← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

လူသားချင်းစာနာထောက်ထားမှုအရ၊ ဆေးရုံဘက်မှ နာကျင်လွန်း၍ သေလုမျောပါး ဖြစ်နေသော ကျိုးအိုက်ကော်ကို မေ့ဆေး ထိုးပေးလိုက်သည်။

ကျိုးအိုက်ကော် မျက်နှာပေါ်ရှိ အဆောင်လက်ဖွဲ့လေး လက်ခနဲ ဖြစ်သွားသည်ကို မည်သူမျှ မမြင်လိုက်ကြပေ။

အဆောင်လက်ဖွဲ့သည် မေ့ဆေးကိုအန္တရာယ်ပြုမည့် အရာတစ်ခုအဖြစ် အလိုအလျောက် သတ်မှတ်လိုက်ပြီး ရေငွေ့အဖြစ် အငွေ့ပျံသွားစေသည်။

"ဒါ ဘာမေ့ဆေး အစုတ်ပလုတ်ကြီးလဲ.. ဘာမှလည်း မထူးပါလား.. မြန်မြန်လုပ်ကြပါ.. ငါ နာလွန်းလို့ သေတော့မယ်"

ဤအချိန်တွင် ကျိုးအိုက်ကော်သည် တကယ်သေချင်စိတ်ပေါက်နေလေပြီ။

အဆောင်လက်ဖွဲ့သည် ဦးနှောက်အပါအဝင် ကျိုးအိုက်ကော်၏ကိုယ်တွင်းအင်္ဂါ အားလုံးကို ကာကွယ်ပေးထားသဖြင့် သူ မည်မျှပင် နာကျင်စေကာမူ သတိလစ်သွား၍မရနိုင်အောင် ဖြစ်နေလေသည်။

အခြားနည်းလမ်းများလည်း ကုန်သွားပြီဖြစ်ရာ ဆရာဝန်များသည် ကျိုးအိုက်ကော်ကို စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်ရန် သူနာပြုများနှင့်အတူ ဟိုပို့ဒီပို့ လွှတ်လိုက်ရပြီး မေ့ဆေးအားတားဆီးနေသည့် အကြောင်းရင်းကို ရှာဖွေရတော့သည်။

ဤမြင်ကွင်းကို ချန်ကျိုးအကြောင်း လာရောက်စုံစမ်းသော ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူများမြင်တွေ့သွားကြသည်။

"ယင်းစွမ်းအင်တွေ သူ့ကိုယ်ထဲ ဝင်သွားပြီပဲ.. ဒီလူ မရတော့ဘူး"

ကျိုးအိုက်ကော်အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် အကဲခတ်မိလိုက်သော ကျင့်ကြံသူတစ်ဦးက သူ့အဖော်ကို ပြောလိုက်သည်။

"တိုးတိုးပြောစမ်းပါ.. သူ့မိသားစုတွေ ကြားသွားဦးမယ်"

ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူများသည် ဖြတ်လျှောက်သွားသော သူနာပြုတစ်ဦးကို မြင်လိုက်ရသဖြင့် သူတို့၏ သက်သေခံကတ် ပြားကို ထုတ်ပြပြီး မေးမြန်းလိုက်သည်။

"ဝိညာဉ်နှိမ်နင်းရေးဌာနကပါ.. ချန်ကျိုး ဘယ်အခန်းမှာ ရှိလဲ"

"ဝိညာဉ်နှိမ်နင်းရေးဌာန" ဆိုသော စကားလုံးကို ကြားလိုက်ရသည်နှင့် သူနာပြုမျက်လုံးများ အရောင်လက်သွားသည်။ သရဲများ ပြန်လည်နိုးထလာသည့် ဤခေတ်ကြီးတွင် လူများသည် တီဗီထဲမှ သရုပ်ဆောင်မင်းသားချောများကို အားမကျတော့ဘဲ သရဲနှင့် နတ်ဆိုးများကိုနှိမ်နင်းပေးသည့် သူရဲကောင်းကြီးများကိုသာ အားကျနေကြတော့သည်။

