← Chapters

ငါ နင့်ကို မပြောပြပါဘူး

Vol. 11 Ch. 186

ငါ နင့်ကို မပြောပြပါဘူး

Vol. 11 Ch. 186

“ကျွန်တော်က အဲ့လိုလုပ်ရဲပါ့မလားဗျာ” ရှန်းယောင်က မနေနိုင်ဘဲ ပြုံးလိုက်မိပေသည်။

နတ်ဆေးသမားတော်ရှန်းဟယ်က အားရပါးရ ရယ်မောလိုက်သည်။

ထိုအချိန်တွင် ကျီကျောက်က အသားခေါက်ဆွဲပြုတ်ကို စားပွဲဆီ ယူဆောင်လာခဲ့သည်။ သူမသည် ခေါက်ဆွဲပြုတ်ထဲတွင် ကြက်ဥပြုတ်တစ်လုံးနှင့် တို့ဟူးခြောက် နှစ်ချပ်ကိုပါ အထူးတလည် ထည့်လာခဲ့သည်။ ထိုအသားခေါက်ဆွဲပြုတ်၏ မွှေးရနံ့က နတ်ဆေးသမားတော်ရှန်းဟယ်အား သွားရည်ယိုသွားစေခဲ့သည်။

“အနံ့လေးက ကောင်းလိုက်တာ” နတ်ဆေးသမားတော်ရှန်းဟယ်သည် ခေါက်ဆွဲပြုတ်ပန်းကန်ကို စိတ်အားထက်သန်စွာ လှမ်းယူပြီး အလုတ်ခပ်ကြီးကြီး တစ်လုတ် စားလိုက်သည်။ နောက်တော့ သူက လျှာသပ်ပြီး စိတ်ကျေနပ်စွာ စကားဆိုလာခဲ့သည်၊ “အရသာက တကယ်ကောင်းတာပဲ။ နောက်ထပ် ရဦးမလား။”

“ဟုတ်ကဲ့” ကျီကျောက်က ကမန်းကတန်း ခေါင်းညိတ်ပြီး နောက်ထပ် ခေါက်ဆွဲ တစ်ပန်းကန် ထပ်ထည့်ပေးခဲ့သည်။

မီးဖိုချောင်နှင့် စားပွဲ အသွားအပြန် သုံးလေးကြိမ်မျှ ပြုလုပ်ခဲ့ပြီး နတ်ဆေးသမားတော်ရှန်းဟယ်၏ ခေါက်ဆွဲပြုတ် ၆ ပန်းကန်အထိ စားသောက်ခဲ့တာကို ကြည့်ရှုပြီးတော့ ကျီကျောက်တစ်ယောက် အံ့မခန်း ဖြစ်မိသွားသည်၊ “အဆင်ပြေရဲ့လား။ ဦးလေးရဲ့ ဗိုက် မသက်မသာ မဖြစ်ဘူးလား။”

“အေ့…” နတ်ဆေးသမားတော်ရှန်းဟယ်က လေချဉ်တက်ပြီး ရွှင်မြူးစွာ ပြောလိုက်သည်၊ “ငါ နောက်ဆုံးတော့ အနည်းငယ် ဗိုက်ပြည့်သွားပြီ။”

ခေါက်ဆွဲ ၆ ပန်းကန် စားသောက်ပြီးတာကိုတောင် ဗိုက်ပြည့်ရုံမျှသာ ဆိုပါလား။

ကျီကျောက်၏ နှုတ်ခမ်းများ သူ့အလိုလို တွန့်ကွေးသွားခဲ့သည်။

“လူကြီးမင်း ကျွန်တော်တို့က ရွာပြန်ဖို့ ပြင်ဆင်နေတာပါ။ ဒီဆိုင်ကို ပိတ်ခဲ့မှာပါ” ရှန်းယောင်က တိုးသဲ့စွာ ပြောလိုက်သည်၊ “လူကြီးမင်း ဗိုက်ဝပြီဆိုတော့ ကျေးဇူးပြုပြီး ပြန်လို့ရပြီခင်ဗျ။”

