အခန်း (၂၉)
Vol. 3 Ch. 29
ချန်ကျိုးသည် ကြက်ဖတစ်ကောင် အမွေးအထောင်ထောင်ဖြင့် ရန်မူရန်အသင့်ရှိနေသည့်အလား လက်သည်းများကို ထုတ်ကာ ထိုနေရာတွင် ရပ်နေလေသည်။
"မင်းလို ကောက်ကျစ်တဲ့ကောင်၊ စိတ်နှလုံးမရှိတဲ့ကောင်၊ သိုင်းကျင့်ဝတ် မရှိတဲ့ကောင်၊ အရှက်မရှိတဲ့ ကောင်စုတ်လေး"
ဒေါက်တာအားယွမ်သည် ချန်ကျိုးဆဲဆိုမှုများကို ယဉ်ပါးနေပြီဖြစ်သည်။ စိတ်ကျန်းမာရေးဆေးရုံ တစ်ခုလုံးတွင် ချန်ကျိုး ခုန်ဆွခုန်ဆွဖြင့် သူ့ကိုဆဲဆိုနေသည်ကို မမြင်ဖူးသူ ရှိပါ့မလား ? အဆိုးဆုံးအချိန်များတွင်ဆိုလျှင် ချန်ကျိုးသည် မနက်တိုင်း ဆေးရုံပေါက်ဝတွင် ထိုင်စောင့်နေပြီး သူ အလုပ်လာသည်မှ အလုပ်ဆင်းသည်အထိ ဆဲဆိုလေ့ရှိသည်။
ချန်ကျိုး စိတ်လှုပ်ရှားပြီး သောင်းကျန်းမည်ကို စိုးရိမ်သဖြင့် လီချင်းရှန်က အားယွမ်ကိုလက်ကာပြပြီး အရင်ထွက်သွားခိုင်းလိုက် သည်။
အားယွမ်သည် ချန်ကျိုးကို ခဏမျှကြည့်ပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားလေသည်။
ချန်ကျိုး အမြင်တွင်တော့ တိတ်ဆိတ်ခြင်းသည် သူရဲဘောကြောင်ခြင်းဖြစ်သည်။
ချန်ကျိုးသည် ထိုမျှနှင့် ရပ်တန့်မည့်သူမဟုတ်ပေ။ အားယွမ် သူရဲဘောကြောင်သွားခြင်းက သူ့ကို ပိုဘဝင်မြင့်သွားစေသည်။
"လာလေ.. မင်းလို ကောက်ကျစ်၊ အရှက်မရှိ၊ ယုတ်မာတဲ့ကောင်.. ငါ့ရဲ့ အတွင်းအားတွေ ယိုစိမ့်နေရုံနဲ့ မင်းကို မနိုင်ဘူးလို့ ထင်နေတာလား၊ မင်းလို မျောက်ကောင် အားယွမ် နှစ်ကောင်လောက်ကတော့ ငါ့အတွက် ပါမွှားလေးပါကွာ"
ချန်ကျိုးသည် တံခါးဝဘက်သို့ လက်ခလယ်ထောင်ပြလိုက်သေးသည်။
ဒေါက်တာအားယွမ်သည် တံခါးဝတွင် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်လျက် ရပ်နေသည်။ သူ့ဘေးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ဖူးယောင်နေသော ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူနှစ်ဦး ရှိနေသည်။
ကျင့်ကြံသူ နှစ်ဦးသည် အားယွမ်ကိုကြည့်လိုက်ရာ ထူးဆန်းသော နှစ်သိမ့်မှုတစ်ခုကိုခံစားလိုက်ရသည်။
သူလည်း သားကောင် ဖြစ်ခဲ့တာကိုး
ချန်ကျိုးသည် အချိန်အတော်ကြာဆဲဆိုပြီးနောက် စိတ်ငြိမ်သွားကာ ကုတင်အစွန်းတွင် ဒေါသတကြီး ထိုင်နေလိုက်သည်။
ထိုအခါမှ လီချင်းရှန်သည် ရှေ့တိုးလာပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"ချန်ကျိုး.. စိတ်မဆိုးပါနဲ့ကွာ။ အားယွမ်အတွက်နဲ့ စိတ်ဆိုးရတာ မတန်ပါဘူး"