ဝိညာဉ်နှိမ်နင်းရေးဌာနဆိုသည်မှာ လက်စားချေလိုသော ဝိညာဉ်အဆင့်နှင့် အထက်ရှိသည့် သရဲများကို အထူးပြု နှိမ်နင်းသော အဖွဲ့အစည်းကြီးဖြစ်သည်။ ဝိညာဉ်နှိမ်နင်းရေးဌာနထဲသို့ ဝင်ခွင့်ရသူများသည် ထူးခြားသော ပါရမီရှင်များသာ။

အစိုးရမှလေ့ကျင့်ပေးထားသော ကျင့်ကြံသူများရော၊ ဂိုဏ်းအသီးသီးစေလွှတ်လိုက်သော ကျင့်ကြံသူများပါ ထိုအထဲတွင် ပါဝင်ကြသည်။

သူနာပြုသည် ပရိသတ်ကောင်မလေးတစ်ဦးကဲ့သို့ ရှက်သွေးဖြာလျက် ရပ်တန့်သွားပြီး ချန်ကျိုးရှိသည့် အခန်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ကျင့်ကြံသူနှစ်ဦးသည် ခပ်တည်တည်ဖြင့် လှည့်ထွက်သွားပြီး ချန်ကျိုးအခန်းဆီသို့ လျှောက်သွားကြသည်။

အခန်းတံခါးကို ကျောပေးထားသော ချန်ကျိုးသည် ငှက်သိုက်ပေါင်းဘူး တစ်ဘူးကိုဖောက်ရန် ကုန်းကုန်းကွကွ လုပ်နေလေသည်။

ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူနှစ်ဦးသည် ချန်ကျိုးကုတင်နားသို့ ရောက်သောအခါ ခုနက သူနာပြုကို လုပ်ပြသကဲ့သို့ပင် သက်သေခံကတ်ပြားကို ထုတ်ပြလိုက်ကြသည်။

"အမှုစစ်ဆေးဖို့ ဝိညာဉ်နှိမ်နင်းရေးဌာနက လာတာပါ"

ချန်ကျိုး ခေါင်းလှည့်ကြည့်လိုက်သည်။ ရင်ဘတ်တွင် "ဝိညာဉ်နှိမ်နင်းရေးဌာန" ဟု ရေးသားထားသော တံဆိပ်များ တပ်ဆင်ထား သည့် အနက်ရောင် ဝတ်စုံဝတ် လူနှစ်ဦးသည် သူ့ရှေ့တွင် မတ်တပ်ရပ်နေကြသည်။

"ခင်ဗျားက ချန်ကျိုးလား"

ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူ တစ်ဦးက မေးလိုက်သည်။

ဝိညာဉ်နှိမ်နင်းရေးဌာနဆိုသည်မှာ ပါရမီရှင်များနှင့် ပြည့်နှက်နေသော နေရာဖြစ်သည်။ အဖွဲ့ဝင် တစ်ဦးချင်းစီသည် စာမေးပွဲများ ဖြေဆိုပြီးမှ ဝင်ရောက်လာကြရသည်။ သူတို့သည် ထူးခြားဆန်းကြယ်သော စွမ်းရည်ရှိသူ အများအပြားကိုတွေ့ဖူးပြီးဖြစ်ရာ စွမ်းရည် အနည်းငယ်လောက်သာရှိသည့် သာမန်လူများကို အထင်သေးတတ်ကြသည်။

ထို့ပြင် ချန်ကျိုးသည် စိတ်ရောဂါသည်တစ်ဦးဖြစ်သည်။ သူ့၌ စွမ်းရည် တစ်စုံတစ်ခု ရှိလျှင်ပင် ဝိညာဉ်နှိမ်နင်းရေးဌာနသည် စိတ်ရောဂါသည် တစ်ဦးအတွက် ၎င်းတို့၏ လူအင်အား၊ ငွေအင်အားများကို ဖြုန်းတီးမည် မဟုတ်ပေ။

