အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း။ ၁၆၉
စွန့်ပစ်ခံထားရသော အဝါရောင်နဂါးမြို့နယ်သည် လုချွမ်း၏ သွေးစွန်းသော ရှင်းလင်းမှုအပြီးတွင် ပို၍ပင် ခြောက်ကပ်တိတ်ဆိတ်နေတော့သည်။
ဂူ... ဂူ...
ချန်ထိုး၏ ဗိုက်ထဲမှ အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ဂိုဒေါင်အတွင်းရှိ ရိက္ခာများမှာ ယခုအခါ အကုန်အစင် ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော ငါးနာရီခန့်က သူစားခဲ့သည့် ချောကလက် အပိုင်းအစလေးမှာ သူ၏ နောက်ဆုံးရိက္ခာပင်။
ဇွန်ဘီကပ်ဘေး စတင်ကတည်းက သူသည် တည်းခိုခန်းအတွင်းရှိ ရိက္ခာများဖြင့် ၆ လကြာအောင် တောင့်ခံရှင်သန်ခဲ့သော်လည်း ယခုမူ စားစရာ လုံးဝမရှိတော့ပေ။ ချန်ထိုးသည် မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်ရင်း အမောတကော အသက်ရှူနေမိသည်။ သူ၏ မျက်နှာမှာ အဝါရောင်သန်းကာ အရိုးပေါ်အရေတင် ဖြစ်နေပြီး မျက်ကွင်းများ ညိုမည်းကာ နှုတ်ခမ်းများမှာလည်း ဖြူဖတ်ဖြူလျော်ဖြင့် ကွဲအက်နေသည်။
နံရံပေါ်ရှိ ပြက္ခဒိန်ကို ကြည့်လိုက်ရာ ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ ခြောက်လနီးပါး ရှိခဲ့ပြီဖြစ်သည်။ ပထမတစ်လအတွင်းတွင်မူ ဂိုဒေါင်ထဲမှ ရိက္ခာများဖြင့် ဗိုက်ဝအောင် စားနိုင်ခဲ့သေးသည်။ ထိုစဉ်က ဤကပ်ဘေးမှာ မကြာမီ ပြီးဆုံးသွားမည် သို့မဟုတ် အစိုးရမှ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်လိမ့်မည်ဟု သူ တွေးခဲ့မိသည်။
သို့သော် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ရေနှင့် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ဆက်သွယ်ရေးကွန်ရက်တစ်ခုလုံး ပြိုလဲသွားခဲ့သည်။ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မှောင်မည်းနေသော အိမ်တွင်း၌ နေ့စဉ်ရှင်သန်နေရစဉ် ရိက္ခာများမှာ တစ်စတစ်စ နည်းပါးလာသလို မြို့အတွင်းရှိ သက်ရှိလူသား အရေအတွက်မှာလည်း လျော့နည်းလာခဲ့သည်။
ဒုတိယလမှစ၍ သူသည် ဗိုက်ဝရုံသာမက အသက်ဆက်ရုံမျှသာ အနည်းငယ်စီ စားသုံးခဲ့ရသည်။ ရိက္ခာကို ချွေတာစားသုံးခြင်းဖြင့် ကယ်ဆယ်ရေးအဖွဲ့ ရောက်လာသည်အထိ တောင့်ခံနိုင်မည်ဟု သူ ထင်ခဲ့သော်လည်း ယခုမူ သူ အလွန်နုနယ်ခဲ့ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။ ဤကမ္ဘာပျက်ကပ်ကြီးတွင် မျှော်လင့်ချက်ဆိုသည်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"တည်းခိုခန်း ဖွင့်တုန်းကတော့ အစားအသောက်တွေ ခိုးစားတဲ့ ကြွက်တွေကို အမုန်းဆုံးပဲ။ ဒါပေမဲ့ အခုသာ ငါ့ရှေ့မှာ ကြွက်တစ်ကောင် ပေါ်လာရင် အဲ့ဒီကြွက်ကိုတောင် ကျေးဇူးတင်မိမှာပဲ..."