လီချင်းရှန် သူ ဝယ်လာသော ပစ္စည်းများကို ချန်ကျိုးခြေရင်းတွင် ချထားလိုက်သည်။
ချန်ကျိုး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
လီချင်းရှန်က ကျင်းဟိုင်ဆေးရုံအုပ်ကြီးကို မျက်ရိပ်ပြလိုက်သည်။
ကျင်းဟိုင်ဆေးရုံအုပ်ကြီးသည် ပြုံးလျက် ရှေ့တိုးလာပြီး လက်ဆောင်များကို ချန်ကျိုးခြေရင်းတွင် ချထားကာ နှိမ့်ချစွာ မိတ်ဆက် လိုက်သည်။
"ချန်ကျိုး.. မင်္ဂလာပါ၊ ကျွန်တော့်နာမည်ကစွင်းထုံပါ၊ ဆေးရုံအုပ်ကြီးစွင်းလို့ခေါ်လို့ရပါတယ်။ မနေ့ညက မင်း အခန်းရဖို့ ကျွန်တော် ကူညီပေးခဲ့တာလေ.. မှတ်မိလား"
ချန်ကျိုးသည် ဝဖိုင့်ဖိုင့်ဖြစ်နေသော ဆေးရုံအုပ်ကြီးစွင်းထုံကို မျက်လုံးကလယ်ကလယ်ဖြင့် ကြည့်လိုက်ပြီး ဘာမျှ ပြန်မပြောဘဲ နေလိုက်သည်။
သူနှင့်အတူပါလာသော ဆရာဝန်များသည်လည်း သူလုပ်သကဲ့သို့ပင် လက်ဆောင်များကို ချန်ကျိုး ခြေရင်းတွင် ချထားလိုက်ကြပြီး မျက်နှာချိုသွေးကာပြုံးပြနေကြသည်။
လူတိုင်း ချန်ကျိုး သူတို့ကို ငြင်းပယ်ခြင်း မပြုပါစေနှင့်ဟု တိတ်တဆိတ် ဆုတောင်းနေကြသည်။
ချင်းရှန် ဆေးရုံအုပ်ကြီး ပြောပုံအရဆိုလျှင် စိတ်ရောဂါသည် တစ်ဦးသည် တစ်စုံတစ်ယောက်ကို ပထမဆုံး မြင်လိုက်သည်နှင့် ငြင်းပယ်လိုက်ပါက ထိုသူ မည်သို့ပင် ချဉ်းကပ်စေကာမူ ရန်သူဟုသာ တစ်ယူသန် မှတ်ယူသွားတတ်သည်။ ဒေါက်တာအားယွမ် သည် သာဓက တစ်ခုပင်။
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။
ချန်ကျိုး သူ့အိတ်ထဲမှ ပစ္စည်းများကို ထည့်သွင်းစဉ်းစားနေသည်။
"မြွေပါက ကြက်ကို နှစ်သစ်ကူး နှုတ်ဆက်တယ်ဆိုတာ.. မရိုးသားလို့ပဲ နေမှာ"
ချင်းရှန်ဆေးရုံအုပ်ကြီးသည် ချန်ကျိုး၏ သံသယကို ရိပ်မိသဖြင့် ကျိုးအိုက်ကော်ကဲ့သို့ပင် မြှောက်ပင့်သည့် နည်းလမ်းကို အသုံးပြုလိုက်သည်။
"အခုဆိုရင် လူတိုင်းက မင်းကို သူရဲကောင်းကြီးလို့ သိနေကြပြီ.. မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်နေကြတာ"
ချန်ကျိုးသည် သတိထားနေဆဲပင်။ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး မရင်းနှီးသော မျက်နှာများကို စိုက်ကြည့်နေသည်။
အစားတစ်လုပ်လောက်နဲ့တော့ သူ့အသက်ကို မစွန့်စားနိုင်ဘူးလေ
သူက ဂြိုဟ်ပေါ်မှာ ဂုဏ်အရှိဆုံး စစ်သည်တော်၊ ဂြိုဟ်ရဲ့ မျှော်လင့်ချက်ပဲဟာ