“မင်းခြေထောက်ကို မကုသချင်ဘူးလား” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့မုတ်ဆိတ်ကို ပွတ်သပ်ပြီး သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

“ကျွန်တော့်ခြေထောက်တွေက မကုသနိုင်တော့ဘူး” ရှန်းယောင်က အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်၊ “ဒါ့အပြင် ကျွန်တော်က အခုအချိန်မှာ ဒီလိုဖြစ်နေတာကို မကောင်းဘူးလို့ မထင်တော့ဘူး။”

“မင်း ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့စကားလုံးတွေကို အညှာအတာကင်းမဲ့စွာ ထုတ်ဖော်လာခဲ့သည်။ နောက်တော့ သူ့အကြည့်တွေက ကျီကျောက်၏ မျက်နှာပေါ်မှာ အခြေကျသွားခဲ့သည်၊ “ကောင်မလေး ညှိနှိုင်းမှုတစ်ခု ပြုလုပ်ရအောင်။”

“ဘယ်လိုညှိနှိုင်းမှုမျိုးလဲရှင့်။”

“ငါ နင့်ယောကျာ်းရဲ့ ခြေထောက်ကို ကုသပေးမယ်၊ နင် ငါ့အတွက် အစားအသောက်ကို ၃ လစာ တာဝန်ယူပေးရမယ်” နတ်ဆေးသမားတော် ရှန်းဟယ်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်၊ “ငါ နေရမယ့်နေရာကို ဂရုမစိုက်ဘူး၊ ဒါပေမယ့် အစားအသောက်အတွက်ကတော့ တစ်နေ့ သုံးနပ်စာမှာ အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်ရမယ်။ နောက်ပြီး နေ့လည်ခင်းတိုင်း အချိုပွဲ စားချင်တယ်။ ငါ ချိုတဲ့အစားအသောက်တွေကို ပိုသဘောကျတယ်။”

ကျီကျောက်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး နတ်ဆေးသမားတော် ရှန်းဟယ်၏ တောင်းဆိုချက်တိုင်းကို ဂရုတစိုက် ချရေးလိုက်သည်။

“နင် ဘယ်လိုထင်လဲ။”

“အပေးအယူဖြစ်တယ်” ကျီကျောက်က ချက်ချင်းဆိုသလို အားတက်သရော ခေါင်းညိတ်လိုက်သည်။

“အာ့ထောင်” ရှန်းဟယ်က သူမကို တားမြစ်ဖို့ကြိုးစားချင်သော်လည်း မအောင်မြင်ခဲ့ပါဘူး။

“ဒီကို လာခဲ့” နတ်ဆေးသမားတော် ရှန်းဟယ်က ရှန်းယောင်ကို လက်ယပ်ခေါ်လိုက်သည်။ ရှန်းယောင် မလှုပ်တာကိုမြင်တော့ သူက ရိုးရှင်းစွာပင် ရှေ့ကို အမြန်ပြေးပြီး သူ့လက်ကောက်ဝတ်ကို ဆွဲယူကာ သွေးခုန်နှုန်းကို ဂရုတစိုက် စစ်ဆေးလိုက်ပါသည်။

“သူ့သွေးခုန်နှုန်းကတော့ ဘာမှ မမှားနေဘူး” ရှန်းယောင် တွေဝေနေတာကို အခွင့်ကောင်းယူပြီး နတ်ဆေးသမားတော် ရှန်းဟယ်သည် ရုတ်ခြည်းဆိုသလို အပ်စိုက်မှတ်တွေကို နှိပ်လိုက်သည်။

ရှန်းယောင်သည် ရုတ်တရက် သူ မလှုပ်နိုင်တော့တာကို တွေ့လိုက်ရသည်။

“လူကြီးမင်း ဘာလိုအပ်ပါသလဲ။”

“ငါ အသားခေါက်ဆွဲပြုတ်စားတာ များသွားတယ်။ ငါ ဘာမှ ထပ်မစားနိုင်တော့ဘူး” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့ဘယ်ခြေထောက်ကိုကိုင်ပြီး အသံတိုးတိုးဖြင့် ညွှန်ကြားလိုက်သည်၊ “ကောင်မလေး ကတ်ကြေးတစ်စုံ၊ ဝိုင်ပြင်းတစ်အိုးနဲ့ သန့်ရှင်းတဲ့ ရေနွေးတစ်ဇလုံ ပြင်ဆင်ပေးပါဦး။”

