အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အခန်း (၄၁၈) နတ်ပိုးချည်ကျင့်စဉ်။ ဆေးဘက်ဝင်အပင်တစ်ရာ၏ အဆီအနှစ်။ (၂)
ချမ်ရွေ့ တွေဝေနေစဉ်မှာပင် ပုံရိပ်ယောင် မျောက်ဝံကြီးက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ၎င်း၏ ဧရာမလက်ဖဝါးကြီးများဖြင့် ချမ်ရွေ့၏ လက်မောင်းများကို ဆုပ်ကိုင်ကာ အားပြင်းပြင်းဖြင့် ဆွဲဆောင့်လိုက်သည်။
"ဂျွတ် ဂျွတ်"
အရိုးများ အဆက်ပြုတ်သွားသည့် အသံနှင့်အတူ ချမ်ရွေ့၏ နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာသည်။ သူ၏ လက်မောင်းအဆစ်များကို ပုံရိပ်ယောင်မျောက်ဝံကြီးက ဖြုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
"ဂျွတ် ဂျွတ်"
ချန်ရွေ့သည် ပြန်လည်ခုခံလိုသော်လည်း သူ၏ အားအကောင်းဆုံးအခြေအနေမှာတုန်းကတောင် စူးချန်ခုန်း၏ ဒသမနယ်ပယ် ဝူချင်းရှီကို မယှဉ်နိုင်ရာ ယခုကဲ့သို့ လက်ဆစ်များ အဖြုတ်ခံထားရချိန်တွင် ပို၍ပင် မတတ်နိုင်တော့ချေ။ ဧရာမမျောက်ဝံပုံရိပ်ယောင်က သူ့ကို မြေပြင်ပေါ်သို့ ဖိချထားပြီး ခြေဆစ်များကိုပါ ထပ်မံ ဖြုတ်ပစ်လိုက်ပြန်သည်။
စူးချန်ခုန်းသည် နတ်ပိုးချည်ဂူအတွင်း၌ နတ်ပိုးချည်နတ်ဘုရားစွမ်းအင်ပန်းချီကို နားလည်သဘောပေါက်အောင် ကျင့်ကြံရန် ရည်ရွယ်ထားသဖြင့် ချမ်ရွေ့ကို လွှတ်ပေးလို့မရတာ သဘာဝကျပါသည်။ ထိုသို့မဟုတ်ပါက ချမ်ရွေ့ ထွက်သွားသည်နှင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားများကို အကြောင်းကြားလိမ့်မည်။ ထိုသို့ဆိုလျှင် စူးချန်ခုန်းအနေဖြင့် အေးအေးချမ်းချမ်း ကျင့်ကြံဖို့က မဖြစ်နိုင်သော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ချမ်ရွေ့ကို သတ်ပစ်ဖို့ကတော့ စူးချန်ခုန်း မလုပ်နိုင်ပါပေ။ သူက သူတော်စင်တစ်ယောက် မဟုတ်သော်ငြား အပြစ်မဲ့သူကို သတ်ပစ်မည့်သူလည်း မဟုတ်ချေ။ သူသည် သူ၏ သွေးကြောများကို ပြန်ဆက်ရန်နှင့် သိုင်းပညာလမ်းစဉ်ကို ပြန်လည်စတင်ရန် အလွန်ဆန္ဒစောနေသဖြင့် ခွင့်ပြုချက်မရှိဘဲ နတ်ပိုးချည်ကျင့်စဉ်ကို ခိုးယူကျင့်ကြံနေခြင်း ဖြစ်သော်လည်း ထိုအတွက်နှင့် လူသတ်ဖို့ကတော့ အလွန်အကျွံ ဖြစ်သွားပေလိမ့်မည်။
စူးချန်ခုန်း လုပ်နိုင်တာကတော့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းအပေါ် မလိုအပ်ဘဲ ထိခိုက်နစ်နာမှု မရှိစေရန်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ချမ်ရွေ့၏ လွတ်လပ်မှုကို အရင်ဆုံး ကန့်သတ်ထားလိုက်ပြီး ပြန်ခါနီးမှသာ ပြန်လည်လွှတ်ပေးဖို့ စီစဉ်ထားသည်။
စူးချန်ခုန်းသည် ချမ်ရွေ့ကို အဝေးတစ်နေရာရှိ ဂူနံရံတွင် မှီ၍ ထားလိုက်သည်။
ချမ်ရွေ့၏ ရင်ထဲတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ လွှမ်းမိုးနေ၏။ "ဒီစူးဟေးလိုင်ကတော့ တကယ့်ကို စိတ်ကူးယဉ်လွန်းနေတာပဲ။ နတ်ဘုရားစွမ်းအင်ပန်းချီတစ်ခုတည်းနဲ့ နတ်ပိုးချည်ကျင့်စဉ်ကို သင်နိုင်မယ်လို့ ထင်နေတာလား။ ငါတို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ထောင် သမိုင်းမှာ သုံးယောက်ပဲ တတ်မြောက်ခဲ့တာကွ။"
နက်နဲသော သိုင်းပညာရပ် အများစုမှာ ကျင့်စဉ်စာသားနှင့် နတ်ဘုရားစွမ်းအင်ပန်းချီဟူ၍ နှစ်ပိုင်းခွဲထားပြီး နှစ်ခုလုံးမှာ လျစ်လျူရှု၍ မရနိုင်လောက်အောင် အရေးကြီးပါသည်။ နတ်ပိုးချည်ကျင့်စဉ်မှာ ကိုယ်တိုင်ကပင် ကျင့်ကြံရန် အလွန်ခက်ခဲလှသော ထူးဆန်းသည့် ပညာရပ်တစ်ခု ဖြစ်နေသည့်အပြင် ကျင့်စဉ်လမ်းညွှန်စာသားကိုလည်း မသိရှိထားရာ စူးချန်ခုန်းအနေဖြင့် ပိတ်ဆို့မှုနှင့် ကြုံတွေ့ရမှသာ လက်လျှော့သွားလိမ့်မည်ဟု ချမ်ရွေ့ တွေးနေမိသည်။
ကူကယ်ရာမဲ့စွာဖြင့် ချမ်ရွေ့သည် ဂူထောင့်တွင် ပုံလျက်သားလဲနေရင်း စူးချန်ခုန်းအနေဖြင့် ကျင့်စဉ်မတတ်မြောက်ပါက သူ၏အပေါ် ဒေါသပုံမချဘဲ မြန်မြန်သာ လက်လျှော့သွားဖို့ ဆုတောင်းနေမိတော့သည်။
ချမ်ရွေ့ကို ကိုင်တွယ်ပြီးနောက် စူးချန်ခုန်းသည် စိတ်လှုပ်ရှားနေတာကို ငြိမ်သက်စေဖို့ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် စိတ်ထဲမှ တောင်းပန်ရင်း အဘိုးအိုချီရှစ်၏ ရုပ်အလောင်းကို ရေကန်ဘေးမှ အဝေးတစ်နေရာသို့ ရွှေ့ပြောင်းပေးလိုက်သည်။