နံရံကို အားပြုကာ မတ်တတ်ရပ်လိုက်ရင်း အနှစ်မရှိတော့သော ဂိုဒေါင်ကိုကြည့်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ အစာမစားရသည်မှာ ကြာပြီဖြစ်သဖြင့် သူ၏ အစာအိမ်မှာ ကျုံ့ဝင်နေပြီး ပြင်းထန်သော နာကျင်မှုကြောင့် အော့အန်ချင်စိတ်ပင် ပေါက်နေတော့သည်။
"မရတော့ဘူး... ငါ့ကိုယ်ငါ ဒီအတိုင်း ဆက်ပြီး အကျဉ်းချထားလို့ မဖြစ်တော့ဘူး"
"ငါသာ တစ်ခုခု အမြန်ဆုံး မစားရရင် ဇွန်ဘီတွေ ကိုက်လို့ မသေခင် အငတ်ဘေးနဲ့ အရင် သေရတော့မှာပဲ"
"တောက် ကိုယ့်တည်းခိုခန်းထဲမှာ ကိုယ်တိုင် ငတ်သေရတယ်ဆိုတာ ဘယ်သူ့မှ ပြောပြလို့တောင် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"
ချန်ထိုးသည် သွေးစွန်းနေသော ပြင်ပလမ်းမများကို ကြည့်ရင်း ခြောက်ကပ်နေသော လည်ချောင်းကို စိုစွတ်စေရန် တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်ရသည်။ ၎င်းနောက် အသက်ကို ပြင်းပြင်းရှူကာ ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး ရိက္ခာရှာဖွေရန် ပြင်ဆင်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
အတိအကျ ထိုအချိန်မှာပင် အင်ဂျင်သံများ တရဟော ထွက်ပေါ်လာပြန်သည်။ တံခါးဖွင့်ရန် ပြင်နေသော ချန်ထိုး၏ လက်အစုံမှာ လေထဲတွင်ပင် ရပ်တန့်သွားခဲ့ရသည်။
ဒါက ကားအင်ဂျင်သံလား။ မနေ့က ရောက်ရှိလာတဲ့ ဇွန်ဘီတွေပဲ ထပ်ပြီး ရောက်လာတာလား။
ထိုသို့ တွေးမိသည်နှင့် ချန်ထိုး စိတ်ပျက်အားလျော့သွားသော်လည်း ရင်ထဲမှ မကျေနပ်မှုနှင့် ရှင်သန်လိုသော ဆန္ဒတို့ကြောင့် ဦးခေါင်းကို အတင်းခါယမ်းလိုက်မိသည်။
မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဒီတစ်ခါတော့ လူသားကယ်ဆယ်ရေးအဖွဲ့ ဖြစ်ရမယ်။
ချန်ထိုးသည် ဗိုက်ထဲမှ ဆာလောင်မှုကို အံတုရင်း နံရံကို အားပြုကာ ဒုတိယထပ်သို့ ပြန်လည် တက်သွားခဲ့သည်။ ပြတင်းပေါက်မှတစ်ဆင့် အဝေးသို့ မျှော်ကြည့်လိုက်မိချိန်တွင်မူ လက်တွေ့လောကကြီးသည် အလွန်ပင် ရက်စက်လွန်းလှကြောင်း သူ သဘောပေါက်လိုက်ရသည်။
သူ မြင်တွေ့လိုက်ရသည်မှာ ကယ်ဆယ်ရေးအဖွဲ့ မဟုတ်ခဲ့ပေ။ ရင်းနှီးနေသော ကားတန်းကြီးနှင့် ထိုကားများကို ကျွမ်းကျင်စွာ မောင်းနှင်နေသော ဇွန်ဘီများသာ ဖြစ်သည်။
ဖတ်...
ကျောပိုးအိတ်သည် လက်ထဲမှ လွတ်ကျသွားခဲ့သည်။ ချန်ထိုးသည် နံရံထောင့်တွင် အားအင်ကုန်ခမ်းစွာဖြင့် ပြိုလဲကျသွားပြီး သူ၏ မျက်ဝန်းများမှာလည်း လုံးဝ မျှော်လင့်ချက်ကင်းမဲ့ကာ အသက်မဲ့သွားတော့သည်။
ထိုဇွန်ဘီများကို မြင်လိုက်ရသည့် ခဏတွင် ချန်ထိုး၏ ရင်ထဲ၌ ကျန်ရှိနေသေးသော နောက်ဆုံးရှင်သန်လိုစိတ် မီးစလေးမှာ လုံးဝငြိမ်းသတ်ခြင်း ခံလိုက်ရလေသည်။
