← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂) နတ်ပိုးချည်ဂူ။ နတ်ပိုးချည် နတ်ဘုရားစွမ်းအင်ပန်းချီ။ (၃)

"ကောင်းပြီ။ မနက်ဖြန် စောစောထပြီး ဝိညာဉ်လမ်းစဉ်ဂိုဏ်းက အဖိုးကြီးချီရှစ်ဆီကို သွားလည်ရမယ်။"

စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အခြေအနေကို အကြမ်းဖျင်း သိရှိသွားပြီဖြစ်ရာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့။

သမားတော်ဟွားရှန်၏ ပြောပြချက်အရဆိုလျှင် အဘိုးအိုချီရှစ်မှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ မူလနယ်ပယ်အဆင့်ရှိသော အကြီးအကဲတစ်ဦး သို့မဟုတ် ထိပ်တန်းအဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။ သမားတော်ဟွားရှန် အရင်က ပတ်သက်မှုကြောင့် သူသည် စူးချန်ခုန်း၏ ပြတ်တောက်နေသော သွေးကြောများကို ပြန်ဆက်ပေးရန် ကူညီလိမ့်မည်ဟု မျှော်လင့်ရသည်။

စူးချန်ခုန်း စောစောအနားယူလိုက်ပြီး နောက်တစ်နေ့ မိုးလင်းသည်နှင့် ကျုံးလင်တောင်ဆီသို့ ထွက်ခွာလာခဲ့သည်။

နံနက်ခင်းတွင် ကျုံးလင်တောင်ခြေ၌ အနက်ရောင်ဝတ်စုံနှင့် စူးချန်ခုန်း ပေါ်လာတော့သည်။

"ဒီကျုံးလင်တောင်မှာ စုစည်းနေတဲ့ သဘာဝစွမ်းအင်တွေက ပြင်ပလောကထက် အဆပေါင်းများစွာ ပိုများနေတာ သိသာတယ်။" စူးချန်ခုန်းသည် စိမ်းလန်းစိုပြည်ပြီး လှပသော ရှေ့နားဆီက တောင်တန်းကြီးကို မော့ကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်မိသည်။

တောက်ယင်နည်းစနစ်မှတစ်ဆင့် စူးချန်ခုန်းသည် ကျုံးလင်တောင်အတွင်းရှိ သဘာဝစွမ်းအင် စီးဆင်းမှုမှာ အလွန်ထူထဲလှပြီး ပြင်ပလောကနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်သည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ဂိုဏ်းကြီးတစ်ဂိုဏ်း တိုးတက်ကြီးပွားရန်အတွက် ရှေးဟောင်းသိုင်းကျမ်းစာများရှိရုံနှင့် မလုံလောက်ပေ။ ဂိုဏ်းတည်ရှိရာ နေရာသည် အလွန်ပင် အရေးကြီးလှပြီး ရှေ့ကအချက်ထက်ပင် ပို၍ အရေးပါသေးသည်။

ကျုံးလင်တောင်ကဲ့သို့ သဘာဝစွမ်းအင်များ သိပ်သည်းစွာ စုစည်းနေသော နေရာမျိုးတွင်သာ မူလချီစွမ်းအင်များ ဖြစ်ပေါ်လာနိုင်ပြီး ထိုသို့ဖြစ်မှသာ ဂိုဏ်းအတွင်း၌ မျိုးဆက်တစ်ခုပြီးတစ်ခု မူလနယ်ပယ်အဆင့် သိုင်းပညာရှင်များ ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကျုံးလင်တောင်ကဲ့သို့ နေရာကောင်းများကို အစွမ်းထက်သော ဂိုဏ်းများကသာ သိမ်းပိုက်ထားနိုင်ကြသည်။

ဂိုဏ်းအချင်းချင်း တိုက်ခိုက်ကြသည်မှာလည်း တစ်ဖက်၏ နယ်မြေကို လုယူရန်ဖြစ်ပြီး ထိုမှတစ်ဆင့် မူလချီစွမ်းအင်များကို ပိုမိုရရှိကာ မူလနယ်ပယ်အဆင့် သိုင်းပညာရှင်များကို ပိုမိုမွေးထုတ်ပေးနိုင်ရန် ဖြစ်သည်။

စူးချန်ခုန်းသည် စိတ်ကို တည်ငြိမ်အောင်ထားကာ တောင်တက်လမ်းအတိုင်း ကျုံးလင်တောင် ထိပ်ဆီသို့ ဦးတည်တက်လာခဲ့သည်။

စူးချန်ခုန်း၏ သွေးကြောများမှာ လုံးဝပြတ်တောက်နေသဖြင့် တောင်တက်ရသည့် ကိုယ်လက်လှုပ်ရှားမှုမှာ သူ့အတွက် မလွယ်ကူလှပေ။ သို့သော် အာရုံစိုက်မခံရစေရန်အတွက် သူသည် ခြေလျင်ခရီးဖြင့်သာ သွားလာရပြီး လမ်းတွင် တစ်ခါတစ်ရံ ရပ်နားကာ အမောဖြေရသည်။

"ဟောဟဲ... ဟောဟဲ…ဟောဟဲ..."

