← Chapters

အာ့ထောင်က အရမ်းချိုတယ်

Vol. 11 Ch. 192

အာ့ထောင်က အရမ်းချိုတယ်

Vol. 11 Ch. 192

“အဲ့တာကို အလျင်လိုစရာ မလိုဘူး” ကျီကျောက်က လက်ခါပြီး တိုးတိုးလေး ပြောလိုက်သည်၊ “အမေ ဒီနေ့ အပြင်မှာ နှင်းတွေ နည်းနည်းထူနေတယ်။ ဒါကြောင့် သမီးတို့ရဲ့ အစီအစဉ်ကို နောက်တစ်ရက်ကို ရွှေ့လိုက်ကြရအောင်”

“ကောင်းပြီလေ၊ အမေက နင်ပြောတာကို နားထောင်မယ်” ကျောက်လန်ဟွာက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ကျီကျောက်က ခပ်ဖျော့ဖျော့ပြုံးပြီး သိုးသားမုန်လာဥစွပ်ပြုတ် ချက်ပြုတ်ရာတွင် အာရုံစိုက်ထားလိုက်သည်။

သိုးသားက လတ်ဆတ်သော်လည်း အနံ့မပြင်းပေ၊ မုန်လာဥက မွှေးပြီး ချိုသည်။

အရသာရှိသော သိုးသားစွပ်ပြုတ်ကို ရရှိရန် ဤပါဝင်ပစ္စည်းကို ရောနှောပြီး ချက်ပြုတ်ဖို့သာ လိုအပ်သည်။

သိုးအရိုးများကို အသုံးပြု၍ သိုးသားစွပ်ပြုတ်အရည်ရအောင် ကျိုချက်ပြီးနောက် လျှို့ဝှက်ဟင်းအနှစ်ကိုထည့်လိုက်ရာ အရသာမှာ ဖော်ပြ၍ငှာ မစွမ်းသာလောက်အောင်ကို ကောင်းမွန်သွားခဲ့သည်။

“ကောင်မလေး နင့်ဟင်းချက်လက်ရာကတော့ ပြောစရာမရှိအောင်ကို ကောင်းတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က သိုးသားစွပ်ပြုတ်ကို ပန်းကန်လုံးကြီး သုံးပန်ကန်လောက် ကုန်အောင် အဆက်မပြတ် သောက်ခဲ့သည်၊ သူက ပန်းကန်လုံးနှင့် ထမင်းစားတူများကို စားပွဲပေါ်ကို ချပြီး စိတ်ကျေနပ်သော မျက်နှာထားဖြင့် စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။

“လူကြီးမင်းကတော့ မြှောက်ပင့်လွန်းရာကျနေပါပြီ” ကျီကျောက်က ကျိုးနွံသည့်အပြုံးလေးဖြင့် စကားဆိုလိုက်သည်။

ရှစ်နာရီခွဲလောက်မှာ ရှန်းယောင် နိုးလာခဲ့သည်။

ရှန်းယောင်သည် နာကျင်မှုဝေဒနာကြောင့် နိုးထလာခဲ့သည်။ အခုနတုန်းက သောက်ထားတဲ့ ဆေးအစွမ်းသည်လည်း ကုန်ဆုံးသွားခဲ့သည်။ ရှန်းယောင်သည် ငွေအပ်တွေ အများကြီးဖြင့် ထိုးဖောက်ခံလိုက်ရသကဲ့သို့ သူ့ဒူးခေါင်းဟာ အလွန်အမင်း နာကျင်နေတယ်လို့ ခံစားလိုက်ရသည်။ ဒါက နာကျင်လွန်းလို့ အသက်ရှုပင် မှားလုမတတ်ပင်။

ကျီကျောက်သည် အခန်းတံခါးကို တွန်းဖွင့်ဝင်လာပြီး နာကျင်မှုဝေဒနာကြောင့် ချွေးသီးချွေးပေါက်များ ကျဆင်းနေသော ရှန်းယောင်ကို တွေ့လိုက်ရသည်။