ဇွန်ဘီများကပင် ကားမောင်းနိုင်နေပြီဆိုလျှင် ဤလောကကြီးတွင် လူသားများအတွက် ရှင်သန်ရန် နေရာရှိပါဦးမလား။ ဤကဲ့သို့သော ငရဲခန်းဆန်သည့် ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဆက်လက်အသက်ရှင်နေရန် ဘယ်လိုမျိုး အကျိုးရှိမှာလဲ။
ချန်ထိုးသည် ယိုင်တိယိုင်တိုင်ဖြင့် ခုတင်ဘေးသို့ လျှောက်သွားကာ အံဆွဲအတွင်းမှ ကြွက်သတ်ဆေးဗူးကို ထုတ်ယူလိုက်သည်။ ဤဆေးဗူးမှာ မူလက ဂိုဒေါင်အတွင်းမှ အစားအစာများကို ခိုးစားတတ်သည့် ကြွက်များအတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ယခုမူ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်အတွက် အသုံးပြုရတော့မည်ဟု မထင်မှတ်ခဲ့ပေ။
သူသည် ကြွက်သတ်ဆေးများကို မျိုချလိုက်ပြီးနောက် ခုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေလိုက်သည်။ မျှော်လင့်ချက်ကင်းမဲ့ပြီး မှောင်မိုက်လှသော လပေါင်းများစွာ၏ ညှဉ်းပန်းနှိပ်စက်မှုများအပြီးတွင် သူ၏မျက်နှာထက်၌ နောက်ဆုံးတွင် ပြေလျော့သွားသည့် အရိပ်အယောင်အချို့ ပေါ်ပေါက်လာတော့သည်။
"ဇွန်ဘီတွေလည်း သွားသေလိုက်တော့ ဒီကမ္ဘာပျက်ကပ်ကြီးလည်း သွားသေလိုက်တော့"
ချန်ထိုး၏ ဖြစ်ရပ်မျိုးမှာ အဝါရောင်နဂါးမြို့နယ်၏ အခြားနေရာများတွင်လည်း အဆုံးမရှိ ဖြစ်ပွားနေဆဲပင်။ ဇွန်ဘီများ ကားမောင်းနေသည်ကို မြင်တွေ့လိုက်ရခြင်းက ရှင်သန်သူများစွာအတွက် ရှင်သန်လိုစိတ်ကို လုံးဝဥဿုံ ပျက်ပြားသွားစေခဲ့သည်။
သို့သော် လုချွမ်းမှာမူ သူ၏ လုပ်ဆောင်ချက်များက ရှင်သန်သူများအပေါ် ဤမျှအထိ စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု အနည်းငယ်မျှ မသိရှိပေ။
သူသည် ယခင်အတိုင်းပင် ကားတန်းကို အဝါရောင်နဂါးတောင်ခြေ၌ ရပ်နားထားပြီး ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို တောင်အတွင်းပိုင်းသို့ ဦးဆောင်ခေါ်ယူသွားခဲ့သည်။
မနေ့က တောင်ခြေပတ်ဝန်းကျင်ရှိ ဆင့်ကဲသားရဲများကို တစ်နေ့လုံး ရှင်းလင်းခဲ့သဖြင့် ယနေ့တွင်မူ ၎င်းကို ဟန့်တားမည့် သားရဲတစ်ကောင်မျှ မရှိတော့ပေ။ ဇွန်ဘီတပ်ဖွဲ့သည် တောင်အတွင်းပိုင်းသို့ ပိုမိုတိုးဝင်လာခဲ့ရာ မကြာမီမှာပင် တောင်ကြားတစ်ခုသို့ ရောက်ရှိလာတော့သည်။
ဤတောင်ကြားမှာ အခြားစိမ်းလန်းသော တောအုပ်များနှင့်မတူဘဲ ဧရာမ ကျောက်တုံးဝါကြီးများဖြင့်သာ ဖွဲ့စည်းထားသည်။ တောင်ကြားဝင်ပေါက်ရှိ စီရီနေသော ကျောက်တုံးဝါကြီးများ၏ ပုံသဏ္ဌာန်မှာ တောင်တန်းပေါ်၌ လဲလျောင်းနေသော နဂါးကြီးတစ်ကောင်နှင့် တူလှသဖြင့် အဝါရောင်နဂါးတောင်ဟူသော အမည်တွင်ခြင်းပင်။
ဇွန်ဘီရုပ်သေးတပ်ဖွဲ့သည် တောင်ကြားအတွင်းသို့ စတင်ဝင်ရောက်သည်နှင့် မနီးမဝေးမှ ပြင်းထန်သော ခြေသံများကို ကြားလိုက်ရပြီးနောက် ဧရာမ ဆင့်ကဲဝံပုလွေအုပ်ကြီး တစ်အုပ် ပေါ်ထွက်လာတော့သည်။
အူး... အူး... ဝူး...
