အခန်း (၃၀)
Vol. 3 Ch. 30
ကလေးမလေးသည် ကုတင်ကိုအားပြုလျက် စမ်းတဝါးဝါးဖြင့် ခြေလှမ်း အနည်းငယ်လှမ်းလိုက်သည်။ ခြေထောက်များ အားနည်းနေသေးသော်လည်း သူ တကယ်လမ်းလျှောက်နိုင်နေပြီ ဖြစ်သည်။
"ကိုကို.. ချန်ချန် လမ်းလျှောက်တတ်သွားပြီ!"
ကလေးမလေးက ပျော်ရွှင်စွာအော်ပြောလိုက်သည်။ သူမ၏အပြစ်ကင်းစင်သော မျက်လုံးများက ချန်ကျိုးကို ကြည့်ရင်း တောက်ပနေလေသည်။
ချန်ကျိုးသည် တစ်စုံတစ်ခုသော ပျော်ရွှင်မှုကို ထူးဆန်းစွာခံစားလိုက်ရသည်။ သူသည် ဝှီးချဲပေါ်တွင် ထိုင်လျက် ဝှီးချဲ အစိတ်အပိုင်းများကို ကလိနေရင်း လက်ကာပြလိုက်သည်။
"ဒါဆို သွားတော့လေ.. ပြန်မလာနဲ့တော့"
ကလေးမလေးလန့်သွားသည်။ ဆေးရုံအုပ်ကြီးက သူမကို အရင်ထွက်သွားရန် အချက်ပြလိုက်သည်။
ဆရာဝန်၏တွဲကူမှုဖြင့် ကလေးမလေးသည် လူနာဆောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားလေသည်။
ချန်ကျိုးသည် ကိစ္စပြီးသွားပြီ ဖြစ်သော်လည်း ကျန်လူများမပြန်သေးသည်ကို သတိထားမိလိုက်သည်။
"ငါ့ကို ပေးပြီးသား ပစ္စည်းတွေကို ပြန်ယူသွားဖို့တော့ မစဉ်းစားနဲ့နော်"
ချန်ကျိုးသည် အလိုအလျောက်ပင် သူ့ပစ္စည်းများကို ကာကွယ်လိုက်သည်။
ဆေးရုံအုပ်ကြီးစွင်းသည် မူလက ဆရာဝန်များကို ကုသနည်းပညာ အချို့ လေ့လာစေရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ လက်တွေ့သဘောအရဆိုလျှင် ကလေးမလေးနှင့် ကျိုးအိုက်ကော်နှစ်ဦးစလုံးသည် ယင်းစွမ်းအင် ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်း ကြောင့် ဖြစ်ရသဖြင့် ကုသနည်းမှာ ဆင်တူသင့်ပေသည်။ သို့သော် တစ်ဖက်လူက အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်း မပြုသည့်အပြင် ကုသမှုလုပ်ငန်းစဉ် တစ်ခုမှပင်လုပ်ဆောင်ခြင်းမရှိသည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
လေ့လာသင်ယူဖို့ နေနေသာသာ ဘာဖြစ်သွားမှန်းတောင် နားမလည်လိုက်ဘဲ ရောဂါပျောက်ကင်းသွားလေသည်။
ကျင်းဟိုင် ဆေးရုံအုပ်ကြီးသည် သူ့ဘေးရှိ ဆရာဝန်ကို တီးတိုးပြောလိုက်သည်။
"မြန်မြန်.. နောက်ထပ် လူနာတစ်ယောက် ထပ်ခေါ်လာခဲ့"
ဆရာဝန်သည် ချန်ကျိုးအခန်းထဲမှ အလျင်အမြန်ထွက်ခွာသွားသည်။
ခဏအကြာတွင် ဆရာဝန်သည် ကုတင်တစ်လုံးကိုတွန်း၍ ဝင်ရောက်လာပြီး အခန်းတံခါးဝတွင် လူနာ မိသားစုဝင်များက အလျင်စလို ဝယ်လာသော လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်လျက်ရပ်နေကြသည်။