နာရီဝက်ခန့် ကြာပြီးနောက် စူးချန်းခုန်းသည် တောင်ထိပ်သို့ ရောက်ရှိသွားလေ၏။ သူသည် နဖူးမှ ချွေးများကို သုတ်ကာ အသက်ရှူလိုက်ပြီး ရှေ့မှမြင်ကွင်းကြောင့် မျက်နှာဝင်းပသွားသည်။

အဝေးတစ်နေရာ၌ ခန့်ညားလှသော ဂိုဏ်းဝင်ပေါက် တံခါးကြီးရှိပြီး ပေ ၃၀ ကျော် မြင့်မားသော ကျောက်တိုင်ကြီးပေါ်တွင် "ဝိညာဉ်လမ်းစဉ်ဂိုဏ်း" ဟု ရှေးကျပြီး ရိုးရှင်းသည့် စာလုံးကြီးများကို ထွင်းထုထားရာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အငွေ့အသက်များကို ဖော်ဆောင်နေသည်။

ဂိုဏ်းဝင်ပေါက်တွင် ဝတ်စုံဖြူနှင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားများ ကင်းလှည့်နေကြသည်။ သူတို့ တစ်ဦးချင်းစီမှာ ထူးခြားသော အရှိန်အဝါရှိကြပြီး မြို့နယ်ငယ်လေးတစ်ခုတွင်ဆိုလျှင် ထိပ်တန်းပညာရှင်များအဖြစ် သတ်မှတ်ခံရမည့်သူများ ဖြစ်ကြသည်။

ကျုံးလင်တောင်ကဲ့သို့ သဘာဝစွမ်းအင် ကြွယ်ဝသော နေရာတွင် အချိန်အတော်ကြာ နေထိုင်ရခြင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သိမ်မွေ့စွာ ပြောင်းလဲပေးပြီး သဘာဝတရားနှင့် ပိုမိုသဟဇာတ ဖြစ်စေသည်။

ထို့အပြင် သဘာဝစွမ်းအင်များ ပေါများလှသဖြင့် ကျုံးလင်တောင်တွင် အဖိုးတန်ဆေးဘက်ဝင်အပင်များကို အများအပြား စိုက်ပျိုးနိုင်ကြသည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ တပည့်တစ်ဦးစီမှာ နယ်ပယ်တစ်ခုတည်းတွင်သာ အားကောင်းသော ဧရာမဝေလငါးဂိုဏ်းကဲ့သို့ အဖွဲ့အစည်းများမှ တပည့်များနှင့် လုံးဝနှိုင်းယှဉ်၍ မရချေ။

၎င်းမှာ ကျေးလက်နှင့် မြို့ပြတို့၏ အခြေခံကွာခြားချက်ကဲ့သို့ပင် ဖြစ်သည်။

"ဘာကိစ္စရှိလို့ ရောက်လာတာလဲဆိုတာ သိပါရစေ။"

စူးချန်ခုန်းသည် ဂိုဏ်းဝင်ပေါက်ဆီသို့ မသွားမီ နဖူးမှချွေးများကို သုတ်လိုက်သည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ တပည့်များမှာ သူ တောင်တက်လာသည်ကို သတိပြုမိထားကြပြီးဖြစ်ရာ ဝတ်စုံဖြူနှင့် လူငယ်တစ်ဦးက ယဉ်ကျေးစွာ မေးလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်က ဝိညာဉ်လမ်းစဉ်ဂိုဏ်းက တပည့်သစ်ခေါ်ယူသည့် အချိန်မဟုတ်သလို၊ တောင်တက်ရုံနှင့် အမောတကောဖြစ်နေသော ဤလူငယ်မှာလည်း ပညာသင်ဖို့ရောက်လာသူနှင့် မတူပေ။

စူးချန်ခုန်းက ယဉ်ကျေးစွာ ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားတို့ဂိုဏ်းက အဘိုးအိုချီရှစ်ကို လာရှာတာပါ"

ဤစကားကို ကြားလိုက်ရသောအခါ ဝတ်စုံဖြူနှင့်လူငယ်လေးနှင့် အနားရှိ ဝိညာဉ်လမ်းစဉ်ဂိုဏ်း တပည့်များအားလုံး သူတို့၏ အာရုံကို စူးချန်ခုန်းထံသို့ စုစည်းလိုက်ကြပြီး သူတို့၏ အမူအရာများမှာလည်း များစွာ တည်ကြည်သွားသည်။

အဘိုးအိုချီရှစ်မှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်း အမှန်တကယ်ပင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် မွေးရာပါအဆင့်ရှိသော အကြီးအကဲဖြစ်ပြီး သက်တမ်းအရင့်ဆုံးနှင့် ဝါရင့်ဆုံးသူလည်း ဖြစ်ကာ ဂိုဏ်းချုပ် ဟေးလျန်ယွမ်၏ အစ်ကိုလည်း ဖြစ်ပေသည်။

စူးချန်ခုန်းက အဘိုးအိုချီရှစ်ကို လာရှာသည်ဟု ပြောလိုက်သည်နှင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်း တပည့်များမှာ ဤကိစ္စကို ပေါ့ပေါ့တန်တန် မဆက်ဆံရဲတော့ပေ။

"ဒီစာကို အဘိုးအိုချီရှစ်ဆီ ပို့ပေးဖို့ ကူညီပေးပါဦး"

စူးချန်ခုန်းသည် စကားအပိုမပြောတော့ဘဲ သမားတော်ဟွားရှန် ကိုယ်တိုင်ရေးသားပေးထားသော စာအိတ်ကို ထုတ်ပေးလိုက်သည်။

"ခဏလောက် စောင့်ပေးပါ"

ဝတ်စုံဖြူနှင့်လူငယ်လေးက ဤကိစ္စကို လျစ်လျူမရှုရဲချေ။ အဘယ်ကြောင့်ဆိုသော် ဤအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးမှာ အားနည်းပုံရသော်လည်း သူ၏ ပြောဆိုဆက်ဆံပုံမှာ ထူးခြားနေသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ဂိုဏ်း၏ ဝါရင့်ဆုံး အကြီးအကဲကို ရှာဖွေနေခြင်းဖြစ်ရာ နှောင့်နှေးကြန့်ကြာမှုရှိပါက သူတို့ မခံယူနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။

စူးချန်ခုန်း၏ လက်ထဲမှ စာအိတ်ကို ယူပြီးနောက် ဝတ်စုံဖြူနှင့်လူငယ်မှာ အလျင်အမြန် ထွက်သွားတော့သည်။

