ရှန်းယောင်က အရေးကြီးဆုံးပဲ
Vol. 11 Ch. 189
“ဒီနဂါးအရိုးက သာမန်ဆေးဖက်ဝင်ပစ္စည်းပဲ။ ဆေးဆိုင်တိုင်းမှာ ဒီဆေးဖက်ဝင်ပစ္စည်းတွေ ရှိလိမ့်မယ်” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့လက်ထဲမှ ဘေးချကာ အလေးအနက် ရှင်းပြပေးသည်၊ “နဂါးအရိုးနဲ့ယှဉ်ရင် နှင်းမြက်ကိုရဖို့ ပိုခက်လိမ့်မယ်။”
“နှင်းမြက်တွေကို နွေရာသီနဲ့ ဆောင်းဦးရာသီတို့မှာ ရိတ်သိမ်းရရှိလေ့ရှိတယ်။ အခုက ဆောင်းရာသီဆိုတော့ ဒီအနီးအနားမှာ နှင်းမြက်တွေ ရှိနိုင်မလားတော့ ငါမသိဘူး။”
“လူကြီးမင်း နှင်းမြက်ရဲ့ ပုံသဏ္ဍာန်ကို ရေးဆွဲပေးနိုင်မလား။ ဒါက ရှာရပိုလွယ်စေလိမ့်မယ်။”
“ဒါပေါ့။”
နှင်းမြက်ကိုရေးဆွဲထားတဲ့ပုံကို ရရှိပြီးနောက် ကျီကျောက်၏ ယုံကြည်မှုတွေက နှစ်ဆ တိုးလာခဲ့သည်။
သူမ ဒီဆေးဖက်ဝင်အပင်ကိုရှာဖို့ အပြင်ထွက်ခါနီးမှာ ရှန်းယောင်တို့သားအမိက ခရိုင်မြို့ကို ထွက်သွားခဲ့သည်။ နာရီဝက်အတွင်းမှာပဲ သားအမိနှစ်ယောက်လုံးက သူတို့လိုအပ်သမျှကို ရှာဖွေနိုင်ခဲ့သည်။
ကျီကျောက်သည် မြေကမ္ဘာဘုရားရှေ့မှောက်တွင် ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်ကန်တော့ပြီး ဆုတောင်းခဲ့သည်၊ “မြေကမ္ဘာဘုရား၊ ကျေးဇူးပြုပြီး တပည့်တော်မကို နှင်းမြက်ရှာတွေ့ဖို့ ကောင်းချီးပေးပါဦး။”
ညနေ ၃ နာရီလောက်တွင် ကျီကျောက်သည် ဝါးခြင်းတောင်းကို ထမ်းပိုးပြီး ရှန်းမိသားစုအိမ်ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
လမ်းပေါ်မှာ နှင်းတွေက နည်းနည်းထူပြီး သူတို့ ခြေလှမ်းချလိုက်သည့်အခါမှာ အခန့်မသင့်ရင် ချော်လဲကျသွားမိမှာ အမှန်ပါပဲ။
ကံကောင်းထောက်မစွာဖြင့် ကျီကျောက်က ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူမသည် သိုးမွှေးဖိနပ်တစ်ရံကို ဝတ်ဆင်ထားသောကြောင့် ရေခဲပြင်တစ်လျှောက် ချောမွေ့စွာ သွားလာနိုင်ခဲ့သည်။
ဒီရက်ပိုင်း ရာသီဥတု ဆိုးရွားနေတာကြောင့် ရှန်းတာ့ရှန်သည် မြေကမ္ဘာဘုရားကျောင်းကို ပြုပြင်နေခြင်းအား သုံးရက်တာ ရပ်တန့်ဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။
ထို့ကြောင့် ကျီကျောက်တစ်ယောက် မြေကမ္ဘာဘုရားကျောင်းကိုဖြတ်သွားသည့်အခါ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ပေ။