ဒီတစ်ခါတော့ ဆေးရုံအုပ်ကြီးက ပိုပြီးဉာဏ်ပြေးလာသည်။ ချန်ကျိုး ကုသမှု လုပ်ငန်းစဉ်ကို မှတ်တမ်းတင်နိုင်ရန် စာရွက်နှင့် ဘောပင်ကို ယူဆောင်လာခဲ့သည်။
သူတို့ ဆန္ဒရှိသည့်အတိုင်းပင် ချန်ကျိုးသည် စာရွက်ပေါ်တွင် ခွေးပေါက်စပုံ ဆွဲလိုက်ပြီး လူနာနဖူးပေါ်တွင် ကပ်ပေးလိုက်သည်။
နေ့လယ်ခင်း တစ်ခုလုံး လူနာများ ဝင်လိုက်ထွက်လိုက်နှင့် ရှုပ်ယှက်ခတ်နေတော့သည်။
ကျွမ်းကျင် ဆရာဝန်တစ်သိုက်သည် ဘေးမှ ရပ်ကြည့်နေကြပြီး အချို့ဆိုလျှင် ဖုန်းဖြင့်ပင် မှတ်တမ်းတင်နေကြသည်။
ချန်ကျိုး ရေးဆွဲသော အဆောင်လက်ဖွဲ့တစ်ခုချင်းစီသည် လက်လွတ်စပယ် နိုင်လွန်းလှပြီး တစ်ခုနှင့် တစ်ခုလည်း မတူညီကြပေ။
ကျင်းဟိုင်ဆေးရုံမှ ဆရာဝန်များသည် အချင်းချင်းတီးတိုးပြောနေကြသည်။
"မင်း နားလည်လား"
"ငါက ဘာကို နားလည်ရမှာလဲ"
"စာရွက်က ငါတို့ဆေးရုံက စာရွက်၊ ဘောပင်က ငါတို့ဆေးရုံက ဘောပင်၊ သူက မျဉ်းကြောင်းလေး နည်းနည်း ဆွဲလိုက်တာနဲ့ အလုပ်ဖြစ်သွားရော.. ငါတို့ ဘာမှ လုပ်လို့မရပါလား"
...
လူနာ တစ်ဒါဇင်ကျော်လောက် ကုသပေးပြီးနောက် ချန်ကျိုး စိတ်ကုန်သွားသည်။ အစပိုင်း စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွား သည်နှင့် သူ ဆက်မလုပ်ချင်တော့ပေ။
ဆေးရုံအုပ်ကြီးစွင်းမှာ အကြံကုန်ဂဠုန်ဆားချက်ဖြစ်နေလေပြီ။ ခိုးကြောင်ခိုးဝှက် လေ့လာ၍လည်း ဘာမှ မတတ်မြောက်သလို၊ အချိန်အကြာကြီး စောင့်ကြည့်ပြီးတာတောင် ဘာမှ အဖတ်မတင်ခဲ့ပေ။
အခွင့်အရေးတချို့က လက်လွတ်ဆုံးရှုံးသွားရင် ပြန်မရနိုင်တော့ဘူး။ ချန်ကျိုး ကျင်းဟိုင်ဆေးရုံမှာ နေတာက ခဏတဖြုတ် စိတ်ကူးပေါက်လို့နေတာမျိုး ဖြစ်ပြီး ဒီညတွင်းချင်း ချင်းရှန်စိတ်ကျန်းမာရေးဆေးရုံကို ပြန်သွားနိုင်တယ်။
ဒီလို ရွှေရောင်အခွင့်အရေးမျိုးကို လက်လွတ်မခံနိုင်ဘူး။
ချန်ကျိုးအပြောအဆို၊ အပြုအမူတွေကိုကြည့်ရတာ သူက ရှုပ်ထွေးတဲ့ လူစားမျိုး မဟုတ်ဘူး။
ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
"မစ္စတာချန်"
ဆေးရုံအုပ်ကြီးစွင်း ပြောလိုက်သည်။