“ရှန်းယောင်” ကျီကျောက်သည် စိတ်အလောတကြီးဖြစ်စွာ ရှေ့သို့ အမြန်ပြေးလာပြီး သူ့ကို ကူညီဖေးမလိုက်သည်၊ “ရှန်းယောင် ရှင် အဆင်ပြေရဲ့လား။ ကျွန်မကို မခြောက်ပါနဲ့။”

“အာ့ထောင်၊ ကိုယ်…ကိုယ် အဆင်ပြေပါတယ်…” ရှန်းယောင်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး နောက်ဆုံးမှာတော့ နာကျင်မှုဝေဒနာကို ဖိနှိပ်နိုင်ခဲ့သည်၊ “ကိုယ် တကယ် အဆင်ပြေပါတယ်။”

“ရှင့်ဒဏ်ရာကို မတော်တဆ ထိမိသွားလို့လား” ကျီကျောက်က သူ့ဒဏ်ရာကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

“မထိမိဘူး” ရှန်းယောင်က အသာအယာ ခေါင်းခါပြလိုက်သည်၊ “ဆေးအာနိသင် ပြယ်သွားတာ ဖြစ်မယ်။ ဒါကြောင့် အခုလို ဒဏ်ရာကနေ အရမ်းနာကျင်သလို ခံစားရပေမယ့် အခု နည်းနည်းတော့ ပိုကောင်းလာပါပြီ။”

“တကယ်ပဲ ပိုကောင်းလာရဲ့လား” ကျီကျောက်က စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်၊ “ရှင် လူကြီးမင်းကို တစ်ချက် ကြည့်ခိုင်းစေချင်လား။”

“ကိုယ် တကယ်ပဲ ပိုသက်သာလာပါပြီ” ရှန်းယောင်က သူမ၏ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး “အာ့ထောင်၊ ကိုယ် မင်းကိုမြင်ရတဲ့အခါ နာကျင်မှုဝေဒနာကို လုံးဝ မေ့ပျောက်သွားတယ်” ဟု ရိုးရှင်းစွာ ပြောလိုက်သည်။

“ရှင်ကလေ တကယ်ကို အပြောကောင်းတာပဲ” ကျီကျောက်က သူ့ပါးပြင်ကို ဒေါသတကြီး ဖိညှစ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်၊ “ကျွန်မ ရှင့်အတွက် ဆေးကို အခုပဲ ကျိုပြီးထားပြီ။ ရှင် အခုသောက်လို့ရပြီ။”

“ကောင်းပြီ” ရှန်းယောင်က အနက်ရောင်ဆေးရည်ကို နာခံမှုရှိစွာ လှမ်းယူပြီး တစ်ကျိုက်တည်း သောက်ချလိုက်သည်။ သူက နည်းနည်းလေးတောင် မျက်မှောင်မကြုတ်သွားခဲ့ပေ။

“ခါးတယ်မလား” သူ့ရဲ့ ချောမွေ့နေသည့် လှုပ်ရှားမှုကိုမြင်တော့ ကျီကျောက်၏ နှုတ်ခမ်းပါးတွေက တွန့်သွားခဲ့သည်။ “ဒါနဲ့ စကားမစပ် ကျွန်မ ရှင့်အတွက် သကြားလုံး ယူလာဖို့ မေ့သွားတယ်။”

ကျီကျောက်သည် အလျင်စလို ထွက်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ သူမသည် ရှန်းယောင်ထံသို့ သကြားလုံးများကို ယူလာပေးခဲ့သည်၊ “လွန်ခဲ့တဲ့ရက်ပိုင်းက အစ်ကိုကြီး အိမ်ကို ပို့ပေးခဲ့တာတွေလေ။ အရမ်းချိုပြီး အရသာရှိတယ်။ ရှင် စားကြည့်ပါလား။”

