အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း (၄၀၆) ခရမ်းရောင်မြစ်သံသရာစက်။ ပြတ်တောက်နေသော သွေးကြောများကို ပြန်လည်ပြုပြင်သည့် နည်းလမ်း။ (၁)
ထိုစဉ် သံမဏိနှလုံးသားဂိုဏ်း၏ ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ ဗလတောင့်တောင့်နှင့် လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေ၏။
ထိုသူ၏ ခန္ဓာကိုယ်ပတ်လည်တွင် "ချီ" နှင့် သွေးစွမ်းအင်များ တဟုန်ထိုးတက်ကြွနေပြီး ပြင်းထန်လှသော ထိုစွမ်းအင်များသည် ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် နဂါးတစ်ကောင်အသွင် ပြောင်းလဲနေ၏။ ခန်းမတစ်ခုလုံးတွင်လည်း ပြင်းထန်လှသော သွေးညှီနံ့များ လွှမ်းမိုးနေသည်။
ထိုလူထွားကြီးမှာ အခြားသူမဟုတ် တျဲရှင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ့်ထျဲရှန်းပင် ဖြစ်သည်။
"သွေးမိစ္ဆာဆေးလုံးရဲ့ အာနိသင်က တကယ်ကို စွမ်းတာပဲ။ တစ်လုံးတည်းနဲ့တင် လပေါင်းများစွာ ကြိုးစားအားထုတ်ရတဲ့ ကျင့်ကြံမှုကို ယှဉ်နိုင်တယ်။ အချိန်တိုလေးအတွင်းမှာပဲ ငါ့ကို 'ချီသွေးနဂါး' အဆင့်ကို ရောက်အောင် ကူညီပေးနိုင်ခဲ့တယ်။ နောက် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ 'ချီသွေးမီးပြင်းဖို' အဆင့်ကိုတောင် ရောက်သွားနိုင်တယ်။ အခွင့်အရေးသာ ရှိမယ်ဆိုရင်... ငါ 'မူလနယ်ပယ်အဆင့်' ကိုတောင် တက်လှမ်းနိုင်လိမ့်မယ်။"
ဝမ့်ထျဲရှန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ ပတ်ပတ်လည်တွင် တဟုန်းဟုန်းတောက်နေသော ချီနှင့် သွေးစွမ်းအင်များ ငြိမ်ကျသွားလေ၏။ သူ၏မျက်နှာက ပုံမှန်မဟုတ်ဘဲ နီမြန်းမှုနေသော်လည်း ရင်ထဲက ပီတိကိုတော့ မဖုံးကွယ်ထားနိုင်ချေ။
တျဲရှင်းဂိုဏ်းချုပ် ဝမ့်ထျဲရှန်း၏ အစွမ်းမှာ အခြားသူများ ခန့်မှန်းထားသည်ထက် များစွာ သာလွန်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် အလျင်အမြန် တိုးတက်လာခဲ့ပြီး အခုတော့ 'ချီသွေးနဂါး' အဆင့်သို့ တိတ်တဆိတ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ဤအဆင့်မှာ ဗဟိုပြည်နယ်တွင်ပင် လက်ရွေးစင်လူတန်းစား၌ ပါဝင်သည်။
အနီးနားရှိ ခရိုင်များတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။
သူက လက်ထဲရှိ ဆေးပုလင်းကို ကြည့်ကာ ပြုံးလိုက်မိသည်။ "သွေးမိစ္ဆာဆေးလုံးတွေ ကုန်သလောက် ရှိနေပြီ။ နောက်တစ်ခေါက် သွေးမိစ္ဆာဂိုဏ်းက သံတမန်လာရင် ထပ်လဲရမယ်။ ဒီလောက် တန်ဖိုးရှိတဲ့ ဆေးလုံးတွေကို ပါးပါးလေးရင်းပြီး ရတာက တကယ်ကို အမြတ်အကြီးအစားပဲ။"
"ဘာဖြစ်တာလဲ" ဝမ့်ထျဲရှန်းသည် ဆေးပုလင်းထဲမှ နီနီရဲရဲ သွေးမိစ္ဆာဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျင့်ကြံရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။ သူ၏လက်များ တုန်ရီသွားသဖြင့် ဆေးလုံးမှာ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားရာ သူကိုယ်တိုင်ပင် လန့်ဖျပ်သွားမိသည်။
ထိုခံစားချက်မှာ ဂနာမငြိမ်ဖြစ်ခြင်း၊ တစ်ခုခုကို ကြောက်လန့်နေခြင်းမျိုး ဖြစ်ပြီး တစ်စုံတစ်ရာသော ဘေးအန္တရာယ် ကျရောက်တော့မည်ဟု ကြိုတင်နိမိတ်ရနေသကဲ့သို့ပင်။
"ဘယ်သူလဲ။"
"အား"
တိတ်ဆိတ်နေသော တျဲရှင်းဂိုဏ်း ဌာနချုပ်အတွင်းမှ ဒေါသတကြီး အော်ဟစ်သံနှင့် ခပ်ပြတ်ပြတ် နာကျင်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ဝမ့်ထျဲရှန်းရှိရာသို့ ရောက်လာချိန်တွင် အလွန်တိုးညှင်းလှသော်လည်း သူ၏မျက်ခွံများ လှုပ်သွားစေခဲ့သည်။
"တစ်ယောက်ယောက်က တျဲရှင်းဂိုဏ်းကို လာတိုက်တာလား။ သတ္တိကောင်းလှချေလား။ ကောင်းပြီ... ငါ့ဓားကို မင်းတို့နဲ့ပဲ စမ်းသပ်ရတော့မှာပေါ့။" ဝမ့်ထျဲရှန်းက ချက်ချင်းပင် ဒေါသထွက်သွားပြီး မျက်နှာတွင် သွေးရောင်များ လွှမ်းသွားသည်။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း 'ချီသွေးအလွှာ’ အဆင့်မှ တတိယအဆင့်ဖြစ်သော 'ချီသွေးနဂါး' အဆင့်သို့ အလျင်အမြန် တက်လှမ်းလာခဲ့သည်ကို မည်သူမျှ မသိကြသေးပေ။
တစ်ယောက်ယောက်က လာရောက်ရန်စရဲတယ်ဆိုမှတော့ ဒီနေ့က သူ့နာမည်ကို ကျော်ကြားစေမည့်နေ့ပင်။ သူ၏ တန်ခိုးအာဏာကို ပြသပြီး တျဲရှင်းဂိုဏ်း၏ ရက်စက်လှသည့် ဂုဏ်သတင်းကို နောက်တစ်ဆင့် မြှင့်တင်ရပေမည်။
အခုက ညအချိန်ဖြစ်ရာ တျဲရှင်းဂိုဏ်းသား သုံးဦးက ညမအိပ်ဘဲ ဌာနချုပ်အတွင်း ကင်းလှည့်နေကြတာဖြစ်သည်။
"ရွှီး"
ရုတ်တရက် မြှားတစ်စင်းသည် လေကိုခွင်းကာ တိတ်တဆိတ် ပျံသန်းလာသည်။ ဘယ်ဘက်ရှိ သိုင်းပညာရှင်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မြှားမှာ သူ၏ဦးခေါင်းကို ဖောက်ဝင်သွားပြီး လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီး ကျန်ခဲ့လေ၏။
"မင်း..."