ဝံပုလွေအူသံများ ပဲ့တင်ထပ်သွားသည်။ လုချွမ်းက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ရှေ့တွင် ဝံပုလွေ ၁၀ ကောင်ခန့် ရှိနေကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးမှာ ဆင့်ကဲပြောင်းလဲထားသဖြင့် ကမ္ဘာမပျက်မီက မည်သည့်မျိုးစိတ်ဖြစ်သည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
ဤဧရာမဆင့်ကဲဝံပုလွေများသည် မနေ့က သူသတ်ခဲ့သော အနက်ရောင်ဝံပုလွေကြီးနှင့် အရွယ်အစားချင်း ဆင်တူကြသည်။ ပခုံးအမြင့်မှာ ၃ မီတာကျော်ရှိပြီး ကိုယ်အရှည်မှာ ၅ မီတာခန့်အထိ ရှိကြသည်။ ၎င်းတို့၏ အမွေးအမှင်များမှာ လတ်ဆတ်သော သွေးများဖြင့် ဆိုးထားသည့်အလား တစ်ကိုယ်လုံး နီရဲနေကြသည်။ မျက်ဝန်းများမှာလည်း သွေးရောင်လွှမ်းနေပြီး ကြမ်းကြုတ်ရက်စက်မှုနှင့် သွေးဆာနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
လုချွမ်း၏ အာရုံကို အဖမ်းစားနိုင်ဆုံးအရာမှာ ကျောက်ဆောင်တစ်ခုပေါ်တွင် ခန့်ညားစွာ ရပ်နေသော ဝံပုလွေကြီးတစ်ကောင်ပင်။ ထိုဝံပုလွေမှာ အခြားကောင်များထက် ပိုမိုကြီးမားထွားကျိုင်းပြီး သိသိသာသာပင် ဒုတိယအဆင့်ရှိသော ဝံပုလွေအုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။ ၎င်း၏ သွေးရောင်မျက်လုံးများမှတစ်ဆင့် အေးစက်လှသော လူသတ်လိုစိတ်များ စိမ့်ထွက်နေသည်။
ဇွန်ဘီရုပ်သေးတပ်ဖွဲ့၏ ရုတ်တရက် ရောက်ရှိလာမှုမှာ ဤသွေးဝံပုလွေများ၏ နယ်မြေကို ကျူးကျော်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ဇွန်ဘီများကို မြင်သည်နှင့် ဝံပုလွေများ၏ ကျောပေါ်ရှိ အမွေးများမှာ ထောင်ထသွားပြီး ပါးစပ်များကို ဖြဲကာ ချွန်ထက်လှသော အစွယ်များကို ထုတ်ပြကြတော့သည်။
ဂါးးးဂါးး..
ဝံပုလွေများ၏ အူသံများကို တုံ့ပြန်သည့်အနေဖြင့် လုချွမ်း ထိန်းချုပ်ထားသော ဇွန်ဘီရုပ်သေးများကလည်း ရဲရဲဝံ့ဝံ့ပင် ပြန်လည် ဟိန်းဟောက်လိုက်ကြသည်။ တစ်ခဏအတွင်းမှာပင် ဇွန်ဘီများနှင့် ဆင့်ကဲဝံပုလွေများ ထိပ်တိုက်ရင်ဆိုင်လျက် အခြေအနေမှာ အလွန်ပင် တင်းမာလာတော့သည်။
သို့သော် လုချွမ်းမှာမူ ဤအခြေအနေကို အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။ မနေ့က တိုက်ပွဲအတွေ့အကြုံကြောင့် သူ၏ ဇွန်ဘီရုပ်သေးများကို ပေါင်းစပ်ထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ မီးလျှံ ၁ သည် တတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားခြင်းပင်။ အဆင့်တက်ထားသော မီးလျှံဇွန်ဘီရှိနေသရွေ့ ဤကဲ့သို့သော အခြေအနေမျိုးကို ကိုင်တွယ်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။
ဝံပုလွေအုပ်စုသည်လည်း ရန်သူ့ဘက်တွင် ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီ အမြောက်အမြားရှိနေသည်ကို အာရုံခံမိပုံရပြီး ကြောက်ရွံ့တုံ့ဆိုင်းနေကြသည်။ သို့သော် လုချွမ်းကမူ ဂရုမစိုက်အားပေ။ လမ်းကျဉ်းတွင် ဆုံမိပါက ဦးအောင်တိုက်ရမည်ပင်။
ဝုန်း
ရုတ်တရက်ဆိုသလို မီးလျှံ ၁ ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်သော မီးလျှံများ တောက်လောင်လာသည်။ ၎င်းက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဧရာမ မီးလုံးကြီးများသည် မိုးရေစက်များအလား ဝံပုလွေအုပ်စုရှိရာသို့ တရဟော ပြေးဝင်သွားတော့သည်။
အနီးကပ် တိုက်ပွဲလား။
ငါကတော့ အဝေးပစ် လက်နက်ကြီးတွေနဲ့ တိုက်ရိုက် အမှုန့်လုပ်ပစ်မှာပဲ။
အခန်း။ ၁၇၀
တတိယအဆင့်သို့ တက်လှမ်းပြီးနောက် မီးလျှံ ၁ ၏ မီးလုံးများသည် ပိုမိုအားကောင်းလာသလို ထုတ်လွှတ်နိုင်စွမ်းမှာလည်း သိသိသာသာ လျင်မြန်လာခဲ့သည်။ ဧရာမမီးလုံးကြီးများသည် ဝံပုလွေအုပ်စု၏ အလယ်ဗဟိုသို့ ကျရောက်သွားသည်နှင့် ၎င်းတို့၏ ပေါက်ကွဲအားပြင်းသော အစွမ်းသတ္တိများ ထွက်ပေါ်လာတော့သည်။
ဝုန်း... ဝုန်း...
