခုကို ပြသထားသည်။

ကျိုးအိုက်ကော်၏တာဝန်ခံဆရာဝန်မှ ပထမဓာတ်မှန်ပုံရိပ်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက လူနာ စရောက်လာတုန်းက ရိုက်ထားတာပါ၊ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါ အားလုံးမှာ ယင်းစွမ်းအင် ပမာဏ မြင့်မားနေပြီး ထိန်းချုပ်မရအောင် လျင်မြန်စွာ ပျက်စီးနေခဲ့တယ်၊ လူနာ ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ အာရုံကြော အများစုက သေနေပြီ။ အခု ဒုတိယ ဓာတ်မှန်ကို ကြည့်ကြည့်ပါ.. ဒါက စစ်ဆေးချက် အဖြေပါ၊ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ပတ်လည်မှာ အကာအကွယ် အမြှေးပါးလေးတစ်ခု ဖြစ်ပေါ်နေတယ်၊ ပြီးတော့ သူ့ရဲ့ အာရုံကြောတွေကလည်း ကိုယ့်ဟာကိုယ် ပြန်လည် ပြုပြင်နေပြီး နာကျင်မှုကို အာရုံခံနိုင်လာတယ်၊ ကျွန်တော်တို့ ပေးလိုက်တဲ့ မေ့ဆေးကိုလည်း ဒီအကာအကွယ် အမြှေးပါးက လက်မခံဘဲ တွန်းထုတ်လိုက်လို့ မေ့ဆေးအာနိသင်မရခဲ့တာပါ"

"ထုံးစံအတိုင်းဆိုရင် လူနာက ဒီလောက် ပြင်းထန်တဲ့ နာကျင်မှုကြောင့် သတိလစ်သွားသင့်ပေမယ့် ဒီအကာအကွယ် အမြှေးပါးကြောင့်ပဲ သူ့စိတ်အာရုံကကြည်လင်နေတာ၊ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေက ဒီအကာအကွယ် အမြှေးပါးရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ့်ဟာကိုယ် ပြန်လည် ပြုပြင်နေကြတယ်၊ ဒီအတိုင်းသာဆိုရင် နောက်ထပ် လေးရက်လောက်နေရင် သူ ရောဂါပျောက်ကင်းသွားမယ့်အပြင် သူ့ရဲ့ ကိုယ်တွင်းအင်္ဂါ လုပ်ဆောင်ချက်တွေက အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်နဲ့ မခြား ဖြစ်လာပါလိမ့်မယ်"

"လူနာမှာ ရှားပါးတဲ့ ကာကွယ်ရေး ယန္တရားတစ်ခုခု ဖြစ်ပေါ်လာတာလား" ဆေးရုံအုပ်ကြီး မေးလိုက်သည်။

တာဝန်ခံဆရာဝန်က ခေါင်းခါလိုက်သည်။ "ဒါက လူနာ ကိုယ်တိုင်နဲ့ ဘာမှမဆိုင်ပါဘူး"

ထို့နောက် ကျိုးအိုက်ကော်၏ မျက်နှာပေါ်တွင် စာရွက်ပိုင်းများ ကပ်ထားသော ဓာတ်ပုံကို ပြလိုက်သည်။

"လူနာ ပြောပုံအရဆိုရင် သူ့မျက်နှာပေါ်က စာရွက်ပိုင်းလေးတွေနဲ့ သက်ဆိုင်နေပါတယ်.. ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို လုံးဝကြည့်ခွင့်မပေးပါဘူး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. စာရွက်ပိုင်းလေးက ရောဂါပျောက်စေတယ် ဟုတ်လား"

တာဝန်ခံဆရာဝန်က ကျန်းယိုယို ဆေးမှတ်တမ်းကို ဆွဲထုတ်လိုက်သည်။

"ဒီလူနာဆိုရင် လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ နောက်ဆုံးအဆင့် ရင်သားကင်ဆာလို့ ရောဂါအမည် တပ်ထားတာပါ၊ တစ်ရက်နေ တော့ သူ နောက်တစ်ခါ လာစစ်တယ်.. အဖြေက အစောပိုင်းအဆင့် ရင်သားကင်ဆာ ဖြစ်သွားတယ်၊ ဒီနေ့ အဖြေအသစ် ထပ်ရတယ်.. လုံးဝ ပျောက်ကင်းသွားပြီတဲ့"