ကျန်နှစ်ယောက်မှာ ကြက်သေသေသွားပြီး သတိပင် မဝင်သေးပေ။ သူတို့ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် အေးစက်လှသော အလင်းတန်းများ ဖျတ်ခနဲ လက်သွားသည်။
"ဘုန်း ဘုန်း"
ထိုနှစ်ယောက်စလုံးမှာ တစ်ပြိုင်နက်တည်း မြှားထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။
တျဲရှင်းတောင်ကုန်း၏ အစွန်းတွင် စူးချန်ခုန်းသည် မျက်စိမှိတ်ကာ တိတ်တဆိတ် ရပ်နေရင်း သဘာဝစွမ်းအင် စီးဆင်းမှုကို အာရုံခံနေ၏။
တောက်ယင်နည်းပညာ အဆင့် (၇) သို့ ရောက်သွားပါက သဘာဝစွမ်းအင်ကို အာရုံခံနိုင်ပြီး အခြားသူများ၏ အစွမ်းကို ထိုစွမ်းအင်စီးဆင်းမှုမှတစ်ဆင့် သိနိုင်သည်။ အဆင့် (၈) သို့ ရောက်သောအခါ ထိုအာရုံခံနိုင်စွမ်းမှာ ပို၍ပင် ထင်ရှားလာသည်။
စူးချန်ခုန်း၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် မှောင်မိုက်နေသည့်တိုင် အဆောက်အဦးများ၊ နံရံများနှင့် အခြားအတားအဆီးများကြားမှ လူရိပ်များကို အာရုံခံနိုင်ပြီး သူတို့ပတ်လည်ရှိ စွမ်းအင်စီးဆင်းမှုမှတစ်ဆင့် အစွမ်းထက်မြက်မှုကိုပါ သိနေသည်။
"တျဲရှင်းဂိုဏ်းက တကယ်ကို အင်အားမသေးဘူးပဲ။ အများစုက ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်က ထိပ်တန်း သိုင်းသမားတွေပဲ" ဟု စူးချန်ခုန်းက မှတ်ချက်ပြုလိုက်သည်။
သို့သော် စူးချန်ခုန်းအတွက်မူ ထိပ်တန်းကိုယ်ခံပညာရှင်ဖြစ်စေ၊ သာမန်ဓားပြဖြစ်စေ ဘာမှမထူးခြားပါပေ။ မည်သို့ပင်ဆိုစေ မြှားတစ်စင်းတည်းဖြင့် အသက်ပျောက်သွားမည်သာ။
" ရွှီး... ရွှီး... ရွှီး"
စူးချန်ခုန်း၏ စိတ်အာရုံစေခိုင်းမှုအောက်တွင် သူ၏အနောက်ဘက်က 'ဧရာမမျောက်ဝံပုံရိပ်ယောင်' သည် မြှားများကို ဆက်တိုက်ပစ်ခတ်နေ၏။ လေးကြိုးမှာ အဆက်မပြတ် တုန်ခါနေပြီး မြှားများက လေကိုခွင်းကာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။
"ဒုတ် ဒုတ် ဒုတ်"
မြှားတစ်စင်း ထွက်သွားတိုင်း တျဲရှင်းဂိုဏ်းသား တစ်ဦးစီ သေဆုံးသွားလေ၏။
စူးချန်းခုန်း၏ ကြယ်ပုံစံရွှေလေးနှင့် မြှားအတတ် ပေါင်းစပ်လိုက်သောအခါ ပစ်ခတ်နိုင်သည့်အကွာအဝေးမှာ တစ်ကီလိုမီတာ (မီတာ ၁၀၀၀) အထိ ရှိလာသည်။
ဤအကွာအဝေးမှာ အံ့ဩဖွယ်ကောင်းလှပြီး တျဲရှင်းဂိုဏ်း ဌာနချုပ်တစ်ခုလုံးမှာ သူ၏ ပစ်ကွင်းအတွင်း၌သာ ရှိနေသည်။
"ဒေါင်... ဒေါင်... ဒေါင်"
တျဲရှင်းဂိုဏ်းအတွင်းမှ ခေါင်းလောင်းသံကြီးများ မြည်ဟည်းလာပြီး ရန်သူဝင်ရောက်လာကြောင်း သတိပေးလိုက်သည်။
"ဝုန်း"
သို့သော် ခေါင်းလောင်းသံ သုံးချက်မြည်ပြီးသည်နှင့် ရုတ်တရက် ရပ်တန့်သွားသည်။ စူးချန်ခုန်း၏ စေခိုင်းမှုဖြင့် ဧရာမမျောက်ဝံပုံရိပ်ယောင်က ခေါင်းလောင်းတီးနေသူကို ပစ်ခတ်လိုက်ရာ အစွမ်းထက်လှသော မြှားကြောင့် သံခေါင်းလောင်းကြီးမှာ ကွဲအက်သွားပြီး ခေါင်းလောင်းတီးသူမှာလည်း ချက်ချင်း သေဆုံးသွားတော့သည်။
"ဟိုဘက်မှာ.. အရှေ့ဘက် ချောက်ကမ်းပါးကနေ မြှားတွေရောက်လာတာ။" တစ်စုံတစ်ယောက်က အော်ပြောလိုက်သဖြင့် မြှားများလာရာအရပ်ကို သိသွားကြသည်။
"အားလုံးအတူတူ သွားသတ်ကြမယ်။" စူးချန်ခုန်းရှိရာသို့ လူအုပ်ကြီး ပြေးဝင်လာသော်လည်း သူကတော့ တည်ငြိမ်နေဆဲပင်။
"ရွှီး... ရွှီး... ရွှီး... ရွှီး"
ဧရာမမျောက်ဝံပုံရိပ်ယောင်သည် 'လေမိုးကြိုးချိတ်ဆက်ပုတီးစေ့' ပစ်နည်းကို အသုံးပြုကာ အမြောက်ဆန်များသဖွယ် မြှားများကို တရစပ် ပစ်ခတ်လိုက်သည်။