ခဏချင်းမှာပင် မီးတောက်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ဝံပုလွေအုပ်စုရှိရာ နေရာတစ်ခုလုံးမှာ မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဝံပုလွေအုပ်စုမှာမူ ဦးအောင်
တိုက်ခိုက်ခြင်းဟူသော နည်းဗျူဟာကို နားမလည်ခဲ့ကြပေ။ မူလက နှစ်ဖက်စလုံး တင်းမာစွာ ရင်ဆိုင်နေခဲ့ကြသော်လည်း လုချွမ်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ၎င်းတို့ အလစ်အငိုက် မိသွားခဲ့ရသည်။ မီးလျှံ ၁ ၏ တိုက်ခိုက်မှုနှုန်းမှာ အလွန်ပင် လျင်မြန်လှသဖြင့် ဒုတိယအဆင့်ရှိ ဝံပုလွေဘုရင်ပင်လျှင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
သို့သော် ၎င်းတို့ရှိရာနေရာမှာ မီးဟုန်းဟုန်းတောက်နေသော်လည်း ဤသွေးဆာနေသော ဧရာမဝံပုလွေများသည် ကမ္ဘာမပျက်မီက တိရစ္ဆာန်များကဲ့သို့ ကြောက်လန့်တကြား ထွက်ပြေးခြင်းမရှိကြပေ။ ဆင့်ကဲသွေးဝံပုလွေများသည် ဒဏ်ရာရရှိသွားသောအခါ ၎င်းတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သော သဘာဝမှာ ပိုမိုနိုးကြားလာပြီး ပို၍ပင် ရက်စက်ကြမ်းကြုတ်လာကြသည်။
ဝူး... အူး...
ဒုတိယအဆင့် ဝံပုလွေဘုရင်၏ ဟိန်းဟောက်ညွှန်ကြားမှုအောက်တွင် ဆင့်ကဲသွေးဝံပုလွေ အမြောက်အမြားမှာ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင် မီးလျှံများ တောက်လောင်နေသော်လည်း နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုးလာကြတော့သည်။ ဆင့်ကဲပြောင်းလဲမှုကြောင့် အရုပ်ဆိုးအကျည်းတန်နေသော ဝံပုလွေအုပ်စုမှာ မီးလျှံ ၁ ၏ မီးတောက်များအတွင်းမှ တိုးထွက်လာသည့်အခါ ငရဲမှ တက်လာသော မိစ္ဆာဝံပုလွေများနှင့်ပင် တူနေတော့သည်။
အဝါရောင်နဂါးကျောက်ဆောင် တောင်ကြားတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေအူသံများ ပဲ့တင်ထပ်နေတော့သည်။
လုချွမ်းသည် သူ၏ရှေ့မှ ကြမ်းကြုတ်လှသော ဝံပုလွေအုပ်စုကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ဟုန်းဟုန်းတောက်လာခဲ့သည်။
မင်းတို့က အသက်နဲ့လဲပြီး တိုက်ချင်ကြတာလား... အေးလေ အဆုံးအထိ ငါ ကစားပေးရတာပေါ့။
ဒါငါ့ရဲ့ မသေနိုင်တဲ့ ဇွန်ဘီစစ်သည်တော်တွေပဲ။ ဘယ်သက်ရှိသတ္တဝါက ငါ့ရဲ့ ဇွန်ဘီရုပ်သေးတွေထက် အသက်ကို ပိုစွန့်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။
လုချွမ်းသည် သူ၏ စိတ်အာရုံကို အသုံးချ၍ ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီအမြောက်အမြားကို ရှေ့တန်းသို့ စေလွှတ်ကာ ဝံပုလွေအုပ်စုနှင့် ထိပ်တိုက် ရင်ဆိုင်စေလိုက်သည်။
အနီးကပ် တိုက်ပွဲများ စတင်နေပြီဖြစ်သော်လည်း လုချွမ်းမှာမူ တည်ငြိမ်လျက်ပင် ရှိသည်။ မီးလျှံ ၁ သည် တောင်ကြား၏ ဝဲယာမြေမျက်နှာသွင်ပြင်ကို အသုံးချ၍ တပ်ဖွဲ့၏ ရှေ့မျက်နှာစာတွင် ဧရာမ မီးလျှံတံတိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထို့ကြောင့် ဤဝံပုလွေကြီးများသည် ဇွန်ဘီတပ်ဖွဲ့ကို တိုက်ခိုက်နိုင်ရန်အတွက် အဆိုပါ မီးလျှံတံတိုင်းကို မဖြစ်မနေ ဖြတ်ကျော်ကြရတော့သည်။