အခန်းပြင်မှနေ၍ ဝှီးချဲတစ်စီးကို တွန်းသွင်းလာသည်။ ဝှီးချဲပေါ်တွင် အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ဦး ပါလာသည်။ ဆံပင်မရှိဘဲ ခေါင်းတုံးတုံးထားကာ မျက်နှာဝိုင်းဝိုင်း ဖိုင့်ဖိုင့်လေးနှင့် မျက်ကွင်းညိုနေသည်။ ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ယောက်ျားလေး၊ မိန်းကလေး ခွဲခြားရခက်နေသည်။
ဤကလေးမလေးသည် အထူးရွေးချယ်ထားသော လူနာတစ်ဦး ဖြစ်သည်။ ပထမအချက်မှာ ကလေးဖြစ်နေသဖြင့် ချန်ကျိုး၏ သံသယကို လျော့ပါးစေနိုင်ပြီး၊ ဒုတိယအချက်မှာ လူတိုင်း၏ စိတ်ရင်းအမှန်တွင် ချစ်စရာကောင်းသော အရာများကို ခင်တွယ်တတ် သောကြောင့် ဖြစ်သည်။
ချန်ကျိုး၏ သူစိမ်းကြောက်သော သဘောထားကိုရိပ်မိသဖြင့် ဆေးရုံအုပ်ကြီးစွင်းသည် ကလေးမိသားစုကို ဝင်ခွင့်မပေးဘဲ ဝှီးချဲကို ချန်ကျိုးဆီသို့ တွန်းပို့လိုက်သည်။
"မင်္ဂလာပါ ကိုကို" ကလေးမလေးက ချိုသာစွာ နှုတ်ဆက်လိုက်သည်။ အသံကို နားထောင်ခြင်းအားဖြင့် မိန်းကလေးမှန်း သိသာလေသည်။
ချန်ကျိုး ဦးနှောက်များ အလုပ်ရှုပ်သွားပြီး သူတို့ရည်ရွယ်ချက်ကို လုံးဝနားမလည်နိုင်ဖြစ်နေသည်။
ချင်းရှန် ဆေးရုံအုပ်ကြီးက မိတ်ဆက်ပေးလိုက်သည်။
"ချန်ကျိုး.. ဒီကလေးမလေး နာမည်က ချန်ချန်တဲ့၊ သူက ယင်းစွမ်းအင် ပူးကပ်ခံထားရလို့.. ငါတို့ မင်းဆီက အကူအညီ တောင်းချင်လို့ပါ၊ ကြည့်ပါဦး.. သူက ခြောက်နှစ်ပဲ ရှိပါသေးတယ်"
အော်.. သူ့အကူအညီ လိုချင်လို့ ဒီလို အကြီးအကျယ် ခင်းကျင်းပြနေတာကိုး
ဒါဆို အဓိပ္ပာယ်ရှိသွားပြီ။ သူ့အကူအညီ ရဖို့ဆိုရင် ဖားဖို့လိုတယ်လေ.. ဒီပစ္စည်းတွေက အဲဒီအတွက် ပေးတာပေါ့။
တင်းမာနေသော ချန်ကျိုး ခန္ဓာကိုယ်လျော့ကျသွားပြီး ထိုလူအုပ်ကြီးယူလာသော ပစ္စည်းများ အားလုံးကို ကုတင်အောက်သို့ ထိုးထည့်လိုက်သည်။
"ကိုကို.. သမီးကို ကူညီပေးလို့ ရမလားဟင်"
ချန်ချန် ဟုခေါ်သော ကလေးမလေးက မျက်လုံးလေး ကလယ်ကလယ်ဖြင့် မေးလိုက်သည်။
[ယင်းစွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး ခြေထောက်ရှိ အာရုံကြောများကို ပုပ်သိုးစေသည်၊ ယင်းစွမ်းအင်များသည် ဖြည်းဖြည်းချင်း ပျံ့နှံ့နေသည်။]
ချန်ကျိုးသည် နားကို ကလော်ရင်း တွန့်ဆုတ်နေသည်။