အသားထဲ မြှားတိုးဝင်သံများနှင့်အတူ ရှေ့ဆုံးမှ ပြေးလာသော တျဲရှင်းဂိုဏ်းသားများမှာ လေထဲသို့ လွင့်ထွက်သွားကြသည်။ အချို့သောမြှားများမှာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်ရုံတင်မကဘဲ နောက်ဘက်မှ လူ နှစ်ဦး၊ သုံးဦးကိုပါ ဆက်တိုက် ဖောက်ဝင်သွားလေ၏။
"ငါတို့ဂိုဏ်းထဲကို ဘယ်နှစ်ယောက်တောင် ဝင်လာတာလဲဟ။ အားလုံးက မြှားပစ်ဆရာကြီးတွေချည်းပဲလား။ အဲဒီနေရာ အနားတောင် ကပ်လို့မရဘူး။"
ကျန်ရှိနေသော တျဲရှင်းဂိုဏ်းသားများမှာ ကျောချမ်းသွားကြလေ၏။ တိတ်ဆိတ်ပြီး တိကျလှသော ထိုမြှားများကြောင့် သူတို့ ထိတ်လန့်နေကြသည်။ မြှားတစ်စင်းတိုင်းက သူတို့ညီအစ်ကိုတစ်ဦး၏ အသက်ကို နှုတ်ယူနေသည်။ ဤမျှ ဆက်တိုက်ကျလာသော မြှားများသည် လူတစ်ယောက်တည်း၏ လက်ချက်ဖြစ်လိမ့်မည်ဟု သူတို့ တွေးမိကြမည်မဟုတ်ပေ။
အခန်း (၄၀၇) ခရမ်းရောင်မြစ်သံသရာစက်။ ပြတ်တောက်နေသော သွေးကြောများကို ပြန်လည်ပြုပြင်သည့် နည်းလမ်း။ (၂)
စူးချန်ခုန်းအတွက်မူ တိရစ္ဆာန်ငါးမျိုးအသွင်ပြောင်းခြင်းနည်းပညာကို ဆက်လက်ထိန်းထားဖို့က သူ၏စိတ်စွမ်းအားနှင့် စိတ်ဆန္ဒကို များစွာအသုံးချရသည်။ လက်ရှိအခြေအနေအရ ဧရာမမျောက်ဝံပုံရိပ်ယောင်သည် မြှားအစင်းပေါင်း နှစ်ထောင်မှ သုံးထောင်အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး တည်ငြိမ်စွာ ရပ်တည်နိုင်ဆဲပင် ဖြစ်သည်။
ထိုစဉ် မဟာခန်းမဆောင်ကြီးအတွင်းမှ ထွားကျိုင်းလှသော လူရိပ်တစ်ခု ပြေးထွက်လာသည်။ ထိုသူနှင့်အတူ ကောင်းကင်ယံတစ်ခုလုံး တုန်ဟည်းစေသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာသည်။ ထူထဲများပြားလှသော ချီနှင့်သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သွေးရောင်လွှမ်းသော နဂါးရှည်တစ်ကောင်အသွင် ပြောင်းလဲသွားသည်။ ထိုနဂါးကြီးသည် အစွယ်တဝင့်ဝင့်နှင့် လက်သည်းများကို ဝှေ့ယမ်းလျက် ထိုလူအား ခန့်ညားထည်ဝါစွာ ရစ်ပတ်ထားလေ၏။
ပြင်းထန်လှသော ချီနှင့်သွေးစွမ်းအားများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားရာ တျဲရှင်းဂိုဏ်းမှ သိုင်းပညာရှင်များ ထိတ်လန့်တုန်လှုပ်ပြီး ဝမ်းသာအားရ ဖြစ်သွားကြသည်။
"အဲဒါ... ဂိုဏ်းချုပ်လား။ ချီသွေးနဂါးရှည်အဆင့်လား။ ဂိုဏ်းချုပ်က တကယ်ပဲ ချီသွေးနဂါးရှည်အဆင့်ရှိတဲ့ စစ်သည်တော်တစ်ယောက် ဖြစ်နေတာပဲ။"
ဤသို့ အံ့ဩစရာကောင်းသော ပုဂ္ဂိုလ်မှာ အခြားသူမဟုတ် တျဲရှင်းဂိုဏ်းချုပ် ဝမ့်ထျဲရှန်းပင် ဖြစ်သည်။
ဝမ့်ထျဲရှန်းသည် ချီသွေးနယ်ပယ်ရှိ သိုင်းပညာရှင်ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသော်လည်း ထိုအဆင့်အတွင်း၌ပင် အားနည်းသူနှင့် အားကြီးသူဟူ၍ ကွဲပြားပါသေးသည်။ ချီသွေးနဂါးရှည်အဆင့်ဆိုသည်မှာ ချီသွေးနယ်ပယ်အတွင်းရှိ သူများထဲ၌ပင် ထိပ်တန်းအဆင့်တွင် ပါဝင်သည်။
ဝမ့်ထျဲရှန်းက ဤမျှတိုတောင်းသော အချိန်အတွင်း အံ့အားသင့်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
"မိတ်ဆွေ... ငါက ဝမ့်ထျဲရှန်းပါ။ ဘာလို့ ဒီလောက်ဒေါသထွက်ပြီး လူတွေသတ်နေရတာလဲ။ ရန်ငြိုးတွေ ရှိခဲ့ရင်လည်း လူကိုယ်တိုင်ထွက်လာပြီး ပြေလည်ရာပြေလည်ကြောင်း စကားပြောကြတာပေါ့"