တင့်ကားဇွန်ဘီများမှာမူ အမြဲတမ်းကဲ့သို့ပင် တပ်ဖွဲ့တစ်ခုလုံးအတွက် ခံစစ်တာဝန်ကို ယူထားကြပြီး ရှေ့တန်း၌ လူသားပုံစံ တိုက်ပွဲဝင်တင့်ကားကြီးများအလား ခိုင်ခံ့စွာ ရပ်တည်နေကြသည်။ အရှိန်ဖြင့် ပြေးဝင်လာသော ဆင့်ကဲဝံပုလွေကြီးများသည် မီးလျှံတံတိုင်းကြောင့် လောင်ကျွမ်းနေကြရုံသာမက တောင်ပတ်လည်ရှိ တင့်ကားဇွန်ဘီများ၏ ပြင်းထန်သော ဟန့်တားမှုကိုပါ ကြုံတွေ့နေရသည်။
ဧရာမ တူကြီးနှစ်လုံးကို ကိုင်ဆောင်ထားသော တာဖန်းမှာ အထူးပင် ရဲစွမ်းသတ္တိ ရှိလှသည်။ သူသည် ခံစစ်တာဝန်ကို ထမ်းဆောင်ရုံသာမက တူကြီးများကို ရူးသွပ်စွာ ဝှေ့ယမ်းကာ ရှေ့ရှိ ဝံပုလွေကြီးများကို ရိုက်နှက်နှိမ်နင်းနေသည်။ တူကြီးများဖြင့် ရိုက်မိသည့် အကြိမ်တိုင်းတွင် ဝံပုလွေကြီးများထံမှ နာကျင်စွာ အူဟောက်သံများ ထွက်ပေါ်လာတော့သည်။
ဝံပုလွေအချို့မှာ တောင်ကြားဘေးရှိ ကျောက်တုံးဝါကြီးများကို အသုံးချကာ တပ်ဖွဲ့၏ အလယ်နှင့် နောက်ပိုင်းကို ခုန်အုပ်တိုက်ခိုက်ရန် ကြိုးပမ်းကြသော်လည်း ဒုတိယအဆင့် ဧရာမဇွန်ဘီများက လေထဲတွင်ပင် ကြိုတင်ဟန့်တားနိုင်ခဲ့သည်။
ဆင့်ကဲရွှေမြွေဟောက်၏ အရေခွံသံချပ်ကာကို ဝတ်ဆင်ထားသော တတိယအဆင့် မီးလျှံ ၁ မှာမူ တင့်ကားဇွန်ဘီများနှင့် ဧရာမဇွန်ဘီများ၏ အကာအကွယ်အောက်တွင် ဧရာမ မီးလုံးကြီးများကို အဆက်မပြတ် ပစ်ခတ်နေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်ကြောင့် ဆင့်ကဲဝံပုလွေကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် လွင့်စင်သွားကြရပြီး မကြာမီမှာပင် တောင်ကြားတစ်ခုလုံး ဒဏ်ရာရရှိထားသော ဝံပုလွေများထံမှ ထွက်ပေါ်လာသည့် မည်းနက်သော မီးခိုးငွေ့များဖြင့် ပြည့်နှက်သွားတော့သည်။
မီးလျှံ ၁ ၏ တိုက်ခိုက်ရေးစွမ်းရည် သိသိသာသာ မြင့်တက်လာမှုကြောင့် ထိမှန်ခံရသော သွေးဝံပုလွေများ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။ ဒုတိယအဆင့် အရှိန်နှုန်းမြင့်ဇွန်ဘီများသည် မီးလုံးများအပြီးတွင် သံမဏိဓားများဖြင့် ချက်ချင်း လိုက်ပါတိုက်ခိုက်ကြပြီး ဝံပုလွေများ တောင့်တင်းနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဒဏ်ရာများကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်ကြသည်။
ထို့အပြင် ဇွန်ဘီရုပ်သေးအများစုမှာ ဝံပုလွေအုပ်စု၏ လှုပ်ရှားမှုအလိုက် စနစ်တကျ ပြောင်းလဲနေရာယူကြသဖြင့် တင့်ကားဇွန်ဘီများနှင့် ဧရာမဇွန်ဘီဇွန်ဘီများသာ ဝံပုလွေကြီးများ၏ တိုက်ရိုက်တိုက်ခိုက်မှုကို ရင်ဆိုင်ကြရသည်။ ဆင့်ကဲဝံပုလွေအုပ်စုမှာ အလွန်ပင် ကြမ်းကြုတ်သော်လည်း လုချွမ်း၏ စနစ်ကျပြီး တိကျလှသော စစ်ဗျူဟာအောက်တွင် ၎င်းတို့၏ တိုက်ခိုက်မှုတိုင်းမှာ မိမိကိုယ်ကိုယ် ဒဏ်ရာရစေသည့် လုပ်ရပ်များသာ ဖြစ်နေတော့သည်။
လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် သံမဏိဓားကို ကိုင်ဆောင်ထားသော လျှပ်စီး ၁ သည်လည်း သွေးဆာနေသော ဝံပုလွေအုပ်စုကြားတွင် ပျားတစ်ကောင်အလား လျင်မြန်စွာ တိုက်ခိုက်နေတော့သည်။
ဤဆင့်ကဲဝံပုလွေကြီးများသည် အသွင်ပြောင်းပြီးနောက် ခွန်အားနှင့် အရှိန်အဟုန်တို့မှာ သိသိသာသာ တိုးတက်လာခဲ့သော်လည်း အရွယ်အစား ကြီးမားလွန်းမှုကြောင့် လျှပ်စီး ၁ ကဲ့သို့ သေးငယ်ကျစ်လစ်ပြီး လျင်မြန်သော ရန်သူကိုမူ ဘာမျှမတတ်နိုင်ဘဲ ဖြစ်နေကြရသည်။