စူးချန်ခုန်းသည်လည်း အလျင်မလိုဘဲ ဂိုဏ်းဝင်ပေါက်အပြင်ဘက်ရှိ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေ၏။

တစ်နာရီခန့် ကြာပြီးနောက် ဝတ်စုံဖြူနှင့်လူငယ်လေး ပြန်ရောက်လာပြီး စူးချန်ခုန်း၏အနားသို့ ချဉ်းကပ်ကာ အလွန်ရိုသေစွာ ပြောလိုက်သည်။ "ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျ။ ဂိုဏ်းချုပ်က ခင်ဗျားနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားလိုက်ပါတယ်"

"ကောင်းပါပြီ" စူးချန်ခုန်း၏ ရင်ထဲတွင် အနည်းငယ် အံ့သြသွားမိသည်။ သူက အဘိုးကြီးချီရှစ်ကို တွေ့လိုတာဖြစ်သော်လည်း သူ့ကို ဖိတ်ကြားသူမှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူက ခေါင်းညိတ်သဘောတူလိုက်သည်။ အရင်တွေ့ပြီးမှသာ ဆက်လက်ဆွေးနွေးရပေမည်။

ဝတ်စုံဖြူနှင့်လူငယ်လေးက စူးချန်ခုန်းကို ဂိုဏ်းဝင်ပေါက်မှတစ်ဆင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်သွားသည်။ လမ်းတစ်လျှောက်တွင် စူးချန်ခုန်းသည် ရှေးကျပြီး ခန့်ညားလှသော အဆောက်အဦးများစွာကို မြင်တွေ့ရပြီး တပည့်များမှာလည်း တက်ကြွလှုပ်ရှားနေကြကာ သာမန်လူများနှင့် လုံးဝမတူကြချေ။

ဝတ်စုံဖြူနှင့်လူငယ်လေးသည် စူးချန်ခုန်းကို အတားအဆီးများစွာကို ဖြတ်ကျော်ခေါ်ဆောင်လာခဲ့ပြီး ခမ်းနားလှသော ခန်းမဆောင်ကြီးတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

"မိတ်ဆွေလေး... စကားပြောရအောင် အထဲဝင်ခဲ့ပါ။"

ဝတ်စုံဖြူနှင့်လူငယ်လေးက စူးချန်ခုန်းကို ခန်းမအပြင်ဘက်သို့ ခေါ်လာရုံရှိသေးသော်လည်း အတွင်းမှ ခပ်ဩဩအသံတစ်ခု ထွက်ပေါ်လာသည်။

ထိုလူငယ်မှာ နောက်ဆုတ်ကာ အဝေးမှ စောင့်နေပြီး စူးချန်ခုန်းသည် ခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်။

ခန်းမအတွင်း၌ စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့ဆုံခဲ့သည်။

ထိုသူမှာ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော်လည်း ပညာရှိဆန်သော အရှိန်အဝါရှိသည်။ အသက်အားဖြင့် အလွန်ဆုံး လေးဆယ်ဝန်းကျင်ခန့်သာ ထင်ရသော်လည်း သူ၏ မျက်ဝန်းများအတွင်းမှ နက်ရှိုင်းမှုနှင့် မျက်လုံးထောင့်မှ အရေးအကြောင်းများအရ သူ၏ အစစ်အမှန်သက်တမ်းမှာ မြင်တွေ့နေရသည်ထက် များစွာ ပိုမိုကြီးကြောင်း သိသာနေလေသည်။

အခန်း (၄၁၃) နတ်ပိုးချည်ဂူ။ နတ်ပိုးချည် နတ်ဘုရားစွမ်းအင်ပန်းချီ။ (၄)

ဤပုဂ္ဂိုလ်ကား ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟေးလျန်ယွမ်ပင် ဖြစ်သည်။

"မူလနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ..."

အကဲခတ်နေစရာပင်မလိုဘဲ ဟေးလျန်ယွမ်သည် မူလနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း စူးချန်းခုန်း အတည်ပြုနိုင်ခဲ့သည်။

"ကျေးဇူးပြုပြီး ထိုင်ပါဦး။ ဒီကမိတ်ဆွေလေးကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ။"

ဟေးလျန်ယွမ်သည် အလွန်ယဉ်ကျေးပျူငှာစွာဖြင့် စူးချန်ခုန်းကို ထိုင်ရန်ဖိတ်ခေါ်ပြီး အမည်ကို မေးမြန်းလိုက်သည်။

"ကျွန်တော့်နာမည် စူးဟေးလိုင်ပါ။ ဂိုဏ်းချုပ်ဟေးလျန်ကို ဂါရဝပြုပါတယ်" စူးချန်ခုန်းက လက်သီးနှင့် လက်ဖဝါးထိလျက် နှုတ်ဆက်ကာ နာမည်အမှန်ကို ဖုံးကွယ်၍ ပြောလိုက်သည်။ ထို့နောက် ယဉ်ကျေးမနေတော့ဘဲ ခန့်ညားလှသော ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။

"စူးဟေးလိုင် ဟုတ်လား။" ဤအမည်ကို ဟေးလျန်ယွမ် တစ်ခါမျှ မကြားဖူးသည်မှာ သဘာဝကျပါသည်။

ဟေးလျန်ယွမ်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "ခုနက စာကို ငါဖတ်ပြီးပါပြီ။ ငါ့ရဲ့ အစ်ကိုကြီးကလည်း သမားတော်ဟွားရှန်နဲ့ ခင်မင်ခဲ့ဖူးတဲ့အကြောင်း ပြောတာ ကြားဖူးပါတယ်။ စာထဲမှာတော့ မင်းရဲ့ သွေးကြောတွေအားလုံး ပြတ်တောက်နေတယ်လို့ ပါတယ်။ ငါကိုယ်တိုင် စမ်းသပ်စစ်ဆေးကြည့်လို့ရမလား။"