အဘိုးအိုချီရှစ် လွန်ခဲ့သော လဝက်ခန့်က ကျင့်ကြံရင်း ကွယ်လွန်သွားတာ ဖြစ်ရမည်။ သို့သော် မူလနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် သေဆုံးသွားစေဦးတော့ သူ၏ရုပ်ကလာပ်မှာ နှစ်ပေါင်းများစွာအထိ ပုပ်သိုးသွားခြင်း မရှိပေ။
အမှန်တော့ အဘိုးအိုချီရှစ်မှာ အတော်လေး ကံကောင်းသူ ဖြစ်သည်။ သူသည် အသက်နှစ်ရာအထိ အသက်ရှည်ခဲ့သည့်အပြင် သူတစ်ပါးလက်ချက်ဖြင့် သေဆုံးရခြင်း မဟုတ်ဘဲ ကျင့်ကြံနေရင်း သဘာဝအတိုင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ရာ ဤသည်မှာ လောကရှိ လူရာခိုင်နှုန်း ကိုးဆယ့်ကိုးထက်ပင် ပို၍ ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။
စူးချန်ခုန်းသည် နတ်ပိုးချည်ဂူအတွင်းရှိ ရေကန်ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ရေကန်အောက်ခြေမှ နတ်ဘုရားစွမ်းအင်ပန်းချီကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော နေရာတွင် သူ နေရာယူလိုက်ခြင်း ဖြစ်သည်။
"ဟူး"
မကြာမီမှာပင် စူးချန်းခုန်းသည် တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွားပြီး သူ၏ အာရုံအားလုံးကို နတ်ဘုရားစွမ်းအင်ပန်းချီကို နားလည်သဘောပေါက်စေရန်သာ နှစ်မြှုပ်လိုက်သည်။
စူးချန်ခုန်း၏ မျက်လုံးရှေ့တွင် သာမန်ကာလျှံကာဟု ထင်ရသော နတ်ဘုရားစွမ်းအင်ပန်းချီမှာ တဖြည်းဖြည်း အသက်ဝင်လာတော့သည်။
ပိုးဥလေးများမှတစ်ဆင့် ပိုးကောင်လေးများ ပေါက်ဖွားလာသည်ကို စူးချန်ခုန်း မြင်တွေ့နေရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှာ အနက်ဖျော့ရောင်ရှိပြီး အစာစားကာ ကြီးထွားလာသည်နှင့်အမျှ ကိုယ်ထည်မှာ တဖြည်းဖြည်း တောက်ပလာသည်။
ထိုအဆင့်သို့ ရောက်သောအခါ ပိုးကောင်များသည် ပိုးချည်များကို ထွေးထုတ်ပြီး မိမိကိုယ်ကိုယ် ပိုးအိမ်အတွင်း ရစ်ပတ်ထားလိုက်ကြသည်။ အချိန်ကြာလာနှင့်အမျှ ပိုးအိမ်များ ပွင့်ထွက်သွားကာ အတောင်ပံများ ပါရှိသော ပိုးဖလံများအဖြစ်သို့ ကူးပြောင်းသွားကြတော့သည်။
"ပိုးကောင်တစ်ကောင်ရဲ့ ဘဝက တကယ်ကို တိုတောင်းလှပါလား။ မွေးဖွားခြင်းကနေ ကြီးပြင်းပြီး သေဆုံးတဲ့အထိ ရက်ပေါင်း ငါးဆယ်လောက်ပဲ ကြာတယ်..." စူးချန်းခုန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် စူးချန်ခုန်းသည် ပိုးဖလံလေးများ ပျံသန်းနေကြပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ ထိုပိုးဖလံများသည် ပိုးချည်များကို ထွေးထုတ်ကာ မိမိကိုယ်ကိုယ် ထပ်မံရစ်ပတ်လိုက်ကြပြီး ပိုးအိမ်ပွင့်လာသောအခါ ထိုပိုးဖလံမှာ ပြန်လည်နုပျိုသွားကာ ပိုးလောင်းအဆင့်သို့ ပြန်လည်ရောက်ရှိသွားခြင်းပင်။
"နတ်ပိုးချည်က အဆုံးမဲ့ချည်မျှင်တွေကို ထွေးထုတ်တယ်။ အိုမင်းခြင်းကို ပြောင်းပြန်လှန်ပြီး ထာဝရ နုပျိုစေတယ်။"
စူးချန်ခုန်းသည် နတ်ဘုရားစွမ်းအင်ပန်းချီမှတစ်ဆင့် နတ်ပိုးချည်ကျင့်စဉ်၏ အနှစ်သာရကို တဖြည်းဖြည်း နားလည်လာသည်။
နတ်ပိုးချည်ကျင့်စဉ်မှာ အလွန်နက်ရှိုင်းသော သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းကို သိုင်းပညာရှင်ကြီးတစ်ဦးက သူ၏ နေဝင်ခါနီးအချိန်တွင် နွေဦးကာလ ပိုးကောင်လေးများ ပိုးချည်ထုတ်နေသည်ကို စောင့်ကြည့်ရာမှတစ်ဆင့် ဉာဏ်အလင်းပွင့်ကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုသိုင်းပညာရှင်ကြီးသည် နတ်ပိုးချည်ကျင့်စဉ်ဖြင့် သူ၏ အိုမင်းမှုကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ကျင့်ကြံရင်း မကွယ်လွန်မီအထိ သက်တမ်းကို နှစ်ပေါင်းများစွာ တိုးမြှင့်နိုင်ခဲ့သည်ဟု ဆိုကြသည်။
ငယ်ရွယ်သော စူးချန်ခုန်းအတွက်မူ အသက်နုပျိုခြင်းမှာ အမှန်တော့ အသုံးမဝင်လှပေ။ သူ အလိုချင်ဆုံးအရာမှာ နတ်ပိုးချည်ကျင့်စဉ်၏ ကုသနိုင်စွမ်းရှိသော နည်းလမ်းသာ ဖြစ်သည်။
