ဆောင်းမှာ မုန်လာဥ၊ နွေမှာ ဂျင်း
Vol. 11 Ch. 191
ကျီကျောက်သည် နတ်ဆေးသမားတော် ရှန်းဟယ်၏ ညွှန်ကြားချက်အားလုံးကို ဂရုတစိုက် မှတ်သားထားပြီး နောက်ဆုံးတွင် အရမ်းကျေးဇူးတင်ကြောင်းကို စိတ်ပါလက်ပါ ပြောခဲ့သည်။
“ငါက သိုးသားကြိုက်တယ်။ ဒီည သိုးသားဟင်းလေး ချက်ပါလား” နတ်ဆေးသမားတော် ရှန်းဟယ်က လေလေး တချွန်ချွန်ဖြင့် ပျော်ရွှင်စွာ ထွက်သွားသည်။
ကျီကျောက်သည် ရှန်းယောင်ကို ဖေးမပေးပြီး ကုတင်ပေါ်တွင် လှဲလျောင်းနိုင်စေရန် ကူညီပေးလိုက်သည်။
သို့ရာတွင် ကျီကျောက်သည် သူမ၏ လက်ကိုပြန်ဆွဲထုတ်ဖို့ကြိုးစားတဲ့အခါ ရှန်းယောင်က သူမလက်ကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားလိုက်သည်။
“ဘာ… ဘာဖြစ်လို့လဲ” သူတို့ကြားမှ အကွာအဝေးက ပိုနီးကပ်လာခဲ့သည်။
ကျီကျောက်သည် အကြောင်းပြချက်မရှိ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“အာ့ထောင်” ရှန်းယောင်၏ အသံသည် တိုးသဲ့ပြီး သံလိုက်လို ဆွဲဆောင်အားကောင်းသည်။
ကျီကျောက်သည် သူမ၏ နားရွက်များ အနည်းငယ် ယားယံသွားသလို ခံစားလိုက်ရသည်။
“ကျေးဇူးပါ” ရှန်းယောင်က သူမ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ကာ သူ၏ သိမ်မွေ့ညင်သာသောအသံထဲတွင် ကျေးဇူးတင်လိုမှုများ ဖြည့်စွက်နေသည်၊ “တကယ်လို့ မင်းသာ ကိုယ့်ကို အားပေးနိုင်ဖို့ လူကြီးမင်းကွမ်းရဲ့ ဇာတ်လမ်းကို မပြောပြခဲ့ဘူးဆိုရင် ကိုယ် သေချာပေါက် ဒီဝေဒနာကို သည်းခံနိုင်ခဲ့မှာ မဟုတ်ဘူး။”
“ရှင် အရမ်းနာတယ်မလား” ကျီကျောက်သည် သူ့လက်ကို ရင်နာစွာ ဆုပ်ကိုင်ပြီး တိုးတိုးလေး မေးလိုက်သည်၊ “အခုနတုန်းက လူကြီးမင်း ရှင့်ဒဏ်ရာကိုကုသနေတုန်းက ကျွန်မ တစ်ချက်လေးတောင် မကြည့်ရဲဘူး”
“အာ့ထောင် မင်း ကိုယ်နဲ့အတူရှိနေပေးတာဆိုတော့ ကိုယ် မနာပါဘူး” ရှန်းယောင်က သူမနဖူးပေါ် ဝဲကျနေသည့် ဆံပင်လေးများကို သပ်တင်ပေးရင်း သူ့အသံက ပိုလို့တောင် ညင်သာသိမ်မွေ့လာခဲ့သည်။
“အာ့ထောင် ကိုယ့်မှာ မင်းရှိတာ အရမ်းကောင်းတာပဲ။”
“ဒါပေါ့၊ ကျွန်မက အရမ်းကောင်းတယ်လေ” ကျီကျောက်က ဂုဏ်ယူဝံ့ကြွားစွာ မျက်ခုံးပင့်ပြီး စိတ်အေးသွားသလို ဟန်ဆောင်လိုက်သည်။
၁၅ မိနစ်လောက်ကြာတော့ ရှန်းယောင်သည် ဆေးသောက်ပြီးနောက် မြန်မြန်အိပ်ပျော်သွားခဲ့သည်။