“ကောင်းပြီလေ” ရှန်းယောင်က ညင်သာစွာ ပြုံးလိုက်သည်။ သူက သကြားလုံး တစ်လုံးကို ကောက်ယူပြီး သေးသေးလေး ကိုက်စားကြည့်လိုက်သည်။ နောက်တော့ သူ မျက်မှောင်ကြုတ်သွားသည်။

“ဘာဖြစ်လို့လဲ” ကျီကျောက်က သူ့ရဲ့ ထူးဆန်းသော မျက်နှာအမူအရာကိုမြင်တော့ သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်၊ “အဲ့တာက အရသာမကောင်းလို့လား ဒါမှမဟုတ် သိပ်မချိုလို့လား။”

ရှန်းယောင်က ဘာမှ ပြန်မပြောပေ။

ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး သကြားလုံး တစ်လုံးကို ကောက်ယူမြည်းစမ်းကြည့်လိုက်သည်၊ “ဒါက အရမ်းချိုတယ်။ အရသာလည်း ရှိပါတယ်။”

“တကယ်လား” ရှန်းယောင်က စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်လိုက်သည်၊ “အာ့ထောင် စားလိုက်တဲ့ သကြားလုံးက ပိုချိုတာများလား။”

“ဒါတွေအားလုံး အတူတူပဲ မဟုတ်ဘူးလား။”

“ကိုယ်ကတော့ မတူဘူးလို့ထင်တယ်” ရှန်းယောင်က ခဏလောက် စဉ်းစားပြီး ကျီကျောက်ကို လက်ခါပြလိုက်သည်။

“အာ့ထောင် မင်းလက်ထဲက တစ်လုံးကို ကိုယ် မြည်းကြည့်လို့ရမလား။”

“… ရတယ်လေ” ကျီကျောက်က တုံ့ဆိုင်းခြင်းမရှိ သကြားလုံးကို သူ့နှုတ်ခမ်းနား ခွံ့ကျွေးလိုက်သည်။

သို့သော် ရှန်းယောင်က သူမ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသည်။

ကျီကျောက်သည် မသိစိတ်ကနေ သူ့မျက်နှာနှင့် နီးကပ်လာခဲ့သည်။

ထိုအခွင့်အရေးကို အရယူပြီး ရှန်းယောင်သည် သူမ၏ နူးညံ့အိထွေးသော နှုတ်ခမ်းပါးများကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကျီကျောက်ရဲ့ စိတ်တွေ ပျံ့လွင့်သွားခဲ့သည်။

“မျှော်လင့်ထားသလိုပဲ၊ အာ့ထောင်က ပိုချိုတယ်” ရှန်းယောင်က သူမကို တွန့်ဆုတ်စွာ လွှတ်ပေးလိုက်သည်။ သူက အသာလေး မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ရှင်…” ကျီကျောက်က ဘာပြောရမှန်း မသိပေ။

အဆုံးတွင် သူမသည် ထိုအကြောင်းကိုတွေးပြီး ရှန်းယောင်၏ မျက်လုံးကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမက အလေးအနက် မေးမြန်းလိုက်သည်၊ “ရှန်းယောင် ရှင်က မကာရရာသီခွင်ဖွားလား။”

သူမသည် ယခင်က ဆယ့်နှစ်ရာသီခွင်များအကြောင်းကို လေ့လာခဲ့ပြီး မကာရရာသီခွင်၏ အကြီးမားဆုံးဝိသေသလက္ခဏာများမှာ ဣန္ဒြေကြီးခြင်းနှင့် အလိုရမ္မက်ပြင်းပြခြင်းဖြစ်ကြောင်း မှတ်သားခဲ့ရသည်။

“မကာရရာသီခွင်လား။ အဲ့တာကို ဘာကိုပြောတာလဲ” ရှန်းယောင်က စူးစမ်းချင်စိတ်ဖြင့် မျက်ခုံးပင့်လိုက်သည်။

