လူကြီးမင်းက ကြားတယ်လား
Vol. 11 Ch. 188
ရှန်းယောင်၏ ခြေထောက် သုံးလအတွင်း ပြန်ကောင်းလာလိမ့်မည်ဟု ကြားလိုက်ရသောအခါ ကျောက်လန်ဟွာ၏ စိတ်လှုပ်ရှားမှုသည် သိသာထင်ရှားစွာ ပေါ်လွင်လာခဲ့သည်၊ “အာ့ထောင် အဲဒီပုဂ္ဂိုလ်က တတိယလေးရဲ့ ခြေထောက်ကို တကယ်ပဲ ကုသပေးနိုင်ပါ့မလား။”
ကျောက်လန်ဟွာက သူတို့ရဲ့ မျှော်လင့်ချက် မှားယွင်းသွားမှာကို တကယ်ပဲ စိုးရိမ်ပူပန်မိသည်။
“အမေ သမီးတို့ နတ်ဆေးသမားတော် ရှန်းဟယ်ကို ယုံကြည်ပေးသင့်တယ်လို့ထင်တယ်” ကျီကျောက်က သူမကို အမြန်အားပေးနှစ်သိမ့်ခဲ့သည်၊ “ပြီးတော့ သမီးတို့ ရှန်းယောင်ကို ယုံကြည်ရမယ်။ သူက ဆေးကုသဖို့ နတ်ဆေးသမားတော် ရှန်းဟယ်နဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သရွေ့ သူ့ခြေထောက်တွေက ပြန်ကောင်းလာလိမ့်မယ်လို့သမီးထင်တယ်။”
“အင်း၊ သမီးပြောတာ မှန်တယ်။ ဘယ်လိုရလဒ်တွေပဲ ဖြစ်လာပါစေ၊ ငါတို့မှာ မျှော်လင့်ချက်ရှိရမယ်” ကျောက်လန်ဟွာက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်၊ “အာ့ထောင် ငါတို့ ဝမ်တန်တွေ ထုပ်ပြီးခါနီးပြီ။ ငါတို့ မီးစမွှေးသင့်ပြီမလား။”
“ဟုတ်၊ ကျေးဇူးပါ အမေ”
နံနက် ၇ နာရီ ၁၅ မိနစ်လောက်တွင် မီးတွင်းကာလမှာ ရှိနေဆဲဖြစ်သည့် ဒုတိယမရီးရှန်းမှလွဲ၍ လူတိုင်း ဧည့်ခန်းရှိ စားပွဲဝိုင်းတွင် ဝိုင်းစုထိုင်ကြသည်။
လူတိုင်းရှေ့မှာ မွှေးကြိုင်သော ပင်လယ်ရေညှိပုစွန်ဝမ်တန်ပန်းကန် တစ်လုံးစီ ရှိ၏။
ထို့အပြင် ကျီကျောက်သည် ဖက်ထုပ်အိုးကပ်အချို့ကိုလည်း ပြုလုပ်ခဲ့သည်။
ရှန်းမိသားစုသည် ဟင်းပွဲများ တည်ခင်းဖို့ ပြင်ဆင်နေချိန်တွင် နတ်ဆေးသမားတော် ရှန်းဟယ်က နောက်ကျမှ ရောက်ချလာခဲ့သည်။
“ဒီရနံ့က အရမ်းစွဲဆောင်နိုင်လွန်းတယ်။”
အရင်တုန်းကတော့ နတ်ဆေးသမားတော် ရှန်းဟယ်သည် မိုးစင်စင်လင်းတဲ့အချိန်ထိ အိပ်စက်လေ့ရှိသည်။ နတ်ဘုရားတွေ ကြွလာရင်တောင် ဘယ်တော့မှ စောစောထမှာ မဟုတ်ဘူး။
ဒါပေမယ့် ဒီနေ့မှာတော့ သူက ခြွင်းချက်တစ်ခု ပြုလုပ်ခဲ့သည်။
ရှန်းမိသားစု၏ မနက်စာသည် တကယ့်ကို အရသာရှိလှသည်။
နတ်ဆေးသမားတော် ရှန်းဟယ်သည် ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ရှန်းယောင်ကို မေးဆတ်ပြကာ “ငါ့နောက်လိုက်ခဲ့” ဟု ခေါ်သွားခဲ့သည်။
ကျီကျောက်သည် ခဏလောက်တွေးပြီး နောက်ကနေ လိုက်သွားခဲ့သည်။