ဗြောင်ကျကျပြောရလျှင် တောခေါင်ခေါင်ရွာလေးမှ ဖီးနစ်ငှက်သည် ဖီးနစ်ငှက်အုပ်ထဲရောက်သွားပါက တောကြက်လောက်သာ ဖြစ်သွားပေလိမ့်မည်။

ချန်ကျိုးသည် အဆိုပါလူ နှစ်ဦးကို ခေါင်းအစ ခြေအဆုံး၊ ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။

သူ ကုတင်ပေါ်မှ ဆင်းပြီး သူတို့ရှေ့တွင် ရပ်လိုက်သည်။

ပတ်တီးစည်းထားသော ခြေထောက်တစ်ဖက်သည် သူတို့ခြေထောက်နားသို့ဝေ့ယမ်းသွားသည်။

လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ကုတင်အောက် သူတို့ခြေထောက်နားတွင် ရှိနေသော သစ်သီးအိတ်ကို ဆွဲယူလိုက်သည်။

သူသည် အတွင်းထဲသို့ပင် ကန်ထည့်လိုက်သေးသည်။

ထို့နောက် ချန်ကျိုးသည် ကုတင်ပေါ်သို့ သတိထားပြီး ပြန်တက်သွားကာ ငှက်သိုက်သောက်နည်း ညွှန်ကြားချက်ကို လေ့လာနေတော့သည်။

ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူများသည် တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ လုပ်သက်တစ်လျှောက်တွင် ဤကဲ့သို့ အေးစက်စွာ ဆက်ဆံခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

"ဝိညာဉ်နှိမ်နင်းရေးဌာနက အမှုစစ်ဆေးနေတာပါ.. ခင်ဗျားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ်"

"လိုအပ်ပါတယ်" ဟု ယဉ်ယဉ်ကျေးကျေး သုံးနှုန်းထားသော်လည်း လေသံမှာမူ အမိန့်ပေးသည့် ပုံစံပေါက်နေသည်။

ချန်ကျိုးသည် ငှက်သိုက်သောက်နည်း ညွှန်ကြားချက်ကို လက်ညှိုးထိုးပြီး တစ်လုံးချင်းဖတ်နေသည်။ ထို့နောက် ညွှန်ကြားချက် စာရွက်ကိုဘေးလွှင့်ပစ်လိုက်ပြီး ဇွန်းသေးသေးလေး တစ်ချောင်းကိုယူကာ၊ ငှက်သိုက်ဘူးလေးကို ကောက်ကိုင်၊ အဖုံးဖွင့်ပြီး ပိတ်ထားသည့် အလုံပိတ်စက္ကူကို ခွာလိုက်သည်။

သူ တစ်ငုံ စုပ်သောက်လိုက်သည်။

သူ နှုတ်ခမ်းကို သပ်လိုက်သည်။ ထပ်၍ သပ်လိုက်ပြန်သည်။

ချိုသည်၊ ပြီးတော့ ရင်းနှီးနေသည့် အရသာမျိုးပင်။

အရသာ အနည်းငယ်ထူးဆန်းသော သကြားရည်ကဲ့သို့ပင်။

သူသည် ပါးစပ်ထဲသို့ မော့ထည့်လိုက်ပြီး နှုတ်ခမ်းသပ်ကာ မျိုချလိုက်သည်။

ငှက်သိုက် သောက်ပြီးသွားတော့မှ သူ့လက်ထဲရှိ ဇွန်းကိုမြင်သွားသည်။

အော်.. သူ ဇွန်းသုံးရန် မေ့သွားသည်။

ကိစ္စမရှိ၊ နောက်တစ်ဘူး ထပ်သောက်လိုက်မည်။

ချန်ကျိုးသည် နောက်ထပ် ငှက်သိုက်တစ်ဘူးကို ဖွင့်လိုက်ပြန်သည်။

လူနာကုတင်ဘေးတွင် လျစ်လျူရှုခံထားရသော ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူသည် အနည်းငယ် စိတ်တိုလာပြီ ဖြစ်သည်။