သုန်းသုန်းချီကို ကူညီရင်း သူ့စွမ်းအားတွေ အများကြီး ကုန်သွားခဲ့ပြီ။ လူသားကလေး တစ်ယောက်အတွက်နဲ့တော့ အလကား မဖြုန်းတီးချင်ဘူး။
ကလေးမလေးက ချန်ကျိုး သူ့ကို မကူညီနိုင်ဘူး ထင်ပြီး အားနာသွားသည်။ ဆေးရုံတက်ကတည်းက ဒီလို အကြည့်မျိုးတွေကို သူမ အများကြီးမြင်ခဲ့ဖူးသည်။
ကလေးမလေးသည် ချန်ကျိုး လက်ချောင်းလေး တစ်ချောင်းကိုဆုပ်ကိုင်ပြီး လိမ္မာစွာဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ကိုကို.. ရပါတယ်.. ချန်ချန်က ရောဂါ အရမ်းဆိုးနေလို့ပါ.. ကိုကို့အမှား မဟုတ်ပါဘူး"
သောက်ကျိုးနည်း လူသားကလေး
သူ့စွမ်းရည်ကို မေးခွန်းထုတ်နေတာလား
ထူးဆန်းတယ်
ဒီလို မေးခွန်းထုတ်ခံရတာတောင် သူ လုံးဝ စိတ်မဆိုးဘူး၊ လူသားကလေးရဲ့ ပါးဖောင်းဖောင်းလေးကိုတောင် ဆွဲချင်စိတ် ပေါက်နေမိတယ်။
ချန်ကျိုးသည် လူကြီးများဘက်သို့အကြည့်ရွှေ့လိုက်သည်။ မကောင်းတဲ့ အကြံအစည်တွေနဲ့ ပြည့်နှက်နေတဲ့ ငတုံးလူသားတွေ။
ပြီးတော့ ဝှီးချဲပေါ်က ကလေးမလေးကိုကြည့်လိုက်ပြန်တယ်။ အံ့သြစရာကောင်းတာက သူမကို စိတ်မပျက်စေချင်ဘူး။
ကလေးမလေးက လက်ကိုဆန့်ထုတ်လိုက်ပြီး လက်ဝါးလေးကို ဖြန့်ကာ ဖန်စက္ကူဖြင့် ထုပ်ထားသော သကြားလုံး တစ်လုံးကို ပြလိုက်သည်။
"ကိုကို.. သမီး ကိုကို့ကို သကြားလုံး ကျွေးမယ်လေ.. သမီးတို့ သူငယ်ချင်း လုပ်ကြမယ်နော်"
ဟွန့်~
ချန်ကျိုး ခုန်ဆွခုန်ဆွဖြစ်လာပြီး ခေါင်းကုတ်နေသည်။
လူသားကလေး တစ်ယောက်အပေါ် သူ ဘယ်လိုလုပ် သနားစိတ်ဝင်နေရတာလဲ။
အရည်အချင်း ပြည့်မီတဲ့ ဂြိုဟ်သား စစ်သည်တော် တစ်ယောက်အနေနဲ့ ရန်သူကို စာနာစိတ် မထားသင့်ဘူးလေ။
ချန်ကျိုးသည် ကလေးမလေး၏မျက်လုံးများကို ရှောင်ဖယ်လိုက်ပြီး ရံဖန်ရံခါ ခိုးကြည့်နေမိသည်။
သူတော့ သွားပြီ
သူ အရှုံးပေးလိုက်ရပြီ
"အေးပါ.. အေးပါ.. ငါ ကူညီပါ့မယ်"
ချန်ကျိုး ကလေးမလေး လက်ထဲမှသကြားလုံးကို ယူပြီး လက်ထဲတွင် ဆုပ်ထားလိုက်သည်။
ချန်ကျိုးသည် ဆုပ်ထားသော သူ့လက်သီးကိုစိုက်ကြည့်လိုက်သည်။
သူ အားစိုက်တော့မယ်
သူ့လက်သီးက အနည်းငယ် တုန်ခါလာသည်။
[ချန်ကျိုး.. မင်း ငတုံးကောင်.. မင်းရဲ့ စိတ်ရောဂါကို ဘယ်တော့မှကုမှာလဲ]
[System သည် သကြားလုံး၏ပါဝင်ပစ္စည်းများကို အဆင့်မြှင့်တင်နေသည်: လိပ်ခွံလွှမ်းခြုံဆေးလုံး]
တုန်ခါမှု ရပ်သွားပြီးနောက် ချန်ကျိုး လက်ဝါးဖြန့်လိုက်ရာ ဖန်စက္ကူထုပ်ထားသော သကြားလုံးသည် သွေးကဲ့သို့ နီရဲသော အရောင်သို့ ပြောင်းလဲသွားသည်။