“လူကြီးမင်း၊ လူကြီးမင်း ဗိုက်မပြည့်သေးမှာကိုစိုးရိမ်လို့ လူကြီးမင်းအတွက် ပဲနီလေးအစာသွပ်မုန့်ကို အထူးထပ်ပြင်ပေးထားတယ်” ကျီကျောက်က အပြုံးတစ်ပွင့် ပြောလိုက်သည်။
“ကောင်းပြီ၊ နင်ပါ လာထိုင်ပြီး အတူနားထောင်ချေ။”
“ကျေးဇူးပါ လူကြီးမင်း”
နတ်ဆေးသမားတော်ရှန်းဟယ်သည် နောက်ဆုံးတွင် ရှန်းယောင်၏ မျက်နှာပေါ် အကြည့်မရောက်မီ မိနစ်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
“တကယ်လို့ မင်း ထုံဆေးကို အသုံးမပြုဘူးဆိုရင် မင်း အရိုးတွေကို ချိုးတဲ့အခါကျ ဖြစ်လာမယ့် နာကျင်မှုကို သေချာပေါက် ခံနိုင်ရည်ရှိဖို့ လိုလိမ့်မယ်။ မင်း အဲ့လိုမျိုး တကယ်ပဲ ရွေးချယ်မှာလား” နတ်ဆေးသမားတော် ရှန်းဟယ်က ထပ်မံ အတည်ပြုလိုက်ပြန်သည်။ “ငါ အစတုန်းက မင်းရဲ့ ခြေထောက်ဒဏ်ရာကို မကုသခင် တစ်ယောက်ယောက် ထုံဆေး လာပို့ပေးတာကို စောင့်ချင်နေတာ။ ဒါပေါ့၊ မင်း ထုံဆေးကို မသုံးဘူးလို့ သေချာ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ငါ မင်းကို ဒီနေ့နေ့လည်ခင်းမှာပဲ စကုပေးမယ်။”
“ကျွန်တော် လူကြီးမင်းကို ယုံကြည်ပါတယ်။ နာကျင်မှုဝေဒနာကို တစ်ကြိမ်တစ်ခါလောက် သည်းခံလိုက်တာနဲ့ အရာအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော်က ဘာဖြစ်လို့ ထုံဆေးကို သုံးနေတော့မှာလဲ” ရှန်းယောင်က ခပ်ဖွဖွပြုံးပြီး တိုးတိုးလေး မေးလိုက်သည်။
“ကမ္ဘာပေါ်ရှိ လူအနည်းငယ်သာလျှင် နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိကြတယ်။ တကယ်လို့ မင်း ထုံဆေးကို အသုံးပြုဖို့ ငြင်းဆိုမယ်ဆိုရင် မင်း အရင်ဆုံး စာချုပ်မှာ လက်မှတ်ရေးထိုးရမယ်။ ဒီနည်းနဲ့ဆို ကုသနေစဉ်အတောအတွင်း နာကျင်မှုဝေဒနာကြောင့် မင်း သေသွားမယ်ဆိုရင်တောင် ငါ့မှာ တာဝန်မရှိဘူး” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့အိတ်ကပ်ထဲမှ စာချုပ်တစ်စောင်ကို ထုတ်ယူပြီး သူ့ကို ကမ်းပေးလိုက်သည်၊ “ဒါကို ဂရုတစိုက် ဖတ်ကြည့်ချေ။ ပြဿနာမရှိဘူးဆိုရင် ညာဘက်အောက်ထောင့်မှာ မင်းနာမည်ကို လက်မှတ်ထိုးလိုက်။”
“ငါ အရင် တရေးသွားအိပ်လိုက်ဦးမယ်။ မင်း နေ့ခင်းမတိုင်ခင် ငါ့ကို တိကျတဲ့ အဖြေတစ်ခု ပေးချေ။”
“… ကောင်းပါပြီ။”
ကျီကျောက်သည် ထူထပ်စွာ ရေးသားထားသော မှတ်စုများကို တွေ့လိုက်ရသောအခါတွင် သူမ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။
