စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန
Vol. 1 Ch. 1
ငွေရောင်မြို့တော်ရှိ စုံစမ်းစစ်ဆေးရေးဌာန၏ စီမံခန့်ခွဲရေး နယ်မြေအတွင်းသို့ အဆင့် (၃) စုံစမ်းစစ်ဆေးရေးမှူး လီဟောင် လှမ်းဝင်လာခဲ့သည်။ ခန္ဓာကိုယ် အနည်းငယ် ပိန်ပါးပြီး မျက်လုံးအောက်တွင် ညိုမည်းနေသော ကွင်းများကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်မှာ တစ်ညလုံး အိပ်ရေးပျက်ထားသည်မှာ သိသာလှသည်။
လုပ်သက် တစ်နှစ်သာ ရှိသေးသော ဝန်ထမ်းသစ်တစ်ဦး ဖြစ်သည့်အလျောက် လီဟောင်သည် ပုံမှန်အားဖြင့် ရုံးသို့ စောစောရောက်တတ်ပြီး ရုံးခန်းသန့်ရှင်းရေးလုပ်ခြင်းနှင့် ရေနွေးတည်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ သို့သော် ယနေ့တွင်မူ သူ အနည်းငယ် နောက်ကျသွားသဖြင့် ရုံးခန်းအတွင်း၌ လုပ်ဖော်ကိုင်ဖက် အချို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
တံခါးအနီးတွင် ထိုင်နေသော မမယုက လီဟောင်ကို မြင်မြင်ချင်းပင် စနောက်လိုက်၏။
“ဟောင်လေး... ဒီနေ့တော့ နောက်ကျနေပါလား။ ကြည့်စမ်း... မျက်တွင်းတွေလည်း ဟောက်နေတာပဲ။ မနေ့ညက ဘယ်တွေ သွားလျှောက်ကဲနေတာလဲ”
လီဟောင်က အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“အဲလို မပြောပါနဲ့ မမယုရယ်… ကျွန်တော့်မှာ ရည်းစားလည်း မရှိပါဘူး… ဒီလို ကောလာဟလတွေ ထွက်ကုန်ရင် ကျွန်တော် ဘယ်တော့မှ ရည်းစားရမှာ မဟုတ်တော့ဘူး”
“ဟီးဟီး... ဒီကလေးကတော့လေ… စုံစမ်းစစ်ဆေးရေးဌာနမှာ တစ်နှစ်တောင် ရှိနေပြီ၊ ငါတို့ နောက်တာကိုတောင် မခံနိုင်သေးဘူး”
မမယုသည် လီဟောင်ကို စနောက်ရသည်ကို အလွန်သဘောကျသူ ဖြစ်သော်လည်း သူမ၏ အကြည့်ထဲတွင်မူ တစ်မျိုးတစ်ဖုံသော ခံစားချက်များ ရှိနေသည်။ ခဏမျှ ရယ်မောပြီးနောက် သူမက အကြောင်းအရာဟောင်းတစ်ခုကို ပြန်လည် စကားစလာပြန်သည်။
“ဟောင်လေး... မင်းက တစ်ယောက်တည်း နေတာဆိုတော့ ထမင်းချက်မစားဘူး မဟုတ်လား… အပြင်စာတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ… အဲဒါကြောင့် ဒီနေ့ အလုပ်ဆင်းရင် မမအိမ်မှာ ထမင်းလာစားပါလား”
“မဟုတ်တာ... မမကို ဒုက္ခမပေးချင်ပါဘူးဗျာ”
လီဟောင်က ပြုံးလျက်ပင် ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ထိုစဉ် အနီးနားရှိ အစ်ကိုကျိုးက နှာခေါင်းရှုံ့ကာ ရယ်မောရင်း ကြားဖြတ်ပြောဆိုလိုက်၏။