လုချွမ်းသည် သူကိုယ်တိုင် လေ့ကျင့်ထားသော သွေးဆိုးဓားသိုင်းကို အသုံးချ၍ လျှပ်စီး ၁ ကို ကျွမ်းကျင်စွာ ထိန်းချုပ်ထားသည်။ ဓားချက်တစ်ခုစီတိုင်းသည် အားအနည်းဆုံး အသုံးပြုရုံဖြင့် အပြင်းထန်ဆုံးသော တိုက်ကွက်များကို ဖော်ဆောင်နေသည်။ ချွန်ထက်လှသော ဓားအရှိန်အဝါများသည် လေထုကို ဖြတ်သန်းသွားတိုင်း စူးရှသော လေတိုးသံများ ထွက်ပေါ်နေတော့သည်။
ကာလရှည်ကြာ လေ့ကျင့်မှုများအပြီးတွင် လုချွမ်းသည် သွေးဆိုးဓားသိုင်း၏ အခြေခံအဆင့်ကို ပိုင်နိုင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ လျှပ်စီး ၁ က သံမဏိဓားကို ဝှေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဓားအရှိန်အဝါများမှာ ပြင်းထန်သော အဖျက်စွမ်းအားများအဖြစ် ပေါက်ကွဲထွက်နေသည်။ သူသည် လောကရှိ အကြောက်စရာအကောင်းဆုံး သတ်ဖြတ်သူတစ်ဦးအလား သံမဏိဓားကို တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ဝံပုလွေကြီးတစ်ကောင်၏ အသက်ကို ခြွေယူနေတော့သည်။
တိုက်ပွဲအတွင်း သွေးစွန်းမှုများ များပြားလာသည်နှင့်အမျှ လုချွမ်းသည် သွေးဆိုးဓားသိုင်းကို ပိုမို ကျွမ်းကျင်ပိုင်နိုင်လာကြောင်း ခံစားမိလာသည်။ ဝံပုလွေတစ်ကောင်ကို သတ်ဖြတ်ပြီးတိုင်း သွေးရောင်အငွေ့အသက် ပါးပါးလေးမှာ သံမဏိဓားကို သိမ်မွေ့စွာ ဝန်းရံသွားကြသည်။
လုချွမ်းသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသည်။ သွေးဆိုးဓားသိုင်း ဟူသော အမည်မှာ အမှန်တကယ်ပင် ဆီလျော်လှပေသည်။ စစ်မှန်သော တိုက်ပွဲများမှာသာ အရာရာကို စမ်းသပ်
ရန်အတွက် အကောင်းဆုံးသော စာမေးပွဲပင်။ တိုက်ပွဲအစစ်အမှန်များကသာ သူ၏ ဓားသိုင်းတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်သည်။
ဤဓားသိုင်းသည် သွေးပင်လယ်အတွင်း၌ ထက်မြက်လာရမည့် ပညာရပ်မျိုး ဖြစ်သည်။ ဓားပေါ်တွင် သွေးများ ပိုမိုစွန်းထင်လေ လုချွမ်း၏ ဤကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှုမှာ ပိုမိုနက်ရှိုင်းလေ ဖြစ်သည်။
ဟား... ဟား...
အချိန်ကောင်းပဲ။
ဒီနေ့တော့ ငါ့ရဲ့ သွေးဆိုးဓားသိုင်းကို ပိုပြီး ထက်မြက်လာအောင် ဒီဝံပုလွေအုပ်ရဲ့ သွေးတွေနဲ့ပဲ ငါ သွေးယူရတော့မယ်။
ဆင့်ကဲသွေးဝံပုလွေ အမြောက်အမြားကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် လျှပ်စီး ၁ ကိုင်ဆောင်ထားသော သံမဏိဓားပေါ်တွင် လတ်ဆတ်သော သွေးလွှာတစ်ခု ဖုံးလွှမ်းသွားတော့သည်။ ဓားကို ခါလိုက်သဖြင့် သွေးများ လွင့်စင်သွားသော်လည်း သွေးရောင်အရှိန်အဝါ အငွေ့အသက်များမှာမူ ဓားဖျားတွင် ဝဲပျံနေဆဲပင်။
ကျောက်ဆောင်ပေါ်မှ အခြေအနေကို စောင့်ကြည့်နေသော ဝံပုလွေဘုရင်သည် သူ၏အုပ်စု ပြင်းထန်စွာ ထိခိုက်ကျဆုံးနေသည်ကို မြင်သောအခါ ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့သည်။ ၎င်းသည် ကျောက်ဆောင်ပေါ်မှ ခုန်ဆင်းကာ တိုက်ပွဲအတွင်းသို့ တိုက်ရိုက် ဝင်
ရောက်လာခဲ့သည်။ ဒုတိယအဆင့်ရှိ လျှပ်စီး ၁ ၏ အရှိန်အဟုန်မှာလည်း အံ့မခန်းဖြစ်ရာ တစ္ဆေတစ်ကောင်အလား လျင်မြန်စွာ လှုပ်ရှားနေသဖြင့် ဝံပုလွေဘုရင်မှာ ၎င်းကို ဖမ်းဆုပ်နိုင်ခြင်း မရှိဘဲ ဖြစ်နေရသည်။
လျှပ်စီး ၁ သည် သူ၏ သေးငယ်ကျစ်လစ်သော အရွယ်အစားကို အခွင့်ကောင်းယူကာ လက်ရှိ ကိုင်ဆောင်ထားသော ဓားရှည်ကြီးဖြင့် ပထမအဆင့် ဆင့်ကဲဝံပုလွေကြီးတစ်ကောင်ကို ထပ်မံ၍ အသက်ခြွေလိုက်ပြန်သည်။
ဝူး...