လူတိုင်း ပိုဇဝေဇဝါ ဖြစ်ကုန်ကြသည်။

တာဝန်ခံဆရာဝန်က ဆက်ပြောသည်။

"ဒီလူနာ နှစ်ယောက်လုံးက သရဲနှင်ရဲဌာနကပါ.. သူတို့ အခြေအနေတိုးတက်လာရတဲ့ အဓိက အကြောင်းရင်းက လူတစ်ယောက်တည်းကြောင့်ပါပဲ"

"ဘယ်သူလဲ" ရှိနေသော ကျွမ်းကျင်ပညာရှင်များက ပြိုင်တူ မေးလိုက်ကြသည်။

"ချင်းရှန် စိတ်ကျန်းမာရေးဆေးရုံက လူနာ ချန်ကျိုးပါ.. အခု ကျွန်တော်တို့ ဆေးရုံမှာ တက်နေပါတယ်။ ဆေးရုံအုပ်ကြီး သိပါတယ်.. မနေ့ညက ချန်ကျိုး ဆေးရုံတက်ခွင့်ရဖို့ သောင်းကျန်းနေလို့ ဆေးရုံအုပ်ကြီးက အထူးခြွင်းချက်အနေနဲ့ ခွင့်ပြုပေးခဲ့တာလေ"

ဆေးရုံအုပ်ကြီး ခေါင်းညိတ်ပြီးဆက်ပြောသည်။

"ဟုတ်တယ်.. သရဲအမှုအခင်းတွေကို ကုသရာမှာ ချန်ကျိုးက ကျွန်တော်တို့ ဆေးရုံအတွက် လမ်းစတစ်ခုဖြစ်လာနိုင်တယ်၊ ယင်းစွမ်းအင်ဝင်ရောက်ပူးကပ်ခံရတဲ့ တခြားလူနာတွေကို ကုသဖို့ သူ့ရဲ့ နည်းလမ်းတွေကို တုပလို့ ရ၊ မရ ကြည့်ကြတာပေါ့"

"ဆေးရုံအုပ်ကြီး ပြောတော့ လွယ်တာပေါ့.. သူက စိတ်ရောဂါသည်လေ.. ကျွန်တော်တို့ သူ့နဲ့ ဘယ်လို ဆက်သွယ်ကြမှာလဲ"

"ဟုတ်တယ် ဆရာကြီး.. သူပြောတဲ့ စကားတွေအတွက် သူ တာဝန်ယူစရာမလိုပေမယ့် ကျွန်တော်တို့ လုပ်ရပ်တွေအတွက်တော့ ကျွန်တော်တို့ တာဝန်ယူရမှာလေ"

ဆေးရုံအုပ်ကြီး လက်ကာပြလိုက်သည်။

"စိတ်မပူကြပါနဲ့.. ငါ ချင်းရှန်စိတ်ကျန်းမာရေးဆေးရုံအုပ်ကြီးကို ဆက်သွယ်ပြီးပါပြီ၊ သူ လာနေပါပြီ.. ချန်ကျိုးနဲ့ အဆက်အသွယ် ရအောင် သူ ကူညီပေးပါလိမ့်မယ်"

လူနာဆောင်ထဲတွင် ချန်ကျိုးသည် ငါးဟင်းချိုကိုဂုဏ်သရေရှိစွာ သောက်နေသည်။ မကြာသေးမီက သူ့ နေထိုင်မှု အဆင့်အတန်း သည် သိသိသာသာတိုးတက်လာခဲ့သည်။

ကျန်းယိုယို ဇလုံထဲတွင် ရေဖြည့်ပြီး ကုတင်ဘေးတွင် ချပေးလိုက်သည်။

"ဆရာ.. ဆရာ့ရဲ့ အတွင်းအားတွေ ယိုစိမ့်နေတုန်းပဲလား"

ချန်ကျိုး ပါးစပ်ထဲတွင် ငါးအရိုးတန်းလန်းဖြင့် မေးလိုက်သည်။

"မယိုစိမ့်တော့ပါဘူး.. ဒီကောင်ကို ခဏနေရင် ရှင်းပစ်လိုက်တော့မယ်၊ မင်း မလာခင်တုန်းက ငါ့ရဲ့ ကျင့်ကြံခြင်း နှစ်တစ်ရာကို သုန်း.. အဲ.. မင်းတို့ ခေါင်းဆောင်ကို ပေးလိုက်ရလို့ အားပြန်ဖြည့်ဖို့လိုနေသေးတာ"