“ဟောင်လေးရာ... မင်းရဲ့ မမယုက တကယ်ပဲ ထမင်းကျွေးချင်လို့ ခေါ်တယ် ထင်နေတာလား… သူက မင်းကို သူ့ရဲ့ မောင်လေး (ချစ်သူ) ဖြစ်စေချင်နေတာကွ… အိုက်ယိုး... စကားရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကြိုးစားစမ်းပါ ကလေးရာ”
ရုံးခန်းအတွင်း၌ ဝိုင်းဝန်းရယ်မောသံများ ဆူညံသွားရသည်။ မမယုမှာ ရှက်ရွံ့သွားခြင်း မရှိဘဲ အားလုံးကို ဒေါသတကြီး စိုက်ကြည့်ကာ ပြန်လည်ဟောက်လိုက်၏။
“ဘာဖြစ်လဲ အဲဒါ ဘာဖြစ်လဲ… ဟောင်လေးက တကယ့် လူရည်ချွန်လေးပဲ… စိတ်ထားကလည်း ကောင်း၊ ဉာဏ်ကလည်း ကောင်း၊ ရုပ်ကလည်း ချောသေးတယ်… အကယ်၍ သူသာ ငါ့လူ တကယ်ဖြစ်လာရင် ငါ အိပ်မက်ထဲမှာတောင် ရယ်နေမိမှာပဲ”
ရယ်မောသံများ ပိုမိုကျယ်လောင်လာသော်လည်း အများစုမှာ သူမ၏ စကားကို ခေါင်းညိတ် ထောက်ခံကြသည်။ လီဟောင်ကို အားလုံးက အလားအလာရှိသော လူငယ်တစ်ဦးအဖြစ် သတ်မှတ်ထားကြခြင်းပင်။ သို့သော် အစ်ကိုကျိုးကမူ သက်ပြင်းတစ်ချက်ချရင်း စိတ်မကောင်းစွာ ဆိုလိုက်ပြန်သည်။
“မင်းပြောတာ မှန်ပါတယ်၊ ဟောင်လေးက တကယ် မဆိုးပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ နှမြောစရာကောင်းတယ်...”
“ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပဲလေ အစ်ကိုကျိုး… စိတ်မကောင်းဖြစ်စရာ ဘာရှိလို့လဲ”
လီဟောင်က တောက်ပစွာ ပြုံးလျက် ဆိုလိုက်သော်လည်း အစ်ကိုကျိုးကမူ နှမြောတသဖြစ်စွာဖြင့် ဆက်ပြောလေသည်။
“မင်းကတော့ အဲလိုပြောမှာပေါ့ ဟောင်လေးရာ… ငွေရောင်မြို့တော် စုံစမ်းစစ်ဆေးရေးဌာနမှာ အလုပ်ဝင်ပြီး ခြောက်လအတွင်းမှာ အဆင့် (၃) ရောက်တယ်ဆိုတာ တကယ့်ကို ကောင်းပါတယ်… ဒါပေမဲ့ မင်းက ဗက်ထရစ် အဆင့်မြင့်အကယ်ဒမီ ကနေ ကျောင်းထွက်ပြီး ဒီကို ရောက်လာတာလေ… အကယ်၍ မင်းသာ အဲ့ဒီကျောင်းတော်ကြီးကနေ ဘွဲ့ရတဲ့အထိ စောင့်ခဲ့ရင် မင်း ဒီဌာနကို အဆင့် (၁) စုံစမ်းစစ်ဆေးရေးမှူးအဖြစ်နဲ့ တိုက်ရိုက်ဝင်လာနိုင်တာကွ”
ခေတ်မီလှပသော ချန်နာ ကလည်း ဝင်ရောက်ထောက်ခံလိုက်၏။
“အမှန်ပဲ... လီဟောင် နင် ဘာလို့ ကျောင်းထွက်လိုက်ရတာလဲ… ငါတို့အားလုံးက အဲ့ဒီကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဖို့တောင် အရည်အချင်း မပြည့်မီကြဘူး… နင်က နောက်ထပ် နှစ်နှစ်လောက် စောင့်လိုက်ရင် ဘွဲ့ရတော့မှာကို… အခုတော့ အဆင့် (၃) ကနေ အဆင့် (၁) ရောက်ဖို့ဆိုတာ အနည်းဆုံး ငါးနှစ်လောက် အဆင်ပြေပြေ ကြိုးစားရဦးမှာနော်”