ဝမ့်ထျဲရှန်း၏ အနက်ရောင်ဆံသားများက လေထဲတွင် လွင့်ပျံနေလေ၏။ သူက အမှောင်ထုရှိရာဆီသို့ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ထိုအမှောင်ထဲတွင် သားရဲကြီးတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ခံစားနေရသည်။ သူ၏ ဩရှသောအသံမှာ ပဲ့တင်ထပ်သွားပြီး ဘယ်သူက တျဲရှင်းဂိုဏ်းကို ပစ်မှတ်ထားနေသလဲဆိုသည်ကို သိရဖို့ ကြိုးစားနေသည်။
"တျဲရှင်းဂိုဏ်းချုပ်လား။ ချီသွေးနဂါးအဆင့်လား။" စူးချန်ခုန်း အနည်းငယ် အံ့သြသွားသည်။ ဤဂိုဏ်းငယ်လေးတွင် ချီသွေးနယ်ပယ်သိုင်းပညာရှင် ရှိနေတာက မထူးဆန်းသော်လည်း ချီသွေးအသွင်ပြောင်းလဲခြင်း အဆင့်ခုနစ်အထက် ရောက်နေသူရှိနေတာက ထူးဆန်းပါသည်။ ဤမျှ အစွမ်းထက်သူရှိနေလျှင် ဂိုဏ်းရဲ့အတိုင်းအတာက ဤမျှ မသေးငယ်သင့်ပေ။
စူးချန်ခုန်း အံ့သြသွားသော်လည်း တွန့်ဆုတ်မနေခဲ့ပေ။ ဝမ့်ထျဲရှန်း ထွက်လာပြီဖြစ်သဖြင့် သူ့ကို မြှားဖြင့် ပစ်သတ်ရန် ဆုံးဖြတ်လိုက်သည်။
ဝှစ်
စူးချန်ခုန်း၏ အနောက်ဘက်မှ ဧရာမမျောက်ဝံပုံရိပ်ယောင်သည် လေးကိုဆွဲကာ မြှားကိုချိန်လိုက်သည်။ သူက အာရုံစိုက်လိုက်ပြီး သူ၏လူသားအနှစ်သာရ တစ်ပိုင်းတစ်စကို မြှားထဲသို့ ထည့်သွင်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် ပုံရိပ်ယောင်မျောက်ဝံကြီးက လက်ကို လွှတ်လိုက်လေ၏။
"ရွှီး"
မြှားတစ်စင်း ကောင်းကင်ယံကို ဖြတ်သန်းသွားရာ ပျံသန်းနေရင်း ပုံသဏ္ဍာန်ပင် ပျက်ယွင်းသွားသည်။ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အမြောက်အမြားမှာ မြှားထဲသို့ စီးဝင်သွားပြီး ကြီးမားလှသော ဖိအားကြောင့် သံချွန်မြှားမှာ လိမ်တွန့်သွားလေ၏။ သို့သော် မြှား၏ အရှိန်မှာ ပို၍ မြန်ဆန်လာပြီး သက်တန့်ရောင် အလင်းတန်းတစ်ခုကို ဆွဲခေါ်သွားလျက် ကိုက်ရာပေါင်းများစွာ အကွာရှိ ဝမ့်ထျဲရှန်းထံသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။
"ဘာ"
ဝမ့်ထျဲရှန်း၏ မျက်ဆန်များ ကျုံ့သွားလေ၏။ သူ့ထံသို့ သက်တန့်ရောင်အလင်းတန်းတစ်ခု တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုမြှားမှာ စိတ်ကူး၍မရနိုင်လောက်အောင် မြန်ဆန်လှပြီး ခုခံရန်ပင် မဖြစ်နိုင်လောက်အောင် ပြင်းထန်လှသည်။
"အား"
ဝမ့်ထျဲရှန်းမှာ အော်ဟစ်ဖို့သာ အချိန်ရလိုက်ပြီး သူ၏ချီနှင့်သွေးစွမ်းအင်များကို အထွတ်အထိပ်အထိ မြှင့်တင်ကာ ထိုသက်တန့်အလင်းတန်းကို ဖျက်ဆီးရန် လက်သီးဖြင့် ထိုးနှက်လိုက်သည်။
သို့သော် ချီသွေးအဆင့်၏ အထွတ်အထိပ်သို့ပင် မရောက်သေးသော ဝမ့်ထျဲရှန်းကိုပင် မဆိုနှင့် မူလနယ်ပယ်အဆင့်ရှိသော သိုင်းပညာရှင် ချီးခါထူပင်လျှင် စူးချန်ခုန်း၏ မြှားသုံးစင်းအောက်တွင် အသက်ပျောက်ခဲ့ဖူးသည်။
"ဂျိမ်း"
လေမိုးကြိုးသံများ မြည်ဟည်းသွားပြီး ထိမှန်သွားသည့် ခဏမှာပင် ဝမ့်ထျဲရှန်း၏ လက်သီးမှာ ကြေမွသွားကာ သက်တန့်အလင်း၏ ပြင်းအားက သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေ၏။ မိုးကြိုးနှင့် လေဆင်နှာမောင်းကဲ့သို့ ပြင်းထန်လှသော စွမ်းအားကြောင့် သူ၏ကိုယ်မှာ ရင်ဘတ်မှနေ၍ နှစ်ပိုင်း ပြတ်ထွက်သွားသည်။ လက်ခြေများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် အသက်ပင် မရှိတော့ပေ။ သွေးများမှာလည်း မြေပြင်ပေါ်တွင် ဖရိုဖရဲ စွန်းထင်ကုန်တော့သည်။
"ဂိုဏ်းချုပ်... သေသွားပြီလား။"
အစောပိုင်းက စိတ်လှုပ်ရှားနေကြသော တျဲရှင်းဂိုဏ်းသားများမှာ မှင်တက်သွားကြသည်။