"ကျွန်တော်တို့ ဆေးရုံမှာ ခင်ဗျားလို လူနာမျိုးတွေ အများကြီး ရှိပါတယ်၊ ခင်ဗျားရဲ့ အချိန်တွေက တန်ဖိုးရှိမှန်း ကျွန်တော်တို့ သိပါတယ်၊ အလကား မဖြုန်းတီးရဲပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာလေး တစ်ခု ရှိနေလို့ပါ.. ခင်ဗျားရဲ့ သဘောထားလေး သိချင်ပါတယ်"
ဆေးရုံအုပ်ကြီးစွင်းက "မစ္စတာ" ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းသွားတာက ချန်ကျိုးရဲ့ စွမ်းရည်ကို လုံးဝအသိအမှတ်ပြု လေးစားသွားကြောင်း ပြသနေသည်။
"ဘာတုန်း"
"ကျွန်တော်တို့ အားလုံး ခင်ဗျားရဲ့ အဆောင်လက်ဖွဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ပြီးပါပြီ၊ သေခါနီး လူမမာကိုတောင် ပြန်ဆွဲတင်နိုင်တယ်လေ၊ ကျွန်တော်တို့ကို နည်းလမ်းလေး တစ်ကွက်၊ နှစ်ကွက်လောက် သင်ပေးလို့ ရမလားဗျာ"
"မင်းတို့ကိုလား"
ချန်ကျိုးက နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီအဆောင်လက်ဖွဲ့တွေက ငါ့ရဲ့ နှစ်တစ်သောင်း ကျင့်ကြံခြင်း စွမ်းအားတွေ ပါဝင်နေတာကွ။ မင်းတို့ အသက် တစ်ရာ၊ တစ်ထောင် နေရင်တောင် ငါ့အဆင့်ကို မီမှာ မဟုတ်ဘူး"
ဆေးရုံအုပ်ကြီးစွင်းသည် နှိမ့်ချသော လေသံဖြင့်ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ သိပါတယ်၊ အခြေခံလေးလောက် သင်ပေးရင် ရပါပြီ.. ဒါဆိုရင် ရောဂါအသေးအမွှား လေးတွေနဲ့ လူနာတွေက ခင်ဗျားကို လာမနှောင့်ယှက်ကြတော့ဘူးပေါ့"
ချန်ကျိုး ခဏလောက် စဉ်းစားလိုက်တယ်။
အဓိပ္ပာယ်တော့ နည်းနည်း ရှိသားပဲ။
ဒါပေမဲ့ ဘာကိစ္စ ငါ့ပညာတွေကို သူတို့ကို သင်ပေးရမှာလဲ။
ချန်ကျိုး လက်ချောင်းများကို ပွတ်သပ်ပြီး လူအုပ်ကြီးကို ပြလိုက်သည်။
ဆေးရုံအုပ်ကြီးစွင်း နားမလည်ဖြစ်သွားသည်။
ချင်းရှန် ဆေးရုံအုပ်ကြီးက ခေါင်းငုံ့ပြီး မျက်မှန်ကိုပင့်တင်လိုက်သည်။
"ပိုက်ဆံ"
"မဟုတ်ဘူးလေ.. ကျွန်တော်တို့ သူ့ကို ပစ္စည်းတွေပေးထားတယ် မဟုတ်လား"
"တစ်ခုနဲ့ တစ်ခု မဆိုင်ဘူးလေ.. သူက ခင်ဗျားတို့ထက် ပိုပါးနပ်တယ်ဗျ"
ချင်းရှန်ဆေးရုံအုပ်ကြီးမှ ရှင်းပြလိုက်ရသည်။
ဘုရားရေ.. ပိုက်ဆံမလိုတဲ့ စိတ်ရောဂါသည်တစ်ယောက်က ဒီလောက် ပိုက်ဆံအများကြီးကို ဘာလုပ်မှာလဲ။
ဆေးရုံအုပ်ကြီးစွင်းက ပိုက်ဆံအိတ်ကိုထုတ်လိုက်ရာ ချန်ကျိုး လည်ပင်းဆန့်ပြီး လှမ်းကြည့်လိုက်သည်။
သူက ပိုက်ဆံတစ်ရာတန်တစ်ရွက် ဆွဲထုတ်ပြီး ချန်ကျိုးကိုပေးလိုက်သည်။
"နောက်ထပ် ရှိသေးတယ်.. အကုန်လည်းမဟုတ်ဘူး"
အကုန်လုံး ဟုတ်လား ?