ဗြိ
သူ အခွံခွာလိုက်သည်။
သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်
ဝါး ဝါး
[System: ...မလုပ်နဲ့လေ... အဲဒါ ကလေးမလေးအတွက် မဟုတ်ဘူးလား]
ချန်ကျိုး လက်လှမ်းပြီး ကလေးမလေး ဆံပင်ကိုဖွလိုက်သည်။
"ကဲ.. မင်း သွားလို့ရပြီ"
[System ကို ကယ်ကြပါဦး: System သည် ကလေးမလေး၏ပုပ်သိုးနေသော အာရုံကြောများကိုပြုပြင်နေပြီး ခန္ဓာကိုယ်အတွင်းရှိ ယင်းစွမ်းအင်များကို ဖယ်ရှားပေးနေသည်။]
[System: ဘဝကြီးက အဓိပ္ပာယ်မရှိတော့ပါဘူး]
ကလေးမလေး: "...?"
ရှိနေသော လူအားလုံး: "...?"
ချန်ကျိုးသည် ကလေးမလေးစီးထားသော ဝှီးချဲကိုစိတ်ဝင်စားသွားသည်။
"ဒါလေး ငါ့ကို ပေးလို့ရမလား"
"ကိုကို.. သမီးက..."
ကလေးမလေး စကားမဆုံးခင်မှာပင် ချန်ကျိုး သူမ အင်္ကျီကို ဆွဲကိုင်ပြီး ဘေးသို့ဆွဲဖယ်လိုက်သည်။
လူတိုင်း အငိုက်မိသွားကြသည်။
ကလေးမလေး ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ် လဲကျလုနီးပါးဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာ ကုတင်ကို လှမ်းဆွဲထားနိုင်လိုက်သည်။
ကလေးမလေး တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလိုပင်။ သူမ၏ ကိုကို ကိုင်လိုက်သော ခေါင်းမှတဆင့် နွေးထွေးသော ခံစားမှုတစ်ခု၊ လေပြေညင်းလေး တစ်ခုလိုမျိုး သူမ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး လျင်မြန်စွာ ပျံ့နှံ့သွားကာ ခြေထောက်များ ယားယံလာသည် အထိ ခံစားလိုက်ရသည်။
တခြားလူများ၏ အမြင်တွင်တော့ ကလေးမလေး၏ လက်များက ကုတင်ကို ကိုင်ထားသော်လည်း သူ့ ခြေထောက်များက ခန္ဓာကိုယ်ကို သန်မာစွာ ထောက်ကန်ထားလေသည်။
စစ်ဆေးချက် အဖြေများအရ သူမ ခြေထောက်များပုပ်သိုးနေပြီ ဖြစ်သဖြင့် ဘာမှ ခံစားနိုင်မည် မဟုတ်သလို ကိုယ့်ကိုယ်ကိုယ် ထောက်ကန်နိုင်စွမ်းလည်း မရှိသင့်ပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ?
ကတိပေးထားတဲ့အတိုင်း သူ ကောင်းအောင် လုပ်ပေးလိုက်တာလား။
ချန်ကျိုးက ဘာမှ မလုပ်လိုက်တာ သေချာပါတယ်။
ရှိနေသော ဆရာဝန် အားလုံး၊ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသူများပင်လျှင် သူတို့မျက်လုံးကို သူတို့ မယုံနိုင် ဖြစ်နေကြသည်။
ဒါ လုံးဝ မဖြစ်နိုင်ဘူး။