"နတ်ပိုးချည်ကျင့်စဉ်က အသက်ရှူကျင့်စဉ် အခြေခံကနေ စတင်ရတာပဲ။ အသက်ရှူကျင့်စဉ် တိုးတက်လာတာနဲ့အမျှ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးလိမ့်မယ်။ ကျင့်ကြံသူရဲ့ အရေပြားက သတ္တုလို ကြံ့ခိုင်လာပြီး အရိုးတွေက သံမဏိလို မာကျောလာလိမ့်မယ်။ အဲဒီအဆင့် ရောက်မှသာ နောက်တစ်ဆင့်အနေနဲ့ 'ဆေးဘက်ဝင်အပင်တစ်ရာ အဆီအနှစ်ရည်' တွေထဲမှာ စိမ်ပြီး ခန္ဓာကိုယ်ကို ပိုမိုသန့်စင် ကျရမယ်။ ဒါမှ အခြေခံတည်ဆောက်ခြင်းအဆင့် ပြီးမြောက်နိုင်မှာ။"
"အခြေခံတည်ဆောက်ခြင်း ပြီးမြောက်သွားရင်တော့ ခန္ဓာကိုယ်ထဲမှာ 'ချီစွမ်းအင်' မျှင်တွေ ပေါ်လာလိမ့်မယ်။ ဒီနတ်ပိုးချည်ချီစွမ်းအင်ကို ချည်မျှင်တွေအဖြစ် ထုတ်ပြီး 'နတ်ပိုးချည်မျှင်' တွေ ဖန်တီးနိုင်မှာပဲ။"
"နတ်ပိုးချည်မျှင်တွေက ပျော့ပျောင်းနိုင်သလို မာကျောနိုင်စွမ်းလည်း ရှိတယ်။ လူ့ခန္ဓာကိုယ်ရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး စီးဆင်းနိုင်တယ်။ အဆိပ်အားလုံးကို ပြယ်စေပြီး အတွင်းဒဏ်ရာတွေကို ကုသပေးနိုင်တယ်။ အရိုးကျိုးတာ၊ အတွင်းအင်္ဂါတွေ ပျက်စီးတာနဲ့ ပြတ်တောက်နေတဲ့ သွေးကြောတွေအားလုံးကို နတ်ပိုးချည်ချီစွမ်းအင်ရဲ့ သက်စောင့်အားတွေနဲ့ ပြန်လည်ပေါက်ဖွားအောင် လုပ်ပေးနိုင်တယ်။"
"နတ်ပိုးချည်မျှင်တွေကို သေစေနိုင်တဲ့ လက်နက်တစ်ခုအဖြစ်လည်း သုံးနိုင်သေးတယ်။ သွေးကြောပိတ်တာ၊ စွမ်းအင်စီးဆင်းမှုကို ရပ်တန့်စေတာနဲ့ ရစ်ပတ်ချုပ်နှောင်တာတွေ လုပ်နိုင်ပြီး ဓား၊ လှံ စတဲ့ လက်နက်တွေနဲ့ ဖြတ်တောက်လို့ မရနိုင်ဘူး။"
"တကယ်လို့ နက်နဲ့တဲ့ နယ်ပယ်အထိ ကျင့်ကြံနိုင်ရင်တော့ အသက်ရှူရုံနဲ့တင် ပိုးချည်တွေကို ထုတ်နိုင်ပြီး မိမိကိုယ်ကိုယ် ပိုးအိမ်တစ်ခုလို ရစ်ပတ်ထားနိုင်တယ်။ ဒဏ်ရာအခြေအနေပေါ် မူတည်ပြီး နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာတင် အမြန်ဆုံး ကုသပေးနိုင်မှာ။"
နတ်ပိုးချည် နတ်ဘုရားစွမ်းအင်ပန်းချီမှ စူးချန်ခုန်း သိလိုက်ရသောအရာများက သူ၏မျက်ဝန်းများကို ဉာဏ်အလင်းရောင်ဖြင့် တောက်ပသွားစေ၏။
နတ်ပိုးချည်ကျင့်စဉ်ကို တတ်မြောက်ရန်မှာ အလွန်ခက်ခဲလှသည်။ အညစ်အကြေးများကို ဖယ်ရှားပေးမည့် ကနဦး အသက်ရှူလေ့ကျင့်ခန်း အဆင့်မှာပင် အချိန်အတော်ကြာ လိုအပ်လှရာ နတ်ပိုးချည်ချီစွမ်းအင်ကို ပျိုးထောင်ဖို့ဆိုတာ ပြောနေစရာပင် မလိုတော့ပေ။
နတ်ပိုးချည်ချီစွမ်းအင်မှာ ဤကျင့်စဉ်၏ အဓိက အနှစ်သာရ ဖြစ်သည်။ ဤချီစွမ်းအင်ကို ပျိုးထောင်နိုင်ပြီး ဤအဆင့်သို့ ရောက်ရှိသွားသည်နှင့် နတ်ပိုးချည်ကျင့်စဉ်၏ နက်ရှိုင်းလှသော အစွမ်းများကို ထုတ်ဖော်နိုင်တော့မည် ဖြစ်သည်။ သူတစ်ပါးကို ကုသပေးသည်ဖြစ်စေ၊ မိမိကိုယ်ကိုယ် ကုသသည်ဖြစ်စေ အလွန်ပင် လွယ်ကူသွားပေလိမ့်မည်။
အခန်း (၄၁၉) နတ်ပိုးချည်ကျင့်စဉ်။ ဆေးဘက်ဝင်အပင်တစ်ရာ၏ အဆီအနှစ်။ (၃)
"ငါသာ နတ်ပိုးချည်ချီစွမ်းအင်ကို ကျင့်ကြံနိုင်ရင် ပြတ်တောက်နေတဲ့ သွေးကြောတွေကို ပြန်တည်ဆောက်ဖို့ဆိုတာ အလွယ်လေးပဲ။"
စူးချန်ခုန်း အလွန်ပင် ဝမ်းသာသွားလေ၏။
တုံ့ဆိုင်းမနေဘဲ သူသည် နတ်ဘုရားစွမ်းအင်ပန်းချီကို လေ့လာကာ သူ၏ အသက်ရှူသံဟာ စည်းချက်ကျလာလေ၏။ သူ၏ အသက်ရှူသံမှာ ပိုးဥလေးများကို ပြုစုနေသော ပိုးလောင်းလေးများကဲ့သို့ပင် အလွန်ညင်သာလှသည်။
အသက်တစ်ကြိမ်ရှူသွင်း ရှူထုတ်တိုင်းတွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ အညစ်အကြေးများကို စွန့်ထုတ်နေသည်။
အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်နေစဉ်အတွင်း စူးချန်ခုန်းသည် သူ၏ ပြတ်တောက်နေသော သွေးကြောများမှ နာကျင်မှုကို ခံစားနေရသော်လည်း လျစ်လျူရှုထားလိုက်သည်။ ဤနာကျင်မှုမျိုးကို သူ နေသားကျနေသည်မှာ ကြာပြီဖြစ်သည်။
စူးချန်ခုန်းသည် ကျင့်စဉ်အတွင်းသို့ တဖြည်းဖြည်း နက်ရှိုင်းစွာ ရောက်ရှိသွားပြီး အခြားအရာအားလုံးကို မေ့လျော့သွားတော့သည်။ အသက်ရှူထုတ်လိုက်တိုင်း သူ၏ ထွက်သက်တွင် အနက်ရောင် အခိုးငွေ့အချို့ ပါလာသည်။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်လာသော အညစ်အကြေးများနှင့် လေဆိုးလေညစ်များပင် ဖြစ်သည်။