ဝမ့်ထျဲရှန်းက အံ့မခန်းစွမ်းအားကို ပြသခဲ့ပြီး သူ၏ချီသွေးနဂါးအဆင့် ကျင့်ကြံမှုမှာ မိုင်ပေါင်းရာချီအတွင်း မည်သူ့ကိုမဆို သာလွန်သောအဆင့်ဖြစ်သည်။ သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော စစ်သည်တော်တစ်ဦး၏ မြှားတစ်ချက်အောက်မှာတင် အသက်ပျောက်သွားခဲ့ရသည်။ နေမင်းကို ထိုးဖောက်သွားသော သက်တန့်ကဲ့သို့ ထိုမြှားမှာ လူသားတစ်ယောက်၏ စွမ်းဆောင်နိုင်ရည်ထက် များစွာ ကျော်လွန်နေလေသည်။
"ပြေး... ပြေးကြ"
အချို့မှာ သတိပြန်ဝင်လာပြီး တောင်ပတ်လမ်းအတိုင်း ထွက်ပြေးဖို့ ကြိုးစားကြသည်။
"ရွှီး... ရွှီး... ရွှီး"
သို့သော် စူးချန်ခုန်း၏ တိုက်ခိုက်မှုမှာ တျဲရှင်းဂိုဏ်းသားတစ်ဦးကိုမျှ ချန်လှပ်မထားခဲ့။ သူက ထွက်ပြေးရန် ကြိုးစားနေသူများကို ဦးစားပေး ပစ်မှတ်ထားလိုက်သည်။
"ပုန်းကြ ပုန်းကြ။"
အချို့မှာ စူးချန်ခုန်း၏ မြှားဘေးမှ လွတ်ရန် အကာအကွယ်များနောက်သို့ ဝင်ပုန်းကြသော်လည်း အချည်းနှီးသာ ။
စွမ်းအားကြီးမားလှသော မြှားများသည် နံရံများနှင့် အတားအဆီးများကို ဖောက်ထွက်ကာ သူတို့၏ ခန္ဓာကိုယ်များဆီသို့ တည့်တည့်မတ်မတ် ရောက်သွားခဲ့သည်။
သာမန်ကိုယ်ခံပညာရှင်တစ်ဦးသည် မြှားပစ်ရာတွင် မည်မျှပင် ကျွမ်းကျင်စေကာမူ စူးချန်ခုန်းကဲ့သို့ ရန်သူတိုင်းကို တိကျစွာ မသတ်ဖြတ်နိုင်ပေ။ သူ၏ တောက်ယင်နည်းပညာမှာ အဆင့်မြင့်မားလှသဖြင့် ရန်သူများ၏ လှုပ်ရှားမှုကို အလွယ်တကူ သိမြင်နိုင်ပြီး သုတ်သင်နိုင်ခြင်း ဖြစ်သည်။
"ချမ်းသာပေးပါ။ ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော်က ဝမ်းစာရှာဖို့အတွက်ပဲ တျဲရှင်းဂိုဏ်းထဲ ဝင်ခဲ့တာပါ။"
အချို့သော ဂိုဏ်းသားများမှာ စိတ်ဓာတ်များ ပြိုလဲကာ ငိုယိုတောင်းပန်နေကြပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးပုဂ္ဂိုလ်က သူတို့ကို သနားငဲ့ညှာလိမ့်မည်ဟု မျှော်လင့်နေကြသည်။
သို့သော် စူးချန်ခုန်းမှာ မငဲ့ညှာခဲ့ပေ။ သူတို့ ခုခံသည်ဖြစ်စေ လက်နက်ချသည်ဖြစ်စေ အားလုံးမှာ သူ၏လက်ထဲတွင် သေခြင်းတရားဆီသို့သာ ဦးတည်သွားကြရသည်။
တျဲရှင်းဂိုဏ်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း နာရီဝက်ပင်မပြည့်မီ စူးချန်ခုန်းက တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူယူဆောင်လာသော မြှားထောင်ပေါင်းများစွာမှာ ကုန်သလောက် ရှိနေပြီဖြစ်ပြီး မြှားတစ်စင်းစီတိုင်းမှာ အသက်တစ်ချောင်းစီကို ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။
"ပြီးသွားပြီ။"
စူးချန်ခုန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ တျဲရှင်းဂိုဏ်းအတွင်းရှိ သိုင်းပညာရှင်အားလုံးမှာ သူ၏မြှားချက်တို့အောက်တွင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ၏အနောက်ဘက်မှ ပုံရိပ်ယောင်မျောက်ဝံကြီးမှာ ပျောက်ကွယ်သွားပြီး ခေါင်းထဲ၌ အနည်းငယ် မူးဝေသွားသည်။ ဤသည်မှာ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားသောကြောင့် ဖြစ်သည်။ သို့သော်လည်း စူးချန်ခုန်းအတွက်မူ ကောင်းကောင်းအိပ်စက်လိုက်ရုံဖြင့် ပြန်လည်လန်းဆန်းလာမည်ဖြစ်သည်။
"သမားတော်ဟွားရှန်က ဟိုဘက်မှာ ရှိနေမှာပဲ။ အဲဒီမှာ အသက်ရှင်နေတဲ့ အရိပ်အယောင်တွေ စုဝေးနေတုန်းပဲ။ အကျဉ်းသားတွေကို ထားတဲ့ အကျဉ်းထောင် ဖြစ်ရမယ်"