သို့ပေမယ့် တောင်ပေါ်ကို လမ်းတစ်ဝက်မျှ ရောက်ရှိချိန်တွင် ထူးဆန်းတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။
ကျီကျောက်သည် သူမ၏ အသက်ရှုသံကို မသိစိတ်က ထိန်းချုပ်လိုက်မိပြီး နှင်းပေါ်တွင် ဖြည်းညှင်းစွာ လှဲလျောင်းကာ သိပ်မနီးမဝေးမှ မြေကမ္ဘာဘုရားကျောင်းဆီ စူးစိုက်ကြည့်လိုက်သည်။
ထိုအချိန်ထိတိုင်အောင်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ကျီကျောက် ကြားနိုင်တဲ့ တစ်ခုတည်းသော အသံကတော့ သူမ၏ နှလုံးခုန်သံပါပဲ။
ကောင်းကင်ကို ဖြတ်သွားလုနီးပါး စူးရှကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရပြီး ကျီကျောက်သည် ထိုအသံနောက်သို့လိုက်ပါပြီး ဖြည်းညှင်းသော ခြေလှမ်းများနှင့်အတူ မြေကမ္ဘာဘုရားကျောင်းဆီသို့ ဦးတည်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှန်းဟယ်ကျေးရွာမှ အခြားရွာသားများသည်လည်း အဆိုပါ စူးရှပြီး ထူးဆန်းသောအသံကို ကြားလိုက်ရပြီး အသံကြားရာ မြေကမ္ဘာဘုရားကျောင်းအနီးသို့ အပြေးအလွှား ရောက်လာကြသည်။
“ဟိုမှာ… ဟိုမှာ သရဲရှိတယ်” ဝတုတ်တုတ်အမျိုးသမီးတစ်ဦးသည် သူမ၏ ဦးခေါင်းကို လက်တွေဖြင့် ဆွဲဆုပ်ကိုင်ပြီး အခြေအနေကို စောင့်ကြည့်လေ့လာနေသော ရွာသားများထံ ပျံသန်းလုမတတ် ပြန်ပြေးလာခဲ့သည်။
“သရဲ… အဲဒီမှာ တကယ်ပဲ သရဲတစ်ကောင်ရှိနေတယ်။”
ကျီကျောက်သည် ရှေ့သို့ လျှောက်လာပြီး အဆိုပါ ဝတုတ်တုတ်အမျိုးသမီးကို သူမ မှတ်မိပေသည်။
“ရှင်က ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။”
ထိုဖက်တီးမသည် တကယ်တော့ အဘွားရှဲ့၏ နောက်အိမ်ထောင် လူအိုကြီးဖမ်း၏ ချွေးမ ဖြစ်လေ၏။
“သရဲ… အဲဒီမှာ တကယ်ပဲ သရဲတစ်ကောင်ရှိတယ်…” ဖက်တီးမသည် အလွန်ထိတ်လန့်နေသည်မှာ သိသာထင်ရှားသည်။ နောက်တော့ သူမသည် သူမ၏ မျက်လုံးတွေ ပိတ်ကျသွားပြီး မေ့လဲကျသွားခဲ့သည်။
“သမားတော်ကို လူတစ်ယောက် မြန်မြန်သွားပင့်ချေ၊ နောက်တစ်ယောက်ကတော့ ကျွန်မတို့ရွာသူကြီးနဲ့ ရှီလျို့ရွာသူကြီးတို့ကို သွားခေါ်ချေ” ကျီကျောက်က အလျင်စလို အော်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဂနာမငြိမ်ဖြစ်နေသော လူအုပ်ကြီးသည် စိတ်အေးသွားခဲ့သည်။