သို့ရာတွင် ရှန်းယောင်သည် သူ့အရိုးကို ချိုးပြီး ပြန်ဆက်သည့်အခါ ခံစားရမည့် နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိရမည်ကို တွေးလိုက်မိသောအခါတွင် သူမသည် စိတ်ဆင်းရဲနေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။
“ရှင် ဘာဖြစ်လို့ ထုံဆေးသုံးဖို့ ငြင်းပယ်နေရတာလဲ” ကျီကျောက်က တိတ်ဆိတ်နေသည့် ရှန်းယောင်ကို ဘေးစောင်းကြည့်ပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်၊ “ကျွန်မ ရှင့်ကို အန္တရာယ်မများစေချင်ဘူး။”
“ကိုယ် နောက်ဆက်တွဲ ဝေဒနာတွေ ကျန်ခဲ့မှာကို မလိုချင်ဘူး” ရှန်းယောင်က မျက်လုံးကို ဖြည်းညင်းစွာ လှန်ကြည့်ကာ သူမ၏ မျက်နှာလေးကို ပွတ်သပ်ပြီး ရယ်မောကာ ပြောလာခဲ့သည်၊ “အာ့ထောင် ကိုယ် အရင်လို ပြန်ကောင်းလာဖို့ မျှော်လင့်တယ်။”
သူသည် အာ့ထောင်၏ ဘေးနားတွင် သူမ၏ ခင်ပွန်းသည်အဖြစ် ရပ်တည်ချင်သည်။
နောင်တွင် အာ့ထောင်ကို အခြားသူများက ထူးဆန်းသောအကြည့်များဖြင့် ကြည့်လာမည်ကို သူ မလိုလားပေ။
ပိုအရေးကြီးတာက သူ ပြန်ကောင်းလာချင်သည်။ တကယ်လို့ သူ ပြန်ကောင်းလာဖို့ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိမည်ဆိုလျှင်တောင် သူ အကောင်းဆုံး ကြိုးစားကြည့်ချင်သည်။
“ကျွန်မ ရှင့်အနားမှာ ရှိနေပေးမယ်” ကျီကျောက်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“အင်း”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
နတ်ဆေးသမားတော် ရှန်းဟယ်သည် ရှန်းယောင်၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို သိရှိပြီးနောက် အံ့ဩသွားခြင်း မရှိပေ။
သူ့အမြင်တွင် ရှန်းယောင်က ခြေကျိုးနေသော်လည်း သူ့အကြည့်တွေထဲမှာတော့ ရည်မှန်းချက်များ ပြည့်နှက်နေသည်။
ထို့အပြင် သူသည် တော်ဝင်စာမေးပွဲတွင် မပါဝင်ခဲ့သော်လည်း ထိုလူကြီးမင်း၏ မျက်နှာသာကို ရရှိပြီးဖြစ်သည်။
နောင်တွင် သူသာ တော်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုရန် ဆန္ဒရှိပါက အမြင့်ကို သဘာဝအတိုင်း တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။
ဒါပေါ့၊ ဒါတွေက နောင်အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေပဲမို့ အခုလောလောဆယ်တော့ ဒီအကြောင်းကို မပြောကြပါစို့။
ကျီကျောက်သည် နတ်ဆေးသမားတော် ရှန်းဟယ်မှ ရှန်းယောင်ကို နာကျင်မှုဝေဒနာ နည်းနည်းပါးပါးလောက် လျှော့ချပေးနိုင်ရန် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်သည့်အနေဖြင့် နေ့လည်စာစားချိန်တွင် နတ်ဆေးသမားတော်အကြိုက် ချိုချိုချဉ်ချဉ်ဟင်းပွဲများကို အထူးတလည် ချက်ပြုတ်တည်ခင်းပေးခဲ့သည်။