“ဟုတ်ကဲ့” ကျီကျောက်က သူပြောတဲ့အတိုင်း ချက်ချင်းလုပ်ပေးလိုက်သည်။

၁၅ မိနစ်လောက်ကြာတော့ နတ်ဆေးသမားတော် ရှန်းဟယ်က ကတ်ကြေးကို ကောက်ကိုင်ပြီး ရှန်းယောင်ရဲ့ ဘောင်းဘီကို ညှပ်ထုတ်လိုက်သည်။

ကျီကျောက်သည် မသိစိတ်ကနေ သူ့အလိုလို ကျောခိုင်းထားလိုက်မိသည်။

“မင်းတို့က လင်မယားတွေ မဟုတ်ဘူးလား။ မင်း မြင်သင့်တာတွေ အကုန် မြင်ပြီးပြီ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလောက် ရှက်နေရတာလဲ” နတ်ဆေးသမားတော် ရှန်းဟယ်က ကျီကျောက်၏ ရှက်ရွံ့စွာ ကျောခိုင်းသွားတာကိုမြင်ပြီး တွေးရခက်သလို ခံစားလိုက်ရသည်၊ “တကယ်လို့ နင့်ယောကျာ်းရဲ့ ခြေထောက်ကို ကုသချင်တယ်ဆိုရင် ဒီလာပြီး ငါ့ကို လာကူပေး။”

ကျီကျောက်သည် ရှက်ရွံ့စွာဖြင့် လှည့်ကြည့်လိုက်သည်။

နတ်ဆေးသမားတော် ရှန်းဟယ်က ရှန်းယောင်၏ ကျိုးနေသော ခြေထောက်ကို လေးလေးနက်နက် စစ်ဆေးကြည့်ရှုခဲ့သည်။ နောက်တော့ သူက မျက်မှောင်ကြုတ်ပြီး အသံတိုးတိုးနဲ့ မေးလိုက်သည်၊ “ဒါက ဘယ်လိုဖြစ်တာလဲ။”

“ဘာဖြစ်လို့လဲ” ကျီကျောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်၊ “နတ်ဆေးသမားတော် ကျွန်မယောကျာ်းရဲ့ ခြေထောက်တွေကို ကုသပေးနိုင်ရဲ့လား။”

“ငါ မင်းကို တစ်ခုမေးမယ်၊ မင်းခြေထောက်တွေ ကျိုးသွားတုန်းက မင်းအရိုးတွေကိုပြင်ဖို့ သမားတော် တစ်ယောက် ရှာခဲ့သေးလား” နတ်ဆေးသမားတော် ရှန်းဟယ်က ရုတ်တရက် ခေါင်းမော့ပြီး ရှန်းယောင်၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။ သူ့အသံက လေးနက်တည်ကြယ်နေခဲ့၏။

“အဲဒီတုန်းက ရုတ်တရက် ရေကြီးတယ်။ ကံဆိုးစွာပဲ တောင်ပေါ်ကနေ လိမ့်ကျလာတဲ့ ကျောက်တုံးက ကျွန်တော့်ဘယ်ခြေထောက်ကို ထိသွားခဲ့တယ်။ နောက်တော့ ကျွန်တော် အဲဒီဝေဒနာကြောင့် မေ့လဲသွားခဲ့တယ်။ ကံကောင်းထောက်မစွာ ဘာမှမဖြစ်သွားတဲ့ ကျွန်တော့်အတန်းဖော်က ကျွန်တော့်ရဲ့ ကျိုးသွားတဲ့ အရိုးတွေကို ပြန်ပြင်ဖို့ သမားတော် ကူရှာပေးခဲ့တယ်၊ ကံမကောင်းစွာနဲ့ပဲ ၁ လခွဲလောက်ကြာတော့ ကျွန်တော့်ခြေထောက်တွေက ပိုပိုပြီး နာကျင်လာခဲ့တယ်။”