ကျီကျောက်သည် ခဏလောက်စဉ်းစားပြီး လှည့်ထွက်လာခဲ့သည်။
အခု ကျီကျောက်အတွက် ကြင်နာမှုပြသဖို့ အချိန်ကောင်းမဟုတ်ပေ။ သူမသည် နှင်းမြက်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရပေမည်။ မဟုတ်ရင် ရှန်းယောင်ရဲ့ ခြေထောက်တွေက တစ်ခုခု ဖြစ်သွားနိုင်သည်။
ကျီကျောက်အတွက် ရှန်းယောင်ကသာ ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။
နောက်ဘက်တောင်ပေါ်၌ နာရီဝက်ကြာရှာဖွေပြီးနောက် ကျီကျောက်သည် နောက်ဆုံးတော့ နှင်းမြက်ကို ရှာတွေ့သွားခဲ့သည်။
သို့သော် သူမသည် တောင်ပေါ်မှ ရွှင်မြူးတက်ကြွသော ခြေလှမ်းများဖြင့် ဆင်းခါနီးတွင် တစ်ရွာလုံး၏ အငွေ့အသက်သည် အလွန်ထူးဆန်းလာခဲ့သည်။
“ကျွန်မတို့ မြေကမ္ဘာဘုရားကျောင်း ပြန်လည်ပြုပြင်နေတာကို တကယ်ပဲ ရပ်တန့်လိုက်တော့မှာလား” ရှန်းမိသားစုအိမ်ခြံဝင်းတွင် ကျောက်လန်ဟွာသည် ရှန်းတာ့ရှန်၏ လက်မောင်းကို အလျင်စလို လှမ်းဆွဲပြီး စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။
“ရှီလျို့ရွာက လူအိုကြီးဖမ်းရဲ့ ချွေးမက ငါတို့ရွာဘုရားကျောင်းကနေ သရဲခြောက်ခံလိုက်ရတယ်ဆိုတဲ့အကြောင်းကို တစ်ယောက်ယောက်ကနေ အပြင်မှာ ရည်ရွယ်ချက်ရှိရှိ လိုက်ဖြန့်ထားတာဆိုတော့ ဘုရားကျောင်းကို ပြန်လည်ပြုပြင်ဖို့ ရပ်တန့်လိုက်ရမယ့်ပုံပဲ။”
“သရဲခြောက်ခံရတာလား” ကျောက်လန်ဟွာက ဒေါသတကြီး တံတွေးထွေးလိုက်သည်၊ “လူအိုကြီးဖမ်းရဲ့ ချွေးမ စိတ်ထဲမှာ ဘာတွေရှိနေတာလဲ။ အဲဒီမြေကမ္ဘာဘုရားကျောင်းမှာ မြေကမ္ဘာဘုရားရှိတယ်။ သာမန် နတ်ဆိုးတွေနဲ့ သရဲတစ္ဆေတွေက ဘယ်လိုလုပ်ပြီး ချဉ်းကပ်ဝံ့မှာလဲ။”
“ပြီးတော့ သူမက မြေကမ္ဘာဘုရားကျောင်းထဲမှာ မဟုတ်မမှန်စကားတွေ ပြောဝံ့တယ်။ သူမ လျှာဖြတ်ခံရမှာကို မစိုးရိမ်ဘူးလား။”
“ဒါပေမယ့် ကျွန်မ နားမလည်ဘူး။ ကျွန်မတို့က သူ့ရဲ့ အဓိပ္ပါယ်မရှိပြောစကားတွေကို ဘာဖြစ်လို့ ယုံရမှာလဲ” ကျောက်လန်ဟွာက ထိုအကြောင်းကို တွေးလေလေ သူမ ဒေါသပိုထွက်လာလေလေ ဖြစ်လာခဲ့သည်၊ “ဟင့်အင်း၊ ကျွန်မ ဦးလေးဟူကျစ်ကို သွားရှာမယ်။ မြေကမ္ဘာဘုရားကျောင်းပြန်လည်ပြုပြင်နေတာကို ဘာဖြစ်လို့ ရပ်တန့်သင့်တာလဲဆိုတာ ကျွန်မ သူ့ကို မေးရမယ်။”