ဆေးရုံအုပ်ကြီးစွင်းက ယွမ်တစ်ထောင်ကျော် ပါသော သူ့ပိုက်ဆံအိတ်ကို ကြည့်လိုက်သည်။
ချန်ကျိုး ငြင်းခုံခြင်း၊ လုယူခြင်းမပြုဘဲ ဆေးရုံအုပ်ကြီးရှေ့တွင် လက်ဖြန့်ထားလိုက်သည်။
ဆေးရုံအုပ်ကြီးစွင်းသည် အံကိုကြိတ်ပြီး ပိုက်ဆံအိတ်ထဲရှိ ငွေအားလုံးကို ချန်ကျိုးအားပေးလိုက်သည်။
ရှိနေသော ဆရာဝန်တိုင်း ခြွင်းချက်မရှိ ၎င်းတို့ပိုက်ဆံအိတ်များ ပြောင်သလင်းခါအောင် အနှိုက်ခံလိုက်ရသည်။
ချန်ကျိုးသည် လူတိုင်းကိုကျောပေးပြီး သူ့အင်္ကျီပါးလေးထဲတွင် မွှေနှောက်လိုက်သည်။
[System Warning: System နည်းပညာများကို ရောင်းဝယ်ဖောက်ကား၍ မရပါ။]
[System Gift: ယင်းစွမ်းအင်နှင် အဆောင်လက်ဖွဲ့ ကျမ်းစာအုပ်၊ အခြေခံအခန်း]
ချန်ကျိုး လက်ထဲတွင် အဝါရောင်သမ်းနေသော ကောက်ရိုးစက္ကူတစ်ရွက်သည် လူတိုင်း ရှေ့မှောက်တွင် ပေါ်လာသည်။ စာရွက်ပေါ်ရှိ အဆောင်လက်ဖွဲ့များနှင့် စာလုံးများသည် ခေတ်ပေါ်စက်ရိုက်ထုတ်ကုန်များ မဟုတ်ဘဲ အလွန်ရှေးကျသော စာရွက်တစ်ရွက် ဖြစ်နေသည်။
ဆေးရုံအုပ်ကြီးစွင်းသည် တန်ဖိုးကြီး ရတနာတစ်ပါးကဲ့သို့ လက်နှစ်ဖက်ဖြင့် ခံယူလိုက်သည်။
ဤကောက်ရိုးစက္ကူသည် နှစ်ဖက်ပါရှိပြီး ရှေ့မျက်နှာတွင် အဆောင်လက်ဖွဲ့ ပုံစံများ ပါရှိကာ အစိတ်အပိုင်း တစ်ခုချင်းစီအတွက် မှတ်ချက်များပါရှိသည်။ နောက်ကျောဘက်တွင် စာလုံးများဖြင့် ပြည့်နှက်နေသည်။
သို့သော် ဤစာလုံးများသည် သပ်ရပ်သေသပ်သော်လည်း နားမလည်နိုင်သော ဘာသာစကား ဖြစ်နေသည်။
"မစ္စတာချန်.. ဒါ ဘာရေးထားတာလဲဗျ"
ဆေးရုံအုပ်ကြီးစွင်းက သတိထားပြီး မေးလိုက်သည်။
ချန်ကျိုးက အကြီးဆုံး စာလုံးများကို လက်ညှိုးထိုးပြလိုက်သည်။
"ကျိုးစတိုင် သရဲနှင် အဆောင်လက်ဖွဲ့ကျမ်းစာ၊ အခြေခံအခန်း.. ဂူသင်္ချိုင်းစာလေ.. တုံးလိုက်တာ!"
"ဂူ... ဂူသင်္ချိုင်းစာ ဟုတ်လား"
အဲဒါ သရဲလောကရဲ့ ဘာသာစကား မဟုတ်ဘူးလား ?