အဆိုပါဟင်းပွဲများမှာ မိုးခိုသားဝက်ချိုချဉ်၊ ကြာစွယ်မြစ်ချိုနှင့် ဝက်သားပေါင်းတို့ဖြစ်လေ၏။
နောက်တော့ နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမ၏ လုပ်ရပ်အတွက် စိတ်ကျေနပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။
နေ့ခင်းဘက်တွင် နတ်ဆေးသမားတော် ရှန်းဟယ်က ကျီကျောက်ကို နောက်ထပ် စာရွက်တစ်ရွက်ကို ပေးလိုက်သည်။
နတ်ဆေးသမားတော်က “နောက်တစ်နာရီအတွင်း အဲ့ထဲမှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးချေ” လို့ပြောပြီး နေ့ခင်း တစ်ရေးတစ်မော အိပ်ဖို့ အခန်းကို ပြန်သွားခဲ့သည်။
“လူကြီးမင်း အိပ်ပြီးရင် စား၊ စားပြီးရင် အိပ်လုပ်နေတာကိုတောင် ဘာဖြစ်လို့ လုံးဝ မဝလာရတာလဲ” ကျီကျောက်က သူ့ရဲ့ ပိန်ပါးသောနောက်ကျောကိုကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါက နတ်ဆေးသမားတော်လေ။ အဲ့တာကြောင့် ငါ့မှာ သဘာဝအတိုင်း ငါ့ခန္ဓာကိုယ်ကို ပိန်ပါးစေဖို့ ထိန်းသိမ်းတဲ့ နည်းလမ်းကောင်း ရှိတာပေါ့။”
“ကျွန်မ ပြောလိုက်တာကို ကြားတယ်လား” ကျီကျောက်သည် အလန့်တကြား အော်လိုက်မိပြီး သူမ၏ ပါးစပ်ကို မသိစိတ်က ဖုံးကွယ်လိုက်သည်။
“ငါ့အကြားအာရုံက အရမ်းကောင်းတယ်။”
နတ်ဆေးသမားတော် ရှန်းဟယ်က အလွန်အထက်စီးဆန်စွာ ပြောဆိုပြီးနောက် ထွက်သွားခဲ့သည်။
ကျီကျောက်က သူ့နောက်ကျောကိုကြည့်ပြီး မနေနိုင်ဘဲ အတွေးလွန်သွားမိသည်။
တကယ်တော့ သူမသည် ဆေးပညာကို အတော်လေး စိတ်ဝင်စားတဲ့အတွက် သူ့ကို သူမ၏ ဆရာအဖြစ် အသိအမှတ်ပြုဖိ့ နည်းလမ်းရှာဖို့ လိုအပ်ပေသည်။
“မင်းက နတ်ဆေးသမားတော် ရှန်းဟယ်ရဲ့ တပည့်ဖြစ်ချင်တာလား။ မင်းကို ဆေးပညာသင်ကြားပေးဖို့ တောင်းဆိုချင်နေတာလား” ကျီကျောက်၏ အတွေးများကို ကြားသိပြီးနောက် ရှန်းယောင်က ထိတ်လန့်သွားသည်၊ “အာ့ထောင် မင်း အလေးအနက်ပြောနေတာလား။”
“ကျွန်မမျက်နှာပေါ်က အမူအရာက နောက်နေတာလို့ ရှင်ထင်လား” ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်၊ “ရှန်းယောင် ကျွန်မကို နတ်ဆေးသမားတော်က တပည့်အဖြစ် လက်ခံစေဖို့ ရှင့်မှာ နည်းလမ်းကောင်းများ ရှိမလားဟင်။”
ဒီကမ္ဘာကြီးပေါ်မှာ နေထိုင်တဲ့အခါ နောက်ထပ် ကျွမ်းကျင်မှု အနည်းငယ်ကို သင်ယူတတ်မြောက်ထားခြင်းက ကိစ္စရပ်များကို အမြဲတမ်းလိုလို ပိုကောင်းစေလိမ့်မည်။
...