“ရှင် ဆယ့်နှစ်ရာသီခွင်အကြောင်းကို ကြားဖူးလား။”

“မကြားဖူးဘူး”

“တကယ်တော့ ကျွန်မ ဒါကို စာအုပ်တစ်အုပ်ကနေ ဖတ်ဖူးခဲ့တာ။ တစ်နှစ်မှာ ဆယ့်နှစ်လ ရှိတယ်မလား။ သူတို့က ကောင်းကင်မှာ ရှိတဲ့ ကြယ်ဆယ့်နှစ်လုံးနဲ့ ကိုက်ညီတယ်တဲ့” ကျီကျောက်က ကုတင်ပေါ် ဝင်ထိုင်ပြီး ဆယ့်နှစ်ရာသီခွင်နက္ခတ်တာရာများအကြောင်းကို ရှန်းယောင်အား အလေးအနက် ပြောပြခဲ့သည်။

ရှန်းယောင်သည် ကျီကျောက်ပြောသမျှ စကားတိုင်းကို စိတ်ဝင်တစား နားထောင်ခဲ့သည်။ နောက်ဆုံးမှာ သူက သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်၊ “မင်းပြောသလိုဆို မကာရရာသီခွင်နဲ့ မိန်ရာသီခွင်တွေက ပြီးပြည့်စုံတဲ့ မိတ်ဖက်ရာသီခွင်တွေမလား။ ပြီးတော့ ကိုယ်က မကာရရာသီခွင်ဖွားမလား။ မင်းက မိန်ရာသီဖွားလား၊ အာ့ထောင်”

“ဟုတ်တယ်” ကျီကျောက် ချိုမြိန်စွာ ပြုံးလိုက်ပြီး သူ့နှာခေါင်းကို ချစ်စရာကောင်းစွာ ပုတ်လိုက်သည်။

“ဒါကြောင့် ကျွန်မတို့က ကောင်းကင်ဘုံကနေ တွဲဖက်ပေးထားတဲ့ လက်တွဲဖော်တွေပဲ။”

“ဒါပေါ့” ရှန်းယောင်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူသည်လည်း သူနှင့် အာ့ထောင်က ကောင်းကင်ဘုံကနေ တွဲဖက်ပေးထားတဲ့ လက်တွဲဖော်တွေလို့ ခံစားရပေသည်။

ကျီကျောက်၏ အဖော်ပြုပေးမှုနှင့်အတူ ရှန်းယောင်သည် သူ့ရဲ့ နာကျင်မှုဝေဒနာက တဖြည်းဖြည်း လျော့ပါးလာသလို ခံစားရသည်။

သူမ အသံကို သူ ကြားနေရသရွေ့ စိတ်အေးချမ်းသလို ခံစားရသည်။

မသိလိုက်ဘဲ သူ အိပ်ပျော်သွားပြန်သည်။

ရှန်းယောင်၏ ဟောက်သံကိုကြားတော့ ကျီကျောက် စိတ်သက်သာရာရသွားသည်။

ကျီကျောက်သည် သူမ၏ အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူကာ သူ့နဖူးပေါ်က ချွေးစက်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် ကျီကျောက်သည် သူ့ကို စောင်သေချာခြုံပေးပြီးတော့ တိတ်တိတ်လေး အပြင်ပြန်ထွက်သွားခဲ့သည်။

ကျီကျောက်သည် သူမ၏ အခန်းသို့ မပြန်ခဲ့ဘူး။ အဲဒီအစား သူမသည် နှင်းထုပေါ် လမ်းလျှောက်ပြီး ရှန်းမိသားစုအိမ်ခြံဝင်းထဲကနေ အပြင်ကို ထွက်လာခဲ့သည်။