ဂူသင်္ချိုင်းစာ ဆိုသည်မှာ သရဲလောက၏စာပေဖြစ်ပြီး သာမန်လူများသင်ယူခြင်းကို ဝိညာဉ်နှိမ်နင်းရေးဌာနက အတိအလင်း တားမြစ်ထားသည်။ ဂူသင်္ချိုင်းစာ၏ကြောက်စရာကောင်းသော အချက်မှာ လူတို့ဝိညာဉ်ကို ဖမ်းစားနိုင်ခြင်းဖြစ်သည်။ အကောင်းဆုံး အနေအထားတွင် စိတ်ဖောက်ပြန်သွားနိုင်ပြီး၊ အဆိုးဆုံးအနေအထားတွင် မကောင်းဆိုးဝါး ဝိညာဉ်များကို ဆွဲဆောင်မိကာ တစ်မိသားစုလုံး သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
လမ်းမှားလိုက်သော ကျင့်ကြံသူအများအပြားသည် သရဲလောကကို နားလည်ရန်အတွက် ဂူသင်္ချိုင်းစာကို သင်ယူရန် ကြိုးစားခဲ့ကြ သော်လည်း စိတ်စွမ်းအား မခိုင်မာသဖြင့် လမ်းမှားရောက်ကာသေဆုံးခဲ့ကြရသည်။
ချန်ကျိုး ပေးလိုက်သည်မှာ ပူလောင်နေသော အာလူးပူပူတစ်လုံးဖြစ်နေသည်။ ဘယ်သူကများ ကိုယ့်အသက်နဲ့ ရင်းပြီး နောက်ပြောင်ရဲမှာလဲ။
"မင်းတို့ မတတ်နိုင်ပါဘူးလို့ ငါ ပြောသားပဲ.. မင်းတို့မှ မယုံတာ၊ မသင်နိုင်ရင် ပြန်ပေး.. ပိုက်ဆံတော့ ပြန်မအမ်းနိုင်ဘူးနော်.. မင်းတို့အမှားပဲ"
ချန်ကျိုး စာရွက်ကို ပြန်ဆွဲယူရန် လုပ်လိုက်သည်။
ဆေးရုံအုပ်ကြီးစွင်းက ရင်ခွင်ထဲ အမြန်ပွေ့ဖက်ထားလိုက်သည်။
"ကျွန်တော်တို့ သင်မယ်.. ကျွန်တော်တို့ သင်ပါ့မယ်"
အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြေပြီးနောက် ဆေးရုံအုပ်ကြီးစွင်းသည် ဆရာဝန်တစ်သိုက်ကို ဦးဆောင်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များကြောင့် မောပန်းသွားသော ချန်ကျိုးသည် ကုတင်ပေါ်တွင် လှဲလျက် မုန့်များကို ကျေနပ်စွာ စားသောက်နေတော့သည်။
ဆေးရုံအုပ်ကြီးစွင်းနှင့် အဖွဲ့သည် အစည်းအဝေးခန်းမသို့ပြန်ရောက်လာကြသည်။
ဆေးရုံအုပ်ကြီးသည် ချန်ကျိုးဆီမှ ရရှိလာသော "ကျိုးစတိုင် သရဲနှင်အဆောင်လက်ဖွဲ့ ကျမ်းစာ၊ အခြေခံအခန်း" ကို မြှောက်ပြလိုက်သည်။
"ကျွန်တော်တို့ အဆောင်လက်ဖွဲ့ ပုံစံတွေကို ရရှိထားပါပြီ၊ ဂူသင်္ချိုင်းစာ ဘာသာပြန်တာနဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံမှု ရှိစေဖို့ ကျွန်တော် ကိုယ်တိုင် ဝိညာဉ်နှိမ်နင်းရေးဌာနနဲ့ ဆက်သွယ်ပါ့မယ်၊ ဒီစာရွက်စာတမ်းကိုဘာသာပြန်ရာမှာ ကူညီပေးဖို့ သူတို့ လူလွှတ်ပေးပါလိမ့်မယ်၊ ကျွန်တော်တို့ ဆေးရုံက သုတေသန အဖွဲ့တစ်ခုဖွဲ့စည်းမှာ ဖြစ်ပြီး ပါဝင်လိုသူများ ဆန္ဒအလျောက် စာရင်းပေးနိုင်ပါတယ်၊ သုတေသနအဖွဲ့ကို စာရင်းမပေးခင် ခင်ဗျားတို့ မိသားစုတွေနဲ့ တိုင်ပင်ဆွေးနွေးကြဖို့ မျှော်လင့်ပါတယ်"
"ဒုတိယအရေးကြီးတဲ့ အချက်ကတော့ ကျိုးစတိုင် သရဲနှင်အဆောင်လက်ဖွဲ့ကျမ်းစာကို လူသိရှင်ကြား ထုတ်ပြန်လို့မရပါဘူး၊ ဒီစာအုပ်က သရဲအမှုအခင်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုလမ်းစဖြစ်လာဖို့ အလားအလာ အရမ်းများပါတယ်၊ ဒီစာအုပ်ရဲ့ အရေးပါပုံကို ကျွန်တော်တို့ သိသလို၊ သရဲတွေလည်း သိတယ်၊ မိစ္ဆာကျင့်ကြံသူတွေတောင် သိကြတယ်၊ဦ စာအုပ်ရဲ့ လုံခြုံရေးအတွက်ရော၊ ကျွန်တော်တို့ ကိုယ်ပိုင် လုံခြုံရေးအတွက်ပါ.. တရားဝင် ဘာသာမပြန်နိုင်ခင် အချိန်အထိ ဒီအကြောင်းကို အပြင်မရောက်စေချင်ပါဘူး"