ရုံးသို့ အခုလေးတင် ရောက်ရှိလာသော အမျိုးသမီးငယ်၏ လေသံထဲတွင် မနာလိုမှုနှင့် နှမြောတသဖြစ်မှုများ ရောယှက်နေသည်။ သူမသည် ဗက်ထရစ် အဆင့်မြင့်အကယ်ဒမီမှ ဘွဲ့ရရှိသူများကို အားကျနေသလို၊ လီဟောင်အနေဖြင့် ဘွဲ့ရရန် နှစ်နှစ်အလိုတွင်မှ ရုတ်တရက် ကျောင်းထွက်ကာ စုံစမ်းစစ်ဆေးရေးဌာနသို့ ဝင်ရောက်လာခဲ့ခြင်းအပေါ်လည်း စိတ်မကောင်းဖြစ်နေမိသည်။
ဌာနခွဲမှူးကိုယ်တိုင်ပင်လျှင် ထိုဝန်ထမ်းသစ်လေးအတွက် စိုးရိမ်ပူပန်ပေးခဲ့ဖူးသည်။ သူသည် လီဟောင်ကို ကျောင်းသို့ပြန်သွားရန်နှင့် ပညာသင်ဆု ပြီးဆုံးအောင် အရင်လုပ်ရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ အကယ်၍ လီဟောင်အနေဖြင့် စုံစမ်းစစ်ဆေးရေးဌာနသို့ တကယ်ဝင်ချင်ပါက ဘွဲ့ရပြီးမှသာ စာမေးပွဲပြန်ဖြေရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပုံမှန်အားဖြင့် ယဉ်ကျေးပျူငှာပြီး အေးအေးဆေးဆေး နေတတ်သော လီဟောင်မှာ ဤကိစ္စတွင်မူ အလွန်ပင် ခေါင်းမာလှသည်။ အမြဲတမ်း နူးညံ့သိမ်မွေ့သူ ဖြစ်သော်လည်း အကယ်ဒမီသို့ ပြန်ရန် ကိစ္စကိုမူ အပြတ်အသတ် ငြင်းဆိုခဲ့လေသည်။
လီဟောင်၏ ဆရာကိုယ်တိုင်ပင်လျှင် ထိုလူငယ်၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ကြိုးစားခဲ့ကြောင်း ချန်နာ သိရှိထားသည်။ လီဟောင်၏ ရှေ့တွင် အလွန်တောက်ပသော အနာဂတ်ကြီး စောင့်ကြိုနေသည် မဟုတ်ပါလား။
လူငယ်လေးမှာမူ လူအများက သူ့အကြောင်း ပြောဆိုနေကြသည်ကို ပြုံးပြုံးလေးသာ နားထောင်နေသည်။ သူသည် ရုံးခန်းထောင့်ရှိ ရေနွေးအိုးဆီသို့ လျှောက်သွားကာ ရေနွေးတည်ရင်း အလုပ်ရှုပ်နေဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်၏။
“အဆင့် (၃) စုံစမ်းစစ်ဆေးရေးမှူးအဖြစ်နဲ့ အလုပ်စရတာလည်း မဆိုးပါဘူးဗျာ… ဒါ့အပြင် အကယ်၍ ကျွန်တော်က ဘွဲ့ရတဲ့အထိ စောင့်နေမယ်ဆိုရင် ခင်ဗျာတို့အားလုံးနဲ့ ဆုံဖို့ နှစ်နှစ်လောက် အချိန်နှောင်းသွားမှာပေါ့… အဲဒါက ပိုပြီး နှမြောစရာမကောင်းဘူးလား”
“ဟားဟား... မင်းပြောတာလည်း ဟုတ်တာပဲ”
သူ၏ နားဝင်ချိုသော စကားကြောင့် ရယ်မောသံများ ပြန်လည်ထွက်ပေါ်လာသည်။
လီဟောင်သည် စကားပြောဆိုရာတွင် မည်သို့ပြောရမည်ကို ကောင်းစွာ သိရှိသူ ဖြစ်သည်။ အသက် (၂၀) မျှသာ ရှိသေးသဖြင့် သူသည် ငွေရောင်မြို့တော် စုံစမ်းစစ်ဆေးရေးဌာနတွင် အငယ်ဆုံးသော ဝန်ထမ်းများထဲမှ တစ်ဦးလည်း ဖြစ်သည်။ ထိပ်တန်းကျောင်းသားတစ်ဦးအဖြစ် ဂုဏ်သတင်းကြီးခဲ့သူဖြစ်သဖြင့် လုပ်ဖော်ကိုင်ဖက်များမှာလည်း သူ၏ မြှောက်ပင့်စကားများကို နားထောင်ရသည်ကို အတော်ပင် သဘောကျကြလေသည်။