“ရမ်းကုသမားတော်” နတ်ဆေးသမားတော် ရှန်းဟယ်က ဒေါသတကြီး တံတွေးထွေးလိုက်သည်၊ “သူက ရမ်းကုသမားတော်ဖြစ်နေရုံသာမက သူက ယုတ်ညံ့ပြီး စဉ်းလဲသူလည်း ဖြစ်တယ်။”

“လူကြီးမင်း ဘာဖြစ်လို့ ဒီလိုပြောတာလဲ။”

“တကယ်လို့ အဲဒီအချိန်တုန်းက မင်းခြေထောက်တွေကို ကုသပေးတာ ငါသာဆိုရင် ၃ လအတွင်း မင်းခြေထောက်တွေ နဂိုအတိုင်း ပြန်ကောင်းလာမှာ သေချာတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်၊ “မင်းရဲ့ ဒူးဆစ်မှာ သိသိသာသာ မှားယွင်းနေတာတွေရှိတယ်။ ရှင်းပါတယ်၊ တစ်ယောက်ယောက်က တမင်တကာ နေရာမှားပြီး ဆက်ပေးလိုက်တာပဲ။”

“ဒါက ဘယ်လိုဖြစ်ရတာလဲ” ကျီကျောက်က အံ့အားသင့်စွာ မျက်လုံးပြူးသွားသည်၊ “ရှန်းယောင် တစ်ယောက်ယောက်က ရှင့်ကို အစကတည်းက ဒုက္ခပေးချင်နေတာလား။”

“ကံကောင်းတာက မင်း ငါနဲ့ တွေ့ခဲ့တာပဲ။ မင်းရဲ့ လက်ရှိအနေအထားကို ဂရုအစိုက်ဘူးဆိုရင် ဒီမှာရှိတဲ့အရိုးတွေက မလွဲမသွော ပုပ်သွားလိမ့်မယ်။ တစ်နှစ်အတွင်းမှာ မင်းခြေထောက်တွေကို ဖြတ်ပစ်ရလိမ့်မယ်၊ မဟုတ်ရင် မင်း အသက်အန္တရာယ် ထိခိုက်နိုင်တယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ဆက်ပြောခဲ့သည်။

ကျီကျောက်၏ မျက်လုံးတွေက နီမြန်းနေဆဲပင်။ သူမသည် နတ်ဆေးသမားတော် ရှန်းဟယ်ကို ထိတ်လန့်စွာ ကြည့်ကာ အနူးအညွတ် တောင်းပန်ခဲ့သည်၊ “လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်မယောကျာ်းကို ကယ်ပေးပါဦး။”

“တကယ်လို့ မင်းရဲ့ ကျိုးနေတဲ့ ခြေထောက်ကို ကုသချင်တယ်ဆိုရင် မင်း သေချာပေါက် အများကြီး နာကျင်ရလိမ့်မယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ကျီကျောက်ကို စိတ်ငြိမ်စေရန် လက်ဟန်ပြလိုက်သည်၊ ထို့နောက် သူက ရှန်းယောင်ကိုကြည့်ပြီး တိုးတိုးလေး ပြောသည်၊ “ကမ္ဘာပေါ်မှာ နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိသူတွေ အများကြီး မရှိဘူး။ ဒါပေါ့၊ ငါ (မာဖေးစန်း)ထုံဆေးကိုလည်း သုံးပေးနိုင်ပါတယ်။ ဒါပေမယ့် မင်း ထုံဆေးကို အသုံးပြုမယ်ဆို အနာဂတ်မှာ မိုးအေးတဲ့နေ့တွေတိုင်း မင်းခြေထောက်တွေ နာကျင်ကိုက်ခဲပြီး ခွန်အားတွေတောင် ဆုံးရှုံးသွားနိုင်တယ်။”

“လူကြီးမင်းမှာ ကျွန်တော့်ခြေထောက်တွေကို ကုသပေးနိုင်ဖို့ ဘယ်လောက်ယုံကြည်ချက်ရှိပါသလဲ” အစကနေ အဆုံးအထိ ရှန်းယောင်၏ အမူအရာမှာ တည်ငြိမ်နေခဲ့သည်။