ဟေးလျန်ယွမ် သတိထားနေတာကို စူးချန်းခုန်း နားလည်ပါသည်။

အဘိုးအိုချီရှစ်နှင့် သမားတော်ဟွားရှန်တို့ တွေ့ဆုံခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ် ၄၊ ၅ ခုခန့်က ဖြစ်ရာ အချိန်ကာလအားဖြင့် အလွန်ဝေးကွာလှသည်။ ယခု သမားတော်ဟွားရှန်၏ စာကို ကိုင်လျက် ရောက်ရှိလာသူတစ်ဦးအား အစစ်အမှန်ဟုတ်မဟုတ် အတည်ပြုရန်မှာ အလွန်အရေးကြီးပေသည်။

"ရပါတယ်"

မိမိက အကူအညီလိုအပ်နေသည်ဖြစ်ရာ စူးချန်ခုန်းက ငြင်းပယ်ခြင်းမရှိဘဲ လက်ကို ဆန့်ပေးလိုက်သည်။

ဟေးလျန်ယွမ်သည် စူးချန်ခုန်း၏ သွေးခုန်နှုန်းနေရာပေါ်တွင် လက်ချောင်းတင်လိုက်ပြီး 'စစ်မှန်သော ချီစွမ်းအင်' တစ်မျှင်ကို ညင်သာစွာ အသုံးပြုကာ စူးချန်းခုန်း၏ ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်စစ်ဆေးလိုက်သည်။

"ဟင်"

မကြာမီမှာပင် ဟေးလျန်ယွမ်၏ မျက်နှာပေါ်တွင် အံ့သြရိပ်အချို့ ပေါ်လာသည်။

"ခန္ဓာကိုယ်ထဲက အဓိက သွေးကြောအများစုက တကယ်ပဲ ပြတ်တောက်နေတာပဲ။ ပြီးတော့ ဒီလူငယ်က အခြေခံ တော်တော်ကောင်းတယ်။ သူက ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိပြီး ချီသွေးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ ဒါကြောင့်လည်း ဒီလိုဒဏ်ရာမျိုးနဲ့ အသက်ရှင်နိုင်ခဲ့တာပဲ... သူ ဘယ်လိုများ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာရခဲ့သလဲ မသိဘူး"

ခဏလောက် စစ်ဆေးပြီးနောက် စာထဲ၌ ပါရှိသည့်အတိုင်း စူးချန်ခုန်း၏ သွေးကြောများ လုံးဝပြတ်တောက်နေသည်မှာ မှန်ကန်ကြောင်း ဟေးလျန်ယွမ် အတည်ပြုလိုက်သည်။

ထို့အပြင် စူးချန်ခုန်းတွင် အလွန်ခိုင်မာသော အခြေခံရှိကြောင်းကိုလည်း ဟေးလျန်ယွမ် တွေ့ရှိခဲ့သည်။ သူ၏ သွေးကြောများ မပြတ်တောက်မီက သူသည် သွေးသန့်စင်ခြင်းအဆင့်တွင် အဆင့်မြင့်မားသော သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ပုံရသည်။ သူ၏ အသက်အရွယ်နှင့်ဆိုလျှင် ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်း၌ပင် ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

ဟေးလျန်ယွမ်သည် လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ အားနာသော အမူအရာဖြင့် ပြောလိုက်သည်။ "မိတ်ဆွေလေးစူး၊‌ တကယ်ပဲ စိတ်မကောင်းပါဘူးကွာ။ မင်းက ငါ့အစ်ကိုကြီးရဲ့ အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့ သမားတော်ဟွားရှန်က ညွှန်းလိုက်တဲ့သူ ဖြစ်တယ်။ သူက အကူအညီတောင်းလာရင် ငါတို့အနေနဲ့ မငြင်းသင့်ဘူး။ ဒါပေမဲ့ ငါ့အစ်ကိုကြီးက အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်နေလို့ လဝက်လောက်ရှိပြီ။ တံခါးပိတ်ကျင့်ကြံနေတာ ဘယ်သူ့ကိုမှ အတွေ့မခံဘူး"

ဤစကားကို ကြားသောအခါ စူးချန်းခုန်း၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး မမေးဘဲ မနေနိုင်တော့ချေ။ "ဂိုဏ်းချုပ်ဟေးလျန်၊ အကြီးအကဲချီရှစ်က ဘယ်တော့လောက် တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာမလဲဆိုတာ သိလို့ရမလားခင်ဗျ။"

"ဒါကတော့... ငါလည်း အာမမခံနိုင်ဘူး။ တစ်နှစ်လည်း ဖြစ်နိုင်သလို သုံးလေးနှစ်လည်း ဖြစ်နိုင်တယ်"

ဟေးလျန်ယွမ်က ခေါင်းခါလျက် အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။ အဘိုးအိုချီရှစ် မည်သည့်အချိန်တွင် ကျင့်ကြံခြင်းမှ ထွက်လာမည်ကို သူကိုယ်တိုင်လည်း မသိပါပေ။

"အဲ့လောက်တောင် ကြာမှာလား။" စူးချန်ခုန်း၏ ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများ လွှမ်းမိုးသွားသည်။

အဘိုးအိုချီရှစ်က တံခါးပိတ်ကျင့်ကြံနေတယ်တဲ့လား။ ပြီးတော့ ပြန်ထွက်လာမယ့်အချိန်ကလည်း မသေချာဘူးပေါ့။

မူလနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦးအတွက် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။