ကျင့်ကြံသူ တစ်ဦးသည် ချန်ကျိုး ပခုံးကို အားဖြင့် ပုတ်လိုက်သည်။ ချန်ကျိုး လှည့်ကြည့်လိုက်သောအခါ ကျင့်ကြံသူက သူ၏ သက်သေခံကတ်ပြားကို ချန်ကျိုး မျက်လုံးရှေ့တွင်ထောင်ပြပြီး တစ်လုံးချင်းပြောလိုက်သည်။

"ဝိညာဉ်နှိမ်နင်းရေးဌာနက အမှုစစ်ဆေးနေတာပါ.. ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ"

ချန်ကျိုးသည် လက်တစ်ဖက်တွင် ဇွန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်က ငှက်သိုက်ဘူးကို ကိုင်ထားသည်။ သူ့လက် ချော်သွားပြီး ငှက်သိုက် တစ်ဝက်ခန့်ဖိတ်ကျသွားသည်။

ချန်ကျိုးသည် ကျန်နေသော ငှက်သိုက်တစ်ဝက်ကို တိတ်တဆိတ် မော့သောက်လိုက်သည်။

မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးပင်။

ငှက်သိုက် သောက်ပြီးသွားသောအခါ ချန်ကျိုးသည် ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူ၏သက်သေခံကတ်ပြားကို ယူလိုက်သည်။

ဗြိ

သူသည် ကတ်ပြားကိုထက်ပိုင်းချိုး (ဆုတ်ဖြဲ)လိုက်ပြီး ထိုလူနှစ်ဦး၏နောက်ကျောဘက်သို့ လွှင့်ပစ်လိုက်သည်။

"ချန်ကျိုး!"

ကတ်ပြား အဆုတ်ခံလိုက်ရသော ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူသည် ဒေါသထွက်သွားသည်။

ချန်ကျိုးသည် ကုတင်ပေါ်မှ မတ်တပ်ထရပ်လိုက်ပြီး သူ့ကိုငုံ့ကြည့်လိုက်သည်။

သူ လက်သီးဖြင့် ထိုးချလိုက်ရာ ကျင့်ကြံသူနှာခေါင်းကို ထိသွားသည်။

"ငါ့ငှက်သိုက် ပြန်ပေး.. ငါ့ငှက်သိုက် ပြန်ပေးစမ်း"

ချန်ကျိုးသည် ခြေဆောင့်ပြီး အံကိုကြိတ်ကာ ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူကို မုန်တိုင်းတိုက်သကဲ့သို့ သူ့ လက်သီးများဖြင့် ရမ်းကားပြီး လိုက်ထိုးလေတော့သည်။

ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူသည် နောက်သို့ရှောင်လိုက်ပြီး ချန်ကျိုးကို ထိန်းချုပ်ရန် ဝိညာဉ်စွမ်းအင်ကို ထုတ်သုံးဖို့ ကြိုးစားလိုက်သည်။

သူတို့ ချီစွမ်းအင်စုစည်းရန် ကြိုးစားတိုင်း ချန်ကျိုးလက်သီးများဆီမှ နားမလည်နိုင်သော စွမ်းအားတစ်မျိုးပေါက်ကွဲထွက်လာပြီး သူတို့ စုစည်းထားသည့် ဝိညာဉ်စွမ်းအင်များကိုပျက်ပြယ်သွားစေသည်။

သန့်စင်ခြင်းတံခါးပေါက်နယ်ပယ်အဆင့်ရှိသော ဂုဏ်သရေရှိ ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူနှစ်ဦးသည် ချန်ကျိုး၏ ရမ်းသမ်းထိုးနှက်မှုများအောက်တွင် ခေါင်းမဖော်နိုင် ဖြစ်နေကြရသည်။

ချန်ကျိုးသည် ခြေပါလက်ပါဖြင့် သူတို့ကို မညှာမတာ လိုက်လံတိုက်ခိုက်နေသည်။

လျင်မြန်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် သူသည် ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူ နှစ်ဦးကို အခန်းတံခါးအပြင်ဘက် လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူတို့၏ သပ်ရပ်သော အနက်ရောင် ဝတ်စုံများပေါ်တွင် ဖိနပ်ရာ အကြီးကြီးများ ထင်ကျန်ရစ်ခဲ့သည်။