အဲဒီအချိန်တုန်းက သူ့အရိုးတွေကို ပြန်ပြင်ပေးတဲ့ သမားတော်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာကို သူ အံ့ဩပုံမပေါ်ဘူး။

“တကယ်လို့ မင်း ထုံဆေးသုံးမယ်ဆိုရင် ငါ့မှာ ၉၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်။ တကယ်လို့ မင်း ထုံဆေးမသုံးဘူးဆိုရင် ငါ့မှာ အများဆုံး ၅၀ ရာခိုင်နှုန်းလောက်ပဲ ယုံကြည်ချက် ရှိတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်၊ “ဒါပေါ့၊ တကယ်လို့ မင်းမှာ ဒီကျိုးနေတဲ့ခြေထောက်တွေကို ကုသဖို့ အစီအစဉ် မရှိဘူးဆိုရင် ငါ မင်းကို မကူညီနိုင်ဘူး။”

“ဒါဆို လူကြီးမင်းကိုပဲ ဒုက္ခပေးပါရစေ” ရှန်းယောင်က နောက်ဆုံးဆုံးဖြတ်ချက်ကို အလျင်အမြန် ချလိုက်သည်။

“ကောင်းပြီ၊ လူငယ်လေး၊ မင်းက တကယ်ရဲရင့်တာပဲ” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့ကို စိတ်ရင်းမှန်ဖြင့် သဘောကျစွာ ကြည့်လိုက်သည်။

“လူကြီးမင်း ကျွန်မယောကျာ်းရဲ့ ခြေထောက်တွေကို ဘယ်အချိန်မှာ စတင်ကုသဖို့ စီစဉ်ထားပါသလဲ။”

“အလျင်မလိုဘူး၊ အလျင်မလိုဘူး” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့လက်တွေကို ဘာသိဘာသာ ဝှေ့ယမ်းလိုက်သည်၊ “နောက်ငါးရက်လောက် စောင့်ကြရအောင်။”

“ဘာဖြစ်လို့ ငါးရက်စောင့်ရမှာလဲ။” ကျီကျောက်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

“နင် သိချင်လား” နတ်ဆေးသမားတော် ရှန်းဟယ်က သူမ၏ သိချင်စိတ်ပြင်းပြနေတဲ့ အမူအရာကိုကြည့်ပြီး မျက်ခုံးပင့်လိုက်သည်၊ “ငါ နင့်ကို မပြောပြပါဘူး။”

ကျီကျောက်သည် သူမ၏ နဖူးကို တိတ်တဆိတ်ကိုင်ကာ စိတ်ထဲတွင် ကြိတ်ပြီး အထွန့်တက်မိသည်။ ဒီနတ်ဆေးသမားတော်ရဲ့ စိတ်က တကယ်ထူးဆန်းတာပဲ။

နောက်ဆုံးတွင် သူတို့သုံးယောက်သား စားသောက်ဆိုင်မှ ရထားလုံးကို ငှားရမ်းပြီး နောက်ဆုံးတွင် မမှောင်ခင် ရှန်းဟယ်ရွာသို့ ပြန်လာခဲ့ကြသည်။

ကျောက်လန်ဟွာသည် တက်ကြွပြီး ပိန်ပါးသော အဖိုးအိုက နတ်ဆေးသမားတော်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါတွင် သူမသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး သူ့ကို နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့သည်။

“လူကြီးမင်း ဒီငါးချိုချဉ်လေး မြည်းကြည့်ချင်လား။”

“အိုး… ဟုတ်သားပဲ၊ မှိုနဲ့ အသားတွေ သွပ်ထားတဲ့ ဒီဖက်ထုပ်လေးတွေကိုရော မြည်းကြည့်ပါဦး။ လူကြီးမင်း ထပ်စားချင်သေးလား။ တကယ်လို့ မလုံလောက်သေးဘူးဆိုရင် ကျွန်မ ထပ်လုပ်ပေးပါ့မယ်။”

All Chapters