လျှပ်စီး ၁ ၏ မညှာမတာ သတ်ဖြတ်မှုများကို မြင်တွေ့လိုက်ရသောအခါ ဒုတိယအဆင့် ဝံပုလွေဘုရင်သည် လုံးဝ စိတ်ပေါက်ကွဲသွားတော့သည်။ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးနှင့်အတူ ဝံပုလွေဘုရင်၏ အရှိန်မှာ ယခင်ကထက် ပိုမိုမြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီး ၁ ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
ဤဒုတိယအဆင့် ဝံပုလွေဘုရင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် မြင့်မားလှသည်။ ၎င်း၏ ခွန်အားနှင့် အရှိန်မှာ သာမန် ပထမအဆင့် ဝံပုလွေများထက် အဆပေါင်းများစွာ သာလွန်သည်။ လျှပ်စီး ၁ သည် သွေးရောင်လွှမ်းနေသော ဓားရှည်ကြီးကို အကာအကွယ်အဖြစ် အသုံးချကာ ဝံပုလွေဘုရင်၏ ပြင်းထန်လှသော တိုက်စစ်များကို ခက်ခဲစွာ ခုခံနေရသည်။
"ဟား... ဟား... အချိန်ကိုက်ပဲ"
ကြမ်းကြုတ်လှသော ဒုတိယအဆင့် ဝံပုလွေဘုရင်နှင့် ထိပ်တိုက်တွေ့နေရသော်လည်း လုချွမ်းမှာမူ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သွေးဆိုးဓားသိုင်းကို အဆက်မပြတ် ဖော်ထုတ်နေစဉ် လုချွမ်းသည် ထူးဆန်းသော ခံစားချက်တစ်ခုက သူ၏ စိတ်အစဉ်ကို လွှမ်းမိုးလာကြောင်း သတိပြုမိလိုက်သည်။ ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း တားဆီး၍မရသော အရှိန်အဝါများ ပေါက်ကွဲထွက်နေတော့သည်။
လျှပ်စီး ၁ သည် ဓားရှည်ကြီးကို မနားတမ်း ကစားနေရင်း ဓားအရှိန်အဝါအတွင်း၌ သွေးရောင်တောက်နေသော စွမ်းအင်တန်းများကို စုစည်းလာခဲ့သည်။ သွေးဆိုးဓားသိုင်းကို အဆက်မပြတ် ထုတ်ဖော်နိုင်လာသည်နှင့်အမျှ လျှပ်စီး ၁ ၏ တိုက်စစ်မှာ ပိုမိုပြင်းထန် လာတော့သည်။
ဖျတ်...
တိုက်ပွဲမှာ ကြာရှည်လာသည်နှင့်အမျှ ဒုတိယအဆင့် ဝံပုလွေဘုရင်တွင် ဒဏ်ရာများ များပြားလာပြီး အရှိန်အဟုန်မှာလည်း စတင် လျော့နည်းလာခဲ့သည်။ တစ်ဖက်တွင်မူ လျှပ်စီး ၁ မှာ ဇွန်ဘီဖြစ်သဖြင့် ပင်ပန်းနွမ်းနယ်ခြင်း မရှိဘဲ တိုက်စစ်မှာ ပိုမိုကြမ်းတမ်းလာသည်။ နောက်ဆုံးတွင် သွေးရောင်လွှမ်းနေသော ဓားအလင်းတန်းတစ်ခု လေထဲတွင် ဝှေ့ယမ်းသွားပြီးနောက် ဒုတိယအဆင့် ဆင့်ကဲဝံပုလွေဘုရင်၏ ဦးခေါင်းမှာ ပြတ်တောက်ကာ လွင့်စင်သွားတော့သည်။