ယနေ့နံနက်ခင်းတွင် စီမံခန့်ခွဲရေး အကန့်လေးများအတွင်း၌ ရယ်မောသံများနှင့် စကားပြောသံများ ဖုံးလွှမ်းနေသည်။ လူအများက လီဟောင် ကျောင်းထွက်ခဲ့သည့် အကြောင်းအရာကို ဘေးဖယ်ထားလိုက်ကြပြီ ဖြစ်သည်။ ကာယကံရှင်ကိုယ်တိုင်က ဂရုမစိုက်သဖြင့်သာ သူတို့က ထုတ်ဖော်ပြောဆိုနေကြခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ ဗက်ထရစ် အဆင့်မြင့်အကယ်ဒမီမှ ဘွဲ့မရရှိဘဲ ကျန်ရစ်ခဲ့ခြင်းမှာ ဘဝ၏ အကြီးမားဆုံးသော နောင်တတစ်ခု ဖြစ်ရန် လုံလောက်လှသည်။
ထိုလူငယ်၏ စိတ်ထဲတွင် ဘာတွေတွေးနေသနည်း၊ ဘာကြောင့် ထိုသို့ ရွေးချယ်ခဲ့သနည်း ဆိုသည့်အချက်ကိုမူ သူတို့ ဝင်ရောက်စွက်ဖက် မမေးမြန်းဝံ့ကြပေ။ လီဟောင်ကမူ သူသည် ပိုက်ဆံရှာချင်နေပြီ ဖြစ်ကြောင်း၊ ကျောင်းလစာမှာ မြင့်မားလွန်းပြီး အသုံးစရိတ်မှာလည်း များပြားလွန်းသဖြင့် သူ၏စုငွေများ ကုန်ခန်းနေပြီဖြစ်ကြောင်း တစ်ကြိမ်က ဖြေကြားခဲ့ဖူးသည်။
သို့သော်လည်း... ဗက်ထရစ်မှ ကျောင်းသားတစ်ဦးက တကယ်ပဲ ငွေကြေးပြတ်လပ်နိုင်ပါ့မလား။
အရာရှိကြီးများ ရုံးခန်းထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြသဖြင့် စီမံခန့်ခွဲရေး နယ်မြေအတွင်းရှိ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
ငွေရောင်မြို့တော် စုံစမ်းစစ်ဆေးရေးဌာနသည် မြို့၏ ဥပဒေစိုးမိုးရေး အေဂျင်စီတစ်ခု ဖြစ်သည်။ ဌာနချုပ်အပြင် အခြားသော ဌာနခွဲ (၄) ခုရှိပြီး ဌာနအသီးသီးဖြင့် ဖွဲ့စည်းထားသည်။ လီဟောင်ကိုမူ လျှို့ဝှက်ရေးရာဌာနသို့ တာဝန်ချထားခြင်း ဖြစ်သည်။ သူ၏ အဓိက တာဝန်များမှာ ဖိုင်တွဲများကို မှတ်တမ်းတင်ခြင်း၊ အမှုဟောင်းများကို ပြန်လည်ဖွင့်လှစ်ခြင်း၊ ပဟေဠိဖြစ်နေသော အမှုများကို စစ်ဆေးခြင်းနှင့် အရေးကြီးသော လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ခြင်းတို့ ဖြစ်သည်။
လျှို့ဝှက်ရေးရာဌာနသည် ရှေ့တန်းထွက်ရသော ဌာနမျိုး မဟုတ်သဖြင့် ကွင်းဆင်းရသည့် အလုပ်မျိုးမှာ ရှားပါးလှသည်။ သို့သော် အခြားသော ဌာနများတွင် လူအင်အား လိုအပ်လာပါက လီဟောင်နှင့် အခြားသူများကို ယာယီအကူအညီအဖြစ် စေလွှတ်လေ့ရှိသည်။
ခြုံငုံကြည့်လျှင် သူ၏ ရာထူးမှာ ရုံးတွင်းအလုပ်မျိုးသာ ဖြစ်ပေသည်။