သူ့ရှေ့က အစားအသောက်တွေကိုလက်မလွှတ်နိုင်လို့ ပြောနေမှန်းသိသာလှသည်။ ဒီလို အကြောင်းပြချက်မျိုးကို ချန်ကျိုးလောက် သာ စဉ်းစားမိပေလိမ့်မည်။

"ဟုတ်ကဲ့ပါ"

ကျန်းယိုယိုက မသိချင်ယောင်ဆောင်လိုက်သည်။

[Host ၏ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် System သည် လက်ရှိတွင် ဗိုလ်ချုပ်သံချပ်ကာနှင့် ဓားကို ပြန်လည် သိမ်းဆည်းနေပြီး လိုအပ်သည့်အချိန်မှသာ ထုတ်ပေးပါမည်။]

System ရှိနေခြင်းကို ချန်ကျိုးကျင့်သားရနေပြီ ဖြစ်သည်။ ဤသတိပေးချက်ကြောင့် သူ သံချပ်ကာကို ဘယ်နားထားခဲ့မိမှန်း မေ့နေသည်ကို သတိရသွားသည်။ သံချပ်ကာအကြောင်းပြောမှ ချန်ကျိုး တစ်စုံတစ်ခုကို မေ့နေသလိုခံစားလိုက်ရသည်။

"ငါ့ရဲ့ ခေါင်းတလားကြီးကို အိမ်ပြန်သယ်ပြီးပြီလား"

ချန်ကျိုးသည် မနေ့က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကောင်းကင်နှင့် မြေကြီးစွမ်းအင်များကို စုပ်ယူနိုင်သော ရတနာဖြစ်သည့် ကြေးခေါင်းတလားကြီးကိုသတိရသွားသည်။ မကြာသေးမီက သူ၏ အတွင်းအားများယိုစိမ့်နေခဲ့သည်။ အကယ်၍သာ သူ ပြန်လည် ကျင့်ကြံအားထုတ်ခြင်းမပြုလုပ်ပါက သူ ပေးလိုက်ရသည့် စွမ်းအားများနှင့် ကာမိအောင် မည်မျှကျင့်ကြံစေကာမူ လုံလောက်မည် မဟုတ်ပေ။

ကျန်းယိုယို ကြောင်သွားပြီး ဒီကိစ္စကို ဘယ်လိုစပြောရမလဲ မသိဖြစ်သွား&သည်။ ယစ်မျက်ဝန်းအစီအရင်သည် ကိစ္စသေး မဟုတ်ပေ။ သရဲနှင်ရဲများက ဝိညာဉ်နှိမ်နင်းရေးဌာနကို ဆက်သွယ်ထားပြီးဖြစ်သည်။ ဝိညာဉ်နှိမ်နင်းရေးဌာန ရောက်လာသည်နှင့် သရဲနှင်ရဲများ ပြောခွင့်ဆိုခွင့်ရှိတော့မည် မဟုတ်ပေ။ ထိုခေါင်းတလားများကို ဝိညာဉ်နှိမ်နင်းရေးဌာနက သေချာပေါက် ယူသွားကြ လိမ့်မည်သာ။ ထိုကဲ့သို့သော ပစ္စည်းမျိုးကို အများအားဖြင့် သိမ်းဆည်းလေ့ရှိကြသည်။

"ဘောလုံးလေး.. ငါ့ခေါင်းတလားကြီးကို အိမ်သယ်သွားပြီလားလို့" ချန်ကျိုးက ထပ်မေးလိုက်သည်။

"ဆရာ.. ကျမ ပြောရင် စိတ်မဆိုးနဲ့နော်" ကျန်းယိုယို စိုးရိမ်တကြီး ပြောလိုက်သည်။

"အရင်ဆုံး ပြောပြကြည့်ပါဦး"

"ဆရာ့ရဲ့ ခေါင်းတလားကြီးကို ဝိညာဉ်နှိမ်နင်းရေးဌာနက ယူသွားလောက်ပြီ"