သို့သော် နှစ်ပေါင်းများစွာဆိုသည်မှာ စူးချန်ခုန်းအတွက်မူ တိုတောင်းသော အချိန်မဟုတ်ပေ။ အကယ်၍ ထိုမျှကြာအောင် သူ၏ သွေးကြောများကို ပြန်မပြင်နိုင်ပါက သူ၏ ကျင့်ကြံမှုနှင့် ခွန်အားမှာ ဆက်လက် ရပ်တန့်နေပေလိမ့်မည်။ အကယ်၍ ထိုသို့သာဆိုလျှင်လည်း ကိစ္စမရှိပေ။

အကယ်၍ အဘိုးအိုချီရှစ်သည် နှစ်အနည်းငယ်အကြာတွင် အမှန်တကယ် ကျင့်ကြံခြင်းမှ ထွက်လာမည်ဆိုပါက စူးချန်ခုန်းအနေဖြင့် စောင့်ဆိုင်းနိုင်ပါသည်။ သို့သော် အကယ်၍ နှစ်အနည်းငယ်ကြာပြီးနောက်တွင်လည်း ထွက်မလာခဲ့ရင်ရော။ မသေချာဘဲနဲ့ စောင့်ဆိုင်းနေရတာက အလဟဿပင် ဖြစ်သွားလိမ့်မည်။

ဟေးလျန်ယွမ်က အားနာသော အမူအရာဖြင့် ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး မိတ်ဆွေလေးစူး၊ မင်းရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ချန်ထားခဲ့နိုင်ပါတယ်။ ငါ့အစ်ကိုကြီး တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာနဲ့ လူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်ပါ့မယ်"

"ဒါဆိုရင်... ကျေးဇူးတင်ပါတယ်"

စူးချန်ခုန်းသည် လက်မခံချင်သော်လည်း ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်သည်။

တကယ်တော့ သူက အကူအညီတောင်းခံသူသာဖြစ်ရာ သွေးကြောပြန်ဆက်ပေးဖို့ အဘိုးအိုချီရှစ်ကို တံခါးပိတ်ကျင့်ကြံခြင်းမှ ချက်ချင်းထွက်လာခိုင်းဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် မူလနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော ဟေးလျန်ယွမ်ကိုယ်တိုင်က အခြေအနေကို အလွန်ယဉ်ကျေးစွာ ရှင်းပြပြီး လိုအပ်သော လူမှုရေးဝတ်တရားများကို အပြည့်အဝ လုပ်ဆောင်ပေးခဲ့သည်။ အကယ်၍ စူးချန်ခုန်းကသာ ဇွတ်အတင်းလုပ်နေပါက မိမိအတွက်သာ နစ်နာဖို့သာ ရှိပေလိမ့်မည်။

စူးချန်ခုန်းသည် ထရပ်ကာ ထွက်ခွာလာခဲ့ပြီး ဝတ်စုံဖြူနှင့်လူငယ်လေးက သူ့ကို ဝိညာဉ်လမ်းစဉ်ဂိုဏ်း အပြင်ဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အခန်းအတွင်း၌ ဟေးလျန်ယွမ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ဟေးလျန်ယွမ်၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး အပြစ်မကင်းသကဲ့သို့သော အမူအရာတစ်ခု အစားထိုး ဝင်ရောက်လာသည်။ "ဒီလူငယ်လေးအတွက် တကယ် နှမြောဖို့ကောင်းတာပဲ။ ငါ့အစ်ကိုကြီးသာ သူရဲ့ ကျင့်စဉ်ကို အသုံးပြုပေးခဲ့မယ်ဆိုရင် သူ့ရဲ့ သွေးကြောတွေကို အရင်အတိုင်း ပြန်ကောင်းအောင် သေချာပေါက် ဆက်ပေးနိုင်မှာပဲ။ ဒါပေမဲ့... ဟမ်း..."

ဟေးလျန်ယွမ် သက်ပြင်းချလျက် ခေါင်းခါလိုက်သည်။ "တကယ်လို့ ဒီလူငယ်လေးသာ 'အသက်ဖန်တီးဆေးလုံး' ကိုသာ ရနိုင်မယ်ဆိုရင် တစ်ကျော့ပြန် အစွမ်းထက်လာနိုင်မှာပဲ။ ဒါမှမဟုတ်ရင်တော့ ဒီဗဟိုပြည်နယ်မှာ ငါ့အစ်ကိုကြီးကလွဲရင် ပြတ်တောက်နေတဲ့ သွေးကြောတွေကို ပြန်ဆက်ပေးနိုင်တဲ့သူ ရှာဖို့ဆိုတာ တကယ် မလွယ်ဘူး။"

ဟေးလျန်ယွမ်သည် လူအိုကြီးချီရှစ်ကို စူးချန်းခုန်းအား အမှန်တကယ် ကူညီစေလိုပါသည်။ သမားတော်ဟွားရှန်သည် လူအိုကြီး‌ချီရှစ်အပေါ် ကျေးဇူးရှိခဲ့ဖူးပြီး သူ့အတွက်တော့ တစ်စုံတစ်ယောက်၏ သွေးကြောများကို ပြန်ဆက်ပေးရန်မှာ ခက်ခဲသောကိစ္စ မဟုတ်ပေ။ သို့သော် သူတို့မှာလည်း ကိုယ့်အခက်အခဲနှင့်ကိုယ် ရှိနေသဖြင့် စူးချန်ခုန်းကို ပြန်လွှတ်လိုက်ရခြင်း ဖြစ်သည်။

သေလူကို ပြန်ရှင်စေနိုင်သော 'အသက်ဖန်တီးဆေးလုံး' ကတော့ ယန်တော်ဝင်မိသားစုသာ ပိုင်ဆိုင်သော 'ဝိညာဉ်ဆေးလုံး' တစ်မျိုးဖြစ်ပြီး မူလချီစွမ်းအင် အနည်းငယ်ထက်ပင် ပို၍ တန်ဖိုးကြီးမားလှရာ ရရှိရန်မှာ မလွယ်ကူပေ။