စူးချန်ခုန်းသည် ထိုအရပ်ဆီသို့ ဦးတည်ထွက်ခွာလာသည်။ သူသည် သဘာဝစွမ်းအင် စီးဆင်းမှုမှတစ်ဆင့် သမားတော်ဟွားရှန် ရှိရာနေရာကို စောစောကတည်းက သိရှိထားပြီး ဖြစ်သည်။ တျဲရှင်းဂိုဏ်းသားများကို ရှင်းလင်းပြီးနောက်မှသာ ထိုနေရာသို့ သွားရောက်ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးညှီနံ့များမှာ လေထုထဲတွင် လွှမ်းမိုးနေ၏။ စူးချန်ခုန်းမှာ မြေပြင်ပေါ်ရှိ အလောင်းများကို တစ်ချက်မျှ လှည့်မကြည့်ခဲ့ပေ။ သွေးသံရဲရဲတိုက်ပွဲများကို ကြုံတွေ့ခဲ့ဖူးပြီး အလောင်းတွေ တောင်လိုပုံကာ သွေးချောင်းစီးနေသည်ကို မြင်တွေ့ခဲ့ဖူးသောကြောင့် သူသည် ဤမြင်ကွင်းများကို ကျင့်သားရနေပြီဖြစ်ပြီး စိတ်ကို တည်ငြိမ်စွာ ထားနိုင်ခဲ့လေသည်။
အခန်း (၄၀၈) ခရမ်းရောင်မြစ်သံသရာစက်။ ပြတ်တောက်နေသော သွေးကြောများကို ပြန်လည်ပြုပြင်သည့် နည်းလမ်း။ (၃)
"အပြင်မှာ ဘာတွေဖြစ်နေတာလဲ။"
ခန်းမဆောင်ကြီးတစ်ခုအတွင်း၌ အသက်အရွယ်ရသော်လည်း နုပျိုကျန်းမာသော အသွင်အပြင်ရှိသည့် အဖိုးအိုတစ်ဦးသည် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကြောင့် လန့်နိုးလာပြီး စိုးရိမ်ပူပန်မှုများဖြင့် ဝေခွဲမရဖြစ်နေသည်။
အနှီလူက သမားတော်ဟွားရှန်ပင် ဖြစ်သည်။
အပြင်ဘက်မှ ပရမ်းပတာဖြစ်သံများမှာ အလွန်ပြင်းထန်လှသည်။ သတ်ဖြတ်သံများ၊ နာကျင်စွာ အော်ဟစ်သံများနှင့် အသက်ချမ်းသာပေးဖို့ တောင်းပန်သံများမှာ စစ်တပ်နှစ်ခု တိုက်ပွဲဖြစ်နေသကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေသည်။ နောက်ဆုံးတော့ ဂိုဏ်းတစ်ခုခု ဒါမှမဟုတ် အစိုးရစစ်တပ်က တျဲရှင်းဂိုဏ်းကို လာတိုက်ပြီလား။
သို့သော် ပို၍ ထိတ်လန့်စရာကောင်းသည်မှာ လက်ဖက်ရည်တစ်ခွက်တောင်မအေးသေးသည့် အချိန်တွင် အရာအားလုံး တိတ်ဆိတ်သွားခြင်းပင်။ ဤတျဲရှင်းတောင်သည် ခုခံမှုအားကောင်းပြီး တိုက်ခိုက်ရန် ခက်ခဲသော နေရာဖြစ်သည်။ အကယ်၍ အလွန်အစွမ်းထက်သော အင်အားစုက တိုက်ခိုက်လာသည်ဆိုဦးတော့ တိုက်ပွဲက ဤမျှမြန်မြန်ဆန်ဆန် မပြီးဆုံးသင့်ပေ။
"ဂျောက်"
သမားတော်ဟွားရှန် အံ့သြနေစဉ်မှာပင် တံခါးသော့ကို ခုတ်ဖွင့်လိုက်သံနှင့်အတူ တံခါးပွင့်သွားလေ၏။ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး တံခါးဝတွင် ပေါ်လာသည်။ သူ၏ကျောတွင် အနက်ရောင်လေးတစ်လက်ကို လွယ်ထားကာ ကျဉ်းမြောင်းပြီး ရှည်လျားသော မျက်ဝန်းများမှာ အေးစက်လှသော အငွေ့အသက်များကို ဆောင်ကြဉ်းနေသည်။
သူ၏ မျက်နှာအသားအရည်မှာ ဖျော့တော့နေပြီး ရောဂါဝေဒနာတစ်ခုခုကို အချိန်အတော်ကြာ ခံစားနေရသကဲ့သို့ အသက်ရှူသံမှာလည်း အားနည်းနေသည်။
ထိုသူမှာ အခြားသူမဟုတ် စူးချန်ခုန်းပင် ဖြစ်သည်။
ခန်းမထဲသို့ ဝင်လာသည်နှင့် စူးချန်ခုန်းသည် သစ်သားခုတင်စောင်းတွင် ထိုင်နေသော သမားတော်ဟွားရှန်ကို ချက်ချင်း မြင်လိုက်ရသည်။
သမားတော်ဟွားရှန်မှာ အသက်ပင်ဝဝမရှူရဲချေ။ သူ၏ပင်ကိုသိစိတ်အရ သူ့ရှေ့မှလူငယ်လေးထံမှ ထိတ်လန့်ဖွယ် ကောင်းလှသော ဖိအားကို ခံစားနေရသည်။ ထိုလူငယ်၏ စွမ်းအားမှာ တျဲရှင်းဂိုဏ်းချုပ် ဝမ့်ထျဲရှန်းထက်ပင် ပိုမိုနက်ရှိုင်းပုံရသည်။
သမားတော်ဟွားရှန်ကို မြင်လိုက်ရသောအခါ စူးချန်ခုန်း၏ စိတ်အခြေအနေမှာလည်း အနည်းငယ် ရှုပ်ထွေးသွားသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သံနက်အိမ်တော်တွင် ပထမဆုံးတွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ဆုံတွေ့ရခြင်းမှာ တကယ့်ကို ထူးဆန်းသော ကံကြမ္မာပင် ဖြစ်သည်။