ကျီကျောက်သည် သူ့ကို စောင်သေချာခြုံပေးပြီးနောက် အပြင်ထွက်လာခဲ့သည်။
ဒေါက် ဒေါက်…
“ဝင်ခဲ့ပါ” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့လက်ထဲမှ စာရေးစုတ်တံကို အောက်ချလိုက်သည်။ သူ ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်တဲ့အချိန်မှာ ကျီကျောက်၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရသည်။
“ဘာဖြစ်လို့လဲ။”
“လူကြီးမင်း ကျွန်မရဲ့ မေးခွန်းကို အမှန်အတိုင်း ဖြေပေးနိုင်မလား” ကျီကျောက်က ခဏလောက် စဉ်းစားပြီး လေးလေးနက်နက် မေးမြန်းလိုက်သည်၊ “ရှန်းယောင်ရဲ့ ခြေထောက်တွေက လုံးဝ ပျောက်ကင်းသက်သာနိုင်ပါ့မလား။”
“ကောင်မလေး နင် ငါ့ဆေးပညာအရည်အချင်းကို မယုံကြည်ဘူးဆိုရင် ငါ့နေရာကို စုံစမ်းဖို့ ဘာဖြစ်လို့ ဟိုဟိုဒီဒီ အကူအညီတောင်းနေတာလဲ” နတ်ဆေးသမားတော် ရှန်းဟယ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“လူကြီးမင်း အထင်လွဲနေပါပြီ” ကျီကျောက်က လေးလေးနက်နက် ရှင်းပြလိုက်သည်၊ “ကျွန်မက လူကြီးမင်းရဲ့ ဆေးပညာအရည်အချင်းကို မယုံကြည်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှန်းယောင်ရဲ့ ခြေထောက်ဒဏ်ရာက အရမ်းဆိုးတယ်လို့ ပြောခဲ့တယ်မလား။ ရှန်းယောင်က သူ့တစ်ဘဝလုံး ခြေကျိုးအဖြစ်နဲ့ နေထိုင်သွားရလိမ့်မယ်လို့ လူတွေက ပြောခဲ့ကြတယ်။”
“တကယ်တော့ ကျွန်မ လူကြီးမင်းရဲ့ အကြောင်းကို အရင်က ကြားဖူးတယ်။ လူကြီးမင်းက လွတ်လွတ်လပ်လပ် သွားလာနေရတာကို ကြိုက်တဲ့လူတစ်ယောက်မလား။ နောင်မှာ လူကြီးမင်း တင်းယွမ်ခရိုင်မှာ အခြေကျနေထိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။”
“အဲ့တော့ ဘာဖြစ်လဲ။”
“လူကြီးမင်း တကယ်တော့ ကျွန်မက လူကြီးမင်းကို ဆရာအဖြစ် အသိအမှတ်ပြုချင်ပါတယ်” ကျီကျောက်က သူမ၏ သတ္တိတွေကို စုစည်းပြီး ရိုးသားစွာ ပြောခဲ့သည်၊ “ကျွန်မ ဆေးပညာ သင်ယူချင်ပါတယ်။”