"ဆရာကြီး.. ကျွန်တော့်မှာ ညီတစ်ယောက်ရှိတယ်.. ကျွန်တော်ပါဝင်ဖို့ ဆန္ဒပြုပါတယ်"
"ဆရာကြီး.. ကျွန်တော်လည်း ပါဝင်ပါမယ်"
"ကျွန်တော်က အသက်ကြီးနေပါပြီ.. သားသမီးတွေလည်း ကြီးကုန်ပြီဆိုတော့.. ကျွန်တော့်ကို ထည့်လိုက်ပါ"
ရှိနေသော ဆရာဝန်များ အားလုံးပြောဆိုလိုက်ကြသည်။
လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ယင်းစွမ်းအင် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး သေဆုံးသွားသော လူနာပေါင်းများစွာကို သူတို့ မြင်တွေ့ခဲ့ရသည်။
ထိုသို့ ဘာမှမတတ်နိုင်သော ခံစားချက်ကြီးက လူတိုင်းကိုနှိပ်စက်နေခဲ့သည်။ ယခု ယင်းစွမ်းအင်ကိုကုသနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရသဖြင့် မည်သူမျှလက်မလွှတ်ချင်ကြပေ။
ထို့အပြင် ဤစာရွက်စာတမ်းကို ဘာသာပြန်နိုင်ပါက အန္တရာယ်များသလောက် ဂုဏ်သတင်းလည်း ကြီးမားပေလိမ့်မည်။ ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် မည်သည့်ဆေးရုံကမျှ ယင်းစွမ်းအင် ခန္ဓာကိုယ်ထဲဝင်ရောက်ခြင်း ပြဿနာကို မဖြေရှင်းနိုင်ကြ သေးပေ။ သူတို့သည် လမ်းသစ်ဖောက်သော ရှေ့ဆောင်များဖြစ်လာကြပေလိမ့်မည်။
ချန်ကျိုး၏ အခန်းပြင်ပတွင် ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူ နှစ်ဦးသည် ပြည်နယ်အဆင့် ထိပ်တန်း ဆေးရုံအုပ်ကြီးနှင့် အဓိက ဆရာဝန်ကြီးများ ကိုယ်တိုင် လက်ဆောင်ပစ္စည်းများဖြင့် စိတ်ရောဂါသည် တစ်ဦးကို လာရောက်တွေ့ဆုံကြသည့် အံ့သြဖွယ် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။
ဘာတွေ ဆွေးနွေးခဲ့ကြလဲ မသိပေမယ့် ဒီလူအင်အားစာရင်းက တော်တော်ကြီးကြောက်စရာကောင်းနေသည်။
ထို့ကြောင့် ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူနှစ်ဦးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး တစ်ယောက်နှင့် တစ်ယောက်တူညီသော ဆုံးဖြတ်ချက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
မိနစ် ၂၀ အကြာတွင် သူတို့သည်လည်း လက်ဆောင်အိတ် နှစ်အိတ်ဖြင့် ချန်ကျိုးအခန်းရှေ့သို့ ရောက်ရှိလာကြသည်။
တံခါးမှန်မှတဆင့် သူတို့နှစ်ဦးသည် အထဲတွင် ငှက်ပျောသီးစားနေသော ချန်ကျိုးကို ခိုးကြောင်ခိုးဝှက်ချောင်းကြည့်လိုက်ကြသည်။
"သူ အငြိုးအတေးထားတတ်တဲ့ လူစားမျိုးတော့ မဟုတ်လောက်ပါဘူးနော်"
"ငါတို့ ဘာမှမှ မလုပ်ဘဲနဲ့.. သူက ဘာကိစ္စ ငါတို့အပေါ်အငြိုးထားရမှာလဲ"
"ဒါဆို မင်း အရင်ဝင်လေ"
"ပြီးခဲ့တဲ့ တစ်ခေါက်က ငါ အရင်ဝင်ပြီးပြီလေ.. ဒီတစ်ခါ မင်း အလှည့်ပေါ့"
"မရဘူး.. ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး လုပ်ကြမယ်.. ရှုံးတဲ့လူ အရင်ဝင်"
"ကျောက်တုံး.. စက္ကူ.. ကတ်ကြေး..."