စူးချန်ခုန်း၏ စိတ်ထဲတွင် အတန်ငယ် ကြည်နူးနေမိသည်။
ခဏကြာပြီးနောက် သမားတော်ဟွားရှန်က ဂရုတစိုက် မေးလိုက်သည်။ "တျဲရှင်းဂိုဏ်းသားတွေရော။"
စူးချန်းခုန်းသည် သူ၏မျက်နှာသွင်ပြင်ကို ပြောင်းလဲထားသည့်အပြင် သမားတော်ဟွားရှန်နှင့် ပထမဆုံးတွေ့စဉ်က သူသည် အသက်တစ်ဆယ်ဝန်းကျင်သာ ရှိသေးပြီး သူ၏ခန္ဓာကိုယ်မှာလည်း ကောင်းစွာ မဖွံ့ဖြိုးသေးပေ။ ထို့ကြောင့် သမားတော်ဟွားရှန်အနေဖြင့် စူးချန်ခုန်းကို မမှတ်မိတာ မဆန်းပါပေ။
"သေကုန်ပြီ" ဟု စူးချန်ခုန်းက တိုတိုတုတ်တုတ် ပြောလိုက်သည်။
ဤစကားကြောင့် သမားတော်ဟွားရှန်မှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ ဒီလောက်အချိန်တိုလေးအတွင်းမှာ တျဲရှင်းဂိုဏ်းသားတွေ အကုန်လုံး သေကုန်ပြီတဲ့လား။ အားလုံးက ဒီအနက်ရောင်ဝတ်စုံနဲ့ လူငယ်လေးတစ်ယောက်တည်းရဲ့ လက်ချက်လား။
စူးချန်ခုန်း၏ အကြည့်သည် ခန်းမ၏ အတွင်းပိုင်းဆီသို့ ရောက်သွားရာ ခုတင်များပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးများကို မြင်လိုက်ရသည်။ အချို့မှာ အိပ်ပျော်နေကြပြီး အချို့မှာမူ ခုတင်ထောင့်များတွင် ကပ်ကာ ကြောက်လန့်တကြား ကြည့်နေကြသည်။ အနည်းဆုံး အမျိုးသမီး ဒါဇင်ဝက်ခန့် ရှိနေသည်ကို မြင်လိုက်ရသည်။
"ဒီမှာ အမျိုးသမီးတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။" စူးချန်ခုန်းက နားမလည်နိုင်စွာ မေးလိုက်သည်။ ထိုအမျိုးသမီးအများစုမှာ သာမန်အရပ်သူများသာ ဖြစ်ပုံရပြီး ရုပ်ရည်မှာလည်း ပျမ်းမျှသာ ဖြစ်ကာ ပင်ပန်းနွမ်းနယ်နေကြသည့်ပုံပင်။ သူတို့မှာ တျဲရှင်းဂိုဏ်းသားများ အသုံးတော်ခံဖို့အတွက် ထိန်းသိမ်းခံထားရသူများနှင့် မတူပေ။
စူးချန်ခုန်းတွင် ရန်လိုစိတ်မရှိသည်ကို မြင်သောအခါ သမားတော်ဟွားရှန်က ဒေါသတကြီးဖြင့် ပြောပြသည်။ "သူတို့အားလုံးက တျဲရှင်းဂိုဏ်းက တိရစ္ဆာန်ကောင်တွေ စက်ဆုပ်စရာကောင်းတဲ့ ကိစ္စတွေအတွက် ဖမ်းဆီးခံထားရသူတွေပါ။ သူရဲကောင်းလေး... အဖိုးနောက်ကို လိုက်ခဲ့။ ဒါဆိုရင် မင်းနားလည်သွားလိမ့်မယ်။"
"ကောင်းပါပြီ" စူးချန်းခုန်း ခေါင်းညိတ်လိုက်သည်။ နူးညံ့သိမ်မွေ့သော သမားတော်ဟွားရှန်က ဒီလောက်ဒေါသတကြီး ဆဲဆိုခဲလှသည်။
သမားတော်ဟွားရှန်က စူးချန်ခုန်းကို ခန်းမအပြင်ဘက်ရှိ အခန်းတစ်ခုဆီသို့ ခေါ်သွားလေ၏။
"အားလုံး သေကုန်ပြီ..." လမ်းတစ်လျှောက်တွင် တျဲရှင်းဂိုဏ်းသားများ၏ အလောင်းများ ပြန့်ကျဲနေသည်ကို မြင်ရသောအခါ သမားတော်ဟွားရှန် အံ့အားသင့်သွားပြန်သည်။
သူ၏ရှေ့မှ လူငယ်လေးက တျဲရှင်းဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်လိုက်တာလား။ သူသည် အံ့သြနေသော်လည်း "နားအေးတာပဲ" ဟု မပြောဘဲ မနေနိုင်ခဲ့ပေ။
သမားတော်ဟွားရှန်က စူးချန်းခုန်းကို သော့ခတ်ထားသော အခန်းတစ်ခုအတွင်းသို့ ခေါ်သွားပြီး ဖယောင်းတိုင်များကို ထွန်းညှိလိုက်သောအခါ စူးချန်ခုန်းသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားလေ၏။
အခန်းထဲတွင် ဖန်ပုလင်းပေါင်းများစွာ ရှိနေပြီး ပုလင်းတစ်ခုစီတိုင်းတွင် အမျိုးအမည်မသိသော အရည်များ ဖြည့်ထားသည်။ ထိုအရည်များထဲတွင် သန္ဓေသားလေးများနှင့် တူသော နီရဲရဲအရာလေးများ မြုပ်နေကြသည်။
သွေးသံရဲရဲ မြင်ကွင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော စူးချန်းခုန်းပင်လျှင် ရှေ့မှ မြင်ကွင်းကြောင့် ကျောချမ်းသွားမိသည်။