“နင် ဒီလောက် အများကြီး လှည့်ပတ်ပြောနေတာက ငါ့ဆီက ဆေးပညာသင်ယူပြီးတော့ ငါ့တပည့် ဖြစ်လာချင်လို့လား” နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီကျောက်က ထိုသို့ ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“လူကြီးမင်း ကျွန်မ လူကြီးမင်းရဲ့ တပည့် တကယ်ဖြစ်ချင်ပါတယ်” ကျီကျောက်သည် တခဏတာမျှ တွေးတောပြီးနောက် ဆက်ပြောလာခဲ့သည်၊ “ရုတ်တရက် ဒီလိုပြောလာတာက နည်းနည်း အလောတကြီးနိုင်သွားမှန်း ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မ ဆေးပညာကို တကယ် သင်ယူချင်ပါတယ်။ ကျေးဇူးပြုပြီး သဘောတူပေးပါ။”
“ကောင်မလေး နင် ငါ့မေးခွန်းတစ်ခုကို အရင်ဖြေပေးပါဦး” နတ်ဆေးသမားတော် ရှန်းဟယ်က သူမ၏ မျက်ဝန်းထဲ စိုက်ကြည့်ပြီး သူ့အကြည့်တွေက တည်ကြည်နေသည်၊ “ဆေးပညာကို သင်ယူတာ အခုညတွင်းချင်း သင်လို့တတ်လို့ရတဲ့အရာ မဟုတ်ဘူး။ ပိုအရေးကြီးတာက နင် ဘာဖြစ်လို့ ဆေးပညာကို သင်ယူချင်တာလဲ။”
“ရှန်းယောင်အတွက်ပါ” ကျီကျောက်က သူမ၏ လည်ပင်းလေးကို အပြစ်ရှိစွာ ပုထားလိုက်သည်၊ “ကျွန်မ သူ့ကို စိတ်ပူလို့ပါ။”
“အိုး…” နတ်ဆေးသမားတော် ရှန်းဟယ်က ပြုံးပြီး မျက်ခုံးပင့်လိုက်သည်၊ “ဒါဆို နင်က ငါ့ဆေးပညာအရည်အချင်းကို အခုထိ မယုံကြည်သေးဘူးပေါ့လေ။”
“အဲ့လို မဟုတ်ပါဘူး” ကျီကျောက်က စိုးရိမ်တကြီး ရှင်းပြခဲ့သည်၊ “လူကြီးမင်းရဲ့ ဆေးပညာ အရည်အချင်းက နာမည်ကြီးတာပဲ၊ ကျွန်မ ဘယ်လိုလုပ်ပြီး မယုံကြည်ဘဲနေပါ့မလဲ။ ကျွန်မက ရှန်းယောင်အတွက် စိတ်ပူနေရုံပါပဲ။ အဲဒီတုန်းက သူက ပညာရှင်ဖြစ်ဖို့ စာမေးပွဲကို အောင်မြင်ခဲ့တယ်၊ ဒါပေမယ့် သူက မကောင်းတဲ့ စိတ်အကြံရှိတဲ့သူတွေရဲ့ ဆိုးရွားတဲ့ လှုပ်ရှားမှုတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ နောင်မှာ သူ အရာရှိလောကထဲ ထပ်မံဝင်ရောက်ခဲ့မယ်ဆိုရင် နောက်ထပ် စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရမှာကို ကျွန်မ ကြောက်မိတယ်။”
“နှစ်တိုင်း တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ထောင်ချီရှိတယ်။ လွှတ်တော်မှာ ရပ်တည်နိုင်တဲ့လူက အယောက် ၃၀ ထက် နည်းတယ်။ နင် နင့်ယောကျာ်းအပေါ် အရမ်းယုံကြည်မှုရှိနေတာလား” နတ်ဆေးသမားတော် ရှန်းဟယ်က မကျီစယ်ဘဲ မနေနိုင်ပေ။ “နင့်ယောကျာ်းက ဒီလမ်းကို ရွေးချယ်လိုက်တာနဲ့ သူက သေချာပေါက် ရွှေစာရင်းဝင်လိမ့်မယ်လို့ နင်ယုံကြည်လား။”
“ဟုတ်ကဲ့” ကျီကျောက်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