စူးချန်ခုန်းတွင် ထူးခြားသော ပါရမီရှိသည်ဆိုဦးတော့ သူသည် မဟာမီးလျှံတော်ဝင်မိသားစုအပေါ် သစ္စာခံဖို့ ဆန္ဒရှိလျှင်ပင် သူတို့က ဤမျှ တန်ဖိုးကြီးမားသော ဆေးလုံးကို ပေးအပ်ဖို့ မဖြစ်နိုင်သလောက်ပင်။

စူးဟေးလိုင်မှာ ပါရမီရှိနိုင်သော်လည်း သူ၏ သွေးကြောများကို ပြန်ဆက်ပြီး သိုင်းပညာလမ်းစဉ်ပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ပင် ခက်ခဲပေလိမ့်မည်။

ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ ထွက်ခွာပြီးနောက် စူးချန်ခုန်းသည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ဘာမျှမအောင်မြင်ဘဲ ပြန်လာခဲ့ရသဖြင့် သူ၏ ရင်ထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်မှာ သေချာပါသည်။

"ဟေးလျန်ယွမ်က အဘိုးအိုချီရှစ် တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောပေမဲ့... အဲဒီနောက်ကွယ်မှာ တစ်ခုခု ရှိနေပုံပဲ။ ဒီအတိုင်း စောင့်နေတာက အချိန်ဖြုန်းတာသက်သက်ပဲ။ ငါ့ဘာသာငါ စုံစမ်းပြီး အဘိုးအိုချီရှစ် တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာကိုသွားပြီး သူ့ကို လူကိုယ်တိုင် တွေ့အောင် ကြိုးစားတာကမှ ပိုကောင်းဦးမယ်။"

သို့သော် စူးချန်ခုန်း၏ မျက်ဝန်းများတွင် ထူးခြားသော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ သူက အလွယ်တကူ စိတ်ဓာတ်ကျမည့်သူ မဟုတ်ပေ။

ဝိညာဉ်လမ်းစဉ်ဂိုဏ်းချုပ် ဟေးလျန်ယွမ်၏ စကားများအရ အဘိုးအိုချီရှစ်တွင် သူ၏ သွေးကြောများကို ပြန်ဆက်ပေးနိုင်သည့် စွမ်းရည်အမှန်တကယ် ရှိနေသည်မှာ သိသာပါသည်။ အဘိုးအိုချီရှစ် ဘယ်အချိန်မှာ ထွက်လာမည်ကို မသိဘဲနှင့် အချည်းနှီး စောင့်နေမည့်အစား မိမိကိုယ်တိုင် လှုပ်ရှားပြီး သူနှင့် တွေ့ဆုံရန် ကြိုးစားတာက ပို၍ ထိရောက်ပေလိမ့်မည်။

အခန်း (၄၁၄) နတ်ပိုးချည်ဂူ။ နတ်ပိုးချည် နတ်ဘုရားစွမ်းအင်ပန်းချီ။ (၅)

ဤကဲ့သို့သော လုပ်ရပ်မှာ အလွန်ပင် ရဲတင်းလွန်းပြီး နားလည်မှုလွဲမှားမှုများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် အကယ်၍ ထိုသို့ဖြစ်လာပါက သူသည် စိတ်ရင်းမှန်ဖြင့် တောင်းပန်ဖို့ပြင်ထားပြီး နတ်ဆိုးအမြုတေကိုပင် ကျေအေးရာ‌ကျေအေးကြောင်း လက်ဆောင်အဖြစ် ပေးအပ်မည်ဟု ဆုံးဖြတ်ထားပါသည်။

စူးချန်ခုန်းအနေဖြင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်း၌ သူ၏ သွေးကြောများကို ပြန်ဆက်ပေးနိုင်မည့်သူ ရှိနေသည်ကို သိလျက်နှင့် မည်သို့ ငြိမ်သက်စွာ ထိုင်စောင့်နေနိုင်ပါမည်နည်း။

ပထမဦးစွာ သူသည် မိုင်ပေါင်းများစွာ ဝေးသော မြို့ငယ်လေးရှိ တည်းခိုခန်းသို့ ပြန်ကာ ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့သည်။

စူးချန်ခုန်း၏ အစီအစဉ်မှာ ရိုးရှင်းပါသည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားတစ်ဦးအဖြစ် ရုပ်ဖျက်ကာ ညဘက်တွင် ဂိုဏ်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ပြီး သတင်းအချက်အလက်များကို စုဆောင်းရန်ဖြစ်ပါသည်။ ထို့နောက် အဘိုးအိုချီရှစ် တံခါးပိတ်ကျင့်ကြံနေသော နေရာကို ရှာဖွေကာ လူကိုယ်တိုင် သွားရောက်တွေ့ဆုံရန် ဖြစ်သည်။

ညမှောင်လာသောအခါ ကျုံးလင်တောင်ခြေ၌ ရုပ်ရည်ပြောင်းလဲထားသော စူးချန်ခုန်းသည် တောင်ထိပ်သို့ မော့ကြည့်လိုက်သည်။ ကျုံးလင်တောင်သည် သူအရင်က ရောက်ခဲ့ဖူးသော တျဲရှင်းတောင်ထက် များစွာ ပိုမိုမြင့်သော်လည်း စူးချန်ခုန်းအတွက်တော့ အခက်အခဲ မရှိပါပေ။

"ဟူး"

စူးချန်ခုန်းက အသက်ပြင်းပြင်းရှူ၍ အာရုံကို စုစည်းလိုက်ရာ သဘာဝစွမ်းအင်များ စုဆောင်းမိသွားသည်။ ထို့နောက် တောင်ပံအကျယ် ပေ ၂၀ ခန့်ရှိသော ကြိုးကြာဖြူပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ၎င်း၏ အမွေးအတောင်များမှာ အထင်အသား မြင်တွေ့နေရသည်။