"ဝိညာဉ်နှိမ်နင်းရေးဌာန ဟုတ်လား.. ခုနက ငတုံး နှစ်ကောင်လား" ချန်ကျိုး မေးလိုက်သည်။

"ဝိညာဉ်နှိမ်နင်းရေးဌာနမှာ လူတွေ အများကြီးရှိတယ်လေ.. သရဲနှင်ရဲအဖွဲ့လိုပဲပေါ့၊ သူတို့က လူအများကြီးထဲက နှစ်ယောက်လောက်ပဲ ရှိဦးမှာပါ" ကျန်းယိုယို ရှင်းပြလိုက်သည်။

သူ ကျင့်ကြံအားထုတ်ဖို့ အထောက်အကူဖြစ်စေမယ့် ရတနာကို ဝိညာဉ်နှိမ်နင်းရေးဌာနက ငတုံးတွေက ယူသွားကြပြီဟုတ်လား ?

ဒါ ဗြောင်ကျကျ ဓားပြတိုက်တာပဲ!

အဲဒါ သူ ကိုယ်တိုင် တိုက်ခိုက်ပြီး ရယူထားတဲ့ စစ်နိုင်လက်ဆောင်လေ.. သူ့စွမ်းအားတွေ တိုးတက်ဖို့အတွက် ဒီခေါင်းတလားကြီးကို အားကိုးနေရတာ

လွန်လွန်းတယ်!

ဒါ လုံးဝ သည်းမခံနိုင်စရာပဲ!

ချန်ကျိုးသည် ကုတင်ကိုလက်သီးဖြင့် ထုလိုက်သည်။ သူ့ပစ္စည်းတွေကို သူ ပြန်ယူရမည်။

ကျန်းယိုယို အကူအညီဖြင့် သူ ပတ်တီးများကို ဆွဲခွာပြီး မျက်နှာသစ်လိုက်သည်။

သူ မထွက်ခွာနိုင်ခင်မှာပင် ချင်းရှန် စိတ်ကျန်းမာရေးဆေးရုံအုပ်ကြီး လီချင်းရှန်သည် မုန့်များနှင့် သစ်သီးမျိုးစုံကို ကိုင်ဆောင်လျက် အခန်းထဲသို့ဝင်လာသည်။ သူ့နောက်တွင် ချန်ကျိုး၏တာဝန်ခံဆရာဝန် အားယွမ်အပါအဝင် ဂျူတီကုတ်အဖြူ ဝတ်ထားသော ဆရာဝန်တစ်သိုက်နှင့် ကျင်းဟိုင် ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များပါလိုက်ပါလာကြသည်။

"ချန်ကျိုး.. မင်း အိမ်ရှိလျက်နဲ့ အိမ်မပြန်ဘဲ ဒီမှာ လာတက်နေတယ်ပေါ့၊ ဒီနေရာက ငါတို့နေရာထက် ပိုကောင်းလို့လား"

လီချင်းရှန် ပြုံးပြီး ပြောလိုက်သည်။ ချန်ကျိုးကို သိသူ အများစုကဲ့သို့ပင် မင်းဆီမှာ တစ်ခုခုရှိနေသရွေ့ သူက ပျော်နေတတ်သူပါ။

ချန်ကျိုးသည် ဆေးရုံအုပ်ကြီးမျက်နှာကို မြင်ဖူးလာသည်မှာ အနှစ် ၂၀ ကျော်နေပြီ ဖြစ်သဖြင့် အလွန်ရင်းနှီးကျွမ်းဝင်နေသည်။

ဒါပေမဲ့ ဆေးရုံအုပ်ကြီးက ဘာကိစ္စ မျောက်ကောင်အားယွမ်ကို ခေါ်လာရတာလဲ။

ချန်ကျိုးစိတ်ထဲတွင်မူ အားယွမ်သည် သူ့ အတွင်းအားတွေ ယိုစိမ့်နေတာသိသဖြင့် သူ့အားလာခြုံခိုတိုက်ခိုက်ခြင်းဖြစ်ရမည်။

"အားယွမ်.. မင်းလို ကောက်ကျစ်တဲ့ကောင်.. ငါ့ရဲ့ အတွင်းအားတွေယိုစိမ့်နေတုန်း မင်း ငါ့ကိုတကယ် ခြုံခိုတိုက်ခိုက်ဖို့ ကြိုးစားတယ်ပေါ့လေ"

All Chapters