“နင် နင့်ယောကျာ်းအပေါ် အရမ်းကို ယုံကြည်မှုပြင်းပြပုံပဲ” နတ်ဆေးသမားတော် ရှန်းဟယ်က မရယ်ဘဲ မနေနိုင်ပေ။ ထို့နောက် သူက ခေါင်းခါလိုက်သည်၊ “ငါ တပည့်လက်ခံဖို့ ရည်ရွယ်ချက် မရှိဘူး။”
တစ်နည်းဆိုရသော် သူက သူမကို ငြင်းပယ်ခဲ့သည်။
“လူကြီးမင်း ကျွန်မကို အခွင့်အရေးပေးလို့ရမလား” ကျီကျောက်က ထပ်ပြီး တောင်းဆိုခဲ့သည်။
“သမားတော်တစ်ယောက်မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိရမယ်၊ ဆေးပညာကို လေ့လာတဲ့သူတွေက သနားကြင်နာတတ်တဲ့ နှလုံးသားရှိသင့်ပြီး သူ့စိတ်တစ်ခုလုံးကို ဆေးပညာမှာဘဲ နစ်မြှုပ်ထားသင့်တယ်” နတ်ဆေးသမားတော် ရှန်းဟယ်က သူမကိုကြည့်ပြီး ရိုးစင်းစွာ ပြောလာခဲ့သည်၊ “နင်က ရှန်းယောင်အတွက်ပဲ ဆေးပညာကို သင်ယူချင်နေတာ၊ ဒါက နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ရာကျတယ်။”
“လူကြီးမင်း ကျွန်မက ရှင့်နဲ့ သဘောထားချင်း မတူတဲ့အတွက် ခွင့်လွှတ်ပါ” ကျီကျောက်က သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်၊ “သမားတော်တွေမှာ ကြင်နာတတ်တဲ့ စိတ်နှလုံးရှိရမယ်မှန်း ကျွန်မ သိပါတယ်၊ ဒါပေမယ့် လူကြီးမင်း ဒီကမ္ဘာပေါ်က သမားတော်တိုင်းရဲ့ မူလရည်ရွယ်ချက်က ကမ္ဘာကြီးကို ကူညီဖို့ပဲလို့ ထင်နေတာလား။ ကျွန်မ အရမ်းသဘောကျတဲ့ စကားတစ်ခွန်းကို ပြန်လည်ဝေမျှပါရစေ။ ကိုယ့်အိမ်ကိုတောင် လှည်းကျင်းမသုတ်သင်နိုင်တဲ့သူက ကမ္ဘာကြီးကို လှည်းကျင်းသုတ်သင်နိုင်ပါ့မလား။ ကျွန်မ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို ကျွန်မ ဝန်ခံပါတယ်၊ ဒါပေမယ့် ကျွန်မရဲ့ အနီးအနားက လူတွေကိုတောင် မကာကွယ်ပေးနိုင်ဘူးဆိုမှတော့ တခြားသူတွေကို ကူညီနိုင်စွမ်းရှိပါဦးမလား။”
နတ်ဆေးသမားတော် ရှန်းဟယ်က ကျီကျောက်က ဒီလိုစကားမျိုးပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကိုကြားရတာ အနည်းငယ် တစ်ကိုယ်ကောင်းဆန်သလိုထင်ရပေမယ့် သေချာစဉ်းစားပြီးနောက် ဒါက အဓိပ္ပါယ်ရှိတယ်လို့ သူပြောနိုင်ပေသည်။
“လူကြီးမင်း အချိန်လည်း မစောတော့ဘူး။ ကျွန်မ သိုးသားဟော့ပေါ့ကို အရင်ပြင်ထားနှင့်ပါ့မယ်” ကျီကျောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူမ မထွက်သွားခင် နောက်ပြန်လှည့်ကြည့်ပြီး ပြောခဲ့ဖို့ကိုလည်း မမေ့ခဲ့ဘူး။ “ကျွန်မက လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့သူမျိုး မဟုတ်ဘူး။ အနှေးနဲ့ အမြန်ဆိုသလို လူကြီးမင်းက ကျွန်မကို တပည့်အဖြစ် လက်ခံပေးလိမ့်မယ်လို့ ကျွန်မထင်တယ်။”