ချန်ကျိုးသည် တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။

ခဏအကြာတွင် တံခါးပြန်ဖွင့်ပြီး နှစ်ပိုင်းပြတ်နေသော သက်သေခံစာရွက်စာတမ်းများကို အပြင်သို့ လွှင့်ပစ်လိုက်သည်။

အပြင်ဘက်တွင် ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူ နှစ်ဦးသည် ဖရိုဖရဲဖြစ်နေကြပြီ။

"အရူးကောင်.. သူက တကယ့် အရူးကောင်ပဲ"

နှာခေါင်းသွေးထွက်နေသော ကျင့်ကြံသူသည် ကြောက်လန့်တကြားဖြင့် ဆဲရေးလိုက်သည်။

သူတို့သည် ဝိညာဉ်နှိမ်နင်းရေးဌာန၏ စာရေးဝန်ထမ်းများဖြစ်သော်လည်း သူတို့စွမ်းရည်မှာ အတော်အတန်မြင့်မားလေသည်။ သာမန်လက်စားချေလိုသော သရဲများလောက်သည် သူတို့အတွက် ပြိုင်ဘက် မဟုတ်ပေ။

သို့သော် ခုနက ချန်ကျိုးနှင့် တိုက်ခိုက်ရာတွင် သူတို့ ကျင့်ကြံထားသော ဝိညာဉ်စွမ်းအင်များသည် ချန်ကျိုး၏ ရမ်းသမ်းထိုးနှက်မှု များကို ခုခံရန် လုံးဝ မလုံလောက်ကြောင်း တွေ့ရှိလိုက်ရသည်။

စင်္ကြံလမ်း၏ တစ်ဖက်ခြမ်းတွင် ကျန်းယိုယိုသည် ထမင်းချိုင့်ဆွဲပြီး သီချင်းလေး ညည်းကာ ပျော်ရွှင်စွာ လျှောက်လာနေသည်။

သူမ၏ ရင်သားကင်ဆာ စစ်ဆေးချက် အဖြေထွက်လာခြင်းကြောင့် ဖြစ်သည်။ ဆရာဝန်ပင် မယုံနိုင်ဖြစ်သွားခဲ့ရသည်။ နောက်ဆုံး အဆင့် ရင်သားကင်ဆာ လူနာတစ်ဦး လုံးဝပျောက်ကင်းသွားခြင်းသည် ဆေးပညာဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။

ချန်ကျိုး အခန်းရှေ့ရောက်သော် ကျန်းယိုယို ရပ်လိုက်ပြီး အဆိုပါလူ နှစ်ဦးကိုတစ်ချက်ကြည့်လိုက်သည်။ ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ဘာမျှမပြောဘဲ ချန်ကျိုး တံခါးကို တွန်းဖွင့်လိုက်သည်။

"ဆရာ.. နေ့လယ်စာရပြီ"

ကျန်းယိုယိုသည် ထမင်းချိုင့်ကို မြှောက်ပြီး ယမ်းပြလိုက်သည်။

"ဘောလုံးလေး.. မင်း ရောက်လာပြီပဲ.. လာ.. လာ.. မင်းဆရာဆီမှာ စားစရာကောင်းလေးရှိတယ်"

သူ့ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် ချန်ကျိုးသည် ရက်ရက်ရောရောပင် ငှက်သိုက်ပေါင်းတစ်ဘူးကို ကျန်းယိုယိုနှင့် ခွဲဝေစားသောက်လိုက်သည်။

"ကျေးဇူးပါဆရာ.. ကျမ အမေက ဆရာ့အတွက် ငါးဟင်းချိုချက်ပေးလိုက်တယ်.. အကြာကြီးပေါင်းထားတာ"

"မြန်မြန်လုပ်.. မြန်မြန်လုပ်.. မင်းဆရာကို မြည်းခိုင်းစမ်းပါ"

...