စူးချန်ခုန်း၏ အရေပြားပေါ်တွင် မှိန်ဖျဖျ ဝိညာဉ်အလင်းရောင်များပင် ထွက်ပေါ်လာသည်။ ထိုအလင်းရောင်မှာ ကြည်လင်သန့်စင်လှပြီး ကောင်းကင်၊ မြေကြီးနှင့် သဘာဝတရားကြီးတို့နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင် အလွန် သဘာဝကျလှသည်။
"ဒါ... ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ လေဆိုးလေညစ်တွေကို ထုတ်နေတာပဲ။ ဒါက နတ်ပိုးချည်ကျင့်စဉ်ရဲ့ လေ့ကျင့်ခန်း မဟုတ်လား။ နတ်ဘုရားစွမ်းအင်ပန်းချီ တစ်ခုတည်းကို ကြည့်ပြီး ဒီလူက တစ်နာရီတောင် မပြည့်ခင်မှာ နားလည်သွားတာလား။"
အံ့အားအသင့်ဆုံးကတော့ အဝေးတစ်နေရာရှိ ဂူနံရံကို မှီကာ အဆစ်များ ဖြုတ်ခံထားရသော ချမ်ရွေ့ပင် ဖြစ်သည်။ စူးချန်ခုန်း တင်ပျဉ်ခွေထိုင်လျက် အသက်ရှူထုတ်လိုက်တိုင်း အနက်ရောင်မြူများ ထွက်လာသည်ကို ကြည့်ပြီး သူ၏ ဦးရေပြားများပင် ထုံကျဉ်သွားတော့သည်။
ချမ်ရွေ့သည် အဘိုးအိုချီရှစ်၏ တပည့်ဖြစ်ရာ ဆရာဖြစ်သူက သူ့အား နတ်ပိုးချည်ကျင့်စဉ်ကို သင်ကြားပေးခဲ့ဖူးသည်။ သို့သော် နတ်ပိုးချည်ကျင့်စဉ်မှာ ပါရမီအပေါ်တွင် အလွန်မူတည်ပြီး အခြားသော လိုအပ်ချက်များလည်း ရှိပုံရသည်။ သင်ယူ၍ မရနိုင်ပါက ဘယ်လိုမှ သင်လို့မရနိုင်ပါပေ။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကဲ့သို့သော ပုဂ္ဂိုလ်များပင် နတ်ပိုးချည်ကျင့်စဉ်ကို သင်ယူရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ မတတ်မြောက်ခဲ့ကြချေ။ ဤသည်မှာ ပါရမီတစ်ခုတည်းကြောင့် မဟုတ်နိုင်သည်မှာ သိသာပါသည်။
ချမ်ရွေ့ကိုယ်တိုင်ပင် အခြေခံ အညစ်အကြေးစွန့်ထုတ်သည့် အသက်ရှူလေ့ကျင့်ခန်းကိုပင် မလုပ်ဆောင်နိုင်ခဲ့ပါ။ သူက အစမှာတင် မကျင့်နိုင်ခဲ့ရာ နတ်ပိုးချည်ချီစွမ်းအင်ကို ပျိုးထောင်ဖို့ဆိုတာ ဝေးလေစွ။
သို့သော် စူးဟေးလိုင်ဟု ခေါ်သော ဤလူငယ်မှာမူ တွဲဖက်ကျင့်စဉ်စာသားပင် မရှိဘဲ တိုတောင်းလှသော တစ်နာရီ၊ နှစ်နာရီအတွင်းမှာပင် အခြေအနေကို နားလည်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စတင်စွန့်ထုတ်နိုင်ခဲ့သည်။ ဒါက တကယ်ကို မယုံကြည်နိုင်သည့် အစွမ်းပင် ဖြစ်သည်။
"အာဂလူပဲ... ဒီလူရဲ့ ပါရမီက တကယ်ကို ထူးချွန်တယ်။ တကယ့်အာဂလူတစ်ယောက်ပဲ။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ထောင် သမိုင်းတစ်လျှောက်မှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်၊ နှစ်ယောက် ရှိပါ့မလားတောင် မသိဘူး။" ချမ်ရွေ့မှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။
ဤလျှို့ဝှက်ဆန်းပြားပြီး တွေ့ရခဲလှသော ပါရမီရှင် လူငယ်လေးက နတ်ပိုးချည်ကျင့်စဉ်ကို အမှန်တကယ် တတ်မြောက်သွားနိုင်လိမ့်မည်ဟု သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။
တစ်ညလုံး အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းမှာ သွေးကြောများ လုံးဝပြတ်တောက်နေသော စူးချန်ခုန်းအတွက် အရင်ကဆိုလျှင် ခန္ဓာကိုယ်က ဒဏ်မခံနိုင်သဖြင့် မဖြစ်နိုင်သော အရာဖြစ်သည်။
သို့သော် တစ်ညတာ ကုန်ဆုံးသွားပြီး မိုးလင်းလာသောအခါ စူးချန်ခုန်း အကြောဆန့်လိုက်လေ၏။ အရင်ကနှင့်မတူဘဲ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားပြီး စိတ်မှာလည်း ပိုမို ကြည်လင်လာသည်။ ရက်ပေါင်းများစွာ အိပ်မပျော်သူတစ်ဦးက ကောင်းမွန်စွာ အိပ်စက်လိုက်ရသကဲ့သို့ သူ၏ စွမ်းအင်နှင့် ဝိညာဉ်များ ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ပင်။
စူးချန်ခုန်း၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင်ပင် သွေးရောင်အနည်းငယ် လွှမ်းလာလေ၏။
"တကယ်ကို လန်းဆန်းသွားတာပဲ။" သူ မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။
"ဒီနတ်ပိုးချည်ကျင့်စဉ်က တကယ်ကို နက်နဲတာပဲ။ အဓိကသော့ချက်က ပျက်စီးသွားပြီးမှ အသစ်ပြန်လည် မွေးဖွားတည်ဆောက်တာပဲ။ ငါ့ခန္ဓာကိုယ်က ဒီလေ့ကျင့်မှုကို ဒဏ်မခံနိုင်မှာကို စိုးရိမ်နေခဲ့တာ။ အခုတော့ လုံးဝ စိုးရိမ်စရာ မလိုတော့ဘူးပဲ။"
စူးချန်ခုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အလိုလို ပေါ်လာလေ၏။