……
အရာရှိကြီးများ သူတို့၏ စားပွဲတွင် အခြေချထိုင်လိုက်ကြသည်နှင့် တပြိုင်နက် နောက်ထပ် အလုပ်များပြားလှသည့် နေ့သစ်တစ်ခု စတင်လေတော့သည်။
လီဟောင်တွင် ကိုယ်ပိုင်ရုံးခန်းဟူ၍ မရှိပေ။ ရာထူးဝင်ခါစ အဆင့် (၃) စုံစမ်းစစ်ဆေးရေးမှူးလေးတစ်ဦးအတွက် ကိုယ်ပိုင်ရုံးခန်းဆိုသည်မှာ အလှမ်းဝေးလွန်းလှသည်။ အဆင့် (၂) စုံစမ်းစစ်ဆေးရေးမှူးများဖြစ်ကြသည့် မမယုနှင့် အစ်ကိုကျိုးတို့ပင်လျှင် ကိုယ်ပိုင်ရုံးခန်း မရရှိကြသေးပေ။
လီဟောင်၏ စားပွဲမှာ အိမ်သာနှင့် အတော်ပင် နီးကပ်သောနေရာတွင် တည်ရှိသည်။ ကံကောင်းထောက်မစွာဖြင့် စိုးရိမ်ရလောက်သော အနံ့အသက်မျိုးတော့ မရှိလှ။ သို့သော်လည်း ထိုနေရာမှာ လူအသွားအလာ များပြားပြီး ဆူညံလှသဖြင့် ဝါရင့်ဝန်ထမ်းများမှာမူ ထိုနေရာတွင် မထိုင်ချင်ကြပေ။
လူငယ်လေး၏ စားပွဲနှင့် မျက်နှာချင်းဆိုင်တွင်မူ ချန်နာ၏ စားပွဲရှိသည်။ သူမသည် လီဟောင်ထက် အလုပ်ဝင်တာ ခြောက်လခန့် စောသဖြင့် သူမကိုလည်း ဝန်ထမ်းသစ်အဖြစ်သာ သတ်မှတ်ထားကြသည်။ မကြာမီတွင် ဝန်ထမ်းသစ်အသုတ်သစ် ရောက်ရှိလာတော့မည်ဖြစ်ရာ ထိုအခါမှသာ သူတို့နှစ်ဦးမှာ ဝန်ထမ်းသစ်ဘဝမှ လွတ်မြောက်ကြတော့မည် ဖြစ်သည်။
လီဟောင်သည် ဖိုင်တွဲများထဲတွင် အာရုံနစ်ဝင်နေစဉ် မျက်နှာချင်းဆိုင်မှ စားပွဲကို အသာအယာ ခေါက်လိုက်သံ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ စားပွဲပေါ်တွင် မှောက်လျက်သား ရှိနေသည့် ချန်နာကို တွေ့လိုက်ရသည်။
ချန်နာက တောက်ပသော အပြုံးဖြင့် အသံကို တိုးတိုးလေး နှိမ့်ကာ ပြောလိုက်၏။
“လီဟောင်... ကွင်းဆင်းရမယ့် တာဝန်တစ်ခု ရှိတယ်ဟ… အလုပ်ကလည်း လွယ်လွယ်လေးရယ်၊ ရုံးပြင်ပမှာ တစ်လလောက် သွားနေလို့ရမှာ… ငါတို့နှစ်ယောက် အတူတူ လျှောက်ကြည့်ရအောင်လား တစ်လလောက် အပြင်ထွက်ပြီး လမ်းလျှောက်ရတာ ပျော်စရာကောင်းမှာနော်။”
လီဟောင်သည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး သူ၏ အလုပ်အချိန်ဇယားကို စိတ်ထဲမှ အမြန်ပြန်လည် စစ်ဆေးကြည့်လိုက်ကာ ခေါင်းခါလိုက်သည်။
“မသွားပါဘူးဗျာ... အပြင်ထွက်ရတာ ဘာမှမကောင်းပါဘူး… နင်ပြောသလိုမျိုးလည်း ဘေးကင်းချင်မှ ကင်းမှာ”
“တကယ် ဘေးကင်းပါတယ်ဆို”
ချန်နာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
“ဒါက ဗက်ထရစ် အဆင့်မြင့်အကယ်ဒမီ ရဲ့ ခရီးစဉ်ကို လိုက်ပါစောင့်ရှောက်ပေးရမှာပဲလေ...”