“လန်ဟွာ ဒေါသကိုရှေ့မထားစမ်းပါနဲ့။ ကိုယ်ပြောတဲ့စကားကို အရင်ဆုံး ဆုံးအောင် နားထောင်ပေးပါဦးလား” ရှန်းတာရှန်က သူမ၏ လက်မောင်းကို စိုးရိမ်တကြီး လှမ်းဆွဲလိုက်သည်၊ “လူအိုကြီးဖမ်းရဲ့ ချွေးမက တမင်သက်သက် ပြဿနာရှာနေတာ သိသာတယ်။ ဦးလေးဟူကျစ်က ဒါကို မမြင်ဘဲ ဘယ်နေပါ့မလဲ။ နှစ်သစ်ကူးလည်း ရောက်တော့မယ်။ တကယ်လို့ သူမက ပြဿနာ အကြီးကြီး ထရှာလိုက်မယ်ဆိုရင် ရှန်းဟယ်ရွာသားတွေက နှစ်သစ်ကူးကို စိတ်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါ့မလား။”
“မြေကမ္ဘာဘုရားကျောင်းကို ပြန်လည်ပြုပြင်တာက အာ့ထောင်ရဲ့ လတ်တလော ဆန္ဒပဲ။ ဒါ့အပြင် ပိုက်ဆံတွေကိုလည်း သုံးထားပြီးပြီ။ ကျွန်မတို့က ဘာဖြစ်လို့ ရပ်တန့်လိုက်ရမှာလဲ။ လူအိုကြီးဖမ်းရဲ့ ချွေးမ ပါးစပ်က ပေါက်တတ်ကရပြောတတ်တာကြောင့် ကျွန်မတို့က အရှုံးပေးလိုက်ရမှာလား။ ဟင့်အင်း ကျွန်မ ဒီအဖြစ်မျိုးကို လုံးဝ လက်သင့်မခံနိုင်ဘူး။”
“အဖေ အမေ” ကျီကျောက်သည် ဧည့်ခန်းထဲသို့ အမြန်လျှောက်ဝင်လာပြီး သူမ၏ ကျောပေါ်မှ ခြင်းတောင်းကို အောက်ချလိုက်သည်။ ထို့နောက် သူမသည် ရှန်းတာ့ရှန်ကို ကြည့်ပြီး သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်၊ “အဖေ အဲဒီဖက်တီးမက မြေကမ္ဘာဘုရားကျောင်းထဲမှာ သရဲမြင်ခဲ့ရတယ်လို့ ဘာဖြစ်လို ပြောတာလဲ။”
“အဲဒါကို သူမမျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာလား။”
“အာ့ထောင် အဲဒီအမျိုးသမီးဖမ်းဝူက တစ္ဆေဖမ်းစားတာ ခံနေရတယ်လို့ ရှီလျို့ရွာကနေ သတင်းကြားခဲ့တယ်။ သူမက ရုတ်တရက် အပြင်းဖျားပြီး အကြောဆွဲနေတာ မရပ်တော့ဘူးတဲ့” ကျောက်လန်ဟွာက အမြန်ရှင်းပြသည်၊ “အဲဒီအမျိုးသမီးဖမ်းဝူက ဒီနေ့ မြေကမ္ဘာဘုရားကျောင်းမှာ လူမရှိတာကို အခွင့်ကောင်းယူ ခိုးဝင်ပြီး သရဲမြင်ခဲ့ရတယ်လို့ ပြောခဲ့တယ်။ သူမက အဲ့လို အဓိပ္ပါယ်မရှိတဲ့စကားမျိုး ပြောလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။”
လောလောဆယ်မှာ အမျိုးသမီးဖမ်းဝူက လိမ်ပြောသလားဆိုတာကို ဘယ်သူမှ မပြောနိုင်ပါဘူး။