နတ်ပိုးချည်ကျင့်စဉ် (အခြေခံအဆင့် ၆၁ ရာခိုင်နှုန်း)
နတ်ပိုးချည် အသွင်ပြောင်းခြင်း၊ ပျက်စီးခြင်းမှ အသစ်ပြန်ဖြစ်ခြင်း၊ သွေးကြောများ လုံးဝပြတ်တောက်နေသော စူးချန်ခုန်းအတွက် နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံခြင်းမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ရုံသာမက သူ၏ ကျင့်ကြံမှု ထိရောက်မှုကိုပင် နှစ်ဆ တိုးတက်စေသည်။
တစ်ညတာ ကျင့်ကြံရုံမျှဖြင့် နတ်ပိုးချည်ကျင့်စဉ်မှာ ပထမအဆင့်သို့ ရောက်ရန် အတော်လေး နီးကပ်နေပြီဖြစ်သည်။ ဤအရှိန်က အံ့မခန်းပါပင်။
အရေးအကြီးဆုံးကတော့ စူးချန်ခုန်း၏ ထူးခြားလှသော ပါရမီနှင့် နားလည်နိုင်စွမ်းကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အခြားသူတစ်ဦးသာ ဆိုလျှင် ဒဏ်ရာရကာ အားနည်းနေသော ခန္ဓာကိုယ်ဖြင့် နတ်ပိုးချည်ကျင့်စဉ်ကို အစမှ စတင်ကျင့်ကြံမည်ဆိုလျှင် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
"မင်း... မင်း တကယ်ပဲ နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်နိုင်တာလား။" အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက အခုအချိန်တွင် မပြောဘဲ မနေနိုင်တော့သော ချမ်ရွေ့၏အသံပါပင်။
"ဘာလို့ မရရမှာလဲ။"
စူးချန်ခုန်းက အနည်းငယ် ဇဝေဇဝါဖြစ်ဟန်ဖြင့် ပြန်မေးလိုက်သည်။
ချမ်ရွေ့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးသွားပြီး ဘာပြန်ပြောရမှန်း မသိတော့ချေ။ ဒါက သူတို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ သမိုင်းမှာ သုံးယောက်တည်းသာ တတ်မြောက်ခဲ့သည်လေ။
သို့သော် ဤစူးဟေးလိုင်ဆိုသော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လေးကမူ သာမန်ကိစ္စတစ်ခုကဲ့သို့ ပြန်ဖြေနေသည်။ အခြားသူများအတွက် ကျင့်ကြံရန် အလွန်ခက်ခဲလှသော နတ်ပိုးချည်ကျင့်စဉ်မှာ သူ့အတွက်တော့ အလိုအလျောက် တတ်မြောက်သွားသည့်နှယ်။
စူးချန်ခုန်း၏ စိတ်စွမ်းအင်ဖြင့် သိုင်းပညာများကို ကျင့်ကြံနိုင်သည့် ထူးခြားဆန်းပြားသော အစွမ်းကိုမူ ချမ်ရွေ့ သေချာပေါက် မသိနိုင်ပါပေ။ ထိုအစွမ်းကြောင့်ပင် နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံတာက စူးချန်ခုန်းအတွက် ဘာဖိအားမှ မရှိတာဖြစ်သည်။
"အစ်ကိုချန်၊ ခင်ဗျား ဆာနေရောပေါ့။ အရင်ဆုံး အစာစားကြရအောင်"
စူးချန်ခုန်းသည် ချမ်ရွေ့အနားသို့ တိုးသွားကာ ဖြုတ်ထားသော သူ၏ ဘယ်ဘက်လက်မောင်းကို ပြန်ဆက်ပေးလိုက်သည်။ ထိုသို့လုပ်နေစဉ်တွင်လည်း ချမ်ရွေ့က အခွင့်ကောင်းယူကာ ပြန်လည်တိုက်ခိုက်လာမည်ကို သတိထားနေဆဲဖြစ်သည်။
သို့သော် ချမ်ရွေ့မှာမူ ခေါင်းငိုက်စိုက်ကျလျက် ဘာတွေးနေသည်မသိဘဲ စူးချန်ခုန်း ပြင်ပေးတာကို ငြိမ်ခံနေသည်။ သူကပြန်တိုက်ခိုက်ဖို့ စိတ်ကူးမရှိပုံရပြီး တိုက်ခိုက်လျှင်လည်း အချည်းနှီးဖြစ်မည်ကို သိနေပုံရသည်။
နတ်ပိုးချည်ဂူအတွင်း၌ တံခါးပိတ်ကျင့်ကြံခဲ့သော အဘိုးအိုချီရှစ်သည် အစားအသောက်များကို နှစ်နှစ်၊ သုံးနှစ်စာခန့် လုံလောက်အောင် ပြင်ဆင်ထားခဲ့သည်။
ဗိုက်ဝအောင် စားပြီးနောက် စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံသည်။ သူက နတ်ပိုးချည်ဂူအတွင်းမှ နတ်ဘုရားစွမ်းအင်ပန်းချီကို အချိန်တိုလေးအတွင်း နားလည်သဘောပေါက်ရန် လိုအပ်သည်။ ထိုမှသာ နတ်ပိုးချည်ကျင့်စဉ်ကို ချီစွမ်းအင် ထွက်ပေါ်သည့်အဆင့်အထိ မြှင့်တင်နိုင်ပြီး သွေးကြောများကို ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်သည်။
စူးချန်ခုန်း၏ နတ်ပိုးချည်ကျင့်စဉ် တိုးတက်မှုမှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်လှသည်။ ရက်ပေါင်း နှစ်ရက်အတွင်းမှာပင် ပထမအဆင့်သို့ ရောက်ရှိသွားပြီး သူ၏ စိတ်ဓာတ်နှင့် ခန္ဓာကိုယ်မှာ အသစ်ပြန်ဖြစ်လာသကဲ့သို့ ခံစားရစေသည်။
သို့သော် တတိယမြောက်ညတွင်မူ စူးချန်ခုန်း ကျင့်ကြံတာကို ရပ်တန့်လိုက်သည်။
"ဒီညက ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားတွေ ချန်ရွေ့အတွက် အစားအသောက်နဲ့အရက် လာပို့မယ့်ညပဲ။ သူတို့ကို ငါ ကိုင်တွယ်ရမယ်။"