သူတို့နှစ်ဦး အဆင်ပြေနေကြသည်။

ဒဏ်ရာဒဏ်ချက်များဖြင့် ဖူးယောင်နေသော ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူနှစ်ဦးသည် လူနာခန်း ပြတင်းပေါက်မှတဆင့် ချောင်းကြည့်နေကြသည်။

"သူ့ကိုကျတော့ ဘာလို့ ကန်မထုတ်တာလဲ"

"မင်း တုံးလိုက်တာ.. သူက ဟိုလူ့ကို 'ဆရာ' လို့ ခေါ်လိုက်တာ မကြားဘူးလား"

"ကောင်မလေးက တော်တော်လှတာပဲ.. ဘယ်လိုဖြစ်လို့ စိတ်ရောဂါသည် တစ်ယောက်ကို ဆရာတင်ထားရတာလဲ"

"ငါတို့ ပြန်ရောက်ရင် ဘယ်လိုရှင်းပြရမလဲ.. လူကြီးတွေက ဒီစိတ်ရောဂါသည်ရဲ့ စွမ်းရည်ကို စမ်းသပ်ခိုင်းထားတာလေ"

"ဟူး.. ခဏလောက် ဆက်စောင့်ကြည့်ကြတာပေါ့"

"ဟူး!"

ချန်ကျိုး ထမင်းစား နားနေစဉ် ကျန်းယိုယိုသည် ရေဇလုံကို ကိုင်ပြီး ထွက်လာသည်။

ချန်ကျိုး မျက်နှာသစ်ရန် ရေသွားခပ်မည့် ကျန်းယိုယိုကို ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူ နှစ်ဦးက အလျင်အမြန် တားလိုက်သည်။

"မင်္ဂလာပါ.. ကျွန်တော်တို့က ဝိညာဉ်နှိမ်နင်းရေးဌာနက ဝန်ထမ်းတွေပါ.. လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ချန်ကျိုးရဲ့ စွမ်းရည်ကို လာစစ်ဆေးတာပါ"

ဤသည်မှာ သူတို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်သဖြင့် အရင်ကထက် များစွာ ပိုမိုယဉ်ကျေးစွာ ပြောလိုက်ကြသည်။

ကျန်းယိုယိုသည် သူတို့ သက်သေခံကတ်ပြားများကို စစ်ဆေးလိုက်သည်။ တစ်ခုမှာ နှစ်ပိုင်းပြတ်နေသဖြင့် ငတုံးတစ်ယောက် ပင်လျှင် ဤသည်မှာ သူ့ ဆရာ၏လက်ချက်ဆိုသည်ကို သိသာလေသည်။

"မင်္ဂလာပါ"

ကျန်းယိုယို ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

စစ်ဆေးရေးမှူးက သူ့ခေါင်းကို လက်ညှိုးထိုးပြပြီး ပြောသည်။

"ချန်ကျိုးက စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတယ်လေ.. ကျွန်တော်တို့ သူ့နဲ့ ဆက်သွယ်လို့ မရဘူး၊ ခင်ဗျား ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ ဒီစမ်းသပ်ကျောက်တုံးလေးကို ချန်ကျိုး ခဏလောက်ကိုင်ထားအောင် လုပ်ပေးလို့ ရမလား"

စစ်ဆေးရေးမှူး သူ့ လက်ဝါးကို ဖြန့်ပြလိုက်ရာ အနက်ရောင်ကျောက်တုံးလေး တစ်တုံးပေါ်လာသည်။

ယဉ်ကျေးနေသော ကျန်းယိုယိုသည် ချန်ကျိုး၌စိတ်ပိုင်းဆိုင်ရာပြဿနာရှိသည်ဆိုတာ ကြားလိုက်ရသည်နှင့် ချက်ချင်း မပျော်မရွှင် ဖြစ်သွားလေသည်။

"ရှင်တို့မှ စိတ်ရောဂါရှိနေတာ!"

"သူက စိတ်ရောဂါသည် မဟုတ်ဘူးလား"

"ရှင်တို့မှ စိတ်ရောဂါသည်တွေ! ရှင်တို့ တစ်ဆွေလုံး တစ်မျိုးလုံး စိတ်ရောဂါသည်တွေ!"

All Chapters