သူမသည် စကားကို ခေတ္တရပ်လိုက်ပြီး လီဟောင်ကို တစ်ချက် ကြည့်လိုက်မိသည်။ ထိုအခါမှသာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အားနာတသ ဆိုလိုက်၏။
“ဪ... ဆောရီးပါ လီဟောင် ငါ မေ့သွားလို့… နင်က နင့်ရဲ့ သူငယ်ချင်းဟောင်းတွေနဲ့ ဆရာတွေကို မတွေ့ချင်ဘူး မဟုတ်လား… ဒီတစ်ခေါက် စူးစမ်းလေ့လာရေးအဖွဲ့ကို ဦးဆောင်လာမှာက ပရော်ဖက်ဆာ ယွမ်ရွှမ်း လို့ ကြားတယ်”
သူမသည် ထိုတာဝန်၏ နောက်ဆက်တွဲ ပြဿနာများကို လုံးဝမေ့လျော့သွားမိသည့်အတွက် မိမိကိုယ်ကို စိတ်ထဲမှ ပြန်လည် ဆဲဆိုနေမိသည်။ ပရော်ဖက်ဆာ ယွမ်ရွှမ်းဆိုသည်မှာ လီဟောင် ကျောင်းတက်နေစဉ်က သူ၏ ကျောင်းအုပ်ဆရာ မဟုတ်ပါလား။
ကြားသိရသလောက်မူ ပရော်ဖက်ဆာကြီးသည် လီဟောင်အပေါ် အလွန်ပင် မျှော်လင့်ချက်ကြီးမားခဲ့ပြီး၊ လီဟောင် ကျောင်းထွက်မည့်ကိစ္စကို ပြန်မရုပ်သိမ်းသည့်အခါတွင် သူ့တပည့်ကို အရိုက်အနှက်ပင် ပြုလုပ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ထိုစဉ်က ဗက်ထရစ် အဆင့်မြင့်အကယ်ဒမီတွင် ထိုကိစ္စမှာ အတော်ပင် ဟိုးလေးတကျော် ဖြစ်ခဲ့ပြီး ကျောင်းသားအများစုကလည်း ကျေးဇူးကန်းသော လူမိုက်အဖြစ် လီဟောင်ကို ကဲ့ရဲ့ရှုံ့ချခဲ့ကြလေသည်။
ယွမ်ရွှမ်းဆိုသည်မှာ မည်သူနည်း။
သူသည် အကယ်ဒမီတစ်ခုလုံးတွင် အထင်ရှားဆုံးနှင့် ဂုဏ်သရေအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ သူ့ထံတွင် ပညာသင်ကြားခွင့်ရရန် မျှော်လင့်တောင့်တနေသည့် ကျောင်းသားပေါင်း မြောက်မြားစွာရှိသော်လည်း၊ သူ၏ မျက်စိကျခြင်းကို ခံရသူမှာ အလွန်ပင် ရှားပါးလှပေသည်။
လီဟောင်သည် ချန်နာ၏ စကားများကို မငြင်းဆိုဘဲ ပြုံးလျက်သာ နေလိုက်သည်။
‘ငါက သူတို့ကို မတွေ့ချင်တာလား’
တကယ်တော့ အမှန်တရားမှာ ပြင်ပက ကောလာဟလများနှင့် လုံးဝကွာခြားလှသည်။ သူ၏ဆရာသည် သူ၏ဆုံးဖြတ်ချက်အပေါ် နှမြောတသဖြစ်ရုံမျှသာ ရှိခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် လီဟောင်တစ်ယောက် ပရော်ဖက်ဆာယွမ်၏ အိမ်သို့သွားကာ ညစာ အတူတူစားခဲ့သေးသည်။ ဆရာဖြစ်သူက သူ့တပည့်ဟောင်းကို မြင်မြင်ချင်း ရိုက်နှက်သည်ဆိုသော ကောလာဟလမှာ လုံးဝအခြေအမြစ်မရှိပေ။
ဒါဆို ဆရာကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာမှာပေါ့...