သူသည် ဤအသေးစိတ်အချက်ကို မေ့လျော့မနေပါပေ။
လွန်ခဲ့သော လဝက်ခန့်က သူ စောင့်ကြည့်ခဲ့သည့် အချက်အလက်များအရ သုံးရက်တစ်ကြိမ် ဝိညာဉ်လမ်းစဉ်ဂိုဏ်း တပည့်တစ်ဦးသည် တောင်နောက်ဘက် နတ်ပိုးချည်ဂူကို စောင့်ကြပ်နေသော ချမ်ရွေ့အတွက် အစားအစာ လာပို့လေ့ရှိသည်။
အကယ်၍ အစားလာပို့သူက ချမ်ရွေ့ ပျောက်နေသည်ကို သိသွားပါက ကိစ္စတွေ ရှုပ်ထွေးသွားပေလိမ့်မည်။ ထို့ကြောင့် စူးချန်းခုန်းက ကိုင်တွယ်ဖို့ ပြင်နေတာဖြစ်သည်။
"ခင်ဗျားရဲ့ အဝတ်အစားတွေကို ခဏလောက်ငှားပါဦး။"
စူးချန်းခုန်းသည် ချမ်ရွေ့၏ အဝတ်များကို ချွတ်ယူကာ မိမိကိုယ်တွင် ဝတ်ဆင်လိုက်သည်။ 'လိပ်အသက်ရှူနည်းချီစွမ်းအင်' ကို ခက်ခက်ခဲခဲ အသုံးပြုကာ သူ၏ အရိုးတည်ဆောက်ပုံနှင့် ခန္ဓာကိုယ်ပုံစံကို ပြောင်းလဲလိုက်သည်။ ထို့နောက် သူ၏ အထုပ်ထဲမှ ရုပ်ဖျက်ရန် အသုံးပြုသော ပစ္စည်းများကို ထုတ်ယူလိုက်သည်။
မကြာမီမှာပင် နတ်ပိုးချည်ဂူအတွင်း၌ 'ချမ်ရွေ့' အစစ်နှင့် တူသောသူတစ်ဦး ပေါ်လာတော့သည်။ ချမ်ရွေ့ကိုယ်တိုင်ပင် ဤမြင်ကွင်းကို ကြည့်ပြီး ရင်ထဲတွင် အေးစက်သွားမိသည်။ သူ့ရှေ့က လူငယ်မှာ တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှသည်။ ပါရမီက မိစ္ဆာတစ်ကောင်လို ထူးချွန်ရုံသာမက ရုပ်ဖျက်အတတ်မှာလည်း အစစ်နှင့် ခွဲမရအောင် ကျွမ်းကျင်လှသည်။
ချမ်ရွေ့အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာမှာ တစ်ဖက်လူတွင် လူသတ်လိုစိတ် မရှိခြင်းပင် ဖြစ်သည်။ မဟုတ်ပါက သူ့ကို အသက်ရှင်လျက်ထားရန် အလုပ်ရှုပ်ခံနေမည်မဟုတ်ဘဲ ချက်ချင်းပင် သတ်ပစ်လိုက်မည်သာ ဖြစ်သည်။
ချမ်ရွေ့၏ အသွင်ကို ယူထားသော စူးချန်ခုန်းသည် နတ်ပိုးချည်ဂူဝင်ပေါက်သို့ သွားကာ တင်ပျဉ်ခွေ ထိုင်နေလိုက်သည်။
ညအချိန်ရောက်လာပြီး ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားတို့ ချမ်ရွေ့အတွက် အစားအစာ လာပို့ရမည့် အချိန်သို့ ရောက်ရှိလာသည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် စူးချန်ခုန်းသည် အဝေးမှ လူရိပ်တစ်ခု လာနေသည်ကို မြင်လိုက်ရသည်။ သို့သော် သူ အနည်းငယ် အံ့သြသွားသည်။ "အရင်က အစားအစာ လာပို့တဲ့ တပည့် မဟုတ်ဘူးလား။"
လာနေသူမှာ အသက်လေးဆယ်ကျော်အရွယ်၊ ဝတ်စုံဖြူဝတ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် သိမ်မွေ့သော အမူအရာရှိပြီး အမြဲတမ်း ပြုံးနေတတ်သော သူတစ်ဦး၏ အရှိန်အဝါမျိုး ရှိလေ၏။
အခန်း (၄၂၀) သွေးကြောများကို ပြန်လည်ပြုပြင်ခြင်း။ ပိုးအိမ်ကိုဖောက်၍ လိပ်ပြာအဖြစ် ကူးပြောင်းခြင်း။ (၁)
အစားအစာလာပို့သူမှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ တပည့်တစ်ဦးမဟုတ်ဘဲ ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေတာကြောင့် စူးချန်ခုန်း အံ့သြသွားသော်လည်း ထိတ်လန့်မနေခဲ့ပေ။
စူးချန်ခုန်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ချမ်ရွေ့၏ လေယူလေသိမ်းကို အတုယူကာ "ဒီနေ့ ဘာလို့ ခင်ဗျားကိုယ်တိုင် အစားအစာ လာပို့တာလဲ။" ဟု မေးလိုက်သည်။
လူလတ်ပိုင်းအမျိုးသားသည် ဝါးခြင်းတောင်းတစ်ခုကို သယ်ဆောင်လာပြီး အတွင်းမှ ဟင်းလျာများနှင့် အရက်နံ့များ သင်းပျံ့နေသည်။ သူက ပြုံးလျက်ပင် "မင်း ဘယ်လိုနေလဲ လာကြည့်တာပါ" ဟု ပြန်ဖြေသည်။
ထိုသို့ပြောရင်း လူလတ်ပိုင်းအမျိုးသားသည် ခြင်းတောင်းကို အောက်သို့ ချလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက သက်ပြင်းချလိုက်ပြီး "ညီလေးချမ်ရာ... ဆရာက တံခါးပိတ်ကျင့်ကြံနေတာ တစ်နှစ်တောင် ရှိနေပြီ။ အဆင့်တက်မယ့် အရိပ်အယောင်လည်း မရှိသေးဘူး။ သူ ကွယ်လွန်သွားပြီဆိုတာ သေချာသလောက် ရှိနေပါပြီ။ မင်းက ဆရာ့အပေါ် သစ္စာရှိတာကို ငါသိပေမဲ့ ဆရာ့ရဲ့ ရုပ်အလောင်းကို ဂရုစိုက်ပြီး ခမ်းခမ်းနားနား သင်္ဂြိုဟ်ပေးသင့်နေပြီလေ။"
"သူက ချမ်ရွေ့ရဲ့ စီနီယာအစ်ကိုကြီးလား။" စူးချန်ခုန်းသည် တစ်ဖက်လူ၏ သရုပ်မှန်ကို ခန့်မှန်းမိသွားသည်။