ဝှစ်

ကြိုးကြာဖြူ၏ ခြေသည်းများက စူးချန်ခုန်း၏ ပခုံးကို ဆုပ်ကိုင်ထားစဉ် အတောင်ပံများကို ခတ်လိုက်ရာ သူသည် လေးညှို့မှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ပေ ၁၀၀ နီးပါး မြင့်သော ကျောက်ကမ်းပါးယံတစ်လျှောက် ပျံတက်သွားသည်။ ထို့နောက် တောင်နံရံ၏ မညီညာသော နေရာများကို အရှိန်ယူကာ အထက်သို့ ထပ်မံ ခုန်တက်လိုက်ပြန်သည်။

ဝူချင်းရှီနဝမအဆင့်သို့ ရောက်ရှိထားသဖြင့် ကြိုးကြာပြကွက်သည် သူ့အား အလွန်ပေါ့ပါးသော ကိုယ်ဖော့ပညာကို ပေးစွမ်းလေသည်။ တောင်နံရံမှာ မှန်ပြင်ကဲ့သို့ ချောမွတ်မနေဘဲ အသက်ရှူဖို့ အရှိန်ယူစရာ နေရာတစ်ခုသာ ရှိနေပါက ဘယ်တောင်မြင့်ကိုမဆို သူ အလွယ်တကူ ကျော်ဖြတ်နိုင်ပေသည်။ စူးချန်ခုန်း၏ ရှေ့ဆက်မှုကို မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်ပေ။

မကြာမီမှာပင် စူးချန်ခုန်းသည် ကျုံးလင်တောင်၏ မတ်စောက်လှသော ကမ်းပါးယံများကို ပေထောင်ချီ ကျော်ဖြတ်ကာ တောင်ထိပ်သို့ ရောက်ရှိသွားသည်။

မလှမ်းမကမ်းတွင် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အဆောက်အဦးများကို မြင်တွေ့လိုက်ရသည်။ ညအချိန် ဖြစ်သော်လည်း မီးအလင်းရောင်များ ထွန်းညှိထားဆဲဖြစ်ကာ ဝတ်စုံဖြူ တပည့်များမှာလည်း နိုးနိုးကြားကြားဖြင့် ကင်းလှည့်နေကြသည်။

"သွားကြည့်ကြရအောင်"

စူးချန်ခုန်းသည် သူ၏ အာရုံကို စုစည်းလိုက်ရာ အဖြူရောင်အမွေးများရှိသော သမင်ပျိုပုံရိပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။ ၎င်းမှာ သားရဲအသွင်ပြောင်းခြင်းငါးသွယ်ထဲမှ သမင်ပြကွက်ပင် ဖြစ်သည်။

စူးချန်ခုန်းက ရှေ့သို့ ခုန်တက်ကာ နတ်သမင်ပုံရိပ်ပေါ်တွင် ခွစီးလိုက်သည်။

ဝှီး

အနှီနတ်သမင်သည် ခြေလက်များကို လှုပ်ရှားကာ စူးချန်ခုန်းကို အဆောက်အဦးများကြားမှ လေပြေညင်းကဲ့သို့ သယ်ဆောင်သွားလေ၏။ ၎င်းမှာ ကြိုးကြာအကွက်ထက် ပိုမို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခရီးဝေးသွားလာနိုင်သော နည်းလမ်းဖြစ်သည်။

စူးချန်ခုန်း၏ အကြည့်က ဟိုဟိုဒီဒီ ဝေ့ဝိုက်သွားပြီး ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်တွင် အလျင်အမြန် ပုန်းနေလိုက်သည်။ မကြာမီမှာပင် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားတစ်စုက ခြေသံဖွဖွဖြင့် ဖြတ်သန်းသွားကြရာ ပုန်းကွယ်နေသော စူးချန်ခုန်းကို လုံးဝ သတိမပြုမိကြချေ။

တင်းကျပ်စွာ စောင့်ကြပ်ထားသော ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်း၌ မူလနယ်ပယ်အဆင့် သိုင်းပညာရှင် မဟုတ်ပါက မည်သူမျှ စူးချန်ခုန်း ရှိနေတာကို အနီးကပ် မသိနိုင်ပေ။

စူးချန်ခုန်း၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် ကင်းလှည့်နေသူ သို့မဟုတ် စောင့်ကြည့်နေသူများကို အလွယ်တကူ သိရှိနိုင်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်စေသည်။

သွေးကြောများ ပြတ်တောက်နေသော သိုင်းပညာရှင်တစ်ဦးသည် သူတို့၏ နယ်မြေအတွင်း၌ ဤမျှ လွတ်လပ်စွာ သွားလာနေလိမ့်မည်ဟု ဝိညာဉ်လမ်းစဉ်ဂိုဏ်းအနေဖြင့် စိတ်ကူးပင် ယဉ်နိုင်လိမ့်မည် မဟုတ်ပေ။

"နောက်တစ်ဆင့်အနေနဲ့ ငါ အေးအေးဆေးဆေး စောင့်ကြည့်ပြီး အဖိုးကြီးချီရှစ် ဘယ်မှာ တံခါးပိတ်ကျင့်ကြံနေသလဲဆိုတဲ့ သတင်းကို စုဆောင်းရမယ်"

စူးချန်ခုန်းသည် စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်သည်။ သူသည် အလွန် စိတ်ရှည်သူဖြစ်ပြီး အလျင်စလိုလုပ်၍ မရမှန်း သိရှိသည်။

မိုးလင်းသောအခါ စူးချန်ခုန်းသည် ကြိုးကြာဖြူပုံရိပ်ကို ဖန်တီးကာ ကမ်းပါးယံမှတစ်ဆင့် အောက်သို့ တိုက်ရိုက် ဆင်းလာခဲ့သည်။