ညနေ ၆ နာရီအချိန်လောက်မှာ ရှန်းဟယ်တစ်ရွာလုံးကို နှင်းတွေကျဆင်းလာပြန်သည်။
နှင်းတွေ ထူထပ်စွာကျလာပြီး မကြာခင်မှာပင် တစ်ရွာလုံးကို အဖြူရောင်ပင်လင်ကြီးအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။
မီးဖိုချောင်ထဲမှာ ကျီကျောက်က မုန်လာဥကို လှီးဖြတ်နေသည်။
“ဆောင်းမှာ မုန်လာဥ၊ နွေမှာ ဂျင်းကို စားသင့်တယ်လို့ ရှေးလူကြီးတွေ ပြောကြတယ်။ ဒီည သိုးသားနဲ့ မုန်လာဥစွပ်ပြုတ် ချက်စားကြမယ်လေ” ကျီကျောက်က မုန်လာဥတွေကို လှီးဖြတ်ရင်း ပြုံးပြုံးလေး ပြောလိုက်သည်၊ “အမေ သမီးကို ကြက်သွန်မြိတ်အကြီးတွေ ရေးဆေးပေးပါဦး။”
“ကောင်းပြီ” ကျောက်လန်ဟွာက ပြုံးရွှင်နေသော မျက်နှာဖြင့် လျင်မြန်စွာ ပြန်ဖြေလိုက်သည်၊ “ဒါနဲ့ စကားမစပ်၊ အာ့ထောင် စန်းလန်က ဒီသိုးသားမုန်လာဥစွပ်ပြုတ်ကို သောက်လို့ရလား။”
“ရတယ်တဲ့၊ သမီး လူကြီးမင်းကို မေးထားတယ်။”
“ကောင်းတယ်” ကျောက်လန်ဟွာက စိတ်သက်သာရာရသွားခဲ့သည်၊ “အာ့ထောင် နတ်ဆေးသမားတော် ရှန်းဟယ်က ငါတို့ကို အများကြီး ကူညီပေးခဲ့တယ်။ ငါတို့ သူ့အတွက် လက်ဆောင်တွေ ပြင်ဆင်ပေးသင့်လား။”
“သမီးတို့ ပြင်ဆင်ပေးပြီးပြီ မဟုတ်ဘူးလား” ကျီကျောက်က ပြုံးလိုက်သည်၊ “နတ်ဆေးသမားတော် ရှန်းဟယ်က သူ သိုးသားစွပ်ပြုတ် စားချင်တယ်လို့ပြောတယ်လေ။”
“ဒါပေမယ့် ဒီလက်ဆောင်က အရမ်းနည်းရာကျသလားလို့လေ။”
“အမေ၊ အမေနဲ့ အဖေက ဒေါ်လေးကွေ့ဟွားဆီကနေ ဒီသိုးသားကိုဝယ်ဖို့ အများကြီး ကြိုးစားအားထုတ်ခဲ့တယ်လေ။ သမီးတို့ရဲ့ ကျေးဇူးတင်စိတ်တွေ စစ်မှန်နေသရွေ့ နတ်ဆေးသမားတော် ရှန်းဟယ်က ဒါကို နားလည်ပေးလိမ့်မယ်လို့ထင်ပါတယ်” ကျီကျောက်က အလေးအနက် ရှင်းပြပေးခဲ့သည်။
“ကောင်းပါပြီ” ကျောက်လန်ဟွာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို တွေးမိလိုက်ပုံရသည်၊ “ဒါနဲ့ စကားမစပ် အာ့ထောင် နင် အစောတုန်းက ပြောတဲ့ အစီအစဉ်အတွက် ကူညီပေးမယ့်လူကို နင့်အဖေ ရှာထားပြီးပြီ။ ငါတို့ ဒီည ရှီလျို့ရွာကို သွားကြမလား။”