သမားတော်ဟွားရှန်က သက်ပြင်းချကာ ပြောလိုက်သည်။ "ဒါတွေက လူ့အသွင်မဖြစ်သေးတဲ့ သန္ဓေသားလောင်းတွေပဲ။ သူတို့ကို 'ခရမ်းရောင်မြစ်သံသရာစက်'လို့လည်း ခေါ်ကြတယ်။ တျဲရှင်းဂိုဏ်းက ဖမ်းလာတဲ့ ဒီအမျိုးသမီးတွေ အားလုံးမှာ ကိုယ်ဝန်ရှိနေကြတယ်။ သူတို့က ဗိုက်ထဲက ကလေးက လိုချင်တဲ့ အခြေအနေကို ရောက်တဲ့အထိ စောင့်ပြီးမှ ဗိုက်ကိုခွဲပြီး ထုတ်ယူဖို့ ကြံစည်နေကြတာ။"
ဤစကားကို ကြားသောအခါ စူးချန်းခုန်းမှာ အကြီးအကျယ် တုန်လှုပ်သွားလေ၏။ ဤလုပ်ရပ်မှာ လူသားမဆန်ဘဲ ကြောက်မက်ဖွယ် ကောင်းလှသည်။
"သူတို့ ဘာလို့ ဒီလိုတွေ လုပ်နေကြတာလဲ။" စူးချန်ခုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
သမားတော်ဟွားရှန်က စူးချန်ခုန်းကို စူးစိုက်ကြည့်ကာ ရှင်းပြလိုက်သည်။ "လူတစ်ယောက်က မိခင်ဝမ်းထဲ ရှိနေချိန်မှာ အသက်ဝိညာဉ်နဲ့ ဉာဏ်ရည်ကို ပြုစုပျိုးထောင်ပေးတဲ့ 'မူလချီစွမ်းအင်' တွေ ရှိနေတတ်တယ်လို့ ငါကြားဖူးတယ်။ တစ်နည်းအားဖြင့် ပြောရရင်... ကလေးတစ်ယောက် မမွေးခင်မှာ သန္ဓေသားကို ထုတ်ယူပြီး ကောင်းကောင်း ထိန်းသိမ်းထားနိုင်မယ်ဆိုရင် သီအိုရီအရ အဲဒီထဲကနေ မူလချီစွမ်းအင်ကို ထုတ်ယူနိုင်တဲ့ နည်းလမ်းရှိတယ်။ ဒါကြောင့် မကောင်းဆိုးဝါးဂိုဏ်းက လူအချို့က ဒီ 'ခရမ်းရောင်မြစ်သံသရာစက်' တွေကို စုဆောင်းဖို့ ဒါမှမဟုတ် ပြုစုပျိုးထောင်ဖို့အတွက် အဖိုးအခ အမြောက်အမြား ပေးကြတာပဲ။"
ဤအချက်ကို သိလိုက်ရသောအခါ စူးချန်ခုန်း တုန်လှုပ်သွားသည်။
အသက်ဇီဝကို ပြုစုပျိုးထောင်သည့် ဖြစ်စဉ်တွင် သာမန်လူများ၌ပင် မူလချီစွမ်းအင်များ ဖြစ်ပေါ်တတ်သည်။ သို့သော် မွေးဖွားပြီးနောက်တွင် လောကကြီး၏ အညစ်အကြေးများနှင့် ထိတွေ့ရသဖြင့် ထိုချီစွမ်းအင်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားတတ်သည်။
ထို့ကြောင့် 'မူလနယ်ပယ်အဆင့်' သို့ ရောက်ရှိရန် သိုင်းပညာရှင်များသည် မူလချီစွမ်းအင်ကို ပြန်လည်သန့်စင်ပြီး 'မူလခန္ဓာကိုယ်' အဖြစ် ပြန်လည် ပြောင်းလဲကြရသည်။
မူလချီစွမ်းအင်မှာ အလွန်ရှားပါးလှပြီး အချို့သော အတိတ်နိမိတ်ကောင်းသောနေရာများတွင်သာ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သည်။ သို့သော် ထိုပမာဏမှာ အကန့်အသတ်ရှိပြီး ဂိုဏ်းကြီးများ၊ တော်ဝင်မိသားစုများနှင့် မှူးမတ်များကသာ တင်းကျပ်စွာ ထိန်းချုပ်ထားကြသည်။
ပြင်ပလူများအနေဖြင့် မူလနယ်ပယ်အဆင့်သို့ ရောက်ရှိရန်နှင့် မူလချီစွမ်းအင်ကို ရရှိဖို့ ကံတရားအပေါ်၌သော်လည်းကောင်း အင်အားကြီးသော အဖွဲ့အစည်းများသို့ ဝင်ရောက်ခြင်းဖြင့်သော်လည်းကောင်း ကြိုးစားကြရသည်။
သို့သော်လည်း အချို့သော မိစ္ဆာလမ်းစဉ်ဂိုဏ်းများတွင် မူလချီစွမ်းအင်ကို ရရှိရန် အခြားနည်းလမ်းများ ရှိနေကြသည်။ ထိုနည်းလမ်းတွေထဲက တစ်ခုကတော့ ဤ 'ခရမ်းရောင်မြစ်သံသရာစက်' ပင် ဖြစ်သည်။ လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ ထိုမှတစ်ဆင့် မူလချီစွမ်းအင်ကို သန့်စင်ထုတ်ယူကြသည်။ အကယ်၍ လုံလောက်သော ပမာဏအထိ စုဆောင်းနိုင်ပါက မူလနယ်ပယ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကို ဖန်တီးနိုင်မည် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် ဤမျှ ကြီးမားသော အဖိုးအခကို ပေးဆောင်နေကြခြင်း ဖြစ်သည်။