ပရော်ဖက်ဆာယွမ်သည် ဗက်ထရစ် အဆင့်မြင့်အကယ်ဒမီ၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်။ သူကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာသည်ဆိုပါက လုံခြုံရေးမှာ အလွန်ပင် တင်းကျပ်မည်မှာ အသေအချာပင်။ စုံစမ်းစစ်ဆေးရေးဌာနဖြစ်စေ၊ အခြားသော အေဂျင်စီများဖြစ်စေ အားလုံးက လိုအပ်သည့် စီစဉ်မှုများကို အကောင်းဆုံး ပြုလုပ်ကြလိမ့်မည်။
လီဟောင်အနေဖြင့် စိုးရိမ်စရာ တစ်စုံတစ်ရာမရှိသလို၊ အမှန်အတိုင်းဆိုရလျှင် စုံစမ်းစစ်ဆေးရေးဌာနမှာ အကာအကွယ်ပေးရန်ထက် အလုပ်သဘောအရသာ လိုက်ပါရခြင်း ဖြစ်သည်။ ပရော်ဖက်ဆာယွမ်၏ လုံခြုံရေးအတွက် သူတို့ကဲ့သို့ အခြေခံဝန်ထမ်းများကို တာဝန်ပေးမည် မဟုတ်ပေ။ ထိုတာဝန်မှာ လွန်ခဲ့သည့် တစ်နှစ်ပတ်လုံး လီဟောင် တိုးတိုးတိတ်တိတ် ကြားနေခဲ့ရသည့် “ညစောင့်တပ်ဖွဲ့” ၏ လက်ထဲတွင်သာ ရှိပေလိမ့်မည်။
ညစောင့်တပ်ဖွဲ့ဆိုသည်မှာ ငွေရောင်မြို့တော် စုံစမ်းစစ်ဆေးရေးဌာနကဲ့သို့ပင် ဥပဒေစိုးမိုးရေး အေဂျင်စီတစ်ခု ဖြစ်သော်လည်း ကိုင်တွယ်ရသည့် အမှုချင်းမှာ လုံးဝကွာခြားလှသည်။ စုံစမ်းစစ်ဆေးရေးဌာနက ကိုင်တွယ်ရန် မစွမ်းသာသည့် အမှုများ သို့မဟုတ် နားမလည်နိုင်သော ထူးဆန်းသည့် အမှုများကိုသာ ၎င်းတို့၏ စီရင်ပိုင်ခွင့်အောက်သို့ လွှဲပြောင်းပေးလေ့ရှိသည်။
ညစောင့်တပ်ဖွဲ့ဝင်များ ဘာတွေလုပ်ဆောင်နေကြသည်ကို ပြင်ပလူများသာမက စုံစမ်းစစ်ဆေးရေးဌာနမှ ဝန်ထမ်းများပင် သေချာမသိကြပေ။ သို့သော် လီဟောင်မှာ လျှို့ဝှက်ရေးရာဌာနတွင် တာဝန်ကျနေသူဖြစ်ပြီး ဖိုင်တွဲများကို မှတ်တမ်းတင်ခြင်းနှင့် ထူးဆန်းသော အမှုများကို ခြေရာခံခြင်းတို့ကို ပြုလုပ်နေရသူဖြစ်သဖြင့် အနည်းငယ်မျှတော့ ရိပ်မိထားသည်။
ညစောင့်တပ်ဖွဲ့…
လီဟောင် ကျောင်းထွက်ကာ အဆင့် (၃) စုံစမ်းစစ်ဆေးရေးမှူး ဖြစ်လာခဲ့သည့် ဆုံးဖြတ်ချက်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းနှင့် များစွာပတ်သက်နေသည်။ ထိုအဖွဲ့အစည်းသည်ပင် သူ၏ လုပ်ရပ်များအတွက် အကြီးမားဆုံးသော တွန်းအားဖြစ်သည်ဟု ဆိုနိုင်သည်။