ရှန်းဟယ်ကျေးရွာသည် နှင်းထုတစ်လွှာ ဖုံးအုပ်ထားကာ တိတ်ဆိတ်နေလေသည်။

နှင်းဖြူများက ညကို နေ့ကဲ့သို့ တောက်ပေစေသည်။

ကျီကျောက်သည် သူမ၏ အင်္ကျီကို တင်းတင်းစေ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်နေခြင်းကို ရပ်တန့်ထားသော မြေကမ္ဘာဘုရားကျောင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

ဒီအတွက် အကြောင်းပြချက် ရှိကောင်း ရှိနေနိုင်သည်။

ကျီကျောက်သည် ထိုနေ့တုန်းက အမျိုးသမီးဖမ်းဝူ တစ်ယောက်တည်း ဒီလောက် အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်နိုင်စွမ်းရှိလိမ့်မည်ဟု မယုံကြည်ပေ။ သူမသည် ထိုဖြစ်ရပ်နောက်ကွယ်တွင် တစ်ယောက်ယောက် ရှိလိမ့်နေမည်ဟု ခံစားခဲ့ရသည်။

ပြီးတော့ လူတစ်ယောက်ရဲ့ နာမည်က သူမစိတ်ထဲမှာ ပေါ်လာခဲ့သည်။

မြေကမ္ဘာဘုရားကျောင်းထဲသို့ ဝင်လာပြီးနောက် ကျီကျောက်သည် သူမ၏ မျက်လုံးတွေကို နိုးကြားတက်ကြွစွာ ဖွင့်လှစ်ထားလိုက်သည်။

မြေကမ္ဘာဘုရား၏ ဘေးနှစ်ဖက်ရှိ ဖယောင်းတိုင်များကို ဂရုတစိုက် မီးထွန်းညှိပြီးနောက် ကျီကျောက်သည် ဆီမီးခုံကို အမြန်ဆွဲယူပြီး နောက်သို့ အမြန်လှည့်လိုက်သည်။

မူလက သရဲတစ္ဆေဟန်ဆောင်ဖို့ စီစဉ်ခဲ့သူသည် ကျီကျောက်ကြောင့် သူ့ဘောင်းဘီကို နင်းမိသွားခဲ့သည်။

“ရှင်က အရမ်းကြောက်တတ်ပေမယ့် မြေကမ္ဘာဘုရားကျောင်းထဲမှာ ပုန်းအောင်းပြီး တခြားသူတွေကို ခြောက်လှန့်ဖို့ ရဲရင့်နေတုန်းပါပဲလား” ကျီကျောက်က ထိုလူကို လက်နောက်ပြန်ချုပ်ထားပြီး ထိတ်လန့်နေသော လူအား လှောင်ပြောင်ပြောဆိုလိုက်သည်။ သူမ၏ အသံက ရွဲ့ပြောနေမှန်း သိသာထင်ရှားပေသည်။

“ဘယ်လို… မင်း ဘယ်လိုသိသွားတာလဲ” ကျီဟွေ့၏ မျက်နှာက တင်းမာနေပြီး စူးရှသော အကြည့်တွေဖြင့် မေးခွန်းထုတ်လိုက်သည်။

“နင်ကလွဲလို့ တခြား ဘယ်သူကမှ ဒီလို ပျင်းစရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ကိစ္စတွေကို လုပ်မှာ မဟုတ်လို့လေ” ကျီကျောက်က ‌နှာခေါင်းရှုံ့လိုက်သည်၊ “ဒေါ်လေးကွေ့ဟွားက နင်တို့နှစ်ယောက်ကို ငါတို့ရှန်းဟယ်ရွာရဲ့ အနောက်ဖက်တောင်ပေါ်မှာ မကြာခဏ တွေ့မိတယ်လို့ ငါ့အမေကို ပြောဖူးတယ်လေ။ နင် ဒီနေ့ ရည်ရွယ်ချက်ရှိရှိ ဘုရားကျောင်းမှာ သရဲခြောက်သလို ဟန်ဆောင်ခဲ့တာလို့ ငါထင်တယ်၊ ဟုတ်တယ်မလား။”

All Chapters