“သူက အစားကောင်းစားရတာကို ကြိုက်တယ်။ အာ့ထောင် မင်းက ဟင်းချက်ကောင်းတယ်။ မင်း သူ့အကြိုက်လက်ရာကို ချက်ပြုတ်ပြင်ဆင်ပေးလိုက်ပါလား” ရှန်းယောင်က ခဏလောက် စဉ်းစားပြီး အရမ်းကောင်းတဲ့ အကြံတစ်ခုကို ပေးလေ၏။
“ကောင်းပြီ” ကျီကျောက်က ချက်ချင်းဆိုသလို လက်ခုပ်တီးပြီး ဝမ်းသာအားရ ပြောလိုက်သည်၊ “ကျွန်မလည်း ဒါက အကြံကောင်းလို့ထင်တယ်။ အဲ့လိုလုပ်ရမယ်။ ဒါပေမယ့် အဲ့လိုမလုပ်ခင် ကျွန်မတို့တွေ ရှင့်ကို ဆေးကုဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို လူခွဲပြီး ရှာဖွေထားရမယ်။”
“ဒီမှာ ရေးထားတဲ့ ပါဝင်ပစ္စည်း နှစ်မျိုးကလွဲရင် ကျန်တာတွေက ရှာရမခက်ဘူး” ကျီကျောက်က စာရွက်အောက်ခြေတွင် ရေးသားထားသည့် ဆေးအမယ် နှစ်မျိုးကို ညွှန်ပြပြီး စိုးရိမ်တကြီး ခေါင်းကုတ်လိုက်သည်၊ “နှင်းမြက်နဲ့ နဂါးအရိုးဆိုတဲ့ ဆေးအမယ်တွေက ဘာတွေလဲဟင်။”
သူမသည် ထိုဆေးအမယ်များကို တစ်ခါမှပင် မကြားဖူးပေ။
“အာ့ထောင် စိတ်မပူနဲ့” ရှန်းယောင်က သူမလက်ကို အမြန်ဆွဲကာ သူမကို ညင်သာစွာ နှစ်သိမ့်ပေးသည်။
“ဟင့်အင်း ကျွန်မတို့ ထပ်အချိန်မဖြုန်းနိုင်တော့ဘူး” ကျီကျောက်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ကာ ကျောက်လန်ဟွာအား ရှန်းယောင်ကို အခြားပါဝင်ပစ္စည်းတွေ ပြင်ဆင်ဖို့ ခေါ်သွားခိုင်းခဲ့သည်။ သူမကတော့ မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး နှင်းပွင့်အစာသွပ်မုန့် တစ်ပန်းကန်ကို ပြင်ဆင်ပြီးတော့ နတ်ဆေးသမားတော် ရှန်းဟယ်၏ အခန်းတံခါးကို သွားခေါက်ခဲ့သည်။
“လူကြီးမင်း ကျွန်မ နှင်းပွင့်အစာသွပ်မုန့်ကို အထူးပြင်ဆင်လာခဲ့တယ်။ အရမ်းအရသာရှိတယ်။ လူကြီးမင်း မြည်းကြည့်ချင်လား။”
“အထဲကို ယူလာခဲ့” ဆေးစာရေးနေသော နတ်ဆေးသမားတော် ရှန်းဟယ်က ပြန်ဖြေလာခဲ့သည်။
နှင်းပွင့်အစာသွပ်မုန့်၏ ထူးကဲသော အရသာကို မြည်းစမ်းကြည့်ပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်က “မင်းမှာ ဘာအခက်အခဲရှိလို့လဲ” ဟု တည့်တည့်မေးလိုက်သည်။
“လူကြီးမင်း ဒီနဂါးအရိုးနဲ့ နှင်းမြက်က ဘာတွေလဲဆိုတာ ပြောပြပေးနိုင်မလား” ကျီကျောက်က ရိုးသားစွာ မေးမြန်းလိုက်သည်၊ “ပြီးတော့ အဲဒီဆေးအမယ်နှစ်မျိုးကို ဘယ်နေရာမှာ သွားရှာရမလဲ။”