ဤလူလတ်ပိုင်းအမျိုးသားမှာ ချမ်ရွေ့၏ စီနီယာဖြစ်ပြီး အဘိုးအိုချီရှစ် သက်ရှိထင်ရှားရှိစဉ်က သင်ကြားပေးခဲ့သော တပည့်တစ်ဦးလည်း ဖြစ်သည်။ သူက ချမ်ရွေ့အား လက်ရှိအခြေအနေကို လက်ခံရန် လာရောက်ဖျောင်းဖျခြင်း ဖြစ်သည်။
အဘိုးအိုချီရှစ်သည် တစ်နှစ်နီးပါးကြာအောင် အဆင့်တက်သည့် အရိပ်အယောင်မပြဘဲ တံခါးပိတ်နေခြင်းမှာ ကျင့်ကြံရင်း ကွယ်လွန်သွားသည့် အခွင့်အလမ်း အလွန်များနေသော်လည်း ချမ်ရွေ့ကမူ ထိုအခြေအနေကို လက်မခံနိုင်ဘဲ ရှိနေသည်။ အဘိုးအိုချီရှစ်၏ ပါရမီနှင့် စွမ်းဆောင်ရည်အရ အသက်ပြန်လည်နုပျိုရန် အခွင့်အလမ်းရှိသည်ဟု သူက ယုံကြည်နေသဖြင့် နတ်ပိုးချည်ဂူအပြင်ဘက်တွင် စောင့်ကြပ်နေပြီး အခြားသူများကို နှောင့်ယှက်ခွင့် မပြုခြင်း ဖြစ်သည်။
ဤသို့တွေးမိပြီးနောက် စူးချန်ခုန်းသည် ချမ်ရွေ့ကဲ့သို့ပင် ပြတ်သားသော လေယူလေသိမ်းဖြင့် "မဖြစ်နိုင်တာ၊ ဆရာက နတ်ဘုရားတစ်ပါးလို ထူးချွန်တဲ့သူပဲ။ ဒီလောက် လွယ်လွယ်နဲ့ ကွယ်လွန်မှာ မဟုတ်ဘူး။ သူ ကျင့်ကြံနေဆဲပဲ။ တစ်နေ့နေ့မှာ သူ ကျင့်စဉ်တွေ အောင်မြင်ပြီး ပြန်ထွက်လာမှာ။ သူ အောင်မြင်တဲ့အထိ ကျွန်တော် ဒီမှာ ဆက်ပြီး စောင့်ကြည့်နေမှာပဲ။" ဟု ပြောလိုက်သည်။
လူလတ်ပိုင်းအမျိုးသား၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက သက်ပြင်းချကာ "အင်းလေ... မင်း သဘောပါပဲ။ မင်းရဲ့ ဆရာအပေါ်ထားတဲ့ သံယောဇဉ်ကတော့ ချီးကျူးစရာပဲ။ ဆရာသာ သိရင်လည်း ဝမ်းသာနေမှာပါ" ဟု ဆိုသည်။
ထိုသို့ပြောပြီးနောက် ထိုလူလတ်ပိုင်းအမျိုးသားသည် လှည့်ထွက်သွားတော့သည်။ သူ၏ စိတ်ထဲတွင်မူ "ဆရာကတော့ သေတာ သေချာနေပြီ... သူ အသက်နှစ်ရာတောင် နေခဲ့ရတာပဲ။ တော်လောက်ပြီပေါ့။" ဟု လှောင်ပြုံး ပြုံးနေမိသည်။
နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြင့် တစ်စုံတစ်ခုကို ကြံစည်နေရင်း ထိုအမျိုးသားသည် တဖြည်းဖြည်း အဝေးသို့ လျှောက်သွားလေတော့သည်။
"သူ သွားပြီ"
ဝတ်စုံဖြူဝတ်စုံနှင့် အမျိုးသား ထွက်သွားသည်ကို မြင်မှ စူးချန်ခုန်းသည် သက်ပြင်းချကာ စိတ်အေးသွားပြီး နတ်ပိုးချည်ဂူအတွင်းပိုင်းသို့ ပြန်ဝင်ခဲ့သည်။ ယခုမှစ၍ သုံးရက်တစ်ကြိမ်တွင် ချမ်ရွေ့အဖြစ် ရုပ်ဖျက်ပြီး အစားအစာလာပို့သည့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားကို ပြန်လွှတ်ရုံသာ ရှိတော့သည်။
ဂူအတွင်းသို့ ပြန်ရောက်သောအခါ ချမ်ရွေ့က "ခုနက လာတာ ကျွန်တော့်ရဲ့ စီနီယာ အစ်ကိုကြီးလား။" ဟု မေးလေ၏။
ချီသွေးအသွင်ပြောင်းလဲခြင်း အဆင့်ဆယ်နှစ်သို့ ရောက်ရှိထားသဖြင့် ချမ်ရွေ့၏ အာရုံခံစားမှုမှာ ထက်မြက်လှပြီး ကျောက်တံခါး အတားအဆီးမရှိသဖြင့် စူးချန်ခုန်းနှင့် ထိုလူတို့၏ စကားပြောသံကို ဝိုးတဝါး ကြားနေရခြင်း ဖြစ်သည်။
"ဟုတ်တယ်။ သူက ခင်ဗျားရဲ့ စီနီယာအစ်ကိုလို့ ပြောတယ်" ဟု စူးချန်ခုန်းက ပြန်ဖြေသည်။
ချမ်ရွေ့က နှာခေါင်းရှုံ့လျက် "ကျွန်တော့်ရဲ့ စီနီယာ ဝမ့်ရှင်းကျန့်ဆိုတဲ့လူက ဘာကိုမှ ကောင်းကောင်းကန်းကန်း သင်ယူတာမဟုတ်ဘူး။ ဆရာ တံခါးပိတ်ကျင့်ကြံတုန်းက တစ်ရက်တောင် လာမစောင့်ပေးဘူး။ အခုမှ ခဏခဏ လာကြည့်နေတာ... စိတ်ပျက်စရာ စကားတွေပဲ ပြောနေတတ်တယ်" ဟု ဆိုလေ၏။
စူးချန်ခုန်းသည် ခေါင်းယမ်းလိုက်သည်။ ချမ်ရွေ့နှင့် ဝမ့်ရှင်းကျန့်တို့အကြား မသင့်မြတ်တာကို သူ သိလိုက်ရသော်လည်း စိတ်ဝင်တစား လိုက်စုံစမ်းမနေတော့ပေ။ သူက တင်ပျဉ်ခွေထိုင်ကာ နတ်ပိုးချည်ကျင့်စဉ်ကိုသာ ဆက်လက် ကျင့်ကြံနေလေ၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးအားလုံးကို စွန့်ထုတ်ပြီးသည်နှင့် နောက်တစ်ဆင့်ဖြစ်သော 'အခြေခံတည်ဆောက်ခြင်း' ကို စတင်နိုင်တော့မည် ဖြစ်သည်။
စူးချန်ခုန်းအတွက်မူ ဤအဆင့်မှာ ခက်ခဲသောအရာမဟုတ်ဘဲ အချိန်ပေးရန်သာ လိုအပ်သည်။
နတ်ပိုးချည်ကျင့်စဉ် (စတုတ္ထနယ်ပယ် ကျွမ်းကျင်မှုအဆင့် ၉၉ ရာခိုင်နှုန်း)
တစ်လကျော်အတွင်းမှာပင် စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်ကို စတုတ္ထနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ပဉ္စမနယ်ပယ်သို့ ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။