ထိုနေ့မှစ၍ ညစဉ်ညတိုင်း စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဤသို့ဖြင့် လဝက်ခန့် ကြာပြီးနောက်တွင် စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ မြေပြင်အနေအထား၊ တပည့်များ နေထိုင်ရာနှင့် တားမြစ်ထားသော နေရာများကို အကုန်လုံးနီးပါး သိရှိသွားတော့သည်။

"ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ တောင်နောက်ဘက်က တားမြစ်ထားတဲ့ နတ်ပိုးချည်ဂူ၊ အဲဒါက အဖိုးကြီးချီရှစ် တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာပဲ ဖြစ်ရမယ်။ အဲဒီနေရာမှာ ချီသွေးနယ်ပယ်အထွတ်အထိပ်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက် စောင့်ကြပ်နေတာ။ သုံးရက်တစ်ခါ သတ်မှတ်ထားတဲ့ တပည့်တစ်ယောက်က နတ်ပိုးချည်ဂူဝကို ရေနဲ့ အစားအစာတွေ သွားပို့ပေးလေ့ရှိတယ်။"

စူးချန်ခုန်းသည် အဘိုးအိုချီရှစ် တံခါးပိတ်ကျင့်ကြံနေသည့် နေရာကို ရှာတွေ့သွားသည့်အပြင် အစားအစာ ပို့ဆောင်သည့် အချိန်ဇယားနှင့် တားမြစ်နယ်မြေကို စောင့်ကြပ်နေသည့် အင်အားများကိုလည်း သိရှိသွားခဲ့သည်။

"ဒီည... ငါ နတ်ပိုးချည်ဂူကို သွားမယ်"

မြို့သို့ ပြန်ရောက်သောအခါ စူးချန်ခုန်းသည် နေ့ဘက်တွင် တည်းခိုခန်း၌ အပြည့်အဝအိပ်စက်ကာ အနားယူလိုက်ပြီး ယနေ့ညတွင် နတ်ပိုးချည်ဂူသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တောင်နောက်ဘက် တားမြစ်နယ်မြေရှိ တောင်ကုန်းပေါ်မှ ဂူတစ်ခုတွင် "နတ်ပိုးချည်ဂူ" ဟူသော စာလုံးကြီး သုံးလုံးကို ထွင်းထုထားသည်။

ဂူဝင်ပေါက်တွင် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးသည် တိတ်တဆိတ် ထိုင်နေ၏။

ထိုအမျိုးသားမှာ ထူးခြားသော အရှိန်အဝါရှိသည်။ စူးချန်ခုန်း၏ အာရုံခံစားမှုအရ ထိုသူသည် ကြီးမားလှသော သဘာဝစွမ်းအင်များဖြင့် ဝန်းရံထားပြီး ချီသွေးအသွင်ပြောင်းလဲခြင်း အဆင့်ဆယ်နှစ် အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူသည် အရင်က ဟုန်ကျန့်ရှန်းနှင့် ယှဉ်လျှင်ပင် နိမ့်ကျသူ မဟုတ်ပေ။

မူလချီစွမ်းအင် အနည်းငယ်မျှ ရရှိရုံဖြင့် မူလနယ်ပယ်အဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်း အလွန်များသူတစ်ဦး ဖြစ်သည်။

အစားအစာ လာပို့သော ဝိညာဉ်လမ်းစဉ်ဂိုဏ်းသားများ၏ စကားဝိုင်းမှတစ်ဆင့် စူးချန်ခုန်း သိလာရသည်မှာ ထိုအမျိုးသား၏ အမည်မှာ ချမ်ရွေ့ ဖြစ်သည်။ သူသည် ဂိုဏ်းအတွင်း၌ အဆင့်အတန်း မြင့်မားသူဖြစ်ပြီး အဘိုးကြီးချီရှစ် ကျင့်ကြံနေစဉ် မည်သူကမျှ နှောင့်ယှက်ခြင်း မရှိစေရန် နတ်ပိုးချည်ဂူကို စောင့်ကြပ်ဖို့ တာဝန်ပေးအပ်ခြင်း ခံထားရသူ ဖြစ်သည်။

"ငါ အရင်ဆုံး လှုပ်ရှားပြီး သူ့ကို ထိန်းချုပ်ရမယ်။"

ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်တွင် စူးချန်ခုန်းသည် စိတ်ထဲမှ တိတ်တဆိတ် အစီအစဉ် ဆွဲလိုက်သည်။

အကယ်၍ စူးချန်ခုန်းသာ လူကိုယ်တိုင် ထွက်လာပါက သူ၏ ရည်ရွယ်ချက်ကို မရှင်းပြမီမှာပင် ချမ်ရွေ့က သူ့ကို ရန်သူဟု သတ်မှတ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဂိုဏ်းချုပ် ဟေးလျန်ယွမ်နှင့် အခြား မူလနယ်ပယ်အဆင့် ပညာရှင်များကို သတိပြုမိသွားစေနိုင်သဖြင့် ပြဿနာတက်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် လျင်မြန်ပြတ်သားသော နည်းလမ်းဖြင့် နတ်ပိုးချည်ဂူ စောင့်ကြပ်သူကို ဖမ်းဆီးထိန်းချုပ်ရန် လိုအပ်သည်။

"ဟင်"

လူထွားကြီးချမ်ရွေ့သည် နတ်ပိုးချည်ဂူဝတွင် မျက်လုံးမှိတ်ကာ တိတ်တဆိတ် ကျင့်ကြံနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့သည်။

မလှမ်းမကမ်းတွင် အဖြူရောင်အမွေးများရှိသော နတ်သမင်တစ်ကောင်သည် သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်။ ၎င်း၏ အဖြူရောင်အမွေးများမှာ တောက်ပနေပြီး ထူးခြားသော ဝိညာဉ်အရှိန်အဝါများ ထွက်ပေါ်နေ၏။

All Chapters