အကယ်စင်စစ် သူသည် ဤအချက်ကို မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။
ညစောင့်တပ်ဖွဲ့မှာ အလွန်ပင် လျှို့ဝှက်လွန်းလှသဖြင့် သူသာ စုံစမ်းစစ်ဆေးရေးဌာနသို့ မဝင်ရောက်ခဲ့ပါက ထိုအဖွဲ့အစည်းအကြောင်းကို ကြားဖူးလိမ့်မည် မဟုတ်ပေ။ သူ၏ဆရာကြောင့်သာ ထိုကဲ့သို့သော အဖွဲ့အစည်းရှိကြောင်း သူ သိရှိခဲ့ရခြင်း ဖြစ်သည်။ သာမန်လူများမှာမူ ထိုအဖွဲ့အစည်းအကြောင်းကို လုံးဝမသိကြပေ။
သူ ကျောင်းမထွက်မီ သိရှိခဲ့ရသည့် အရေးကြီးသော အချက်တစ်ချက်မှာ ငွေရောင်မြို့တော် စုံစမ်းစစ်ဆေးရေးဌာနသည် ညစောင့်တပ်ဖွဲ့၏ တိုက်ရိုက်လက်အောက်ခံ ဖြစ်သည်ဟူသော အချက်ပင်။ စုံစမ်းစစ်ဆေးရေးဌာနရှိ အရည်အချင်းအရှိဆုံးသော လူငယ်များကို ထိုအဖွဲ့အစည်းသို့ လွှဲပြောင်းပေးနိုင်ကြောင်း ဆရာဖြစ်သူက တစ်ကြိမ်တွင် ပြောပြခဲ့ဖူးသည်။
‘ငါ ဌာနကို ရောက်တာ တစ်နှစ်ရှိပြီ၊ လူတွေကလည်း ငါ့အပေါ် အကောင်းမြင်ကြတယ်… ညစောင့်တပ်ဖွဲ့နဲ့ ထိတွေ့ဆက်ဆံဖို့ ငါ့မှာ အခွင့်အရေးရှိမလားဆိုတာ သိချင်မိတယ်’
လီဟောင်၏ အတွေးများမှာ လျင်မြန်စွာ ပျံသန်းနေပြီး စိတ်ထဲတွင်လည်း အနည်းငယ် အလျင်စလို ဖြစ်နေမိသည်။ သို့သော် သူ၏ စိတ်ခံစားချက်များကိုမူ အတတ်နိုင်ဆုံး ထိန်းချုပ်ထား၏။ သူ၏ မျက်နှာပေးမှာလည်း ပုံမှန်အတိုင်းပင် တည်ငြိမ်နေဆဲ။
မကြာခင် ဖြစ်လာတော့မှာပါ…
မကြာမီ ငွေရောင်မြို့တော်တွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာတော့မည် ဖြစ်သော်လည်း စုံစမ်းစစ်ဆေးရေးဌာနကမူ ဘာမှမသိသေးဘဲ အေးဆေးနေကြဆဲပင်။ ထိုအခြေအနေများကို ကိုင်တွယ်ရန်မှာ ညစောင့်တပ်ဖွဲ့၏ တာဝန်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် လီဟောင်အတွက် လိုအပ်သည်မှာ အခွင့်အရေးတစ်ခုသာ ဖြစ်လေတော့သည်။