စူးချန်ခုန်း ခံစားရသော အကြီးမားဆုံး အပြောင်းအလဲကတော့ သူ၏ ခန္ဓာကိုယ်မှာ များစွာ ပေါ့ပါးသွားခြင်း ဖြစ်သည်။ ယခင်က ရှိခဲ့သော ဝေဒနာများမှာ လွင့်စင်သွားသကဲ့သို့ ဖြစ်ပြီး ချီစွမ်းအင်ကို အသုံးမပြုသရွေ့ အားကုန်ပြေးလျှင်ပင် အရင်ကလို မမောပန်းတော့ပေ။
"ငါ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ အားလုံးကို မသန့်စင်တဲ့ချီတွေအဖြစ် ပြောင်းလဲပြီး စွန့်ထုတ်ပြီးပြီ။ အခု ငါလုပ်ရမှာက 'အခြေခံတည်ဆောက်ခြင်း' ပဲ။ ငါ့ခန္ဓာကိုယ်ကို ဆေးဘက်ဝင်အပင်တစ်ရာ အဆီအနှစ်ရည်တွေထဲမှာ စိမ်ရမယ်။ အဲဒီလိုလုပ်မှသာ ငါကျင့်ကြံမယ့် နတ်ပိုးချည်ချီစွမ်းအင်က သက်စောင့်အားတွေ ပြည့်ဝနေမှာဖြစ်ပြီး အဆိပ်မျိုးစုံကို ပြယ်စေနိုင်သလို တစ်ခြားသူရဲ့ ဒဏ်ရာတွေနဲ့ ကိုယ့်ဒဏ်ရာကိုယ် ကုသပေးနိုင်မှာပဲ။"
နတ်ပိုးချည်ကျင့်စဉ်၏ နောက်တစ်ဆင့်မှာ အခြေခံတည်ဆောက်ခြင်း ဖြစ်သည်ကို စူးချန်ခုန်း သိထားသည်။
နတ်ပိုးချည်ကျင့်စဉ်သည် အဖိုးတန်ဆေးဘက်ဝင်အပင် ရာပေါင်းများစွာ၏ အဆီအနှစ်များကို စုဆောင်းကာ ဆေးရည်အဖြစ် ပြင်ဆင်ပြီး အခြေခံတည်ဆောက်ခြင်းကို ပြုလုပ်ရသည်။ ထိုမှသာ အစွမ်းထက်လှသော နတ်ပိုးချည်ချီစွမ်းအင်ကို ပျိုးထောင်နိုင်မည် ဖြစ်သည်။
စူးချန်ခုန်းသည် သူ၏ရှေ့တွင်ရှိသော ဆေးဘက်ဝင်အပင်တစ်ရာ အဆီအနှစ်ရည်များ ပြည့်နေသည့် ပေအနည်းငယ် ကျယ်ဝန်းသော ရေကန်ကို ကြည့်လိုက်သည်။
ဤအဖိုးတန် ဆေးရည်များမှာ အဘိုးအိုချီရှစ်အတွက် ပြင်ဆင်ထားတာ သိသာပါသည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အရင်းအမြစ်များကို အသုံးပြုကာ အဘိုးအိုချီရှစ် အဆင့်တက်စေရန်၊ အသက်ပြန်လည်နုပျိုစေရန်နှင့် သက်တမ်းတိုးစေရန်အတွက် အကုန်အကျခံ ပြင်ဆင်ပေးထားခြင်း ဖြစ်ရာ ၎င်းမှာ အလွန်ပင် တန်ဖိုးရှိလှသည်။
သို့သော် အဘိုးအိုချီရှစ်မှာ တံခါးပိတ်ကျင့်ကြံစဉ် အဆင့်တက်ဖို့ အလှမ်းဝေးနေခဲ့သည်။ သူ၏ အဆင့်တက်လှမ်းမှုမှာ မျှော်လင့်ချက်မရှိတော့မှန်း သိရှိသွားသောအခါ ဤအဖိုးတန် ဆေးရည်များကို မဖြုန်းတီးဘဲ ဂိုဏ်းအတွက် ချန်ထားရန် တစ်စက်မျှ အသုံးမပြုခဲ့ချေ။
ဒါကပင် စူးချန်ခုန်းအတွက် အားစိုက်ထုတ်စရာ မလိုဘဲ အဆင်သင့် ဖြစ်သွားလေသည်။
"နောင်တစ်ချိန်မှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းကို ငါ ပြန်ပြီး ကျေးဇူးဆပ်ပါ့မယ်။ ဒါကို ဂိုဏ်းဆီက ငါယူထားတဲ့ ကျေးဇူးအဖြစ် မှတ်ယူထားလိုက်မယ်။" ဟု စူးချန်ခုန်းက စိတ်ထဲမှ ကတိပြုလိုက်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းထံမှ နတ်ပိုးချည်ကျင့်စဉ်ကို သင်ယူခဲ့ပြီး ယခု ထိုဂိုဏ်း၏ ဆေးရည်ကန်ကို အသုံးပြု၍ ကျင့်ကြံရခြင်းမှာ အဘိုးအိုချီရှစ်နှင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းအပေါ် ကျေးဇူးကြွေးတင်သွားသကဲ့သို့ပင် ဖြစ်သည်။
တွေဝေမနေတော့ဘဲ စူးချန်ခုန်းသည် အချိန်ကို အကျိုးရှိစွာ အသုံးချကာ သူ၏ အဝတ်များကို ချွတ်လိုက်သည်။
"ဒီစူးဟေးလိုင်ရဲ့ ခန္ဓာကိုယ်က... ဒဏ်ရာတွေ အများကြီးပဲ။ တစ်ကိုယ်လုံးကို ဆွဲဖြဲခံထားသလိုမျိုးပဲ။"
အဝေးမှနေ၍ ချမ်ရွေ့သည် စူးချန်းခုန်း၏ အပေါ်ပိုင်းဗလာ ခန္ဓာကိုယ်ကို လှမ်းမြင်လိုက်ရသည်။ ကြွက်သားအဖုအထစ်များမှာ ပန်းပုရုပ်တစ်ခုကဲ့သို့ လှပသော်လည်း ၎င်းတို့ပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာအမာရွတ်များ ပြည့်နှက်နေသည်ကို တွေ့ရသဖြင့် ချမ်ရွေ့မှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။
စူးဟေးလိုင်က ဒီလိုဒဏ်ရာမျိုးကို ဘယ်လိုရခဲ့ပြီး အသက်ရှင်အောင် ဘယ်လိုနေခဲ့တာလဲ။
ဤဒဏ်ရာများမှာ စူးချန်ခုန်းက သဘာဝစွမ်းအင်များကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ ဆွဲသွင်းစဉ်က ပြင်းထန်သော စွမ်းအင်များကြောင့် ခန္ဓာကိုယ် စုတ်ပြဲပျက်စီးခဲ့ရာမှ ကျန်ရစ်ခဲ့သော အမာရွတ်များသာ ဖြစ်သည်။
ဆေးရည်များအတွင်းသို့ ဆင်းလိုက်သောအခါ စူးချန်ခုန်းသည် တစ်ကိုယ်လုံး အေးမြသွားသည်ကို ခံစားလိုက်ရလေ၏။