“တကယ်လို့ သူမက သရဲမမြင်ခဲ့ကြောင်း သမီးတို့က သက်သေပြနိုင်ခဲ့မယ်ဆိုရင် ကောလဟာလတွေက သူ့အလိုလို ပျောက်သွားလိမ့်မယ် မဟုတ်လား” ကျီကျောက်သည် ခဏလောက် လေးလေးနက်နက် တွေးပြီး နောက်ဆုံးမှာတော့ ကျောက်လန်ဟွာ၏ နားအနားသို့ကပ်ပြီး စကားလုံး အနည်းငယ်ခန့်ကို တိုးတိုးလေး ပြောလိုက်သည်။
“အံ့ဖွယ်ပဲ” ကျောက်လန်ဟွာက ကျီကျောက်ကို လက်မထောင်ပြဖို့ မစောင့်နိုင်တော့ဘူး။ “အာ့ထောင် နင်က တကယ့်အံ့ဖွယ်ပဲ။ ဒီနည်းလမ်းနဲ့ဆို ငါတို့ အမျိုးသမီးဖမ်းဝူရဲ့ အလိမ်အညာကို သေချာပေါက် ဖော်ထုတ်နိုင်လိမ့်မယ်။”
“အမေ သမီး နှင်းမြက်ရှာတွေ့ခဲ့တယ်။ ရှန်းယောင် ဘယ်မှာလဲ။”
“သူ နတ်ဆေးသမားတော် ရှန်းဟယ်ကို သွားရှာတယ်” ကျောက်လန်ဟွာက အပြုံးတစ်ပွင့်ဖြင့် ရှင်းပြလိုက်သည်။ နောက်တော့ ကျောက်လန်ဟွာက သူမ၏ လက်ထဲမှ အပူပေးပစ္စည်းလေးကို ကျီကျောက်၏ လက်ထဲ ထည့်ပေးလိုက်ကာ အအေးဒဏ်ကို လျော့ပေးစေလိုက်သည်၊ “အာ့ထောင် နင့်လက်ကို အရင်နွေးအောင် လုပ်လိုက်ဦး။”
“ကျေးဇူးပါ အမေ”
“အမေကသာ သမီးကို ကျေးဇူးတင်သင့်တဲ့သူပါ” ကျောက်လန်ဟွာ ကျေးဇူးတင်စွာ ပြောလိုက်သည်၊ “တကယ်တော့ အခုတလော ရှန်းလန်ရဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုမျိုးကို အမေ သတိပြုမိတယ်။ သူ အရင်ကလောက် မအေးစက်တော့ဘူး။”
ကျောက်လန်ဟွာက သူမ၏ တတိယသားဖြစ်သူရဲ့ နွေးထွေးလာမှုကို ခံစားမိသောကြောင့် ကျီကျောက်ကို စိတ်ပါလက်ပါ ကျေဇူးတင်မိနေသည်၊ “အာ့ထောင် အမေလေ နင်က စန်းလန်ရဲ့ ဇနီး ဖြစ်လာတာကို တကယ်ဝမ်းသာမိတယ်။ ငါတို့မိသားစုက ဒီလိုချွေးမကောင်းမျိုးကို ရရှိခဲ့တဲ့အတွက် ပိုလို့တောင် ဂုဏ်ယူမိတယ်။”
“အမေ၊ အမေကတော့ သမီးကို မြှောက်ပင့်နေပါပြီ” ကျီကျောက်က သူမ၏ လက်ကို အသာယမ်းပြီး ပြောလာခဲ့သည်။
တစ်ဖက်တွင်။
နတ်ဆေးသမားတော် ရှန်းဟယ်သည် ရှန်းယောင်၏ ဘောင်းဘီရှည်ကို ဂရုတစိုက် ချိန်ညှိပြီး နောက်ဆုံးတွင် ကတ်ကြေး တစ်လက်ကို ကမ်းပေးလိုက်သည်။
“မင်းကိုယ်တိုင် ဖြတ်မှာလား၊ ဒါမှမဟုတ် ငါ မင်းအတွက် ဖြတ်ပေးရမလား။”
“ဘယ်ကိုဖြတ်မှာလဲ” ထိုအခိုက်အတန့်တွင် ရှန်းယောင်တစ်ယောက် အေးခဲသွားသလို ခံစားလိုက်ရသည်။
နောက်တော့ နတ်ဆေးသမားတော် ရှန်းဟယ်က မြေကြီးပေါ် ငုတ်တုတ်ထိုင်ပြီး သူ့ဘောင်းဘီကို ကတ်ကြေးဖြင့် ဖြတ်တောက်ပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။